မဟာဇနကဇာတ်တော်ကြီး/အခန်း-၁၇
ထိုအခါ နာရဒအမည်ရှိသော ရှင်ရသေ့သည် ဟိမဝန္တာဝယ် တစ်ခုသောရွှေဂူ၌ အဘိညာဉ် ၅-ပါး, ဈာန်, သမာပတ်ချမ်းသာတို့ကို ခံစားလျက်နေ၏။ ထိုနာရဒရသေ့သည် ၇-ရက်လွန်၍ ဈာန်သမာပတ်မှထပြီးသော် “ဪ၊ ချမ်းသာစွ, ချမ်းသာစွ”ဟု နှစ်သက်ဝမ်းမြောက်စွာ ဥဒါန်းကျူးလျက် “ဤဇမ္ဗူဒိပ်ကျွန်းအပြင်၌ ဤသို့သောဈာန်ချမ်းသာကိုရှာသောသူ တစ်စုံတစ်ယောက် ရှိလိမ့်အံ့လော”ဟု ဒိဗ္ဗစက္ခုဉာဏ်ဖြင့် ကြည့်ရှုဆင်ခြင်လေသော်၊ ဘုရားအညွန့်ဖြစ်သော မဟာဇနကမင်းကြီး တောထွက်တော်မူသည်ကို မြင်လေ၏။ ထိုအခါ နာရဒရှင်ရသေ့သည် ဤသို့ကြံ၏။
“ဤမင်းကား ကြီးစွာသော ပြည်စည်းစိမ်ကိုစွန့်၍ မြတ်သောတောထွက်ခြင်းဖြင့် ရဟန်းပြုပါသည်ကို သီဝလိဒေဝီအမှူးရှိသော မှူးမတ်, ပရိသတ်အပေါင်းတို့သည် နောက်ကဝန်းရံ၍ လိုက်ကြကုန်၏။ ထိုမင်းလည်း မိမိပရိသတ်ကို ပြန်စေခြင်းငှာ မတတ်နိုင်လေ။ ဤသို့ မိဖုရားပရိသတ်တို့လိုက်သဖြင့် ထိုမင်းသည် ဝိက္ခမ္ဘနပဟာန်ကို မရသေးသူဖြစ်ခြင်းကြောင့် တဒင်္ဂပဟာန်တည်းဟူသော ငယ်နုလှစွာသောအတောင်ဖြင့် မိဖုရား, မှူးမတ်တို့ ဖြားယောင်းခြင်းတည်းဟူသော ညွတ်ကွင်းမှ လွတ်မြောက်အောင်မပျံနိုင်ဘဲရှိခဲ့သော် ရဟန်းပြုခြင်း၏အန္တရာယ်သည် ဖြစ်လေရာ၏။ ထို့ကြောင့် ယခု ငါသွား၍ စိတ်တစ်ချောင်းတည်းဖြင့် ကောင်းစွာစွဲယူပြီးသောအယူကို တစ်ပါးသူလှုပ်ရှား၍ မပျက်နိုင်အောင် မြဲမြံခိုင်ခံ့စေခြင်းငှာ အဆုံးအမပေးချေသော် ကောင်း၏”ဟု ကြံပြီးလျှင်၊ ဣဒ္ဓိဝိဓ အဘိညာဉ်တန်ခိုးဖြင့် ထိုရွှေဂူမှ ဘုရားလောင်းရှိရာသို့ ကောင်းကင်ခရီးဖြင့်လာလတ်၍၊ ဘုရားလောင်း၏ရှေ့ဖြစ်သော ကောင်းကင်၌ရပ်လျက် အားထုတ်ပြီးသောလုံ့လကို မလျှော့စေခြင်းငှာ တိုက်တွန်းလို၍-
“ကိမှေသော မဟတော ဃောသော၊ ကာ နု ဂါမေဝ ကီဠိယာ။
သမဏ တေဝ ပုစ္ဆာမိ၊ ကတ္ထေသော အဘိသဋော ဇနော။”
ဟူသော ဂါထာဖြင့် ဆို၏။
အဓိပ္ပာယ်ကား-
“ရှင်ရဟန်း။ အသို့နည်း။ တစ်ပါးရဟန်းမှာကဲ့သို့ မဟုတ်။ သင့်မှာ အသံများလှစွာ၏တကား။ ရွာကြီး မြို့ကြီးကဲ့သို့ အဝတ်ကောင်း,တန်ဆာကောင်းဆင်ယင်ဝတ်စားကာ သမီးပျိုသားပျိုတို့ မြူးထူးကြသောအသံဖြင့် မြေပြင်ထိန့်မျှ ဖြစ်ခဲ့၏တကား။ သင့်ကိုပင် ငါ မေးရတော့သည်။ ဤအသံများစွာ အုတ်အုတ်ကျက်ကျက်ဖြစ်ခြင်းကား အကြောင်းအသို့နည်း”ဟု ဆို၏။
နာရဒ ရှင်ရသေ့ စကားကိုကြားလျှင် ဘုရားလောင်းသည် အကြောင်းကို ပြန်ကြားလို၍-
“မမံ သြဟာယ ဂစ္ဆန္တံ၊ ဧတ္ထေသော အဘိသဋော ဇနော။
သီမာတိက္ကမနံ ယန္တံ၊ မုနိ မောနဿ ပတ္တိယာ။
မိဿံ နန္ဒီဟိ ဂစ္ဆန္တံ၊ ကိံ ဇာနမနုပုစ္ဆသိ။”
ဟူသော ဂါထာဖြင့် ဆို၏။
အဓိပ္ပာယ်ကား-
“ရှင်ရသေ့။ ကိလေသာတည်းဟူသောစောင်ရန်းဖြင့် ဆီးတားပိုင်းခြားအပ်သော လူတို့၏ဘောင်မှ ထိုအဆီးအတားကို ဖျက်ဆီးနှိမ်နင်း၍ ကိလေသာစောင်ရန်းမရှိသော ရဟန်းဘောင်သို့ ကျွန်ုပ် ထွက်လာလတ်သည်ကို ဤပရိသတ်သည် နောက်သို့ထက်ကြပ်ကပ်လျက် လိုက်လာကုန်ဘိ၏။ ထို ပြည်စည်းစိမ်၌ ငြိတွယ်ငဲ့ကွက်ခြင်းမည်သည် ကျွန်ုပ်၌ မရှိ။ ရှင်ရသေ့ကဲ့သို့ ဈာန်သမာပတ်၌ မွေ့လျော်ခြင်းကိုသာလျှင် အလွန်နှစ်သက်သည်ဖြစ်၍ “ငါကား ကိလေသာကွန်ရက်မှလွတ်မြောက်သဖြင့် ယခု ရဟန်းအဖြစ်ကို ရတော့သည်” ဟူ၍သာ အဖန်တလဲလဲအောက်မေ့လျက် ဟိမဝန္တာသို့ ထွက်လာခဲ့၏။ ထိုသို့ ရဟန်းပြုသောအကျွန်ုပ်ကို ရှင်ရသေ့သည် သိလျက်တည်း မေးတော်မူသလော၊ မသိ၍တည်း မေးတော်မူသလော။ ဝိဒေဟရာဇ်တိုင်းကြီးကိုစွန့်၍ မဟာဇနကမင်းကြီး တောထွက်သည်”ဟူ၍ ကြားတော်မူကောင်းပါလေ၏တကား”ဟု ဆို၏။
ဘုရားလောင်းစကားကို ကြားလျှင် နာရဒရှင်ရသေ့သည် မင်းကြီးအား ရဟန်းအဖြစ်၌ မြဲမြံစွာတည်စေခြင်းငှာ-
“မာဿု တိဏ္ဏော အမညိတ္ထ၊ သရီရံ ဓာရယံ ဣမံ။
အတီရဏေယျ ယမိဒံ၊ ဗဟူ ဟိ ပရိပန္ထယော။”
ဟူသော ဂါထာဖြင့် ဆိုပြန်၏။
အဓိပ္ပာယ်ကား-
“ရှင်ရဟန်း၊ ဖန်ရည်စွန်းသောသင်္ကန်းကို ဝတ်ကာမျှဖြင့် ကိလေသာတည်းဟူသောစောင်ရန်းကို ဖျက်ဆီးနိုင်ပြီ သင် မှတ်သလော။ ရဟန်းပြုကာမျှဖြင့် ကိလေသာတည်းဟူသော စောင်ရန်းကို မဖျက်ဆီးနိုင်သေး။ နတ်ပြည်ခရီးသို့ မရောက်နိုင်အောင် ဆီးကာမြှေးရစ်တတ်သော ကိလေသာဘေးရန်တို့သည် နောက်ကထက်ကြပ်ဝန်းရံ၍ လိုက်တတ်ကုန်၏။ ထိုရန်သူတို့ကို ဆွဲငင်၍မပါနိုင်အောင် ညွတ်ပြီးသော, ရဟန်းအဖြစ်ဟုဆိုအပ်သောတိုင်၌ အဖန်တလဲလဲ နှစ်သက်ခြင်း, သက်ဝင်ခြင်းတည်းဟူသော ကြိုးဖြင့် စိတ်ကို မြဲစွာဖွဲ့နှောင်နိုင်သူမှသာလျှင် ကိလေသာတည်းဟူသောစောင်ရန်းမှ လွတ်မြောက်ရာသည်”ဟု ဆို၏။
နာရဒရှင်ရသေ့စကားကို ကြားလျှင် ဘုရားလောင်းသည် ကိုယ်တော်၏ စင်ကြယ်ကြောင်းကိုပြ၍ ကိလေသာတည်းဟူသောဘေးရန်ကို မေးတော်မူပြန်ခြင်းငှာ-
“ကော နု မေ ပရိပန္ထဿ၊ မမံ ဧဝံ ဝိဟာရိနော။
ယော နေဝ ဒိဋ္ဌေနာဒိဋ္ဌေ၊ ကာမာနမဘိပတ္တယေ။”
ဟူသော ဂါထာဖြင့် ဆိုတော်မူပြန်၏။
အဓိပ္ပာယ်ကား-
“ရှင်ရသေ့၊ ယခု ကျွန်ုပ်သည် လူ့ပြည်၌ဖြစ်သော ကာမဂုဏ်ကိုလည်း တောင့်တခြင်းမရှိ။ နတ်ပြည်၌ဖြစ်သော ကာမဂုဏ်ကိုလည်း တောင့်တခြင်း မရှိ။ ထိုကိလေသာတည်းဟူသော တောင့်တခြင်းကင်းပြီးသော ကျွန်ုပ်ကို ဘယ်ဘေးရန်ခြံရံ၍ နှိပ်စက်နိုင်အံ့နည်း။ ကျွန်ုပ်အနီး၌ရှိသောဘေးကို ရှင်ရသေ့ ဆိုတော်မူပါလော့”ဟု ဆို၏။
ဘုရားလောင်းစကားကိုကြားလျှင် နာရဒရှင်ရသေ့သည် ဘုရားလောင်းအနီး၌ရှိသော ဘေးရန်ကိုပြလို၍-
“နိဒ္ဒါ တန္ဒီ ဝိဇမ္ဘိတာ၊ အရတီ ဘတ္တသမ္မဒေါ။
အာဝသန္တိ သရီရဋ္ဌာ၊ ဗဟူ ဟိ ပရိပန္ထယော။”
ဟူသော ဂါထာဖြင့် ဆိုပြန်၏။
အဓိပ္ပာယ်ကား-
“ရှင်ရဟန်း။ အကြင်သူတို့သည် ကာမဂုဏ်အနှောင်အဖွဲ့မှ လွတ်မြောက်၍ ရပာန်းအဖြစ်သို့ ရောက်တုံသော်လည်း မိမိတို့ကိုယ်၌ နေ့တိုင်းမပြတ်ဖြစ်ကုန်သော ဘေးရန်တို့သည် ခြံရံကုန်၏။ ဘေးရန်တို့ကား-- အိပ်ခြင်း, ပျင်းရိခြင်း၊ ကိုယ်လက်တဆန့်ကျင်ကျင်ရှိခြင်း, ရဟန်းတရား၌မမွေ့လျော်ခြင်း၊ အစာ၌ အတိုင်းအရှည်ကိုမသိဘဲ မိမိစားသောအစာ ယစ်ခြင်း စသောအားဖြင့် များစွာသောဘေးရန် ရှိတုံသေး၏။ သင်သည်လည်း သူခပ်သိမ်းတို့မြင်လျှင် ကြည်ညိုဖွယ်သောအဆင်းလည်း ရှိ၏။ “ပြည်ကြီးစည်းစိမ်ကိုစွန့်၍ ရဟန်းပြုနိုင်ပေသည်”ဟူ၍လည်း သူခပ်သိမ်းတို့ ကြားလျှင် မြင်လျှင် အလွန်ကြည်ညို နှစ်သက်ဖွယ်ရှိ၏။ ဤသို့သောအကြောင်းတို့ဖြင့် သူခပ်သိမ်းတို့သည် အလွန် ကြည်ညိုသည်ဖြစ်၍ မွန်မြတ်သော ခဲဖွယ်ဘောဇဉ်တို့ကို သင့်အား လှူကုန်လတ္တံ့။ ထို သူတစ်ပါးတို့လှူသော ဘောဇဉ်ခဲဖွယ် အရသာကောင်းတို့ကို သပိတ်အပြည့်ခံယူ၍ အလိုရှိသမျှ ဝစွာစားပြီးလျှင် ကျောင်းသင်္ခန်းသို့ဝင်လျက် အင်းပျဉ်အခင်း၌ ခြေပစ်လက်ပစ်ကြောင့်ကြမဲ့ အလိုရှိတိုင်း ဟောက်တဲ့ ယောင်တုံ ဘယ်ပြောင်းညာပြန် အိပ်လတ္တံ့။ အိပ်၍နိုးသောအခါ၌လည်း အိပ်ရာမှမထဦးဘဲ လူးလဲကာ ခြေပစ်လက်ပစ် အရှည်အကြာနေပြီးမှ ထပါတုံသော်လည်း အရသာကောင်းယစ်၍ ပျင်းရိခြင်းကြောင့် ကျောင်း၌ တံမြက်လှည်းခြင်း, သောက်ရေသုံးရေ တည်ထားခြင်း, ကမ္မဋ္ဌာန်း၌ လုံ့လပြုခြင်းတို့ကိုမပြုဘဲ တစ်ဖန် ထိုအိပ်ရာ၌ပင် အိပ်ပြန်လတ္တံ့။ ဤသို့စသောအားဖြင့် ဘေးရန်ဟူသည်ကား ကိုယ်၌ပင်လျှင် များစွာရှိတုံသေး၏။ ကာမဂုဏ်ကိုစွန့်ပစ်ရုံမျှနှင့် ရဟန်းတို့၏ဘေးရန် ကုန်သည်မဟုတ်။ သင်သည် “ငါကား ကာမဂုဏ်ကို လွန်မြောက်သဖြင့် ရဟန်းဖြစ်ပြီးတော့သည်” ဟူ၍သာ လုံ့လကိုလျှော့ချေငြားအံ့။ ယခု ငါဆိုခဲ့ပြီးသော ဘေးရန်တို့သည် သင့်ကိုနှိပ်စက်သဖြင့် ကာမဝိတက်သာလျှင်များ၍ ရဟန်းတရား၌ တစ်ဖန် မမွေ့လျော်ခြင်း ဖြစ်ပြန်လတ္တံ့”ဟု ဆို၏။
ရှင်ရသေ့စကားကိုကြားလျှင် ဘုရားလောင်းသည် အလွန်နှစ်သက်သဖြင့် ကောင်းချီးပေးလို၍-
“ကလျာဏံ ဝတ မံ ဘဝံ၊ ဗြာဟ္မဏ မနုသာသတိ။
ဗြာဟ္မဏ တေဝ ပုစ္ဆာမိ၊ ကော နု တွမသိ မာရိသ။”
ဟူသောဂါထာဖြင့် ဆို၏။
အဓိပ္ပာယ်ကား-
“ရှင်ရသေ့။ အရှင်သည် အကျွန်ုပ်ကို မြင့်ရာတွင်မြတ်စေခြင်းငှာ ကောင်းသောစကားဖြင့်သာ အဆုံးအမပေးတော်မူပေ၏။ ရှင်ရသေ့သည် အကျွန်ုပ်၏ ဆရာပေတည်း။ မသိသောအလျောက် အကျွန်ုပ် လျှောက်မေးပါအံ့၊ ရှင်ရသေ့၏အမည်ကို အသူ ဆိုပေသနည်း”ဟု မေး၏။
ထိုစကားကိုကြားလျှင် နာရဒရှင်ရသေ့သည် အမည်ကိုကြားလျက် ဘုရားလောင်းအား အဆုံးအမကိုပေးလို၍-
“နာရဒေါ ဣတိ မေ နာမံ၊ ကဿပေါ ဣတိ မံ ဝိဒူ။
ဘောတော သကာသမာဂစ္ဆိံ၊ သာဓု သဗ္ဘိ သမာဂမော။”
“တဿ တေ သဗ္ဗော အာနန္ဒော၊ ဝိဟာရော ဥပဝတ္တတု။
ယံ ဦနံ တံ ပရိပူရေဟိ၊ ခန္တိယာ ဥပသမေန စ။”
“ပသာရယ သန္နတဉ္စ၊ ဥန္နတဉ္စ ပသာရယ။
ကမ္မံ ဝိဇ္ဇဉ္စ ဓမ္မဉ္စ၊ သက္ကတွာန ပရိဗ္ဗဇ။”
ဟူသော ၃-ဂါထာတို့ဖြင့် ဆို၏။
သမဏ၊ ရှင်ရဟန်း။ မေ၊ ငါ့ကို။ နာမံ၊ အမည်ကို။ နာရဒေါဣတိ၊ နာရဒဟူ၍။ ဝိဒူ၊ လူတို့ သိကုန်၏။ ဂေါတ္တေန၊ အနွယ်အားဖြင့်။ မံ၊ ငါ့ကို။ ကဿပေါဣတိ၊ ကဿပဟူ၍။ ဝိဒူ၊ ကုန်၏။ သဗ္ဘိ၊ သူတော်ကောင်းတို့နှင့်။ သမာဂမော၊ ပေါင်းဖော်ရခြင်းသည်။ သာဓု၊ ကောင်း၏ဟု။ ဘောဘော၊ အရှင်ရဟန်း၏။ သကာသံ၊ အထံသို့။ အာဂစ္ဆိံ၊ လာခဲ့၏။
သမဏ၊ ရှင်ရဟန်း။ တဿ တေ၊ ထိုသင်အား။ သဗ္ဗော၊ အလုံးစုံသော။ အာနန္ဒော၊ ရဟန်းအဖြစ်၌ နှစ်လိုခြင်းသည်။ ဟောတု၊ ဖြစ်စေသတည်း။ ဝိဟာရော၊ ၄-ပါးသော ဝိဟာရဖြင့် နေခြင်းသည်လည်း။ ဥပဝတ္တတု၊ ဖြစ်စေလော့။ ယံ ဦနံ၊ အကြင် ယုတ်သောအရာသည်။ အတ္ထိ၊ ရှိ၏။ တံ ဦနံ၊ ထို ယုတ်သောအရာကို။ ခန္တိယာ စ၊ သည်းခံခြင်းဖြင့်လည်းကောင်း။ ဥပသမေန စ၊ ဣန္ဒြေကို ဆုံးမခြင်းဖြင့်လည်းကောင်း။ ပရိပူရေဟိ၊ ပြည့်စေလော့။
သမဏ၊ ရှင်ရဟန်း။ သန္နတဉ္စ၊ ကိုယ်နှင့်တန်ရုံ ထောင်လွှားတတ်သောမာန်ကိုလည်း။ ပသာရယ၊ စွန့်ဘိလော့။ ဥန္နတဉ္စ၊ ကိုယ်နှင့်မတန် လွန်စွာထောင်လွှားတတ်သော မာန်ကိုလည်း။ ပသာရယ၊ စွန့်ဘိလော။ ကမ္မဉ္စ၊ ကုသိုလ်ကမ္မပထအစရှိသော ကောင်းမှုကိုလည်းကောင်း။ ဝိဇ္ဇဉ္စ၊ ဈာန်,အဘိညာဉ် အစရှိသော ပညာကိုလည်းကောင်း။ ဓမ္မဉ္စ၊ ကသိုဏ်း, ပရိကံ အစရှိသော အကျင့်ကိုလည်းကောင်း။ သက္ကတွာန၊ အရိုအသေပြု၍။ ပရိဗ္ဗဇ၊ ကျင့်လေလော့။ ဤကား အနက်။
အဓိပ္ပာယ်ကား-
“ရှင်ရဟန်း။ ငါ့ကို အမည်အားဖြင့် “နာရဒရသေ့”ဟု လူတို့ခေါ်ဝေါ်ကြ၏။ အမျိုးအနွယ်အားဖြင့်လည်း “ကဿပ”ဟု လူတို့သိကြကုန်၏။ ငါသည် ဟိမဝန္တာ ဝေးစွာသောအရပ်၌ ဈာန်၏ချမ်းသာခြင်းဖြင့် နေလျက်ပင်လျှင် “သူတော်ကောင်းတို့နှင့် တစ်ခဏမျှ အတူနေရသော်လည်း အကျိုးစီးပွား များစွာရှိသည်ဖြစ်၍ မြတ်၏”ဟု အောက်မေ့သဖြင့် သင့်ထံသို့ ငါ လာခဲ့သတည်း။ “သူတော်ကောင်း”ဟု ငါမှတ်သည်နှင့်အညီ သင်သည်လည်း မြတ်သောအကျင့်ကိုသာ အလိုရှိသည်ဖြစ်၍လည်းကောင်း, ပညာရှိသောသူတို့၏ အကျိုးစီးပွားနှင့်ယှဉ်သောစကားကို နာယူလွယ်သည်ဖြစ်၍လည်းကောင်း သင်သည် စင်စစ် သူတော်ကောင်းမှန်ပေ၏။ ယခု သင် နှလုံးသွင်းသည့်အတိုင်း အသက်ထက်ဆုံး ရဟန်းတရား၌သာ နှစ်သက်ခြင်းရှိသည်ဖြစ်၍ မဖောက်လဲသည် ဖြစ်စေသတည်း။ မြတ်သောသူတို့၏ နေခြင်းဟုဆိုအပ်သော မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာ၊ ဤဗြဟ္မဝိဟာရ ၄-ပါးဖြင့် ချမ်းသာစွာနေသည် ဖြစ်စေသတည်း။ လောက၌ သူတော်ကောင်းဟု ပြုကြကုန်သော အချို့တို့သည် မိမိတို့၌ ပြည့်စုံသော တစ်ခုခုသောဂုဏ်ကျေးဇူးကိုမှီ၍ “ငါကား အလှူဒါယကာတည်း”၊ “ငါကား ပဉ္စင်္ဂသီလ, အဋ္ဌင်္ဂသီလ, ဒသင်္ဂသီလနှင့် ပြည့်စုံသောသူတည်း”၊ “ငါကား ကသိုဏ်းပရိကံ ဈာန်အဘိညာဉ်နှင့် ပြည့်စုံသောသူတည်း”၊ “ငါကား မင်းမျိုး, ပုဏ္ဏားမျိုး သူဌေးမျိုးတည်း” ဟူ၍ ယုတ်ညံ့ထက်မြက်သော မာန်မူခြင်းကို ပြုတတ်ကုန်၏။ ထိုသို့သောမာန်ကို နှိမ့်ချသည်းခံခြင်းဖြင့်လည်းကောင်း၊ မိမိ၌ထင်ရှားရှိသော ထိုသီလပညာဖြင့်လည်းကောင်း နှိပ်ကွပ်ဆုံးမခြင်းကိုပြု၍ ကောင်းစွာကျင့်လော့။
“ဤလောက၌ တစ်စုံတစ်ခုသော ဂုဏ်ရှိကုန်သောသူတို့သည် ထို မိမိတို့၌ပြည့်စုံသောဂုဏ်ကို အမှီပြု၍ ကိုယ့်အောက်ညံ့သော မာန်၊ ကိုယ်နှင့်အင်တန်ရုံသော မာန်, ကိုယ်နှင့် အင်မတန်လွန်စွာသော မာန်၊ ဤမာန်၃-ပါးတို့တွင် တစ်ပါးပါးဖြင့် ထောင်လွှားတတ်ကုန်၏။ ထို ထောင်လွှားတတ်သော မာန်အပေါင်းတို့ကို နှိပ်ကွပ်ဆုံးမ၍ ကုသိုလ်ကမ္မပထ ၁၀-ပါးကိုလည်းကောင်း၊ အဘိညာဉ်သမာပတ်ဟုဆိုအပ်သော အတတ်ကိုလည်းကောင်း, ကသိုဏ်းပရိကံအစရှိသော ကောင်းမြတ်သောအကျင့်ကိုလည်းကောင်း မစောင်းမတိမ်း ဖြောင့်ဖြောင့်ပြည့်စုံစေလျက် အသက်ထက်ဆုံး ရဟန်းတရားကို အားထုတ်လေလော့”ဟု ဘုရားလောင်းအား အဆုံးအမပေးပြီးလျှင် နာရဒရှင်ရသေ့လည်း ကောင်းကင်ခရီးဖြင့် မိမိနေရာရွှေဂူသို့ ပြန်သွားလေ၏။
နာရဒရှင်ရသေ့ သွားပြီးသော် ဘုရားလောင်းလည်း မြောက်ဟိမဝန္တာသို့ ရှေးရှုပင်လျှင် ပြန်သွားလေ၏။ အိမ်ရှေ့မင်းမယ်တော်မှစ၍ မှူးမတ်ပရိသတ်တို့သည်လည်း နောက်တော်သို့ လိုက်ကြပြန်လေ၏။