ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု
by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄၉၆။ ဘိက္ခာပရမ္ပရဇာတ် (၁၃)
2353ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု — ၄၉၆။ ဘိက္ခာပရမ္ပရဇာတ် (၁၃)မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်


ပကိဏ္ဏကနိပါတ်

၁၃။ ဘိက္ခာပရမ္ပရဇာတ်

တရားရတနာအား ပူဇော်သဖြင့် ဆွမ်းသည် အဆင့်ဆင့် သင့်လျော်ရာသို့ ရောက်ခြင်းအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သုခုမာလ ရူပံ ဒိသွာန အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဘိက္ခာပရမ္ပရဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တယောက်သော သူကြွယ်ကို အကြောင်း ပြု၍ ဟောတော်မူ၏။

ထိုသူကြွယ်သည် သဒ္ဓါတရားနှင့် ပြည့်စုံသည်ဖြစ်၏။ သဒ္ဓါယုံကြည်ခြင်း ရှိသည်ဖြစ်၍ မြတ်စွာဘုရားအား၎င်း, ရဟန်းသံဃာတော်အား၎င်း မပြတ်လျှင် များစွာသော ပူဇော်သက္ကာကို ပြုသတတ်၊ ထိုအခါ တနေ့သ၌ ကြံ၏။ ငါသည် ဘုရားရတနာအား၎င်း, သံဃာရတနာအား၎င်း, မွန်မြတ်သော ဆွမ်းခဲဘွယ်ဘောဇဉ်တို့ကို၎င်း၊ နူးညံ့သိမ်မွေ့သော အဝတ် သင်္ကန်းတို့ကို၎င်း လှူလျက် အမြဲလျှင် များစွာသော ပူဇော်သက္ကာရကို ပြုပြီ၊ ယခုအခါ တရားရတနာအားလည်း များစွာသော ပူဇော်သက္ကာရကို ပြုအံ့၊ ထိုတရားရတနာအား ပူဇော်သက္ကာရ ပြုသောငါသည် အသို့ပြုရအံ့နည်းဟု ကြံ၏။ ကြံပြီး၍ ထိုသူကြွယ်သည် များစွာသော နံ့သာပန်း အစရှိသည်တို့ကိုယူ၍ ဇေတဝန် ကျောင်းတော်သို့ သွားပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ မေးလျှောက်၏။

အရှင်ဘုရား အကျွန်ုပ်သည် တရားရတနာအား ပူဇော်ခြင်းကို ပြုလိုပါ၏။ ထိုတရားရတနာအား ပူဇော်ခြင်းကို ပြုသော အကျွန်ုပ်သည် အသို့လျှင် ပြုရပါအံ့နည်းဟု မေးလျှောက်၏။ ထိုအခါ ထိုသူကြွယ်ကို မြတ်စွာဘုရားသည် သူကြွယ် သင်သည် အကယ်၍ တရားရတနာအား ပူဇော်ခြင်းကို ပြုလိုသည်ဖြစ်အံ့၊ တရားဘဏ္ဍာစိုးဖြစ်သော အာနန္ဒာအား ပူဇော်ခြင်းကို ပြုလော့ဟု မိန့်တော်မူ၍ ထိုသူကြွယ်သည် ကောင်းပြီဟု ဝန်ခံ၍ နက်ဖြန်နေ့၌ အရှင်

အာနန္ဒာမထေရ်ကို ပင့်ဘိတ်၍ များစွာသော ပူဇော်သက္ကာရဖြင့် မိမိအိမ်သို့ ဆောင်ပြီး၍ အဘိုးများစွာ ထိုက်သော နေရာ၌ နေစေ၍ နံ့သာပန်းအစရှိသည်တို့ဖြင့် ပူဇော်၍ အထူးထူးသော မြတ်သောအရသာရှိသော ဘောဇဉ်ကိုလှူ၍ အဘိုးများစွာထိုက်သော သင်္ကန်းသုံးထည်လောက်သော ပုဆိုးတို့ကို လှူ၏။

အရှင်အာနန္ဒာ မထေရ်သည်လည်း ဤပူဇော်သက္ကာရကို တရားရတနာအားသာလျှင် လှူအပ်၏။ ငါ့အား မလျောက်ပတ်၊ အဂ္ဂသာဝက တရားစစ်သူကြီး ဖြစ်တော်မူသော အရှင်သာရိပုတ္တရာ မထေရ်အား လျောက်ပတ်၏ဟု ကြံ၍ ဆွမ်းကို၎င်း, ဖျင်ပုဆိုးတို့ကို၎င်း ကျောင်းသို့ ဆောင်ယူ၍ အရှင်သာရိပုတ္တရာမထေရ်အား လှူ၏။ ထိုတရားစစ်သူကြီး ဖြစ်တော်မူသော အရှင်သာရိပုတ္တရာ မထေရ်သည်လည်း ဤပူဇော်သက္ကာရကို တရားရတနာအားသာလျှင် လှူအပ်၏။ စင်စစ်လျှင် တရားအရှင်ဖြစ်တော်မူသော မြတ်စွာဘုရားအားသာလျှင် လျောက်ပတ်၏ဟု ကြံ၍ ဘုရားရှင်အား လှူ၏။ သဗ္ဗညူမြတ်စွာဘုရားသည် ကိုယ်တော်ထက် လွန်မြတ်သောသူကို မြင်တော်မမူ၍ ဆွမ်းကို ဘုဉ်းပေးတော်မူ၏။ သင်္ကန်းလျာ ပုဆိုးတို့ကို ခံတော်မူ၏။ ရဟန်းတို့သည် တရားသဘင်၌ စကားကို ဖြစ်စေကုန်၏။

ငါ့သျှင်တို့ ဤအမည်ရှိသော သူကြွယ်သည် တရားရတနာအား ပူဇော်သက္ကာရကို ပြုအံ့ဟု တရားဘဏ္ဍာစိုးဖြစ်သော အရှင်အာနန္ဒာ မထေရ်အား လှူ၏။ အရှင်အာနန္ဒာ မထေရ်သည်လည်း ဤပစ္စည်းသည် ငါ့အား မလျောက်ပတ်ဟု ကြံ၍ တရားစစ်သူကြီးဖြစ်တော်မူသော အရှင်သာရိပုတ္တရာအား လှူ၏။ ထိုအရှင်သာရိပုတ္တရာသည်လည်း ဤပစ္စည်းသည် ငါ့အား မလျောက်ပတ်ဟု ကြံ၍ ဘုရားသခင်အား လှူ၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ကိုယ်တော်မှတပါး ကိုယ်တော်ထက် လွန်မြတ်သောသူကို မြင်တော်မမူ၍ ကိုယ်တော်၏ တရားအရှင်ဖြစ်တော်မူသောကြောင့် ထိုတရားရတနာအား ရည်မှတ်၍ လှူအပ်သော ပစ္စည်းသည် ဘုရားအားသာလျှင် လျောက်ပတ်၏ဟု နှလုံးထားတော်မူ၍ ဆွမ်းကို ဘုဉ်းပေးတော်မူ၏။ သင်္ကန်းလျာ ပုဆိုးတို့ကိုလည်း ခံတော်မူ၏။ ဤသို့သောနည်းဖြင့် ထိုဆွမ်းသည် အဆင့်ဆင့် သင့်တင့်လျောက်ပတ်သည်၏ အဖြစ်ကြောင့် တရားအရှင်ဖြစ်တော်မူသော ဘုရားသခင်၏ ခြေရင်းတော်သို့သာလျှင် ရောက်၏ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သော စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ဆွမ်းသည် အဆင့်ဆင့် သင့်တင့်တော်လျော်သော အဖြစ်သို့ရောက်သည် မဟုတ်သေး၊ ရှေး၌လည်း ဘုရားမဖြစ်မီ ရောက်ဘူးသည်သာတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် အဂတိလေးပါးသို့ လိုက်ခြင်းကို စွန့်၍ မင်းကျင့်တရား ဆယ်ပါးတို့ကို မပျက်စေမူ၍ တရားနှင့်အညီ မင်းပြု၏။ ဤသို့ တရားနှင့်အညီ မင်းပြုသော်လည်း ထိုမင်းအား သင့်တင့်လျောက်ပတ်ခြင်းသည် မဖြစ်၊ ဆိတ်သကဲ့သို့ ဖြစ်၏။ မင်းသည် မိမိကျေးဇူးမဲ့ ကဲ့ရဲသောစကားကို ရှာသည်ဖြစ်၍ နန်းတော်၌ နေသောသူ အစရှိသည်တို့ကို စုံစမ်းလျက် နန်းတော်တွင်း၌၎င်း, မြို့တွင်း၌၎င်း တံခါးရွာတို့၌၎င်း မိမိ၏ ကျေးဇူးမဲ့ ကဲ့ရဲ့သောစကားကို ဆိုသူကို မမြင်၍ ဇနပုဒ်၌ ရှာအံ့ဟု တိုင်းပြည်ကို မှူးမတ်တို့အား အပ်နှင်းခဲ့၍ ပုရောဟိတ်နှင့်တကွ မထင်ရှားသော အသွင်ဖြင့်လျှင် ကာသိတိုင်းသို့ လှည့်လည်သည်ရှိသော် မိမိကျေးဇူးမဲ့ ကဲ့ရဲသောစကားကို ပြောဆိုသော တစုံတယောက်သောသူကို မမြင်၍ ပစ္စန္တရစ်၌ တခုသော ရွာနိဂုံးသို့ရောက်၍ တံခါးအပဖြစ်သော စရပ်၌နေ၏။

ထိုခဏ၌ နိဂုံး၌နေသော ကုဋေရှစ်ဆယ် စည်းစိမ်ရှိသော သူကြွယ်သည် များစွာသော အခြံအရံဖြင့် ရေချိုးဆိပ်သို့ သွားသည်ရှိသော် စရပ်၌နေသော ရွှေအဆင်းနှင့်တူသော အဆင်းရှိသော သိမ်မွေ့နူးညံ့သော ကိုယ်ရှိသော မင်းကိုမြင်လျှင် ဖြစ်သောချစ်ခြင်း ရှိသည်ဖြစ်၍ စရပ်သို့ဝင်ပြီးလျှင် စကားပြောခြင်း ပျူငှာလောကဝပ်ကို ပြု၍ ဤစရပ်၌သာလျှင် နေရစ်ကုန်ဦးလော့ဟု ဆို၍ အိမ်သို့သွားပြီးလျှင် အထူးထူးသော မြတ်သော အရသာရှိသော ဘောဇဉ်ကို ပြည့်စုံစေ၍ များစွာသော အခြံအရံဖြင့် ထမင်းချက်တို့ကို ယူခဲ့စေ၍ လာ၏။ ထိုခဏ၌ ဟိမဝန္တာ၌နေသော အဘိညာဉ် ငါးပါးနှင့်ပြည့်စုံသော ရသေ့သည် လာလတ်၍ ထိုစရပ်၌လျှင် နေ၏။ နန္ဒမူလိုဏ်မှ အရှင်ပစ္စေကဗုဒ္ဓါသည်လည်း ကြွလာတော်မူလတ်၍ ထိုစရပ်၌သာလျှင် နေ၏။ သူကြွယ်သည် မင်းအား လက်ဆေးရေကိုပေး၍ အထူးထူး မြတ်သောအရသာရှိသော လက်သုပ်ဟင်းလျာတို့နှင့်တကွ ထမင်းခွက်ကို စီရင်၍ မင်းအား ဆက်စေ၏။ မင်းသည် ထိုထမင်းကိုယူ၍ ပုရောဟိတ်ပုဏ္ဏားအား ပေး၏။ ပုဏ္ဏားသည် ထိုထမင်းကိုယူ၍ ရသေ့အား လှူ၏။ ရသေ့သည် အရှင်ပစ္စေကဗုဒ္ဓါအထံသို့ သွား၍ လက်ဝဲလက်ဖြင့် ဆွမ်းခွက်ကိုကိုင်၍ လကျ်ာလက်ဖြင့် ကရားကိုကိုင်၍ အလှူ ရေစက် ချပြီးလျှင် သပိတ်၌ ဆွမ်းကိုထည့်၏။ ထိုအရှင်ပစ္စေကဗုဒ္ဓါသည် တစုံတယောက်သော သူကိုမျှလည်း မဘိတ်မပန်မူ၍ ဘုဉ်းပေးတော်မူ၏။

ထိုအရှင်ပစ္စေကဗုဒ္ဓါ၏ ဆွမ်းဘုဉ်းပေးခြင်း ကိစ္စအဆုံး၌ သူကြွယ်သည် ကြံ၏။ ငါသည် မင်းအား ထမင်းကိုပေးအပ်၏။ မင်းသည်။ ပုရောဟိတ် ပုဏ္ဏားအား ပေးအပ်၏။ ပုဏ္ဏားသည် အရှင်ရသေ့အား လှူအပ်၏။ အရှင်ရသေ့သည် အရှင်ပစ္စေကဗုဒ္ဓါအား လှူအပ်၏။ အရှင်ပစ္စေကဗုဒ္ဓါသည် တစုံတယောက်ကိုမျှ မပန်မူ၍ ဘုဉ်းပေးတော်မူ၏။ ဤမျှလောက်ကုန်သော မင်း, ပုဏ္ဏား, ရသေ့တို့၏ လှူခြင်း၏ အကြောင်းကား အသို့နည်း၊ ဤအရှင်ပစ္စေကဗုဒ္ဓါ၏ တစုံတယောက်သော သူကိုမျှလည်း မမေး မပန်မူ၍လျှင် ဘုဉ်းပေးခြင်း၏ အကြောင်းကား အဘယ်နည်း၊ စသည်ဖြင့် ထိုလေးယောက်သော သူတို့ကို ငါမေးအံ့ဟု ကြံ၏။ ကြံပြီး၍ ထိုသူကြွယ်သည် တယောက် တယောက်စီသို့ ချဉ်းကပ်သဖြင့် ရှိခိုး၍ မေး၏။ ထိုလေးယောက်ကုန်သော သူတို့တွင်လည်း မင်းကို ရှေးဦးစွာ မေးလိုရကား-

၂၇၀။ သုခုမာလ ရူပံ ဒိသွာ၊ ရဋ္ဌာ ဝိဝနမာဂတံ။
ကူဋာဂါရ ဝရူပေတံ၊ မဟာသယန မုပေါစိတံ။
၂၇၁။ တဿ တေ ပေမကေနာဟံ၊ အဒါသိံ ဝဒ္ဓမောဒနံ။
သာလီနံ ဝိစိတံ ဘတ္တံ၊ သုစိံ မံသူပသေစနံ။
၂၇၂။ တံ တွံ ဘတ္တံ ပဋိဂ္ဂယှ၊ ဗြာဟ္မဏဿ အဒါသယိ။
အတ္တာနံ အနသိတွာန၊ ကော ယံ ဓမ္မော နမတ္ထု တေ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

၂၇၀။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ရဋ္ဌာ၊ တိုင်းပြည်မှ။ ဝိဝနံ၊ ရေမရှိသော တောနှင့်တူသော ဤပစ္စန္တရစ်ရွာသို့။ အာဂတံ၊ ရောက်လာသော။ ကူဋာဂါရဝရူပေတံ၊ မြတ်သော စုလစ်မွန်းချွန် တပ်သော ပြာသာဒ်နှင့်ပြည့်စုံသော။ မဟာသယနမုပေါစိတံ၊ ကြက်သရေရှိသော မြတ်သောနေရာ၌ နေလေ့ရှိသော။ သုခုမာလရူပံ၊ နူးညံ့သိမ်မွေ့သော အသွင်ရှိသော အရှင်မင်းကြီးကို။ ဒိသွာန၊ မြင်ရ၍။

၂၇၁။ အဟံ၊ အကျွန်ုပ်သည်။ ပေမကေန၊ ချစ်မြတ်နိုးသဖြင့်။ ဝဒ္ဓမောဒနံ၊ မြတ်သောထမင်းဟု ဆိုအပ်သော။ ဝိစိတံ၊ လက်ရွေးဆန်ကောင်းတို့ဖြင့် ချက်အပ်သော။ သုစိံ၊ စင်ကြယ်စွာသော။ မံသူပသေစနံ၊ သားဖြင့်ပြွမ်းသော။ သာလီနံ ဘတ္တံ၊ သလေးထမင်းကို။ တဿ-တေ၊ ထိုအရှင်မင်းကြီးအားသာလျှင်။ အဒါသိံ၊ ပေး၏။

၂၇၂။ တွံ၊ အရှင်မင်းကြီးသည်။ တံ ဘတ္တံ၊ ထိုထမင်းကို။ ပဋိဂ္ဂယှ၊ ခံယူ၍။ အတ္တာနံ-အတ္တနာ၊ မိမိသည်။ အနသိတွာန၊ မစားမူ၍။ ဗြဟ္မဏဿ၊ ပုဏ္ဏားအား။ အဒါသယိ၊ ပေးတော်မူ၏။ အယံ ဓမ္မော၊ ဤသဘောကား။ ကော၊ အသို့နည်း။ တေ၊ အရှင်မင်းကြီးအား။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။

မင်းသည် သူကြွယ်အား ဖြေလိုရကား-

၂၇၃။ အာစရိယော ဗြာဟ္မဏော မယှံ၊ ကိစ္စာကိစ္စေသု ဝါဝဋော။
ဂရု စ အာမန္တနီယော၊ ဒါတု မရဟာမိ ဘောဇနံ။

ဟူသော ဤဂါထာကို ဆို၏။

၂၇၃။ ကုဋုမ္ဗိက၊ သူကြွယ်။ ဗြာဟ္မဏော၊ ပုဏ္ဏားသည်။ မယှံ၊ ငါ၏။ အာစရိယော၊ ဆရာတည်း။ ကိစ္စာကိစ္စေသု၊ အမှုငယ်အမှုကြီးတို့၌။ ဝါဝဋော၊ လုံ့ လပြုပေ၏။ ဂရု စ၊ အလေးအမြတ်ပြုအပ်သော သူတည်း။ အာမန္တနီယော၊ စားလှည့် သောက်လှည့်ဟု ပင့်ခေါ်ထိုက်သောသူတည်း။ ဘောဇနံ၊ ထမင်းကို။ ဒါတုံ၊ ပေးခြင်းငှါ။ အရဟာမိ၊ ထိုက်၏။

ထို့နောင်မှ သူကြွယ်သည် ပုဏ္ဏားကို မေးလိုရကား-

၂၇၄။ ဗြာဟ္မဏံ ဒါနိ ပုစ္ဆာမိ၊ ဂေါတမံ ရာဇပူဇိတံ။
ရာဇာ တေ ဘတ္တံ ပါဒါသိ၊ သုစိံ မံသူပသေစနံ။
၂၇၅။ တံ တွံ ဘတ္တံ ပဋိဂ္ဂယှ၊ ဣသိဿ ဘောဇနံ အဒါ။
အခေတ္တညူသိ ဒါနဿ၊ ကောယံ ဓမ္မော နမတ္ထု တေ

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၂၇၄။ ဒါနိ ဣဒါနိ၊ ယခုအခါ၌။ ရာဇပူဇိတံ၊ မင်းသည် ပူဇော်အပ်သော။ ဂေါတမံ၊ ဂေါတမအနွယ်ဖြစ်သော။ ဗြာဟ္မဏံ၊ ပုဏ္ဏားကို။ ပုစ္ဆာမိ၊ မေးပါ၏။ ရာဇာ၊ အရှင်မင်းကြီးသည်။ တေ၊ သင်ပုဏ္ဏားအား။ သုစိံ၊ စင်ကြယ်သော။ မံသူပသေစနံ၊ သားဖြင့်ပြွမ်းသော။ ဘတ္တံ၊ ထမင်းကို။ ပါဒါသိ၊ ပေး၏။

၂၇၅။ တွံ၊ သင်ပုဏ္ဏားသည်။ တံ ဘတ္တံ၊ ထိုသလေးထမင်းကို။ ပဋိဂ္ဂယှ၊ ခံယူ၍။ ဣသိဿ၊ ရသေ့အား။ ဘောဇနံ၊ ဆွမ်းကို။ အဒါ၊ လှူ၏။ ဒါနဿ၊ အလှူဒါန၏။ အခေတ္တညူ၊ မိမိ၏ လယ်မြေကောင်းသဘွယ် မဟုတ်သော အဖြစ်ကို သိသည်။ အသိ၊ ဖြစ်သလော။ အယံ ဓမ္မော၊ ဤသဘောသည်။ ကော၊ အသို့နည်း။ တေ၊ သင်ပုဏ္ဏားအား။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။

ပုဏ္ဏားသည် သူကြွယ်အား ဖြေဆိုလိုရကား-

၂၇၆။ ဘရာမိ ပုတ္တဒါရေ စ၊ ဃရေသု ဂဓိတော အဟံ။
ဘုဉ္ဇေ မာနုသကေ ကာမေ၊ အနုသာသာမိ ရာဇိနော။
၂၇၇။ အာရညိကဿ ဣသိနော၊ စိရရတ္တံ တပဿိနော။
ဝုဍ္ဎဿ ဘာဝိတတ္တဿ၊ ဒါတု မရဟာမိ ဘောဇနံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၂၇၆။ ကုဋုမ္ဗိက၊ သူကြွယ်။ အဟံ၊ ငါသည်။ ပုတ္တဒါရေ စ၊ သားမယားတို့ကိုလည်း။ ဘရာမိ၊ မွေးမြူ၏။ ဃရေသု၊ အိမ်တို့၌။ ဂဓိတော၊ တပ်မက်မော၏။ မာနုသကေ၊ လူ၌ဖြစ်ကုန်သော။ ကာမေ၊ ကာမဂုဏ်တို့ကို။ ဘုဉ္ဇေ၊ ခံစား၏။ ရာဇိနော၊ အရှင်မင်းမြတ်အား။ အနုသာသာမိ၊ ဆုံးမ၏။

၂၇၇။ စိရရတ္တံ၊ အခါလေးမြင့်။ တပဿိနော၊ ခြိုးခြံသော အကျင့်ရှိသော။ ဝုဍ္ဎဿ၊ ပညာဂုဏ်ဖြင့် ကြီးထသော။ ဘာဝိတတ္တဿ၊ ပွားစေအပ်သော ကိုယ်စိတ်ရှိသော။ အာရညိကဿ၊ တော၌ နေသော။ ဣသိနော၊ ရသေ့အား။ ဘောဇနံ၊ သလေးဆွမ်းကို။ ဒါတုံ၊ လူခြင်းငှါ။ အရဟာမိ၊ ထိုက်၏။

ထို့နောင်မှ သူကြွယ်သည် ရသေ့ကို မေးလိုရကား-

၂၇၈။ ဣသိဉ္စ ဒါနိ ပုစ္ဆာမိ၊ ကိသံ ဓမနိသန္ထတံ။
ပရူဠှကစ္ဆံ နခလောမံ၊ ပင်္ကဒန္တံ ရဇဿိရံ။
၂၇၉။ ဧကော အရညေ ဝိဟာသိ၊ နာဝ ကင်္ခသိ ဇီဝိတံ။
ဘိက္ခု ကေန တယာ သေယျော၊ ယဿ တွံ ဘောဇနံ အဒါ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၂၇၈။ ဣသေ၊ ရှင်ရသေ့။ ဒါနိ-ဣဒါနိ၊ ယခုအခါ၌။ ကိသံ၊ ကြုံသော ကိုယ်ရှိသော။ ဓမနိသန္ထတံ၊ အကြောပြိုင်းရရိုင်းထသော။ ပရူဠှကစ္ဆံ၊ ချုံကဲ့သို့ စည်ပင်သော လက်ကတီးမွေး ရှိသော။ နခလောမံ၊ ရှည်သော ခြေသည်း လက်သည်း ဆံ အမွေးရှိသော။ ပင်္ကဒန္တံ၊ သွားချေး အလိမ်းလိမ်း ကပ်သော။ ရဇဿိရံ၊ မြူဖြင့်ပြွမ်းသော ဦးခေါင်းရှိသော။ ဣသိံ၊ ရှင်ရသေ့ကို။ ပုစ္ဆာမိ၊ မေးပါ၏။

၂၇၉။ ဧကော၊ တယောက်တည်း။ အရညေ၊ တော၌။ ဝိဟာသိ၊ နေ၏။ ဇီဝိတံ၊ မိမိအသက်ကို။ နာဝကင်္ခသိ၊ မငဲ့ကွက်။ ယဿ၊ အကွင်ပစ္စေကဗုဒ္ဓါအား။ တွံ၊ ရှင်ရသေ့သည်။ ဘောဇနံ၊ ဆွမ်းကို။ အဒါသိ၊ လှူ၏။ အယံ ဘိက္ခု၊ ဤပစ္စေကဗုဒ္ဓါသည်။ တယာ၊ ရှင်ရသေ့ထက်။ ကေန၊ အဘယ် ဂုဏ်ကျေးဇူးဖြင့်။ သေယျော၊ မြတ်သနည်း။

ရသေ့သည် သူကြွယ်အား ဖြေဆိုလိုရကား-

၂၈၀။ ခဏန္တာ လုကလမ္ဗာနိ၊ ဗိလာလိ တက္ကလာနိ စ။
ဓုနံ သာမာကနီဝါရံ၊ သံသာရိယံ ပသာရိယံ။
၂၈၁။ သာကံ ဘိသံ မဓုံ မံသံ၊ ဗဒရာ မလကာနိ စ။
တာနိ အာဟရိတွာ ဘုဉ္ဇာမိ၊ အတ္ထိ မေ သော ပရိဂ္ဂဟော။
၂၈၂။ ပစန္တော အပစန္တဿ၊ အမမဿ အကိဉ္စနော။
အနာဒါနဿ သာဒါနော၊ ဒါတု မရဟာမိ ဘောဇနံ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

၂၈၀။ ကုဋုမ္ဗိက၊ သူကြွယ်။ အာလုကလမ္ဗာနိ၊ တံထွေးဥ တောထန်းဥတို့ကို၎င်း။ ဗိလာလိတက္ကလာနိ စ၊ ပိန်းဥ မျောက်ဥတို့ကို၎င်း။ ခဏန္တော၊ တူးသည်ဖြစ်၍။ ဘုဉ္ဇာမိ၊ စား၏။ သာမာကနီဝါရံ၊ မြက်စပါးကြိတ်ကို။ ဓာနံ-ဓုနန္တော၊ ခတ်၍။ သံသာရိယံ-ပသာရိယံ၊ နေပူ၌ ဖြန့်ကာ ဖြန့်ကာ လှန်းလျက်။ တဏ္ဍုလံ၊ ဆန်ကို။ အာဒါယ၊ ယူ၍။ ပစိတွာ၊ ချက်၍။ ဘုဉ္ဇာမိ၊ စား၏။

၂၈၁။ သာကံ၊ ချက်ကောင်းသော ဟင်းရွက်ကို၎င်း။ ဘိသံ၊ ကြာစွယ်ကြာရင်းကို၎င်း။ မဓုံ၊ မည်စည်သီးကို၎င်း။ မံသံ၊ ကျားခြင်္သေ့တို့၏ စားကြွင်းဖြစ်သော အမဲကို၎င်း။ ဗဒရာ မလကာနိ စ၊ ဇီးသီး ရှစ်ရှားသီးတို့ကို၎င်း။ တာနိ၊ ထိုအလုံးစုံတို့ကို။ အာဟရိတွာ၊ ဆောင်ယူ၍။ ဘုဉ္ဇာမိ၊ စား၏။ သော ပရိဂ္ဂဟော၊ ထိုသို့သိမ်းဆည်းခြင်းသည်။ မေ၊ ငါ့အား။ အတ္ထိ၊ ရှိ၏။

၂၈၂။ ပစန္တော၊ ထမင်းဟင်းချက်သော။ သာဒါနော၊ စွဲလမ်းခြင်းရှိသော ငါသည်။ အပစန္တဿ၊ ထမင်းဟင်း မချက်သော။ အ မမဿ၊ တဏှာ, ဒိဋ္ဌိတည်းဟူသော မြတ်နိုးခြင်းကင်းသော။ အကိဉ္စနော၊ ပလိဗောဓ ကြောင့်ကြမရှိသော။ အနာဒါနသာ၊ တဏှာ ဒိဋ္ဌိတည်းဟူသော စွဲလမ်းခြင်းမရှိသော အရှင်ပစ္စေကဗုဒ္ဓါအား။ ဘောဇနံ၊ သလေးဆွမ်းကို။ ဒါတုံ၊ လှူခြင်းငှါ။ အရဟာမိ၊ ထိုက်၏။

ထို့နောင်မှ သူကြွယ်သည် အရှင်ပစ္စေကဗုဒ္ဓါကို မေးလိုရကား-

၂၈၃။ ဘိက္ခုဉ္စ ဒါနိ ပုစ္ဆာမိ၊ တုဏှီ မာသီနသုဗ္ဗတံ။
ဣသိ တေ ဘတ္တံ ပါဒါသိ၊ သုစိံ မံသူပသေစနံ။
၂၈၄။ တံ တွံ ဘတ္တံ ပဋိဂ္ဂယှ၊ တုဏှီ ဘုဉ္ဇသိ ဧကကော။
နာညံ ကိဉ္စိ နိမန္တေသိ၊ ကောယံ ဓမ္မော နမတ္ထု တေ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၂၈၃။ ဘန္တေ၊ အရှင်ဘုရား။ ဒါနိ-ဣဒါနိ၊ ယခုအခါ၌။ တုဏှီမာသီနံ၊ စကားမဆို ဖိုလ်ဝင်စားသကဲ့သို့ ဆိတ်ဆိတ်နေသော။ သုဗ္ဗတံ၊ ကောင်းသော အကျင့်ရှိသော။ ဘိက္ခုဉ္စ၊ အရှင်ပစ္စေကဗုဒ္ဓါကိုလည်း။ ပုစ္ဆာမိ၊ မေးလျှောက်ပါ၏။ ဣသိ၊ ရှင်ရသေ့သည်။ သုစိံ၊ စင်ကြယ်သော။ မံသူပသေစနံ၊ သားဖြင့်ပြွမ်းသော။ ဘတ္တံ၊ သလေးဆွမ်းကို။ တေ၊ အရှင်ဘုရားအား။ ပါဒါသိ၊ လှူ၏။

၂၈၄။ တွံ၊ အရှင်ဘုရားသည်။ တံ ဘတ္တံ၊ ထိုဆွမ်းကို။ ပဋိဂ္ဂယှ၊ ခံယူ၍။ ဧကကော၊ တပါးတည်း။ တုဏှီ၊ ဆိတ်ဆိတ်။ ဘုဉ္ဇသိ၊ ဘုဉ်းပေးတော်မူ၏။ အညံ၊ တပါးသော။ ကိဉ္စိ၊ တစုံတယောက်သော သူကိုမျှ။ န နိမန္တေသိ၊ မပေး မဘိတ်။ အယံ ဓမ္မော၊ ဤသဘောသည်။ ကော၊ အသို့နည်း။ တေ၊ အရှင်ဘုရားအား။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။

အရှင်ပစ္စေကဗုဒ္ဓါသည် သူကြွယ်အား ဖြေဆိုလိုရကား-

၂၈၅။ န ပစာမိ န ပါစေမိ၊ နဆိန္ဒာမိ န ဆေဒယေ။
တံ မံ အကိဉ္စနံ ဉတွာ၊ သဗ္ဗပါပေဟိ အာရကံ။
၂၈၆။ ဝါမေန ဘိက္ခမာဒါယ ဒက္ခိဏေန ကမဏ္ဍလုံ။
ဣသိ မေ ဘတ္တံ ပါဒါသိ၊ သုစိံ မံသူပသေစနံ။
၂၈၇။ ဧတေဟိ ဒါတု မရဟန္တိ၊ သမမာ သပရိဂ္ဂဟာ။
ပစ္စနီကမဟံ မညေ၊ ယော ဒါတာရံ နိမန္တယေ။

ဟူသော ဤသုံးဂါထာတို့ကို ဟောတော်မူ၏။

၂၈၅။ ကုဋုမ္ဗိက၊ သူကြွယ်။ အဟံ၊ ငါသည်။ န ပစာမိ၊ ထမင်းဟင်းလည်း မချက်။ န ပါစေမိ၊ သူတပါးကိုလည်း မချက်စေ။ န ဆိန္ဒာမိ၊ ငါလည်းမဖြတ်။ န ဆေဒယေ၊ သူတပါးကိုလည်း မဖြတ်စေ။ အကိဉ္စနံ၊ ရာဂအစရှိသောကြောင့်ကြမရှိသော။ သဗ္ဗပါပေဟိ၊ အလုံးစုံသော မကောင်းမှုတို့မှ။ အာရကံ၊ ဝေးသော။ တံ မံ၊ ထိုငါ့ကို။ ဉတွာ၊ သိ၍။

၂၈၆။ ဣသိ၊ ရသေ့သည်။ ဝါမေန၊ လက်ဝဲ လက်ဖြင့်။ ဘိက္ခံ၊ ဆွမ်းခွက်ကို။ အာဒါယ၊ ယူ၍။ ဒက္ခိဏေန၊ လကျ်ာလက်ဖြင့်။ ကမဏ္ဍလုံ၊ ကရားကို။ အာဒါယ၊ ယူ၍။ သုစိံ၊ စင်ကြယ်သော။ မံသူပသေစနံ၊ သားဖြင့်ပြွမ်းသော။ ဘတ္တံ၊ သလေးဆွမ်းကို။ မေ၊ ငါ့အား။ ပါဒါသိ၊ လှူ၏။

၂၈၇။ သ မမာ၊ တဏှာ ဒိဋ္ဌိတည်းဟူသော မြတ်နိုးခြင်း ရှိကုန်သော။ သပရိဂ္ဂဟာ၊ ဥစ္စာသိမ်းဆည်းခြင်း ရှိကုန်သော။ ဧတေ၊ ထိုမင်း, ပုဏ္ဏား, ရသေ့တို့သည်။ ဟိ-သစ္စံ၊ အကယ်၍လျှင်။ မာဒိသဿ၊ ငါကဲ့သို့သောသူအား။ ဒါတုံ၊ လှူခြင်းငှါ။ အရဟန္တိ၊ ထိုက်ကုန်၏။ ယော၊ အကြင်သူသည်။ ဒါတာရံ၊ ပေးလှူသောသူကို။ နမန္တယေ၊ ဘိတ်ပြန်၏။ တံ၊ ထိုပေးလှူသော သူကိုပင် တဖန်ပြန်၍ ဘိတ်ခြင်းကို။ ပစ္စနီကံ၊ ဆန့်ကျင်သော အကျင့်ဟူ၍။ အဟံ၊ ငါသည်။ မညေ၊ အောက်မေ့၏။

ထိုအရှင်ပစ္စေကဗုဒ္ဓါ၏ စကားကို ကြားရလျှင် သူကြွယ်သည် အလွန်နှစ်သက်သည်ဖြစ်၍ အရှင်ပစ္စေကဗုဒ္ဓါအား ချီးမွမ်းလိုရကား-

၂၈၈။ အတ္ထာယ ဝတ မေ အဇ္ဇ၊ ဣဓာ ဂစ္ဆိ ရထေသဘော။
ယော ဟံ အဇ္ဇ ပဇာနာမိ၊ ယတ္ထ ဒိန္နံ မဟပ္ဖလံ။
၂၈၉။ ရဋ္ဌေသု ဂိဒ္ဓါ ရာဇာနော၊ ကိစ္စာကိစ္စေသု ဗြဟ္မဏာ။
ဣသီ မူလဖလေ ဂိဒ္ဓါ၊ ဝိပ္ပမုတ္တာ စ ဘိက္ခဝေါ။

ဟူသော ဤအဆုံး နှစ်ဂါထာတို့ကို ဆို၏။

၂၈၈။ ဘော၊ အချင်းတို့။ ရထေသဘော၊ မင်းမြတ်သည်။ အဇ္ဇ၊ ဤအခါ၌။ မေ၊ ငါ၏။ အတ္ထာယ၊ အကျိုးငှါ။ ဣဓ၊ ဤအရပ်သို့။ အာဂစ္ဆိ ဝတ၊ လာပေစွတကား။ ယတ္ထ၊ အကြင်ပုဂ္ဂိုလ်၌။ ဒိန္နံ၊ လှူအပ်သော အလှူသည်။ မဟပ္ဖလံ၊ အကျိုးကြီး၏။ တေ၊ ထိုပုဂ္ဂိုလ်တို့ကို။ ယော အဟံ၊ အကြင်ငါသည်။ အဇ္ဇ၊ ယခုအခါ၌။ ပဇာနာမိ၊ သိ၏။

၂၈၉။ ရာဇာနော၊ ပြည့်ရှင်မင်းတို့သည်။ ရဋ္ဌေသု၊ တိုင်းနိုင်ငံတို့၌။ ဂိဒ္ဓါ၊ တပ်မက်မောကုန်၏။ ဗြာဟ္မဏာ၊ ပုဏ္ဏားတို့သည်။ ကိစ္စာကိစ္စေသု၊ အမှုကြီးငယ်တို့၌။ ဂိဒ္ဓါ၊ တပ်မက်မောကုန်၏။ ဣသီ၊ ရသေ့တို့သည်။ မူလဖလေ၊ သစ်မြစ်သစ်သီး၌။ ဂိဒ္ဓါ၊ တပ်မက်မောကုန်၏။ ဘိက္ခဝေါ စ၊ အရှင်ပစ္စေကဗုဒ္ဓါတို့သည်ကား။ ဝိပ္ပမုတ္တာ၊ တပ်မက်မောခြင်းမှ လွတ်ကုန်၏။

အရှင်ပစ္စေကဗုဒ္ဓါသည် ထိုသူကြွယ်အား တရားဟောတော်မူပြီးလျှင် မိမိနေရာသို့လျှင် ကြွတော်မူ၏။ ရသေ့သည်လည်း အရှင်ပစ္စေကဗုဒ္ဓါအတူ သူကြွယ်အား တရားဟောပြီးလျှင် မိမိနေရာသို့ သွားလေ၏။ မင်းသည်ကား နှစ်ရက်သုံးရက် သူကြွယ်အထံ၌ နေပြီး၍ ဗာရာဏသီပြည်သို့လျှင် သွားလေ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာတော်ကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ၌သာလျှင် ဆွမ်းသည် သင့်တင့်လျောက်ပတ်ရာသို့ ရောက်သည်မဟုတ်သေး၊ ရှေး၌လည်း ရောက်ဘူးသည်သာတည်းဟု မိန့်တော်မူ၍ ယခုအခါ တရားရတနာအား ပူဇော်သော သူကြွယ်သည် ထိုအခါ သူကြွယ်ဖြစ်ဘူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ပုရောဟိတ် ပုဏ္ဏား ဖြစ်ဘူးပြီ။ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဟိမဝန္တာ၌ ရသေ့ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကိုယ့်ထက်မြတ်သူ၊ ပေးလှူမှု၊ မှတ်ယူမင်္ဂလာ

တဆယ့်သုံးခုမြောက်သော ဘိက္ခာပရမ္ပရဇာတ်သည် ပြီး၏။

*****