ဘူရိဒတ်ဇာတ်တော်ကြီး/နိဒါန်း
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
သုံးလူ့ထွတ်ထား သဗ္ဗညုမြတ်စွာဘုရားသည် သာဝတ္ထိပြည်ကို ဆွမ်းခံအမှီပြု၍ ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်ဝယ် ဥပုသ်သီတင်းသုံးကုန်သော ဒါယကာတို့ကို အကြောင်းပြု၍ “ယံကိဉ္စိ ရတနံ” အစရှိသည်ဖြင့် တန်ဆာဆင်အပ်သော ဤဘူရိဒတ်ဇာတ်တော်ကို ဟောတော်မူ၏။ ထိုဒါယကာတို့သည် ဥပုသ်သီတင်းနေ့၌ နံနက်စောစောထလျက် ဥပုသ်ဆောက်တည်၍ အလှူကိုလည်း ပေးကုန်၏။ထမင်းစားပြီးသော် ပန်းနံ့သာတို့ကို လက်ကိုင်စွဲလျက် ဇေတဝန်ကျောင်းတော်သို့သွား၍ တရားနာအံ့သောငှာ တင့်အပ်သောအရပ်၌ နေကုန်၏။ မြတ်စွာဘုရားသည် တရားသဘင်သို့ကြွလာတော်မူ၍၊ တန်ဆာဆင်အပ်သောနေရာ၌ နေတော်မူလျက် ရဟန်းတို့ကို ကြည့်တော်မူ၍ “ရဟန်းတို့တွင် အကြင်ပရိသတ်ကို အကြောင်းပြု၍ တရားစကားသည် ဖြစ်လာလတ္တံ့သတည်း”ဟု သိတော်မူ၏။
ထိုဒါယကာတို့နှင့်တကွ ဘုရားသခင်သည်လည်း စကားပြောဟောတော်မူ၏။ ထိုသို့ပြောဟောတော်မူသောကြောင့် “ယခုအခါ ဒါယကာတို့ကို အကြောင်းပြု၍ ရှေးအကျင့်နှင့်ယှဉ်သော တရားစကားသည် ဖြစ်လတ္တံ့”ဟု သိတော်မူလျှင် ထိုဒါယကာတို့နှင့် စကားပြောဟောတော်မူအံ့သောငှာ “ဥပါသကာတို့။ သင်တို့သည် ဥပုသ်သီတင်း သုံးကုန်၏လော”ဟု မေးတော်မူ၍ “အရှင်ဘုရား။ သုံးပါကုန်၏”ဟု နားတော်လျှောက်လျှင်၊ “သင်တို့ ဥပုသ်သုံးခြင်းသည် ကောင်းစွာ့။ ဆိုဖွယ်သော်ကား ရှိသေး၏။ အဆုံးအမကို ပေးတော်မူတတ်သော ငါသို့သောဘုရားကို သင်တို့ရကုန်သည်ဖြစ်၍ အကြင်ဥပုသ်ကို ဆောက်တည်ကုန်၏။ ဤသို့ ဆောက်တည်ခြင်းကို မအံ့သြအပ်။ ရှေးပညာရှိတို့သည်ကား ဆရာမရှိဘဲလျက် ကြီးစွာသော စည်းစိမ်ကိုစွန့်၍ ဥပုသ်သုံးကုန်သတည်း”ဟု မိန့်တော်မူ၍ ဆိတ်ဆိတ်နေတော်မူ၏။
“အရှင်ဘုရား။ ဆရာမရှိဘဲလျက် ရှေးပညာရှိတို့ ဥပုသ်သီတင်း စောင့်သုံးခြင်းကို မိန့်တော်မူပါ”ဟု ထိုဥပါသကာတို့ လျှောက်တောင်းပန်လတ်သော် မြတ်စွာဘုရားသည် ဥယျောဇဉ်အားလျော်စွာ အတိတ်ကိုဆောင်တော်မူ၏။