2181ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း — ၃၄။ ပေးအပ်သော တာဝန်ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၄) ပေးအပ်သော တာဝန်

ပြင်ဆင်ရန်

ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီး၏ မိဖုရားကြီးသည် အဗ္ဘန္တရသရက်သီးကို စားသုံးလိုသော ချင်ခြင်း ပြင်းပြလှသဖြင့် နေထိုင်မကောင်းဖြစ်ကာ အိပ်စက်နေလေ၏။ ထိုအခါ မင်းကြီးသည် မိဖုရားရှိရာသို့ လာရောက်၍ “မိဖုရားကြီး ... သင့်မှာ ဘယ်လိုဝေဒနာမျိုး ခံစားနေရပါသလဲ” ဟု မေးမြန်းလေရာ မိဖုရားကြီးက “အရှင်မင်းကြီး ... ကျွန်တော်မျိုးမမှာ ဘာရောဂါမှ မရှိပါဘူး၊ အဗ္ဘန္တရသရက်သီးကို စားသုံးလိုတဲ့ ချင်ခြင်း ဖြစ်နေပါတယ်ဘုရား”ဟု ပြန်လျှောက်လေသည်။ မင်းကြီးလည်း မိဖုရားကြီးစားလိုသော အဗ္ဘန္တရသရက်သီး ရနိုင်မည့်နည်းလမ်းကို မှူးမတ်တို့နှင့် တိုင်ပင်လေ၏။ မှူးမတ်တို့က ဥယျာဉ်တော်တွင် ရှာ၍ ရနိုင်ကြောင်း လျှောက်တင်ကြ၏။ သို့သော် လည်း ဥယျာဉ်တော်တွင် တစ်လုံးတစ်လေမျှ မတွေ့ရပေ။ နောက်ဆုံးတွင် မင်းကြီးသည် ပုဏ္ဏားပညာရှိ များကို ခေါ်ယူကာ အဗ္ဘန္တရသရက်သီး ရှိနိုင်ရာအရပ်ကို စုံစမ်းရလေတော့သည်။

ပုဏ္ဏားများက “အရှင်မင်းကြီး ... နတ်တို့သာလျှင် သုံးဆောင်ခွင့်ရတဲ့ ထိုအဗ္ဘန္တရသရက်ပင်ဟာ ဟိမဝန္တာအရပ်ရှိ ရွှေဂူအတွင်းမှာ ရှိတယ်လို့ အစဉ်အဆက် ပြောသံကြားဖူးပါတယ် ဘုရား၊ ထိုအရပ်ကို လူသားများ သွားရောက်နိုင်မှာ မဟုတ်လို့ သရက်သီးကို ဆောင်ယူရန် အရှင်မင်းကြီး၏ ကျေးသားငယ် ကို လွှတ်တော်မူပါဘုရား”ဟု လျှောက်တင်ကြ၏။ ထိုကျေးသားငယ်မှာ လိမ္မာရေးခြား စကားချိုသာ၍ ခွန်အားဗလနှင့်လည်း ပြည့်စုံသည်။ မင်းကြီးက အဗ္ဘန္တရသရက်သီးကို ယူဆောင်စေသောခါ “အရှင်မင်းကြီး ပေးအပ်တဲ့ တာဝန်ကို ကျွန်တော်မျိုး ကျေပွန်အောင် ဆောင်ရွက်ခဲ့ပါမယ်”ဟု ကျေးသားငယ်က ကတိပေး၏။ ထို့နောက် မင်းကြီးသည် ကျေးသားငယ်အား စားဖွယ်သောက်ဖွယ် တို့ကို ကျွေးမွေး၍ လွှတ်လိုက်လေသည်။

ကျေးသားငယ်သည် ဟိမဝန္တာသို့ ရောက်သောအခါ အဦးဆုံးတွေ့ရသော ကျေးသားများအား အဗ္ဘန္တရသရက်သီး ရှိရာအရပ်ကို မေးမြန်းလေ၏။ ထိုကျေးသားတို့က မသိကြသဖြင့် သိနိုင်လောက် သော အခြားကျေးသားများထံ လမ်းညွှန်လိုက်ကြသည်။ ထိုကျေးသားတို့ကလည်း မိမိတို့ မသိဟု ဆိုကာ တခြားကျေးသားများထံသို့ လမ်းညွှန်ကြပြန်၏။ ဤသို့ အဆင့်ဆင့်မေးမြန်းလာရာ ခုနစ်နေရာ မြောက် ရောက်သောအခါမှ အဗ္ဘန္တရသရက်သီး ရှိရာအရပ်ကို တိတိကျကျ သိရလေသည်။

ထိုအခါ ကျေးသားများက “အဆွေ ... အဗ္ဘန္တရသရက်သီးဆိုတာဟာ ဝေဿဝဏ်နတ်မင်းကြီးရဲ့ အသုံးအဆောင် ဖြစ်တယ်၊ အဲဒီသရက်ပင်ကို သံကွန်ချာခုနစ်ထပ်နဲ့ ဖုံးအုပ်ထားတဲ့အပြင် ဘီလူးကြီး များလည်း စောင့်ကြပ်နေကြတယ်၊ အဲဒီအရပ်ကို သွားတဲ့ ဘယ်သက်ရှိသတ္တဝါမှ အသက်ချမ်းသာရာ မရဖူးဘူး၊ အဝီစိငရဲကြီးနဲ့တူတဲ့ အရပ်ကို မသွားချင်ပါနဲ့”ဟု တားမြစ်ကြ၏။ ထိုသို့ ကျေးသားတို့က စိုးရိမ်တကြီး တားမြစ်ကြသော်လည်း ကျေးသားငယ်သည် ... ပေးအပ်လိုက်သော တာဝန်အတွက် အန္တရာယ်ဟူသမျှကို ရင်ဆိုင်မည်ဟု ဆုံးဖြတ်လိုက်လေသည်။

ကျေးသားငယ်သည် အဗ္ဘန္တရသရက်ပင်နှင့် မနီးမဝေးသို့ ရောက်သောအခါ ကျေးသားတို့ပြော သည့်အတိုင်း တွေ့ရလေ၏။ ကျေးသားငယ်လည်း နေ့ခင်း၌ အခွင့်မသာသဖြင့် ညသန်းခေါင်ကျော် ဘီလူးကြီးတို့ အိပ်ချိန်လောက်တွင် သရက်ပင်ခြေရင်းမှ ကပ်လျက် တိုးဝင်၏။ ထိုအခါ သံကွန်ချာ လှုပ်၍ “ချွင်ချွင်”ဟု အသံထွက်သွားလေရာ ဘီလူးကြီးများ နိုးလာကြသဖြင့် ကျေးသားငယ်ကို ဖမ်းလိုက်ကြလေတော့သည်။

ဘီလူးကြီးများက “ကျွတ်ကျွတ်ဝါးစားပစ်မယ်၊ စိစိညက်ညက် ကျေအောင် ချေပစ်မယ်၊ ရင်ကိုခွဲ အသည်းကို မီးကင်မယ်” စသည်ဖြင့် ကြုံးဝါးကြသော်လည်း ကျေးသားငယ်သည် ကြောက်ရွံ့ ထိတ်လန့်ခြင်း အလျဉ်းမရှိဘဲ “နေကြပါဦး၊ သင်တို့က ဘယ်သူ့ အမှုထမ်းတွေလဲ”ဟု မေးလိုက်သည်။ ဘီလူးကြီးများကလည်း “ငါတို့ကား ဝေဿဝဏ်နတ်မင်းကြီးရဲ့ အမှုထမ်းတွေ ဖြစ်ပါတယ်”ဟု ဆို၏။ ထိုအခါ ကျေးသားငယ်က “ကျွန်ုပ်လည်း ဗာရာဏသီမင်းကြီးရဲ့ အမှုထမ်းဖြစ်တယ်၊ မင်းကြီးက အဗ္ဘန္တရ သရက်သီးကို ယူဆောင်ခဲ့ဖို့ တာဝန်ပေးလိုက်လို့ ဒီအရပ်ကို ကျွန်ုပ်လာခဲ့ရခြင်း ဖြစ်တယ်၊ ဘီလူးကြီးတို့ ရက်ရက်စက်စက် သတ်ဖြတ်ရင်လည်း သေရဲပါတယ်။ လူကြီးမိဘ၊ ဆရာသမားတို့ ပေးအပ်တဲ့ တာဝန် ကို ကျေပွန်စွာ ထမ်းဆောင်သူဟာ သေရင်လည်း နတ်ပြည်ကို ရောက်ရမှာ သေချာတယ်”ဟု ဆိုလေ သည်။ ဘီလူးကြီးတို့သည် ကျေးသားငယ်၏ စကားကို နှစ်သက်သဖြင့် လွှတ်ပေးလိုက်ကြ၏။

သို့သော် ကျေးသားငယ်သည် မပြန်သေးဘဲ “ကျွန်ုပ်လာရတဲ့ ရည်ရွယ်ချက် ပြည့်ဝဖို့ သရက် သီးတစ်လုံး ရလိုပါသေးတယ်”ဟု တောင်းဆိုသည်။ ထိုအခါ ဘီလူးကြီးတို့က အဗ္ဘန္တရသရက်သီးကို ဝေဿဝဏ်နတ်မင်းကြီး ပိုင်သဖြင့် မိမိတို့မှာ ပေးခွင့်မရှိကြောင်း ဝမ်းနည်းစွာ ပြောဆို၍ ရနိုင်ရာ အရပ်တစ်ခုကို ညွှန်ပြလိုက်ကြပြန်လေ၏။ ဤသို့ဖြင့် ကျေးသားငယ်သည် တောကျောင်းတစ်ကျောင်း၌ သီတင်းသုံးတော်မူသော ဝေဿဝဏ်နတ်မင်းကြီး၏ဆရာ ဇောတိရသ ရသေ့ကြီးထံသို့ ဆည်းကပ်ရ ပြန်လေ၏။ ရသေ့ကြီးကလည်း “ရပါစေမယ်”ဟု ကတိပေး၍ ဝေဿဝဏ်နတ်မင်းကြီးက အဗ္ဘန္တရသ ရက်သီးလေးလုံး ပို့လှူလိုက်သောအခါ နှစ်လုံးကို ဘုဉ်းပေးတော်မူ၏။ တစ်လုံးကို ကျေးသားငယ် စားရန် ပေး၏။ ကျန်တစ်လုံးကို ဆိုင်းငယ်တွင် ထည့်လျက် ကျေးသားငယ်၏ လည်ပင်း၌ ဆွဲ၍ ပေးလိုက်လေ၏။

ကျေးသားငယ်သည် ဟိမဝန္တာအရပ်မှ တစ်ရှိန်ထိုး ပျံသန်းခဲ့၍ အန္တရသရက်သီးကို ဗာရာဏသီ မင်းကြီးအား ဆက်သခြင်းဖြင့် ပေးအပ်သောတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့လေသည်။