2221ပြာကျမှ ပြန်ပါတောင်သမန်လယ်စား မောင်ဖေငယ်

ချစ်ရသူ ခင်ခင်ငဲ့၊
ဘဝင်မြင့်သက်ညှာ၊
ဆင်မသင့် ခက်ပါသည်၊
သက်သာရာမရ၊
သည်ကိုဖြင့် တိမ်းခဲ့ချော်ပြီ၊
စိမ်းနဲ့နော် ဘုန်းခင့်လာပ။

ကလာပ်စုရုပ်ကြွင်းကို၊
ပြုတ်ယွင်းယိုကာလ၊
ဖုတ်သင်္ဂြိုဟ်စျာပန၊
ပြာကျမှ ပြန်ပါ၊
ဝဇီရာစိန်သံလျှင်းငယ်နှင့်၊
တရှိန်ချင်း လှမ်းချင်လို့မှာ။

ဝတိံဆင်း နန်းကိန္နရာလို၊
လျှမ်းထိန်ဝါဝေဝင်းနှင့်၊
ရွှေပယင်းငွေလက်တော်၊
ဘုန်းကိုင်ခဲ့နော်၊
အသုဘ ကမ္မဋ္ဌာန်းတော်ကို၊
ကြငှန်းပျော် အိုရှုလှည့်လေး။ ။


မှတ်ချက်

  • တောင်သမန်လယ်စား မောင်ဖေငယ် ကွပ်မျက်ခံရကာနီးတွင် နောက်ဆုံးရေးသား၍ သူ့ကျေးဇူးရှိဖူးသူ မိုးကောင်းဝန်မင်းအား ပေးခဲ့သော တေးထပ် ဖြစ်သည်။
အကွပ်မျက် မခံရမီ ရာဇဒဏ်ဖြင့် မိုးကောင်းသို့ ပို့ကာ မောင်ဖေငယ်အား ချုပ်နှောင်ထားလေသည်။ မိုးကောင်းမှ တဖန် သူ့အားကွပ်မျက်ရန် ဗန်းမော်သို့ ထပ်ဆင့်ပို့လိုက်ပြန်သည်။ ဗန်းမော်သို့ ပို့ကာနီးဆဲဆဲ မိုးကောင်းတွင် ချုပ်နှောင်ထားခြင်း ခံနေရစဉ် မောင်ဖေငယ်သည် သီပေါဘုရင် နှင့် စုဘုရားလတ် အပါးတွင် အလွန်ချောမောပြေပြစ်သော မိဘုရားအသစ်ကလေးတပါး အမြဲလိုလို တွေ့နေရသည်ဟူသော သတင်းကို ကြားသိလိုက်ရသည့်အခါ တိတ်တခိုးချစ်ရသော သူ့ညီမလေး ခင်ကြီး (ဒိုင်းခင်ခင်) တယောက် မိဘုရားအဖြစ် ပျော်ရွှင်စွာ စံမြန်းနေရပေပြီဟု ဝမ်းသာဝမ်းနည်း ဖြစ်မိရှာလေသည်။ ထို့ကြောင့်ပင် သူ့ရုပ်အလောင်းအား လာရောက် ရှုစားတော်မူလှည့်ပါဟု သံတော်ဦး တင်လိုက်ခြင်း ဖြစ်ပေသည်။
သို့ရာတွင် မောင်ဖေငယ် မသိလိုက်သည်မှာ သူအလွန်ချစ်သော ညီမလေး ခင်ကြီး (ဒိုင်းခင်ခင်) သည် သီပေါဘုရင်၏ ရင်သွေးကို လွယ်ထားရင်း တိုင်တားမင်းကြီး၏ မြင်းဇောင်းထဲတွင် လျှို့ဝှက် အကျဉ်းစံဘဝဖြင့် ဆင်းရဲကျပ်တည်းစွာနေနေရရာမှ စုဘုရားလတ် လက်ချက်ဖြင့် လည်မျိုပေါ် ကျဆင်းလာသော ပါးကွက်သားများ၏ တုတ်ချက်ကို သနားစဖွယ်ခံစားရင်း သူ့ထက် အရင်ဦးစွာ လူ့လောကမှ ထွက်ခွာသွားရရှာလေပြီ။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။