မဆင်မခြင်ပြောသည့် ဆိုးကျိုး
သင်ခန်းစာ (၂၅)
မဆင်မခြင်ပြောသည့် ဆိုးကျိုး
ပြင်ဆင်ရန်တစ်ခါတုန်းက သောဏအမည်ရှိသော ဥပါသကာတစ်ဦး သည် မထေရ်တစ်ပါးထံ ချဉ်းကပ်၍ ဆွမ်းလုပ်ကျွေးခြင်း၊ တရားဓမ္မ နာကြားခြင်း၊ တရားဓမ္မ ဆွေးနွေးခြင်း စသည်တို့ကို အမြဲမပြတ် ပြုလုပ်လေ့ရှိ၏။ မထေရ်မြတ်၏ တရားအဆုံးအမတို့ကို ကြားနာ ရဖန်များလာသောအခါ သောဏသည် သတိသံဝေဂရ၍ တရားကို ပြင်းပြင်းထန်ထန် အားထုတ်လေ၏။
တစ်နေ့တွင် သောဏသည် အခြားမြို့ တစ်မြို့သို့ ကုန်အရောင်းအဝယ် ကိစ္စဖြင့် သွားသော ကုန်သည်တစ်စုနှင့် အတူ လိုက်ပါသွားလေ၏။ ညနေမှောင်စပျိုးလာသောအခါ လမ်းခရီး တစ်နေရာတွင် အိပ်စက်အနားယူရန် ရပ်နားလိုက်ကြသည်။ တရားအားထုတ်ခြင်း၌ မွေ့လျော်လေ့ရှိသော သောဏသည် ကုန်သည်တို့နှင့် ရောရောနှောနှော ဆူဆူညံညံ မအိပ်လိုသဖြင့် မလှမ်းမကမ်း တစ်နေရာသို့ သွား၍ အိပ်လေ၏။
နံနက်လင်းသောအခါ ကုန်သည်တို့သည် သောဏကို ခေါ်ရန် သတိမရကြဘဲ ခရီးဆက် သွားကြ၏။ နံနက်လင်း၍ နေရောင်လာသောအခါမှ သောဏသည် အိပ်ရာမှ နိုးလာသည်။ ကုန်သည် တို့ကို မတွေ့ရ၍ ဘေးအနီးပတ်ဝန်းကျင်၌ လိုက်ရှာ၏။ နောက်ဆုံးတွင် ကုန်သည်တို့ ဆက်လက် ထွက်ခွာသွားကြပြီ ဆိုသည်ကို သိလိုက်ရပြီး သောဏသည် ကုန်သည်တို့ သွားသည့် လမ်းအတိုင်း လျင် မြန်စွာ လိုက်သွားလေရာ လမ်းခရီးတစ်နေရာ၌ ညောင်ပင်ကြီးတစ်ပင် အနီးသို့ ရောက်လေသည်။
သောဏသည် ထိုနေရာ၌ အလွန်ထူးခြားသော အသွင်သဏ္ဌာန်ရှိသည့် ပုဂ္ဂိုလ်တစ်ဦးကို အံ့သြဖွယ်ရာ တွေ့လေ၏။ ထိုပုဂ္ဂိုလ်၏ ခန္ဓာကိုယ်သည် အလွန်ကြီးမား၏။ ရုပ်ကလည်း အလွန်ကြောက်မက်ဖွယ်ကောင်း၏။ ခန္ဓာကိုယ်သည်လည်း အရိုးပြိုင်းပြိုင်းထနေ၏။ သူ၏ အသားများကို သူကိုယ်တိုင် ပြန်၍စားနေ၏။ သောဏသည်ကား တရားဓမ္မတို့ကို နှစ်ပေါင်းများစွာ အားထုတ်ထားသူ ဖြစ်၍ ကြောက်လန့်ခြင်း အလျဉ်းမရှိပေ။ ကြောက်လန့်ခြင်း မဖြစ်သည်သာမက “သင် ဘယ်သူလဲ” ဟုပင် မေးလိုက်သေးသည်။
“ကျွန်ုပ်ဟာ ပြိတ္တာဖြစ်ပါတယ်”ဟု ပြန်ဖြေ လေ၏။ “ဘယ်လို မကောင်းမှုအကုသိုလ်မျိုးကို ကျူးလွန်ခဲ့လို့ အခုလို ဆင်းရဲဒုက္ခတွေ ခံစားနေရ တာလဲ”ဟု သောဏက ထပ်မေးလေ၏။
ထိုအခါ ပြိတ္တာကြီးက “အကျွန်ုပ်ဟာ ရှေးဘဝတစ်ခုတုန်းက ဘာရုကဋ္ဌကမြို့မှာ ကုန်သည် တစ်ယောက် ဖြစ်ခဲ့ပါတယ်၊ အဲဒီဘဝမှာ အကျွန်ုပ်ဟာ သူများတွေရဲ့ ပစ္စည်းဥစ္စာတွေကို လိမ်လည် လှည့်ဖြားပြီး ရအောင်ယူခဲ့ပါတယ်၊ ဒါ့အပြင် ဆွမ်းခံကြွတဲ့ ရဟန်းသာမဏေတွေကိုလည်း သင်တို့ရဲ့ အသားကို ကိုယ်တိုင်ပြန်စားကြလို့ ပြောဆိုစော်ကားခဲ့မိပါတယ်၊ အဲဒီလို မကောင်းမှု အကုသိုလ်ကံတွေကြောင့် အခုလို ဆင်းရဲဒုက္ခတွေကို ခံစားနေရခြင်း ဖြစ်ပါတယ်”ဟု ပြန်လည် ဖြေကြားလေသည်။
သောဏသည် ပြိတ္တာကြီး၏ စကားကို ကြားရသောအခါ အလွန်သတိသံဝေဂ ဖြစ်မိ ပြန်၏။ ထို့အပြင် အခြားသူများကို လိမ်လည် လှည့်ဖြားလျှင် ဖြစ်လေရာဘဝတိုင်း၌ ရုပ်ဆိုးသူ ဖြစ်တတ်ကြောင်း၊ မြင့်မြတ်သော ပုဂ္ဂိုလ်တို့ကို ရိုင်းပျစွာ ပြောဆိုစော်ကားလျှင် ပြိတ္တာဘဝသို့ ရောက်တတ်ကြောင်း စသည်ဖြင့် မကောင်းမှုအကုသိုလ်ကံတို့၏ ဆိုးဝါးသော အကျိုးဆက်တို့ကို ဆက်လက် ဆင်ခြင်မိလေသည်။