2545မဟာဇနကဇာတ်တော်ကြီး — ၇။ ဘထွေးတော် နတ်ရွာစံခန်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

ထိုအခါ မိထိလာပြည်၌ကား ဘထွေးတော် ပေါလဇနကမင်း လွန်၍ ၇-ရက်ရှိနှင့်ပြီးသတည်း။ ထိုပေါလဇနကမင်း၌ကား သားတစ်ယောက်မျှ မရှိ၊ “သီဝလိဒေဝီ” အမည်ရှိသော သမီးတော်တစ်ယောက်သာ ရှိ၏။

သီဝလိဒေဝီမင်းသမီးကား အကျိုးအပြစ်ကိုမြင်မြော်သော ပညာလည်းရှိ၏။ ခွဲခြားဝေဖန် စီမံထုံးဖွဲ့ခြင်း၌လည်း လိမ္မာ၏။ သမီးတစ်ယောက်တည်းသာ ရှိသည်ဖြစ်၍လည်း ခမည်းတော်မင်းသည် ကြီးမြင့်စွာသော မင်းသမီးစည်းစိမ်ဖြင့် ချီးမြှောက်လျက်ထား၏။ ထိုအခါ၌လည်း အပြစ် ၆-ပါးကင်းလွတ်လျက် ကောင်းခြင်း ၅-ဖြာ လက္ခဏာစုံညီရင်းတွင် အဆင်းကိုဆောင်ချိန် အရွယ်ရောက်ပြီးသည်ဖြစ်၍လည်း ပြေပြစ်နုနယ် တင့်တယ်သောအရည်အသွေးနှင့်လည်း ပြည့်စုံ၏။

ပေါလဇနကမင်းကြီးသည် ဘုန်းကံကုန်သည့်အလျောက် သည်းစွာအနာကပ်ရောက်၍ သလွန်ပေါ်၌ မထသောလျောင်းခြင်းဖြင့် လျောင်းစက်သောအခါ အမတ်ကြီးတို့သည် ဤသို့ လျှောက်ထားလိုက်ကြကုန်၏။

“အရှင်မင်းကြီး။ ကိုယ်တော်သည် ဤစည်းစိမ်တော်မှပြောင်းလဲ၍ နတ်ပြည်စံတော်မူခဲ့လျှင် အရှင့်အရိပ်အရာဖြစ်သော ဤစည်းစိမ်တော်ကို အဘယ်သူအား အပ်နှင်းရပါမည်နည်း။ သမီးတော်နှင့် စည်းစိမ်ယှဉ်ဖက်ရမည့်သူကို အမိန့်တော်ရှိတော်မူခဲ့ပါ”ဟု လျှောက်မေးကြကုန်၏။

ပေါလဇနကမင်းကြီးလည်း--

“အမတ်ကြီးတို့။ ငါ့သမီးတော်နှင့် မည်သူသာ ထိုက်တန်သည်ဟူ၍ ငါ့နှလုံးစွဲဟောင်းလည်း မရှိ။ ယခု ငါ အရိပ်လွှဲတော်မူလျှင် အမျိုးစည်းစိမ် မြင့်မြတ်သည်, ယုတ်ညံ့သည်ဟူ၍ မရွေးချယ်ရစ်ကြနှင့်။ ငါ့သမီးတော် နှစ်သက်သည်မူလည်း ဖြစ်စေ၊ ကာယဗလ, ဉာဏဗလ ၂-ပါးနှင့် ပြည့်စုံသည်မူလည်းဖြစ်စေ၊ ထိုအကြောင်း ၂-ပါးနှင့်ပြည့်စုံလျှင် မည်သည့်အမျိုးမဆို ငါ့သမီးတော်နှင့် စည်းစိမ်ဖက် ပြုရစ်ကြတော့”ဟု ဆို၏။

အမတ်ကြီးတို့လည်း--

“အရှင်မင်းကြီး၊ လူတို့မှာ အင်တန်ရုံမျှသော ကိုယ်အား, ပညာအားနှင့်ပြည့်စုံလျှင်ပင် ကာယဗလ, ဉာဏဗလ ရှိသူဟူ၍ ခေါ်ဝေါ်ကြပါသည်။ ယခု ကိုယ်တော် အမိန့်တော်ရှိသည့်ဗလမှာ ပမာဏကို အမိန့်ရှိတော်မူပါမှ အကျွန်ုပ်တို့ ရွေးချယ်သာပါမည်”ဟု လျှောက်ထားကြလျှင်၊ -

ပေါလဇနကမင်းကြီးသည်-

“အမတ်တို့။ ကာယဗလ ငါဆိုသည်မှာ လူဗိုလ်ခြေ ၁ ၁၀၀၀ တင်နိုင်, ချနိုင်သောလေးကို တစ်ယောက်တည်းဖြင့် တင်နိုင်, ချနိုင်လျှင် ကာယဗလ ရှိသည်ဖြစ်စေ။ ဉာဏဗလမှာလည်း သားရဲရုပ်အစောင့်နှင့် ထောင့် ၄-ခုဖြင့် ရှုဖွယ်တင့်တယ်စွာ ငါစံပယ်ရာဖြစ်သော ပလ္လင်တော်၏ခေါင်းရင်းကို သိစွမ်းနိုင်သော်လည်းကောင်း၊ ၁၆-လုံးသော ရွှေအိုးကြီးတို့ကို ဖော်ထုတ်နိုင်သော်လည်းကောင်း ဉာဏဗလရှိသည်ဖြစ်စေ။ ထိုသို့သောအင်္ဂါနှင့်ပြည့်စုံလျှင် မည်သည့်အမျိုးမဆို အပ်နှင်းရစ်ကြတော့”ဟု ဆို၏။

အမတ်တို့လည်း--

“အရှင်မင်းကြီး၏ အမိန့်တော်ရှိတိုင်း ထိုအင်္ဂါ ၄-ပါး စုံညီသူကို အကျွန်ုပ်တို့ ရှာရပါတော့မည်။ ရွှေအိုးကြီး ၁၆-လုံးတို့၏ ထားရာကိုသာ အမြွက်မျှ ပြတော်မူပါ”ဟု လျှောက်ထားကြကုန်၏။

အမတ်တို့စကားကိုကြားလျှင် ပေါလဇနကမင်းကြီးသည် ရွှေအိုးကြီး ၁၆-လုံးတို့၏ထားရာကို အမြွက်မျှပြလို၍-

“သူရိယုဂ္ဂမနေ နိဓိ၊ အထော သြက္ကမနေ နိဓိ။

အန္တော နိဓိ ဗဟိ နိဓိ၊ န အန္တော န ဗဟိ နိဓိ။”

“အာရောဟနေ မဟာနိဓိ၊ အထော သြရောဟနေ နိဓိ။

စတုရော စ မဟာသာလာ၊ သမန္တာ ယောဇနေ နိဓိ။”

“ဒန္တဂ္ဂေသု မဟာနိဓိ၊ ဝါလဂ္ဂေသု စ ကေပုကေ။

ရုက္ခဂ္ဂေသု မဟာနိဓိ၊ သောဠသေ တေ မဟာနိ။”

ဟူသော ၃-ဂါထာတို့ဖြင့် အမြွက်ပြဆိုလေ၏။

အဓိပ္ပာယ်ကား-

“အမတ်တို့။ ရွှေအိုးကြီးတို့၏အမြွက်ကို ငါ ပြအံ့၊ မှတ်ကြကုန်။ ရွှေအိုးကြီးထားရာကား နေထွက်၌ ၁-လုံး, နေဝင်ရာ၌ ၁-လုံး, အတွင်း၌ ၁-လုံး, အပြင်၌ ၁-လုံး, အတွင်းအပြင်မဟုတ်သည်၌ ၁-လုံး, တက်ရာ၌ ၁-လုံး, သက်ရာ၌ ၁-လုံး, အင်ကြင်းပင်ကြီး ၄-ပင်တို့၌ ၁-လုံးစီ, ၈ ရပ်ဝန်းကျင် တစ်ယူဇနာထက်၌ ၁-လုံး, အစွယ်ဖျားတို့၌ ၁-လုံး, အမြီးဖျား၌ ၁-လုံး, ရေထဲ၌ ၁-လုံး, သစ်ပင်ဖျားတို့၌ ၁-လုံး။ ဤသည်လျှင် ရွှေအိုးကြီး ၁၆-လုံးတို့၏ အမြွက်စကားဖြစ်သည် မှတ်သားရစ်ကြ”ဟု ဆို၏။

ဤမှတစ်ပါး သမီးတော်၌ အခွင့်မျိုးတို့ကိုလည်းကောင်း, ဆွေတော်မျိုးတော်, မိဖုရား, မောင်းမ, အမှူးအမတ်တို့၌ မှာထားအပ်သည်တို့ကိုလည်းကောင်း၊ အလုံးစုံသော ပြည်ထဲရေးကိစ္စတို့ကိုလည်းကောင်း အမတ်တို့အား မှာထားပြီးလျှင် ပေါလဇနကမင်းကြီး ဘဝပြောင်းလဲလေ၏။