ဖန်ခါးသီးရကန်
by ဦးတိုး
2237ဖန်ခါးသီးရကန်ဦးတိုး

တောင်ငူတောင်တွင်း၊ ရမည်းသင်းနှင့်။ ယောထီးလင်းကျေး။ ကလေးသောင်သွတ်။ အက္ကပတ်မျည်းတဲ၊ သံတွဲရခိုင်။ နန့်ကြိုင်နန့်စိန်။ ပုသိန်မြောင်းမြ။ ဒလဒေါပုံ။ သံလျှင်နှင့်ဒဂုဏ်။ ရန်ကုန်ပိုင်ကြုံး။ မိုင်းလုံးမိုးမြင်း။ မိုးရင်းမိုးထား။ ခုရေ၍ သွားသမျှ။ ပယ်ခြားနယ်စပ်။ ရေမြေရပ်မှာ။ ပင်ပျပ်ပင်စောက်။ ကိုယ်စီရောက်သမျှ။ လုံးပေါက်လုံးဝန်း။ လုံးချွန်းလုံးတိ။ လုံးပိလုံးပု။ ကြဇူဖန်ခါး။ ခဲလားမဲလား။ သဲ့သဖန်းခါး။ လွမ်းစရာ့သဖန်းခါး။ အသားကျွပ်စံ့။ အသားညံ့။ အနံ့မွှေး။ အလုံးသေး။ အပွေးစွန်း။ အရည်ရွှန်း။ မော်ကွန်းထိုးထိုက်။ သိကြားပင်စိုက်ကရော့ထင့်။ စိတ်ကြိုက်ကိုယ်စီ။ အကောင်းညီ အောင်။ နီပြန်သောဝါပြန်သောလို့။ ထောပနာသ။ ချီးမွမ်းကြသော်လည်း။ ရသကြက်သရေ။ မကွေးမြေက။ ငွေဖန်ခါး ရွှေဖန်ခါး ပတ္တမြားဖန်ခါး။ ငွေအလားရွှေအလား။ ပတ္တမြားအလား။ နန်းမှာသား ဆန်းရာသား။ ရွှေပေါ်မှာထားရသည့်။ မင်းစားလုံးသေး။ ဖန်ခါးမကွေး။ နတ်ပြည်မွှေးကို၊ ယောကျေးရှမ်းပြေ။ မွန်ရိုင်းမြေများက၊ ဖန်ခါးလေဖန်ခါးလွင့်။ သင့်ဂုဏ်နှင့်ဝင့်ကတဲ။ ရာမင့်လက်ရွေး။ မကွေးတွင် ဖေးရော့မည်။ ဉာဏ်အတွေးရှိ။ အရိပ်ကို သိကြရော့။ ဓိပတိခေါင်ဖျား။ အထွဋ်ကယ်ထားပေသည့်၊ ရွှေဖန်ခါးတွင်မှ။ ဖန်ခါးတကာ့မင်းဖြစ်သည်။ ။

This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.