မဟာဇနကဇာတ်တော်ကြီး/အခန်း-၀၅
ဘုရားလောင်းလည်း “မိခင်။ ကျွန်ုပ်လိုက်မည်ဟူ၍ သင်္ဘော၌ ဥစ္စာထုပ်ကိုတင်လျက် အပြီးအစီးရှိပြီ။ ကျွန်ုပ်ကို မတားပါလင့်။ လိုက်ပါရစေ။ အသာအကြည် ခွင့်လွှတ်တော်မူပါ” ဟုဆို၍ မယ်တော်ကို ရှိခိုးပူဇော်ခဲ့ပြီးလျှင် အိမ်မှ သင်္ဘောဆိပ်သို့ဆင်း၍၊ ၇၀၀-သော သင်္ဘောသားတို့နှင့်တကွ သင်္ဘောစီးလျက် သုဝဏ္ဏဘူမိသို့ ရှေ့ရှုလွှင့်လေ၏။
ထို ဘုရားလောင်း သင်္ဘောလွှင့်သည့်နေ့၌ပင်လျှင် မိထိလာပြည်၌ ဘထွေးတော် ပေါလဇနကမင်း နာလေ၏။
ဘုရားလောင်းသည်လည်း သင်္ဘောလွှင့်လေသော် ၇-ရက်ဖြင့်ပင်လျှင် ယူဇနာ ၇၀၀-တိုင်တိုင် ရောက်လေသဖြင့် လေအဟုန်ပြင်းခြင်းကြောင့် မခိုင်မခံနိုင်သည်ဖြစ်၍ သင်္ဘောပျဉ်စပ်တို့သည် ကွဲပေါက်ခြင်းသို့ ရောက်လေကုန်၏။ ထိုသို့ကွဲပျက်ရာမှ ရေဝင်လတ်သဖြင့် မစောင်းမတိမ်းဘဲ မတ်တတ်ပင်လျှင် သမုဒ္ဒရာအလယ်၌ သင်္ဘောနစ်မြုပ်လေ၏။ ထိုအခါ ၇၀၀-သော သင်္ဘောသားတို့သည် သေအံ့သောဘေးမှ ကြောက်လန့်ကုန်သဖြင့် ငိုကြွေးမြည်တမ်းကြကုန်လျက် အချို့သောသင်္ဘောသားတို့သည် မိမိတို့အလိုရှိရာ အသီးသီးနတ်တို့ကို ကိုးကွယ် ရှိခိုးကြကုန်၏။
ဘုရားလောင်းမူကား “ရောက်လေရာသောဘေးကို ငိုကြွေး၍ လွတ်နိုင်မည်မဟုတ်။ အားထုတ်အပ်သော ယောက်ျားတို့၏အစွမ်းသာလျှင် ဘေးလွတ်ကြောင်းဖြစ်၏”ဟု နှလုံးစွဲတော်မူသဖြင့် ငိုကြွေးခြင်းကိုမပြု၊ ဥပဒ်လွတ်ကြောင်းမဟုတ်၍ သမုဒ္ဒရာနတ်တို့ကိုလည်း ရှိမခိုးဘဲ၊ ပျဉ်ကွဲ၍ သင်္ဘောနစ်မှန်းသိလျှင် ထောပတ်သစ်ကို သကြားနှင့်နယ်၍ ဝစွာစားပြီးသော် ခိုင်ခံ့ညံ့မွတ်သော ပုဆိုး ၂-ထည် ရေမဝင်စေခြင်းငှာ ဆီဆွတ်ကာ မြဲစွာဝတ်၍ လင်းယဉ်တိုင်ကိုမှီလျက် ရပ်နေသဖြင့်၊ သင်္ဘောမြုပ်သောအခါ လင်းယဉ်တိုင်ထက်သို့ တက်လေ၏။ သင်္ဘောသား ၇၀၀တို့သည် ယောက်ျားတို့၏လုံ့လကို တစ်စုံတစ်ခုမျှမပြုကြဘဲ စိုးရိမ်ကြောက်လန့်ခြင်း ပြင်းစွာငိုကြွေးမြည်တမ်းလျက်ပင် ငါး,လိပ်,မကန်းတို့၏အစာ ဖြစ်လေကုန်၏။ သင်္ဘောထက်ဝန်းကျင် တစ်ဥသဘခန့်သော မဟာသမုဒ္ဒရာရေသည် သွေးအတိလွှမ်းယှက်သဖြင့် ခြင်းခြင်းနီမျှ ရှိလေ၏။
ဘုရားလောင်းသည် လင်းယဉ်တိုင်ထွတ်ဖျား၌ရပ်လျက် “ဤမည်သောအရပ်၌ မိထိလာပြည် ရှိရာ၏”ဟု အရပ်ကိုမှတ်၍ လင်းယဉ်တိုင်ဖျားမှခုန်လေသော် ခွန်အားကြီးတော်မူခြင်းကြောင့် ငါး, လိပ်တို့ စားရာကိုလွန်၍ တစ်ဥသဘခန့်လောက်သောအရပ်သို့ ကျလေ၏။
ထိုသင်္ဘောနစ်သည့်နေ့၌ပင်လျှင် မိထိလာပြည်တွင် ဘထွေးတော် ပေါလဇနကမင်းသည် ဘဝပြောင်းလေ၏။
ဘုရားလောင်းသည် ထိုကျရာ ရေအပြင်မှစ၍ မြခုံလောက်ကြား၌ထားသော ရွှေတုံးကဲ့သို့ လှိုင်းလုံးလှိုင်းကြား၌ နုထွားလှသောကိုယ်တော်ဖြင့် ပေါ်တုံပျောက်တုံ တပြောင်းပြန်ပြန် အားအင်ဖြည့်တင်းလျက် တစ်နေ့ချင်းကူးခတ်၍ လိုရပ်သို့ရောက်တော်မူမည်ကဲ့သို့ မတွန့်တိုဘဲ ရဲရင့်တင်းမာခြင်းဂုဏ်, ခုံခုံမင်မင် လျင်စွာရောက်ကြောင်း ကောင်းမြတ်သောလုံ့လဝန်ဖြင့် ၇-ရက်ပတ်လုံး ကူးတော်မူလေ၏။
ထို ကူးတော်မူရသော ၇-ရက်အတွင်း၌ နေ့တိုင်းမပြတ်လျှင် အခါကိုမြော်ချင့်၍ နေလွဲညစာဖြစ်ကောင်းသော စားဖွယ်သောက်ဖွယ် တစ်စုံတစ်ခု အနီးအစပ်မျောကပ်လာသော်လည်း မသုံးဆောင်ဘဲ ဆားငန်ရေဖြင့် ခံတွင်းကိုဆေးလျက် ဥပုသ် ဆောက်တည်တော်မူ၏။