လောကဝဂ်

၇။ ရက်ကန်းသည်သမီး ဝတ္ထု

အန္ဓဘူတောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် အဂ္ဂါဠဝစေတီအရပ်၌ နေတော်မုစဉ် တစ်ယောက်သော ရက်ကန်းသည်၏သမီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သုံးနှစ် တရားအားထုတ်သော ရက်ကန်းသည် သတို့သမီး

တစ်နေ့သ၌ အာဠဝီပြည်သူပြည်သားတို့သည် မြတ်စွာဘုရား အာဠဝီပြည်သို့ ရောက်တော်မူသည်ရှိသော် ပင့်ဖိတ်၍ အလှူဒါနကို ပေးလှူကြကုန်၏။ မြတ်စွာဘုရားသည် ဆွမ်းစားခြင်းကိစ္စ အပြီးအဆုံး၌ အနုမောဒနာတရား ဟောကြားတော်မူလိုသည်ဖြစ်၍-

၁။ အဓုဝံ မေ ဇီဝိတံ။ မေ၊ ငါ၏။ ဇီဝိတံ၊ အသက်ရှင်ခြင်းသည်။ အဓုဝံ၊ မမြဲလေစွတကား။
၂။ ဓုဝံ မေ မရဏံ။ မေ၊ ငါ၏။ မရဏံ၊ သေရခြင်းသည်။ ဓုဝံ၊ မြဲလေစွတကား။
၃။ အဝဿံ မယာ မရိတဗ္ဗမေဝ။ မယာ၊ ငါသည်။ အဝဿံ၊ မချွတ်မယွင်း။ မရိတဗ္ဗမေဝ၊ သေရမည်သာတည်း။
၄။ မရဏပရိယောသာနံ မေ ဇီဝိတံ။ မေ၊ ငါ၏။ ဇီဝိတံ၊ အသက်ရှင်ခြင်းသည်။ မရဏပရိယောသာနံ၊ သေရခြင်းသာလျှင် အဆုံးရှိချေ၏တကား။
၅။ ဇီဝိတမေဝ အနိယတံ။ ဇီဝိတမေဝ၊ အသက်ရှင်ခြင်းသည်သာလျှင်။ အနိယတံ၊ မမြဲလေစွတကား။
၆။ မရဏံ နိယတံ။ မရဏံ၊ သေရခြင်းကား။ နိယတံ၊ မြဲလေစွတကား။

“ဤသို့ မရဏာနုဿတိ ကမ္မဋ္ဌာန်းကို ပွားများကြကုန်လော့၊ အကြင်သူတို့သည် သေခြင်း မရဏာနုဿတိကို မပွားများ၊ ထိုသူတို့သည် နောင်သောအခါ လျင်သော အဆိပ်ရှိသောမြွေကို မြင်ရ၍ ကြောက်လန့်လျက် တုတ်,လှံတံ လက်နက်ကင်းသော ယောက်ျားကဲ့သို့ ထိတ်လန့်ခြင်းသို့ ရောက်ကုန်သည်ဖြစ်၍ ကြောက်လန့်ဖွယ်သောအသံကို ယောင်ယမ်းမြည်တမ်းကုန်လျက် သေလွန်ခြင်းကို ပြုကြရရှာကုန်၏။ အကြင်သူတို့သည် သေခြင်းကို ပွားများအပ်၏။ ထိုသူတို့သည် ဝေးသောအရပ်မှသာလျှင် လျင်မြန်သော အဆိပ်ရှိသော မြွေကိုမြင်ရ၍ လှံတံဖြင့်ဖမ်းယူကာ စွန့်ပစ်ပြီးလျှင် တည်သော ယောက်ျားကဲ့သို့ နောက်ကာလ၌ မထိတ်မလန့်ကြရကုန်၊ ထို့ကြောင့် မရဏာနုဿတိ ကမ္မဋ္ဌာန်းကို ပွားများအပ်၏”ဟု ဟောတော်မူလေ၏။ ထိုတရားဒေသနာကို ကြားနာပြီး၍လည်း ကြွင်းသောလူတို့သည် မိမိ,မိမိကိစ္စကိုသာ လေ့လာအားထုတ်ကြလေကုန်၏။ တစ်ဆယ့်ခြောက်နှစ် အရွယ်ရှိသော ရက်ကန်းသည် သတို့သမီးငယ် တစ်ယောက်သည် “မြတ်စွာဘုရားတို့၏ စကားတော်သည်ကား အံ့သြဖွယ် ရှိပေစွတကား၊ ငါသည် မရဏာနုဿတိ ကမ္မဋ္ဌာန်းကို ပွားများခြင်းငှာသင့်၏”ဟု ညဉ့်ရောနေ့ပါ မရဏာနုဿတိ ကမ္မဋ္ဌာန်းကိုသာလျှင် ပွားများ၏။ မြတ်စွာဘုရားသည်လည်း ထိုအာဠဝီပြည်မှ ထွက်ခဲ့၍ ဇေတဝန်ကျောင်းတော်သို့ ကြွသွားတော်မူလေ၏။ ထိုသတို့သမီးငယ်သည်လည်း သုံးနှစ်တို့ပတ်လုံး မရဏာနုဿတိ ကမ္မဋ္ဌာန်းကို ပွားများသည်သာလျှင်တည်း။

သတို့သမီးအတွက် ဘုရားရှင် ကြွသွားခြင်း

ထိုအခါ တစ်နေ့သ၌ မြတ်စွာဘုရားသည် နံနက်စောစော မိုးသောက်သောအခါ လောကကို ကြည့်ရှုတော်မူလတ်သည်ရှိသော် ထိုသတို့သမီးငယ်ကို ကိုယ်တော်၏ သဗ္ဗညုတဉာဏ်တော်ဟူသော ကွန်ယက်အတွင်း၌ ဝင်ရောက်နေသည်ကို မြင်တော်မူလျှင် “အသို့ဖြစ်လတ္တံ့နည်း”ဟု စူးစမ်း ဆင်ခြင်တော်မူပြန်လတ်သော် “ဤသတို့သမီးငယ်သည် ငါဘုရား၏ တရားဒေသနာကို ကြားနာရသောနေ့မှစ၍ သုံးနှစ်ပတ်လုံး မရဏာနုဿတိ ကမ္မဋ္ဌာန်းကို စီးဖြန်း ပွားများအပ်၏၊ ယခုအခါ ငါဘုရားသည် အာဠဝီပြည်သို့ ကြွသွား၍ ဤသတို့သမီးငယ်ကို ပြဿနာလေးပါး မေးသဖြင့် ထိုသတို့သမီးငယ် ဖြေသည်ရှိသော် လေးပါးသော အဖြေနေရာတို့၌ ကောင်းချီးပေးပြီးလျှင် ဤဂါထာကို ဟောပေအံ့၊ သတို့သမီးငယ်သည် ဂါထာ၏အဆုံး၌ သောတာပတ္တိဖိုလ်၌ တည်လတ္တံ့၊ ထိုသတို့သမီးငယ်ကိုမှီ၍ လူများအပေါင်းအားလည်း အကျိုးရှိသောတရား ဟောကြားခြင်းဖြစ်လတ္တံ့”ဟု သိတော်မူ၍ ငါးရာသော ရဟန်းတို့ဖြင့် ခြံရံတော်မူလျက် ဇေတဝန်ကျောင်းတော်မှ ထွက်ခဲ့ရာ အစဉ်သဖြင့် အဂ္ဂါဠဝကျောင်းတော်သို့ ရောက်တော်မူလေ၏။ အာဠဝီ ပြည်သူပြည်သားတို့သည် “မြတ်စွာဘုရား ကြွလာတော်မူပြီ”ဟူသော စကားကို ကြားရလျှင် ကျောင်းတော်သို့သွား၍ ပင့်ဖိတ်ကြလေကုန်၏။

ထိုအခါ ထိုသတို့သမီးငယ်သည် မြတ်စွာဘုရား၏ ကြွလာတော်မူခြင်းကို ကြားရ၍ “ငါ့ဖခင် ငါ့သခင် ငါ့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ကြွလာတော်မူပေသတတ်”ဟု နှစ်သက်သောစိတ် ရှိသည်ဖြစ်၍ “ဤနေ့မှ ငါသည် သုံးနှစ်တို့၏အထက်၌ ရွှေအဆင်းနှင့်တူသော အဆင်းရှိတော်မူသော မြတ်စွာဘုရားကို မြင်ဖူး၏၊ ယခုအခါ ထိုမြတ်စွာဘုရား၏ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော ကိုယ်တော်ကို ဖူးမြင်ရခြင်းငှာလည်းကောင်း၊ ချိုမြိန်သော အရသာ ဩဇာရှိသော သြဝါဒတရားတော်ကို နာကြားရခြင်းငှာလည်းကောင်း ရပေတော့အံ့”ဟု ကြံစည်လေ၏။ ထိုသတို့သမီး၏ ဖခင်သည်ကား ရက်ကန်းရက်ရာတင်းကုပ်သို့ သွားသည်ရှိသော် “ချစ်သမီး- သူတစ်ပါးဥစ္စာဖြစ်သော ပုဆိုးကို ရက်ကန်းစင်သို့ ဖခင်-တင်ထားအပ်၏၊ ထိုပုဆိုးအား တစ်ထွာမျှလောက်သာလျှင် မပြီးဆုံးသေး၊ ကြွင်းကျန်သေး၏။ ထိုပုဆိုးကို ယနေ့ ပြီးစေအံ့၊ ထို့ကြောင့် လျင်မြန်စွာ ရက်ဖောက်ကိုလုံး၍ ငါအထံ ဆောင်ယူခဲ့လော့”ဟု မှာသွားလေ၏။

ရက်ဖောက်လုံး ပို့ပြီးမှ တရားနာအံ့

သတို့သမီးငယ်သည် “ငါကား မြတ်စွာဘုရား၏ တရားတော်ကို နာလို၏။ ဖခင်သည်လည်း ငါ့ကို ဤသို့မှာသွားခဲ့၏။ အသို့နည်း၊ မြတ်စွာဘုရား တရားတော်ကို နာရအံ့လော၊ ထိုသို့မဟုတ် ဖခင်ထံ ရက်ဖောက်ကို ယောက်၍,လုံး၍ ဆောင်ယူအံ့လော”ဟု ကြံစည်လေ၏။ ထို့နောင်မှ “ဖခင်သည် ရက်ဖောက်ကို မဆောင်ခဲ့သည်ရှိသော် ငါ့ကို ရိုက်လည်း ရိုက်ရာ၏၊ ပုတ်ခတ်မူလည်း ပုတ်ခတ်ရာ၏၊ ထို့ကြောင့် ရက်ဖောက်ကိုလုံး၍ ထိုဖခင်အား ပေးပြီးလျှင် နောက်မှ တရားနာတော့အံ့”ဟု သတို့သမီးအား ဤသို့သောအကြံ ဖြစ်လေ၏။ ဤသို့ကြံ၍ အင်းပျဉ်ထက်၌ ထိုင်နေလျက် ရက်ဖောက်ကို လုံးလေ၏။ အာဠဝီပြည်သားတို့သည်လည်း မြတ်စွာဘုရားကို ဆွမ်းလုပ်ကျွေးပြီးလျှင် သပိတ်ကိုယူ၍ တရားနာခြင်းငှာ ရပ်တည်ကြလေကုန်၏။

သတို့သမီးငယ် ဗုဒ္ဓထံတော်သို့ ရောက်ခြင်း

မြတ်စွာဘုရားသည် “ငါကား အကြင်သတို့သမီးကို အကြောင်းပြု၍ ယူဇနာသုံးဆယ်ရှိသော လမ်းခရီးကို လာခဲ့၏။ ထိုသတို့သမီးသည် ယခုလည်း အခွင့်မရ၊ ထိုသတို့သမီး အခွင့်ရသည်ရှိသော် တရားဟောကြားခြင်းပြုအံ့”ဟု ဆိတ်ဆိတ်နေတော်မူလေ၏။ ထိုသို့ ဆိတ်ဆိတ်နေတော်မူသော မြတ်စွာဘုရားကိုလည်း နတ်နှင့်တကွသော လောက၌ တစ်စုံတစ်ယောက်သောသူသည် တစ်စုံတစ်ခုသောစကားကို ဆိုခြင်းငှာ မဝံ့၊ ထိုသတို့သမီးငယ်သည်လည်း ရက်ဖောက်ကိုလုံး၍ တောင်း၌ထည့်သဖြင့် ဖခင်၏အထံသို့သွားစဉ် ပရိသတ်၏ အစွန်၌ရပ်၍ မြတ်စွာဘုရားကို ကြည့်ရှုဖူးမြော်လျက်သာလျှင် တည်နေလေ၏။ မြတ်စွာဘုရားသည်လည်း လည်တော်ကိုချီ၍ ထိုသတို့သမီးကို ကြည့်ရှုတော်မူလေ၏။ သတို့သမီးငယ်သည် ကြည့်ရှုတော်မူသော အကြောင်းအရာဖြင့် “မြတ်စွာဘုရားသည် ဤသို့သဘောရှိသော ပရိသတ်အလယ်၌ နေတော်မူ၍ ငါ့ကို ကြည့်ရှုတော်မူပေ၏။ ငါ၏လာခြင်းကို တောင့်တတော်မူ၏၊ ကိုယ်တော်မြတ်၏ အထံတော်သို့ လာခြင်းကိုသာလျှင် တောင့်တတော်မူဘိ၏”ဟု သိလေ၏။ သတို့သမီးငယ်သည် ရက်ဖောက်တောင်းကို ချထား၍ မြတ်စွာဘုရား၏ အထံတော်သို့ သွားလေ၏။

(အဘယ့်ကြောင့် သတို့သမီးငယ်ကို မြတ်စွာဘုရား ကြည့်ရှုတော်မူသနည်း ဟူမူကား မြတ်စွာဘုရားအား ဤသို့သော အကြံဖြစ်တော်မူသတတ်၊ “ဤသတို့သမီးငယ်သည် ဤအရပ်မှသာလျှင် သွားသည်ရှိသော် ပုထုဇဉ်အဖြစ်ဖြင့် သေခြင်းကိုပြု၍ မမြဲသော လားရာဂတိရှိသည် ဖြစ်လတ္တံ့၊ ငါဘုရား၏အထံသို့လာ၍ သွားသည်ရှိသော် သောတာပတ္တိဖိုလ်သို့ ရောက်သဖြင့် မြဲသော လားရာဂတိရှိသည်ဖြစ်၍ တုသိတာနတ်ပြည်၌ ဖြစ်လတ္တံ့”ဟု အကြံဖြစ်တော်မူ၏။ ထို့ကြောင့် ကြည့်ရှုတော်မူ၏။ ထိုသတို့သမီးငယ်အားလည်း ထိုနေ့၌ သေခြင်းမှ လွတ်ခြင်းမည်သည် မရှိလေသတတ်။)

ထိုသတို့သမီးငယ်သည် ကြည့်ရှုတော်မူသော အမှတ်ဖြင့်သာလျှင် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ခြောက်သွယ်သော အဆင်းရှိသော ရောင်ခြည်တော်တို့၏အကြားသို့ ဝင်ပြီးလျှင် ရှိခိုးလျက် တင့်အပ်လျောက်ပတ်သော အရပ်၌ တည်နေလေ၏။ ဤသို့သဘောရှိသော ပရိသတ်အလယ်၌နေ၍ ဆိတ်ဆိတ်နေသော မြတ်စွာဘုရားကို ရှိခိုးလျက် တည်သော ခဏ၌ပင်လျှင် မြတ်စွာဘုရားသည် သတို့သမီးငယ်ကို ဤသို့ မေးခွန်းပြဿနာ မိန့်ဆိုတော်မူလေ၏။

အမေး လေးခု, အဖြေ လေးရပ် အကျဉ်း

၁။ “သတို့သမီး- သင်သည် အဘယ်အရပ်မှ လာခဲ့လေသနည်း”ဟု မေးလျှင် “မြတ်စွာဘုရား- မသိပါဘုရား”ဟု ဖြေ၏။
၂။ “အဘယ်အရပ်သို့ သွားလတ္တံ့နည်း”ဟု မေးလျှင် “မြတ်စွာဘုရား- မသိပါဘုရား”ဟု ဖြေ၏။
၃။ “မသိလေသလော”ဟု မေးလျှင် “မြတ်စွာဘုရား-သိပါသည်ဘုရား”ဟု ဖြေ၏။
၄။ “သိ၏လော”ဟု မေးလျှင် “မြတ်စွာဘုရား- မသိပါဘုရား”ဟု ဖြေ၏။

သတို့သမီးအား ပရိသတ် ကဲ့ရဲ့ခြင်း

ဤသို့လျှင် ထိုသတို့သမီးငယ်ကို မြတ်စွာဘုရားသည် လေးပါးသော မေးခွန်းပြဿနာကို မေးတော်မူလေ၏။ များစွာသော လူအပေါင်းသည် ကဲ့ရဲ့သည်မှာ “အို..အချင်းတို့- ကြည့်ရှုကြကုန်လော့၊ ဤရက်ကန်းသည် သမီးငယ်သည် မြတ်စွာဘုရားနှင့်တကွ အလိုရှိတိုင်း အလိုရှိတိုင်းသော စကားကို ပြောဆိုဘိ၏။ ဤသတို့သမီးငယ်သည် အဘယ်အရပ်မှ လာခဲ့လေသနည်းဟု မေးတော်မူသည်ရှိသော် ရက်ကန်းသည်အိမ်မှ လာခဲ့ပါသည်ဘုရားဟု ဆိုအပ်သည် မဟုတ်လော၊ အဘယ်အရပ်သို့ သွားအံ့နည်းဟု မေးတော်မူသည်ရှိသော် ရက်ကန်းရက်ရာ တင်းကုပ်သို့ သွားပါမည်ဘုရားဟု ဆိုအပ်သည် မဟုတ်ပါလော”ဟု ကဲ့ရဲ့လေ၏။

အဓိပ္ပာယ်အကျယ် ရှင်းလင်းခြင်း

မြတ်စွာဘုရားသည် များစွာသော လူအပေါင်းကို အသံတိတ်ဆိတ်အောင် ပြုတော်မူ၍-

၁။ “သတို့သမီး- သင်သည် အဘယ်အရပ်မှ လာခဲ့လေသနည်းဟု မေးအပ်သည်ရှိသော် အဘယ့်ကြောင့် မသိပါဘုရားဟူ၍ ဖြေဆိုဘိသနည်း”ဟု မေးတော်မူလေ၏။ “မြတ်စွာဘုရား-ရှင်တော်မြတ်ဘုရားတို့သည် တပည့်တော်မ၏ ရက်ကန်းသည်အိမ်မှ လာသည့်အဖြစ်ကို သိတော်မူကြပါသည်၊ အဘယ်အရပ်မှ လာခဲ့သနည်းဟု မေးတော်မူကြပါသော်လည်း အဘယ်သို့သော ဘဝမှလာ၍ ဤဘဝ၌ ဖြစ်လေသနည်းဟု မေးခြင်းကိုသာ ပြုတော်မူကြပါသည်။ ဘုရားတပည့်တော်မသည်ကား အဘယ်သို့သောဘဝမှ လာ၍ ဤဘဝ၌ ဖြစ်သည်ဟူသည်ကို မသိပါ၊ ထို့ကြောင့် ဤသို့ ဖြေဆိုပါသည်ဘုရား”ဟု လျှောက်လေ၏။ ထို့နောင်မှ သတို့သမီးငယ်အား မြတ်စွာဘုရားသည် “သတို့သမီး- “သာဓု သာဓု” ကောင်းပေ၏။ ကောင်းပေ၏၊ ငါဘုရား မေးလိုရင်းဖြစ်သော ပြဿနာကို ကျေနပ်အောင် သင်သည် ဖြေဆိုနိုင်ပေ၏”ဟု ရှေးဦးစွာ ကောင်းချီးပေး၍ ထို့ထက်အလွန်လည်း မေးတော်မူပြန်၏။

၂။ “အဘယ်အရပ်သို့ သွားလတ္တံ့နည်းဟု တစ်ဖန်မေးအပ်သည်ရှိသော် အဘယ့်ကြောင့် မသိပါဘုရားဟူ၍ ဖြေဆိုဘိသနည်း”ဟု မေးပြန်လေ၏။ “မြတ်စွာဘုရား - ရှင်တော်မြတ်ဘုရားတို့သည် တပည့်တော်မကို ရက်ဖောက်တောင်းကိုယူလျက် ရက်ကန်းရက်ရာ တင်းကုပ်သို့ သွားလတ္တံ့ ဟု သိတော်မူကြပါသည်။ ဤဘဝမှသွား၍ အဘယ်ဘဝ၌ ဖြစ်လတ္တံ့နည်းဟု မေးခြင်းကိုသာ ပြုတော်မူကြပါသည်ဘုရား၊ တပည့်တော်မသည်လည်း ဤဘဝမှ စုတေသည်ရှိသော် အဘယ်ဘဝသို့သွား၍ ဖြစ်လိမ့်မည်ဟူသည်ကို မသိပါ၊ ထို့ကြောင့် ဤသို့ ဖြေဆိုပါသည်ဘုရား”ဟု လျှောက်လေ၏။ ထို့နောက်မှ သတို့သမီးငယ်အား မြတ်စွာဘုရားသည် “ငါဘုရား မေးလိုရင်းသာဖြစ်သော ပြဿနာကို သင်သည် ဆိုနိုင်ဘိ၏”ဟု နှစ်ကြိမ်မြောက် ကောင်းချီးပေးတော်မူ၍ ထို့ထက်အလွန်လည်း မေးတော်မူပြန်၏။

၃။ “ထို့နောင်မှ မသိလေသလောဟု မေးအပ်သည်ရှိသော် အဘယ့်ကြောင့် သိပါသည်ဘုရားဟူ၍ ဖြေဆိုဘိသနည်း”ဟု မေးပြန်လေ၏။ “မြတ်စွာဘုရား- တပည့်တော်မသည် သေရအံ့သည်အဖြစ်ကို သိပါသည်၊ ထို့ကြောင့် ဤသို့ ဖြေဆိုပါသည်ဘုရား”ဟု လျှောက်လေ၏။ ထို့နောက်မှ ထိုသတို့သမီးငယ်အား မြတ်စွာဘုရားသည် “ငါဘုရားမေးလိုရင်းဖြစ်သော ပြဿနာကို သင်သည် ဖြေဆိုနိုင်ဘိ၏”ဟု သုံးကြိမ်မြောက် ကောင်းချီးပေးတော်မူ၍ ထို့ထက်အလွန်လည်း မေးတော်မူပြန်၏။

၄။ “ထို့နောက်မှ သိ၏လောဟု မေးအပ်သည်ရှိသော် အဘယ့်ကြောင့် မသိပါဟူ၍ ဖြေဆိုဘိသနည်း”ဟု မေးပြန်၏။ “မြတ်စွာဘုရား- သေရအံ့သည်အဖြစ်ကိုသာလျှင် တပည့်တော်မ သိပါသည်၊ တပည့်တော်မသည် ညဉ့်အခါ နေ့အခါ နံနက်အခါ စသည်တို့တွင်ကား ဤမည်သောအခါ၌ သေရအံ့ဟု မသိပါ၊ ထို့ကြောင့် ဤသို့ဖြေဆိုပါသည်ဘုရား”ဟု လျှောက်လေ၏။ ထို့နောက်မှ သတို့သမီးငယ်အား မြတ်စွာဘုရားသည် “ငါဘုရား မေးလိုရင်းဖြစ်သော ပြဿနာကို သင်သည် ဖြေဆိုနိုင်ဘိ၏”ဟု လေးကြိမ်မြောက် ကောင်းချီးပေးတော်မူ၍ ပရိသတ်ကို ခေါ်တော်မူပြီးလျှင် “သင်တို့သည် ဤသတို့သမီးငယ် ဆိုအပ်သော ဤမျှလောက်သော စကားကိုမျှ မသိကြကုန်၊ သင်တို့သည် သက်သက် ကဲ့ရဲ့ကြကုန်သည်သာလျှင်တည်း၊ အကြင်သူတို့အား ပညာမျက်စိသည် ရှိ၏၊ ထိုသူတို့သည်သာလျှင် မျက်စိအမြင်ရှိသူတို့ ဖြစ်ကုန်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၁၇၄] အန္ဓဘူတော အယံ လောကော၊ တနုကေတ္ထ ဝိပဿတိ။
သကုဏော ဇာလမုတ္တောဝ၊ အပ္ပေါ သဂ္ဂါယ ဂစ္ဆတိ။

အယံ လောကော၊ ဤလူများအပေါင်းသည်။ အန္ဓဘူတော၊ ပညာမျက်စိ စုံမရှိ၍ အကန်းအတိသာ ဖြစ်လေ၏။ ဧတ္ထ၊ ဤလောက၌။ တနုကော၊ အနည်းငယ်မျှသောသူသည်။ ဝိပဿတိ၊ အနိစ္စ စသောအားဖြင့် ရှုမြင်၏။ ဇာလမုတ္တော၊ မုဆိုးကွန်ရက်မှ လွတ်ထွက်သော။ သကုဏော၊ ငှက်သည်။ အပ္ပေါ ဣဝ၊ နည်းသကဲ့သို့။ မရန္တေသု၊ သေသောသူတို့တွင်။ သဂ္ဂါယ၊ နတ်ပြည်သို့။ ဂစ္ဆတိ၊ သွားသောသူသည်။ အပ္ပေါ၊ နည်းလှ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ သတို့သမီးသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ များစွာသော လူအပေါင်းအားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

သတို့သမီးသေ၍ ဖခင် ရဟန်းပြုခြင်း

ထိုသတို့သမီးငယ်သည်လည်း ရက်ဖောက်တောင်းကိုယူလျက် ဖခင်၏အထံသို့ သွားလေ၏။ ထိုဖခင်ဖြစ်သော ရက်ကန်းသည်သည် ထိုင်လျက်သာလျှင် အိပ်ပျော်နေခိုက်ဖြစ်သောကြောင့် ထိုသတို့သမီးငယ်သည် မမှတ်မသား သတိမထားမိသဖြင့်သာလျှင် ရက်ဖောက်တောင်းကို တွန်းရွှေ့လိုက်လျှင် ထိုရက်ဖောက်တောင်းသည် လွန်းအစွန်း၌ ထိခိုက်မိသောကြောင့် အသံကိုပြုလျက် ကျသွားလေ၏။ ဖခင် ရက်ကန်းသည်သည် နိုးလျှင်နိုးချင်း ကိုင်ယူအပ်သော အမှတ်ဖြင့်သာလျှင် လွန်းကို ဆွဲငင်လိုက်၏။ လွန်းဖျားသည် သွား၍ ထိုသတို့သမီးငယ်ကို ရင်ဘတ်၌ ထိုးမိ၏။ သတို့သမီးငယ်သည်လည်း ထိုနေရာ၌ပင်လျှင် သေလွန်ခြင်းကို ပြုရှာ၍ တုသိတာနတ်ပြည်၌ ဖြစ်လေ၏။ ထိုအခါ သတို့သမီးငယ်၏ဖခင် ရက်ကန်းသည်သည် သတို့သမီးကို ကြည့်ရှုလတ်သည်ရှိသော် တစ်ကိုယ်လုံး သွေးအလိမ်းလိမ်း ကပ်ငြိသဖြင့် လဲ၍သေနေသည်ကို မြင်ရရှာလေ၏။ ထိုအခါ ဖခင်ရက်ကန်းသည်ကြီးအား ကြီးစွာသော စိုးရိမ်ခြင်း ဖြစ်လေ၏။ ထိုရက်ကန်းသည်သည် “ငါ၏စိုးရိမ်ခြင်းကို တပါးသောသူသည် ငြိမိးအေးစေခြင်းငှာ မတတ်နိုင်ပေလတ္တံ့”ဟု ငိုကြွေးလျက် ဘုရားရှင်အထံတော်သို့ သွား၍ ထိုအကြောင်းကို လျှောက်ကြားပြီးလျှင် “မြတ်စွာဘုရား- တပည့်တော်၏ စိုးရိမ်းခြင်းကို ငြိမ်းအေးစေတော်မူကြပါဘုရား”ဟု လျှောက်လေ၏။ မြတ်စွာဘုရားသည် ထိုရက်ကန်းသည် ဒါယကာကြီးကို ကောင်းစွာ နှစ်သိမ့်စေ၍ “ဒါယကာ- မစိုးရိမ်လင့်၊ မသိအပ်သော အစရှိသော သံသရာ၌ ဤအတူသာလျှင် သမီးသေသောကာလ၌ သင်၏ ယိုစီးကျသော မျက်ရည်သည် လေးစင်းသော မဟာသမုဒ္ဒရာရေထက်ပင် အလွန့်အလွန် များလှပြီ”ဟု မိန့်တော်မူ၍ အနမတဂ္ဂသုတ္တန်စကားကို ဟောကြားတော်မူလေ၏။ ရက်ကန်းသည်သည် နည်းသော စိုးရိမ်ခြင်းရှိသည်ဖြစ်၍ မြတ်စွာဘုရားကို ရဟန်းအဖြစ် တောင်းပန်သဖြင့် ရဟန်းအဖြစ်ကို ရလတ်သည်ရှိသော် မကြာမြင့်မီသာလျှင် ရဟန္တာအဖြစ်သို့ ရောက်လေ၏။

ရက်ကန်းသည်သမီးဝတ္ထု ပြီး၏။