မည်းမျှရစ်လည်-ချီ ရတု
၁။ မည်းမျှရစ်လည်၊ မြနှစ်ဆံဝတ်၊ ကုံး၍ပတ်သို့၊ မိုဃ်းနတ်လုလင်၊ လွမ်းရေးဆင်သော်[၁]၊ ကေရှင်ဆီရွှမ်း၊ နေတမ်း လက်သင်၊ တိုင်းပင်မကြော၊ ပတ်လျှောလျောနှင့်[၂]၊ သဘောအပ၊ ပျောင်းပျမဲ့ထွေ၊ ဝှက်ခွေစသိပ်၊ ရိုးရိပ်ခြည်မျှ၊ ပြင်မပြ ရှင့်၊ စိတ်ကသာတည်း၊ ဝမ်းနည်းရစေ၊ မြင်းမိုရ်နေသို့၊ လျော့ဖြေလိုလို[၃]၊ ချစ်နဂိုရ်သည်။ ။ မြွက်ဆိုမည်မျှပြင်းတော့၏။
၂။[၄] နည်းမှချစ်သည်၊ အဖြစ်ကိုလည်း၊ နောင်ညိုဘုန်းဟေ့၊ မကျန်မေ့ခဲ့[၅]၊ သူ့ရှေ့သူ့မှာ၊ မေတ္တာအသက်၊ နှင်းဆက်သမျှ၊ ကြားရတုံတုံ၊ မယုံတချို့၊ မယ်သို့ရောက်လစ်၊ အဖြစ်ကျူးလွန်[၆]၊ မကန်မြေမိုဃ်း၊ မိုးထက်မိုးမျှ[၇]၊ နန်းရိုးညွန့်လူ၊ ပွင့်မည့်သူလျှင်၊ အယူနှစ်ဖြာ၊ ရှိလှည့်ရာကို၊ ဗျာပါမသည်း၊ ဝမ်းနည်းမပျောက်[၈]၊ လွမ်းလှောက်မဆင်၊ အတိုင်းပင်သည်။ ။ ပြစ်စင်ကြည်မြကင်းတော့၏။
၃။ ကျည်းကဖြစ်သည်၊ ပွင့်သစ်ရနံ့[၉]၊ မွှေးပျံ့ထုံသင်း၊ သလင်းပြက်ကာ၊ စက်ဘုံသာဝယ်[၁၀]၊ ရိုးညှာကင်းလွတ်၊ မုလေး သတ်သား၊ ခြူးနတ်ရုပ်သွင်၊ ခြယ်လွင်ပြောက်သန်း၊ သလွန်ဆန်းထက်၊ ညှိုးမြန်းခွေပျောင်း[၁၁]၊ မယ့်ထူးလျောင်းရှင့်၊ နန်းလောင်းပွင့်လျာ၊ မေ့လှည့်ရာကို[၁၂]၊ အာကာမြငြမ်း၊ စိတ်ကိုစမ်းလည်း၊ ပျောင်းသမ်းခွေညွတ်၊ လွမ်းမဆွတ်တည့်၊ မယ်မှတ်ညီဟန်၊ သူဘို့ချန်သည်။ ။ မေ့ကျန်သည်က ပင်းတော့၏။
မူကွဲ
ပြင်ဆင်ရန်
မှတ်ချက်
- [ရ] = ရန်ကုန်မြို့ ဆူးလေဘုရားလမ်း မြန်မာ့ကြက်သရေ စာပုံနှိပ်တိုက်တွင် ၁၉၂၁ - ခုနှစ်က ရိုက်နှိပ်သော စာအုပ်မူ
- [မ] = မန္တလေးမြို့ ဟံသာဝတီ ပိဋကတ်စာပုံနှိပ်တိုက်တွင် ၁၉၂၀ - ခုနှစ်က ရိုက်နှိပ်သော စာအုပ်မူ
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |