ဗဟုပုတ္တိကတ္ထေရီဝတ္ထု
သဟဿဝဂ်
၁၄။ ဗဟုပုတ္တိကာထေရီမဝတ္ထု
ယော စ ဝဿသတံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဗဟုပုတ္တိကာထေရီမကို အကြောင်းပြု၍ ဟောတော်မူ၏။
သားသမီးတို့အား အမွေခွဲပေးပုံ
သာဝတ္ထိပြည်၌ တစ်ခုသောအမျိုးအိမ်တွင် သားခုနစ်ယောက်, သမီးခုနစ်ယောက်တို့သည် ရှိကုန်သတတ်။ ထိုအလုံးစုံသော သားသမီးတို့သည် အရွယ်သို့ ရောက်လတ်ကုန်သည်ရှိသော် အိုးအိမ်တို့ကို ထူထောင်ကြ၍ မိမိ၏သဘောအားဖြင့် ချမ်းသာခြင်းသို့ ရောက်ကြလေကုန်၏။ ထိုသူတို့၏ဖခင်သည် အခါတစ်ပါး၌ စုတေသေခဲ့လေ၏။ ဥပါသိကာမကြီးသည် လင်ယောက်ျား သေဆုံးသော်လည်း အမွေဥစ္စာနှစ်ကို မခွဲမဝေဘဲနေ၏။ ထိုအခါ မိခင်ကို သားသမီးတို့သည် “မိခင်- ကျွန်တော်တို့၏ဖခင် သေလွန်ပြီးသည်ရှိသော် သင်မိခင်တို့အား ဥစ္စာနှစ်ဖြင့် အဘယ်အကျိုးရှိအံ့နည်း။ ကျွန်တော်တို့သည် မိခင်ကို လုပ်ကျွေးခြင်းငှာ မတတ်နိုင်ကုန်သလော”ဟု ဆိုကြကုန်၏။ မိခင်သည် ထိုသားသမီးတို့၏စကားကို ကြားရ၍ ဆိတ်ဆိတ်သာနေသော်လည်း အဖန်တလဲလဲ ထိုသားသမီးတို့ဆိုသောကြောင့် “သားသမီးတို့သည် ငါ့ကို လုပ်ကျွေးကြကုန်လတ္တံ့၊ ထို့ကြောင့် ငါ့အား အသီးအခြား ဥစ္စာထားသဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု အောက်မေ့၍ အလုံးစုံသော ဥစ္စာနှစ်ကို အလယ်၌ခွဲဝေ၍ ပေးလေ၏။ နှစ်ရက်,သုံးရက်လွန်သောအခါ သားကြီး၏ အိမ်သို့ သွားလေ၏။ ထိုအခါ မိခင်ကို သားကြီး၏မယားသည် “ငါတို့၏ယောက္ခမဖြစ်သော အရှင်မကား အံ့ဖွယ်ရှိပေစွ၊ ငါ့သားအကြီးတည်းဟု နှစ်ခုသော အဖို့အစုတို့ကို ပေးလေဘိသကဲ့သို့ ဤငါတို့အိမ်သို့သာလျှင် လာခဲ့ရှာ၏တကား”ဟု ပြောဆိုလေ၏။ ကြွင်းသော သားခြောက်ယောက်တို့၏ မယားတို့သည်လည်း ဤအတူသာလျှင် ဆိုကြလေကုန်၏။ သမီးအကြီးကိုအစပြု၍ ထိုသမီးတို့၏အိမ်သို့ သွားသောအခါ၌လည်း ထိုမိခင်သက်ကြီးအိုမကို ဤသို့ပင် ဆိုကြလေကုန်၏။
ဘိက္ခုနီမပြုခြင်း
ထိုဥပါသိကာမကြီးသည် မထီမဲ့မြင် အပြုခံရခြင်းသို့ ရောက်သည်ဖြစ်၍ “ဤသားသမီးတို့၏အထံ၌ နေခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း။ ရဟန်းမိန်းမပြုလုပ်၍ အသက်မွေးအံ့”ဟု ကြံပြီးလျှင် “ရဟန်းမိန်းမကျောင်းသို့ သွား၍ ရဟန်းအဖြစ်ကို တောင်းပန်လေ၏။ ထိုရဟန်းမိန်းမတို့သည် ထိုဒါယိကာမကြီးကို ရဟန်းပြုပေးကြလေကုန်၏။ ထိုဒါယိကာမကြီးသည် ပဉ္စင်းအဖြစ် ရလတ်သည်ရှိသော် ဗဟုပုတ္တိကာထေရီမ ဟူသောအမည်ဖြင့် ထင်ရှားလေ၏။ ထိုထေရီမသည် “ငါကား အိုမင်းသောကာလ၌ ရဟန်းပြုရသည်၊ ငါသည် မမေ့မလျော့ဖြစ်သင့်၏”ဟု ဘိက္ခုနီမတို့၏ ဝတ်ကြီးဝတ်ငယ်ကိုပြုလျက် တစ်ညဉ့်ပတ်လုံး “ရဟန်းတရားကို အားထုတ်အံ့”ဟု ကြံ၍ ပြာသာဒ်အောက်၌ သည်တိုင်တစ်ခုကို လက်ဖြင့်ကိုင်၍ ထိုသည်တိုင်ကို ဆွဲငင်လျက်သာလျှင် ရဟန်းတရားကို အားထုတ်၏၊ စင်္ကြံသွားသော်လည်း “မှောင်မိုက်သောအရပ်၌ သစ်ပင်၌လည်းကောင်း၊ ညောင်စောင်း၌လည်းကောင်း၊ တစ်စုံတစ်ခုသော အရပ်၌လည်းကောင်း ငါ၏ ဦးခေါင်းကို ထိခိုက်မိရာ၏”ဟု သစ်ပင်ကို လက်ဖြင့်ကိုင်၍ ထိုသစ်ပင်ကို ဆွဲငင်လျက်သာလျှင် ရဟန်းတရားကို အားထုတ်၏။ “မြတ်စွာဘုရား ဟောကြားအပ်သောတရားကိုသာလျှင် လိုက်နာအံ့”ဟု တရားကိုဆင်ခြင်၍ တရားကို အဖန်တလဲလဲ အောက်မေ့လျက်သာလျှင် ရဟန်းတရားကို အားထုတ်၍နေ၏။ ဘုရားရှင်သည် ဂန္ဓကုဋီ၌ နေတော်မူလျက်သာလျှင် ရောင်ခြည်တော်ကို ပျံ့နှံ့စေတော်မူသဖြင့် မျက်မှောက်၌ ထိုင်နေတော်မူဘိသကဲ့သို့ ထိုထေရီမနှင့်အတူတကွ ဟောပြောလျက် “ဗဟုပုတ္တိကာထေရီမ- ငါဘုရားဟောကြားအပ်သော တရားတော်ကို မဆင်ခြင်သဖြင့် မမြင်သောသူ၏ အနှစ်တစ်ရာကာလပတ်လုံး အသက်ရှည်ခြင်းထက် ငါဘုရားဟောကြားအပ်သော တရားတော်ကို မြင်သောသူ၏ တစ်ခဏမျှပင် အသက်ရှည်ခြင်းသည် မြတ်၏”ဟု ဟောတော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော် မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။
ဒေသနာတော်
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဓမ္မမုတ္တမံ။
ယော စ၊ အကြင်သူသည်ကား။ ဥတ္တမံ ဓမ္မံ၊ မြတ်သော လောကုတ္တရာတရားကိုးပါးကို။ အပဿံ၊ မမြင်ဘဲ။ ဝဿသတံ၊ အနှစ်တစ်ရာကာလပတ်လုံး။ ဇီဝေ၊ အသက်ရှည်ငြားအံ့။ တတော၊ ထိုလောကုတ္တရာတရား မမြင်သောသူ အနှစ်တစ်ရာ အသက်ရှည်ခြင်းထက်။ ဥတ္တမံ ဓမ္မံ၊ မြတ်သော လောကုတ္တရာတရားကို။ ပဿတော၊ မြင်သောသူ၏။ ဧကာဟံ၊ တစ်ရက်မျှ။ ဝါ၊ တစ်ခဏမျှပင်။ ဇီဝိတံ၊ အသက်ရှည်ခြင်းသည်။ သေယျော၊ မြတ်၏။
ဒေသနာတော်၏အကျိုး
ဂါထာ၏အဆုံး၌ ဗဟုပုတ္တိကာ ထေရီမသည် ပဋိသမ္ဘိဒါ လေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်၌ တည်လေ၏။