မင်္ဂလဘုရားရှင်
၆။ မင်္ဂလဗုဒ္ဓဝင်
ပြင်ဆင်ရန်ကောဏ္ဍညဘုရားရှင် ပွင့်တော်မူသော ကမ္ဘာကုန်ဆုံးပြီးနောက် ကမ္ဘာအသင်္ချေလွန်ခဲ့ပြီ။ ဤဘဒ္ဒကမ္ဘာ မှ ပြန်၍ရေသော် နှစ်အသင်္ချေ နှင့် ကမ္ဘာတစ်သိန်းအထက်၌ ဘုရားလေးဆူ ပွင့်တော်မူသော သာရ မဏ္ဍကမ္ဘာတွင် ဆုတ်ကပ်ကာလ အသက်တစ်သိန်းတမ်း၌ မင်္ဂလ ဘုရားရှင် ပွင့်တော်မူခဲ့သည်။ ဘုရားလေးဆူပွင့်သော ထိုသာရမဏ္ဍကမ္ဘာ၌ မင်္ဂလ ဘုရားရှင်သည် ရှေးဦးစွာ ပွင့်သော ဘုရားရှင် ဖြစ်ခဲ့သည်။
မင်္ဂလဘုရားအလောင်း ဖွားမြင်တော်မူခြင်း
ပြင်ဆင်ရန်မင်္ဂလဘုရားအလောင်းတော်သည် ပါရမီဖြည့်ရာ ကာလ တစ်ဆယ့်ခြောက် အသင်္ချေနှင့် ကမ္ဘာ တစ်သိန်း ဖြည့်တော် မူပြီးသည်၏ အဆုံး၌ အလောင်းတော် တို့၏ ထုံးစံအရ တုသိတာ နတ်ပြည်၌ စံနေတော်မူစဉ် နတ်အများတို့၏ ဘုရားဖြစ်ရန် တောင်းပန်မှုကို ဝန်ခံတော်မူ၍ လူ့ပြည်သို့ ဆင်းသက်တော် မူခဲ့သည်။ ထိုအချိန်၌ ဥတ္တရ နေပြည်တော် တွင် ဥတ္တရမင်းကြီး ထီးနန်း အုပ်ချုပ် မင်းလုပ်ကာ စိုးစံတော်မူခဲ့၏။ ထိုမင်းကြီး၏ တောင်ညာစံဒေဝီ အဂ္ဂမဟေသီ မိဖုရားကြီး ကား ဥတ္တရာမည်သော မိဖုရားကြီး ဖြစ်ခဲ့သည်။ အလောင်းတော်သည် ဥတ္တရာ မိဖုရားကြီး၏ သန့်ရှင်း သိုက်မြိုက် ဝမ်းကြာ တိုက်၌ ပဋိသန္ဓေတည်နေတော်မူခဲ့၏။ မင်းကြီးသည် မိဖုရားနှင့် သားတော် အလောင်းမင်းသား အတွက် ကြီးစွာသော အဆောင်အယောင် အစောင့် အရှောက်တို့ဖြင့် ထိန်းသိန်း စောင့်ရှောက်ခဲ့သည်။ ဆယ်လပြည့် မြောက်သော အခါ ဖွားမြင်တော်မူခဲ့၏။ ဖွားမြင်သောခဏ၌ နိမိတ်ကြီးများ ထင်ခဲ့သည့် အပြင် အလောင်းတော် ဟူသမျှတို့၌ ဖြစ်ပေါ်ရသည့် ဓမ္မတာ အတိုင်း အထူးအံ့ဩဖွယ်ရာ များဖြစ်ပေါ်ခဲ့သည်။
မယ်တော်မှ ကိုယ်ရောင်ထွက်ခြင်း
ပြင်ဆင်ရန်မင်္ဂလဘုရား အလောင်းတော် ကိုယ်ဝန်ရှိချိန်ကစ၍ မိဖုရားကြီး၏ ကိုယ်ရောင်သည် ပတ်ဝန်းကျင် အတောင်ရှစ်ဆယ် အတွင်း ပျံ့နှံ့၏။ လရောင် နေရောင်များပင် မလွှမ်းမိုးနိုင်လောက် အောင် ဖြစ်၏။ မိဖုရားကြီးသည် အခြား သော မီးရောင်စသည်ကို အသုံးမပြုရဘဲ မိမိ၏ကိုယ်မှ ထွက်သော အရောင်ဖြင့်ပင် အမိုက်မှောင်ကို ပယ်ဖျောက်၍ ရံရွေ တော်မတို့၏ အပြုအစုကို ခံကာ လှည့်လည် ကျက်စားသွားလာနေထိုင်ခဲ့၏။
ထီးနန်းစိုးစံတော်မူခြင်း
ပြင်ဆင်ရန်အလောင်းတော်မင်္ဂလမင်းသားသည် အရွယ်ရောက်သောအခါ အရောင် အဆင်း တင့်တယ် ခြင်း ရှိသော ယသဝတီ မိဖုရားနှင့် ရွှေလက်ထပ်၍ နန်းရပ် ထီးဖြူ စိုးစံတော်မူခဲ့သည်။ အလွန် နှစ်သက် ဖွယ်ကောင်းသော သုစိမန္တ ရွှေနန်း ဆောင်၊ အလွန်အသရေရှိသော သိရိမန္တ ရွှေနန်း ဆောင်၊ အလွန် ကျော် စောလှသော ယသဝန္တ ရွှေနန်း ဆောင်တို့၌ ကချေသည် အပေါင်း သုံးသောင်း ခြံရံလျက် နှစ်ပေါင်းကိုးသောင်းတို့ပတ်လုံး နတ်စည်းစိမ် ချမ်းသာနှင့် တူသော မင်းစည်းစိမ် ချမ်းသာကို ခံစားကာ ထီးနန်းစိုးအုပ် မင်းလုပ်တော်မူခဲ့သည်။ အလောင်းတော် မင်းသား၏ သားတော်မှာ သီလဝမင်းသားဖြစ်၏။
တောထွက်တော်မူခြင်း
ပြင်ဆင်ရန်အလောင်းတော်သည် ထိုသို့မင်းစည်းစိမ်ကို ခံစားခဲ့ရာ ယသဝတီမိဖုရားကြီးမှ သားတော် သီလဝ မင်းသားကို ဖွားမြင် တော်မူသောအခါ သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟု ဆိုအပ်သော နတ်တမန် နိမိတ်ကြီးလေးပါးတို့ကို မြင်တော်မူပြီး ကောင်းစွာ တန်ဆာဆင်အပ်သော ပဏ္ဍရမည်သော အာဇာနည်မြင်းတော်ကို စီးလျက်တောထွက်၍ ရဟန်းပြု တော်မူခဲ့ ၏။ ထိုသို့ အလောင်းတော် တောထွက်၍ ရဟန်းပြုသည်ကို အတုလိုက်၍ သုံးကုဋေသော လူတို့သည်လည်း လိုက်ပါ ရဟန်း ပြုခဲ့ကြလေသည်။ အလောင်းတော်သည် ထိုသုံးကုဋေသော ရဟန်းတို့နှင့်အတူ ရှစ်လတို့ပတ်လုံး ဒုက္ကရစရိယာ ခေါ် ပြုနိုင်ခဲသော အကျင့်မြတ်ကို ကျင့်တော်မူခဲ့၏။ ကဆုန်လပြည့် ဘုရားဖြစ် အံ့သော နေ့၌ ဥတ္တရရွာသူ ဥတ္တရာ သူဌေးသမီး လှူဒါန်းသော ဃနာနို့ဆွမ်းကို ဘုဉ်းပေး သုံးဆောင်တော်မူပြီး ထိုအရပ်ရှိ အင်ကြင်း တောမှာပင် နေခိုတော် မူခဲ့သည်။
ဘုရားဖြစ်တော်မူခြင်း
ပြင်ဆင်ရန်အလောင်းတော်သည် အင်ကြင်းတော၌ နေခိုတော်မူပြီးနောက် ညနေချမ်းအချိန်သို့ ရောက်သောအခါ တစ်ပါးတည်း ဗောဓိမဏ္ဍိုင်သို့ ကြွတော်မူ၍ လမ်းခရီး၌ ဥတ္တရတက္ကတွန်းလှူဒါန်းသော မြက်ရှစ်ဆုပ်တို့ကို ခံယူတော်မူခဲ့သည်။ မဟာဗောဓိကံ့ကော်ပင်သို့ ရောက်လေသော် ကံ့ကော်ပင် ရင်း ၌ မြက်ရှစ်ဆုပ်တို့ကို ဖြန့်ခင်းလိုက်သည်နှင့် တစ်ပြိုင် နက် ငါးဆယ့်ရှစ်တောင် ပမာဏရှိသော အပရာဇိတပလ္လင်တော် ပေါ်တော်မူ ခဲ့သည်။ ထိုအပရာဇိတ ပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေ တော်မူလျက် အင်္ဂါလေးပါးရှိသော ဝီရိယကို ဆောက်တည်ကာ ဝိပဿနာ တရားကို အား ထုတ် တော်မူခဲ့၏။ ထိုနေ့ နေမဝင်မီ မာရ်စစ်သည်ဗိုလ်ပါတို့ကို အောင်မြင်တော်မူပြီးနောက် ညဉ့်ဦးယံ၌ ပုဗ္ဗေနိဝါသ ဉာဏ်၊ သန်းခေါင်ယံ၌ ဒိဗ္ဗစက္ခုဉာဏ်ကို ရတော်မူပြီးလျှင် မိုးသောက်ယံ၌ ပဋိစ္စသမုပ္ပါဒ်တရားကို အနုလုံပဋိလုံ အစုန်အဆန်သုံးသပ်ကာ ဝိပဿနာကို ဆက်လက်ပွားများ သည်ရှိသော် နေအရုဏ်တက်သည်နှင့် တစ်ပြိုင်နက် အာသဝက္ခယ ဉာဏ်တော်ကို ရတော်မူကာ လောကသုံးပါး၌ အတုမရှိသော ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့သည်။
မင်္ဂလဘုရားရှင်၏ ကိုယ်တော်ရောင်
ပြင်ဆင်ရန်မင်္ဂလဘုရားရှင်၏ ကိုယ်တော်ရောင်သည် တန်ခိုးတော်ဖြင့် ဖန်ဆင်းခြင်း မရှိဘဲ နေ့ရော ညဉ့်ပါ အခါခပ်သိမ်း စကြဝဠာတိုက်တစ်သောင်းကို ပျံ့နှံ့၍ ထွန်းတောက်ပတော်မူခဲ့၏။ ရောင်ခြည်တော် သည် အခြားဘုရားရှင်များထက် ပိုမို၍ ထွက်တော်မူခဲ့သည်။ ပတ်ဝန်းကျင်ရှိသမျှ သစ်ပင်၊ မြေပြင်၊ တောတောင်၊ သမုဒ္ဒရာ၊ အိုးအိမ်တိုက်တာ အဆောက်အအုံနှင့်တကွ ထမင်းအိုး၊ ဟင်းအိုးစ သည်တို့ကိုပင် ရွှေပြားဖြင့် ပတ်လွှမ်း၍ ထားသကဲ့သို့ ဝင်းဝင်း ပြောင်ပြောင် ထွန်းလင်းတောက်ပ၍ နေခဲ့ကြကုန်၏။ မင်္ဂလဘုရားရှင် ပွင့်တော်မူသော သက်တမ်းမှာ အနှစ် ကိုး သောင်းတမ်းဖြစ်၍ ထိုမျှ လောက်သော ကာလအတွင်း အရာဝတ္ထုမှန်သမျှ ရွှေသွေးရွှေရောင် လွှမ်းမိုးတောက် ပြောင်၍ နေခဲ့သည်။ လ၊ နေ၊ နက္ခတ်တာရာ စသည်တို့၌ အရောင်အလင်းဟူ၍ မရှိခဲ့။ နေရောင်မရှိသဖြင့် ညဉ့်နှင့် နေ့ဟူသော အပိုင်းအခြားပင် မထင်တော့။ ဘုရားရှင်၏ ရောင်ခြည်တော်ဖြင့် ညမှောင် ကင်းပျောက် နေ့အသွင် သာ အမြဲရောက်ခဲ့ သည်။ ညချမ်း၌ ပွင့်လေ့ရှိသော ပန်းများ၊ နံနက်စောစော မြည်တွန်လေ့ရှိသည့် ကျေးငှက် သာရကာတို့၏ အသံများကို အမှတ်အသား ပြုကာ နေ့၊ ညဉ့်ဟု ပိုင်းခြားခဲ့ရတော့၏။ မင်္ဂလဘုရားရှင်သည် အလောင်းတော် ဖြစ်စဉ် ကာလက ခရဒါဌိက ဘီလူးသည် ပုဏ္ဏားအသွင်ဖန်ဆင်း၍ အလောင်း တော်ထံ ချဉ်းကပ်ကာ သားတော်နှင့် သမီးတော် ကို တောင်းရမ်းအလှူခံခဲ့၏။ အလောင်း တော်သည် ရွှင်လန်းဝမ်းမြောက်စွာ မဟာပထဝီ မြေကြီးကို တုန်လှုပ်စေ သည့်တိုင် သားတော်နှင့် သမီးတော်ကို ပေးလှူခဲ့သည်။ ဘီလူးသည် အလောင်း တော်မြတ် ရှုစားနေ တော်မူစဉ်ပင် သားတော်နှင့်သမီးတော်ကို ဝါးစားခဲ့လေသည်။ မီးတောက် မီးလျှံကဲ့သို့ ရဲရဲတောက်သွေးအလျှံ၊ အန်ထွက်၍လာသော ဘီလူး၏ ပါးစပ်ကို မြင်ရသော်လည်း ဆံခြည်ဖျားလောက်မျှ စိတ်နှလုံးတော် မသာ မယာ မဖြစ်ဘဲ “သားတော် သမီး တော်တို့၏ ကိုယ်မှ ထွက်သောသွေး အလျှံများ တောက်ပသည့် နည်းတူ၊ ငါဘုရား ဖြစ်သော အခါ ငါဘုရား၏ ကိုယ်တော်မှ ရောင်ခြည် တော်တို့သည် ထွက်စေ ကုန်သတည်း”ဟု ဆုတောင်း မှုကို ပြုတော် မူခဲ့သည်။ ဆုတောင်း သည့်အတိုင်းပင် ဘုရား ဖြစ်တော်မူသည့် အခါ ဆုတောင်းပြည့်ခဲ့လေသည်။ မင်္ဂလမြတ်စွာ ဘုရားသည် အလောင်း တော် ဘဝက အခြားကောင်းမှု တစ်မျိုး ရှိတော်မူခဲ့သေးသည်။ တစ်ဆူသော မြတ်စွာဘုရား၏ စေတီတော်ကို ဖူးမြော်ရ ၍ ရွှင်လန်း ဝမ်းမြောက်စွာဖြင့် “ငါသည် ဘုရားရှင်အတွက် အသက်စွန့်ခြင်းငှါ သင့်၏”ဟု ကြံစည်ပြီးလျှင် အလောင်း တော်၏ တစ်ကိုယ်လုံးကို ထောပတ်ဆီဆွတ်သော အဝတ်ဖြင့် ရစ်ပတ်၍ အဖိုးတစ်သိန်း တန် ရွှေခွက်ကို ထောပတ် ဆီဖြင့် ပြည့်စေပြီးလျှင် ရွှေခွက်တွင်းရှိ မီးစာကို မီးညှိ၍ ခေါင်းပေါ်၌ ရွက်ကာ အလောင်း တော်၏ ကိုယ်ကိုပါမီးညှိပြီး စေတီတော်မြတ်ကို လက်ယာရစ် လှည့်၍ တစ်ညဉ့်ပတ်လုံး မီးပူဇော်ခဲ့၏။ အရုဏ် တက်သည့်တိုင် အလောင်းတော်၏ မွေးညင်း တွင်းကိုမျှ အပူငွေ့ မဟပ်ခဲ့။ ထိုကောင်းမှု၏ အကျိုးဆက်ကလည်း မင်္ဂလဘုရားရှင်၏ ပကတိကိုယ်ရောင် တော်ကို စကြဝဠာ တိုက်တစ် သောင်းကို ပျံ့နှံ့၍ တည်စေ ခဲ့သည်။
ဓမ္မစကြာတရားဟောတော်မူခြင်း
ပြင်ဆင်ရန်မင်္ဂလဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် မဟာဗောဓိပင်၏ အနီးမှာပင် သတ္တသတ္တာဟ-လေးဆယ့်ကိုးရက် စံနေတော်မူခဲ့၏။ အဋ္ဌမသတ္တာဟသို့ ရောက်သောအခါ တရားဟောရန် ဗြဟ္မာမင်း၏ တောင်းပန်ခြင်းကို လက်ခံ တော်မူခဲ့ပြီး “ငါဘုရားသည် အဘယ်သူတို့အား ရှေးဦးစွာ တရားဟောရပါအံ့နည်း”ဟု ဆင်ခြင်တော်မူခဲ့သည်။ ကိုယ်တော်မြတ် တောထွက်စဉ် အခါက အတုလိုက်၍ ရဟန်းပြုခဲ့ကြသော ရဟန်းသုံးကုဋေ တို့၏ မဂ်ဖိုလ်၏ ဥပနိဿယပစ္စည်း အားကြီး သော အကြောင်းနှင့်ပြည့်စုံမှုကို မြင်တော်မူခဲ့၏။ “ထိုရဟန်းတို့အား ရှေးဦးစွာ တရား ဟောတော့ အံ့”ဟု ကြံစည်တော်မူလျက် သပိတ်သင်္ကန်းတို့ကို ယူဆောင်တော်မူကာ မဟာဗောဓိပင်မှ တစ်ဆယ့် ရှစ်ယူဇနာ ဝေးကွာသော ထိုရဟန်းတို့ နေထိုင်ရာ သိရိဝဍ္ဎုနမြို့ သိရိဝန တောအုပ်သို့ ကောင်းကင် ခရီးဖြင့် ခဏချင်း ကြွသွားတော် မူခဲ့သည်။ ထိုရဟန်း သုံးကုဋေတို့သည် ဘုရားရှင် ကြွလာ တော်မူသည်ကို မြင်ကြလေလျှင် ကြည်ညို လှသော စိတ်ဖြင့် ဘုရားရှင်ကို ခရီးဦးကြိုဆိုခြင်း၊ သပိတ်သင်္ကန်းတို့ကို လှမ်းယူခြင်း၊ နေရာတော်ကို ခင်းကျင်းခြင်း၊ အရိုအသေ ရှိခိုးဝတ်ပြုခြင်းတို့ကို ပြုကာ ဘုရားရှင်ကို ခြံရံလျက် သင့်တင့်လျောက်ပတ်ရာ နေရာ၌ ထိုင်နေခဲ့ကြ ကုန်၏။ ထိုအခါ ဘုရားရှင်သည် ရှေးဘုရားတို့ ဟောကြားတော်မူမြဲဖြစ်သော ဓမ္မစက္က ပဝတ္တန သုတ်ဒေသနာတော်ကို ဟောကြားတော်မူခဲ့၏။ ထိုသို့ ဓမ္မစကြာတရားဦး ဟောတော် မူသောအခါ ရဟန်းတော် သုံးကုဋေတို့သည် အရဟတ္တ ဖိုလ်သို့ ဆိုက်ရောက်ခဲ့ကုန်၍ နတ်လူဗြဟ္မာ သတ္တဝါကုဋေ တစ်သိန်း တို့ကား သစ္စာလေးပါးတရားကို သိမြင် ခဲ့ကြ ကုန်ပြီး ကျွတ်တမ်းဝင်ခဲ့ကြလေသည်။
ဂေါတမဘုရားအလောင်း ဗျာဒိတ်ခံခြင်း
ပြင်ဆင်ရန်မင်္ဂလဘုရားရှင် လက်ထက်တော်၌ ဂေါတမဘုရား အလောင်းတော်သည် သုရုစိပုဏ္ဏားရွာ၌ သုရုစိမည်သော ပုဏ္ဏား ဖြစ်ခဲ့၍ ဗေဒင်ကျမ်းတို့ကို တစ်ဖက်ကမ်းရောက် တတ်မြောက်ခဲ့၏။ အလောင်းတော် သုရုစိပုဏ္ဏားသည် ဘုရားရှင် ထံချဉ်းကပ်၍ ဘုရားရှင်၏ တရားတော်ကို ကြားနာရလေလျှင် သရဏဂုံ၌ တည်ခဲ့၏။ ဘုရားရှင်၌ ကြည်ညို လှသဖြင့် ဘုရားရှင်နှင့်တကွ ကုဋေ တစ်သိန်းသော ရဟန်းတော်တို့ကိုပါ ဆွမ်းဖိတ်တော်မူခဲ့၏။ အလောင်းတော်သည် အိမ်သို့ ပြန် ရောက်လေလျှင် “ငါသည် ဤမျှလောက်သော ရဟန်းတို့အား ယာဂုဆွမ်း၊ သင်္ကန်းလျာ အဝတ်အထည် တို့ကို လှူဒါန်းခြင်းငှာ စွမ်းနိုင်ပါ၏။ သို့သော်နေရာထိုင်ခင်းကား အဘယ်သို့ ဆောင်ရွက်ရပါ အံ့နည်း”ဟု ဆင်ခြင် စဉ်းစားလေသော် သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာ သည် ပူနွေးသော အခြင်းအရာကို ဖြစ်စေခဲ့ သည်။ သိကြားမင်းသည် ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာ၏ ပူနွေးသော အခြင်းအရာကို စူးစမ်း ဆင်ခြင်သည့်အခါ အလောင်း တော် သုရုစိပုဏ္ဏား၏ ဘုရားရှင်နှင့် သံဃာတော်များ အတွက် မဏ္ဍပ်ဆောက်ရန် စိတ်ပူပန်မှုကို သိခဲ့လေသည်။ ထိုအခါ ကုသိုလ် အဖို့အစုကို ရယူရန်အတွက် လက်သမားအသွင် ဖန်ဆင်းကာ လက်နက် ကိရိယာ တို့ကို ဆွဲကိုင်ပြီး အလောင်းတော် ပုဏ္ဏား၏ ရှေ့၌ ထင်ရှားစွာ ပေါ်လာခဲ့သည်။ အလောင်းတော်ပုဏ္ဏားသည် သိကြားမင်းလက်သမားကို မြင်လေလျှင် “ငါသည် နက်ဖန်ဘုရားရှင်နှင့် တကွ ကုဋေတစ်သိန်းသော ရဟန်းတို့ကို ဆွမ်းဖိတ်ထား၏။ ဘုရားရှင် နှင့် ရဟန်းတို့အတွက် နေရာထိုင်ခင်းကို အမောင် ဆောက်လုပ်နိုင်ပါမည်လော”ဟု မေးလေလျှင် သိကြားမင်း လက်သမားက “တန်ရာ တန်ရာ အဖိုးအခကို ရပါက ဆောက်လုပ်နိုင်ပါကြောင်း” ပြန်ကြားခဲ့သည်။ ထို့နောက် သိကြားမင်းသည် အာနုဘော်ဖြင့် ဆန်းကြယ် ကောင်းမွန်သော မဏ္ဍပ်ကို မြေမှ ပေါက်စေ ခဲ့ပြီး အလောင်းတော် သုရုစိ ပုဏ္ဏားအား မဏ္ဍပ်ကိုလွှဲအပ်လေသော် အလောင်းတော်သည် မဏ္ဍပ်ကို ကြည့်နေဆဲမှာပင် အလောင်းတော်၏ တစ်ကိုယ် လုံး၌ ငါးပါးသော ပီတိ တွေ့ထိကာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့လေ သည်။ အလောင်း တော်သုရုစိပုဏ္ဏားက “ဤမဏ္ဍပ်ကို ဆောက်လုပ်သူ လက်သမားသည် လူသားမဟုတ်၊ သိကြားမင်းသာဖြစ်ချေမည်။ ငါသည် ဤသို့သဘော ရှိသော မဏ္ဍပ်၌ တစ်ရက်မျှသာ အလှူပေးခြင်းငှာ မသင့်”ဟု ကြံစည်တော်မူလျက် ခုနစ်ရက်ပတ်လုံး ထိုမဏ္ဍပ်၌ ဘုရားအမှူးရှိသော သံဃာတော်တို့အား အထူးစီမံ ချက်ပြုတ်အပ်သော နွားနို့ ဆွမ်း သောက်ဖွယ် အလှူတို့ကို နေ့စဉ်ပေးလှူခဲ့၏။ ခုနစ်ရက်မြောက်သော နေ့တွင် သပိတ်တော် အားလုံးကို ဆေးအလို့ငှာ ထောပတ်၊ ဆီဦး၊ ပျားသကာတို့ဖြင့် ပြည့်စေလျက် သင်္ကန်းသုံးထည် နှင့်တကွ လှူဒါန်းတော်မူခဲ့၏။ အငယ်ဆုံးရဟန်း ရရှိသည့် သင်္ကန်းလျာသည်ပင် အဖိုး တစ်သိန်းထိုက်တန်ခဲ့၏။ ထိုအခါ မင်္ဂလ ဘုရားရှင်သည် “ဤသုရုစိပုဏ္ဏားသည် ဤသို့သဘော ရှိသော အလှူကြီးကို ပေးလှူ၏။ ဤမျှသော ကပ်ကမ္ဘာကို လွန်သည်ရှိသော် ဘဒ္ဒကမ္ဘာ၌ ဂေါတမ အမည်ရှိတော်မူသော ဘုရား စင်စစ်ဖြစ်လ တံ့”ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့သည်။ အလောင်းတော် သုရုစိ ပုဏ္ဏား သည် ဘုရားရှင်၏ ဗျာဒိတ်စကားကြားရသော် ရွှင်လန်း ဝမ်းမြောက်စွာဖြင့် စည်းစိမ်ဥစ္စာတို့ကို မငဲ့မကွက် ရက်ရက် ကြီးစွန့်တော်မူ၍ မင်္ဂလဘုရားရှင် အထံ တော်၌ပင် ရဟန်းပြုခဲ့သည်။ သာသနာတော်တွင် သမာပတ်ရှစ်ပါး၊ အဘိညာဉ်ငါးပါးတို့ကို ဖြစ်စေလျက် အသက်တော်အဆုံး၌ ဗြဟ္မာ့ပြည်သို့ လားရောက်တော်မူ ခဲ့လေသည်။
မင်္ဂလဘုရားရှင်၏ တပည့်သာဝကများ
ပြင်ဆင်ရန်မင်္ဂလဘုရားရှင်၏(အဂ္ဂသာဝက)မြတ်သော တပည့်အစုံတို့ကား အရှင်သုဒေဝမထေရ်နှင့် အရှင် ဓမ္မသေနမထေရ်တို့ ဖြစ်ကြကုန်ပြီး အလုပ်အကျွေးရဟန်းကား အရှင်ပါလိတမထေရ် ဖြစ်ခဲ့သည်။ အရှင်မသီဝလာ ထေရီနှင့် အရှင်မ အသောကာ ထေရီတို့သည် ဘုရားရှင်၏ (အဂ္ဂသာဝိကာ) မြတ်သောတပည့်မအစုံတို့ ဖြစ်ခဲ့ကြကုန်၍ ဘုရားရှင်ပွင့် တော်မူရာ ဗောဓိပင်ကား ကံ့ကော်ပင် ဖြစ်ခဲ့၏။ မြတ်သောအလုပ်အကျွေးဒါယကာ (အဂ္ဂဥပဋ္ဌာက) တို့မှာ နန္ဒသူဌေး နှင့် ဝိသာခ သူဌေးတို့ ဖြစ်ခဲ့ကြကုန်ပြီး မြတ်သောအလုပ် အကျွေး (အဂ္ဂဥပဋ္ဌိကာ)တို့မှာ အနုလာ ဒါယိကာမနှင့် သုတနာ ဒါယိကာမတို့ ဖြစ်ခဲ့ကြကုန်သည်။ မင်္ဂလဘုရားရှင်၏ အရပ်တော်မှာ ရှစ်ဆယ့်ရှစ်တောင် မြင့်တော် မူ၍ ကိုယ်တော်မှထွက်သော ရောင်ခြည်တော် တို့သည်ကား တစ်သောင်းသော လောက ဓါတ်တိုင် ပျံ့နှံ့၍ ထွက်ကြွကွန့် မြူးခဲ့ကုန်၏။
(ဓမ္မာဘိသမယ) တရားပွဲကြီးများ
ပြင်ဆင်ရန်မင်္ဂလဘုရားရှင်၏ ဘုရားဖြစ်တော်မူပြီးနောက် မဟာဗောဓိပင်၏ အနီး၌ သတ္တသတ္တာဟ စံနေ တော်မူပြီး အဋ္ဌမ သတ္တာဟတွင် ကိုယ်တော်မြတ် တောထွက်၍ ရဟန်းပြုစဉ်က အတုလိုက်ရဟန်းပြုခဲ့ ကြကုန်သော သုံးကုဋေသော ရဟန်းတို့ကို အမှူးထား၍ ဓမ္မစက္က ပဝတ္တန သုတ်တော်ကို ဟောတော်မူခဲ့သော ရှေးဦးစွာသော (ဓမ္မာဘိသမယ) တရားပွဲကြီး ဖြစ်ခဲ့သည်။ ထိုတရားပွဲ၌ သုံးကုဋေ သော ရဟန်းတို့သည် အရဟတ္တဖိုလ်သို့ ရောက်ကုန်၍ နတ်လူပေါင်း ကုဋေတစ်သိန်းတို့သည် သစ္စာလေးပါးကို သိမြင်ကာ ကျွတ်တမ်းဝင်ခဲ့ကြသည်။ မင်္ဂလဘုရားရှင်၏ စိတ္တမည်သော မြို့ကို အမှီပြု၍ သီတင်းသုံးတော် မူနေစဉ် ထိုမြို့တံခါးဝရှိ စကားပင်ရင်း၌ ရေမီးအစုံစုံ တန်ခိုးပြာဋိဟာကို ပြတော် မူလျက် တိတ္ထိတို့၏ မာန်ကို ချိုးနှိမ်တော်မူခဲ့သည်။ ထို့နောက် တာဝတိံသာနတ်ပြည်သို့ ကြွကာ ပင်လယ် ကသစ်ပင် ရင်း၌ ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာထက်တွင် သီတင်းသုံးကာ မယ်တော်ဖြစ်ခဲ့ ဖူးသော နတ်သားကို အမှူးထား၍ အဘိဓမ္မာတရားကို ဟောတော် မူခဲ့သည်။ ထိုတရားပွဲသည် ဒုတိယအကြိမ်မြောက် (ဓမ္မာဘိသမယ)တရား ပွဲကြီး ဖြစ်ခဲ့သည်။ ထိုတရားပွဲ၌ ကုဋေတစ်သိန်းသော နတ်ဗြဟ္မာတို့ သစ္စာလေးပါး တရားကိုသိကြကာ ကျွတ်တမ်း ဝင်ခဲ့ကြသည်။
မင်္ဂလဘုရားရှင် ပွင့်တော်မမူမီ သုရဘိမြို့၌ သုနန္ဒမင်းကြီးသည် စကြာရတနာ ရောက်ကြောင်း ကျင့် တ်ကောင်းတို့ကို ဖြည့်ကျင့်ပြည့်စုံခြင်းကြောင့် စကြာရတနာကို ရရှိခဲ့သည်။ မင်္ဂလဘုရား ရှင်ပွင့်တော်မူသောအခါ ထိုစကြာရတနာသည် တည်နေရာမှ နိမ့်ကျဆုတ်နစ်ခဲ့သည်။ ထိုအကြောင်း ကို မင်းကြီးသည် စိတ်နှလုံးမသာမယာဖြင့် ပုဏ္ဏားပညာရှိတို့ကို မေးမြန်းခဲ့ရာ ပုဏ္ဏားပညာရှိတို့က “အရှင်မင်းကြီး...စကြာရတနာဆုတ်နစ် နိမ့်ကျခြင်းသည် စကြာမင်း အသက် ကုန်ခါနီးလျှင်၊ သို့မဟုတ် စကြာမင်းရဟန်း အဖြစ်သို့ ကပ်ရောက်လျှင်၊ သို့မဟုတ် လောက၌ ဘုရားရှင်များပွင့်လျှင် ဖြစ်တတ်ပါသည်။ အရှင်မင်းကြီးသည် သက်တော် အလွန်ရှည် မည်ဖြစ်၍ အရှင်မင်းကြီး အသက်ကုန်မည့် အကြောင်း လည်း မဖြစ်နိုင်ပါ။ စင်စစ် သော်ကား မင်္ဂလဘုရားရှင်သည် ယခုအခါ လောက၌ ပွင့်တော်မူလျက် ရှိပါသည်။ ထို အကြောင်းကြောင့်သာ ဖြစ်နိုင်သည်”ဟု ပြန်လည်လျှောက် ထားခဲ့ကြ လေသည်။ ထိုအခါ သုနန္ဒ စကြာမင်း သည် ၎င်းင်း၏ အခြွေအရံတို့နှင့်တကွ ထိုစကြာရတနာကို ဦးညွတ်ရှိခိုးလျက် “ငါသည် အသင်စကြာ ရတနာ၏ တန်ခိုးအာနု ဘော်အားဖြင့် မင်္ဂလဘုရားရှင်ကို အရိုအသေပြုပါဦးအံ့။ ထိုသို့ ပြုနေသည့် အချိန်အတွင်းမှာ အသင် စကြာရတနာ သည် မကွယ်မပျောက်ပါလင့်ဦး”ဟု တောင်းပန်ခဲ့၏။ ထိုအခါ စကြာရတနာ သည် နဂိုတည်မြဲနေရာ ၌သာ တည်လေ ၏။ သုနန္ဒစကြာမင်း သည် ဝမ်းမြောက် ဝမ်းသာစွာဖြင့် သုံးဆယ့်ခြောက်ယူဇနာ အပြည့်ရှိသော ပရိသတ်ခြံရံလျက် မင်္ဂလ ဘုရားရှင်ထံ ချဉ်းကပ်ခဲ့သည်။ ဘုရားရှင်နှင့်တကွ ကုဋေတစ်သိန်းကုန်သော ရဟန္တာ ပုဂ္ဂိုလ်တို့အား အဝတ် သင်္ကန်းတို့ဖြင့် ကြီးကျယ်သော အလှူကြီးကို ပေးလှူခဲ့၏။ ထိုအခါ သုနန္ဒစကြာမင်း အမှူးရှိသော ထိုလူတို့အား မင်္ဂလဘုရားရှင် သည် တရားဟောတော်မူရာ တတိယအကြိမ် မြောက် (ဓမ္မာဘိ သမယ)တရား ပွဲကြီးဖြစ်ခဲ့သည်။ ထိုတရားပွဲကြီး၌ ကုဋေကိုးဆယ် မျှသော ပရိသတ်တို့သည် ပဋိသမ္ဘိဒါ ဉာဏ်လေးပါးတို့နှင့် ပြည့်စုံသော ရဟန္တာပုဂ္ဂိုလ်များ ဖြစ်ခဲ့ကြကုန်သည်။ ဘုရားရှင်သည် ထိုပုဂ္ဂိုလ်တို့အား “ဧဟိ ဘိက္ခု” ခေါ်တော်မူကာ ရဟန်းပြုပေး တော်မူခဲ့သည်။
သာဝက (သန္နိပါတ) အစည်းဝေးများ
ပြင်ဆင်ရန်မင်္ဂလဘုရားရှင်သည် မေခလပြည်၌ သီတင်းသုံးတော်မူစဉ် အဂ္ဂသာဝက အလောင်းအလျာ သုဒေဝလုလင်နှင့် ဓမ္မသေန လုလင်တို့ ဧဟိဘိက္ခုရဟန်း ဖြစ်တော်မူပြီးနောက် ထိုအဂ္ဂသာဝကနှစ်ပါး ရဟန္တာဖြစ်သည့် တပို့တွဲလပြည့် နေ့၌ ကုဋေ တစ်သိန်းသော ရဟန်းတို့၏ အလယ်တွင် သီတင်းသုံး တော်မူကာ ဩဝါဒပါတိမောက်ကို ပြတော် မူခဲ့သည်။ ဤကား ရှေးဦးစွာသော (သန္နိပါတ) သံဃာ့ အစည်းအဝေးကြီးပင် ဖြစ်ခဲ့၏။ တစ်ဖန် ဥတ္တရအမည်ရှိသော ဥယျာဉ်ကြီး အတွင်း ဆွေတော် မျိုးတော်တို့၏ အစည်းအဝေး၌ ရဟန်းပြုခဲ့ကြကုန်သော ကုဋေတစ်ထောင်သော ရဟန်းတော်တို့၏ အလယ် ၌ သီတင်းသုံးတော်မူကာ ဩဝါဒပါတိမောက်ကို ပြတော်မူခဲ့ပြန်၏။ ထို(သန္နိပါတ) သံဃာ့အစည်းအဝေးကြီးကား နှစ်ကြိမ်မြောက် အစည်းအဝေးကြီး ဖြစ်ခဲ့သည်။ သုနန္ဒစကြာမင်း ရဟန်းအမှူးရှိသော ရဟန်းတော် ကုဋေကိုးဆယ် တို့၏ အလယ်၌ သီတင်းသုံးတော်မူကာ ဩဝါဒ ပါတိမောက်ကို ပြတော်မူခဲ့ ပြန်သည်။ ထို(သန္နိပါတ)သံဃာ့ အစည်းအဝေးကြီးကား သုံးကြိမ် မြောက် အစည်းအဝေးကြီး ဖြစ်ခဲ့သည်။
ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း
ပြင်ဆင်ရန်မင်္ဂလဘုရားရှင်သည် အနှစ်ကိုးသောင်းကာလပတ်လုံး တည်နေတော် မူလျက် များစွာသော သတ္တဝါအပေါင်းတို့ကို ကယ်တင်တော်မူခဲ့၏။ သမုဒ္ဒရာ၌ လှိုင်းတံပိုးတို့ကို ရေတွက်ခြင်းငှာ မစွမ်းနိုင်ကုန်သကဲ့သို့ ထို့အတူပင် ထိုဘုရား ရှင်၏ တပည့်သာဝကတို့ကို ရေတွက်ခြင်းငှာ မစွမ်းနိုင် ခဲ့ကုန်။ ဘုရားရှင်၏ သာသနာတော်သည် ပွင့်လင်း စည်ပင်ခဲ့၏။ ထိုသာသနာတော် တည်နေသမျှ ကာလပတ်လုံး ဘုရားရှင်၏ တပည့်သာဝကတို့သည် ကိလေသာ နှင့်တကွ သေခြင်းသည် မရှိခဲ့ ပါချေ။ များသောအခြံအရံ အကျော်အစော ရှိတော်မူသည့် ထိုမြတ်စွာ ဘုရားရှင်သည် တရား တည်းဟူသော ဆီမီးတိုင်ကို ညှိထွန်းတော်မူခဲ့ပြီး၍ သတ္တဝါအပေါင်းကို ကယ်တင်တော် မူခဲ့ပြီးလျှင် တောက်လောင်ပြီး မီးပုံကြိးကဲ့သို့ လည်းကောင်း၊ ဝင်သွားသော နေမင်းကြီးကဲ့သို့ လည်းကောင်း ငြိမ်းအေးခြင်းသို့ ရောက်တော်မူခဲ့လေပြီ။ ပရိနိဗ္ဗာန် စံတော်မူခဲ့လေပြီ။
စေတီတော်တည်ထား ကိုးကွယ်ခြင်း
ပြင်ဆင်ရန်မာရ်ငါးပါးကို အောင်မြင်တော်မူသော မင်္ဂလဘုရားရှင်သည် ဝဿရ မည်သော ဥယျာဉ်၌ ပရိနိဗ္ဗာန် ပြုတော်မူခဲ့၏။ ထိုဥယျာဉ်၌ပင် ဘုရားရှင်၏ စေတီတော်ကို တည်ထားကိုးကွယ်ခဲ့ကြရာ စေတီတော်၏ အမြင့်သည် ယူဇနာ သုံးဆယ် ရှိတော်မူခဲ့၏။ သက်တော်ရှည်ကြာသော မြတ်စွာ ဘုရားရှင်တို့၏ ဓမ္မတာအရ အစိတ်စိတ်မကွဲ၊ တစ်ခဲတည်းသော (အသမ္ဘိန္န) ဓာတ်တော်ကို ထိုစေတီ တော်ကြီးအတွင်း၌ ဌာပနာသွင်းခဲ့ကြကုန်၏။ ဇမ္ဗူဒိပ်ကျွန်း၌ နေကုန်သော လူတို့သည် အညီအညွတ်လာကြကုန်၍ ရတနာခုနစ်ပါးတို့ဖြင့် မွမ်းမံခြယ်လှယ်ကာ စေတီတော်ကြီးကို ပြီးဆုံး စေခဲ့ကြ ကုန်သတည်း။