ပဋာစာရာထေရီဝတ္ထု
သဟဿဝဂ်
၁၂။ ပဋာစာရီထေရီမဝတ္ထု
ယော စ ဝဿသတံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ပဋာစာရီမည်သော ထေရီမကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ပဋာစာရီနှင့် ဒါသတို့ ဘဝအစ
ထိုပဋာစာရီ ထေရီမသည် သာဝတ္ထိပြည်၌ ကုဋေလေးဆယ် ဥစ္စာကြွယ်သော သူဌေးကြီး၏ သမီးဖြစ်၍ အလွန်အဆင်းလှသတတ်။ ထိုသူဌေးသမီးကို တစ်ဆယ့်ခြောက်နှစ် အရွယ်ရောက်သောအခါ ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်၏အထက်၌ စောင့်ရှောက်ကာ နေကြစေကုန်၏။ ထိုသို့ နေစေကုန်သော်လည်း ထိုသူဌေးသမီးသည် မိမိ၏ အလုပ်အကျွေး ကျေးကျွန်ငယ် တစ်ယောက်နှင့်တကွ ဖောက်ပြန်မှားယွင်း ပြုကျင့်ခြင်းရှိလေ၏။ ထို့နောက် သတို့သမီး၏ မိခင်,ဖခင်တို့သည် အမျိုးဇာတ်အားဖြင့် တူမျှသောအမျိုး၌ တစ်ယောက်သော သတို့သားအား ဝန်ခံ၍ ထိမ်းမြားမင်္ဂလာ ဆောင်အံ့သောနေ့ကို ချိန်းချက်မှတ်သားထားကြကုန်၏။ ထိုနေ့ နီးလတ်သည်ရှိသော် သူဌေးသမီးသည် ထိုအလုပ်အကျွေးငယ်ကို “ငါ့ကို ဤမည်သော သတို့သားအား မချွတ်ပေးကြကုန်လတ္တံ့၊ ငါသည် လင့်အိမ်သို့ သွားရသည်ရှိသော် ငါ့အဖို့ လက်ဆောင်ကိုယူ၍လာသော်လည်း ထိုလင့်အိမ်သို့ဝင်ခြင်းကို မရလတ္တံ့၊ သင့်အား အကယ်၍ ငါ့အပေါ်၌ ချစ်ချစ်ခင်ခင် ရှိခဲ့ပါမူ ယခုပင် ငါ့ကိုခိုးယူ၍ အမှတ်မရှိ တစ်စုံတစ်ခုသောအရပ်သို့ ထွက်ပြေးပါလော့”ဟု ပြောဆိုလေ၏။
ရုပ်ပြောင်း၍ ဒါသနောက် လိုက်သွားပုံ
အလုပ်အကျွေးငယ်လည်း “သခင်မ- ကောင်းပါပြီ”ဟု ဆိုလေ၏၊ “ထိုသို့ဖြစ်မူ ငါသည် နက်ဖြန်နံနက် စောစောကပင်လျှင် မြို့တံခါး၏ ဤမည်သောအရပ်၌ နေပေအံ့၊ သင်သည် တစ်ခုသော ဥပါယ်တံမျဉ်ဖြင့် ထွက်ခဲ့၍ ထိုမြို့တံခါးသို့ လာခဲ့လော့”ဟု မှာဆိုခြင်းကြောင့် နှစ်ရက်မြောက်သောနေ့တွင် ချိန်းချက်ရာအရပ်၌ စောင့်နေနှင့်လေ၏။ သူဌေးသမီးသည်လည်း နံနက်စောစောကပင်လျှင် ညစ်နွမ်းသော ထဘီအဝတ်ကိုဝတ်၍ ဆံပင်တို့ကို ဖရိုဖရဲကြဲလျက် ဆန်ကွဲမှုန့်ဖြင့် ကိုယ်ကိုလိမ်းကျံသဖြင့် ရေအိုးကို ရွက်ပြီးလျှင် ကျွန်မတို့နှင့်အတူတကွ သွားဘိသကဲ့သို့ အိမ်မှထွက်သွားသဖြင့် ထိုအရပ်သို့ ရောက်သွားလေ၏။ အလုပ်အကျွေးငယ်သည် သူဌေးသမီးကို ယူဆောင်ပြီးလျှင် ဝေးသောအရပ်သို့သွား၍ ရွာတစ်ခု၌ နေခြင်းကိုပြုသဖြင့် တော၌ လယ်ကိုထွန်ပြီးသောအခါ ထင်းနှင့်ဟင်းရွက်တို့ကို ဆောင်ယူလာရလေ၏။ သူဌေးသမီးသည်ကား ရေအိုးဖြင့် ရေကိုဆောင်ယူ၍ မိမိလက်ဖြင့် မောင်းထောင်ခြင်း, ထမင်းချက်ခြင်း စသည်တို့ကိုပြုလျက် မိမိမကောင်းမှုအကျိုးကို ခံစားရရှာလေ၏။
လမ်းခရီး၌ သားဖွားမြင်ခြင်း
ထို့နောက် သူဌေးသမီး၏ဝမ်း၌ ကိုယ်ဝန်ပဋိသန္ဓေ တည်လာလေ၏။ သူဌေးသမီးသည် ကိုယ်ဝန်သန္ဓေ ပြည့်စုံစွာ ရင့်လေလျှင် “ဤရွာ၌ ငါ့အား ကျေးဇူးဥပကာရပြုတတ်သော တစ်စုံတစ်ယောက်သောသူ မရှိ၊ မိခင်ဖခင်တို့မည်သည်ကား သားသမီးတို့အပေါ်၌ နူးညံ့သိမ်မွေ့သော စိတ်နှလုံးရှိကြကုန်၏၊ ထိုမိခင်ဖခင်တို့၏အထံသို့ ငါ့ကို ပို့ပါလော့၊ ထိုမိဘတို့နေရာအိမ်၌ ငါ၏ သားဖွားမြင်ခြင်းသည် ဖြစ်လတ္တံ့”ဟု လင်ယောက်ျားကို တောင်းပန်လေ၏။ ထိုကျေးကျွန်ဖြစ်သော လင်ယောက်ျားသည် “ချစ်နှမ- အသို့ဆိုသနည်း၊ ငါ့ကိုမြင်လျှင် သင်၏မိဘတို့သည် အထူးထူး ရိုက်ပုတ်ထောင်းသတ်ခြင်း အမှုတို့ကို ပြုကုန်ရာ၏၊ ငါသွားခြင်းငှာ မဝံ့”ဟု ငြင်းပယ်လေ၏။ ထိုသူဌေးသမီးသည် အဖန်တလဲလဲ တောင်းပန်သော်လည်း တောင်းပန်၍မရခြင်းကြောင့် ထိုယောက်ျား တောသို့သွားခိုက် အိမ်နီးချင်းတို့ကို ပန်ကြား၍ “ယောက်ျားလာသဖြင့် အကျွန်ုပ်ကို မမြင်သည်ရှိသော် အဘယ်အရပ်သို့ သွားသနည်းဟု အကယ်၍ မေးသည် ဖြစ်ပါအံ့၊ မိမိ၏ မိဘအိမ်သို့ အကျွန်ုပ်သွားကြောင်းကို ပြောကြားလိုက်ကြပါ”ဟု ဆို၍ အိမ်တံခါးကိုပိတ်ပြီးလျှင် ထွက်ခွာခဲ့လေ၏။ ထိုလင်ယောက်ျားသည်လည်း ပြန်လာသဖြင့် သူဌေးသမီးကို မမြင်လတ်သည်ရှိသော် အိမ်နီးချင်းတို့ကိုမေး၍ ထိုအကြောင်းကိုကြားသိရလျှင် “မယားကို ပြန်လည်စေအံ့”ဟု အစဉ်လိုက်သွားရာ မယားကို တွေ့မြင်သောအခါ အထူးထူးအပြားပြား တောင်းပန်သော်လည်း ပြန်လည်စေခြင်းငှာမတတ်နိုင်၊ ထို့နောက် သူဌေးသမီးအား တစ်ခုသောအရပ်၌ ကမ္မဇလေတို့သည် လှုပ်ရှားလေကုန်၏။ ပဋာစာရီသည် ချုံငယ်တစ်ခုအတွင်းသို့ဝင်၍ “အမောင်ချစ်လင်- ငါ့အား ကမ္မဇလေတို့သည် လှုပ်ချောက်ချားကုန်ပြီ”ဟု ဆို၍ မြေ၌လျောင်းစက်လျက် တပြောင်းပြန်ပြန် လူးကာလှိမ့်ကာ ဆင်းရဲငြိုငြင်စွာ သားငယ်ကို ဖွားမြင်ရရှာပြီးမှ “သားဖွားခြင်းအကျိုးငှာ ငါသည် မိဘအိမ်သို့ သွားရာ၏၊ ထိုအကျိုးသည် ပြီးငြိမ်းလေပြီ”ဟု တစ်ဖန်သာလျှင် လင်ယောက်ျားနှင့်အတူတကွ အိမ်သို့ပြန်လာ၍ နေခြင်းကို ပြုလေ၏။
ထိုသူဌေးသမီးအား တစ်ပါးသောအခါ ကိုယ်ဝန် တစ်ဖန် တည်ပြန်လေ၏။ ထိုသူဌေးသမီးသည် ရင့်သော ကိုယ်ဝန်ရှိသည်ဖြစ်၍ ရှေးနည်းအားဖြင့်သာလျှင် လင်ယောက်ျားကို တောင်းပန်ပြန်သော် တောင်းပန်၍မရခြင်းကြောင့် သားကို ရင်ခွင်ဖြင့်ချီလျက် ထိုရှေးအတူသာလျှင် ထွက်ခွာခဲ့ပြန်သဖြင့် လင်ယောက်ျားသည် အစဉ်လိုက်၍ “ရပ်ဆိုင်းပါဦး”ဟု ဆိုသော်လည်း ပြန်လည်ခြင်းငှာ အလိုမရှိခဲ့လေပြီ။ ထိုအခါ ထိုသူတို့ သွားကြကုန်စဉ် အခါမဲ့မိုးကြီးသည် ထင်ရှားစွာဖြစ်လေ၏။ ထက်ဝန်းကျင်မှ လျှပ်စစ်နွယ်တို့ဖြင့် ရဲရဲပြောင်ပြောင် တောက်လောင်ဘိသကဲ့သို့လည်းကောင်း၊ မိုးထစ်ချုန်းသံဖြင့် ကွဲအက် ပြိုပျက်အံ့သကဲ့သို့လည်းကောင်း ကောင်းကင်သည် ရေအယဉ်လေတို့ဖြင့် အကြားအလပ်မရှိ ဖြစ်လေ၏။ ထိုခဏ၌ ထိုသူဌေးသမီးအား ကမ္မဇလေတို့သည် လှုပ်ရှားလေကုန်၏။ သူဌေးသမီးသည် လင်ယောက်ျားကိုခေါ်၍ “အမောင်ချစ်လင်- ငါ့အား ကမ္မဇလေတို့သည် လှုပ်ချောက်ချားကုန်ပြီ၊ တည်တံ့စွာနေခြင်းငှာ မတတ်နိုင်၊ မိုးမစွတ်ရာအရပ်ကို ငါ့အလို့ငှာ သိပါလော့၊ ပြုစမ်းပါလော့”ဟု ဆိုရှာလေ၏။
မြွေကိုက်၍ ဒါသကွယ်လွန်ပုံ
ကျေးကျွန်ဖြစ်သော လင်ယောက်ျားသည် လက်၌ပါသော ပဲခွပ်ဖြင့် ထိုမှဤမှ စူးစမ်းရှာဖွေသည်ရှိသော် တစ်ခုသော တောင်ပို့ထိပ်ထက်၌ ပေါက်သောချုံကိုမြင်လျှင် ဖြတ်ခြင်းငှာ အားထုတ်လေ၏။ ထိုအခါ ထိုယောက်ျားကို တောင်ပို့မှထွက်၍ ကြမ်းသောအဆိပ်ရှိသဖြင့် လျင်သောအဆိပ်ရှိသော မြွေသည် ကိုက်လေ၏။ ထိုခဏ၌သာလျှင် ထိုယောက်ျား၏ကိုယ်သည် အတွင်းမှထသော မီးလျှံတို့ဖြင့် လောင်သကဲ့သို့ တစ်ကိုယ်လုံး ညိုသောအဆင်းရှိသည်ဖြစ်၍ ထိုနေရာ၌ပင် လဲကျလေ၏။ သူဌေးသမီးသည်လည်း ကြီးစွာသောဆင်းရဲကို ခံစားလျက် ထိုလင်ယောက်ျား၏ လာခြင်းကို ကြည့်မျှော်ပါသော်လည်း ထိုယောက်ျားကို မမြင်မူ၍သာလျှင် တစ်ပါးသောသားငယ်ကိုလည်း ဖွားမြင်ပြန်၏။ သားငယ်နှစ်ယောက်တို့သည် လေနှင့်တကွသော မိုး၏အဟုန်ကို သည်းမခံနိုင်ကြရသေးရကား သည်းစွာဟစ်လျက် ငိုကြွေးမြည်တမ်းကြရရှာကုန်၏။ သူဌေးသမီးသည် သားနှစ်ယောက်စလုံးတို့ကို ရင်ခွင်ကြား၌ထား၍ နှစ်ခုသော ပုဆစ်ဒူးတို့ဖြင့်လည်းကောင်း၊ လက်တို့ဖြင့်လည်းကောင်း မြေ၌ ဖိနှိပ်ထောက်ထားသဖြင့် ထိုအရပ်၌ တည်နေလျက်သာ ညဉ့်အခါကို လွန်စေရရှာလေ၏။ တစ်ကိုယ်လုံးသည် သွေးမရှိသကဲ့သို့ဖြစ်၍ ဖက်ရွက်ရော်အဆင်းနှင့်တူသော အဆင်းရှိလေ၏။ ထိုသူဌေးသမီးသည် နေအရုဏ်တက်လတ်သည်ရှိသော် သားတစ်အဆင်းနှင့်တူသော တစ်ယောက်သော သားငယ်ကို ရင်ခွင်ဖြင့်ချီလျက် တစ်ယောက်သော သားငယ်ကို လက်ချောင်း၌ဆွဲငင်လျက် “ချစ်သား- လာလှည့်ပါလေ၊ မောင့်ဖခင်သည် ဤအရပ်ဆီသို့ ထွက်သွားခဲ့၏”ဟု ဆို၍ လင်ယောက်ျားသွားသော ခရီးလမ်းဖြင့် ခြေရာခံကာ လိုက်သွားသည်ရှိသော် တောင်ပို့ထိပ်ထက်၌ သေရှာ၍ လဲကျနေသော ညိုသောအဆင်းရှိ၍ မာတောင့်နေသော ကိုယ်ကောင်ကို မြင်ရလျှင် “ငါ့ကိုအကြောင်းပြု၍ ငါ့လင်သည် လမ်းခရီး၌ သေရရှာလေပြီတကား”ဟု အကြိမ်ကြိမ် ငိုကြွေးမြည်တမ်းလျက် ထွက်ခွာသွားရရှာလေ၏။
သားငယ် စွန်ချီ, သားကြီး ရေမျော
ထိုသူဌေးသမီးသည် တစ်ညဉ့်ပတ်လုံး မိုးသည်းစွာ ရွာအပ်သည့်အဖြစ်ကြောင့် ဒူးခေါင်းအတိုင်းအရှည် ခါးစောင်းအတိုင်းအရှည်ရှိသော ရေဖြင့်ပြည့်သော အစိရဝတီမြစ်ကို မြင်ရလျှင် မိမိပညာနုံ့သည့်အဖြစ်ကြောင့် သားငယ်နှစ်ယောက်တို့နှင့်အတူတကွ ရေသို့သက်ဆင်းခြင်းငှာ မရဲဝံ့ရကား သားကြီးကို ဤမှာဘက်ကမ်း၌ထားခဲ့၍ ဖွားမြင်စသားငယ်ကိုယူလျက် ထိုမှာဘက်ကမ်းသို့ သွားသဖြင့် သစ်ခက်ချိုးခင်းကာ သိပ်ထားပြီးလျှင် “သားကြီး၏အထံသို့ သွားဦးအံ့”ဟု သားငယ်ကိုပယ်စွန့်ကာ ကူးသွားခြင်းငှာ မတတ်နိုင်သည်ဖြစ်ရကား အဖန်တလဲလဲ ပြန်လှည့်ပြန်လှည့်၍ ကြည့်လျက်သွားရရှာလေ၏။ ထိုအခါ သူဌေးသမီး မြစ်လယ်သို့ ရောက်လတ်သောအခါ စွန်တစ်ကောင်သည် ထိုဖွားမြင်စသူငယ်ကိုမြင်လျှင် သားတစ်ဟူသောအမှတ်ဖြင့် ကောင်းကင်မှ သက်ဆင်းပျံဝဲကျလာလေ၏။ သူဌေးသမီးသည် သားကို ချီသုတ်ခြင်းငှာ ပျံဝဲကျလာသော စွန်ကို မြင်ရသဖြင့် လက်နှစ်ဖက်တို့ကို မြှောက်ချီလျက် (သု-သု) “ရွှေးရွှေး”ဟု သုံးကြိမ် သည်းစွာသောအသံကို မြွက်ဆိုခြောက်လှန့်လေ၏။ စွန်သည် ဝေးလှသဖြင့် ထိုခြောက်လှန့်သောအသံကို မကြားမူ၍သာလျှင် ဖွားမြင်စသူငယ်ကို ချီလျက် ကောင်းကင်သို့ ပျံသွားလေ၏။ ဤမှာဘက်ကမ်း၌နေရစ်သော သားကြီးသည် မြစ်လယ်၌ လက်နှစ်ဖက်တို့ကို မြှောက်ချီလျက် သည်းစွာသောအသံကို မြွက်ဆိုခြောက်လှန့်သော မိခင်ကိုမြင်ရလျှင် “ငါ့ကိုခေါ်၏” ဟူသောအမှတ်ဖြင့် လျင်မြန်စွာ ဆင်းလာလေရာ ရေ၌ကျသွားရှာလေ၏။ ဤသို့လျှင် သူဌေးသမီး၏ သားငယ်ကို စွန်ချီခဲ့လေ၏။ သားကြီးသည် ရေဖြင့် မျောခဲ့လေသတည်း။
မိဘနှစ်ပါးနှင့် မောင်တို့ တိုက်ပြို၍သေဆုံး
ထိုသူဌေးသမီးသည် “ငါ၏သားတစ်ယောက်ကို စွန်ချီပြီ၊ သားတစ်ယောက် ရေဖြင့်မျောပြီ၊ ငါ၏လင်ယောက်ျားသည်လည်း လမ်းခရီး၌ သေခဲ့ပြီ”ဟု ငိုကြွေးမြည်တမ်းကာ သွားလတ်သည်ရှိသော် သာဝတ္ထိပြည်မှလာသော ယောက်ျားတစ်ယောက်ကိုမြင်လျှင် “အမောင်- အဘယ်အရပ်၌နေသောသူ ဖြစ်သနည်း”ဟု မေးလေ၏။ “အမိ- အကျွန်ုပ်သည် သာဝတ္ထိပြည်၌ နေသောသူ ဖြစ်ပါသည်”ဟု ဆိုလျှင် “အမောင်- သာဝတ္ထိပြည် ဤမည်သောခရီးလမ်း၌ ဤသို့သဘောရှိသော အမျိုးသည် ရှိပါသည်၊ အမောင်သည် ထိုအမျိုးကို သိပါ၏လော”ဟု မေးပြန်လေ၏။ “အမိ- သိပါ၏၊ သို့သော် ထိုအမျိုးအကြောင်းကိုကား မမေးပါနှင့်၊ တစ်ပါးသူကို အကယ်၍ သိသည်ဖြစ်အံ့၊ မေးပါလော့”ဟုဆိုလျှင် “အမောင်- အကျွန်ုပ်အား သူတစ်ပါးဖြင့် မေးဖွယ်ကိစ္စမရှိ၊ ထိုသူဌေးအမျိုးကိုသာ မေးလိုပါ၏”ဟု ဆိုလေ၏။ “အမိ- သင်သည် မိမိအား မပြောကြားစိမ့်သောငှာ ခွင့်မပေး၊ ယနေ့ သင်သည် တစ်ညဉ့်ပတ်လုံး မိုးရွာသည်ကို မြင်၏လော”ဟု မေးပြန်သော် “အမောင်- အကျွန်ုပ် မြင်အပ်ပါ၏၊ အကျွန်ုပ်အားသာလျှင် တစ်ညဉ့်ပတ်လုံး ထိုမိုးရွာသွန်းချခြင်းသည် ဖြစ်ပါသည်၊ သူတစ်ပါးအား မဖြစ်ပါ၊ အကျွန်ုပ်အား မိုးရွာသွန်းချခြင်းအကြောင်းကို နောက်မှ သင့်အား ပြောပါအံ့၊ ရှေးဦးစွာ အကျွန်ုပ်အား ထိုသူဌေးအမျိုးအိမ်၌ ဖြစ်ကြောင်းကို ပြောပါဦးလော့”ဟု ဆိုလေ၏။ “အမိ- ယနေ့ညဉ့်၌ သူဌေးကြီးကိုလည်းကောင်း၊ သူဌေးကတော်ကြီးကိုလည်းကောင်း၊ သူဌေးသားကိုလည်းကောင်း ဤသုံးယောက်စလုံးသောသူတို့ကို လေနှင့်တကွလာသောမိုးသည် ဖိသဖြင့် အိမ်ပြိုခဲ့လေပြီ၊ ထိုသုံးလောင်းတို့ကို ထင်းပုံတစ်ခုတည်း၌ မီးသင်္ဂြိုဟ်ကြရကုန်၏။ အမိ- ဤသုံးလောင်းစု၍ မီးသင်္ဂြိုဟ်သော မီးခိုးသည် ထင်ရှားရှိသေး၏”ဟု ဆိုလျှင် ထိုသူဌေးသမီးသည် ထိုခဏချင်း၌ ဝတ်ထားသော ထဘီအဝတ် ကျွတ်၍ကျသည်ကို မမှတ်သားနိုင်၊ ရူးသွပ်သည်အဖြစ်သို့ ရောက်ရှာ၍ မိမွေးတိုင်း ဝတ်လစ်စားလစ် ငိုကြွေးမြည်တမ်းလျက်-
မာတာ ပိတာ စ ဘာတာ စ၊ ဧကစိတကသ္မိံ ဍယှရေ။
မယှံ၊ ငါ၏။ ဥဘောပုတ္တာ၊ သားနှစ်ယောက်တို့သည်။ ကာလင်္ကတာ၊ သေခဲ့လေကုန်ပြီ။ ပတိ၊ ချစ်လင်သည်။ ပန္ထေ၊ သွားရာလမ်းခရီး၌။ မတော၊ သေခဲ့လေပြီ။ မာတာ စ၊ မိခင်သည်လည်းကောင်း။ ပိတာ စ၊ ဖခင်သည်လည်းကောင်း။ ဘာတာစ၊ မောင်သည်လည်းကောင်း။ ဧကစိတကသ္မိံ၊ ထင်းပုံတစ်ခုတည်း၌။ ဍယှရေ၊ မီးသင်္ဂြိုဟ်ကြရလေကုန်ပြီ။
ဤသို့ ယောင်ယမ်းမြည်တမ်းလျက် ချာချာလည် ရူးသွပ်ကာ လှည့်လည်ရရှာလေ၏။ လူတို့သည် ထိုရူးသွပ်သော သူဌေးသမီးကိုမြင်လျှင် “အရူးမကြီး, အရူးမကြီး”ဟု ခေါ်ဆိုလျက် တံမြက်ချေးအမှိုက်သရိုက်ကို ယူ၍လည်းကောင်း၊ မြေမှုန့်ကို ယူ၍လည်းကောင်း ဦးခေါင်းထိပ်ထက်၌ ဖြန့်ကြဲကုန်လျက် ခဲတို့ဖြင့် ပစ်ခတ်ကြလေကုန်သတည်း။
အတိတ်မှ ဆုတောင်း
ဘုရားသုံးလူ့ သဗ္ဗညုသည် ဇေတဝန်ကျောင်းတိုက်တော်ကြီးဝယ် ပရိသတ်အလယ်၌ နေတော်မူလျက် တရားဟောနေစဉ် ကမ္ဘာတစ်သိန်း ကာလပတ်လုံး ဖြည့်ဆည်းပူးအပ်ပြီးသော ပါရမီရှိသော ဆုတောင်းခြင်းနှင့်လည်း ပြည့်စုံသော သူဌေးသမီး ရောက်လာသည်ကို မြင်တော်မူလေ၏။ ထိုသူဌေးသမီးသည် ပဒုမုတ္တရမြတ်စွာဘုရား လက်ထက်တော်၌ ပဒုမုတ္တရဘုရားရှင်သည် ဝိနည်းဆောင် ထေရီမတစ်ဦးကို လက်မောင်း၌ချီမ၍ နန္ဒဝန်ဥယျာဉ်၌ ထားဘိသကဲ့သို့ ဧတဒဂ်အရာ၌ ထားအပ်သည်ကို မြင်ရလျှင် “ဘုရားတပည့်တော်မသည်လည်း ရှင်တော်မြတ်ဘုရားတို့ကဲ့သို့သော ဘုရားရှင်၏အထံတော်၌ ဝိနည်းကိုဆောင်ကုန်သော ထေရီမတို့၏အတွင်း၌ မြတ်သောရာထူးကို ရလိုပါသည်ဘုရား”ဟု ကြီးစွာသော ကောင်းမှုပြု၍ ဆုတောင်းခြင်းကို ဖြစ်စေခဲ့လေသတတ်။
ဘုရားရှင်ထံမှောက် ရောက်လာ
ပဒုမုတ္တရမြတ်စွာဘုရားသည် အနာဂတံသဉာဏ်တော်ကို ဖြန့်တော်မူသဖြင့် ဆုတောင်းခြင်း၏ ပြည့်စုံအပ်သောအဖြစ်ကို သိတော်မူလျှင် “နောင်သောအခါ ဂေါတမမည်သော မြတ်စွာဘုရား၏ သာသနာတော်၌ ဤဒါယိကာမသည် ပဋာစာရီဟူသောအမည်ဖြင့် ဝိနည်းဓိုရ်ထေရီမတို့တွင် အမြတ်ဆုံးတပည့်မ ဖြစ်လတ္တံ့”ဟူသော ဗျာဒိတ်စကားကို မိန့်ကြားတော်မူခဲ့လေ၏။ ဤသို့ တောင့်တအပ်သော ဆုတောင်းကောင်းမှုနှင့် ပြည့်စုံသော သူဌေးသမီးကို မြတ်စွာဘုရားသည် အဝေးမှ လာသည်ကို မြင်တော်မူရလျှင် “ဤသူဌေးသမီးအား ငါဘုရားကို ဖယ်ထား၍ တစ်ပါးသော ကိုးကွယ်ရာဖြစ်ခြင်းငှာ စွမ်းနိုင်သောသူမည်သည် မရှိ”ဟု ကြံ၍ သူဌေးသမီးကို ကျောင်းတော်သို့ ရှေးရှုရောက်လာအောင် ပြုတော်မူလေ၏။ ပရိသတ်တို့သည် ထိုသူဌေးသမီးကို မြင်လျှင်မြင်ချင်း “ဤအရူးမကြီးကို ဘုရားရှင်ရှိရာ ဤအရပ်သို့ လာစိမ့်သောငှာ မပြုကြပါကုန်လင့်”ဟု ဆိုကြကုန်၏။ ဘုရားရှင်သည် “ဖဲကြကုန်လော့၊ ထိုအရူးမကို မတားမြစ်ကြကုန်လင့်”ဟု မိန့်တော်မူ၍ မနီးမဝေးသောအရပ်သို့ ရောက်လာသောအခါ “ချစ်သမီး- သတိကို ရစေလော့”ဟု မိန့်တော်မူလေ၏။ သူဌေးသမီး အရူးမသည် ဘုရားရှင်၏ တန်ခိုးအာနုဘော်တော်အားဖြင့် ခဏချက်ချင်း သတိကို ရလေ၏။ ထိုအခါ ဝတ်သောထဘီ၏ ကျွတ်ကျသည်အဖြစ်ကို မှတ်သားမိသဖြင့် ရှက်ခြင်း,ကြောက်ခြင်းကို ဖြစ်စေလျက် ကျုံ့ကျုံ့ထိုင်လေ၏။
ဖြစ်ကြောင်းကုန်စင် လျှောက်ထားပုံ
ထိုအခါ ထိုသူဌေးသမီးအား ယောက်ျားတစ်ယောက်သည် အပေါ်ရုံပုဆိုးကို ပစ်ပေးလေ၏။ သူဌေးသမီးသည် ထိုအပေါ်ရုံပုဆိုးကိုဝတ်၍ မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျှင် ရွှေအဆင်းနှင့်တူသော အဆင်းရှိသော ခြေတော်တို့၌ ငါးပါးသောတည်ခြင်းဖြင့် ရှိခိုးလျက် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်မ၏ မှီခိုအားထားရာ ဖြစ်တော်မူပါဘုရား၊ တပည့်တော်မ၏ ထောက်တည်ရာ ဖြစ်တော်မူပါဘုရား၊ တပည့်တော်မ၏ သားတစ်ယောက်ကို စွန်ချီသွားပါပြီ။ သားတစ်ယောက်သည် ရေဖြင့် မျောသွားပါပြီ၊ လမ်းခရီး၌ တပည့်တော်မ၏ လင်ယောက်ျား သေဆုံးခဲ့ပါပြီ၊ တပည့်တော်မ၏ မိဘတို့သည်လည်းကောင်း၊ မောင်သည်လည်းကောင်း အိမ်ပိကုန်သဖြင့် တစ်ခုသောထင်းပုံထက်၌ မီးသင်္ဂြိုကြရပါကုန်ပြီဘုရား”ဟု လျှောက်ထားရှာလေ၏။
သံသရာမှာ ယခုအဖြစ်မျိုး ကြုံခဲ့ဖူးပြီ
မြတ်စွာဘုရားသည် ထိုသူဌေးသမီး၏စကားကို ကြားတော်မူရလျှင် “ချစ်သမီး ပဋာစာရီ- မစိုးရိမ်လင့်၊ စောင့်ရှောက်ရာ,ကိုးကွယ်ရာ မှီခိုရာဖြစ်ခြင်းငှာ စွမ်းနိုင်သောသူ၏ အထံသို့သာလျှင် ရှေးဦးစွာ ရောက်လာခဲ့ပေ၏”ဟု မိန့်တော်မူ၍ ယခုအခါ၌ သင်၏သားတစ်ယောက် စွန်ချီသကဲ့သို့လည်းကောင်း၊ သားတစ်ယောက် ရေမျောသကဲ့သို့လည်းကောင်း၊ လင်ယောက်ျား လမ်းခရီး၌ သေသကဲ့သို့လည်းကောင်း၊ မိဘတို့သည်လည်းကောင်း၊ မောင်သည်လည်းကောင်း အိမ်ပိကုန်သကဲ့သို့လည်းကောင်း ဤအတူသာလျှင် ဤသံသရာ၌ သား,စသောသူတို့၏ သေသောအခါ ငိုကြွေးရသော သင်၏ ယိုကျသောမျက်ရည်တို့သည် လေးစင်းသော မဟာသမုဒ္ဒရာတို့၏ရေထက် လွန်စွာများ၏”ဟု မိန့်တော်မူပြီးလျှင် ဤဂါထာကို မိန့်တော်မူလေ၏။
ဒုက္ခေန ဖုဋ္ဌဿ နရဿ သောစနာ၊ ကိံကာရဏာ အမ္မ တုဝံ ပမဇ္ဇသိ။
ပဋာစာရေ၊ ချစ်သမီးပဋာစာရီ။ စတူသု သမုဒ္ဒေသု၊ သမုဒ္ဒရာလေးစင်းတို့၌။ ဇလံ၊ ရေသည်။ ပရိတ္တကံ၊ နည်းသေး၏။ ဒုက္ခေန၊ ဆင်းရဲငြိုငြင် ပင်ပန်းခြင်းဖြင့်။ ဖုဋ္ဌဿ၊ တွေ့သော။ နရဿ၊ သတ္တဝါ၏။ သောစနာ၊ စိုးရိမ်ခြင်းကြောင့်။ အဿုဇလံ၊ ဖြစ်သော မျက်ရည်သည်။ တတော၊ ထိုသမုဒ္ဒရာလေးစင်း ရေထက်။ ဗဟုံ၊ များလှ၏။ အနပ္ပကံ၊ နည်းသည်မဟုတ်။ အမ္မ၊ ချစ်သမီး ပဋာစာရီ။ တုဝံ၊ သင်သည်။ ကိံကာရဏာ၊ အဘယ်အကြောင်းကြောင့်။ ပမဇ္ဇသိ၊ မေ့လျော့ဘိသနည်း။
အနမတဂ္ဂသုတ္တန်ဟောကြား
ဤသို့လျှင် မြတ်စွာဘုရားသည် အနမတဂ္ဂသုတ္တန်တရားကို ဟောကြားတော်မူလတ်သည်ရှိသော် ထိုပဋာစာရီ၏ ကိုယ်၌ စိုးရိမ်ခြင်းသည် ခေါင်းပါးခြင်းသို့ ရောက်လေ၏။ ထိုအခါ ပဋာစာရီကို ခေါင်းပါးသော စိုးရိမ်ခြင်းရှိသည်ကို သိတော်မူသဖြင့် တစ်ဖန် မြတ်စွာဘုရားသည် ခေါ်တော်မူလျက် “ပဋာစာရီ- သားသမီးအစရှိသော သူတို့မည်သည် တမလွန်ဘဝသို့ သွားရသောသူ၏အလို့ငှာ စောင့်ရှောက်ရာသည်လည်းကောင်း၊ ကိုးကွယ်ရာသည်လည်းကောင်း ဖြစ်ခြင်းငှာ မတတ်နိုင်ကြကုန်။ ထို့ကြောင့် ထင်ရှားရှိကုန်ငြားလည်း ထိုသားသမီး အစရှိသောသူတို့သည် မရှိကြသည်သာ မည်ကုန်၏။ ပညာရှိသောသူသည်ကား သီလကိုသုတ်သင်၍ မိမိ၏ နိဗ္ဗာန်သို့ရောက်ကြောင်း လမ်းခရီးကိုသာလျှင် သုတ်သင်ခြင်းငှာ သင့်လျော်ပေ၏”ဟု မိန့်တော်မူ၍ တရားဟောကြားတော်မူလိုရကား ဤဂါထာတို့ကို မိန့်တော်မူလေ၏။
အန္တကေနာဓိပန္နဿ၊ နတ္ထိ ဉာတီသု တာဏတာ။
နိဗ္ဗာနဂမနံ မဂ္ဂံ၊ ခိပ္ပမေ၀ ဝိသောဓယေ။
အန္တကေန၊ သေမင်းသည်။ အဓိပန္နဿ၊ နှိပ်စက်အပ်သောသူအား။ တာဏာယ၊ စောင့်ရှောက်ခြင်းငှာ။ ပုတ္တာ၊ သားသမီးတို့သည်။ န သန္တိ၊ မရှိကုန်။ ပိတာပိ၊ မိဘတို့သည်လည်း။ န သန္တိ၊ မရှိကုန်။ ဗန္ဓဝါပိ၊ အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သောသူတို့သည်လည်း။ န သန္တိ၊ မရှိကုန်။ ဉာတီသု၊ ဆွေမျိုးသားချင်းတို့၌။ တာဏတာ၊ စောင့်ရှောက်ခြင်းသည်။ နတ္ထိ၊ မရှိ။
ဧတမတ္ထံ၊ ဤအကြောင်းကို။ ဧတံဝသံ၊ ဤအလိုကို။ ဉတွာ၊ သိ၍။ ပဏ္ဍိတော၊ ပညာရှိသောသူသည်။ သီလသံဝုတော၊ သီလကို ရိုသေစွာ စောင့်ရှောက်ထိန်းသိမ်းလျက်။ နိဗ္ဗာနဂမနံမဂ္ဂံ၊ နိဗ္ဗာန်သို့ သွားရာလမ်းခရီးကို။ ခိပ္ပမေဝ၊ လျင်စွာသာလျှင်။ ဝိသောဓယေ၊ သုတ်သင်ရာ၏။
သောတာပန်ဖြစ်ခြင်း
ဒေသနာတော်၏အဆုံး၌ ပဋာစာရီသည် မြေကြီး၌ မြေမှုန့်အတိုင်းအရှည်ရှိကုန်သော ကိလေသာတို့ကို လောင်ကျွမ်းစေလျက် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ထိုမှတစ်ပါး များစွာသောသူတို့သည်လည်း သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။
ဘိက္ခုနီမပြု၍ ရေအာရုံယူခြင်း
ထိုပဋာစာရီသည်ကား သောတာပန်ပုဂ္ဂိုလ်ဖြစ်ပြီးလျှင် မြတ်စွာဘုရားကို ရဟန်းအဖြစ်ကို တောင်းပန်လျှောက်ကြားလေ၏။ ဘုရားရှင်သည် ပဋာစာရီကို ရဟန်းမိန်းမတို့၏အထံသို့ စေလွှတ်၍ ရဟန်းပြုစေ၏။ ထိုပဋာစာရီသည် ဘိက္ခုနီအဖြစ် ရပြီးသည်ရှိသော် ထင်ရှားသော အကျင့်ရှိခြင်းကြောင့် ပဋာစာရီဟူ၍သာလျှင် အမည်ထင်ရှားလေ၏။ ထိုပဋာစာရီသည် တစ်နေ့သ၌ ရေအိုးဖြင့် ရေကိုယူ၍ ခြေတို့ကို ဆေးလတ်သည်ရှိသော် သွန်းလောင်းအပ်သောရေသည် အနည်းငယ်သော အရပ်သို့သွား၍ ပြတ်၏။ နှစ်ကြိမ်မြောက်၌ သွန်းလောင်းအပ်သောရေသည် ထို့ထက်အလွန်ဝေးသောအရပ်သို့ ရောက်သွား၏။ သုံးကြိမ်မြောက်၌ သွန်းလောင်းအပ်သော ရေသည် ထို့ထက်လည်း ဝေးစွာသောအရပ်သို့ ရောက်သွားလေ၏။ ဤသို့သော အခြင်းအရာဖြင့် ပဋာစာရီ ဘိက္ခုနီမသည် ထိုရေကိုသာလျှင် အာရုံယူ၍ အရွယ်သုံးပါးတို့ကို ပိုင်းခြားဝေဖန်လျက် “ငါသည် ပထမရှေးဦးစွာ သွန်းလောင်းအပ်သော ရေကဲ့သို့ ဤသတ္တဝါတို့သည် ပထမအရွယ်၌ သေလွန်ကုန်၏၊ ထိုရေထက်ဝေးသော အရပ်သို့ စီးသွားသော နှစ်ကြိမ်မြောက် သွန်းလောင်းအပ်သော ရေကဲ့သို့ မဇ္ဈိမအရွယ်၌လည်း သေလွန်ကုန်၏၊ ထို့ထက် ဝေးစွာသောအရပ်သို့ စီးသွားသော သုံးကြိမ်မြောက် သွန်းလောင်းအပ်သောရေကဲ့သို့ ပစ္ဆိမအရွယ်၌လည်း သေလွန်ကုန်သည်သာလျှင်တည်း”ဟု ကြံဆင်ခြင်လေ၏။ မြတ်စွာဘုရားသည် ဂန္ဓကုဋိ၌ နေတော်မူလျက်သာလျှင် ရောင်ခြည်တော်ကို ပျံ့နှံ့စေတော်မူသဖြင့် ပဋာစာရီဘိက္ခုနီမ၏ မျက်မှောက်၌တည်နေ၍ တရားဟောတော်မူဘိသကဲ့သို့ “ချစ်သမီး ပဋာစာရီ- ဤအကြံသည် ကြံတိုင်းသာလျှင် မှန်ပေ၏၊ ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို မမြင်သောသူ၏ အနှစ်တစ်ရာပတ်လုံး အသက်ရှည်ခြင်းထက် ထိုခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို မြင်သောသူ၏ တစ်ရက်မျှလည်းကောင်း၊ တစ်ခဏမျှလည်းကောင်း အသက်ရှည်ခြင်းသည် မြတ်၏”ဟု မိန့်တော်မူ၍ အနုသန္ဓေကိုစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။
ဒေသနာတော်
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဥဒယဗ္ဗယံ။
ယော စ၊ အကြင်သူသည်ကား။ ဥဒယဗ္ဗယံ၊ ခန္ဓာငါးပါးတို့၏ ဖြစ်ခြင်းပျက်ခြင်းကို။ အပဿံ အပဿန္တော၊ မမြင်ဘဲ။ ဝဿသတံ၊ အနှစ်တစ်ရာ ကာလပတ်လုံး။ ဇီဝေ၊ အသက်ရှည်ငြားအံ့။ တတော၊ ထိုအဖြစ်အပျက် မသိသောသူ အနှစ်တစ်ရာ အသက်ရှည်ခြင်းထက်။ ဥဒယဗ္ဗယံ၊ ခန္ဓာငါးပါးတို့၏ ဖြစ်ခြင်းပျက်ခြင်းကို။ ပဿတော၊ မြင်သောသူ၏။ ဧကာဟံ၊ တစ်ရက်မျှ။ ဝါ၊ တစ်ခဏမျှပင်။ ဇီဝိတံ၊ အသက်ရှည်ခြင်းသည်။ သေယျော၊ မြတ်၏။
ဒေသနာတော်၏အကျိုး
ဒေသနာတော်၏အဆုံး၌ ပဋာစာရီ ဘိက္ခုနီမသည် ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ ရဟန္တာမအဖြစ်သို့ ရောက်လေ၏။