ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု
by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၂၄၇။ ပါဒဉ္ဇလီဇာတ် (၂-၁၀-၇)
2108ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု — ၂၄၇။ ပါဒဉ္ဇလီဇာတ် (၂-၁၀-၇)မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်


ဒုကနိပါတ်-သိင်္ဂါလဝဂ်

၇။ ပါဒဉ္ဇလိဇာတ်

နှုတ်ခမ်းကိုက်မင်းသား

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အဒ္ဓါ ပါဒဉ္ဇလီ သဗ္ဗေ အစရှိသော ဂါထာ ပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤပါဒဉ္ဇလိဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် လာဠုဒါယီမထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ တနေ့သ၌ နှစ်ပါးကုန်သော သာဝကတို့သည် ပြဿနာကို ဆုံးဖြတ်ကုန်၏။ ရဟန်းတို့သည် ပြဿနာကို ကြားနာရကုန်သည်ဖြစ်၍ မထေရ်တို့ကို ချီးမွမ်းကုန်၏။ လာဠုဒါယီမထေရ်သည်ကား ပရိသတ်တို့၏ အလယ်၌နေလျက် ထိုသာရိပုတ္တရာ မောဂ္ဂလာန်တို့သည် ငါတို့နှင့်အမျှ တတ်ကုန်သလောဟု နှုတ်ခမ်းကို ကိုက်၏။ မထေရ်တို့သည် ထိုလာဠုဒါယီမထေရ်ကို မြင်ကုန်၍ ဖဲကြကုန်၏ ပရိသတ်သည် ပျက်၏။ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ လာဠုဒါယီမထေရ်သည် နှစ်ပါးကုန်သော အဂ္ဂသာဝကတို့ကိုကဲ့ရဲ့၍ နှုတ်ခမ်းကို ကိုက်၏ဟု စကားကို ဖြစ်စေကုန်၏။ ထိုစကားကို ကြားတော်မူ၍ ရဟန်းတို့ ယခုအခါ၌ သာလျှင် လာဠုဒါယီသည် နှုတ် ခမ်းကို ကိုက်ခြင်းကိုထား၍ ထို့ထက်အလွန်ဖြစ်သော တပါးသောအမှုကို မသိသည် မဟုတ်သေး၊ ရှေး၌လည်း လာဠုဒါယီသည် နှုတ်ခမ်းကို ကိုက်ခြင်းကိုထား၍ ထိုထက်အလွန်ဖြစ်သော တပါးသောအမှုကို မသိကုန်ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုဗြဟ္မဒတ် မင်း၏ အကျိုးအကြောင်းကို ဆုံးမတတ်သော အမတ်ဖြစ်၏။ မင်း၏ ပါဒဉ္ဇလီ အမည်ရှိသောသားသည် လျှပ်ပေါ်၏။ ညံ့သော လုံ့လရှိ၏။ နောက်အဘို့၌ မင်းသည် သေ၏။ အမတ်တို့သည် မင်း၏သေမှုကို ပြုကုန်၍ အဘယ်သူကို မင်းအဖြစ်၌ အဘိသိက်သွန်းကြကုန်အံ့နည်းဟု တိုင်ပင်ကုန်သည်ရှိသော် ပါဒဉ္ဇလီမင်းသားကို အဘိသိက်သွန်းကုန်အံ့ဟု ဆိုကုန်၏။ ဘုရားလောင်းသည်ကား ဤမင်းသားသည် လျှပ်ပေါ်၏။ ညံ့သောလုံ့လရှိ၏။ စုံစမ်း၍ ထိုမင်းသားကို အဘိသိက် သွန်းကုန်အံ့ဟု ဆို၏။ အမတ်တို့သည် အဆုံးအဖြတ်ကို စီရင်ကုန်၍ မင်းသားကို အနီး၌နေစေကုန်၍ တရားကို ဆုံးဖြတ်ကုန်သည်ရှိသော် ကောင်းစွာ မဆုံးဖြတ်ကုန်၊ ထိုအမတ်တို့သည် အရှင်မဟုတ်သောသူကို အရှင်ပြုကုန်၍ မင်းသား အသို့ သဘောရှိသနည်း၊ အကျွန်ုပ်တို့သည် ကောင်းစွာ ဆုံးဖြတ်ကုန်၏ လောဟု မင်းသားကို မေးကုန်၏။ ထိုပါဒဉ္ဇလီမင်းသားသည် နှုတ်ခမ်းကိုကိုက်၏။ ဘုရားလောင်းသည် ပညာရှိယောင်တကား၊ ထိုမင်းသားသည် ကောင်းစွာ မဆုံးဖြတ်သည်၏ အဖြစ်ကို သိသည် ဖြစ်လတ္တံ့ ဟု အောက်မေ့ သည်ဖြစ်၍-

၁၉၄။ အဒ္ဓါ ပါဒဉ္ဇလီ သဗ္ဗေ၊ ပညာယ အတိရောစတိ။
တထာ ဟိ ဩဋ္ဌ ဘဉ္ဇတိ၊ ဥတ္တရိံ နူန ပဿတိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၉၄။ ဘော၊ အချင်းတို့။ ပါဒဉ္ဇလီ၊ ပါဒဉ္ဇလိမင်းသားသည်။ အဒ္ဓါ၊ စင်စစ်။ သဗ္ဗေ၊ ခပ်သိမ်းကုန်သောသူတို့ကို။ ပညာယ၊ ပညာဖြင့်။ အတိရောစတိ၊ လွန်၍ ထွန်းပ၏။ တထာဟိ၊ ထို့ကြောင့်လျှင်။ ဩဋ္ဌံ၊ နှုတ်ခမ်းကို။ ဘဉ္ဇတိ၊ ကိုက်၏။ ဥတ္တရိံ၊ အလွန်ဖြစ်သောအကြောင်းကို။ ပဿတိ နူန၊ မြင်ယောင်တကား။

အမတ်တို့သည် တပါးသောနေ့၌လည်း အဆုံးအဖြတ်ကို စီရင်ကုန်၍ တရားကို ကောင်းစွာ ဆုံးဖြတ်ကုန်၍ မြတ်သောမင်းကြီး အဆုံးအဖြတ်ကို အဘယ်သို့ သဘောရှိသနည်းဟု မေးကုန်၏။ ထိုပါဒဉ္ဇလိမင်းသားသည် တဖန်လည်း နှုတ်ခမ်းကိုသာလျှင် ကိုက်၏။ ထိုအခါ ထိုပါဒဉ္ဇလိမင်းသား၏ အလွန်မိုက်သည်အဖြစ်ကို သိ၍ ဘုရားလောင်းသည်-

၁၉၅။ နာယံ ဓမ္မံ အဓမ္မံ ဝါ၊ အတ္ထာနတ္ထံ န ဗုဇ္စျတိ။
အညတြ ဩဋ္ဌနိဗ္ဘောဂါ၊ နာယံ ဇာနာတိ ကိဉ္စနံ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကိုဆို၏။

၁၉၅။ ဘော၊ အချင်းတို့။ ပါဒဉ္ဇလီ၊ ဤပါဒဉ္ဇလိမင်းသားသည်။ ဓမ္မံ ဝါ၊ သင့်သော အကြောင်းကို၎င်း။ အဓမ္မံ ဝါ၊ မသင့်သော အကြောင်းကို၎င်း။ အတ္ထာနတ္ထံ ဝါ၊ အကျိုးရှိသည် မရှိသည်ကို၎င်း။ န ဗုဇ္စျတိ၊ မသိ။ အယံ၊ ဤ ပါဒဉ္ဇလိမင်းသားသည်။ ဩဋ္ဌနိဗ္ဘောဂါ၊ နှုတ်ခမ်းကို ကိုက်ခြင်းကို။ အညတြ၊ ကြဉ်၍။ ကိဉ္စနံ၊ တစုံတခုကို။ န ဇာနာတိ၊ မသိ။

အမတ်တို့သည် ပါဒဉ္ဇလိမင်းသား၏ မိုက်သည်၏အဖြစ်ကို သိကုန်၍ ဘုရားလောင်းကို မင်းအဖြစ်၌ အဘိသိက် သွန်းကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ လာဠုဒါယီသည် ထိုအခါ ပါဒဉ္ဇလိမင်းသားဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပညာရှိသော အမတ်ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

နှုတ်ခမ်းကိုက်တာ၊ လွဲ၍သာ၊ ဘယ်ဟာ ဘာမသိ

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ပါဒဉ္ဇလိဇာတ်သည် ပြီး၏။

*****