ဗာဟိယဒါရုစီရိယတ္ထေရဝတ္ထု
သဟဿဝဂ်
၂။ ဗာဟိယဒါရုစီရိယမထေရ်ဝတ္ထု
သဟဿမပိ စေ ဂါထာအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဒါရုစီရိယမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
သူတစ်ပါးစကားကြောင့် အကြံမှားပုံ
အခါတစ်ပါး များစွာသောလူတို့သည် လှေဖြင့် မဟာသမုဒ္ဒရာသို့ သက်ဝင်ကူးသွားကြရာ မဟာသမုဒ္ဒရာအတွင်း၌ လှေကွဲပျက်သောကြောင့် ငါးလိပ်တို့၏အစာ ဖြစ်ကုန်၏။ ဤလူအပေါင်းတို့တွင် တစ်ယောက်သော ကုန်သည်သည် ပျဉ်ချပ်တစ်ခုကိုယူ၍ လုံ့လပြုသောကြောင့် သုပ္ပါရက သင်္ဘောဆိပ်မြစ်ကမ်းနားသို့ ရောက်လေ၏။ ထိုယောက်ျားအား အဝတ်အရုံ ပုဆိုးကား မရှိ၊ ထိုယောက်ျားသည် တစ်ပါးသော တစ်စုံတစ်ခု ဝတ်ရုံစရာကို မမြင်ရကား ခြောက်သွေ့သော သစ်သားတုတ်ချောင်းကို လျှော်ဖြင့် ရစ်ပတ်သီကုံး၍ အဝတ်အရုံကို ပြုပြီးလျှင် နတ်ကွန်းနတ်စင်မှ ခွက်ကိုယူ၍ သုပ္ပါရကဆိပ်သို့ သွားလေ၏။ လူတို့သည် ထိုသူကိုမြင်လျှင် ယာဂုထမင်း စသည်တို့ကို ပေးကမ်း၍ “ဤသူကား ရဟန္တာတစ်ပါးပင်တည်း”ဟု ချီးမွမ်းပြောပကြကုန်၏။ ထိုယောက်ျားသည် အဝတ်တို့ကို ဆောင်ပို့လာကြကုန်သည်ရှိသော် “ငါသည် အကယ်၍ ဝတ်မူလည်း ဝတ်ငြားအံ့၊ ရုံမူလည်း ရုံငြားအံ့၊ ငါ့အား လာဘ်ပူဇော်သက္ကာရ ဆုတ်ယုတ်လတ္တံ့”ဟု ကြံစည်၍ ထိုအဝတ်တို့ကို ပယ်စွန့်ပြီးလျှင် သစ်သားတုတ်ချောင်း အဝတ်သင်္ကန်းတို့ကိုသာ ဆောင်ယူ၏။ ထိုအခါ များစွာသောလူတို့က ရဟန္တာဟူ၍ ဆိုအပ်သည်ရှိသော် ထိုသူအား ဤသို့သော စိတ်အကြံသည် ဖြစ်ပေါ်လေ၏။ “လောက၌ အကြင် အမှတ်မရှိ အလုံးစုံကုန်သော ရဟန္တာဖြစ်သော သူတို့သည်လည်းကောင်း၊ အရဟတ္တမဂ်သို့ ရောက်သောသူတို့သည်လည်းကောင်း ရှိကြကုန်၏။ ထိုသူတို့တွင် ငါသည် တစ်ယောက်အဝင်အပါတည်း”ဟု အကြံဖြစ်ပေါ်လေ၏။ ထိုအခါ ထိုသူ၏ ရှေး၌ သွေးသားတော်စပ်သူအလား အကျွမ်းတဝင်ဖြစ်ဖူးသောကြောင့် ပုရာဏသာလောဟိတဟု ဆိုအပ်သော ဗြဟ္မာကြီးသည် ဤသို့ ကြံစည်လေ၏။ ထိုပုရာဏသာလောဟိတ ဟူသည်ကား ရှေး၌ အတူတကွ ရဟန်းတရားကို အားထုတ်ဖူးသောသူတည်း။
ရဟန်းခုနစ်ပါး တောင်ပေါ်သို့တက်၍ တရားအားထုတ်ခြင်း
ရှေးအခါ ကဿပမြတ်စွာဘုရား၏ သာသနာတော် ရွေ့လျောဆုတ်နစ်လတ်သည်ရှိသော် သာမဏေစသည်တို့၏ ဖောက်ပြန်သောအမူအရာကို မြင်ရ၍ ခုနစ်ပါးသော ရဟန်းတော်တို့သည် ထိတ်လန့်ခြင်းသို့ ရောက်ကုန်သဖြင့် “အကြင်ရွေ့လောက် သာသနာတော်၏ ကွယ်ပျောက်ခြင်းသည် မဖြစ်သေး၊ ထိုရွေ့လောက် မိမိ၏ ထောက်တည် ကိုးကွယ်ရာကို ပြုကြကုန်အံ့”ဟု ရွှေစေတီကို ရှိခိုးပြီးလျှင် တောသို့သက်ဝင်၍ တောင်တစ်ခုကို မြင်လတ်သော် “အသက်၌ တွယ်တာငဲ့ကွက်ခြင်းရှိသော သူတို့သည် ဆုတ်နစ်ပြန်လည်ကြကုန်လော့၊ တွယ်တာငဲ့ကွက်ခြင်း ကင်းကုန်သောသူတို့သည် ဤတောင်သို့ တက်ကြကုန်လော့”ဟုဆို၍ ထန်းကျင့်လှေကားကိုဖွဲ့လျက် အလုံးစုံခုနစ်ပါးသော ရဟန်းတို့သည်ပင် ထိုတောင်သို့ တက်ကြသဖြင့် ထန်းကျင့်လှေကားကို တွန်းလှန်ပစ်ချပြီးလျှင် ရဟန်းတရားကို အားထုတ်ကြလေကုန်၏။ ထိုရဟန်းခုနစ်ပါးတို့တွင် သံဃထေရ်ကား တစ်ညဉ့်လွန်ခြင်းဖြင့်ပင်လျှင် ရဟန္တာအဖြစ်သို့ ရောက်လေ၏။ ထိုသံဃထေရ်သည် အနဝတတ်အိုင်၌ နာဂလတာမည်သော ဒန်ပူကိုစား၍ မြောက်ကျွန်းမှ ဆွမ်းကိုဆောင်ယူပြီးလျှင် ထိုရဟန်းတို့ကို “ငါ့ရှင်တို့- ဤဒန်ပူကိုစား၍ မျက်နှာသစ်ပြီးလျှင် ဤဆွမ်းကို သုံးဆောင်ကြကုန်လော့”ဟု ဆိုလေ၏။ “အရှင်ဘုရား- အသို့ပါနည်း၊ “အကြင်ရဟန်းသည် ရှေးဦးစွာ ရဟန္တာအဖြစ်သို့ ရောက်၏၊ ထိုရဟန်းသည် ဆောင်ယူအပ်သော ဆွမ်းကို ကြွင်းသောရဟန်းတို့သည် သုံးဆောင်ရကုန်လတ္တံ့”ဟု တပည့်တော်တို့သည် ဤသို့သော ကတိကဝတ်ကို ပြုထားအပ်ပါသလောဘုရား”ဟု လျှောက်ထားကြသော် “ငါ့ရှင်တို့- ဤသို့သော ကတိကဝတ် ပြုထားခြင်းကား မရှိ”ဟု ဆိုလေ၏။
“ထိုသို့ဖြစ်မူ တပည့်တော်တို့သည်လည်း အရှင်ဘုရားတို့ကဲ့သို့ တရားအထူးကို အကယ်၍ ဖြစ်စေနိုင်ကြကုန်အံ့၊ ကိုယ်တိုင်ဆောင်၍ သုံးဆောင်ကြပါကုန်အံ့”ဟု ဆို၍ အလိုမရှိ ငြင်းဆန်ကြလေကုန်၏။ နှစ်ရက်မြောက်သော နေ့၌ ဒုတိယမထေရ်သည် အနာဂါမိဖိုလ်သို့ ရောက်လေ၏။ ထိုမထေရ်သည်လည်း ထို့အတူသာလျှင် ဆွမ်းကို ဆောင်၍ ကြွင်းကျန်သော ရဟန်းတို့ကို ဖိတ်ကြားလေ၏။ ထိုရဟန်းတို့သည် “အရှင်ဘုရား အသို့ပါနည်း၊ “မဟာထေရ်ကြီးသည် ဆောင်ယူခဲ့သောဆွမ်းကို မသုံးဆောင်မူ၍ ဒုတိယမထေရ်ဆောင်ယူခဲ့သော ဆွမ်းကို သုံးဆောင်ကြရကုန်လတ္တံ့”ဟု တပည့်တော်တို့သည် ဤသို့သော ကတိကဝတ်ကို ပြုထားအပ်ပါသလောဘုရား”ဟု လျှောက်ထားကြပြန်သော် “ငါ့ရှင်တို့- ဤသို့သော ကတိကဝတ်ပြုထားခြင်းကား မရှိ”ဟု ဆိုလေ၏။ “ဤသို့ဖြစ်သည်ရှိသော် အရှင်ဘုရားတို့ကဲ့သို့ တပည့်တော်တို့သည်လည်း တရားအထူးကိုဖြစ်စေပြီးလျှင် မိမိ၏ ယောကျာ်းဟူသော အခြင်းအရာအားဖြင့် သုံးဆောင်ခြင်းငှာ တတ်နိုင်ကုန်သည်ရှိသော် သုံးဆောင်ကြပါကုန်အံ့”ဟု ဆို၍ အလိုမရှိကြလေကုန်။ ထိုရဟန်းတို့တွင် ရဟန္တာအဖြစ်သို့ရောက်သော ရဟန်းသည် ပရိနိဗ္ဗာန်စံယူလေ၏။ အနာဂါမ်တည်သော ရဟန်းသည် ဗြဟ္မာ့ပြည်၌ ဖြစ်လေ၏။ ဤမှတစ်ပါး ငါးပါးသော မထေရ်တို့သည် တရားထူးကို ဖြစ်စေခြင်းငှာ မတတ်နိုင်ကုန်ရကား ခြောက်ကပ်ပိန်ချုံးသဖြင့် ခုနစ်ရက်မြောက်သောနေ့၌ စုတေသေလွန်ခြင်းကိုပြု၍ နတ်ပြည်၌ ဖြစ်ကြပြီးလျှင် ဤငါတို့ဘုရား ထင်ရှားပွင့်တော်မူသောအခါ ထိုနတ်ပြည်မှ စုတေခဲ့၍ ထိုထိုအမျိုးအိမ်တို့၌ ဖြစ်ကြလေကုန်၏။
ထိုသူငါးဦးတို့တွင် တစ်ဦးကား ပက္ကုသာတိမင်း ဖြစ်လာ၏။ တစ်ဦးကား ကုမာရကဿပ ဖြစ်လာ၏။ တစ်ဦးကား ဒါရုစီရိယ ဖြစ်လာ၏။ တစ်ဦးကား မလ္လာမင်းသား ဒဗ္ဗ ဖြစ်လာ၏။ တစ်ဦးကား သုပ္ပိယပရိဗိုဇ် ဖြစ်လာ၏။ ထိုရဟန်းခုနစ်ပါးတို့တွင် အကြင်ရဟန်းသည် ဗြဟ္မာ့ပြည်၌ ဖြစ်၏၊ ထိုရဟန်းကိုရည်မှန်း၍ ပုရာဏသာလောဟိတ ဗြဟ္မာကြီးဟူသော စကားကို ဆိုအပ်၏။
မိတ်ဟောင်း ဗြဟ္မာကြီး စောင်မခြင်း
ထိုဗြဟ္မာကြီးအား ဤသို့သော အကြံဖြစ်လေ၏။ “ဤတုတ်ချောင်းကြိုးသီအဝတ်ဖြင့် ရဟန္တာတစ်ပါးဟု အထင်မှားနေသော ဗာဟိယဒါရုစိမည်သောသူကား ငါနှင့်အတူတကွ ထန်းကျင့်လှေကားကိုဖွဲ့သဖြင့် တောင်ထိပ်သို့တက်၍ ရဟန်းတရားကို အားထုတ်ဖူး၏။ ယခုအခါ ဤအယူကိုယူလျက် လှည့်လည်နေသည်ရှိသော် ပျက်စီးလေရာ၏၊ ထိုဗာဟိယ ဒါရုစိကို ထိတ်လန့်စေဦးအံ့”ဟု အကြံဖြစ်ပေါ်လေ၏။ ထို့နောက်မှ ဗာဟိယဒါရုစိထံသို့ ချဉ်းကပ်၍ ဤသို့ဆိုလေ၏။ “အချင်းဗာဟိယ- အသင်သည် ရဟန္တာမဟုတ်သေး၊ အရဟတ္တမဂ်သို့ ရောက်သောသူလည်း မဟုတ်သေး၊ အကြင်အကျင့်ဖြင့် သင်သည် ရဟန္တာသော်လည်း ဖြစ်ရာ၏၊ အရဟတ္တမဂ်သို့သော်လည်း ရောက်ရာ၏၊ ထိုအကျင့်မျိုးသည်လည်း သင့်အားမရှိသေး”ဟု ဆိုလတ်သော် ရဟန္တာအဖြစ်မှ အပဖြစ်သော အကျင့်ရှိသော ဗာဟိယဒါရုစိသည် ကောင်းကင်၌ရပ်၍ဆိုသော မဟာဗြဟ္မာကြီးကိုကြည့်ရှုလျက် “အလွန်ဝန်လေးသောအမှုကို ငါပြုမိချေပြီတကား၊ ငါကား ရဟန္တာဖြစ်၏ဟု ကြံမိ၏၊ ဤဗြဟ္မာသည်ကား ငါ့ကို သင်ရဟန္တာမဟုတ်သေး၊ အရဟတ္တမဂ်သို့ ရောက်သောသူလည်း မဟုတ်သေးဟူ၍ပင် ဆိုဘိ၏၊ လောက၌ ငါမှတစ်ပါးသော ရဟန္တာဖြစ်သော ပုဂ္ဂိုလ်သည် ရှိနှင့်လေသလော”ဟု ကြံစည် စဉ်းစားလေ၏။ ထို့နောက်မှ ဗြဟ္မာကြီးကို “ဗြဟ္မာကြီး- ယခုအခါ လောက၌ ရဟန္တာသည်လည်းကောင်း၊ အရဟတ္တမဂ်သို့ ရောက်သောသူသည်လည်းကောင်း ရှိလေသလော”ဟု မေး၏။ ထိုအခါ ဗာဟိယဒါရုစိအား ဗြဟ္မာကြီးသည် ဤသို့ပြောကြားလေ၏။ “အချင်းဗာဟိယ- မြောက်ခွင်ဖြစ်သော ဇနပုဒ်တို့၌ သာဝတ္ထိမည်သောပြည်သည် ရှိ၏၊ ထိုသာဝတ္ထိပြည်၌ ပူဇော်အထူးကို ခံတော်မူထိုက်သည်ဖြစ်၍ အလုံးစုံသောတရားတို့ကို မဖောက်မပြန် ကိုယ်တော်တိုင် သိတော်မူပြီးသော ထိုမြတ်စွာဘုရားသည် ယခုအခါ သီတင်းသုံးနေတော်မူ၏။ ဗာဟိယ- ထိုမြတ်စွာဘုရားသည် ရဟန္တာလည်း မည်၏၊ ရဟန္တာဖြစ်ခြင်းအကျိုးငှာလည်း တရားဟောတော်မူ၏”ဟု ပြောကြားလေ၏။
ဗာဟိယသည် ညဉ့်အဖို့၌ ဗြဟ္မာကြီးစကားကိုကြား၍ ထိတ်လန့်သော စိတ်နှလုံးရှိသဖြင့် ထိုခဏ၌ပင် သုပ္ပါရကသင်္ဘောဆိပ်မှထွက်ခဲ့ရာ အလုံးစုံသော လမ်းခရီးအရပ်တို့၌ တစ်ညဉ့်မျှကြာခြင်းဖြင့် သာဝတ္ထိပြည်သို့ ရောက်လေ၏။ အလုံးစုံ ယူဇနာတစ်ရာ့နှစ်ဆယ်ရှိသော လမ်းခရီးကို တစ်ညဉ့်မျှ ကြာခြင်းဖြင့်သာလျှင် ရောက်သွားလေ၏။ သွားသော်လည်း ဗြဟ္မာကြီး၏ အာနုဘော်အားဖြင့် သွားလေ၏။ ဘုရားရှင်၏ အာနုဘော်အားဖြင့်ဟူ၍လည်း ဆိုကြကုန်သည်သာလျှင်တည်း။
ဘုရားရှင်အား တရားဟောရန် တောင်းပန်ခြင်း
ထိုခဏ၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည်သို့ ဆွမ်းအလို့ငှာ ဝင်တော်မူဆဲဖြစ်၏။ ထိုဗာဟိယသည် နံနက်ဆွမ်း ဘုဉ်းပေးပြီးဖြစ်သဖြင့် ကိုယ်၏ ပျင်းရိထိုင်းမှိုင်းခြင်းမှ လွတ်စိမ့်သောငှာ လွင်တီးခေါင်၌ စင်္ကြံသွားနေကုန်သော များစွာသော ရဟန်းတို့ကို “မြတ်စွာဘုရားသည် ယခုအခါ အဘယ်မှာပါနည်းဘုရား”ဟု မေးလေ၏။ ရဟန်းတို့သည် “သာဝတ္ထိပြည်သို့ ဆွမ်းအလို့ငှာ ဝင်တော်မူခိုက်ဖြစ်၏”ဟု ပြောကြား၍ ထိုဗာဟိယကို “သင်သည် အဘယ်အရပ်မှ လာခဲ့သနည်း”ဟု မေးကြကုန်၏။ “သုပ္ပါရကသင်္ဘောဆိပ်မှ လာခဲ့ပါသည်ဘုရား”ဟု ဆိုလျှင် “အဘယ်အခါ ထွက်ခဲ့သနည်း”ဟု မေးပြန်လေ၏။ “ယမန်နေ့ညချမ်းအခါ ထွက်ခဲ့ပါသည်ဘုရား”ဟု ဆိုလျှင် “သင်ကား ဝေးသောအရပ်မှ လာသည်ဖြစ်ခဲ့၏။ ရှေးဦးစွာ ထိုင်ဦးလော့၊ ခြေတို့ကို ဆေးပြီးမှ ဆီဖြင့်လိမ်းကျံ၍ အတန်ငယ်အပင်ပန်းဖြေဦးလော့၊ ကြွလာတော်မူသောအခါ ဘုရားရှင်ကို ဖူးမြင်ရလတ္တံ့”ဟု ဆိုကြကုန်၏။ “အရှင်ဘုရားတို့- တပည့်တော်သည် မြတ်စွာဘုရား၏လည်းကောင်း၊ မိမိ၏လည်းကောင်း အသက်အန္တရာယ်ကို မသိပါ၊ တစ်ညဉ့်မျှတည်းဖြင့်သာလျှင် တစ်စုံတစ်ခုသောအရပ်၌ မရပ်မနားမူ၍၊ မထိုင်ခဲ့မူ၍ ယူဇနာတစ်ရာ့နှစ်ဆယ်ရှိသော လမ်းခရီးကို လာသောသူဖြစ်ပါသည်၊ ဘုရားရှင်ကို ဖူးမြင်ရပြီးမှ အပင်အပန်းဖြေဖျောက်နိုင်ပါလိမ့်မည်”ဟု ပြန်လျှောက်လေ၏။
ထိုဗာဟိယသည် ဤသို့ဆို၍ အဆောတလျင် သာဝတ္ထိပြည်သို့ဝင်သဖြင့် နှိုင်းယှဉ်စရာ ဥပမာမရှိသော ဘုရားရှင်၏ ကျက်သရေတော်ဖြင့် ဆွမ်းအလို့ငှာ ကြွနေတော်မူသော ဘုန်းတော်သခင် သဗ္ဗညုဘုရားရှင်ကို မြင်ရလျှင် “ငါသည် အလွန်ကြာမြင့်သောကာလမှ ဂေါတမအနွယ်ဖြစ်သော ဘုရားသဗ္ဗညုကို ဖူးမြင်ရပေ၏တကား”ဟု မြင်ရာအရပ်မှစ၍ ကိုင်းညွှတ်သောကိုယ်ရှိလျက် သွားပြီးလျှင် ခရီးအကြား၌သာလျှင် ငါးပါးသော တည်ခြင်းဖြင့် ရှိခိုးသဖြင့် ဖမျက်တော်တို့၌ မြဲစွာဖက်၍ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- မြတ်စွာဘုရားသည် တပည့်တော်အား တရားဟောတော်မူပါဘုရား၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် တရားဟောတော်မူပါဘုရား၊ ၎င်းတရားတော်သည် တပည့်တော်အား ရှည်စွာသောကာလပတ်လုံး စီးပွားခြင်းငှာ၊ ချမ်းသာခြင်းငှာ ဖြစ်ရာ၏”ဟု လျှောက်လေ၏။ ထိုအခါ ထိုဗာဟိယကို မြတ်စွာဘုရားသည် “ဗာဟိယ- တရားဟောချိန်ကာလ မဟုတ်သေး၊ ရွာတွင်းသို့ ဆွမ်းအလို့ငှာ ဝင်ဆဲဖြစ်သေး၏”ဟု မိန့်မြွက်ကာ ပယ်တော်မူလေ၏။
မြတ်စွာဘုရား မိန့်တော်မူသောစကားကိုကြားရလျှင် ဗာဟိယသည် “မြတ်စွာဘုရား- သံသရာ၌ ကျင်လည်ရသဖြင့် ကဗဠိကာရ အာဟာရကို မရဖူးသောမည်သည် မရှိပါ၊ ရှင်တော်မြတ်ဘုရားတို့၏လည်းကောင်း၊ တပည့်တော်၏လည်းကောင်း အသက်အန္တရာယ်ကို မသိနိုင်ပါ၊ တပည့်တော်အား တရားဟောတော်မူပါဘုရား”ဟု လျှောက်ကြားပြန်လေ၏။ မြတ်စွာဘုရားသည် နှစ်ကြိမ်မြောက်၌လည်း ပယ်တော်မူသည်သာလျှင်တည်း။
မြတ်စွာဘုရားအား ဤသို့ အကြံဖြစ်သတတ်၊ “ငါဘုရားကို ဖူးမြင်ရသောအခါမှစ၍ ဤဗာဟိယ၏ ကိုယ်အလုံးသည် နှစ်သက်ခြင်းဖြင့် မပြတ်ပျံ့နှံ့လွမ်းမိုးခြင်းရှိ၏၊ အားကြီးသော ပီတိအဟုန်ရှိရကား တရားနာရသော်လည်း ထိုးထွင်း၍သိခြင်းငှာ မတတ်နိုင်လတ္တံ့၊ အလယ်အလတ် လျစ်လျူရှုခြင်း၌ တည်လင့်စေဦး၊ တစ်ညဉ့်ချင်းဖြင့်သာလျှင် ယူဇနာတစ်ရာ့နှစ်ဆယ်ရှိသော လမ်းခရီးကို လာရခြင်းကြောင့် ပင်ပန်းခြင်းသည်လည်း ထိုသူအား အားကြီး၏။ ထိုပင်ပန်းခြင်းသည်လည်း ငြိမ်းစေဦးလော့”ဟု ကြံတော်မူသတတ်။
ရဟန္တာဖြစ်ခြင်းနှင့် နွားဝှေ့သတ်ခြင်း
ထို့ကြောင့် နှစ်ကြိမ်ပယ်တော်မူ၍ သုံးကြိမ်မြောက် တောင်းပန်အပ်သော် မြတ်စွာဘုရားသည် ခရီးလမ်းမအတွင်း၌ ရပ်တော်မူလျက်သာလျှင် “တသ္မာတိဟ တေ ဗာဟိယ ဧဝံ သိက္ခိတဗ္ဗံ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ” ဤသို့စသောနည်းအားဖြင့် တရားဟောတော်မူလေ၏။
ဗာဟိယ- ချစ်သား ဗာဟိယ။ ယသ္မာ၊ အကြင်ကြောင့်။ ဒိဋ္ဌေ၊ မြင်အပ်သောရူပါရုံ၌။ ဒိဋ္ဌမတ္တံ၊ မြင်အပ်သော ရူပါရုံမျှသာလျှင်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ တသ္မာ၊ ထို့ကြောင့်။ ဣဟ၊ ဤလောက၌၊ တေ-တယာ၊ သင်သည်။ ဧဝံ၊ ဤသို့။ သိက္ခိတဗ္ဗံ၊ ကျင့်အပ်၏။
ထိုဗာဟိယသည် မြတ်စွာဘုရား၏ တရားတော်ကို နာစဉ်ပင်လျှင် အလုံးစုံသော အာသဝေါတို့ကို ကုန်ခန်းစေ၍ ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်လေ၏။ ထိုရဟန္တာဖြစ်သော ခဏ၌ပင်လျှင် မြတ်စွာဘုရား၏အထံ၌ ရဟန်းအဖြစ်ကို တောင်းပန်လေ၏။ “သင့်အား သပိတ်သင်္ကန်း ပြည့်စုံပြီလော”ဟု မေးတော်မူသည်ရှိသော် “မပြည့်စုံသေးပါ ဘုရား”ဟု လျှောက်ဆိုလေ၏။ ထိုအခါ ဗာဟိယကို မြတ်စွာဘုရားသည် “ထိုသို့ဖြစ်မူ သပိတ်သင်္ကန်းကို ရှာချေဦးလော့”ဟု မိန့်တော်မူ၍ ဖဲကြွတော်မူလေ၏။ ထိုဗာဟိယဒါရုစိသည် အနှစ်နှစ်သောင်း ကာလပတ်လုံး ရဟန်းတရားကို အားထုတ်သည်ရှိသော် “ရဟန်းမည်သည် မိမိကိုယ်တိုင် ပစ္စည်းတို့ရမူ တစ်ပါးသူကို မငဲ့မကြည့်ဘဲ မိမိချည်းသာလျှင် သုံးဆောင်ခြင်းငှာ သင့်၏”ဟု နှလုံးသွင်းသဖြင့် တစ်ပါးသော ရဟန်းအားမူလည်း သပိတ်တစ်လုံးဖြင့်လည်းကောင်း၊ သင်္ကန်းတစ်ထည်ဖြင့်လည်းကောင်း သင်္ဂြိုဟ်ထောက်ပံ့ ချီးမြှောက်ခြင်းကို မပြုလေသတတ်။ ထို့ကြောင့် ထိုဗာဟိယဒါရုစိအား တန်ခိုးဖြင့်ပြီးသော သပိတ်သင်္ကန်းသည် မဖြစ်နိုင်ဟု သိတော်မူသဖြင့် ဧဟိဘိက္ခုရဟန်း၏အဖြစ်ဖြင့် ရဟန်းအဖြစ်ကို ပေးတော်မမူ။ ထိုဗာဟိယဒါရုစိကို သပိတ်သင်္ကန်းရှာခြင်းငှာ လှည့်လည်သွားလာစဉ်သာလျှင် ဘီလူးမတစ်ယောက်သည် နွားမအသွင်ဖြင့် လာလတ်၍ လက်ဝဲပေါင်၌ တိုးဝှေ့သဖြင့် အသက်ကုန်ခြင်းသို့ ရောက်စေလေ၏။
စေတီတည်ခြင်းနှင့် ခိပ္ပါဘိည ဧတဒဂ်ပေးခြင်း
မြတ်စွာဘုရားသည် ဆွမ်းအလို့ငှာ လှည့်လည်တော်မူ၍ ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးစီးသည်ရှိသော် များစွာသော ရဟန်းတို့နှင့်တကွ ထွက်လာခဲ့ရာ ဗာဟိယ၏ ကိုယ်အလောင်းကောင်ကို တံမြက်ချေးစုရာအမှိုက်ပုံ၌ လဲကျလျက်ရှိသည်ကို မြင်တော်မူရလျှင် ရဟန်းတို့ကို “ချစ်သားရဟန်းတို့- တစ်ခုသော အိမ်တံခါး၌ရပ်၍ ညောင်စောင်းငယ်ကို ဆောင်ယူစေသဖြင့် ဤအလောင်းကောင်ကို မြို့မှထုတ်၍ မီးသင်္ဂြိုဟ်ပြီးလျှင် စေတီတည်ကြကုန်လော့”ဟု မိန့်မြွက်စေခိုင်းတော်မူလေ၏။ ရဟန်းတို့သည်လည်း မြတ်စွာဘုရား မိန့်တော်မူတိုင်း ပြုကြလေကုန်၏။ ထိုသို့ပြုကြပြီးသည်ရှိသော် ကျောင်းသို့သွား၍ ဘုရားသို့ချဉ်းကပ်လျက် မိမိတို့ပြုပြီးသောကိစ္စကို လျှောက်ကြား၍ ထိုဗာဟိယဒါရုစိ၏ လားရာ တမလွန်ဘဝကို မေးလျှောက်ကြလေကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းတို့အား ထိုဗာဟိယဒါရုစိ၏ ပရိနိဗ္ဗာန်ပြုကြောင်းကို ကြားသိစေတော်မူပြီးလျှင်-
ဘိက္ခဝေ၊ ချစ်သား ရဟန်းတို့။ မမ၊ ငါဘုရား၏။ သာဝကာနံ၊ တပည့်ဖြစ်ကုန်သော။ ခိပ္ပါဘိညာနံ၊ လျင်သော အဘိညာဉ်ရှိကုန်သော။ ဘိက္ခူနံ၊ ရဟန်းတို့တွင်။ ယဒိဒံ- ယော အယံ ဗာဟိယော ဒါရုစီရိယော၊ အကြင်ဗာဟိယ ဒါရုစီရိယသည်။ အတ္ထိ၊ ရှိ၏။ ဧတံ-ဧသော ဗာဟိယော ဒါရုစီရိယော၊ ထိုဗာဟိယဒါရုစီရိယသည်။ အဂ္ဂံ-အဂ္ဂေါ၊ မြတ်၏။
ဤသို့ မြတ်စွာဘုရားသည် ဗာဟိယဒါရုစီရိယကို ဧတဒဂ်အရာ၌ ထားတော်မူလေ၏။ ထိုအခါ မြတ်စွာဘုရားကို ရဟန်းတို့သည် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ရှင်တော်မြတ်ဘုရားတို့သည် ဗာဟိယကား ရဟန္တာအဖြစ်သို့ ရောက်ပြီဟူ၍ မိန့်တော်မူကြပါကုန်၏၊ အဘယ်အခါ၌ ထိုဗာဟိယသည် ရဟန္တာအဖြစ်သို့ ရောက်ပါသနည်းဘုရား”ဟု မေးလျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- ငါဘုရား၏တရားကို နာရစဉ်အခါ၌ ရောက်၏”ဟု မိန့်တော်မူ၏။ “အဘယ်အခါ ဗာဟိယအား ရှင်တော်မြတ်ဘုရားတို့သည် တရားဟောတော်မူပါသနည်းဘုရား”ဟု မေးလျှောက်ပြန်သည်ရှိသော် “ဆွမ်းအလို့ငှာသွားစဉ် လမ်းခရီးအကြား၌ ရပ်နားလျက် ဟောအပ်၏”ဟု မိန့်တော်မူသဖြင့် “မြတ်စွာဘုရား- ရှင်တော်မြတ်ဘုရားတို့သည် လမ်းခရီးအကြား၌ ရပ်နားလျက် ဟောအပ်သောတရားသည် အနည်းငယ်မျှသာတည်း၊ အဘယ်သို့လျှင် ဗာဟိယသည် ထိုမျှဖြင့် တရားထူးကို ဖြစ်စေနိုင်ပါသနည်းဘုရား”ဟု လျှောက်ကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းတို့ကို “ချစ်သားရဟန်းတို့- အဘယ်သို့ ဆိုကြကုန်သနည်း၊ ငါဘုရား၏တရားတော်ကို အနည်းငယ်ဟူ၍လည်းကောင်း၊ အများဟူ၍လည်းကောင်း အတိုင်းအရှည်ကို မမှတ်ယူကြကုန်လင့်၊ များစွာလည်းဖြစ်သော ဂါထာ တစ်ထောင်တို့ပင်သော်လည်း အကျိုးမဲ့ကို မှီကုန်သည်ရှိသော် မမြတ်၊ အကျိုးကိုမှီသည်ရှိသော် ဂါထာတစ်ပုဒ်သည်လည်း မြတ်၏”ဟု မိန့်တော်မူ၍ အနုသန္ဓေကို စပ်လျက် တရားစကား ဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။
ဒေသနာတော်
ဧကံ ဂါထာပဒံ သေယျော၊ ယံ သုတွာ ဥပသမ္မတိ။
ဂါထာ၊ ဂါထာသည်။ သဟဿမပိ၊ အထောင်မက များသော်လည်း။ စေ အနတ္ထပဒသံဟိတာ၊ အကယ်၍ အကျိုးမဲ့ကို ပြတတ်သောပုဒ်နှင့် ယှဉ်စပ်သည်ဖြစ်အံ့။ န သေယျော၊ မမြတ်။ ယံ၊ အကြင်ဂါထာကို။ သုတွာ၊ ကြားနာရ၍။ ဥပသမ္မတိ၊ ရာဂစသည်ငြိမ်း၏။ တံ ဂါထာပဒံ၊ ထိုဂါထာပုဒ်သည်။ ဧကံ၊ တစ်ပုဒ်တည်းပင် ဖြစ်သော်လည်း။ သေယျော၊ မြတ်၏။
ဒေသနာတော်၏အကျိုး
ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။