ဗမာနိုင်ငံတော် အုပ်ချုပ်ရေးစည်းမျဉ်းပြုလုပ်သော ဥပဒေ
ဥပဒေအမှတ် ၁။
ဗမာသက္ကရာဇ် ၁၃၀၅ ခုနှစ်
အုပ်ချုပ်မှုစီမံရေးအဖွဲ့အဖြစ်ဖြင့်၊ ယခုစည်းဝေးလျက်ရှိသော ဗမာ့လွတ်လပ်ရေးစီစဉ်ရေးအဖွဲ့၏ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည်၊ နိုင်ငံသူနိုင်ငံသားတို့၏ ဥပဒေပြုရန် အချုပ်အခြာအာဏာကို နိုင်ငံသူနိုင်ငံသားတို့၏ကိုယ်စား အသုံးပြု၍၊ အောက်ပါအတိုင်းစည်းမျဉ် ဥပဒေတရပ်ကို အမိန့်ချမှတ်ပြု လုပ်လိုက်သည်။
အောက်ပါအစီအစဉ်တွင်ပါရှိသော စည်းမျဉ်းသည်၊ ဗမာနိုင်ငံတော်၏ အုပ်ချုပ်ရေးစည်းမျဉ်း ဥပဒေဖြစ်ရမည်။
နိုင်ငံတော်။
ပြင်ဆင်ရန်၁။ ။ ဗမာနိုင်ငံတော်သည်၊ လုံးဝလွတ်လပ်၍၊ အချုပ်အခြာအာဏာနှင့်ပြည့်စုံသော နိုင်ငံတော်ဖြစ်ရမည်။
၂။ ။ ဗမာနိုင်ငံတော်သည်၊ မဟာအရှေ့အာရှတိုက်အတူကြီးပွါးရေးနယ်ကြီး တည်ထောင်ကြသော အချုပ် အခြာအာဏာပိုင် နိုင်ငံအစုအသင်းတွင်၊ အခြားနိုင်ငံများနှင့် အခွင့်အရေးတန်းတူရရှိ၍ ပါဝင်သော နိုင်ငံတခုဖြစ်ရမည်။
၃။ ဥပဒေပြုနိုင်၊ အုပ်ချုပ်နိုင်၊ တရားစီရင်နိုင်သော တန်ခိုးအာဏာများနှင့်အစိုးရ၏ တန်ခိုးအာဏာ အားလုံးသည်၊ နိုင်ငံသားတို့ထံမှ သက်ဆင်းသဖြင့်၊ ရရှိသောတန်ခိုးအာဏာများဖြစ်သည်။ ထိုတန်ခိုး အာဏာများကို အောက်ပါစည်းမျဉ်းဥပဒေများအတိုင်း ဆောင်ရွက်ရမည်။
နိုင်ငံတော် အဓိပတိ။
ပြင်ဆင်ရန်၄။ ။ အချုပ်အခြာအာဏာနှင့် ဂုဏ်အဆင့်အတန်းတို့ လုံးဝပြည့်စုံသောနိုင်ငံတော် အဓိပတိသည်၊ ဗမာ နိုင်ငံတော်ကို စိုးမိုးအုပ်ချုပ်ရမည်။
၅။ ။ အုပ်ချုပ်ရေးဥပဒေသစ်တခုအရ၊ ဆောင်ရွက်ခြင်းမပြုမီကာလ အတွင်းတွင်၊ နိုင်ငံတော်အဓိပတိ ရာထူးဆက်ခံသိမ်းပိုက်ရေးကိစ္စကို ရွေးကောက်သောနည်းဖြင့်၊ အကယ်၍တတ်နိုင်ပါက၊ ရာထူးလစ်လပ် သောနေ့မှစ၍ ရက်၃၀အတွင်းတွင်ပြီးမြောက်စေရမည်။ ယင်းသို့ဆောင်ရွက်ရာတွင် အတိုင်ပင်ခံလွှတ် တော် ဥက္ကဋ္ဌကသော်၎င်း၊ ဒုတိယဥက္ကဋ္ဌကသော်၎င်း၊ အကယ်၍ထိုပုဂ္ဂိုလ်နှစ်ဦးမရှိခဲ့သော်၊ အတိုင်ပင်ခံ လွှတ်တော်က ထိုကိစ္စအတွက် ရွေးကောက်တင်မြှောက်သော လွှတ်တော်အမတ်တဦးကသော်၎င်း၊ နာယကပြုသော ဝန်ကြီးအဖွဲ့နှင့် အတိုင်ပင်ခံလွှတ်တော်နှစ်ရပ်၏ တွဲဘက်အစည်းအဝေးက ဆောင် ရွက် ရမည်။
ဝန်ကြီးများအဖွဲ့။
ပြင်ဆင်ရန်၆။ ။ ဝန်ကြီးချုပ်ကြီးမှူးသော ဝန်ကြီးများအဖွဲ့တခု ရှိရမည်။
၇။ ။ နိုင်ငံတော် အဓိပတိသည်၊ ဝန်ကြီးချုပ်၏ ထောက်ခံချက်အရ ဝန်ကြီးများကိုခန့်ရမည်။
၈။ ။ ဝန်ကြီးများအဖွဲ့သည်၊ အဖွဲ့လိုက်လည်းကောင်း၊ တဦးစီလည်းကောင်း၊ နိုင်ငံတော်အဓိပတိအား တာဝန်ခံ၍ နိုင်ငံတော်အုပ်ချုပ်ရေးကို ဆောင်ရွက်ရမည်။
၉။ ။ နိုင်ငံတော်၏ဝန်ကြီးများသည်၊ နိုင်ငံတော်အဓိပတိ နှစ်ခြိုက်ကျေနပ်သမျှ ကာလပတ်လုံး ရာထူး လက်ရှိတည်နေရမည်။
၁၀။ ။ အုပ်ချုပ်ရန်အလို့ငှါ ကျနစွာပြုထားသော နည်းဥပဒေနှင့် စည်းကမ်းဥပဒေများအရ၊ အစိုးရ ကိစ္စတို့ကို ဆောင်ရွက်ရမည်။
အတိုင်ပင်ခံလွှတ်တော်။
ပြင်ဆင်ရန်၁၁။ ။ အများပြည်သူအတွက် အရေးကြီးသော ကိစ္စများနှင့်စပ်လျဉ်း၍၊ အကြံဉာဏ်တောင်းဆိုခဲ့သော်၊ နိုင်ငံတော်အဓိပတိအား အကြံဉာဏ်ပေးရန် အတိုင်ပင်ခံလွှတ်တော်တခု ရှိရမည်။
အောက်ပါကိစ္စများတွင်ကား၊ အတိုင်ပင်ခံလွှတ်တော်၏ အကြံဉာဏ်ကိုတောင်းရမည်။
- (က) အခွန်တော်ကိစ္စ။
- (ခ) နှစ်စဉ်ငွေဝင်၊ငွေထွက်ခန့်မှန်းချက်။
- (ဂ) နိုင်ငံတော်ချေးငွေများ။
- (ဃ) သာမန်ဥပဒေပြုခြင်း။
- (င) စစ်ပြေငြိမ်းရေး စာချုပ်များ၊ ထိုပြင်အတည်မပြုသေးမီ၊ အတည်ပြုချက်လိုသော အခြားစာချုပ်များ၊ သဘောတူညီချက်များနှင့် ပဋိညာဉ်ပြုချက်များ။
၁၂။ ။ အတိုင်ပင်ခံလွှတ်တော်အမတ်ဦးရေမှာ၊ ၂၀ထက်မနည်းရ၊ ၂၅ ထက်လည်းမများရ။
၁၃။ ။ အတိုင်ပင်ခံလွှတ်တော်သည်၊ အကြံဉာဏ်ပေးအဖွဲ့ဖြစ်ရမည်။
၁၄။ ။ နိုင်ငံတော်အဓိပတိသည်၊ ဝန်ကြီးများအဖွဲ့နှင့် တိုင်ပင်ပြီးနောက်၊ အတိုင်ပင်ခံလွှတ်တော်အမတ် များကိုခန့်ရမည်။
၁၅။ ။ ဝန်ကြီးများသည်၊ အတိုင်ပင်ခံလွှတ်တော်အမတ်များမဟုတ်သော်လည်း၊ အတိုင်ပင်ခံလွှတ်တော် အစည်းအဝေးများ၌၊ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိရမည်။
၁၆။ ။ အတိုင်ပင်ခံလွှတ်တော်၌၊ လွှတ်တော်အမတ်များက ရွေးကောက်တင်မြှောက်သော ဥက္ကဋ္ဌတဦးနှင့် ဒုတိယဥက္ကဋ္ဌတဦးရှိရမည်။
၁၇။ ။ အတိုင်ပင်ခံလွှတ်တော်အမတ်များသည်၊ သက်ကြီးဝါရင့်၊ နိုင်ငံအုပ်ချုပ်ရေးသုခမိန်တို့၏ အရည်အချင်းမျိုးနှင့် ပြည်စုံသောသူများဖြစ်ရမည်။
- (က) အသက်မှာအနည်းဆုံး ၄၀ ဖြစ်ရမည်။
- (ခ) အများပြည်သူ၏ အကျိုးစီးပွါးကို ဆောင်ရွက်ဘူးရမည်။ သို့တည်းမဟုတ် လုပ်ရည်ကြံရည် သော်၎င်း၊ ပညာအရည်အချင်းသော်၎င်း၊ ထူးချွန်သောကြောင့်၊ တိုင်းပြည်နိုင်ငံ၏ အရေးကြီးသောလုပ် ငန်းများအတွက် ကိုယ်စားလှယ်အဖြစ်ဖြင့်၊ ဆောင်ရွက်နိုင်သောသူများဖြစ်ရမည်။
၁၈။ ။ အတိုင်ပင်ခံလွှတ်တော်သည်၊ လွှတ်တော်လုပ်ငန်းကို ဆောင်ရွက်ရန်နှင့်၊ အစီအစဉ်ကျနစွာရှိစေ ရန်၊ နည်းဥပဒေများကိုနိုင်ငံတော် အဓိပတိ၏ သဘောတူညီချက်ကို အထောက်အထားပြု၍ လုပ်ရမည်။
ဥပဒေပြုခြင်း။
ပြင်ဆင်ရန်၁၉။ ။ ဥပဒေပြုရန်တာဝန်သည်၊ နိုင်ငံတော်အဓိပတိ၏ တာဝန်ဖြစ်ရမည်။ အဓိပတိသည်၊ သာမန်အား ဖြင့်ထိုတာဝန်ကို ဝန်ကြီးများအဖွဲ့နှင့် တိုင်ပင်ပြီးနောက် ဆောင်ရွက်ရမည်။
၂၀။ ။ သာမန်ဥပဒေပြုမှုကိစ္စတွင်၊ ဝန်ကြီးများအဖွဲ့သည် အဓိပတိအား၊ အကြံဉာဏ်မပေးမီ၊ အတိုင်ပင်ခံ လွှတ်တော်၏ ထင်မြင်ချက်များကို ရှေးဦးစွာတောင်းယူရမည်။
၂၁။ ။ သို့ရာတွင် သာမန်မဟုတ်သော ဥပဒေပြုမှုကိစ္စတွင် ဝန်ကြီးများအဖွဲ့သည် အတိုင်ပင်ခံလွှတ်တော် ကိုမတိုင်ပင်ဘဲ ဆောင်ရွက်နိုင်သည်။
- ရှင်းလင်းချက်။ ။သာမန်မဟုတ်သော ဥပဒေပြုမှုသည် နိုင်ငံသူနိုင်ငံသားအများ၏ ဘေးရန်ကင်းမှုတည်တံ့အောင် စောင့် ရှောက်ရေးကိစ္စနှင့်သော်၎င်း၊ နိုင်ငံသူနိုင်ငံသားများ၏ ဘေးရန်အန္တရာယ်ကို ကာကွယ်ရေးကိစ္စနှင့်သော် ၎င်း၊ စစ်မက်ရေးရာကြောင့် သေရေးရှင်ရေးတမျှ အရေးကြီးလှသောကိစ္စများနှင့်သော်၎င်း သက်ဆိုင်စေ ရမည်။
၂၂။ ။ တိုင်းသူပြည်သားတို့၏ လွတ်လပ်မှုများကို ချုပ်ချယ်သောသာမန်မဟုတ်သည့် ဥပဒေအားလုံးကို စစ်ပြီးငြိမ်းသောအခါ မြန်နိုင်သမျှအမြန်ဆုံး ပြန်လည်စီစစ်ရမည်။
၂၃။ ။ ဤအုပ်ချုပ်ရေး စည်းမျဉ်းဥပဒေအရ၊ စတင်မဆောင်ရွက်မီ၊ ဗမာနိုင်ငံ၌ အတည်ဖြစ်လျက်ရှိနေ သောဥပဒေများအားလုံးသည်၊ ဤအုပ်ချုပ်ရေး စည်းမျဉ်းဥပဒေနှင့်မဆန့်ကျင်သည့် ဆိုင်ရာအာဏာပိုင် များက ပြင်ဆင်ဖြည့်စွက် ပြောင်းလွဲခြင်းမပြုသမျှ ကာလပတ်လုံး၊ ဆက်လက်အတည်ဖြစ်လျက်ရှိရမည်။
ဗမာအမျိုးသားတို့၏ အခြေခံအခွင့်အရေးများ။
ပြင်ဆင်ရန်၂၄။ ။ ကိုယ်ရေးလွတ်လပ်မှု၌ အတားအဆီးအနှောက်အရှက် မရှိစေရ။ ဥပဒေအရမဟုတ်လျှင်၊ မည်သည့် ဗမာအမျိုးသားမျှ မိမိ၏ကိုယ်ရေးလွတ်လပ်မှုကို မဆုံးရှုံးစေရ။
၂၅။ ။ ဥပဒေအရမဟုတ်လျှင်၊ မည်သည့်ဗမာအမျိုးသားမျှ မိမိပိုင်စည်းစိမ်ဥစ္စာကို မဆုံးရှုံးစေရ။
၂၆။ ။ ဗမာအမျိုးသားတိုင်း၏ နေအိမ်သည်အဖျက်အဆီး အနှောင့်အရှက်မှ ကင်းလွတ်စေရမည်။ ဥပဒေ အရမဟုတ်လျှင်၊ မည်သည့်နေအိမ်အတွင်းကိုမျှ အတင်းကျူးကျော် ဝင်ရောက်ခြင်းမပြုရ။
၂၇။ ။ ဗမာအမျိုးသားတိုင်းသည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနှင့် လောကဝတ္တရားတို့ကို ထိခိုက်ပျက်ပြား ခြင်းမရှိစေဘဲ၊ မိမိယုံကြည်သောဘာသာ အယူဝါဒအတိုင်း ကိုးကွယ်ကျင့်ဆောင်နိုင်စေရမည်။
၂၈။ ။ ဗမာအမျိုးသားတိုင်းမှာ တရားဥပဒေအတွင်း လောကဝတ္တရားနှင့် မဆန့်ကျင်စေဘဲ မိမိသဘော ကို လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခြင်း၊ အကြမ်းမဖက်လက်နက်မပါဘဲ စုရုံးစည်းဝေးခြင်း၊ အသင်း အပင်း၊ အစည်းအရုံးဖွဲ့စည်းခြင်းတို့ကို ပြုနိုင်ခွင့်ရှိရမည်။
တရားရုံးတော်များ။
ပြင်ဆင်ရန်၂၉။ ။ ယခုတည်လျက်ရှိသော ဗမာနိုင်ငံတော်၏ တရားလွှတ်တော်သည် ဆက်လက်တည်မြဲရမည်။ ထို့ပြင် ထိုတရားလွှတ်တော်သည် အမှုတွဲမှတ်တမ်း တရားရုံးချုပ်ဖြစ်ရမည်။ ထိုတရားလွှတ်တော်၌ တရားဝန်ကြီးချုပ်တဦးနှင့် နိုင်ငံတော်အဓိပတိက လိုအပ်သည်ထင်သလောက်ခန့်သော တရားဝန်ကြီး များ ပါဝင်ရမည်။
၃၀။ ။ ဥပဒေနှင့် တရားလမ်းမှန်အတိုင်း၊ တရားစီရင်ခြင်းနှင့် တရားရုံးများဖွဲ့စည်းခြင်းတို့သည် အတည် ဖြစ်လျက်ရှိသော ဥပဒေများအတိုင်းဖြစ်ရမည်။
၃၁။ ။ (က) နိုင်ငံတော်အဓိပတိသည် ဝန်ကြီးချုပ်နှင့်သော်၎င်း၊ ဆိုင်ရာဝန်ကြီးနှင့်သော်၎င်း၊ တိုင်ပင်ပြီး နောက်တရားဝန်ကြီးချုပ်ကို ခန့်ရမည်။
- (ခ) နိုင်ငံတော်အဓိပတိသည်၊ ဝန်ကြီးချုပ်နှင့် တရားဝန်ကြီးချုပ်တို့ကိုသော်၎င်း၊ ဆိုင်ရာဝန်ကြီးနှင့် တရားဝန်ကြီးချုပ်တို့ကိုသော်၎င်း၊ တိုင်ပင်ပြီးနောက် အခြားတရားဝန်ကြီးများကို ခန့်ရမည်။
၃၂။ ။ ကျင့်ဝတ်ပျက်ပြားသည်၊ သို့မဟုတ်စိတ်သော်၎င်း၊ ကိုယ်သော်၎င်း၊ မစွမ်းမသန်သည်ဟူသော အကြောင်းထင်ရှားသည့်အတွက်မှတပါး၊ တရားဝန်ကြီးများကို ရာထူးမှနှုတ်ပယ်ခြင်းမပြုရ။
- ရှင်းလင်းချက်။ ။ကျင့်ဝတ်ပျက်ပြားခြင်းဟူသော စကား၏အဓိပ္ပါယ်၌ နိုင်ငံတော်၏အပေါ်တွင် ကျင့်ဝတ်ပျက်ပြားခြင်း လည်းပါဝင်သည်။
၃၃။ ။ တရားဝန်ကြီးအားလုံးသည် အတည်ဖြစ်လျက်ရှိသော ဥပဒေများကိုသာလျှင်၊ လိုက်နာ၍ လွတ် လပ်စွာတရားစီရင်ပိုင်ခွင့်ရှိရမည်။
၃၄။ ။ တရားလွှတ်တော်၏ စီရင်ချက်သည် အမှုတိုင်း၌အယူခံမရှိသော အပြီးသတ်စီရင်ချက်ဖြစ်ရမည်။
၃၅။ ။ တရားမ တရားသူကြီးများနှင့် ရာဇဝတ်တရားသူကြီးများမှာ မိမိတို့တရားစီရင်ပိုင်ခွင့် အာဏာ ပြန့်နှံ့ရာ နယ်ပယ်အတွင်းရှိ လူများအားလုံး၏အပေါ်တွင်၊ အောက်ပါချွင်းချက်များမှတပါး၊ လူမျိုးမရွေး တရားစီရင်ပိုင်ခွင့် အာဏာရှိရမည်။
- ချွင်းချက်များမှာ။
- (က) နိုင်ငံတော်အတွင်းမှာနေသော်လည်း၊ ပြည်ထောင်အချင်းချင်း ဆက်ဆံရေးဥပဒေအရ နိုင်ငံတော် ၏ဥပဒေအာဏာအောက်သို့ မကျမရောက်သော ပုဂ္ဂိုလ်များ၊
- (ခ) စစ်တပ်တရားရုံးမှ အပြစ်ပေးနိုင်သောပြစ်မှုမျိုးကို ကျူးလွန်သည့်လက်နက်ကိုင် ဗမာစစ်တပ်ဝင် များ၊ ထိုပြင်
- (ဂ) ဗမာနိုင်ငံတော်အစိုးရနှင့် နိပွန်နိုင်ငံတော်အစိုးရတို့ ချုပ်ဆိုထားသောစာချုပ်အရ သော်၎င်း၊ ပဋိ ညာဉ်ပြုထားချက်အရသော်၎င်း၊ အခြားနည်းဖြင့်စစ်ဆေးရန် သတ်မှတ်ထားသော စစ်ဘက်ဆိုင်ရာ ပြစ်မှု များကိုကျူးလွန်သည့်လက်နက်ကိုင် မဟာမိတ်စစ်တပ်ဝင်များ။
ဘာသာ။
ပြင်ဆင်ရန်၃၆။ ။ ဗမာဘာသာသည်၊ ဗမာနိုင်ငံတော်သစ်၏ ရုံးသုံးဘာသာဖြစ်ရမည်။
နိုင်ငံတော်ဝန်ထမ်းများ။
ပြင်ဆင်ရန်၃၇။ ။ နိုင်ငံတော်ဝန်ထမ်းအတွက် ရာထူးဟူသမျှသည်၊ နိုင်ငံတော်အဓိပတိမှ သက်ဆင်းကြရောက်ရ မည်။
၃၈။ ။ နိုင်ငံတော်ဝန်ထမ်း ရာထူးဝန်အဖွဲ့တခု ရှိရမည်။ နိုင်ငံတော်အဓိပတိသည်၊ ဝန်ကြီးများအဖွဲ့နှင့် တိုင်ပင်ပြီးနောက်၊ အဖွဲ့ဥက္ကဋ္ဌနှင့်အခြားအဖွဲ့ဝင်များကို ခန့်ရမည်။
၃၉။ ။ ဝန်ကြီးများအဖွဲ့နှင့် တိုင်ပင်ပြီးနောက် ပြုထားသောစည်းကမ်း ဥပဒေများအရ၊ နိုင်ငံတော် အဓိပတိသည်၊ အဖွဲ့ဝင်ဦးရေ၊ ရာထူး၊ သက်တမ်းနှင့်အမှုထမ်း၊ စည်းကမ်းတို့ကို သတ်မှတ်ရမည်။
၄၀။ ။ ဤအဖွဲ့သည် နိုင်ငံတော်အဓိပတိအား တာဝန်ခံရမည်။
၄၁။ ။ ဤအဖွဲ့က ဆောင်ရွက်ရန်ရှိသော ကိစ္စများမှာ၊ကျနစွာပြုထားသော နည်းဥပဒေများနှင့် စည်းကမ်းဥပဒေများအရ၊ လွှဲအပ်ခြင်းခံရသော နိုင်ငံတော်ဝန်ထမ်းနှင့် သက်ဆိုင်သည့်ကိစ္စများ ဖြစ်ရ မည်။
၄၂။ ။ ဤအဖွဲ့မှာ၊ အဖွဲ့လုပ်ငန်းနှင့် ဝတ္တရားတို့ကို လွတ်လပ်စွာဆောင်ရွက်နိုင်ခွင့်ရှိရမည်။
၄၃။ ။ လွတ်လပ်ရေးစတင် တည်ထောင်သောနေ့၌၊ နိုင်ငံတော်အစိုးရ၌သော်၎င်း၊ စည်ပင်ရေးအဖွဲ့များ၌ သော်၎င်း၊ အမှုထမ်းလျက်ရှိသော ဗမာအမျိုးသားအားလုံးသည်၊ ဗမာနိုင်ငံတော်သစ်တွင် ယခင်အခွင့် အရေးနှင့် စည်းကမ်းများအတိုင်း ခန့် ထားပြီးဖြစ်သူများဟူ၍ မှတ်ယူရမည်။ သို့ရာတွင် ထိုသူတို့သည်၊ လွတ်လပ်ရေးစတင်တည်ထောင်ပြီးနောက်၊ နိုင်ငံတော်အဓိပတိက၊ သတ်မှတ်မည်ဖြစ်သောနေ့၌ နိုင်ငံ တော်သစ်၏ သစ္စာတော်ကို ခံယူရမည်။
စာရင်းစစ်နှင့် စာရင်းကိုင်။
ပြင်ဆင်ရန်၄၄။ ။ ဝန်ကြီးချုပ်နှင့်သော်၎င်း၊ ဆိုင်ရာဝန်ကြီးနှင့်သော်၎င်း၊ တိုင်ပင်ပြီးနောက်၊ နိုင်ငံတော်အဓိပတိက ခန့်ထားသော ဗမာနိုင်ငံတော်စာရင်းစစ် အရာရှိချုပ် တဦးရှိရမည်။
၄၅။ ။ စာရင်းစစ်အရာရှိချုပ်၏ အမှုထမ်းစည်းကမ်းများသည်၊ ဝန်ကြီးချုပ်နှင့်သော်၎င်း၊ ဆိုင်ရာဝန်ကြီး နှင့်သော်၎င်း၊ တိုင်ပင်ပြီးနောက်၊ နိုင်ငံတော်အဓိပတိ ပြဋ္ဌာန်းထားသည့်အတိုင်း ဖြစ်ရမည်။ အဓိပတိ၏ သဘောတူညီချက်မရှိဘဲ၊ စာရင်းရှိအရာရှိချုပ်သည်၊ မိမိ၏ရာထူးမှ ရပ်စဲပြီးသည်နောက်၊ ဗမာနိုင်ငံ အတွင်းတွင်၊ အခြားရာထူးတခုခုကို ထပ်မံလက်ခံနိုင်ခွင့်မရှိစေရ။
၄၆။ ။ ဗမာနိုင်ငံတော်အစိုးရ၏ ငွေစာရင်းများကို၊ အဓိပတိ၏ သဘောတူညီချက်နှင့် စာရင်းရှိအရာရှိ ချုပ်က သတ်မှတ်သောနည်းလမ်းအတိုင်း ထားရှိစေရမည်။
၄၇။ ။ ဗမာနိုင်ငံတော်အစိုးရ၏ ငွေစာရင်းများနှင့်သက်ဆိုင်သော စာရင်းစစ်အရာရှိချုပ်၏ အစီရင်ခံစာ များကို အဓိပတိထံသို့ တင်သွင်းရမည်။ အဓိပတိသည်၊ ထိုအစီရင်ခံစာများကို ဝန်ကြီးများအဖွဲ့နှင့် အတိုင်ပင်ခံလွှတ်တော်သို့ တင်ပြစေရမည်။
လက်နက်ကိုင်စစ်တပ်များ။
ပြင်ဆင်ရန်၄၈။ ။ နိုင်ငံတော်အဓိပတိသည်၊ လက်နက်ကိုင်ဗမာစစ်တပ်အားလုံး၏ စစ်သေနာပတိချုပ်ဖြစ်ရမည်။
၄၉။ ။ လက်နက်ကိုင်စစ်တပ်များကို စည်းရုံးရေး၊ အုပ်ချုပ်ရေး၊ သင်ပြလေ့ကျင့်ပေးရေးတို့တွင်၊ နိုင်ငံ တော်အဓိပတိသို့ တိုက်ရိုက်တာဝန်ခံရသော စစ်ဌာနဝန်ကြီးတဦးရှိရမည်။
၅၀။ ။ နိုင်ငံတော်အဓိပတိသည်၊ စစ်ဌာနဝန်ကြီး၏ ထောက်ခံချက်အရ လက်နက်ကိုင်ဗမာစစ်တပ်များ တွင် အရာရှိဗိုလ်အဆင့်အတန်းတင် အမိန့်တော်အားလုံးကို နှင်းအပ်ရမည်။
၅၁။ ။ စစ်သေနာပတိချုပ်အား၊ ဗဟိုစစ်အဖွဲ့ချုပ်ကြီးက စစ်ဘက်ဆိုင်ရာကိစ္စအဝဝတွင်၊ အကြံဉာဏ်ပေး ရမည်။ ထိုအဖွဲ့ချုပ်ကြီးတွင် စစ်ဌာနဝန်ကြီးနှင့်သက်ဆိုင်ရာ စစ်ဦးစီးဌာနချုပ်မှူးများအပြင်၊ ဒုတိယစစ် ဌာနဝန်ကြီး၊ စစ်ဌာနရုံးချုပ်၊ စစ်ဦးစီးရေးဌာနခွဲမှူး၊ စစ်ပညာညွှန်ကြားရေးဌာနခွဲမှူးနှင့် အဖွဲ့ချုပ်ကြီး ကထပ်မံထည့်သွင်းလိုသော စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များ ပါဝင်စေရမည်။ ထိုအဖွဲ့ချုပ်ကြီးတွင် ဝန်ကြီး ချုပ်ဖြစ်စေ၊ ဝန်ကြီးချုပ်ကိုယ်စား ဝန်ကြီးတဦးဦးဖြစ်စေ၊ ထိုပြင်ဘဏ္ဍာရေးဝန်ကြီး၊ ထိုပြင်အတိုင်ပင်ခံ လွှတ်တော်ဥက္ကဋ္ဌဖြစ်စေ၊ ဒုတိယဥက္ကဋ္ဌဖြစ်စေ၊ ထိုပုဂ္ဂိုလ်တို့ပါဝင်ဆွေးနွေး ဆောင်ရွက်နိုင်ခွင့်ရှိရမည်။ သို့ရာတွင် မဲပေးနိုင်ခွင့်မရှိစေရ။
၅၂။ ။ သက်ဆိုင်ရာစစ်မှု ဦးစီးရေးဌာနချုပ်မှူးသည်၊ မိမိဆိုင်ရာလက်နက်ကိုင် စစ်တပ်-စစ်ရေး စီမံကွပ် ကဲမှုအတွက် တာဝန်ခံရမည်။
၅၃။ ။ စစ်ဌာနဝန်ကြီးမှာ စစ်ဦးစီးဌာနချုပ်ကိုဖြစ်စေ၊ စစ်ဦးစီးဌာနချုပ်များကိုဖြစ်စေ၊ ထို့ပြင် ထိုဌာန ချုပ်တို့၏ လက်အောက်ခံဖြစ်သော စစ်တပ်တို့ကိုဖြစ်စေ၊ စစ်ဆေးနိုင်သောအာဏာရှိရမည်။
၅၄။ ။ (က) နိုင်ငံတော်တည်တံ့စေခြင်းအလို့ငှါ စစ်တပ်များသည် နိုင်ငံရေး၏အပတွင်ရှိရမည်။
- (ခ) စစ်ဌာနဝန်ကြီးကို လက်ရှိစစ်အမှုထမ်းစာရင်း၌ ပါဝင်သောအထက်တန်း စစ်အရာရှိကြီးများထဲမှ အစဉ်သဖြင့် ရွေးချယ်ခန့်ထားရမည်။
၅၅။ ။ စစ်ဘက်ဆိုင်ရာ စာရင်းများကို အဓိပတိ၏တိုက်ရိုက် လက်အောက်ခံဖြစ်သော အထူးစာရင်း စစ်အဖွဲ့က စစ်ဆေးရမည်။
အုပ်ချုပ်မှုစီမံရေးအဖွဲ့။
ပြင်ဆင်ရန်၅၆။ ။ နိုင်ငံတော်အဓိပတိသည်၊ စစ်အခြေအနေ၊ အခွင့်သာခဲ့သော် လွတ်လပ်ရေးကို စတင်တည်ထောင် သည်မှစ၍ တနှစ်ထက်နောက်မကျစေဘဲ အုပ်ချုပ်မှုစီမံရေးအဖွဲ့တခုကို ဆင့်ခေါ်ရမည်။ အခွင့်မသာခဲ့ သော် မည်သည့်နည်းနှင့်မဆို စစ်ပြီးငြိမ်းသည်မှစ၍ တနှစ်ထက်နောက်မကျစေဘဲ ဆင့်ခေါ်ရမည်။
၅၇။ ။ ဤအဖွဲ့ကို တိုင်းသူပြည်သားအများနှင့် ထိုသူတို့၏အာသာဆန္ဒအတွက် ကိုယ်စားလှယ်အစစ် အမှန်ဖြစ်မည့် ပုဂ္ဂိုလ်များပါဝင်အောင် ဖွဲ့ရမည်။
၅၈။ ။ နိုင်ငံတော်အဓိပတိသည် ဝန်ကြီးများအဖွဲ့နှင့် အတိုင်ပင်ခံလွှတ်တော်တို့ကို တိုင်ပင်၍ အုပ်ချုပ်မှု စီမံရေး အဖွဲ့ဝင်များကို ခန့်ပြီးလျှင်ထိုအဖွဲ့နှင့် ပတ်သက်သောအခြားအကြောင်းအချက်တို့ကို သတ်မှတ်ရ မည်။
- ရှင်းလင်းချက်။ ။ တိုင်ပင်၍၊ဟူသောစကားသည်၊ တိုင်ပင်ပြီးနောက် စကားနှင့်အောက်ပါချွင်းချက်မှတပါး၊ အဓိပ္ပါယ်တူ သည်ဟု ဗမာ့လွတ်လပ်ရေး စီစဉ်မှုအဖွဲ့ကြီးက ရည်ရွယ်ရင်းရှိသည်။
- ချွင်းချက်။ ။တိုင်ပင်၍၊ဟူသောစကားသည် ပိုမိုရေလည်အောင် အချင်းချင်းအညီအညွတ် တိုင်ပင်သည်ဟူသော၊ အဓိပ္ပါယ်သို့ သက်ရောက်သည်။
၅၉။ ။ အုပ်ချုပ်မှုစီမံရေးအဖွဲ့သည် အဖွဲ့နာယကကိုရွေးကောက်ရမည်။ ထို့ပြင်၊ အဖွဲ့၏လုပ်ငန်းနှင့် အစီ အစဉ်တို့ကို ကျနစေရန် နည်းဥပဒေများပြုရမည်။
၆၀။ ။ အုပ်ချုပ်မှုစီမံရေးအဖွဲ့သည်၊ လွတ်လပ်သောဗမာနိုင်ငံတော်၏ အုပ်ချုပ်ရေးဥပဒေနှင့် ပတ်သက် သော ကိစ္စအားလုံးကို ဆုံးဖြတ်ရမည်။ ထိုသို့ဆုံးဖြတ်ရာတွင်၊ အုပ်ချုပ်မှုစီမံရေးအဖွဲ့မျိုး၌ ရှိအပ်သောအာ ဏာနှင့် ဝတ္တရားအားလုံးရှိရမည်။ အထက်ပါအာဏာ၌ နိုင်ငံတော်၏အထွဋ်အထိပ်နှင့် သက်ဆိုင်သော ပြဿနာများအတွက် နိုင်ငံ၏ဆန္ဒကိုထောက်လှမ်းရန် စီမံနိုင်သည့်အာဏာလည်း ပါဝင်သည်။ ဤအဖွဲ့ မှာ အပြင်အပ၊ ပယောဂအားလုံးနှင့် ကင်းရှင်း၍၊ လွတ်လပ်စွာဆောင်ရွက်နိုင်ခွင့် ရှိစေရမည်။
၆၁။ ။ အုပ်ချုပ်မှုစီမံရေးအဖွဲ့၌ လွတ်လပ်စွာပြောဆိုနိုင်ခွင့်ရှိရမည်။ ဤအဖွဲ့၌ဖြစ်စေ၊ ဤအဖွဲ့၏အဖွဲ့ငယ် ၌ဖြစ်စေ၊ ပြောဆိုသောစကားကြောင့်သော်၎င်း၊ ပေးသောမဲဆန္ဒကြောင့်သော်၎င်း၊ မည်သည့်အဖွဲ့ဝင်ကိုမျှ တရားရုံးတော်တခုခု၌ တရားစွဲဆိုခြင်း မခံထိုက်စေရ။ ထို့ပြင်၊ အဓိပတိ၏အခွင့်အမိန့်အရ ပုံနှိပ်ထုတ်ဝေ သော အစီရင်ခံစာကြောင့်သော်၎င်း၊ စာရွက်စာတမ်းကြောင့်သော်၎င်း၊ မဲဆန္ဒကြောင့်သော်၎င်း၊ အဖွဲ့ မှတ်တမ်းကြောင့်သော်၎င်း၊ မည်သူမျှတရားစွဲဆိုခြင်း မခံထိုက်စေရ။
၆၂။ ။ အုပ်ချုပ်မှုစီမံရေးအဖွဲ့သည်၊ မိမိတို့အုပ်ချုပ်ရေးဥပဒေ စတင်အတည်ဖြစ်ရမည့်ကာလနှင့် နိုင်ငံတော် အထွဋ်အထိပ် စတင်စိုးမိုးရမည့်ကာလတို့ကို သတ်မှတ်ရမည်။
၆၃။ ။ အထက်ပါပုဒ်မတွင်၊ ဖေါ်ပြသောအုပ်ချုပ်ရေး ဥပဒေသစ်တခု စတင်အတည်ဖြစ်သည့်အချိန်မှစ၍၊ နိုင်ငံတော်အဓိပတိ၏ စိုးမိုးအုပ်ချုပ်ခြင်း ရပ်စဲရမည်။ ထိုနည်းအတူ၊ ဝန်ကြီးများနှင့်အတိုင်ပင်ခံ လွှတ် တော်အမတ်များ၊ ရာထူးသက်တမ်းများလည်း ရပ်စဲရမည်။
၆၄။ ။ ဗမာနိုင်ငံတော်ကို အုပ်ချုပ်ရေးဥပဒေတခု စတင်အတည်ဖြစ်သည်အချိန်အထိ၊ ဤစည်းမျဉ်း ဥပဒေအရ စီမံအုပ်ချုပ်ရမည်။ သို့သော်ဤစည်းမျဉ်းဥပဒေကို-
- (က) ဝန်ကြီးများအဖွဲ့၏ သဘောတူညီချက်နှင့်၊
- (ခ) အတိုင်ပင်ခံလွှတ်တော်၌ ထိုအခိုက်အတံ့တွင်ပါဝင်သော အမတ်ဦးရေ၏အနည်းဆုံး ၄-ပုံ ၃-ပုံတက် ရောက်သော အထူးအစည်းအဝေးတွင် ၃-ပုံ ၂-ပုံသော မဲဆန္ဒအရ သဘောတူညီကြသော ဥပဒေပြုခြင်း ဖြင့် ပြင်ဆင်နိုင်သည်။