ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု
by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၈၀။ ဘီမသေနဇာတ်
2356ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု — ၈၀။ ဘီမသေနဇာတ်မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်

ဧကကနိပါတ်-ဝရုဏဝဂ်

၁၀။ ဘီမသေနဇာတ်

သူတပါးတို့အား ကဲ့ရဲ့ရှုတ်ချတတ်သောသူ၏ အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယံ တေ ပဝိကတ္ထိတံ ပုရေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဘီမသေနဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် မထင်ရှားသော သူတပါးတို့အား ရှုတ်ချတတ်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ တယောက်သော ရဟန်းသည် ငါ့သျှင်တို့ ငါတို့၏ အမျိုးအနွယ်တို့နှင့်တူသောမည်သည် မရှိကုန်၊ ငါတို့သည် ဤသို့သဘောရှိသည်မည်သော မင်းမျိုး၌ဖြစ်ကုန်၏။ အနွယ်အားဖြင့်၎င်း၊ ဥစ္စာအားဖြင့်၎င်း၊ အမျိုးစဉ်ဆက်အားဖြင့်၎င်း ငါတို့နှင့်တူသောသူမည်သည် မရှိ၊ ငါတို့၏ ရွှေ ငွေအစရှိသည်တို့၏ အဆုံးသည်မရှိ၊ ငါတို့၏ ကျွန်အမှုလုပ်သည်လည်း သလေးသားပြွမ်း ထမင်းကို စားရကုန်၏။ ကာသိတိုင်း၌ဖြစ်သောအဝတ်ကို ဝတ်ရကုန်၏။ ကာသိတိုင်း၌ဖြစ်သောနံ့သာပျောင်းကို လိမ်းရကုန်၏။ ငါတို့သည် ရဟန်းဖြစ်သဖြင့် ယခုအခါ၌ ဤသို့သဘောရှိကုန်သော ရုန့်ရင်းကုန်သော အစာတို့ကို စားရကုန်၏။ ရုန့်ရင်းကုန်သော သင်္ကန်းတို့ကို ဆောင်ရကုန်၏ဟု သီတင်းကြီး သီတင်းငယ် သီတင်းလတ်ဖြစ်ကုန်သော ရဟန်းတို့၏အတွင်း၌ သူတပါးတို့အားရှုတ်ချလျက် အမျိုးအစရှိသည်တို့၏ အစွမ်းအားဖြင့်သူတပါးတို့အား ကဲ့ရဲ၍ သွားသတတ်။

ထိုအခါ တယောက်သောရဟန်းသည် ထိုရဟန်း၏ အမျိုးစဉ်ဆက်ကိုစုံစမ်း၍ သူတပါးတို့အား ရှုတ်ချတတ်သည်အဖြစ်ကို ရဟန်းတို့အားပြောဆို၏။ ရဟန်းတို့သည် တရား သဘင်၌ စည်းဝေးကုန်လျက် ငါ့ရှင်တို့ ဤမည်သောရဟန်းသည် ဤသို့ သဘောရှိသော ဝဋ်ဆင်းရဲမှထွက်မြောက်ကြောင်းဖြစ်သော သာသနာတော်၌ရဟန်းပြု၍ သူတပါးတို့အား ရှုတ်ချလျက် သွား၏ဟု ထိုရဟန်း၏ကျေးဇူးမဲ့ကို ပြောဆိုကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟုမေးတော်မူ၏။ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်သည်ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ထိုရဟန်းသည် ယခုအခါ၌သာလျှင် သူတပါးတို့အား ရှုတ်ချလျက် ကဲ့ရဲလျက် သွားသည်မဟုတ်သေး၊ ရှေး၌လည်း သူတပါးတို့အား ရှုတ်ချ ကဲ့ရဲလျက် သွားဘူးသည် သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တခုသောရွာနိဂုံး၌ ဥဒိစ္စပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ ရောက်လတ်သည်ရှိသော် တက္ကသိုလ်ပြည်၌ ဒိသာပါမောက္ခဆရာ့အထံ၌ ဗေဒင်သုံးပုံတို့ကို၎င်း၊ တဆယ်ရှစ်ပါးသော အတတ်တို့ကို၎င်းသင်၍ ခပ်သိမ်းသောအတတ်တို့၌ အပြီးသို့ရောက်၍ စူဠဓနုဂ္ဂဟပဏ္ဍိတမည်သည် ဖြစ်၏။ ထိုဘုရားလောင်းသည် တက္ကသိုလ်ပြည်မှထွက်ခဲ့၍ အလုံးစုံသောအတတ်ကိုရှာလျက် မဟိံသကတိုင်းသို့ သွား၏။
ဤစူဠဓနုဂ္ဂဟဇာတ်၌ကား ဘုရားလောင်းသည် အတန်ငယ်ပု၏။ ကုန်းသာ ကိုယ်ရှိ၏။ *

ထိုဘုရားလောင်းသည် တစုံတယောက်သောမင်းကို အကယ်၍ ဆည်းကပ်ငြားအံ့၊ ဤသို့ ဆည်းကပ်သည်ရှိသော် ပုသောကိုယ်ရှိသောသင်သည် ငါတို့၏အမှုကို အသို့ပြုနိုင်လတ္တံ့နည်းဟု ဆိုလတ္တံ့၊ ငါသည် အလုံးအရပ်နှင့်ပြည့်စုံသော အဆင်းလှသော ယောက်ျားကိုအမှီပြု၍ ထိုယောက်ျား၏ ကျောက်ရိပ်ဖြင့် အသက်မွေးခြင်းကို အကယ်၍ပြုရမူကား ကောင်း၏ဟု ကြံ၏။ ကြံပြီး၍ ဘုရားလောင်းသည် ထိုသို့သဘောရှိသောယောက်ျားကို ရှာသည်ရှိသော် တယောက်သော ဘီမသေန မည်သောရက်ကန်းသည်၏ ရက်ကန်းရက်ရာအရပ်သို့သွားပြီးလျှင် ထိုဘီမသေနနှင့်တကွ နှုတ်ခွန်းဆက်ခြင်းကိုပြု၍ အဆွေ သင်သည် အဘယ်အမည်ရှိသနည်းဟု မေး၏။ ဘီမသေနမည်၏ဟု ဆို၏။ သင်သည် ဤသို့သဘောရှိသောကိုယ်နှင့် ပြည့်စုံသည်ဖြစ်၍ ဤယုတ်သောအမှုကို အဘယ့်ကြောင့် ပြုသနည်းဟု မေး၏။ အသက်မွေးခြင်းငှါ မတတ်နိုင်သည်ဖြစ်၍ ပြု၏ဟုဆို၏။ အဆွေ ဤအမှုကို မပြုလင့်၊ အလုံးစုံသောဇမ္ဗူဒိပ်၌ ငါနှင့်တူသော လေးသ္မားမည်သည် မရှိ၊ ငါသည် တစုံတယောက်သော မင်းကို အကယ်၍ မြင်ငြားအံ့၊ ဤသို့မြင်သည်ရှိသော် ထိုမင်းသည် ငါ့ကို ဤလူပုသည် ငါ၏အမှုကိုအသုံပြုနိုင်လတ္တံ့နည်းဟု ပြက်ရယ်ပြုရာ၏။ သင်သည် မင်းကိုဖူးမြင်၍ အရှင်မင်းကြီး အကျွန်ုပ်သည် လေးသ္မားတည်း၊ အရှင်မင်းကြီးသည် ထောက်ပံ့ခြင်းကိုပြုတော်မူပါဟု သင်ဆိုအံ့၊ မင်းသည် သင့်အား ရိက္ခာကိုပေး၍ အသက်မွေးခြင်းသည် ဖြစ်လတ္တံ့၊ ငါသည် သင့်အားဖြစ်သောအမှုကိုပြုလျှက် သင့်ကျောက်ရိပ်ဖြင့် အသက်မွေးအံ့၊ ဤသို့လျှင် နှစ်ယောက်ကုန်သောငါတို့သည်လည်း ချမ်းသာသည် ဖြစ်ကုန်အံ့၊ ငါ၏စကားကို လိုက်နာဟုဆို၏။ ထိုဘီမသေနသည် ကောင်းပြီဟု ဝန်ခံ၏။

ထိုအခါ ဘီမသေနကိုယူ၍ ဗာရာဏသီသို့သွားပြီးလျှင် မိမိသည် အလုပ်အကျွေးငယ်ဖြစ်၍ ထိုဘီမသေနကို ရှေ့ကထားလျှက် မင်းအိမ်တံခါး၌ ရပ်၍ မင်းကြားစေ၏။ ဝင်စေလောဟု ဆိုသည်ရှိသော် နှစ်ယောက်ကုန်သောသူတို့သည် မင်းကို ရှိခိုးလျက်နေ၏။ အဘယ်အကြောင်းကြောင့် လာကုန်သနည်းဟု မေးသည်ရှိသော် ဘီမသေနသည် အရှင်မင်းကြီး အကျွန်ုပ်သည် လေသ္မားတည်း၊ အလုံးစုံသောဇမ္ဗူဒိပ်၌ အကျွန်ုပ်နှင့်တူသော လေးသ္မားသည် မရှိဟု လျှောက်၏။ အဘယ်မျှသောဥစ္စာကို ရသည်ရှိသော် ငါ့ကိုခစားလတ္တံ့နည်းဟုမေး၏။ အရှင်မင်းကြီး လခွဲ၌ အသပြာတထောင်ကိုရသည်ရှိသော် ခစားပါအံ့ဟု လျှောက်၏။ ဤယောက်ျားသည် သင်နှင့် အသို့တော်သနည်းဟု မင်းကြီး မေး၏။ အရှင်မင်းကြီး အကျွန်ုပ်၏ အလုပ်အကျွေးငယ်တည်းဟု လျှောက်၏။ ကောင်းပြီ ခစားလောဟု မင်းကြီး ဆို၏။ ထိုအခါမှစ၍ ဘီမသေနသည် မင်းကို ခစား၏။ ထိုဘီမသေနအား ဖြစ်သော အမှုကိစ္စကို ဘုရားလောင်းသည်သာလျှင် ပြီးစေ၏။

ထိုအခါ ကာသိတိုင်းဝယ် တခုသောတော၌ များစွာကုန်သော လူတို့၏သွားရာလမ်းခရီးကို ကျားသည်ပြတ်စေ၏။ များစွာသောလူတို့ကို ဖမ်း၍စား၏။ ထိုအကြောင်းကို မင်းအားလျှောက်၏။ မင်းကြီးသည် ဘီမသေနကိုခေါ်စေ၍ အမောင် ကျားကို ဖမ်းအံ့သောငှါ တတ်နိုင်လတ္တံ့လောဟု မိန့်ဆို၏။ အရှင်မင်းကြီး ကျားကို ဖမ်းအံ့သောငှါ မတတ်နိုင်ပါအံ့၊ အဘယ်မှာ လေးသ္မားမည်အံ့နည်းဟု လျှောက်၏။ မင်းကြီးသည် ဘီမသေနအား ရိက္ခာကိုပေး၍ လွှတ်လိုက်၏။ ထိုဘီမသေနသည် အိမ်သို့သွား၍ ဘုရားလောင်းအား ပြောဆို၏။ ဘုရားလောင်းသည် အဆွေ ကောင်းပြီ သွားလောဟု ဆို၏။ သင်သည်ကား မလိုက်သလောဟု ဆို၏။ ငါသည် မလိုက်အံ့၊ ဥပါယ်ကိုကား သင့်အားကြားအံ့ဟုဆို၏။ အဆွေ ကြားလောဟု ဆို၏။ သင်သည် ကျားရှိရာအရပ်သို့ အဆောတလျှင် တယောက်တည်းသာလျှင် မသွားလေလင့်၊ ဇနပုဒ်သားတို့ကိုစည်းဝေးစေပြီးလျှင် တထောင်နှစ်ထောင်သော လေးသ္မားတို့ကို ခေါ်စေ၍ ထိုကျားရှိရာအရပ်သို့သွားပြီးလျှင် ကျားထသောအဖြစ်ကိုသိလျှင်ပြေး၍ တခုသောချုံသို့ဝင်၍ ရင်ဖြင့် ဝပ်လေလော့၊ ဇနပုဒ်သားတို့သည်သာလျှင် ကျားကို ပုတ်ခတ်၍ ဖမ်းလတ္တံ့၊ လူတို့သည် ကျားကိုဖမ်းသည်ရှိသော် သွားတို့ဖြင့် တခုသောနွယ်ကို ဖြတ်၍ နွယ်စွန်း၌ကိုင်၍ ကျားသေ၏အထံသို့ သွားပြီးလျှင် အချင်းတို့ အဘယ်သူသည် ဤကျားကိုသတ်သနည်း၊ ငါသည် ဤကျားကို နွားကဲ့သို့ နွယ်ဖြင့်ဖွဲ့၍ မင်းကြီးအထံသို့ ဆောင်အံ့ဟု နွယ်အလို့ငှါ ချုံသို့ဝင်သည်ရှိသော် ငါယူအပ်သောနွယ်သည် မရောက်မီသာလျှင် အဘယ်သူသည် သတ်အပ်သနည်း၊ ဤသို့ ဆိုလေလော့။

ထိုအခါ ဇနပုဒ်သားတို့သည် ကြောက်လန့်ကုန်သည်ဖြစ်၍ အရှင်ဘီမသေန မင်းအားမကြားပါလင့်ဟု များစွာသောဥစ္စာကို ပေးကုန်လတ္တံ့၊ သင်သည်သာလျှင် ကျားကို ဖမ်းအပ်သည် ဖြစ်လတ္တံ့၊ မင်း၏အထံမှလည်း များစွာသောဥစ္စာကိုရလတ္တံ့ဟု ဘုရားလောင်းဆို၏။ ထိုဘီမသေနသည် ကောင်းပြီဟု ဝန်ခံပြီးလျှင်သွား၍ ဘုရားလောင်းသည် ဆိုအပ်သောနည်းဖြင့်သာလျှင် ကျားကိုဖမ်း၍ တောကိုဘေးမရှိခြင်းကိုပြု၍ လူများခြံရံလျက် ဗာရာဏသီသို့လာလတ်၍ မင်းကိုဖူးမြင်လျက် အရှင်မင်းကြီး အကျွန်ုပ်သည် ကျားကိုဖမ်းအပ်၏။ တောကို ဘေးမရှိခြင်းကို ပြုအပ်ပြီဟု လျှောက်၏။ မင်းသည် နှစ်သက်သည်ဖြစ်၍ များစွာသော ဥစ္စာကိုပေး၏။ တနေ့သ၌ တခုသောလမ်းခရီးကို တခုကျွဲသည် ပြတ်စေ၏ဟု လျှောက်၏။ မင်းသည် ထိုရှေးအတူသာလျှင် ဘီမသေနကို စေ၏။ ထိုဘီမသေနသည်လည်း ဘုရားလောင်း ပေးအပ်သောနည်းဖြင့် ကျားကိုကဲ့သို့ ထိုကျွဲကိုလည်း ဖမ်း၍ လာ၏။ မင်းသည် တဖန် များစွာသော ဥစ္စာကိုပေး၏။ ကြီးသော စည်းစိမ်သည် ဖြစ်၏ ထိုဘီမသေနသည် စည်းစိမ်ယစ်ခြင်းဖြင့် ယစ်သည်ဖြစ်၍ ဘုရားလောင်း၌ မထေမဲ့မြင်ပြု၍ ဘုရားလောင်းစကားကို မယူ၊ ငါသည် သင့်ကိုမှီ၍ အသက်မမွေး၊ သင်သည်သာလျှင် ယောကျ်ားလော၊ ဤသို့အစရှိသော ကြမ်းကြုတ်သော စကားကိုဆို၏။

ထိုအခါ နှစ်ရက်သုံးရက်လွန်သဖြင့် တယောက်သောပြည်နီးချင်းမင်းသည်လာလတ်၍ ဗာရာဏသီကိုဝန်းရံပြီးလျှင် ပြည်ကိုတည်း ပေးအံ့လော၊ စစ်တိုက်ခြင်းကိုတည်း ပြုအံ့လောဟု ဗာရာဏသီမင်းအား သတင်းစကားကို စေလိုက်၏။ ဗာရာဏသီမင်းသည် စစ်ထိုးလောဟု ဘီမသေနကို စေလိုက်၏။ ထိုဘီမသေနသည် အလုံးစုံသောချပ်တန်ဆာတို့ဖြင့် ဖွဲ့အပ်သည်ဖြစ်၍ မင်း၏အသွင်ကိုယူ၍ ကောင်းစွာဖွဲ့အပ်သော တန်ဆာရှိသော ဆင်ကျောက်ကုန်း၌ နေ၏။ ဘုရားလောင်းသည် ထိုဘီမသေန၏ သေဘေးမှကြောက်သောကြောင့် အလုံးစုံသော ချပ်တန်ဆာတို့ဖြင့်ဖွဲ့လျက် ဘီမသေနတ် နောက်ဖြစ်သောနေရာ၌ နေ၏။ ဆင်ကို များစွာသော လူများဖြင့်ခြံရံလျက် မြို့တံခါးမှထွက်စေ၍ စစ်ဦးသို့ ရောက်၏။ ဘီမသေနသည် စစ်ထိုးသောစည်သံကိုကြား၍ တုန်လှုပ်ခြင်းငှါ အားထုတ်၏။ ဘုရားလောင်းသည် ယခုအခါ၌ ဤဘီမသေနသည် ဆင်ကျောက်ကုန်းမှကျ၍ သေလတ္တံ့ဟု ဆင်ကျောက်ကုန်းမှ မကျစိမ့်သောငှါ ဘီမသေနကို ကြိုးဖြင့်ကိုင်၏။ ဘီမသေနသည် စစ်ထိုးရာအရပ်ကိုမြင်၍ သေဘေးမှကြောက်သောကြောင့် ကျင်ကြီးကျင်ငယ်တို့ဖြင့် ဆင်ကျောက်ကုန်းကို ဖျက်ဆီး၏။ ဘုရားလောင်းလည်း ဘီမသေန သင်၏ ရှေးစကားနှင့် ယခုဖြစ်သောအမူအရာသည် မညီသလျှင်ကတည်း၊ သင်သည် ရှေး၌ စစ်သူရဲကဲ့သို့ဖြစ်၏။ ယခုအခါ၌ကား ဆင်ကျောက်ကုန်းကိုဖျက်ဆီး၏ဟု ဆိုလို၍-

၈၀။ ယံ တေ ပဝိကတ္ထိတံ ပုရေ၊ အထ တေ ပူတိသရာ သဇန္တိ ပစ္ဆာ၊
ဥဘယံ န သမေတိ ဘီမသေန ယုဒ္ဓကထာ စ ဣဒဉ္စ တေ ဝိဟညံ။

ဟူသော ဤဂါထာကို ဆို၏။

၈၀။ ဘီမသေန၊ ဘီမသေန။ ယံ-ယေန ကာရဏေန၊ အကြင်အကြောင်းကြောင့်။ ပုရေ၊ ရှေး၌။ တေ-တယာ၊ သင်သည်။ ပဝိကတ္ထိတံ၊ သူတပါးတို့အား ရှုတ်ချသော စကားကို ဆိုအပ်၏။ အထ၊ ထိုသို့ဆိုအပ်လျက်။ ပစ္ဆာ၊ နောက်ဖြစ်သောယခုအခါ၌။ တေ၊ သင့်အား။ ပူတိသရာ၊ ကျင်ကြီး ကျင်ငယ်တို့သည်။ သဇန္တိ၊ ယိုစီးကုန်၏။ တေ၊ သင်၏။ ယုဒ္ဓကထာ စ၊ စစ်ထိုးခြင်း စကားသည်၎င်း။ ဝိဟညံ စ၊ ပင်ပန်းခြင်းသည်၎င်း။ ဣဒံ ဥဘယံ၊ ဤနှစ်ပါးစုံသည်။ န သမေတိ၊ မညီ။

ဤသို့ ဘုရားလောင်းလည်း ထိုဘီမသေနကိုကဲ့ရဲ့၍ အဆွေ မကြောက်လင့်၊ အဘယ့်ကြောင့် ငါသည်ထင်ရှားရှိလျက် ပင်ပန်းဘိသနည်းဟု ဘီမသေနကို ဆင်ကျောက်ကုန်းမှချပြီးလျှင် ရေချိုး၍ အိမ်သို့သာလျှင်သွားလောဟု လွှတ် လိုက်၍ ယနေ့ ငါသည် ထင်ရှားသောသူ ဖြစ်ခြင်းငှာ သင့်၏ဟု ဆို၍ ထိုဘုရားလောင်းသည် စစ်မြေပြင်သို့ကပ်၍ ကြော်ငြာပြီးလျှင် ဗိုလ်ထုကိုဖျက်၍ ရန်သူမင်းကို အရှင်ဖမ်းခြင်းကိုဖမ်း၍ ဗာရာဏသီမင်း၏အထံသို့ သွား၏။ မင်းသည် နှစ်သက်သည်ဖြစ်၍ ဘုရားလောင်းအား ကြီးစွာသောစည်းစိမ်ကိုပေး၏။ ထိုအခါမှစ၍ စူဠဓနုဂ္ဂဟပဏ္ဍိတဟူ၍သာလျင် အလုံးစုံသောဇမ္ဗူဒိပ်၌ ထင်ရှားသည် ဖြစ်၏။ ထိုဘုရားလောင်းသည် ဘီမသေနကိုရိက္ခာပေး၍ မိမိနေရာအရပ်သို့သာလျှင် သွားစေ၍ ဒါနအစရှိသော ကောင်းမှုတို့ကို ပြု၍ ကံအားလျှော်စွာ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ရဟန်းတို့ ဤရဟန်းသည် ယခုခါ၌သာလျှင် သူတပါးတို့အား ရှုတ်ချသောစကားကို ဆိုတတ်သည် မဟုတ်သေး၊ ရှေး၌လည်း ဆိုဘူးသည်သာလျှင်တည်းဟု မိန့်တော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ ရှုတ်ချသော ရဟန်းသည် ထိုအခါ ဘီမသေန ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ စူဠဓနုဂ္ဂဟပဏ္ဍိတ ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

သူတပါးကို။ ရှုတ်ချလို၊ ကိုယ်ကိုယ် ကိုယ်ကြည့် ဆင်ခြင်ဘိ

ဆယ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ဘီမသေနဇာတ်သည် ပြီး၏။

*****