ပျက်စီးကြောင်း တရား ၁၂-ပါး
ပရာဘဝသုတ်
ပျက်စီးကြောင်း တရား ၁၂-ပါး
၁။ ဤသူတိုးမည်၊ မတိုးမည်ဟု၊ ဉာဏ်ဖြင့်ရှုက၊ သိလွယ်လှ၏၊ ဓမ္မတရား၊ ချစ်ပါငြားမူ၊ ထိုသူမုချ၊ ကြီးပွားရမည်၊ ဓမ္မတရား၊ မုန်းခဲ့ငြားမူ၊ ထိုသူမုချ၊ ပျက်စီးရ၏၊
၂။ သူယုတ်ကိုချစ်၊ သူမြတ်ပစ်ငြား၊ သူယုတ်များ၏၊ တရားကိုသာ၊ နှစ်သက်ပါမူ၊ ထိုသူမုချ၊ ပျက်စီးရ၏၊
၃။ အအိပ်လွန်တောင်း၊ ဖော်ပေါင်းနှင့်သာ၊ မွေ့လျော်စွာလှ၊ လုံ့လမရှိ၊ ပျင်းရိလှလျက်၊ အမျက်ကြီးမူ၊ ထိုသူမုချ၊ ပျက်စီးရ၏၊
၄။ မွေးမြူခြင်းငှါ၊ စွမ်းနိုင်ပါလျက်၊ အသက်လည်းကြီး၊ အရွယ်ကြီးလှ၊ မိနှင့်ဘအား၊ မမွေးငြားမူ၊ ထိုသူမုချ၊ ပျက်စီးရ၏၊
၅။ ရဟန်းပုဏ္ဏား၊ စကားချိုသာ၊ တောင်းလာသူအား၊ မုသားပြောကာ၊ လှည့်ပတ်ပါမူ၊ ထိုသူမုချ ပျက်စီးရ၏၊
၆။ ဥစ္စာလည်းများ၊ ရွှေငွေများ၍၊ အစားပေါလည်း၊ တစ်ယောက်တည်းသာ၊ ကောင်းနိုးရာကို၊ မပါအဖော်၊ စားသော်မုချ၊ ပျက်စီးရ၏၊
၇။ အမျိုး၏မာန်၊ ဇာတ်၏မာန်နှင့်၊ ဥစ္စာမာန်တိုး၊ ဆွေမျိုးသားပေါ်၊ မောက်မော်လွန်းက၊ မုချထိုသူ၊ ပျက်မည်ဟူ၏၊
၈။ မိန်းမပျော်ကြူး၊ အရက်ကြူးငြား၊ ကစားကြူးလှ၊ ရသမျှကို၊ ဖျက်ကထိုသူ၊ ပျက်မည်ဟူ၏၊
၉။ တစ်ယောက်နှင့်မျှ၊ အားမရငြား၊ သူ့မယားပါ၊ ပြည့်တန်ဆာ၌၊ အပျော်လိုက်မူ၊ ထိုသူမုချ၊ ပျက်စီးရ၏၊
၁၀။ သားမြတ်မကြီး၊ တည်သီးခန့်ရွယ်၊ မိန်းမငယ်ကို၊ အရွယ်လွန်ငြား၊ လူအိုများက၊ ယူထားပြီးမှ၊ စိတ်မချ၍၊ သောကပိုလျက်၊ မအိပ်စက်မူ၊ ထိုသူမုချ၊ ပျက်စီးရ၏၊ အသက်ကြိးက မိမိသမီးအရွယ် သတို့သမီးငယ်ကို ယူလျှင် ထိုသတို့သမီးငယ်အား မယုံကြည် စိတ်မချသဖြင့် ကောင်းမွန်စွာ မအိပ်ရသည့်အတွက် ပျက်စီးရမည် ဟူ၏၊
၁၁။ အမဲ သား ငါး၊ စားသောက်လွန်ကဲ၊ သုံးစွဲကြီးလှ၊ မိန်းမယောက်ျား၊ ထိုသူများကို၊ ကြီးပွားစေမှု၊ အလုပ်စုမှာ၊ မှူးခန့်ပါက၊ မုချထိုသူ၊ ပျက်မည်ဟူ၏၊
[အစား အသောက် အသုံးအစွဲ ကြီးသော ယောက်ျားမိန်းမကို အကြီးအမှူးအရာ၌ ခန့်ထားလျှင် ပျက်စီးတတ်သည် ဟူ၏၊]
၁၂။ စည်းစိမ်နည်းလှ၊ လောဘကြီးလတ်၊ မင်းဇာတ်လည်းဖြစ်၊ မင်းအဖြစ်ကို၊ လိုမူမုချ၊ ပျက်စီးရ၏၊
[အခြံအရံ စည်းစိမ်ဥစ္စာနည်းလျက် မင်းအဖြစ်ကို အလိုရှိမူ ပျက်စီးမည်ဟူ၏၊ မိမိနှင့် မတန်သော အရာကို အလိုရှိမူ ပျက်စီးတတ်သည်။]
၁၃။ ဤသို့ စုပေါင်း၊ ပျက်စီးကြောင်းကို၊ ကောင်းစွာသိတတ်၊ ရိယာမြတ်မူ၊ ဧလူလှစွာ၊ နတ်တို့ရွာသို့၊ မချို့ဧကန်၊ ရောက်မည်မှန်၏၊
[ဤကား သုတ္တနိပါတ် ဥရဂဝဂ် ပရာဘဝသုတ် ပါဠိတော်ကို အဋ္ဌကထာနှင့်အညီ အပိုအလိုမရှိစေဘဲ စီကုံးအပ်သော ၁၂-ပါးသော ပျက်စီးကြောင်းတရားတို့တည်း။]