မည်းမျှပတ်သည်-ချီ ရတု
၁။ မည်းမျှပတ်သည်၊ တိမ်ဝတ်သွယ်ခက်၊ စီ၍ယှက်သို့၊ ဘဝဂ်မြညို၊ လိုမဲ့လိုလျှင်၊ မယ့်ကိုလွမ်းရာ၊ လွမ်းသို့ရှာ၍၊ ထစ်ရွာလှချင်၊ တပေါင်းစင်က၊ မင်းလွင်ပီပီ၊ မရာသီခဲ့၊ စစ်ဆီကသာ၊ လျှပ်ဝါညွန့်ရှည်[၁]၊ မယ်နေသည်ကို၊ ကျူးမြည်သံချို၊ ညညကိုမူ၊ မြင်းမိုရ်မိုးသား၊ ဝမ်းပါးနွဲ့လျ၊ ခြိမ်းလှာပြသည်။ ။ နောက်ကပင်လည်းစေသည်လော။
၂။ ကျည်းကသတ်သည်၊ ပွင့်ဝတ်ရနံ့၊ မွှေးပျံ့ထုံသင်း၊ သလင်းပိတ်လှပ်၊ စက်တိုင်းထပ်လည်း၊ ရင်လပ်ချမ်းအေး၊ လုံမည်ဝေးခဲ့၊ စိန်ရေးကြာနွယ်၊ ရွှေခြယ်ပြောက်သန်း၊ သလွန်ဆန်းထက်၊ ခွေမြန်းညွတ်သွယ်၊ ရှိလေဘွယ်ဟု၊ သွတ်လှယ်ယုံကျွန်၊ ရောက်လာတန်လျက်၊ ပျော်ရန်သာရွှင်၊ မယ့်စိတ်တွင်မူ[၂]၊ သို့စဉ်မေ့မည်၊ တဆံခြည်မျှ၊ မှတ်ရည် ဆက်ဆက်၊ မယုံရက်တည့်၊ ချိုးလက်ခန့်ရေ၊ လွှတ်လိုက်စေလျက်၊ မြင့်ပေလှည့်ကာ၊ မရောက်လှာသည်။ ။ ကျွန်သာနွှဲဖင့် နေသည်လော။
၃။ ချည်းလျညွတ်သည်၊ ပြာလတ်နွဲ့ရှင်း၊ လှမှန်ကင်းမူ၊ ချစ်တင်းကြားချင်၊ လင့်လျက်ပင်တည့်၊ ရည်းထည်ငြိမ်းဝါ၊ လမြော်ကြာသို့၊ ပမာသဏ္ဌာန်[၃]၊ ရှိလိမ့်ဟန်ကို၊ မပြန်ဝံ့ရက်၊ တင့်ထက်ပိုက်ဖြား၊ ဆည်ဖြေတား၍၊ ရက်များမရှည်၊ ပြန်လျင် မည်ဟု[၄]၊ မြရည်သက်ရှည့်၊ မှာခဲ့သည့်ကြောင့်၊ ပျောင်းချည့်သမ်းညှိုး၊ ရောက်နိုးလွမ်းရာ၊ နေစဉ်ခါဝယ်၊ သာယာ ပျံ့ဖြည်း၊ တခွန်းတည်းဖြင့်၊ ဖြုတ်ချည်းလန့်ထိတ်၊ စိတ်နှင့်ညီမော၊ ဖြူမရောသည်[၅]။ ။ ဥသြလွန်သာပေသည်လော။
မူကွဲ
ပြင်ဆင်ရန်
မှတ်ချက်
- [ရ] = ရန်ကုန်မြို့ ဆူးလေဘုရားလမ်း မြန်မာ့ကြက်သရေ စာပုံနှိပ်တိုက်တွင် ၁၉၂၁ - ခုနှစ်က ရိုက်နှိပ်သော စာအုပ်မူ
- [မ] = မန္တလေးမြို့ ဟံသာဝတီ ပိဋကတ်စာပုံနှိပ်တိုက်တွင် ၁၉၂၀ - ခုနှစ်က ရိုက်နှိပ်သော စာအုပ်မူ
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |