2119မဟာဗုဒ္ဓဝင် — ၁၃- ပိယဒဿီဗုဒ္ဓဝင်မင်းကွန်းဆရာတော်

၁၃-ပိယဒဿီဗုဒ္ဓဝင်

     သုဇာတမြတ်စွာဘုရား ပွင့်တော်မူသော ကပ်ကမ္ဘာ ကုန်ဆုံး သွားပြီးနောက် ဤကမ္ဘာမှ နောက်ပြန် ရေတွက်လျှင် ကမ္ဘာပေါင်း (၁၈၀၀) တထောင့်ရှစ်ရာထက်၌ တခုသော (ဝရ)ကမ္ဘာတွင် (၁) ပိယဒဿီမြတ်စွာဘုရား၊ (၂)အတ္ထဒဿီမြတ်စွာဘုရား၊ (၃) ဓမ္မဒဿီမြတ်စွာဘုရား ဟူ၍ ဘုရားသုံးဆူ ပွင့်တော်မူကြရာ ရှေးဦးစွာပွင့်တော်မူသော ပိယဒဿီမြတ်စွာဘုရား၏ အကြောင်းအရာကား..

     ပိယဒဿီမြတ်စွာဘုရား အလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူပြီးသည်၏ အဆုံး၌ အလောင်းတော်တို့၏ ဓမ္မတာအတိုင်း တုသိတာနတ်ပြည်၌ စံနေတော်မူစဉ် ဘုရားဖြစ်ရန် နတ်ဗြဟ္မာအပေါင်းတို့၏ တောင်းပန်ချက်ကို ဝန်ခံတော်မူ၍ လူ့ပြည်သို့ ဆင်းသက်ကာ သုဓညဝတီနေပြည်တော် သုဒတ္တအမည်ရှိသော မင်းကြီး၏ စန္ဒာဒေဝီအမည်ရှိသော မိဖုရားကြီးဝမ်းတိုက်၌ ပဋိသန္ဓေ နေတော်မူ၍ ဆယ်လလွန်မြောက် အချိန်သို့ရောက်သောအခါ ဝရုဏအမည်ရှိသော ဥယျာဉ်ကြီးအတွင်း၌ ဖွားမြင်တော်မူသည်။

(အလောင်းတော် ပဋိသန္ဓေ နေသောအခါ ဖွားမြင်သောအခါတို့၌ နိမိတ်ကြီးများ အံ့ဩဖွယ်ကြီးများ ထင်ရှား ဖြစ်ပေါ်ကုန်၏။)

အလောင်းတော်ကို အမည်မှည့်သောနေ့၌ လူအပေါင်းအား ချစ်ခင်နှစ်သက်ဖွယ်ရာ ပြာဋိဟာအထူးပြသောကြောင့် ပိယဒဿီမင်းသားဟူ၍ အမည်မှည့်ကြကုန်သည်။



၄၂၂

ထီးနန်းစိုးစံတော်မူခြင်း

     အလောင်းတော် ပိယဒဿီမင်းသားသည် အရွယ်သို့ ရောက်သောအခါ (၁) သုနိမ္မလရွှေနန်းဆောင်၊ (၂) ဝိမလရွှေနန်း ဆောင်၊ (၃) ဂိရိဂုဟာရွှေနန်းဆောင် တည်းဟူသော ရွှေနန်းမ သုံးဆောင်တို့၌ ဝိမလာဒေဝီမိဖုရားကြီး အမှူးရှိသော မောင်းမအပေါင်း (၃၃ဝဝဝ) သုံးသောင်း သုံးထောင်တို့၏ ဖျော်ဖြေလုပ်ကျွေး ပြုစုခြင်းကို ခံယူလျက် နှစ်ပေါင်း (၉၀၀၀) ကိုးထောင်တို့ ကာလပတ်လုံး နတ်စည်းစိမ်နှင့်တူသော စည်းစိမ်ချမ်းသာကို ခံစားတော်မူကာ ထီးနန်းစိုးစံတော်မူ၏။

တောထွက်တော်မူခြင်း

     အလောင်းတော် ပိယဒဿီမင်းသားသည် ထီးနန်းစိုးစံတော်မူစဉ် နိမိတ်ကြီးလေးပါးကို မြင်တော်မူပြီး၍ ဝိမလာဒေဝီ မိဖုရားကြီးမှ ကဉ္စနာဝေဠ အမည်ရှိသော သားတော်ကို ဖွားမြင်သောအခါ အာဇာနည်မြင်းကသော ရထားဖြင့် တောထွက်၍ ရဟန်းပြုတော်မူ၏၊ အလောင်းတော်မင်းသား ရဟန်းပြုသည်ကို အတုလိုက် (အားကျ)ကာ တကုဋေသော ယောက်ျားတို့ ရဟန်းပြုကြလေသည်။

ဘုရားဖြစ်တော်မူခြင်း

     ပိယဒဿီမြတ်စွာဘုရား အလောင်းတော်သည် ထိုတကုဋေသော ရဟန်းတို့နှင့် အတူတကွ ဒုက္ကရစရိယာ ခြောက်လကြာအောင် ကျင့်တော်မူပြီးလျှင် ကဆုန်လပြည့် ဘုရားဖြစ်မည့်နေ့ဝယ် ဝရုဏအမည်ရှိသော ပုဏ္ဏားရွာနေ ၀သဘအမည်ရှိသော ပုဏ္ဏား၏သမီး လှူဒါန်းအပ်သည့် ဃနာနို့ဆွမ်းကို ဘုဉ်းပေးသုံးဆောင်တော်မူပြီးလျှင် ထိုအရပ်ရှိ အင်ကြင်းတော၌ နေ့သန့် (နေခို)တော်မူ၍ ညနေချမ်းအချိန်တွင် မဟာဗောဓိမဏ္ဍိုင်သို့ တပါးတည်း ကြွတော်မူရာ လမ်းခရီးအကြား၌ သုဇာတအမည်ရှိသော တက္ကတွန်း လှူဒါန်းအပ်သည့် မြက်ရှစ်ဆုပ်တို့ကို ခံတော်မူခဲ့၍ မဟာဗောဓိ (ရေခံတက်)ပင်ရင်း ဖြန့်ခင်းလိုက်သည်နှင့်



၄၂၃

တပြိုင်နက် (၅၃) ငါးဆယ့်သုံးတောင် ပမာဏရှိသော အပရာဇိတပလ္လင်တော် ပေါ်ပေါက်လာရာ ထိုပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူ၍ အင်္ဂါလေးပါးရှိသော ဝီရိယကို ဆောက်တည်တော်မူကာ ရှေး၌ ဆိုအပ်ပြီးသည့်အတိုင်း မာရ်စစ်သည်ဗိုလ်ပါကို မှုတ်လွှင့်ပယ်နှင်၍ သဗ္ဗညုတဉာဏ်ရှင် သမ္မာသမ္ဗုဒ္ဓ သုံးလောကထွတ်ထား ဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။

တရားပွဲကြီး သုံးကြိမ်

     ပိယဒဿီ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးသည့်နောက် မဟာဗောဓိ (ရေခံတက်)ပင်၏ အနီးမှာပင် သတ္တသတ္တာဟ= (လေးဆယ့်ကိုးရက်) စံနေတော်မူပြီးလျှင် ရှေး၌ ဆိုအပ်ပြီးသည့်အတိုင်း ကိုယ်တော်မြတ်နှင့် အတူတကွ ရဟန်းပြုဖက်ဖြစ်ကြသည့် တကုဋေသော ရဟန်းတို့ကို မဂ်ဖိုလ်ရကြောင်း ရှေးကောင်းမှုနှင့် ပြည့်စုံကြသည်ကို သိတော်မူ၍ ကောင်းကင်ခရီးဖြင့် ထိုရဟန်းတို့နေရာအရပ်သို့ ကြွသွားတော်မူပြီးလျှင် ဥသဘဝတီမြို့၏အနီး ဥသဘဝတီဟူ၍ပင် အမည်ရှိသော မင်းဥယျာဉ်၌ သက်ဆင်းတော်မူပြီးသော် ရဟန်းပေါင်း တကုဋေဝန်းရံလျက် တရားနာ လာရောက်ကြသော နတ်လူတို့အား ရှေးရှေးဘုရားရှင်တို့ ဟောကြားတော်မူကြမြဲဖြစ်သော ဓမ္မစက္ကပဝတ္တနသုတ် ဒေသနာကို ဟောကြားတော်မူ၏။ ထိုအခါ ကုဋေတသိန်းသော နတ်လူတို့ မဂ်ဖိုလ်တရားထူးကို ရကြကုန်သည်။

(ဤကား ရှေးဦးအစ ဓမ္မာဘိသမယ ပဌမတရားပွဲကြီးတည်း။)

     ထို့နောက် အခါတပါးဝယ် ဥသဘ၀တီမြို့၏အနီး သုဒဿနတောင်၌ သုဒဿန နတ်မင်းသည် စိုးအုပ်တည်နေ၏၊ ထိုသုဒဿန နတ်မင်းသည် ဖောက်ပြန်မှားယွင်းသော မိစ္ဆာဒိဋ္ဌိအယူကို ယူသူဖြစ်၏၊ ဇမ္ဗူဒိပ်ကျွန်းလုံး၌ နေထိုင်ကြကုန်သော လူအပေါင်းတို့သည် နှစ်စဉ်နှစ်တိုင်း ထိုနတ်မင်းအား တသိန်းတန်သော ပူဇော်ဖွယ်ရာ ဗလိနတ်စာကို ရှေးရှုဆောင်ယူ ပူဇော်ကြကုန်၏။ ထိုသုဒဿနနတ်မင်းသည် ဥသဘဝတီဘုရင်ဖြစ်သော



၄၂၄

လူမင်းနှင့်တကွ တနေရာတည်း၌ နေထိုင်ကြပြီးလျှင် တကျွန်းလုံး၏ ပူဇော် ပသခြင်းကို ခံယူကြကုန်၏။

(နတ်များကိုဖြစ်စေ ဘုရင်မင်းမြတ်များကိုဖြစ်စေ ဆက်သအပ်သော အရာဝတ္ထုတို့ကို ပါဠိလို “ဗလိ”ဟု ခေါ်၏။ ထိုဗလိဟုခေါ်သော ပစ္စည်းကို နတ်များအား ဆက်သ တင်မြှောက်သည်ကို “ဗလိနတ်စာ ကျွေးသည်”ဟု လူအများ ခေါ်ဝေါ်ကြ၏။ “ဗလိနတ်စာ ကျွေးသည်”ဟူသော ဤစကားတွင် ဗလိမှာ ပါဠိဖြစ်၍ နတ်စာကျွေးသည်ဟူသော မြန်မာစကားနှင့် တွဲဖက် သုံးထားခြင်းဖြစ်သည်။ နတ်များအား စားသောက်ရန် အစာဆက်သ ကျွေးမွေးခြင်းဖြစ်သည်။ မင်းတို့အား ဆက်သခြင်းကိုမူ အခွန်တော် ဆက်သည် အခွန်တော် ဆောင်သည်ဟု ခေါ်ဝေါ်ကြ၏။)

     ထိုအခါ ပိယဒဿီ မြတ်စွာဘုရားသည် သုဒဿနနတ်မင်း၏ မှားယွင်းသော မိစ္ဆာအယူကို ပယ်ဖျောက်အံ့ဟု ကြံစည်တော်မူ၍ ထိုသုဒဿနနတ်မင်း ဘီလူးအစည်းအဝေးသို့ သွားရောက်နေခိုက် ထိုနတ်မင်း၏ဗိမာန်သို့ ကြွရောက်တော်မူကာ အသရေရှိသော အိပ်ရာထက်သို့တက်၍ ရောင်ခြည်တော် ခြောက်သွယ်တို့ကို လွှတ်လျက် တန်ဆောင်မုန်းလ သရဒရာသီအခါ ယုဂန္ဓိုရ်တောင်ထိပ်မှ ထွက်နေသော နေဝန်းကဲ့သို့ သီတင်းသုံး နေတော်မူ၏။ ထိုသုဒဿနနတ်မင်း၏ အခြံအရံ အလုပ်အကျွေးဖြစ်ကြသော နတ်တို့သည် ပန်း နံ့သာ နံ့သာပျောင်း စသည်တို့ဖြင့် မြတ်စွာဘုရားကို ပူဇော်၍ ခြံရံကာ နေကြကုန်၏။

     သုဒဿန နတ်မင်းသည်လည်း နတ်ဘီလူးတို့၏ အစည်းအဝေးမှ ပြန်လာသောအခါ မိမိဗိမာန်မှ ရောင်ခြည်တော် ခြောက်သွယ်တို့ ထွက်ပေါ်ကွန့်မြူးနေသည်တို့ကို မြင်၍ “တပါးသောနေ့တို့၌ ငါ့ဗိမာန်၏ ဤသို့သဘောရှိသည့် များစွာသောအရောင် ထွန်းတောက်ခြင်းအသရေကို ငါ မမြင်ရစဘူး၊ ဤငါ့ဗိမာန်အတွင်း၌ ဝင်ရောက်နေသူကား အဘယ်သူနည်း၊ လူလေလော, နတ်လေလော”ဟု ကြံစည် ကြည့်ရှုလတ်သည်တွင် တန်ဆောင်မုန်းလ သရဒရာသီအခါ ယုဂန္ဓိုရ်တောင်ထိပ်မှ ထွက်နေသော နေဝန်းကဲ့သို့ ရောင်ခြည်တော်ခြောက်သွယ် တည်းဟူသော ကွန်ရက်ဖြင့်



၄၂၅

လွန်စွာ ထွန်းတောက်လျက် သီတင်းသုံး နေတော်မူသော မြတ်စွာဘုရားကို မြင်၍ “ဤဦးပြည်းရဟန်းသည် ငါ၏ အခြံအရံ အလုပ်အကျွေး နတ်တို့ဖြင့် ခြံရံလျက် မြတ်သော အိပ်ရာထက်၌ နေဘိ၏တကား”ဟု အမျက်ထွက်ခြင်းဖြင့် နှိပ်စက်အပ်သော စိတ်နှလုံးရှိရကား “ကိုင်း.. ငါသည် ဤရဟန်းအား ကိုယ်စွမ်းကို ပြပေအံ့”ဟု ကြံစည်ပြီးလျှင် ထို သုဒဿနတောင်ကြီး တခုလုံးကို တခဲနက် မီးလျှံဖြစ်အောင် ပြုလေ၏။

     ထိုသို့ ပြုပြီးသော် “ရဟန်းဦးပြည်းသည် ဤမီးလျှံဖြင့် ပြာဖြစ်လေပြီလော”ဟု ကြည့်ရှုသောအခါ များစွာသော ရောင်ခြည်တော် ကွန်ရက်ကို ဖြန့်လွှတ်သဖြင့် ပြိုးပြိုးပြက်ပြက် အရောင်ထွက်သည့် မြတ်သောကိုယ်တော်ရှိ၍ ကြည်လင်သော မျက်နှာတော်အဆင်းဖြင့် တင့်တယ်တော်မူသော မြတ်စွာဘုရားကိုမြင်၍ “ဤရဟန်းသည် မီးလောင်ခြင်းကို ခံနိုင်ရည်ရှိ၏၊ ကိုင်း.. ငါသည် ဤရဟန်းကို ကြီးစွာသော ရေထုဖြင့် တိုက်မျောနှစ်မြှုပ်၍ သတ်ပေအံ့”ဟု ကြံစည်ပြီးလျှင် အလွန်နက်လှစွာသော ရေထုကြီးကို ဗိမာန်သို့ရှေးရှု အဟုန်ဒီးဒီး စီးသွားစေလေသည်။ ရေတင်းကျမ်း ပြည့်၍နေသော ဗိမာန်အတွင်း သီတင်းသုံးနေတော်မူသော မြတ်စွာဘုရား၏ သင်္ကန်းတော် ချည်တမျှင်မျှကို၎င်း မွေးညင်းတော်တပင်ကို၎င်း ရေမစွတ်နိုင်ချေ။

     ထို့နောက် သုဒဿနနတ်မင်းသည် ဤနောက်နည်းဖြင့် ရဟန်းကြီးသည် အသက်ရှူခွင့်မရပဲ သေလိမ့်မည်ဟု စိတ်ကူး၍ ရေထုကြီးကို မြတ်စွာဘုရား၏အနီး၌သာ တစုတည်း စုရုံးကြည့်ရှုပြန်သည်တွင် မြတ်စွာဘုရားကို စိမ်းညိုသော ရေအယဉ်အကြားသို့ရောက်လျက် တန်ဆောင်မုန်းလ ညဉ့်အခါ တောက်ပသော လမင်းပမာ အထူးထူးသော ရောင်ခြည်ကွန်ရက်အပေါင်းဖြင့် တင့်တယ်တော်မူကာ မိမိ၏ နတ်ဘီလူးပရိသတ် ဝန်းရံလျက် ထိုင်နေတော်မူသည်ကိုမြင်၍ အမျက်ဒေါသကို မထိန်းသိမ်းနိုင်တော့ပဲ “ကိုင်း.. မသေလျှင် သေသည့်နည်းဖြင့် ရဟန်းကြီးကို သတ်ပေအံ့”ဟု ကြံစည်ပြီးလျှင် လက်နက်ကိုးမျိုး မိုဃ်းကြီးကို



၄၂၆

ရွာသွန်းစေလေတော့သည်။ ထိုအခါ မြတ်စွာဘုရား၏ တန်းခိုးအာနုဘော်ကြောင့် အလုံးစုံသော လက်နက်မျိုးတို့သည် အထူးထူးအထွေထွေ တင့်တယ် ရှုချင်ဖွယ်ရှိလျက် ရနံ့ကောင်းကြိုင်လှိုင်သည့် ပန်းခိုင် ပန်းကုံးများဖြစ်၍ မြတ်စွာဘုရား၏ ခြေတော်ရင်း၌ ဝပ်စင်း ကျရောက်လေကုန်သည်။

     ထို့နောက် သုဒဿနနတ်မင်းသည် ထိုသို့သော အံ့ဩဖွယ်ကို မြင်ရလျှင် (ကြည်ညိုရမည့်အစား) အလွန်ပင် “မခံမရပ်နိုင်အောင် အမျက်ထွက်ရကား (ကိုယ်ထိလက်ရောက် ကျူးလွန်ကာ) မိမိ၏ လက်နှစ်ဖက်ဖြင့် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဆွဲကိုင်၍ မိမိ၏ဘုံဗိမာန်မှ ထုတ်ပစ်လိုသည်ဖြစ်၍ မြှောက်ချီပြီးလျှင် မဟာသမုဒြာကို ကျော်လွန်ကာ စကြဝဠာတောင်သို့ အရောက်သွားပြီးသော် “အသို့နည်း ရဟန်းကြီးသည် ရှင်လေသလော, သေလေသလော”ဟု ကြည့်ရှုပြန်သည်တွင် (အိပ်မက်၌ကဲ့သို့ဖြစ်ကာ) ထိုဘုံဗိမာန်အတွင်း မူလနေရာ၌ပင် မြတ်စွာဘုရား သီတင်းသုံးနေသည်ကိုမြင်၍ “ဩ.. ဤရဟန်းသည် တန်းခိုးအာနုဘော် ကြီးလှပေ၏၊ ငါသည် ဤရဟန်းကို ဤဘုံဗိမာန်အတွင်းမှ ဆွဲထုတ်ခြင်းငှါ စွမ်းနိုင်တော့မည် မဟုတ်ချေ။ အကယ်၍ ယခုကဲ့သို့ ပြုမူနေသောငါ့ကို တစုံတယောက်သောသူ သိရှိသွားခဲ့သော် ငါ့အား များစွာပင် အကျော်အစောမဲ့ ဖြစ်ပေလိမ့်မည်၊ သို့ရကား တစုံတယောက်မျှ မမြင်မီ ဤရဟန်းကိုရော ဘုံဗိမာန်ကိုပါ စွန့်ပစ်၍ ငါသွားတော့အံ့”ဟု ကြံစည်လေ၏။

     ထိုအခါ မြတ်စွာဘုရားသည် သုဒဿနနတ်မင်း၏ စိတ်အကြံကိုသိ၍ သုဒဿနနတ်မင်းကို ကိုယ်တော်မြတ်၏ ခြေတော်တို့ ဆုပ်ကိုင်လျက်နေသည်ကို နတ်လူအများ မြင်နိုင်ကြရန် အဓိဋ္ဌာန်တော်မူလေ၏၊ အဓိဋ္ဌာန်တော်မူသည့်အတိုင်း သုဒဿနနတ်မင်းသည် မြတ်စွာဘုရားနှင့် ဘုံဗိမာန်ကို (မိမိကြံသည့်အတိုင်း) စွန့်ခွါ၍ မသွားနိုင်ပဲ မြတ်စွာဘုရား၏ ခြေတော်တို့ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လျက်သာ တည်ရှိနေလေတော့သည်။



၄၂၇

     ထိုနေ့သည်ကား ဇမ္ဗူဒိပ်တကျွန်းလုံးရှိ တရာ့တပါးသော မင်းအပေါင်းတို့ သုဒဿန နတ်ဘီလူးမင်းအား ဗလိနတ်စာပူဇော်ရန် တညီတညွတ်တည်း စည်းဝေးလာရောက်ကြသောနေ့ ဖြစ်သည်။ ထိုတရာ့တပါးသော မင်းတို့သည် မြတ်စွာဘုရား၏ ခြေတော်အစုံကို ကိုင်၍နေသော သုဒဿန နတ်ဘီလူးမင်းကို မြင်ကြ၍ “ငါတို့၏ နတ်ဘီလူးမင်းသည် ရဟန်းမင်း ဖြစ်တော်မူသော ပိယဒဿီ မြတ်စွာဘုရားအား ခြေဆုပ်လက်နယ်အမှုကို ပြုလုပ်နေ၏၊ ဩ.. မြတ်စွာဘုရားတို့မည်သည် လက်ဖျစ်တီး၍ အံ့ချီးထိုက်ပါပေကုန်စွာ့၊ ဩ.. ဘုရားဂုဏ်ကျေးဇူးတော်တို့သည် ထူးကဲလွန်မြတ်ပေကုန်စွာ့” ဟူ၍ မြတ်စွာဘုရား၌ ကြည်ညိုသော စိတ်ရှိကြကုန်လျက် ဦးခေါင်းထက်၌ လက်အုပ်ကို တင်ထားကြကာ မြတ်စွာဘုရားကို ရှိခိုး၍ နေကြလေကုန်သည်။

     ထိုအစည်းအဝေး၌ ပိယဒဿီ မြတ်စွာဘုရားသည် သုဒဿန နတ်ဘီလူးမင်းကို အမှူးပြု၍ တရားဒေသနာကို ဟောကြားတော်မူ၏၊ ထိုအခါ ကုဋေကိုးသောင်းသော နတ်လူတို့သည် အရဟတ္တဖိုလ်သို့ ရောက်ကြကုန်၏။

(ဤကား ဒုတိယဓမ္မာဘိသမယ ဒုတိယတရားပွဲကြီးတည်း။)

     ထို့နောက် အခါတပါးဝယ် ကိုးယူဇနာကျယ်ဝန်းသော ကုမုဒမြို့တွင် (ငါတို့ မြတ်စွာဘုရား၏ရန်သူ ဒေဝဒတ်ကဲ့သို့) ပိယဒဿီ မြတ်စွာဘုရား၏ ရန်သူဖြစ်သည့် သောဏမည်သော ရဟန်းယုတ်သည် ကုမုဒဘုရင်၏သားတော် မဟာပဒုမမင်းသားနှင့် တိုင်ပင်၍ ထိုမင်းသားကို ခမည်းတော် ကုမုဒဘုရင်မင်းကို သတ်စေပြီးလျှင် တဖန် ပိယဒဿီမြတ်စွာဘုရားကို သတ်အံ့သောငှါ အထူးထူး အထွေထွေ ကြံစည်အားထုတ်သော်လည်း မသတ်နိုင်ရကား ဒေါဏမုခအမည်ရှိသော မင်းစီးဆင်၏ ဆင်ဦးစီးယောက်ျားကို ခေါ်ယူ ဖျားယောင်းပြီးလျှင် “ပိယဒဿီမြတ်စွာဘုရား ဤမြို့တွင်းသို့ ဆွမ်းခံကြွသောအခါ ဒေါဏမုခဆင်ကို လွှတ်၍ ပိယဒဿီရဟန်းကြီးကို သတ်လော့”ဟူ၍ ပြောကြားလေသည်။



၄၂၈

     ထိုအခါ ဆင်ဦးစီးသည် စီးပွါးရှိ-မရှိကို ဆင်ခြင်တတ်သည့် ဉာဏ်ကင်းမဲ့သူ ဖြစ်ရကား “ဤသောဏရဟန်းသည် မင်းကျွမ်းဝင်သော ရဟန်းဖြစ်သည်၊ သူမနှစ်သက်လျှင် ငါ့ကို ရာထူးမှသော်လည်း ချပစ်ပေလိမ့်မည်”ဟု ကြံစည်စဉ်းစားပြီးလျှင် “ကောင်းပါပြီ”ဟု ဝန်ခံ၍ နှစ်ရက်မြောက်သောနေ့ (နောက်တနေ့၌) မြတ်စွာဘုရားသခင် မြို့တော်အတွင်း ဆွမ်းခံဝင်မည့်အချိန်ကို ကောင်းစွာမှတ်ယူ၍ ဒေါဏမုခဆင်မင်းထံ သွားရောက်ပြီးလျှင် အမုန်ကျနေသော ဆင်ကြီးကို တိုးတက်မူးယစ်အောင် ပြုလုပ်၍ မြတ်စွာဘုရားကို သတ်ဖို့ရန် စေလွှတ်လေ၏။

     ထိုအခါ ဒေါဏမုခဆင်သည် လွှတ်လိုက်သည်နှင့် တပြိုင်နက် လမ်း၌ တွေ့ကြုံသမျှသော ဆင်, မြင်း, ကျွဲ, နွား, ယောက်ျား, မိန်းမတို့ကို နင်းသတ် နှိပ်စက်၍၎င်း တွေ့ရှိသမျှသော အဆောက်အဦတို့ကို ချိုးဖဲ့ဖျက်ဆီး၍၎င်း သိန်း, စွန်, ကျီး, လင်းတတို့ တသောသောဝန်းရံကာ လူသားစား ဘီလူးကြီးပမာ မိမိနင်းသတ်အပ်သော ဆင်, မြင်း, ကျွဲ, နွား စသည်တို့၏ အသားကို ထုတ်နုတ်စားသောက်ကာ တပည့်ရဟန်းအပေါင်း ခြံရံလျက် ဆွမ်းခံဝင်လာတော်မူသော မြတ်စွာဘုရားကို အဝေးကပင် မြင်လျှင်မြင်ခြင်း ပြင်းထန်သောအဟုန်ဖြင့် ဘုရားသို့ ရှေးရှုလိုက်လေ၏။

     ထိုအခါ တိုင်းနေပြည်သူ လူအပေါင်းတို့သည် ကြောက်ရွံ့သောစိတ် ပူပန်သောစိတ်တို့ ယိုဖိတ်လုမတတ် ရင်တွင်းဝယ် ပြည့်ကျပ်ကုန်လျက် ပြာသာဒ်, တံတိုင်း, ကျောက်ခုံ, အုဌ်ခုံ, သစ်ပင် စသည်တို့သို့ ကပ်ကြပြီးလျှင် မြတ်စွာဘုရားသို့ရှေးရှု မျက်နှာမူ၍ ပြေးလာသော ဆင်ကြီးကို မြင်ကြလေသော် ဟာ-ဟာဟူသောအသံကို ပြုကြလျက် အချို့ဒါယကာများက ဆင်ကြီးကိုတားမြစ်ရန် အမျိုးမျိုး အားထုတ်ကြကုန်၏။ ထိုအခါ မြတ်စွာဘုရားတည်းဟူသော ဆင်မင်းသည် ဒေါဏမုခတိရစ္ဆာန်ဆင်မင်း ကိုယ်တော်မြတ်သို့ရှေးရှု မျက်နှာမူ၍ ပြေးလာသည်ကို မြင်တော်မူလျှင် မဟာ ကရုဏာ ဖြန့်တော်မူကာ အေးမြသော စိတ်နှလုံးရှိတော်မူလျက် မေတ္တာဗြဟ္မစိုရ်ဖြင့် ထိုဆင်ကြီးကို ဖြန့်တော်မူလေသည်။ ထိုအခါ



၄၂၉

ဒေါဏမုခ ဆင်ကြီးသည် မြတ်စွာဘုရား၏ မေတ္တာတော်ပျံ့နှံ့၍ နူးညံ့သော စိတ်နှလုံးရှိရကား မိမိပြစ်မှားသော အပြစ်ကိုသိလျက် အလွန်ရှက်လှသဖြင့် မြတ်စွာဘုရား၏ရှေ့တော်၌ ပကတိ ရပ်တည်ခြင်းငှါ မစွမ်းနိုင် မဝံ့နိုင်ဘဲ မြေကြီးထဲသို့ ၀င်အံ့သကဲ့သို့ပင် ဦးခေါင်းဖြင့် မြတ်စွာဘုရား၏ ခြေတော်ရင်း ဝပ်စင်းလေတော့၏။

     ထိုအခြင်းအရာကို မြင်ကြ၍ တိုင်းနေပြည်သူ လူအပေါင်းတို့သည် နှစ်ထောင်းအားရ ခြင်းဖြင့် ပြည့်ဝသော စိတ်နှလုံးရှိကြလျက် ခြင်္သေ့၏အသံကဲ့သို့ ကောင်းချီးပေးကာ ကြွေးကြော်အော်ဟစ်သော အသံကို ပြုကြလေကုန်၏၊ အလွန်တရာ မွှေးကြိုင်လှသော ရနံ့ရှိသည့် ပန်း စန္ဒကူး နံ့သာမှုန့် အဆင်တန်းဆာ စသည်တို့ဖြင့် ထိုဒေါဏမုခဆင်မင်းကို အထူးထူးအထွေထွေ ပူဇော်ကြလေသည်၊ ထက်ဝန်းကျင်မှ ခေါင်းပေါင်းအ၀တ်တို့ကိုလည်း ပစ်မြှောက်ကြလေကုန်၏၊ ကောင်းကင်မှလည်း နတ်စည်ကြီးများ ရွမ်းကြလေကုန်၏။

(ဤဒေါဏမုခ ဆင်မင်းကဲ့သို့ပင် ကျွန်ုပ်တို့၏ မြတ်စွာဘုရားလက်ထက်တော်အခါက နာဠာဂီရိဆင်သည်လည်း မြတ်စွာဘုရားရှေ့တော်သို့ရောက်၍ ရိုသေစွာ ဝပ်သောအခါ လူအပေါင်းတို့က အဆင်တန်းဆာအမျိုးမျိုး စသည်တို့ကို ဆင်ပေါ်သို့ ပစ်ကြကုန်၏။ ထိုပစ်အပ်သော အဆင်တန်ဆာအမျိုးမျိုး စသည်တို့သည် ဆင်တကိုယ်လုံးကို အုပ်ဖုံး၍ နေကုန်၏၊ ထိုအခါမှစ၍ နာဠာဂီရိဆင်ကို ဓနပါလဆင်= (ဥစ္စာစောင့် ဆင်ကြီး)ဟူ၍ ခေါ်စမှတ်ပြုကြသည်။ ထိုဓနပါလ ဆင်ကြီးသည် မြတ်စွာဘုရားကို ရိုသေလှစွာ နောက်ဆုတ်သွား၍ မိမိတင်းကုပ်အတွင်း ဝင်မိသောအခါ စုပုံကျန်ရစ်နေသော အဆင်တန်းဆာ အမျိုးမျိုးတို့မှာ မြတ်စွာဘုရား၏ အဓိဋ္ဌာန်ချက်အရ ပစ္စည်းရှင်များထံသို့သာ တဖန် ပြန်ရောက်ကြကြောင်း (စူဠဟံသဇာတ် အဋ္ဌကထာမှာ) လာရှိသည်။ ထို့အတူပင် ပိယဒဿီ မြတ်စွာဘုရားလက်ထက် ဒေါဏမုခဆင်၏ အရာမှာလည်း လူအများက မြတ်စွာဘုရားကို ပူဇော်ကြခြင်းမဟုတ်ပဲ ဆင်အား ချီးမြှောက် ပေးကမ်းကြခြင်းသာ ဖြစ်သင့်ပေသည်။)

၄၃၀

     ထိုအခါ မြတ်စွာဘုရားသည် ကိုယ်တော်မြတ်၏ခြေရင်း၌ ဝပ်စင်းလျက်နေသော ဒေါဏမုခဆင်မင်း၏ ဦးထိပ်ကို လက်ဝါးတော်ဖြင့် သုံးသပ်တော်မူ၍ ထိုဆင်၏ စိတ်နေစိတ်ထားနှင့် သင့်လျော်သော တရားဒေသနာဖြင့် ဆင်ကို ဆုံးမတော်မူ၏။ ဤသို့လျှင် မြတ်စွာဘုရားရှင် ဆုံးမအပ်သော ဆင်မင်းသည် သတိအမှတ်ရကာ လွန်စွာ ယဉ်ကျေးသည်ဖြစ်၍ ဝိနည်းအကျင့်နှင့် ပြည့်စုံသော တပည့်ရဟန်းကဲ့သို့ ဖြစ်လေ၏။ ဤသို့လျှင် ပိယဒဿီ မြတ်စွာဘုရားသည် ငါတို့မြတ်စွာဘုရား ဓနပါလဆင်မင်းကို ဆုံးမသကဲ့သို့ ဒေါဏမုခဆင်မင်းကို ဆုံးမပြီးလျှင် ထိုအရပ်၌ ပေါင်းစုမိသော လူအများအစည်းအဝေးဝယ် တရားတော်ကို ဟောတော်မူ၏။ ထိုအခါ ကုဋေရှစ်သောင်းသော သူတို့သည် မဂ်ဖိုလ်တရားထူးကို ရကြကုန်၏။

(ဤကား တတိယဓမ္မာဘိသမယ တတိယတရားပွဲကြီးတည်း။)

**********

သာဝကအစည်းအဝေးကြီး သုံးကြိမ်

ပဌမသန္နိပါတ

     ပိယဒဿီ မြတ်စွာဘုရား၏ သာဝကအစည်းအဝေးကြီး သုံးကြိမ်ရှိရာ ပဌမအကြိမ်၌ သုမင်္ဂလမြို့တော်ဝယ် ပါလိတအမည်ရှိသော မင်းသားနှင့် ပုရောဟိတ်၏သား သဗ္ဗဒဿီလုင်ဟူ၍ သူငယ်ချင်းနှစ်ယောက် (အဂ္ဂသာဝကအလျာ)တို့သည် ပိယဒဿီမြတ်စွာဘုရား ဒေသစာရီ ကြွချီတော်မူလာရာ မိမိတို့၏မြို့သို့ ရောက်တော်မူသည်ဟု ကြားရ၍ ကုဋေတသိန်းသော အခြွေအရံယောက်ျားတို့ကို ခေါ်ဆောင်ကာ ခရီးဦး ကြိုဆိုမှု ပြုကြလျက် ပိယဒဿီမြတ်စွာဘုရား ဟောတော်မူအပ်သော တရားကို ကြားနာကြရပြီး ခုနစ်ရက်ပတ်လုံး အလှူကြီးကို ပေးလှူကြကုန်၏၊ ခုနှစ်ရက်မြောက်သောနေ့တွင် မြတ်စွာဘုရား ဟောတော်မူအပ်သော ဆွမ်းအနုမောဒနာ တရားပွဲကြီးအဆုံး၌ ကုဋေတသိန်းသော



၄၃၁

အခြွေအရံ ယောက်ျားတို့နှင့်တကွ ရဟန်းပြုကြ၍ အရဟတ္တဖိုလ်သို့ ရောက်ကြလေသည်။ ထိုကုဋေတသိန်းသော ရဟန်းတို့၏အလယ်၌ မြတ်စွာဘုရားသည် ဩဝါဒပါတိမောက်ကို ပြတော်မူ၏။

(ဤကား ရှေးဦးစွာသော သာဝကအစည်းအဝေးကြီးတည်း။)

ဒုတိယသန္နိပါတ

     ထို့နောက် အခါတပါး၌ သုဒဿန နတ်ဘီလူးမင်းကို မြတ်စွာဘုရား ဟောကြားဆုံးမတော်မူသော အစည်းအဝေးကြီးတွင် ကုဋေကိုးဆယ်သော ယောက်ျားတို့သည် ရဟန်းပြု၍ အရဟတ္တဖိုလ်သို့ ရောက်ကြကုန်၏။ ထိုကုဋေကိုးဆယ်သော ရဟန်းတို့ ခြံရံလျက် မြတ်စွာဘုရားသည် ဩဝါဒပါတိမောက်ကို ပြတော်မူ၏။

(ဤကား ဒုတိယ သာဝကအစည်းအဝေးကြီးတည်း။)

တတိယသန္နိပါတ

     ထို့နောက်တဖန် ဒေါဏမုခဆင်မင်းကို ဆုံးမချေချွတ်သောပွဲ၌ ကုဋေရှစ်ဆယ်သော ယောက်ျားတို့သည် ရဟန်းပြု၍ အရဟတ္တဖိုလ်သို့ ရောက်ကြကုန်၏၊ ထိုကုဋေရှစ်ဆယ်သော ရဟန္တာအရှင်မြတ်တို့၏ အလယ်၌ မြတ်စွာဘုရားသည် ဩဝါဒပါတိမောက်ကို ပြတော်မူ၏။

(ဤကား တတိယ သာဝကအစည်းအဝေးကြီးတည်း။)

**********

ဂေါတမမြတ်စွာဘုရားအလောင်း ကဿပလုင်ဖြစ်၍ ဗျာဒိတ်ခံယူခြင်း

     ထိုအခါ ငါတို့မြတ်စွာဘုရား အလောင်းတော်သည် ဗေဒင်သုံးရပ် ကမ်းဆုံးခတ်အောင် တတ်မြောက်သိမြင် ကဿပအမည်ရှိသော ပုဏ္ဏားလုင်ဖြစ်၍ ပိယဒဿီမြတ်စွာဘုရား၏ တရားဒေသနာကို ကြားနာရ၍ သဒ္ဓါတရား လွန်စွာဖြစ်ပွါးပြီးလျှင် ကုဋေတသိန်းသောဥစ္စာကို စွန့်လွှတ်၍ အလွန်ကောင်းမြတ်သော



၄၃၂

သံဃာ့အရာမ်ကြီး တည်ဆောက်ပြီးသောအခါ ဘုရားအမှူးရှိသော သံဃာတော်အား ထိုအရာမ်ကြီးကို လှူဒါန်း၍ ရွှင်လန်းဝမ်းမြောက်ကာ အမှတ်တမဲ့ (ပေါ့လျော့စွာ) နေရမည်ကို လန့်ကြောက်သော စိတ်ရှိလျက် သရဏဂုံ သုံးပါးနှင့်တကွ ငါးပါးသော သီလတို့ကို မြဲမြံစွာ ဆောက်တည် ကျင့်သုံးတော်မူလေသည်။

     ထိုအခါ အလောင်းတော် ကဿပလုင်ကို ပိယဒဿီမြတ်စွာဘုရားသည် သံဃာ့အလယ်၌ နေတော်မူလျက် “ဤကဿပလုင်သည် ဤကမ္ဘာမှနောက် ကမ္ဘာ တထောင့်ရှစ်ရာထက်၌ ဂေါတမ အမည်တော်ရှိသော ဘုရားစင်စစ် ဖြစ်လတ္တံ့”ဟူ၍ ဗျာဒိတ်စကား ကြားတော်မူ၏။

(ဗျာဒိတ်ကြားတော်မူပုံမှာ ဒီပင်္ကရာမြတ်စွာဘုရား ဗျာဒိတ်ကြားသကဲ့သို့ပင် အပြည့်အစုံ ဖြစ်သည်။)

     ပိယဒဿီ မြတ်စွာဘုရား၏ ဗျာဒိတ်စကားကို ကြားရလျှင် အလောင်းတော်သူမြတ်သည် လွန်စွာ မိမိစိတ်ကို ကြည်လင်စေလျက် ပါရမီဆယ်ပါးတို့ကို တိုးတက်ဖြည့်ကျင့်ရန် မြဲမြံစွာ ဆောက်တည်တော်မူလေသည်။

မြို့တော်စသည်ကို ပြဆိုချက်

     ပိယဒဿီမြတ်စွာဘုရား၏ ဖွားတော်မူရာ မြို့တော်မှာ သုဓည၀တီမြို့တော်ဖြစ်၍ ခမည်းတော်မှာ သုဒတ္တမင်းကြီး, မယ်တော်မှာ စန္ဒာဒေဝီ မိဖုရားကြီးတို့ ဖြစ်ကုန်၏။

     ထီးနန်းစိုးအုပ် မင်းပြုလုပ်သော နှစ်ပေါင်းမှာ (၉၀၀၀) ကိုးထောင်ဖြစ်၍ စံနန်းတော် သုံးဆောင်တို့မှာ သုနိမ္မလရွှေနန်းဆောင်, ဝိမလရွှေနန်းဆောင်နှင့် ဂိရိဂုဟာရွှေနန်းဆောင်တို့ ဖြစ်ကုန်၏။

     အဂ္ဂဒေဝီ မဟေသီမိဖုရားမှာ (၃၃၀၀၀) သုံးသောင်း သုံးထောင်သော မောင်းမမိဿံ အခြံအရံရှိသည့် ဝိမလာဒေဝီ မိဖုရားကြီးဖြစ်၍ သားတော်မှာ ကဉ္စနာဝေဠမင်းသား ဖြစ်သည်။



၄၃၃

     နိမိတ်ကြီးလေးပါးကို မြင်၍ တောထွက်တော်မူသော ယာဉ်မှာ အာဇာနည်မြင်းကသော ရထားဖြစ်ပြီးလျှင် ခြောက်လကြာ ဒုက္ကရစရိယာကို ကျင့်တော်မူရသည်။

     အဂ္ဂသာဝက အစုံတို့မှာ ပါလိတမထေရ်နှင့် သဗ္ဗဒဿီမထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ သောဘိတမထေရ် ဖြစ်လေသည်။

     အဂ္ဂသာဝိကာ အစုံတို့မှာ သုဇာတာထေရီမနှင့် ဓမ္မဒိန္နာထေရီမတို့ ဖြစ်ကြ၍ ပွင့်တော်မူရာ ဗောဓိပင်မှာ ရေခံတက်ပင်ဗောဓိ ဖြစ်လေသည်။

     မြတ်သော အလုပ်အကျွေး ဒါယကာတို့မှာ သန္ဒကသူဌေးနှင့် ဓမ္မကသူဌေးတို့ ဖြစ်ကြ၍ မြတ်သော အလုပ်အကျွေး ဒါယိကာမတို့မှာ ဝိသာခါဥပါသိကာနှင့် ဓမ္မဒိန္နာဥပါသိကာတို့ ဖြစ်ကြသည်။

     ပိယဒဿီ မြတ်စွာဘုရားသည် မနှိုင်းရှည်နိုင်သော အခြံအရံ အကျော်အစောနှင့် ပြည့်စုံတော်မူပေ၏၊ သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာတော်ကြီးတို့နှင့်လည်း ပြည့်စုံတော်မူပေ၏။ အရပ်တော်အမြင့်မှာ အတောင်ရှစ်ဆယ်မြင့်လျက် ပင်လုံးကျွတ်ပွင့်သော အင်ကြင်းပင်ကြီးနှင့် အလားသဏ္ဌာန် တူလှပေ၏။

     အတုမရှိသော ပိယဒဿီမြတ်စွာဘုရား၏ ကိုယ်တော်ရောင်ကဲ့သို့ ထွန်းတောက်ပသော မီးရောင် လရောင် နေရောင်တို့ မရှိကုန်။ မီးရောင် လရောင် နေရောင်တို့ကို သာလွန်၍ မြတ်စွာဘုရား၏ ကိုယ်တော်ရောင်ကသာ ထွန်းတောက်ပတော်မူလေသည်။

     ပိယဒဿီမြတ်စွာဘုရား ပွင့်တော်မူရာ အသက်တမ်းမှာ အနှစ် (၉၀ဝ၀ဝ) ကိုးသောင်းတမ်းဖြစ်၍ ထိုမျှလောက် (အသက်တမ်း၏ ငါးပုံ့ လေးပုံ) ကာလပတ်လုံး တည်နေတော်မူလျက် များစွာသော လူနတ်ဗြဟ္မာ သတ္တဝါတို့ကို သံသရာရေအယဉ်မှ နိဗ္ဗာန်တည်းဟူသော ကြည်းကုန်းထက်သို့ ထုတ်ဆယ် ကယ်တင်တော်မူခဲ့လေသည်။



၄၃၄

သံဝေဂ

အတုမရှိသော ရှေးဘုရားတို့နှင့်သာ တူတော်မူသည့် ထိုပိယဒဿီ မြတ်စွာဘုရားသည်၎င်း ထိုမြတ်စွာဘုရား၏ အတုမရှိသော သာဝကအစုံ စသည်တို့သည်၎င်း ထိုအလုံးစုံသည် ချုပ်ဆုံး ကွယ်ပျောက်ခဲ့လေပြီ..၊ ခပ်သိမ်းသော သင်္ခါရတရားတို့သည် မြဲခိုင်သော အနှစ်သာရမရှိ အချည်းနှီးသာ ဖြစ်ကုန်စွာ့တကား..။

စေတီတော်

     ဤသို့လျှင် ရဟန်းမြတ်ဖြစ်တော်မူသော ပိယဒဿီ မြတ်စွာဘုရားသည် အဿတ္ထအရာမ် (ညောင်ဗုဒ္ဓဟေအရာမ်)ကြီးအတွင်း၌ ပရိနိဗ္ဗာန် စံတော်မူခဲ့ရာ ထိုအရာမ်အတွင်း၌ပင်လျှင် (ရှေးဆိုအပ်ပြီးသည့်အတိုင်း) တည်ထားအပ်သော မြတ်စွာဘုရား၏ စေတီတော်မြတ်ကြီးသည် သုံးယူဇနာအမြင့် ရှိလေသည်။

ပိယဒဿီဗုဒ္ဓဝင် ပြီး၏။

**********