ပဒုမုတ္တရဗုဒ္ဓဝင်
၁၀-ပဒုမုတ္တရဗုဒ္ဓဝင်
(တဆူ သာရ၊ နှစ် မဏ္ဍ၊ ဝရ သုံးဆူသာ။
သာရမဏ္ဍ၊ လေးဆူ ပြ၊ ပဉ္စ ဘဒ္ဒကာ။
တဆူသော်မျှ၊ မပွင့်က၊ သုည ကပ်ကမ္ဘာ-
ဟူသောအတိုင်း.. ဘုရားတဆူသာ ပွင့်တော်မူရာ ကမ္ဘာကို သာရကမ္ဘာဟု ခေါ်သည်၊ နှစ်ဆူပွင့်တော်မူရာ ကမ္ဘာကို မဏ္ဍကမ္ဘာဟု ခေါ်သည်၊ သုံးဆူပွင့်တော်မူရာ ကမ္ဘာကို
၃၉၃
ဝရကမ္ဘာဟု ခေါ်သည်၊ လေးဆူပွင့်တော်မူရာ ကမ္ဘာကို သာရမဏ္ဍကမ္ဘာဟု ခေါ်သည်၊ ငါးဆူပွင့်တော်မူရာကမ္ဘာကို ဘဒ္ဒကမ္ဘာဟု ခေါ်သည်၊ ဘုရားတဆူမျှ မပွင့်သော ကမ္ဘာကို သုညကမ္ဘာဟု ခေါ်သည်။ ထိုကမ္ဘာအမျိုးအစားတို့အနက် အနောမဒဿီ မြတ်စွာဘုရား, ပဒုမမြတ်စွာဘုရား, နာရဒမြတ်စွာဘုရား သုံးဆူတို့ ပွင့်တော်မူရာ ကမ္ဘာကို “ဝရကမ္ဘာ”ဟူ၍ ခေါ်သည်။)
ဤသို့လျှင် အနောမဒဿီ, ပဒုမ, နာရဒ တည်းဟူသော ဘုရား သုံးဆူတို့ ပွင့်တော်မူရာ ၀ရကမ္ဘာကြီး ကုန်ဆုံးပြီးသည့်နောက် မည်ရွေ့မည်မျှ ဂဏန်းချ၍ မရေတွက်နိုင်အောင် များပြားလှစွာသော ဘုရားမပွင့်သည့် သုညကပ်ကမ္ဘာတွေ (တသင်္ချေ)ကို လွန်မြောက်ပြီးသော် ဤကမ္ဘာမှ ပဋိလောမ ပြန်၍ရေတွက်လျှင် ကမ္ဘာတသိန်းထက်၌ တခုသောကာတွင် ပဒုမုတ္တရမြတ်စွာဘုရား ပွင့်တော်မူသည်။
(ထိုပွင့်တော်မူရာ ကပ်ကမ္ဘာသည် ပဒုမုတ္တရ မြတ်စွာဘုရား တဆူတည်းသာ ပွင့်တော်မူရာဖြစ်သောကြောင့် သာရကပ်ကမ္ဘာပင် ဖြစ်သော်လည်း နှစ်သက်ဖွယ်ရာ ဂုဏ်ကျေးဇူးအထူးနှင့် ပြည့်စုံခြင်းကြောင့် ဘုရားနှစ်ဆူ ပွင့်တော်မူရာ မဏ္ဍကပ်ကမ္ဘာနှင့် အလားတူ၏။ ဤ ပဒုမုတ္တရမြတ်စွာဘုရား ပွင့်တော်မူရာ ကမ္ဘာ၌ ကုသိုလ်တရား အားရှိများပြားသော လူတို့သာလျှင် ဖြစ်ကြကုန်၏။)
ပဒုမုတ္တရမြတ်စွာဘုရား ပွင့်တော်မူခြင်း အကြောင်းအရာသော်ကား.. ထိုပဒုမုတ္တရ မြတ်စွာဘုရား အလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူပြီးသည်၏ အဆုံး၌ အလောင်းတော်တို့၏ ဓမ္မတာအတိုင်း တုသိတာနတ်ပြည်၌ စံနေတော်မူစဉ် ဘုရားဖြစ်ရန် နတ်ဗြဟ္မာအပေါင်းတို့၏ တောင်းပန်ချက်ကို ဝန်ခံတော်မူ၍ လူ့ပြည်သို့ ဆင်းသက်ကာ ဟံသဝတီနေပြည်တော် အာနန္ဒအမည်ရှိသော မင်းကြီး၏ သုဇာတာမိဖုရားကြီး၏
၃၉၄
ဝမ်းတိုက်၌ ပဋိသန္ဓေ နေတော်မူ၍ ဆယ်လလွန်မြောက် အချိန်သို့ရောက်သောအခါ ဟံသဝတီ မင်္ဂလာဥယျာဉ်တော်အတွင်း၌ ဖွားမြင်တော်မူလေသည်။
(အလောင်းတော် ပဋိသန္ဓေ နေသောအခါ ဖွားမြင်သောအခါတို့၌ နိမိတ်ကြီးများ အံ့ဩဖွယ်ကြီးများ ထင်ရှား ဖြစ်ပေါ်ကြကုန်၏။)
ပဒုမုတ္တရမင်းသား ဖွားမြင်သောအခါ ပဒုမာကြာပန်းမိုယ်း ရွာသွန်းသောကြောင့် အမည်မှည့်သောအခါ ဆွေမျိုးအပေါင်းတို့က ပဒုမုတ္တရမင်းသားဟူ၍ အမည်မှည့်ကြကုန်သည်။
ထီးနန်းစိုးစံတော်မူခြင်း
အလောင်းတော် ပဒုမုတ္တရမင်းသားသည် အရွယ်သို့ရောက်သောအခါ (၁) နရဝါဟန ရွှေနန်းဆောင်၊ (၂) ယသဝါဟန ရွှေနန်းဆောင်၊ (၃) ဝသဝတ္တီ ရွှေနန်းဆောင် တည်းဟူသော ရွှေနန်းမ သုံးဆောင်တို့၌ ဝသုဒတ္တာဒေဝီ မိဖုရားကြီး အမှူးရှိသော မောင်းမအပေါင်း တသိန်းနှစ်သောင်းတို့၏ ဖျော်ဖြေလုပ်ကျွေး ပြုစုခြင်းကို ခံယူလျက် နှစ်ပေါင်း (၁၀၀၀၀) တသောင်းတို့ ကာလပတ်လုံး နတ်စည်းစိမ်နှင့်တူသော စည်းစိမ်ချမ်းသာကို ခံစားတော်မူကာ ထီးနန်း စိုးစံတော်မူ၏။
တောထွက်တော်မူခြင်း
ဤသို့ ထီးနန်းစိုးစံတော်မူရာ ၀သုဒတ္တာမိဖုရားကြီးမှ ဥတ္တရမည်သော သားတော်ကို ဖွားမြင်သောအခါ နိမိတ်ကြီးလေးပါးတို့ကို မြင်တော်မူ၍ မြတ်သော တောထွက်ခြင်းအမှု ငါပြုအံ့ဟု ကြံစည်တော်မူသည်နှင့်တပြိုင်နက် ဝသဝတ္တီ ရွှေနန်းပြာသာဒ်သည် အိုးထိန်းစက်ပမာ ချာချာလည်၍ ကောင်းကင်သို့ ပျံတက်ပြီးလျှင် နတ်ဗိမာန်ကြီး လပြည့်ဝန်းကြီးများကဲ့သို့ ကောင်းကင်အပြင်ဖြင့် အစဉ်အတိုင်းသွား၍ မဟာဗောဓိပင်ကို အလယ်ဗဟိုပြုကာ မြေအပြင်သို့ သက်လေ၏။
၃၉၅
အလောင်းတော်မင်းသားသည် ပြာသာဒ်တော်မှ သက်ဆင်း၍ ဗြဟ္မာလှူဒါန်းအပ်သည့် ကြာသင်္ကန်းတို့ကို ဆင်မြန်းဝတ်ရုံတော်မူကာ ထိုအရပ်မှာပင် ရဟန်းပြုတော်မူလေသည်။ ပြာသာဒ်တော်သည်ကား တိုင်းပြည်သို့ပြန်လာ၍ မိမိ၏ မူလတည်နေရာ၌ပင် တည်လေသည်။ အလောင်းတော်နှင့် အတူတကွ လိုက်ပါကြသော ပရိသတ်တို့တွင် မိန်းမတို့ကို ကြဉ်ထား၍ ယောက်ျားမှန်သမျှ ရဟန်းပြုကြလေသည်။
ဘုရားဖြစ်တော်မူခြင်း
ပဒုမုတ္တရ မြတ်စွာဘုရား အလောင်းတော်သည် ထိုအဖော် ရဟန်းတို့နှင့်တကွ ခုနစ်ရက်ပတ်လုံး ဒုက္ကရစရိယာအကျင့်ကို ကျင့်တော်မူ၍ ကဆုန်လပြည့် ဘုရားဖြစ်မည့်နေ့ဝယ် ဥဇ္ဇေနီနိဂုံး၌ ရုစာနန္ဒ အမည်ရှိသော သူဌေးသမီး လှူဒါန်းအပ်သည့် ဃနာနို့ဆွမ်းကို ဘုဉ်းပေး သုံးဆောင်တော်မူပြီးလျှင် အင်ကြင်းတော၌ နေ့သန့် (နေခို)တော်မူ၍ ညနေချမ်းအချိန်သို့ ရောက်သောအခါ ဗောဓိပင်ရှိရာအရပ်သို့ တပါးတည်း ကြွသွားတော်မူရာ သုမိတ္တအမည်ရှိသော တက္ကတွန်း လှူဒါန်းအပ်သည့် မြက်ရှစ်ဆုပ်တို့ကို ခံတော်မူခဲ့၍ မဟာဗောဓိ (ထင်းရှူး)ပင်အရင်း၌ ဖြန့်ခင်းလိုက်သည်နှင့် တပြိုင်နက် (၃၈) သုံးဆယ့်ရှစ်တောင် ပမာဏရှိသော အပရာဇိတပလ္လင်တော် ပေါ်ပေါက်လာရာ ထိုပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူ၍ အင်္ဂါလေးပါးရှိသော ဝီရိယကို ဆောက်တည်တော်မူကာ ရှေး၌ ဆိုအပ်ပြီးသည့်အတိုင်း မာရ်စစ်သည်ဗိုလ်ပါကို မှုတ်လွှင့်ပယ်နှင်၍ ပဌမယံ၌ ပုဗ္ဗေနိဝါသဉာဏ်, ဒုတိယယံ၌ ဒိဗ္ဗစက္ခုဉာဏ်တို့ကို ရတော်မူ၍ တတိယယံ၌ ပဋိစ္စသမုပ္ပါဒ်တရားကို သုံးသပ် ဆင်ခြင်တော်မူပြီးလျှင် အာနာပါနစတုတ္ထဈာန်မှထ၍ ခန္ဓာငါးပါးတို့၌ လက္ခဏာရေး တင်ပြီးလျှင် ဥဒယဗ္ဗယဉာဏ်၏ အစွမ်းဖြင့် ငါးဆယ်သော အခြင်းအရာ ကောင်းစွာထင်ထင် သိမြင်တော်မူ၍ ဂေါတြဘူဉာဏ်တိုင်အောင် ဝိပဿနာတရား ပွါးများတော်မူပြီး အရိယမဂ်ဖြင့် အလုံးစုံသော ဘုရားဂုဏ်ကျေးဇူးတို့ကို ရရှိသိမြင်တော်မူပြီးနောက်
၃၉၆
(ဘုရားဖြစ်ပြီးနောက်ဟု ဆိုလိုသည်) ခပ်သိမ်းသော ဘုရားရှင်တို့၏ အလေ့အလာ ဓမ္မတာ အာစိဏ္ဏဖြစ်သည့် “အနေကဇာတိ သံသာရံ (အစ) တဏှာနံ ခယမဇ္ဈဂါ”တိုင်အောင် ဥဒါန်းကို ကျူးရင့်တော်မူလေသည်။
ဘုရားဖြစ်သည်နှင့် တပြိုင်နက် စကြဝဠာတိုက်ပေါင်း တသောင်းအတွင်း အလုံးစုံကို တန်းဆာဆင်ပေးသည့်ပမာ ပဒုမာကြာပန်းမိုဃ်း ရွာသွန်းလေသည်။
အထူးမှတ်သားရန်မှာ-
ပဒုမုတ္တရမြတ်စွာဘုရားသည် ဘုရားဖြစ်ပြီးလျှင် ခုနစ်ရက်ပတ်လုံး ဗောဓိပလ္လင်၌ (ပဌမသတ္တာဟ၌) ဖလသမာပတ်ကို ဝင်စားတော်မူကာ သီတင်းသုံးတော်မူပြီးနောက် ရှစ်ရက်အရောက်တွင် မြေ၌ ခြေတော်ကို ချအံ့ဟု လက်ျာခြေတော်ကို မြေသို့ ရှေးရှု ဆောင်တော်မူသည်နှင့် တပြိုင်နက် မဟာပထဝီမြေကြီးကို ဖောက်ထွင်း၍ ထူးကဲဆန်းကြယ်စွာ ရေ၌ပေါက်ရမည့် ပဒုမာကြာပန်းတို့သည် ဖဝါးတော်အောက် မြေ၌ ပေါ်ပေါက်လာကြကုန်သည်။
ထိုပဒုမာကြာပန်းတို့၏ ရွက်ဖတ် တဖတ် တဖတ်လျှင် ကိုးတောင်, ကြာဝတ်မှုံ တည်ရာအတံသည် အတောင်သုံးဆယ်, ကြာနားဍောင်း (ကြာဝတ်ဆံအိမ်)သည် ဆယ့်နှစ်တောင်ရှိ၍ ကြာပန်းတပွင့်တပွင့်လျှင် ကြာဝတ်မှုံပေါင်း ရေအိုး ကိုးလုံးခန့်မျှ ရှိကုန်၏။
ပဒုမုတ္တရ မြတ်စွာဘုရားသည်ကား အရပ်တော် (၅၈) ငါးဆယ့်ရှစ်တောင် ရှိ၏။ ထိုမြတ်စွာဘုရား၏ လက်ရုံးနှစ်ဖက်အကြားသည် တဆယ့်ရှစ်တောင်၊ နဖူးတော် ငါးတောင်၊ လက်တော် ခြေတော်တို့မှာ ဆယ့်တတောင်စီ ရှိကုန်၏။
မြတ်စွာဘုရား၏ ဆယ့်တတောင်ရှိသော စက်တော်ဖြင့် ဆယ့်နှစ်တောင်ရှိသော ကြာဝတ်မှုံအိမ်ကို
၃၉၇
နင်းတော်မူလိုက်သည်နှင့် တပြိုင်နက် ရေအိုးကိုးလုံးခန့် ပမာဏရှိသော ဝတ်မှုံတို့သည် အထက်သို့ပျံတက်ကာ ငါးဆယ့်ရှစ်တောင် အမြင့်ရှိသော ကိုယ်တော်ကို ဆေးဒန်း မြင်းသီလာမှုန့်ဖြင့် ကြဲဖျန်းသကဲ့သို့ လွှမ်းမိုးအုပ်ခြုံ ပျံ့နှံ့ကုန်၏။ ဤအကြောင်းထူးကို အစွဲပြုကာ ထိုမြတ်စွာဘုရားသည် ပဒုမုတ္တရ မြတ်စွာဘုရားဟူ၍ ထင်ရှားတော်မူသည်။
တရားပွဲကြီး သုံးကြိမ်
ပဒုမုတ္တရ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးသည့်နောက် မဟာဗောဓိ (ထင်းရှူး)ပင်၏ အနီးမှာပင် သတ္တသတ္တာဟ= (လေးဆယ့်ကိုးရက်) စံနေတော်မူပြီးလျှင် တရားဟောရန် ဗြဟ္မာမင်း၏ တောင်းပန်ခြင်းကို လက်ခံတော်မူ၍ “ငါသည် အဘယ်သူအား ရှေးဦးစွာ တရားဟောရပါအံ့နည်း”ဟု ဆင်ခြင်တော်မူသည် ရှိသော် မဂ်ဖိုလ်နိဗ္ဗာန်ရကြောင်း ရှေးကောင်းမှုနှင့် ပြည့်စုံကြသော ဒေဝလမင်းသားနှင့် သုဇာတမင်းသား (အဂ္ဂသာဝကအလျာ)တို့ကို မြင်တော်မူ၍ “ထိုသူတို့အား ရှေးဦးစွာ တရားဟောအံ့”ဟု ကြံစည်ဆုံးဖြတ်တော်မူပြီးလျှင် “ယခုအခါ ထိုမင်းသားတို့သည် အဘယ်အရပ်၌ နေကုန်သနည်း”ဟု ကြည့်ရှု ဆင်ခြင်တော်မူပြန်သော် မိထိလာမြို့၌ နေကုန်၏ဟု မြင်တော်မူလျှင် သပိတ်သင်္ကန်းတို့ကို ယူဆောင်တော်မူ၍ ထိုမင်းသားတို့၏နေရာ မိထိလာမြို့တော် ဥယျာဉ်သို့ ကောင်းကင်ခရီးဖြင့် ခဏခြင်း ကြွသွားတော်မူ၏။
ထိုအခါ ပဒုမုတ္တရမြတ်စွာဘုရားသည် ဥယျာဉ်မှူးကို စေလွှတ်ကာ မင်းသားနှစ်ယောက်တို့ကို ခေါ်စေတော်မူ၏။ ထိုမင်းသား နှစ်ယောက်တို့သည်လည်း “ငါတို့အရီး၏ သားဖြစ်သော ပဒုမုတ္တရမင်းသားသည် ဘုရားအဖြစ်သို့ ရောက်တော်မူ၍ ငါတို့နေရာ မိထိလာမြို့သို့ ရောက်လာပြီ၊ ယခုအခါ ထိုမြတ်စွာဘုရားကို ငါတို့သည် ဖူးမြင်ရန် ချဉ်းကပ်ကြကုန်စို့”ဟု တိုင်ပင် ပြောဆိုကြပြီးလျှင်
၃၉၈
အခြံအရံ ပရိသတ်တို့နှင့်တကွ ပဒုမုတ္တရ မြတ်စွာဘုရားကို ချဉ်းကပ်ဝန်းရံကာ သင့်လျောက်ပတ်ရာအရပ်၌ ထိုင်နေကြကုန်၏။
ထိုအခါ ပဒုမုတ္တရ မြတ်စွာဘုရားသည် ကြယ်တာရာအပေါင်း ခြံရံအပ်သော လပြည့်ဝန်းကဲ့သို့ ထိုမင်းသားတို့ ခြံရံအပ်လျက် အလွန်တင့်တယ်တော်မူကာ မင်းသားနှစ်ယောက်တို့မှအစ တရားနာရန် လာရောက်ကြသော နတ်လူတို့အား ရှေးရှေးဘုရားတို့ ဟောကြားတော်မူကြမြဲဖြစ်သော ဓမ္မစက္ကပဝတ္တနသုတ် ဒေသနာကို ဟောကြားတော်မူ၏။ ထိုအခါ ကုဋေတသိန်းသော နတ်လူတို့သည် မဂ်ဖိုလ်တရားထူးကို ရကြကုန်၏။
ထိုမှနောက် အခါတပါး၌ ပဒုမုတ္တရမြတ်စွာဘုရား ပွင့်တော်မမူမီက ဖြစ်ပေါ်နေသော သရဒရသေ့သည် မိမိ၏ အယူဝါဒသို့ လိုက်နာကြသော လူအပေါင်းတို့ကို စည်းဝေးကာ အပါယ်လားကြောင်း မကောင်းမှုဖြစ်သော တရားကို ဟောကြားနေရာ ပဒုမုတ္တရ မြတ်စွာဘုရားသည် သရဒရသေ့၏ အစည်းအဝေးသို့ ကြွရောက်တော်မူပြီးလျှင် လူများအပေါင်းအား ငရဲသို့ကျရောက်မည့် ဘေးကိုပြ၍ တရားဟောတော်မူ၏။ ထိုအခါ သရဒရသေ့၏ တပည့်ရင်းများနှင့်တကွ (၃၇၀၀၀၀၀) သုံးသန်းခုနစ်သိန်းသော နတ်လူတို့သည် မဂ်ဖိုလ်တရားထူးကို ရကြကုန်၏။
ထို့နောက် အခါတပါး၌ ခမည်းတော်ဖြစ်သော အာနန္ဒမင်းကြီးသည် အခြံအရံ ယောက်ျားပေါင်း နှစ်သောင်းတို့နှင့်တကွ နှစ်ကျိပ်သော အမတ်တို့ကို (သုဒ္ဓေါဒနမင်းကြီးက ငါတို့ မြတ်စွာဘုရားကို အပင့်လွှတ်သကဲ့သို့) မိထိလာမြို့၌ သီတင်းသုံးတော်မူသော ပဒုမုတ္တရမြတ်စွာဘုရား အထံတော်သို့ သွားရောက်ပြီးလျှင် မြတ်စွာဘုရားကို မိမိနေရာ ဟံသဝတီမြို့တော်သို့ ကြွလာတော်မူပါမည့်အကြောင်း လျှောက်ထားတောင်းပန်ရန် စေလွှတ်လေသည်။ အမတ်တို့သည် အခြံအရံမင်းမှုထမ်း (၂၀၀၀၀)
၃၉၉
နှစ်သောင်းတို့နှင့်တကွ မိထိလာပြည် မြတ်စွာဘုရားထံသို့ ရောက်ကြလေကုန်သည်တွင် ပဒုမုတ္တရမြတ်စွာဘုရားက တရားဟောပြ ဧဟိဘိက္ခု ခေါ်တော်မူသည်။ ထိုအလုံးစုံသောသူတို့သည် ဧဟိဘိက္ခုရဟန်း ဖြစ်ကြကုန်သည်။ ထိုရဟန်းအပေါင်း ခြံရံလျက် ဟံသဝတီမြို့တော်သို့ ကြွတော်မူကာ ခမည်းတော်မင်းကြီးအား ချီးမြှောက် ထောက်ပင့်ခြင်းကို ပြုတော်မူလို၍ ထိုမြို့မှာပင် သီတင်းသုံး နေတော်မူ၏။
ထိုအခါ ဂေါတမနွယ်ဖွား ငါတို့မြတ်စွာဘုရားသည် ကပိလဝတ် နေပြည်တော်သို့ ကြွရောက်တော်မူကာ ဆွေတော်မျိုးတော်တို့ စုံညီအစည်းအဝေးတွင် ဗုဒ္ဓဝင်ဒေသနာကို ဟောတော်မူသကဲ့သို့ ထို့အတူပင် ပဒုမုတ္တရ မြတ်စွာဘုရားသည် ဆွေတော်မျိုးတော်တို့ စုံညီအစည်းအဝေးတွင် ကောင်းကင်အပြင် ရတနာစင်္ကြံ၌ စင်္ကြံကြွတော်မူလျက် ဗုဒ္ဓဝင်ဒေသနာကို ဟောတော်မူ၏။ ထိုအခါ (၅ဝဝ၀ဝဝ၀) ငါးသန်းသော နတ်လူတို့သည် မဂ်ဖိုလ်တရားထူးကို ရကြကုန်၏။
**********
သာဝကအစည်းအဝေးကြီး သုံးကြိမ်
ပဌမသန္နိပါတ
ပဒုမုတ္တရမြတ်စွာဘုရား၏ သာဝကအစည်းဝေးကြီးတို့မှာလည်း သုံးကြိမ်ပင်ရှိရာ ပဌမအကြိမ်၌ ပဒုမုတ္တရ မြတ်စွာဘုရားသည် မိထိလာမြို့အနီး မိထိလာဟူ၍ပင် အမည်ရှိသော ဥယျာဉ်ကြီးအတွင်းမှာ ကုဋေတသိန်းသော ရဟန်းတို့၏ အစည်းအဝေးတွင် တပို့တွဲလပြည့်နေ့၌ ဩဝါဒပါတိမောက်ကို ပြတော်မူ၏။
ဒုတိယသန္နိပါတ
ထို့နောက် အခါတပါး၌ ပဒုမုတ္တရ မြတ်စွာဘုရားသည် ဝေဘာရတောင်ထွတ်၌ ဝါကပ်တော်မူ၍ ဝေဘာရတောင်ကို
၄၀၀
ကြည့်ရှုရန် လာရောက်ကြသော လူများအပေါင်းအား တရားဟောတော်မူ၍ ဧဟိဘိက္ခု ခေါ်တော်မူသည်တွင် ကုဋေကိုးသောင်းသော လူတို့သည် ဧဟိဘိက္ခုရဟန်း ဖြစ်ကြကုန်၏။ ထိုရဟန်းတို့၏ အစည်းအဝေး၌ ဩဝါဒပါတိမောက်ကို ပြတော်မူ၏။
တတိယသန္နိပါတ
ထို့နောက် အခါတပါး၌ လောကသုံးပါး၏ ကိုးစားရာ ဖြစ်တော်မူသော ပဒုမုတ္တရ မြတ်စွာဘုရားသည် လူများအပေါင်းအား ကိလေသာတည်းဟူသော အနှောင်အဖွဲ့မှ လွတ်မြောက်အောင် စောင့်ရှောက်ချီးမြှောက်တော်မူရန် ဒေသစာရီ ကြွချီတော်မူလတ်သည်ရှိသော် ထိုထိုရွာနိဂုံး ဇနပုဒ် တိုင်းပြည်တို့မှထွက်ကာ ရဟန်းပြုကြသော ကုဋေရှစ်သောင်းသော ရဟန်းတို့၏ အစည်းအဝေးကြီးသည် ဖြစ်၏။
***********
ဂေါတမမြတ်စွာဘုရားအလောင်း ဇဋိလတိုင်းကျပ်မင်းဖြစ်၍ ဗျာဒိတ်ခံခြင်း
ထိုအခါ ငါတို့မြတ်စွာဘုရား အလောင်းတော်သည် ကုဋေများစွာ ဥစ္စာကြွယ်ဝသည့် ဇဋိလအမည်ရှိသော တိုင်းကျပ်မင်းကြီးဖြစ်၍ ဘုရားအမှူးရှိသော တပည့်သား သံဃာတော်မြတ်အပေါင်းအား ဆွမ်းခဲဖွယ် ဘောဇဉ်နှင့်တကွ သင်္ကန်းလျာ အဝတ်အထည် အလှူကြီးကို ပေးလှူတော်မူ၏။ ပဒုမုတ္တရ မြတ်စွာဘုရားသည် ဆွမ်းအနုမောဒနာတရား ဟောကြားပြီးသည်၏အဆုံး၌ ထိုအလောင်းတော် ဇဋိလတိုင်းကျပ်မင်းကို “နောက်အခါ ကမ္ဘာတသိန်းထက်၌ ဂေါတမ အမည်တော်ရှိသော ဘုရားစင်စစ် ဖြစ်လတ္တံ့”ဟု ဗျာဒိတ်စကား ကြားတော်မူလေသည်။
၄၀၁
ပဒုမုတ္တရမြတ်စွာဘုရား၏ ဗျာဒိတ်စကား ကြားတော်မူရလျှင် အလောင်းတော်သည် လွန်မင်းစွာ မိမိစိတ်ကို ရွှင်လန်းစေလျက် ပါရမီဆယ်ပါးတို့ကို တိုးတက်ဖြည့်ကျင့်ရန် မြဲမြံစွာ ဆောက်တည်တော်မူလေသည်။
ပဒုမုတ္တရမြတ်စွာဘုရားလက်ထက် ထူးခြားချက်များ
ထိုသို့ ပဒုမုတ္တရမြတ်စွာဘုရား ပွင့်တော်မူသောအခါ၌ မိစ္ဆာအယူ ရန်သူတိတ္ထိတို့သည် နှလုံးမသာယာ လွန်စွာဆင်းရဲကြကုန်လျက် တန်းခိုးမထွက် ပျောက်ပျက် တိမ်ကောကြကုန်၏။ ထိုတိတ္ထိတို့အား အနည်းငယ်သော သူတို့ကမျှ ရိုသေခြင်း ပေးကမ်းခြင်း စသောအမှုကို မပြုလုပ်ကြကုန်ပဲ တိုင်းပြည်မှပင် နှင်ထုတ်ကြကုန်၏။
ထိုအခါ အလုံးစုံသော တိတ္ထိတို့သည် ပေါင်းဆုံ စည်းဝေးကြပြီးလျှင် “ကြီးမြတ်သော လုံ့လဝီရိယ ရှိတော်မူသော မြတ်စွာဘုရား.. အရှင်မြတ်ဘုရားသည် အကျွန်ုပ်တို့၏ အားထားကိုးကွယ်ရာ ဖြစ်တော်မူပါ”ဟူ၍ လျှောက်ထားကာ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြကုန်၏။
ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွါးကို လိုလားတော်မူလျက် သနားခြင်းကရုဏာ ရှိတော်မူသော ပဒုမုတ္တရ မြတ်စွာဘုရားသည် ကိုယ်တော်ထံမှောက် ရောက်ဆိုက်လာကုန်သော ထိုတိတ္ထိအားလုံးတို့ကို သရဏဂုံ သုံးပါးနှင့်တကွ ငါးပါးသီလတည်းဟူသော ကျင့်ဝတ်သိက္ခာပုဒ်၌ တည်စေတော်မူ၏။
ဤသို့လျှင် ပဒုမုတ္တရ မြတ်စွာဘုရား၏ သာသနာတော်သည် မိစ္ဆာအယူ ရန်သူတိတ္တိတို့မှ ကင်းရှင်း ဆိတ်သုဉ်းတော်မူပေ၏။ ဝသီဘော်ငါးမျိုး ပိုင်စိုးနိုင်နင်းတော်မူကြလျက် လောကဓံတရားကြောင့် ဖောက်ပြန်ခြင်းမရှိ တာဒိဂုဏ်ရှင် ရဟန္တာသခင်မြတ်တို့ဖြင့် တင့်တယ် ဆန်းကြယ်လှပေ၏။
၄၀၂
မြို့တော်စသည်ကို ပြဆိုချက်
ပဒုမုတ္တရ မြတ်စွာဘုရား၏ ဖွားမြင်တော်မူရာ မြို့တော်မှာ ဟံသဝတီမြို့တော်ဖြစ်၍ ခမည်းတော်မှာ အာနန္ဒမင်းကြီး, မယ်တော်မှာ သုဇာတာမိဖုရားကြီးတို့ ဖြစ်ကြသည်။
ထီးနန်းစိုးအုပ် မင်းပြုလုပ်သော နှစ်ပေါင်းမှာ (၁၀၀၀၀) တသောင်းဖြစ်၍ စံနန်းတော် သုံးဆောင်တို့မှာ နရဝါဟနစံနန်းဆောင်, ယသဝါဟန စံနန်းဆောင်, ဝသဝတ္တီ စံနန်းဆောင်တို့ ဖြစ်ကုန်၏။
အဂ္ဂဒေဝီ မဟေသီ မိဖုရားကြီးမှာ (၄၃၀၀၀) လေးသောင်း သုံးထောင်သော မောင်းမမိဿံ အခြံအရံရှိသည့် ဝသုဒတ္တာ မိဖုရားကြီးဖြစ်၍ သားတော်မှာ ဥတ္တရမင်းသား ဖြစ်လေသည်။ာ
နိမိတ်ကြီးလေးပါးတို့ကို မြင်တော်မူ၍ တောထွက်တော်မူသော ယာဉ်မှာ ပြာသာဒ်ယာဉ် ဖြစ်ပြီးလျှင် ခုနစ်ရက်ကြာ ဒုက္ကရစရိယာကို ကျင့်တော်မူရသည်။
အဂ္ဂသာဝကအစုံတို့မှာ ဒေဝလမထေရ်နှင့် သုဇာတမထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ သုမနမထေရ် ဖြစ်လေသည်။ာ
အဂ္ဂသာဝိကာအစုံတို့မှာ အမိတာထေရီမနှင့် အသမာထေရီမတို့ ဖြစ်ကြ၍ ပွင့်တော်မူရာ ဗောဓိပင်မှာ ထင်းရှူးပင်ဗောဓိ ဖြစ်လေသည်။
မြတ်သော အလုပ်အကျွေး ဒါယကာတို့မှာ ဝိတိဏ္ဏသူဌေးနှင့် တိဿသူဌေးတို့ ဖြစ်ကြ၍ မြတ်သော အလုပ်အကျွေး ဒါယိကာမတို့မှာ
၄၀၃
ဟဋ္ဌာဥပါသိကာမနှင့် ဝိစိတ္တာ ဥပါသိကာမတို့ ဖြစ်ကြသည်။
ပဒုမုတ္တရ မြတ်စွာဘုရား၏ ကိုယ်အရပ်တော်မှာ ငါးဆယ့်ရှစ်တောင် မြင့်လျက် သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာတော်ကြီးတို့နှင့် ပြည့်စုံကာ ပူဇော်ဖွယ်ရာ စီမံထားသော ရွှေတိုင်ကြီးနှင့် တူတော်မူ၏။
ကိုယ်တော်မှထွက်သော ရောင်ခြည်တော်မှာ တံခါးမုခ် တံခါးရွက် နံရံ သစ်ပင် မြင့်မောက်ကြီးမားသော မြေတောင် ကျောက်တောင် စသည်တို့ မပိတ်ပင် မတားဆီးနိုင်ပဲ ထက်ဝန်းကျင် တဆယ့်နှစ်ယူဇနာအတွင်း ထွန်းလင်းပျံ့နှံတော်မူ၏။
ပဒုမုတ္တရမြတ်စွာဘုရား ပွင့်တော်မူရာ အသက်တမ်းမှာ နှစ်ပေါင်း (၁၀၀၀၀၀) တသိန်းတမ်းဖြစ်၍ ထိုမျှလောက် (အသက်တမ်း၏ ငါးပုံ့ လေးပုံ အနှစ်ရှစ်သောင်း) ကာလပတ်လုံး တည်နေတော်မူလျက် များစွာသော လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းကို သံသရာရေအယဉ်မှ နိဗ္ဗာန်တည်းဟူသော ကြည်းကုန်းထက်သို့ ထုတ်ဆယ် ကယ်တင်တော်မူခဲ့၏။
ပဒုမုတ္တရ မြတ်စွာဘုရားသည် သတ္တဝါအပေါင်းတို့၏ အလုံးစုံသော ယုံမှားခြင်းဟူသမျှကို ပယ်ရှားဖြတ်တောက် ဖျက်ဆီးတော်မူကာ သတ္တဝါတို့ကို သံသရာတည်းဟူသော ရေအယဉ်မှ နိဗ္ဗာန်တည်းဟူသော ကြည်းကုန်းထက်သို့ ထုတ်ဆယ် ကယ်တင်တော်မူပြီးလျှင် တပည့်သား သံဃာတော်အပေါင်းနှင့်တကွ (ထွန်းလင်းတောက်ပပြီး ငြိမ်းစဲသွားသည့် မီးပုံကြီးကဲ့သို့) ဘဝဇာတ်သိမ်း ငြိမ်းတော်မူလေပြီ။
စေတီတော်
ဤသို့လျှင် မာရ်ငါးပါးကို အောင်မြင်တော်မူသော ပဒုမုတ္တရ မြတ်စွာဘုရားသည် နန္ဒာရာမ အမည်ရှိသော ဥယျာဉ်ကြီးအတွင်း၌ ပရိနိဗ္ဗာန် စံတော်မူ၏။ ထိုဥယျာဉ်ကြီးအတွင်း၌ပင်
၄၀၄
(ရှေး ဆိုအပ်ပြီးသည့်အတိုင်း) တည်ထားအပ်သော ပဒုမုတ္တရ မြတ်စွာဘုရား၏ စေတီတော်မြတ်ကြီးသည် တဆယ့်နှစ်ယူဇနာ အမြင့်ရှိလေသည်။
**********