ဖိနပ်လှူသည့် သူဌေးကြီး
သင်ခန်းစာ (၂၁) ဖိနပ်လှူသည့် သူဌေးကြီး
ပြင်ဆင်ရန်ရှေးလွန်လေပြီးသောအခါက မောဠိနီပြည်တွင် အလွန်ချမ်းသာကြွယ်ဝ၍ အလှူဒါနပြုရန် ထက်သန်သော သူဌေးကြီးတစ်ဦး ရှိ၏။ သူဌေးကြီးသည် မြို့တံခါးလေးခုတွင် အလှူမဏ္ဍပ်လေးခု၊ မြို့လယ်တွင်တစ်ခု၊ မိမိအိမ်ရှေ့တွင် တစ်ခု၊ စုစုပေါင်း မဏ္ဍပ်ခြောက်ခု ဆောက်၍ နေ့စဉ် အသပြာ ခြောက်သိန်းဖိုး လှူဒါန်းလေ့ရှိသည်။
တစ်နေ့တွင် သူဌေးကြီးသည် “ငါ့အိမ်မှာ ပစ္စည်းဥစ္စာတွေ ကုန်သွားရင် ဒီလိုလှူနိုင်တော့မှာ မဟုတ်ဘူး၊ ပစ္စည်းဥစ္စာတွေ မကုန်ခင် စီးပွားရှာထွက်ဦးမှပဲ”ဟု တွေးမိ၍ သုဝဏ္ဏဘူမိသို့ ကုန်ရောင်းကုန်ဝယ် သွားရန် စီစဉ်လေ၏။ ထို့နောက် မိသားစုကို ခေါ်၍ “ငါ သုဝဏ္ဏဘူမိကို သွားမယ်၊ ငါခရီးသွားနေစဉ် နေ့စဉ်ပြုနေကျ အလှူဝတ်ကို မပျက်ပါစေနဲ့”ဟု မှာကြားကာ ဖိနပ်ကို စီး၊ ထီးကိုဆောင်းလျက် နောက်ပါအခြွေအရံများနှင့်အတူ သင်္ဘောဆိပ်သို့ ထွက်ခဲ့သည်။
ထိုအချိန်တွင် ပစ္စေကဗုဒ္ဓါတစ်ပါးသည် သမုဒ္ဒရာအတွင်း၌ သူဌေးကြီး အန္တရာယ် ကျရောက် မည်ကို ကြိုမြင်သည့်အတွက် “ဒီသူဌေးကြီးဟာ ထီး၊ ဖိနပ်တို့ကို ငါ့အား လှူခဲ့ရင် အဲဒီအန္တရာယ်က လွတ်ကင်းနိုင်လိမ့်မယ်၊ သူဟာ သူတော်ကောင်းယောက်ျားမြတ် ဖြစ်တယ်၊ သူ့ကို ငါ ကယ်မှဖြစ် မယ်”ဟု ဆုံးဖြတ်၍ သဲပူလမ်းပေါ်တွင် ဖိနပ်မပါဘဲ ကြွလာလေ၏။ ဤသို့ကြွတော်မူလာသော ပစ္စေကဗုဒ္ဓါကို ဖူးမြင်ရသဖြင့် သူဌေးကြီးသည် “ငါ ခရီးမထွက်ခင် ကုသိုလ်မျိုးစေ့သဖွယ်ဖြစ်တဲ့ အလှူခံကို တွေ့ပြီ”ဟု တွေးကာ အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားလေသည်။
သို့ဖြစ်၍ သူဌေးကြီးသည် ပစ္စေကဗုဒ္ဓါထံ ချဉ်းကပ်၍ “အရှင်ဘုရား ... တပည့်တော်ရဲ့ အလှူ ကို လက်ခံတော်မူပါဘုရား”ဟု လျှောက်တင်၏။ ထို့နောက် ပစ္စေကဗုဒ္ဓါ၏ ခြေတော်အစုံကို ရေဖြင့် စင်ကြယ်အောင် ဆေးကြော၍ နံ့သာဆီဖြင့် သုတ်လိမ်းပေး၏။ လှူမည့်ဖိနပ်ကိုလည်း အဝတ်ဖြင့် သန့်စင် အောင် သုတ်ကာ ပစ္စေကဗုဒ္ဓါ၏ ခြေတော်အစုံတွင် ဝတ်ဆင်လှူဒါန်း၏။ ပြီးလျှင် “အရှင်ဘုရား . ဒီဖိနပ်ကိုစီးပြီး ဒီထီးကို ဆောင်းကာ ခရီးဆက်ပါ”ဟု လျှောက်ထား၍ ထီးကိုလည်း လှူလိုက်သည်။ ပစ္စေကဗုဒ္ဓါလည်း သူဌေးကြီး၏ အလှူကို ဝမ်းမြောက်စွာ လက်ခံ၍ မိမိအလှူအတွက် သူဌေးကြီး ကြည်ညိုသဒ္ဓါ ပွားများနိုင်စေရန် သူဌေးကြီး၏ ရှေ့၌ပင် တန်ခိုးဖြင့် ကောင်းကင်သို့ ကြွသွားတော်မူ၏။ သူဌေးကြီးသည် ပစ္စေကဗုဒ္ဓါအပေါ် ကြည်ညိုစိတ်များ ယိုဖိတ်လျက် ပင်လယ်ပြင် ခရီးကို ဆက်ခဲ့သည်။ ခုနစ်ရက်မြောက်သော နေ့တွင် သင်္ဘောပျက်၍ သင်္ဘောပေါ်ပါလာသူ ခရီးသည်၊ ကုန်သည်များ ဒုက္ခရောက်ကြရ၏။ အသားစား ပင်လယ်သတ္တဝါများ စားသည်ကို ခံကြရ၏။ အချို့ မှာ သေဘေးကို ကြောက်ရွံ့လှသဖြင့် မိမိတို့ကိုးကွယ်ရာ နတ်ဘုရားများကို တိုင်တည်၍ ငိုကြွေး မြည်တမ်းကြသည်။ သူဌေးကြီးနှင့် သူ၏ အလုပ်အကျွေးတို့သည် ခန္ဓာကိုယ် တစ်ခုလုံးကို ဆီဖြင့် သုတ်လိမ်း၍ ထောပတ်မုန့်များကို အဝစားကြ၏။ စားပြီးသည်နှင့် တစ်ပြိုင်နက် ရွက်တိုင်ထိပ်သို့ တက် ကာ “ဒီဘက် အရပ်မျက်နှာမှာ ငါတို့ မြို့ ရှိလိမ့်မယ်”ဟု မှန်းဆ၍ ခုန်ချလိုက်ကြရာ အသားစားသော ပင်လယ်သတ္တဝါတို့၏ ရန်မှ လွတ်လေ၏။ သို့သော်လည်း သမုဒ္ဒရာအတွင်း၌ ခုနစ်ရက်ပတ်လုံး ကူးခပ်ကြရသည်။
သူဌေးကြီးသည် ပင်လယ်ထဲ၌ ဆားငန်ရေဖြင့် ပလုတ်ကျင်း၍ ခုနစ်ရက်ပတ်လုံး ဥပုသ်စောင့် ၏။ ထိုအချိန်တွင် သီလစင်ကြယ်သော သူတော်ကောင်းများကို ကယ်တင်ရန် တာဝန်ပေးအပ်ခြင်း ခံထားရသည့် မဏိမေခလာ ပင်လယ်စောင့်နတ်သမီးသည် နတ်စည်းစိမ် ခံစားနေသည့်အတွက် သူတော် စင်သူဌေးကြီး ဒုက္ခရောက်နေသည်ကို မသိလိုက်ပေ။ သူဌေးကြီး ပင်လယ်ထဲတွင် ကူးခတ်၍ ခုနစ်ရက် မြောက်သောနေ့တွင် နတ်သမီးက ပင်လယ်ကို ကြည့်လိုက်သောအခါ သူဌေးကြီး ဒုက္ခရောက်နေ သည်ကို တွေ့ရ၏။ ထိုအခါနတ်သမီးသည် “ဒီသူတော်ကောင်းကို မကယ်ရင် နတ်ကောင်း နတ်မြတ် တွေက ငါ့ကို ကဲ့ရဲ့ကြတော့မယ်”ဟု တွေးမိသဖြင့် အရသာနှင့် ပြည့်စုံသော နတ်သုဒ္ဓါကို ရွှေခွက်ဖြင့် ယူဆောင်လျက် သူဌေးကြီးအား သုံးဆောင်စေသည်။
ထိုအခါ သူဌေးကြီးသည် ဥပုသ်စောင့်ထားသည့်အတွက် မစားလိုကြောင်း ငြင်းပယ်လေ၏။ ထို့ကြောင့် နတ်သမီးက “သူဌေးကြီး... ဒီလိုဆိုရင် ဘာကို တောင့်တပါသလဲ၊ ကျွန်မ ဖြည့်ဆည်းပေးပါ့မယ်”ဟု ပြောလျှင် သူဌေးကြီးက “နတ်သမီး ... သင် ဒီလိုဖြည့်ဆည်းပေးနိုင်တာ သင့်ရဲ့ တန်ခိုးကြောင့်လား၊ ကျွန်ုပ်ရဲ့ ကောင်းမှုကုသိုလ်တွေကြောင့်လား”ဟု မေးလေ၏။
ထိုအခါ နတ်သမီးက “ခရီးမထွက်ခင် ပစ္စေကဗုဒ္ဓါတစ်ပါးကို ထီး၊ ဖိနပ်လှူခဲ့တဲ့ အသင့်ရဲ့ ကောင်းမှုကုသိုလ်ကြောင့် ဖြစ်တယ်”ဟု ဖြေကြား၏။ ထိုအခါ သူဌေးကြီးက “ကောင်းပြီ၊ ဒါဆိုရင် လေနှင်ရာကို ကောင်းကောင်း ဆောင်နိုင်ပြီး ရေမဝင်နိုင်တဲ့ ရွက်သင်္ဘောတစ်စီး လိုချင်ပါတယ်”ဟု တောင်းဆိုလိုက်၏။ ထိုအခါ နတ်သမီးသည် ရတနာခုနစ်ပါးဖြင့် စီခြယ်ထားသော သင်္ဘောတစ်စီးကို ဖန်ဆင်းပေးကာ သူဌေးကြီးကို သင်္ဘောပေါ်သို့ တင်ပေးလိုက်လေ၏။ သူဌေးကြီးနှင့်အတူ အသက်ရှင် ကျန်ရစ်သော တပည့်တစ်ယောက်မှာ မတက်နိုင်ဘဲ ဖြစ်နေရာ သူဌေးကြီးက မိမိပြုလုပ်ခဲ့သော ကောင်းမှုကုသိုလ်ကို အမျှပေးဝေလိုက်သည်။ ထိုအခါ တပည့်သည် သာဓု ခေါ်ဆို၍ ကုသိုလ်အမျှ ရကာ သင်္ဘောပေါ်သို့ တက်နိုင်သွား၏။ ထို့နောက် သူဌေးကြီးနှင့်တပည့်တို့သည် မိမိတို့နေထိုင်ရာ မောဠိနီမြို့သို့ ပြန်ခဲ့ကြလေတော့သည်။