2557မဟာဇနကဇာတ်တော်ကြီး — ၁၉။ အမဲကင်ပံ့သုကူ ကောက်တော်မူခန်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

ထိုအခါ မြို့တွင်း၌ ယောက်ျားတစ်ယောက်သည် အိမ်ဈေးမှ အမဲသားကိုဝယ်၍ တံစို့နှင့် မီးကျီးစုမှာကင်ပြီးလျှင် “အေးစေအံ့”ဟု တစ်ခုသောပျဉ်စွန်းပေါ်၌ထားလျက် တစ်ပါးကိုနှလုံးမူ၍ ရပ်နေစဉ်အခိုက်တွင် ခွေးတစ်ကောင်သည် ထိုအမဲကင်ကိုချီလျက် တောင်တံခါးသို့ ရှေးရှုပြေးလေ၏။ ထိုယောက်ျားသည် ခွေးချီကြောင်းကိုသိလျှင် ထိုခွေးကို တောင်တံခါးဝတိုင်အောင်လိုက်ပြီးမှ မမီသဖြင့် ငြီးငွေ့၍ “ဆုံးပစေတော့”ဟု ပြန်ခဲ့၏။

ဘုရားလောင်းသည်လည်း အိမ်ရှေ့မင်းမယ်တော်နှင့် ထိုမြို့တံခါးကို ရှေးရှုလာလတ်သဖြင့် ထိုခွေးနှင့်ရင်ဆိုင် တွေ့ကြုံလေသော် ခွေးသည် ကြောက်သောအားဖြင့် အမဲကင်ကိုပစ်ချ၍ လွတ်ရာသို့ပြေးလေ၏။ ထိုအခါ ဘုရားလောင်းသည် ခွေးစွန့်ပစ်လေပြီးသော ထိုအမဲကင်ကိုမြင်လျှင်- “ထိုခွေးကား ငဲ့ကွက်ခြင်းမဲ့၍ အမဲကင်ကို ပစ်ချ၍ပြေးလေပြီ။ တစ်ပါးသောအရှင်လည်း မရှိဖြစ်သောကြောင့် ဤအမဲကား ပံ့သုကူဆွမ်း စင်လှ၏”ဟု ကြံတော်မူလျက်၊ မြေသပိတ်ကို အိတ်မှထုတ်တော်မူ၍ အမဲကင်ကို ကောက်ယူတော်မူပြီးလျှင် “ဘုဉ်းပေးအံ့”ဟု ရေရှိရာအရပ်သို့ ကြွတော်မူလေ၏။

ထိုအခါ အိမ်ရှေ့မင်းမယ်တော်သည် ဤသို့ကြံ၏။ “မင်းကြီးသည် ပြည်စည်းစိမ်ကို ငဲ့ကွက်ခြင်းရှိ၍ ရဟန်းအဖြစ်၌ မခိုင်သေးသောနှလုံး ရှိသည်မှန်လျှင် ဤ ရွံရှာဖွယ် မြေမှုန့်အလိမ်းလိမ်းကပ်သော ခွေးစားကြွင်းအမဲကို မစားရာ။ အကယ်၍ အမဲကိုစားချေလျှင် ငါတို့ကို အုပ်ချုပ်လိုသောနှလုံး ဆံချည်မျှ ငြိတွယ်ခြင်းမရှိချေပြီ”ဟု ကြံပြီးလျှင်-“အရှင်မင်းကြီး။ ဤ စက်ဆုပ်ရွံရှာဖွယ် မြေမှုန့်အလိမ်းလိမ်းကပ်သော ခွေးစားကြွင်းအမဲကို သုံးဆောင်တော်မူမည်ဟု ကိုယ်တော် အကြံရှိသလော။ ရွှေနန်းရှင်စားတော်မဟုတ်။ မထိုက်ပါတကား”ဟု လျှောက်၏။

မိဖုရားစကားကိုကြားလျှင် ဘုရားလောင်းသည်- “ပြည့်ရှင်မ။ သင်ကား မလိမ္မာသောကြောင့် ဤအမဲကင်၏ သြဇာထူးကို မသိလေ”ဟု ဆိုတော်မူပြီးလျှင် ရေရှိရာအရပ်၌ ထိုင်တော်မူ၍ ဤအမဲကင်၏ ဓမ္မိယလဒ္ဓ စင်ကြယ်သည်၏အဖြစ်ကို ဆင်ခြင်တော်မူလျက်၊ နတ်သုဓာဘုတ်ကဲ့သို့ မြိန်မြိန်ယှက်ယှက် ဘုဉ်းပေးတော်မူပြီးလျှင် ဓမ္မကရိုဏ်ဖြင့်စစ်၍ ရေကိုသုံးဆောင်တော်မူပြီးလျှင်၊ နှုတ်ခမ်းတော်, သပိတ်တော်, လက်တော်တို့ကို ဆေးတော်မူ၏။

ထိုအခါ သီဝလိဒေဝီမိဖုရားသည် ဘုရားလောင်းအား ကဲ့ရဲ့ပြစ်တင်လို၍-

“ယောပိ စတုတ္ထေ ဘတ္တကာလေ န ဘုဉ္ဇေ၊

အဇုဋ္ဌမာရီဝ ခုဒါယ မိယျေ။

နတွေဝ ပိဏ္ဍံ လုဠိတံ အနရိယံ၊

ကုလပုတ္တရူပေါ သပ္ပုရိသော န သေဝေ။

တယိဒံ န သာဓု တယိဒံ န သုဋ္ဌု၊

သုနခုစ္ဆိဋ္ဌကံ ဇနက ဘုဉ္ဇသေ တုဝံ။”

ဟူသော တစ်ဂါထာခွဲဖြင့်ဆို၏။

အဓိပ္ပာယ်ကား-

“မဟာဇနကမင်း။ အမျိုးကောင်းသားဖြစ်သော သူတော်ကောင်းသည် ၃-ရက်မှ ၄-ရက် အစာမမှီဝဲရဘဲ ငတ်မွတ်သော်လည်း ဤအမဲကင်ကဲ့သို့ ရွံရှာဖွယ်အစာကို ရသည်ဟူ၍ မစားရာ။ အသက်ကို အသေခံရာသည် မဟုတ်လော။ ထိုသို့လျက် သခင်မှာမူကား သူကောင်းသား မဟုတ်လေ၏သို့ ဤရွံရှာဖွယ် မြေမှုန့်အလိမ်းလိမ်းကပ်သော ခွေးစားကြွင်းအမဲကိုပင် ကျွန်မရင်ကို ခွဲဘိသကဲ့သို့ရှိအောင် ရှေ့တွင်ထား၍ အားမျှမနာ မြိန်ယှက်စွာ ကိုယ်တော် သုံးတော်မူဘိ၏။ အကြောင်း မဖွယ်ရာတကား”ဟု ဆို၏။

မိဖုရားစကားကိုကြားလျှင် ဘုရားလောင်းသည် ထိုအမဲကင်၏ မြတ်သောအစာဖြစ်ကြောင်းကို ပြတော်မူလို၍-

“န စာပိ မေ သီဝလိ သော အဘက္ခော၊

ယံ ဟောတိ စတ္တံ ဂိဟီနော သုနဿ ဝါ။

ယေကေစိ ဘောဂါ ဣဓ ဓမ္မလဒ္ဓါ၊

သဗ္ဗော သော ဘက္ခော အနဝယောတိ ဝုတ္တော။”

ဟူသောဂါထာဖြင့် ဆိုတော်မူ၏။

သီဝလိ၊ သီဝလိ။ မေ၊ ငါ့အား။ သော၊ ထိုဆွမ်းသည်။ နစာပိအဘက္ခော၊ မစားကောင်းသည်မဟုတ်။ ကသ္မာ၊ အဘယ့်ကြောင့်နည်းဟူမူကား။ ယံ၊ အကြင်ဝတ္ထုကို။ ဂိဟိနော ဝါ၊ လူသည်လည်းကောင်း။ သုနဿ ဝါ၊ ခွေးသည်လည်းကောင်း။ စတ္တံ၊ စွန့်အပ်လေပြီးသည်။ ဟောတိ၊ ဖြစ်၏။ တံ၊ ထိုဝတ္ထုသည်။ ပံသုကူလံ နာမ၊ ပံ့သုကူဆွမ်း မည်၏။ သီဝလိ၊ သီဝလိ။ ဣဓ၊ ဤလူ့ပြည်၌။ ယေကေစိ၊ ခပ်သိမ်းကုန်သော။ ဘောဂါ၊ စည်းစိမ်ချမ်းသာတို့ကို။ ဓမ္မလဒ္ဓါ၊ တရားသဖြင့် ရကုန်၏။ သော သဗ္ဗော၊ ထိုအလုံးစုံသည်။ ဘက္ခော၊ စားကောင်းသည် ချည်းတည်း။ အနဝယော၊ အပြစ်မရှိ။ ဣတိ၊ ဤသို့။ သပ္ပုရိသေဟိ၊ သူတော်ကောင်းတို့သည်။ ဝုတ္တော၊ ဆိုအပ်၏။ ဤကား အနက်။

အဓိပ္ပာယ်ကား-

“သီဝလိ။ သင်ကား ကောင်းမွန်စွာ အမွှေးအကြိုင် အဆီအပြားဖြင့်စီရင်အပ်သော အစာကိုသာ သူကောင်းသူမြတ်တို့အစာ ဖြစ်သည်ဟု မှတ်ထင်ဘိ၏။ ဤအမဲကင်၏ သူကောင်းသူမြတ်တို့အစာ ဖြစ်ကြောင်းကို သင် မသိလေ။ အဘယ့်ကြောင့်နည်းဟူမူ ဤအမဲကင်ကို အရှင်ဖြစ်သော လူသည်လည်းကောင်း၊ ခွေးသည်လည်းကောင်း၊ စွန့်ပစ်လေပြီးဖြစ်သောကြောင့် ထိုအမဲကင်သည် ပံ့သုကူစင်စစ် မှန်လှ၏။ ထို ပံ့သုကူဖြစ်သောအစာကို ငါရခြင်းသည်လည်း တရားသဖြင့်ရသည် စင်စစ် မှန်၏။ ထိုတရားသဖြင့်ရသော အစာသည်သာလျှင် သူကောင်းသူမြတ်တို့၏အစာ ဖြစ်သည်။ သီဝလိ။ ဤအစားအသောက်၌သာ မဟုတ်၊

“လောက၌ အဝတ်တန်ဆာဖြစ်စေ၊ ရွှေငွေစသော ဥစ္စာစည်းစိမ်ဖြစ်စေ၊ အလုံးစုံ လူတို့အသုံးအဆောင် ဟူသမျှမှာပင် အဖိုးထိုက်သည်, မထိုက်သည်, တင့်တယ်သည် မတင့်တယ်သည်ကို အမြတ်အယုတ် မခွဲဝေသာ။ တရားသဖြင့် ရသည်, မရသည်ကိုသာ အမြတ်အယုတ် ခွဲဝေထိုက်၏။ တရားသဖြင့်ရသော ပစ္စည်း, ပရိက္ခရာ, ဥစ္စာစည်းစိမ်သည် ပဲဝက်မျှပင် အဖိုးထိုက်စေကာမူ သူကောင်းသူမြတ်တို့သုံးဆောင်ရာသော ပစ္စည်းဖြစ်တော့သည်။

“မတရားသဖြင့်ရသော ပစ္စည်း, ပရိက္ခရာ ဥစ္စာစည်းစိမ်သည် အဖိုးအသိန်းအသန်းပင် ထိုက်စေကာမူ သူယုတ်မာတို့၏သုံးဆောင်ရာသာ ဖြစ်သောကြောင့် သူကောင်းသူမြတ်တို့ သုံးဆောင်ထိုက်သောပစ္စည်း မဟုတ်ဟူ၍ ရှေးပညာရှိတို့ ဆိုတော်မူခဲ့သော စကားလုံးဟောင်း လမ်းကြောင်းထင်စွာရှိသည်ကို သင် မသိသလော။ တရားသဖြင့်ရသည်ဖြစ်၍ အလွန်မြတ်လှစွာသော အမဲကင်ကို အဘယ့်ကြောင့် သူယုတ်တို့၏ အစာဖြစ်သည်ဟု သင်ဆိုဘိသနည်း”ဟု ဆိုတော်မူလျက် နေရာမှထ၍ ကြွတော်မူပြန်လေ၏။