ဘူရိဒတ်ဇာတ်တော်ကြီး/အခန်း-၀၂
သမုဒ္ဒဇာ မိဖုရားသည် ဓတရဋ္ဌနဂါးမင်းကိုစွဲ၍ ပဋိသန္ဓေကိုယ်ဝန်ဆောင်လျက် နေ့ရက်စေ့သောအခါ တစ်ယောက်သောသားကို ဖွား၏။ ထိုသတို့သားအား ရှုချင်ဖွယ်ရှိသောကြောင့် “သုဒဿန”အမည်ကို မှည့်၏။ တစ်ဖန် အချိန်ရောက်သောအခါ တစ်ယောက် ဖွားပြန်၏။ ထိုသတို့သားအား “ဒတ္တ”အမည်ကို မှည့်၏။ ထိုဒတ္တသတို့သားကား ဘုရားလောင်းတည်း။ တစ်ဖန်သားတစ်ယောက်ဖွားပြန်၏။ ထိုသတိုးသားအား “သုဘောဂ”အမည်ကို မှည့်၏။ တစ်ဖန် သားတစ်ယောက် ဖွားပြန်၏။ ထိုသတို့သားအား “အရိဋ္ဌ”အမည်ကို မှည့်၏။ ဤသို့ သား ၄-ယောက် ဖွားမြောက်သည်တိုင်အောင် သမုဒ္ဒဇာမိဖုရားသည် မိမိပြည်ကို နဂါးပြည်ဖြစ်သည်ဟု မသိ။
ထိုအခါ တစ်နေ့သ၌ နဂါးငယ်တို့သည် အရိဋ္ဌအား ကြားကုန်၏။ “သင်၏အမိကား လူမိန်းမတည်း။ နဂါးမ မဟုတ်။ ဤသို့ဆိုကုန်သော် “ထိုသို့တပြီးကား မယ်တော်ကို စုံစမ်းအံ့” ဟု အရိဋ္ဌလည်း တစ်နေ့သ၌ နို့စိုလျက်လျှင် မြွေ၏သဏ္ဌာန်ဖန်ဆင်း၍ မြီးထူးဖြင့် အမိ၏ခြေဖမိုးကို ခတ်လိုက်၏။ မယ်တော် သမုဒ္ဒဇာမိဖုရားသည် သားတော် အရိဋ္ဌ မြွေ၏သဏ္ဌာန်ဖြင့် ပြသည်ကိုမြင်၍ ကြောက်လန့်တကြား ဟစ်အော်မြည်တမ်းလျက် သားတော် အရိဋ္ဌကို လက်ဖြင့် မြေသို့ပစ်လိုက်၏။ မယ်တော်သမုဒ္ဒဇာ၏လက်သည်းဖြင့် သားတော်အရိဋ္ဌမျက်စိကို ခတ်မိ၍ မျက်စိတစ်ဘက် ပျက်၏။ ထိုပျက်သောမျက်စိမှ သွေးတို့သည်လည်း ယိုစီးကုန်၏။
ဓတရဋ္ဌ နဂါးမင်းသည်လည်း သမုဒ္ဒဇာမိဖုရား၏ အလန့်တကြား မြည်တမ်းသံကိုကြား၍ “အဘယ့်ကြောင့် မိဖုရားကြီး မြည်တမ်းသနည်း”ဟုမေးသော်၊ သားတော်အရိဋ္ဌ ပြုဟန်အကြောင်းကို လျှောက်ထား၍၊ ကြားတော်မူလျှင် မင်းကြီးလည်း သားတော်အရိဋ္ဌကိုဖမ်းယူ၍ သတ်မည်ဟု ခြိမ်းခြောက်လျက် အမျက်ထန်စွာ လာလတ်၏။
သမုဒ္ဒဇာမိဖုရားကား သားတော်ကို မင်းကြီး အမျက်ထွက်လေပြီဟုသိ၍ သား၏ချစ်ခြင်းဖြင့် “အရှင်မင်းကြီး၏ သားတော်အရိဋ္ဌသည် မျက်စိတစ်ဘက်ပျက်ခဲ့ပြီ။ သားတော်အား အပြစ်ပြုတော်မမူပါနှင့်။ သည်းခံတော်မူပါ”ဟု လျှောက်လျှင် မိဖုရား၏စကားကို လွန်ကျူး၍ပြုခြင်းငှာ မတတ်နိုင်။ မိဖုရားကို ချစ်ကြင်နာတော်မူသောကြောင့် သား၏အပြစ်ကို သည်းခံတော်မူ၏။
ထိုနေ့၌ သမုဒ္ဒဇာမိဖုရားသည် “ဤပြည်ကား နဂါးပြည်တည်း”ဟု သိလေ၏။ သားတော်အရိဋ္ဌလည်း မျက်စိတစ်ဘက်ပျက်သည်မှစ၍ “ကာဏာရိဋ္ဌ”ဟု အမည်တွင်၏။
ထိုအခါ သားတော် ၄-ယောက်တို့သည် အရွယ်ရောက်ကြလတ်သော် ခမည်းတော်မင်းကြီးလည်း ယူဇနာ ၅၀၀-ရှိသော နဂါးပြည်ကို ၅-စု စု၍ ယူဇနာ ၁၀၀-စီ, ၁-သောင်း ၆-ထောင်သော နဂါးမောင်းမ အခြံအရံ မှူးမတ်ပရိသတ်တို့နှင့်တကွ အသီးအသီးပေးတော်မူ၏။ ခမည်းတော်လည်း ကိုယ်အဖို့ကျ ယူဇနာ၁၀၀-မျှကိုသာ မင်းပြုတော်မူ၏။ သုဒဿန၊ သုဘောဂ, ကာဏာရိဋ္ဌ ဤသား ၃-ယောက်တို့ကား မယ်တော်,ခမည်းတော်တို့ကို အဖူးအမြင် ၁-လ ၁-ကြိမ်ရောက်ကြကုန်၏။ ဘုရားလောင်း ဒတ္တမင်းသားကား လခွဲ၁-ကြိမ်ရောက်၏။ နဂါးပြည်၌ တစ်စုံတစ်ရာပြဿနာရှိလျှင် ဘုရားလောင်းသာ ဖြေတော်မူ၏။ ခမည်းတော်မင်းကြီးနှင့် စာတုမဟာရာဇ် ဝိရူပက္ခနတ်မင်းကြီးထံ ခစားရသောအခါ ထိုနတ်ပြည်၌ ပြဿနာဖြစ်သော်လည်း ဘုရားလောင်းသာ ဖြေတော်မူ၏။ တစ်နေ့သောအခါ ဝိရူပက္ခနတ်မင်းကြီးသည် နဂါးပရိသတ်နှင့်တကွ တာဝတိံသာနတ်ပြည်သို့သွား၍ သိကြားမင်းကြီးအား ခစား၏။ ထိုနဂါး, သိကြားပရိသတ်၌ တစ်ခုသော ပြဿနာသည် ဖြစ်၏။
ထိုပြဿနာကို တစ်စုံတစ်ယောက်သောသူမျှ မဖြေနိုင်။ ဘုရားလောင်း ဒတ္တသတို့သားသာ မြတ်သောပလ္လင်ထက်၌နေ၍ ဖြေပေ၏။ ထိုအခါ ဘုရားလောင်းကို သိကြားမင်းသည် နတ်၌ဖြစ်သော ပန်းနံ့သာ စသည်တို့ဖြင့် ပူဇော်၍၊ “ချစ်သားဒတ္တ။ သင်သည် “ဘူရိ ”ဟုဆိုအပ်သော မြေနှင့်တူသော ကြီးကျယ်ပြန့်ပြောစွာသော ပညာနှင့် ပြည့်စုံ၏။ ဤနေ့မှစ၍ သင့်အား “ဘူရိဒတ္တ”အမည် ပေးတော်မူမည်” ဟု ဘုရားလောင်းအား ဘူရိဒတ်ဟူသောအမည်ကို မှည့်၏။
ထိုနေ့မှစ၍လည်း သိကြားမင်းထံ မပြတ်ခစားရ၏။ ထိုသို့ခစားသောအခါ အဆန်းတကြယ် တင့်တယ်လျောက်ပတ်သော ဝေဇယန္တာပြာသာဒ်၌ တန်ဆာဆင်သော ချစ်နှစ်လိုဖွယ်ရှိသော နတ်သမီးအပေါင်းခြံရံလျက် သိကြားမင်း၏ တင့်တယ်စံပယ်ခြင်း စည်းစိမ်ကိုမြင်လျှင် နတ်ပြည်၌ ဖြစ်လိုသည်ဖြစ်၍ “ငါ့အား ဖားစိမ်းစား, ငါးစိမ်းစား နဂါးအဖြစ်ဖြင့် အဘယ်အကျိုး ရှိအံ့နည်း။ နဂါးပြည်သို့သွား၍ ဤနတ်ပြည်သို့ရောက်ကြောင်း ကောင်းမြတ်သော ဥပုသ်သီတင်းသုံးခြင်းကို ပြုအံ့”ဟု ကြံလျက် နဂါးပြည်သို့ ရောက်လေလျှင် မယ်တော်, ခမည်းတော်တို့အား “မိခင် ဖခင်တို့။ အကျွန်ုပ်သည် ဥပုသ် ဆောက်တည်ပါအံ့”ဟု ပန်ကြား၏။ မယ်တော်, ခမည်းတော်တို့လည်း “ချစ်သား။ ကောင်းပြီ။ ဆောက်တည်လော့။ သို့ရာတွင်မူကား နဂါးပြည်တွင် ဆိတ်ငြိမ်ရာအရပ်၌သာ ဆောက်တည်လော့။ နဂါးပြည်မှ ပြင်လွင်ဆောက်တည်လျှင် နဂါးတို့၏အန္တရာယ် များစွာရှိသည်”ဟု ဆိုပေကုန်၏ ဘုရားလောင်းလည်း “ကောင်းပါပြီ” ဟုဝန်ခံ၍။ ထိုနဂါးပြည် ဆိတ်ငြိမ်ရာအရပ် တစ်ခုသောဥယျာဉ်၌ ဥပုသ်ဆောက်တည်၍ နေ၏။
ထိုသို့ နဂါးသတို့သမီးငယ်တို့သည် စည်, စောင်း, ငြင်းတို့ဖြင့် တီးမှုတ်မြူးထူးလျက် ခြံရံကြကုန်၏။ ဘုရားလောင်းသည်လည်း ထိုနဂါးပြည်၌ “ငါ့အား ဥပုသ်သုံးခြင်းအမှုသည် အပြီးမရောက်နိုင်ရာ။ လူ့ပြည်သို့သွား၍ စောင့်အံ့”ဟု ကြံပြီးလျှင် မယ်တော်, ခမည်းတော်တို့ တားမြစ်မည်စိုးသောကြောင့် မလျှောက်မထား မပန်ကြားမူ၍ မိမိမယားတို့ကိုသာခေါ်လျက် “အဘယ်။ ငါ လူ့ပြည်အရပ်သို့သွား၍ ယမုနာမြစ်နား ပညောင်ပင်ကြီးအနီး တောင်ပို့ထိပ်၌ အခွေတို့ဖြင့်ဖွဲ့ခွေ၍ အင်္ဂါ ၄-ပါးနှင့် ပြည့်စုံစွာသော ဥပုသ်ကို ဆောက်တည်အံ့။ ဥပုသ်နေ့လွန်၍ နံနက်အရုဏ်တက်လျှင် သင်တို့ အကြီးအခြွေအရံနှင့်တကွ စည်, စောင်း, ငြင်း တီးမှုတ်မြူးထူးလျက် ငါ့ထံ အလှည့်ကျလာလတ်၍ နဂါးပြည်သို့ဆောင်ကုန်”ဟု မှာပြီးလျှင် ထိုအရပ်သို့သွား၍ တောင်ပို့ထိပ်၌ နေလျက်ကြံ၏။
“အကြင်သူသည် ငါ၏ အရေကိုလည်းကောင်း၊ အကြောကိုလည်းကောင်း၊ အရိုးကိုလည်းကောင်း၊ အသွေးကိုလည်းကောင်း အလိုရှိအံ့။ ထိုသူ၏ နှစ်သက်ရာ ယူစေသတည်း” ဟု အင်္ဂါ ၄-ပါးနှင့်ပြည့်စုံသောဥပုသ်ကို ဆောက်တည်၍ ထွန်တုံးဖျားပမာဏရှိသော ကိုယ်ကိုဖန်ဆင်းလျက် ဥပုသ်ကို ဆောက်တည်၏။
နေအရုဏ်တက်လတ်သော် နဂါးမိန်းမတို့သည် လာလတ်၍ မှာခဲ့သည့်အတိုင်းစီရင်လျက် ဘုရားလောင်းကို နဂါးပြည်သို့ ဆောင်လေကုန်၏။ ဤသို့သောနည်းဖြင့် နေ့ရှည်စွာ ဘုရားလောင်းသည် ဥပုသ် သုံးတော်မူ၏။