ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁၆။ ဖခင်မေတ္တာ(ကျောင်းသားကိုင်သို့)
2234ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း (ဆရာလမ်းညွှန်) — ၁၆။ ဖခင်မေတ္တာ(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၆)

သင်ခန်းစာခေါင်းစဉ်။ ။ ဖခင်မေတ္တာ

သင်ယူမှုဦးတည်ချက်။ ။ ဖခင်မေတ္တာကို သိရှိပြီး ပြန်လည်တုံ့ပြန်တတ်စေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ အောက်ပါမေးခွန်းဖြင့် စာသင်ချိန်ကို စတင်ပါ။

-သားတို့သမီးတို့ အဖေကို ချစ်တဲ့သူတွေ လက်ညှိုးထောင်ပါ။ ဘာကြောင့်ချစ်တာလဲ။

֍ ပြီးနောက် ဖခင်၏ လုပ်ဆောင်ပေးမှုများကို ကလေးတို့၏ မှတ်စုစာအုပ်တွင် ရေးကြပါစေ။

֍ ပြီးလျှင် ရေးထားသည့်အချက်အလက်များကို ဘေးမှသူငယ်ချင်းနှင့် နှစ်ယောက်တစ်တွဲ တွဲ၍ ဆွေးနွေးကြပါစေ။

֍ ဆွေးနွေးပြီးလျှင် တစ်တွဲစီ ရှေ့ထွက်၍ တစ်ဦးအကြောင်း တစ်ဦးက အပြန်အလှန် ပြောကြပါစေ။

֍ “သားတို့သမီးတို့ ... အဖေတွေက သားတို့သမီးတို့အပေါ် ဘယ်လို ကောင်းကျိုးတွေကို လုပ်ဆောင်ပေးခဲ့ကြ တယ်ဆိုတာ သိခဲ့ရပြီ၊ အခုတော့ စံပြုထိုက်တဲ့ အဖေတစ်ယောက် အကြောင်းကို လေ့လာကြည့်ရအောင်”ဟု ပြော၍ နောက်စာသင်ချိန်ကို ဆက်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ဇာတ်လမ်းကို ဖတ်ပါစေ။ ဖတ်နေစဉ် စိတ်ဝင်စားသော အကြောင်းအရာများကို မှတ်သားထားပါစေ။

ဖခင်မေတ္တာ

မြတ်စွာဘုရားရှင် လက်ထက်တော်က မဂဓတိုင်းကို ဗိမ္ဗိသာရမင်းကြီး အုပ်ချုပ်ခဲ့၏။ ဗိမ္ဗိသာရမင်းကြီး၏ မိဖုရား ဝေဒေဟီ ကိုယ်ဝန်ရှိလာချိန်တွင် မိဖုရားသည် ဘုရင်ကြီး၏ လက်ယာလက်မောင်းသွေးကို သောက်လိုသော ချင်ခြင်း ပြင်းပြင်းပြပြ ဖြစ်ပေါ်လာ၏။ သို့သော် ထုတ်ဖော်ပြောဆိုရန် ဝန်လေးနေ၏။ ထို့ပြင်းပြသော ချင်ခြင်းကြောင့် မပျော်မရွှင် ဖြစ်ကာ မိဖုရားကြီးသည် တဖြည်းဖြည်းပိန်ချုံးလာ၏။ ဘုရင်ကြီးက သတိထားမိလာပြီး အကြောင်းရင်းကို အတင်းအ ကြပ်မေးသောအခါမှ ဖွင့်ဟပြောလိုက်၏။ ဘုရင်ကြီးလည်း ဆေးဆရာကို ချက်ချင်းခေါ်၍ လက်ရုံးတော်ကို ဖောက် ကာ လက်မောင်းသွေးကို မိဖုရားကြီးအား တိုက်လေ၏။

မိဖုရားကြီး၏ ထိုကဲ့သို့ထူးဆန်းသော ချင်ခြင်းကို ထောက်ဆ၍ ပုရောဟိတ်ပုဏ္ဏားတို့က “ဒီကလေးဟာ မမွေးဖွားခင်ကတည်းက ဘုရင်ကြီးရဲ့ ရန်သူဖြစ်တယ်၊ အရွယ်ရောက်လာတဲ့ အခါမှာလည်း ဖခင်ဘုရင်ကြီးကို သတ်လိမ့်မယ်”ဟု နိမိတ်ဖတ်ကြ၏။

ထိုသို့နိမိတ်ဖတ်ချိန်မှစ၍ မိဖုရားကြီးသည် လက်ဖြင့်ဖိနှိပ်၍ ကိုယ်ဝန်ကို ဖျက်ဆီးပစ်ရန် အကြိမ်ကြိမ် ကြိုးစား၏။ မင်းကြီးသိသွားသောအခါ ကိုယ်ဝန်ကို မဖျက်ဆီးနိုင်စေရန် မိဖုရားကြီးကို အစောင့်အရှောက်များစွာဖြင့်ထား၏။ မိဖုရားကြီးသည် မွေးဖွားပြီးပြီးချင်း သတ်ပစ်ရန်လည်း ကြံရွယ်ထား၏။ သို့သော် သားတော်ကလေး မွေးဖွားပြီးပြီးချင်း အစောင့် အရှောက်တို့က အလျင်အမြန် ယူဆောင်သွားကြသောကြောင့် မိဖုရားကြီး၏အကြံ မအောင်ခဲ့ပေ။

မိဖုရားကြီး၏ ထူးဆန်းသော ချင်ခြင်းဖြစ်ခဲ့စဉ်က ပုဏ္ဏားတို့ ဟောကြားခဲ့သော စကားကို အကြောင်းပြု၍ ထိုကလေးကို “အဇာတသတ် (မမွေးခင်ကပင် ဖခင်၏ ရန်သူ)” ဟု အမည်မှည့်လိုက်၏။ အဇာတသတ် မင်းသားလေး ပြေးလွှားနိုင်သည့် အရွယ်သို့ရောက်လာသောအခါမှသာ မိခင်ဝေဒေဟီ မိဖုရားကို ပြလေသည်။ ထိုအခါ သားအပေါ်၌ ချစ်သော မိခင်မေတ္တာကြောင့် သတ်ပစ်ရန် မစွမ်းသာတော့ချေ။

ဤသို့ဖြင့် အဇာတသတ်မင်းသား အရွယ်ရောက်လာ၏။ တစ်နေ့တွင် အရှင်ဒေဝဒတ်က မင်းသားကို တန်ခိုး အဘိညာဉ်ဖြင့် ဖြားယောင်းပြီး စည်းရုံးသိမ်းသွင်း၏။ ထို့အပြင် မင်းသားကို “မင်းသား ... ဒီခေတ် လူတွေဟာ အသက်တိုကြတယ်၊ ဖခင်ကြီး သေတဲ့အခါကျမှ မင်းအဖြစ်ကို ရမယ်ဆိုရင် ခံစားချိန် သိပ်မရှိတော့ဘူး၊ ဒီတော့ ဖခင်ကိုသတ်ပြီး မင်းအဖြစ်ကို ရယူသင့်တယ်”ဟု အကြံပေးလေသည်။ အဇာတသတ်မင်းသားလည်း အရှင်ဒေဝဒတ် စကားကိုယုံစားပြီး ခမည်းတော်မင်းကြီးကို သတ်၍ မင်းလုပ်ရန်ကြံစည်လေတော့၏။ ခမည်းတော်မင်းကြီး သိရှိသွားသောအခါ မင်းအဖြစ်ကို လွှဲအပ်ပေးလိုက်လေသည်။

မင်းအဖြစ်ကို ရရှိပြီးနောက် အဇာတသတ်မင်းကို အရှင်ဒေဝဒတ်က “သင်ဟာ လုပ်ရမယ့်ကိစ္စ မပြီးသေးဘဲ ပြီးပြီလို့ ထင်နေတယ်၊ သင် တစ်ခု သိထားရမှာက ... သင့်ဖခင်ကြီး အသက်ရှင်နေခြင်းဟာ သင့်အတွက် အန္တရာယ် ပဲ၊ အချိန်မရွေး သင့်ရဲ့ ထီးနန်းစည်းစိမ် ပြန်ဆုံးရှုံးသွားနိုင်တယ်”ဟု ခြိမ်းခြောက် ပြောဆို၏။ ထိုအခါ အဇာတသတ် မင်းသည် ဖခင်ကြီးကို ချုပ်နှောင်ထားလိုက်လေ၏။

ထိုအချိန်မှစ၍ ဝေဒေဟီမိဖုရားမှတစ်ပါး မည်သူ့ကိုမျှ ခမည်းတော်ကြီးနှင့် တွေ့ခွင့် မပေးတော့ပေ။ အစပိုင်း၌ မိဖုရားကြီးသည် အစာအာဟာရတို့ကို ရွှေခွက်ဖြင့်သယ်ယူ၍ မင်းကြီးအား ကျွေး၏။ ဤကဲ့သို့ အစာအာဟာရ ကျွေးသည်ကို အဇာတသတ်မင်း သိသွားသောအခါ ပိတ်ပင်တားမြစ်လေသည်။ ထိုအခါ ဆံထုံးကြား၊ ဖိနပ်ကြားတို့၌ ဝှက်၍ သယ်ကာ အစာအာဟာရတို့ကို ကျွေးပြန်၏။ အဇာတသတ်မင်း သိသွားသောအခါ ပိတ်ပင်လိုက်ပြန်သည်။ နောက်ဆုံးတွင် မိဖုရားကြီးသည် စတုမဓုတို့ဖြင့် ကိုယ်ကိုသုတ်လိမ်းကာ အပေါ်ရုံကို ဝတ်၍ဝင်၏။ မင်းကြီးလည်း ဆာလောင် မွတ်သိပ်နေသောကြောင့် မိဖုရားကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ စတုမဓုတို့ကို လျှာဖြင့်လျက်၍ အသက်ဆက်နေ၏။ ထိုသို့ ပြုလုပ်ခြင်းကို သိသောအခါ မိဖုရားကို မဝင်ရန် ပိတ်ပင်လိုက်၏။ သို့သော် မင်းကြီးသည် သောတာပတ္တိဖိုလ်ချမ်းသာကို ခံစား၍ စင်္ကြံလျှောက်နေလေရာ ကိုယ်ခန္ဓာသည် ကြည်လင်တောက်ပလျက် ရှိနေ၏။ နောက်ဆုံးတွင် မင်းကြီး လမ်းမ လျှောက်နိုင်စေရန် ခြေဖဝါးကို ဓားဖြင့်ခွဲစေကာ ဆီဆားတို့နှင့် သုတ်လိမ်းစေလျက် မီးရဲရဲ၌ ကင်စေ၏။ ထိုညတွင် မင်းကြီးသည် ဆင်းရဲဒုက္ခအမျိုးမျိုးကို ခံစားခဲ့ရပြီး နတ်ရွာစံသွားရရှာလေသည်။

ထိုအချိန်၌ပင် အဇာတသတ်မင်း၏ မိဖုရားကလည်း သားဦးလေးကို ဖွားမြင်လေ၏။ သို့ဖြစ်၍ ပုရောဟိတ် ပုဏ္ဏားတို့တွင် အဇာတသတ်မင်းအား ဆက်သရန် စာချွန်လွှာနှစ်စောင် ရှိနေသည်။ တစ်စောင်က အမင်္ဂလာသတင်း ဖြစ်ပြီး တစ်စောင်က မင်္ဂလာသတင်းဖြစ်၏။ ထို့ကြောင့် ပုရောဟိတ်တို့သည် မည်သည့်စာချွန်လွှာကို ရှေးဦးစွာ ဆက်သ မည်နည်းဟု အချင်းချင်း တိုင်ပင်ကြ၏။ နောက်ဆုံးတွင် မင်္ဂလာသတင်း စာချွန်လွှာကို ဦးစွာဆက်သကြမည်ဟု သဘောတူလိုက်ကြသည်။

အဇာတသတ်မင်းသည် မင်္ဂလာသတင်း စာချွန်လွှာကို ဖတ်ပြီးသည်နှင့်တစ်ပြိုင်နက် သားအပေါ်၌ သူ၏ ချစ်စိတ်သည် ရိုးတွင်းခြင်ဆီအထိ ထိခိုက်သွား၏။ ထိုချစ်စိတ်ကြောင့် ဖခင်ချင်းကိုယ်ချင်းစာတတ်လာပြီး ထောင်သွင်း အကျဉ်းချထားသော ဖခင်ကြီးကိုလည်း ချက်ချင်းလွှတ်ရန် အမိန့်ပေးလိုက်၏။ ထိုအခါ ပုရောဟိတ်တို့လည်း ဒုတိယ အမင်္ဂလာသတင်း စာချွန်လွှာကို ဆက်သလိုက်ရာ အဇာတသတ်မင်းလည်း ယူကျုံးမရဖြစ်ကာ ငိုယိုလျက် မိခင် ဝေဒေဟီမိဖုရားထံ ပြေးသွား၍ “မယ်တော် ... အကျွန်ုပ်ရဲ့ ခမည်းတော်ဟာ အကျွန်ုပ်ငယ်စဉ်က အကျွန်ုပ်ကို ချစ်ခင် မြတ်နိုးခဲ့ပါသလား” ဟု မေးလေ၏။

ထိုအခါ ဝေဒေဟီမိဖုရားက “ဟယ် သားမိုက် ... ဘယ်လို ပြောလိုက်တာလဲ၊ မင်းငယ်စဉ်က လက်ချောင်းမှာ “ခူနာ” လို့ခေါ်တဲ့ အနာတစ်ခုပေါက်တယ်၊ အနာပြည်ကိုက်လို့ မင်းက အမြဲငိုနေတယ်၊ ငိုတာမှ ဘယ်သူမှ ချော့မရဘူး၊ ဒီတော့ တရားသဘင်မှာ ရောက်နေတဲ့ မင့်ဖခင် ဘုရင်ကြီးဆီ ခေါ်သွားကြတယ်၊ မင့်ဖခင်က အနာရှိတဲ့ မင့်လက် ချောင်းကို သူ့ရဲ့ အာခံတွင်းထဲမှာ ငုံထားတော့မှ မင်းအငိုတိတ်ပြီး အိပ်သွားတယ်၊ ခဏကြာတဲ့အခါ အနာဟာ မင့်ဖခင်ရဲ့ အာခံတွင်းထဲမှာပဲ ပေါက်သွားတယ်၊ မင့်ဖခင်ဟာ မင်းနိုးသွားမှာစိုးလို့ သွေးပုပ်ပြည်ပုပ်တွေကို ထွေးမပစ်ဘဲ မျိုချလိုက်တယ်။ မင့်ဖခင်ဟာ မင့်ကို အဲဒီလောက်ထိ ချစ်ခဲ့တယ်”ဟု ပြန်ပြောလိုက်လေသည်။

ထိုအခါ အဇာတသတ်မင်းလည်း ဖခင်ဘုရင်ကြီး၏ ကျေးဇူးတရားတို့ကို တစိမ့်စိမ့်တွေး၍ အကြီးအကျယ် နောင်တရကာ ရှိုက်ကြီးတငင်ငိုကြွေးလေတော့၏။ ပြန်ပြင်၍ မရနိုင်သော သူ၏အမှားအတွက် စိတ်သက်သာရာရစေ ရန် ခမည်းတော်ကြီး၏ ရုပ်ကလာပ်တော်ကို ကောင်းမွန်စွာ ပူဇော်သင်္ဂြိုဟ်လေသည်။

နောက်ပိုင်းတွင် အဇာတသတ်မင်းသည် မြတ်စွာဘုရားရှင်ထံမှ သာမညဖလသုတ်တော်ကို ကြားနာရပြီး ရတနာသုံးရပ်ကို ကိုးကွယ်ဆည်းကပ်သော ဥပါသကာစစ်စစ် ဖြစ်လာခဲ့လေသည်။

မှီငြမ်း။ ။ အဇာတသတ်မင်းဝတ္ထု၊ ဓမ္မပဒအဋ္ဌကထာ မြန်မာပြန်၊ ဓမ္မပဒဝတ္ထု၊ ပဉ္စမတွဲ။ ၂၉၆-၃၀၄၊ ဒီ၊ဋ္ဌ၊၁၊၁၂၂။

֍ ကလေးများအား အောက်ပါမေးခွန်းများကို မေးပါ။

-မြတ်စွာဘုရားရှင် လက်ထက်က မဂဓတိုင်းကို အုပ်ချုပ်တဲ့ ဘုရင်ကြီးနဲ့ မိဖုရားကြီးတို့က ဘယ်သူတွေလဲ။
-မိဖုရားကြီး ကိုယ်ဝန်ရှိလာချိန်မှာ ဘယ်လို ချင်ခြင်း ပြင်းပြင်းပြပြ ဖြစ်ခဲ့သလဲ။
-မိဖုရားကြီးရဲ့ မွေးဖွားလာမယ့်ကလေးကို ပုရောဟိတ်ပုဏ္ဏားတို့က ဘယ်လို နိမိတ်ဖတ်ခဲ့သလဲ။
-မင်းသားလေးကို ဘာ့ကြောင့် “အဇာတသတ်” လို့ အမည်ပေးခဲ့တာလဲ။
-အရှင်ဒေဝဒတ်က အဇာတသတ်မင်းသားကို ဘယ်လို စည်းရုံးခဲ့သလဲ။
-အဇာတသတ်မင်းသားက ဖခင်ကို ဘယ်လို ပြုမူခဲ့သလဲ။ ဘာကြောင့်လဲ။
-ဝေဒေဟီ မိဖုရားကြီးက ဗိမ္ဗိသာရမင်းကြီးကို ဘယ်လို ပြုစုခဲ့သလဲ။
-သားဦးလေး ဖွားမြင်တဲ့သတင်း ကြားရတဲ့အခါ အဇာတသတ်မင်း ဘယ်လိုခံစားခဲ့ရသလဲ။
-အဇာတသတ်မင်းဟာ ဖခင်ကြီး သေဆုံးသွားပြီဖြစ်ကြောင်း သိရတဲ့အခါ ယူကျုံးမရ ဖြစ်သွားပြီး မိခင်ကို ဘာတွေ မေးခဲ့သလဲ။ မိခင်က ဘယ်လို ဖြေခဲ့သလဲ။
-အဇာတသတ်မင်းဟာ နောက်ဆုံး ဘယ်လိုဖြစ်သွားခဲ့သလဲ။
-ဗိမ္ဗိသာရမင်းကြီးဟာ ဘယ်လို ဖခင်မျိုးလို့ ထင်သလဲ။ ဘာကြောင့်လဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ဆရာက “ဗိမ္ဗိသာရမင်းကြီးဟာ သားတော်အဇာတသတ်ကို ဖခင်တစ်ယောက်အနေနဲ့ မေတ္တာထားပြီး ဘယ်လို လုပ်ဆောင်ပေးခဲ့သလဲ”ဟု မေး၍ စာသင်ချိန်ကို စတင်ပါ။ ကလေး ၃/၄-ဦးခန့် ပြောပါစေ။

֍ “သားတို့သမီးတို့ရဲ့ အဖေတွေကရော သားတို့သမီးအပေါ် မေတ္တာမထားကြဘူးလား၊ မေတ္တာထားတဲ့အနေနဲ့ ဘာတွေ လုပ်ဆောင်ပေးသလဲ”ဟု မေး၍ ကလေး ၃/၄-ဦးခန့်ကို ပြောပါစေ။

֍ ထို့နောက် ဆရာက “သားတို့သမီးတို့ရဲ့ အဖေက လုပ်ဆောင်ပေးခဲ့တဲ့ ပျော်ရွှင်ဖွယ် အမှတ်ရစရာ တစ်ခုကို မှတ်စု စာအုပ်ထဲတွင် ရေးပါ”ဟု ပြော၍ ရေးကြပါစေ။

֍ ကလေးများ ရေးပြီးပါက မိမိတို့ ရေးထားသော အကြောင်းအရာများကို အလှည့်ကျ ပြောပြကြပါစေ။

֍ ကလေးအားလုံး ပြောပြီးနောက် သားတို့သမီးတို့အပေါ် အဖေက လုပ်ဆောင်ပေးခဲ့တဲ့ ပျော်စရာ အမှတ်တရတွေကို အမြဲသတိရပြီး၊ သားတို့သမီးတို့ကလည်း အဖေကို ပြန်ပြီးပျော်ရွှင်အောင် လုပ်ဆောင်ပေးပါ၊ အဖေစိတ်ချမ်းသာ အောင် နေထိုင်ဖို့ လိုတယ်”ဟု ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ လမ်းပြကြယ် ဖေဖေ ကဗျာ၊ စာရွက်လွတ်များ၊ ရောင်စုံစက္ကူ၊ ကတ်ကြေး၊

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ ... အဖေလုပ်ဆောင်ပေးခဲ့တဲ့ ပျော်ရွှင်ဖွယ် အမှတ်တရလေးတွေကို ပြောပြီးပြီဆိုတော့ အဖေရဲ့ မွေးနေ့၊ အဖေများနေ့တွေမှာ ကလေးတို့အနေနဲ့ အမှတ်တရ ဘာတွေပြန်ပြီး လုပ်ပေးချင်သလဲ”ဟု ကလေးများ ကိုမေးပါ။ ကလေးများ ပြောပြသောအချက်များကို ဆရာက သင်ပုန်းတွင် မှတ်တမ်းတင်ပေးပါ။ (အဖေများနေ့ကို ၁၉၁၀ ခုနှစ်၊ ဇွန်လ ၁၉-ရက်နေ့က စတင် ကျင်းပခဲ့သည်။)

֍ ပြီးနောက် ဆရာက ကလေးများအား “အဖေကို ပေးချင်သော အမှတ်တရ လက်ဆောင်”ကို ကလေးတို့ကိုယ်တိုင် ပြုလုပ်ထားသော လက်ရာ (ပုံဆွဲ၊ ပို့စကတ်၊ စက္ကူခေါက်ရုပ်၊ စက္ကူ၊ ဖြတ်ညှပ်ဆက် ... စသည်) ကြိုက်နှစ်သက်ရာ ပြုလုပ်ကြပါစေ။ ဆရာကလည်း ကလေးများနဲ့ အတူတူ လိုက်လုပ်ပါ။

֍ ကလေးများ၏ အရုပ်များဘေးတွင် အဖေကို ကလေးများ ပြောပြချင်သောစာများ ရေးကြပါစေ။ အိမ်ရောက်လျှင် ဒီနေ့ ဓမ္မစကူးလ်မှာ ဖခင်မေတ္တာ သင်ခန်းစာကို သင်ခဲ့ရကြောင်း၊ အဖေ့အတွက် အမှတ်တရလက်ဆောင် ကိုယ်တိုင်ပြုလုပ်ခဲ့ရကြောင်း ပြော၍ လုပ်ခဲ့သော လက်ဆောင်ကို အဖေ့အား ရိုရိုသေသေပေးရန် ဆရာကမှာ လိုက်ပါ။

֍ နောက်ဆုံးတွင် “လမ်းပြကြယ် ဖေဖေ” ကဗျာကို သီဆိုပြီး သင်ခန်းစာကို အနှစ်ချုပ်ပါ။

လမ်းပြကြယ် ဖေဖေ

ဖေဖေ့ကိုပင် အလွန်ရိုသေ ... ကျေးဇူးကြီးပါပေ...
စားဝတ်နေရေးတွက် ... တို့ကျန်းမာရေးတွက် ...ငွေရှာပေးလို့နေ
သားသမီးတို့ အပေါ်မှာ ... ထာဝစဉ်သာ ... လမ်းပြတဲ့ကြယ်ပမာ...
အဖေ့မေတ္တာစွမ်းနဲ့ ... တို့ရဲ့ အနာဂတ်ကို ... ပုံဖော်ပေးခဲ့တာ ... ။