2559မဟာဇနကဇာတ်တော်ကြီး — ၂၁။ လေးသမားနှင့် တွေ့ခန်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

ဘုရားလောင်းသည်လည်း မိဖုရားကို မပစ်မခွာစေနိုင်သည်ဖြစ်၍ မင်း၂-ပါးအတူပင်လျှင် ထူဏမြို့တွင်းသို့ ဆွမ်းခံဝင်တော်မူရလေ၏။

ဘုရားလောင်းသည် ထိုမြို့၌ အိမ်စဉ်ဆွမ်းရပ်လေသော် တစ်ယောက်သောလေးသမား၏ အိမ်တံခါးဝသို့ရောက်၍ ရပ်တော်မူ၏။ သီဝလိဒေဝီလည်း သင့်ရာက ရပ်နေလေ၏။

ထိုအခါ ထိုလေးသမားသည် မိမိအိမ်တွင် မီးမယ်ဖျူးတစ်ခု၌ မြားကိုမီးကင်ပြီးလျှင် မျက်စိတစ်ဘက်ကိုမှိတ်လျက် တစ်ဘက်သောမျက်စိဖြင့်ကြည့်၍ မြားတံကို ပအုံးရည်ဆွတ်ကာ ဖြောင့်လျက်နေ၏။

ဘုရားလောင်းသည် ထိုလေးသမားကိုမြင်လျှင် “ဤလေးသမားကား အကယ်၍ ပညာရှိဖြစ်မူ ငါ့အား တစ်စုံတစ်ခုသောအကြောင်းကို ဆိုလတ္တံ့။ ထိုလေးသမားအား ယခု ငါမေးအံ့” ဟုကြံ၍ လေးသမားအနီးသို့ ကပ်လေပြီးသော်-

“ဧဝံ န သာဓု ပဿသိ၊ ဥသုကာရ သုဏောဟိ မေ။

ယဒေကံ စက္ခုံ နိဂ္ဂယှ၊ ဇိမှမေကေန ပေက္ခသိ။”

ဟူသော ဂါထာဖြင့် မေးတော်မူ၏။

အဓိပ္ပာယ်ကား-

“မြားသမား။ ငါဆိုအံ့သောစကားကို သင် နာလော့။ ယခု သင် မျက်စိတစ်ဘက်ကိုမှိတ်လျက် တစ်ဘက်ဖြင့်သာကြည့်၍ မြားကို ဖြောင့်ဘိ၏။ ဆီမီး ၂-တိုင် ပြိုင်၍ထွန်းဘိသကဲ့သို့ မျက်စိ ၂-ဘက်ဖြင့်ကြည့်လျက် ဖြောင့်လျှင် သာ၍ဖြောင့်လွယ်ပါမည် မဟုတ်လော။ အဘယ့်ကြောင့် မျက်စိတစ်ဘက်ကို မှိတ်ရသနည်း။ မျက်စိတစ်ဘက်တည်းဖြင့် ကြည့်ခြင်း၌ သာ၍မြင်လေသလော”ဟု မေးတော်မူ၏။

ဘုရားလောင်းစကားကို ကြားလျှင် လေးသမားသည် ဖြည့်ဆည်းပူးအပ်သော ပါရမီရှင်ဖြစ်၍ ပညာရှိခြင်းကြောင့် အတင်ပြေရုံမျှသာ မဖြေဆိုဘဲ၊ စကားလမ်းသင့်တိုင်း ဖြေလို၍-

“ဒွိဟိ သမဏ စက္ခူဟိ၊ ဝိသာလံ ဝိယ ခါယတိ။

အသမ္ပတွာ ပရမံ လိင်္ဂံ၊ နုဇုဘာဝါယ ကပ္ပတိ။”

“ဧကဉ္စ စက္ခုံ နိဂ္ဂယှ၊ ဇိမှမေကေန ပေက္ခတော။

သမ္ပတွာ ပရမံ လိင်္ဂံ၊ ဥဇုဘာဝါယ ကပ္ပတိ။”

“ဝိဝါဒပ္ပတ္တော ဒုတိယော၊ ကေနေကော ဝိဒိဿတိ။

တဿ တေ သဂ္ဂကာမဿ၊ ဧကတ္တမုပရောစတံ။”

ဟူသော ၃-ဂါထာတို့ဖြင့် ဆို၏။

သမဏ၊ ရှင်ရဟန်း။ ဒွီဟိ စက္ခူဟိ၊ မျက်စိ ၂-ဘက်တို့ဖြင့်။ ပေက္ခတော၊ ကြည့်သောသူအား။ ဝိသာလံဝိယ၊ အဖျင်းဖျင်း။ ဝါ၊ မို့ယမ်းမှန်း မသိ။ ခါယတိ၊ အပြားမဲ့ထင်၏။ ပရမံ၊ သိမ်မွေ့သော။ လိင်္ဂံ၊ အသွင်သဏ္ဌာန်ကို။ အသမ္ပတွာ၊ မဆင်ခြင်နိုင်သောကြောင့်။ ဥဇုဘာဝါယ၊ ဖြောင့်တန်းစေခြင်းငှာ။ န ကပ္ပတိ၊ မအပ်။

သမဏ၊ ရှင်ရဟန်း။ ဧကဉ္စ စက္ခုံ၊ မျက်စိတစ်ဘက်ကိုလျှင်။ နိဂ္ဂယှ၊ မှိတ်၍။ ဧကေန၊ မျက်စိတစ်ဘက်တည်းဖြင့်။ ဇိမှံ၊ အကောက်ကို။ ပေက္ခတော၊ ကြည့်သောသူအား။ ပရမံ၊ သိမ်မွေ့သော။ လိင်္ဂံ၊ သဏ္ဌာန်ကို။ သမ္ပတွာ၊ မြင်သောကြောင့်။ ဥဇုဘာဝါယ၊ ဖြောင့်စွာဖြစ်ခြင်းငှာ။ ကပ္ပတိ၊ အပ်၏။

သမဏ၊ ရှင်ရဟန်း။ ဒုတိယော၊ ၂-ယောက်မြောက်မူကား။ ဝိဝါဒပ္ပတ္တော၊ အငြင်းအခုံ ဖြစ်တတ်၏။ ဧကော၊ တစ်ယောက်တည်းဖြစ်မူကား။ ကေန၊ အသူနှင့်။ ဝိဝဒိဿတိ၊ ငြင်းခုံလတ္တံ့နည်း။ သဂ္ဂကာမဿ၊ နတ်ပြည်ကို အလိုရှိသော။ တဿ-တေ၊ ထိုရှင်ရဟန်းသည်။ ဧကောဒိဘာဝေါ၊ တစ်ယောက်တည်းနေသောအဖြစ်ကို။ ဥပရောစတံ-ဥပရုစ္စတု၊ နှစ်သက်လေလော့။ ဤကား အနက်။

အဓိပ္ပာယ်ကား-

“ရှင်ရဟန်း။ အဖော်များတိုင်း အရာခပ်သိမ်းမှာ ကောင်းသည်မဟုတ်။ ဤ မြားဖြောင့်ခြင်းမည်သည်လည်း မျက်စိ ၂-ဘက်ဖြင့် ကြည့်၍ဖြောင့်ချေလျှင် စိတ်များခြင်းကြောင့် အာရုံပြားသည်ဖြစ်၍ မြား၏အသိမ်အမွေ့ဖြစ်သော အမို့ အယမ်း, အဝှမ်း အလိမ်, အပိန် အထောင့် အဖြောင့် အကောက်ကိုမမြင်ဘဲ တစ်ပြင်တည်းသာထင်သဖြင့် အလွန် ဖြောင့်နိုင်ခဲ၏။ မျက်စိတစ်ဘက်တည်းဖြင့်ကြည့်၍ ဖြောင့်ရမူကား စိတ်တစ်ခုတည်းဖြစ်ခြင်းကြောင့် သမာဓိကိုရသဖြင့် အသိမ်အမွေ့ဖြစ်သော မြား၏အကောက် အဖြောင့်, အထောင့် အလိမ်, အပိန် အမို့ကို ပြက်ပြက်ထင်ထင် မြင်သည်ဖြစ်၍ ပြင်လွယ် ဖြောင့်လွယ်ရှိသတည်း။

“ရှင်ရဟန်း။ ဤမြားဖြောင့်ခြင်းမှာသာ မဟုတ်။ အလုံးစုံ အဖြောင့်ပြုအပ်သည် ဟူသမျှအမှုမှာပင် ၂-ကိုယ်, ၂-စိတ်, ၂-ပညာဖြင့်သာပြုချေက အနှောင့်အယှက် အငြင်းအခုံများသည်ဖြစ်၍ သမာဓိကိုမရခြင်းကြောင့် အလွန်ဖြောင့်မှန်ရာသို့ ကျခဲ၏။ မိမိသတိပညာကို ရင့်စေပြီး၍ တစ်ကိုယ်, တစ်စိတ်, တစ်ပညာတည်းဖြင့်ပြုရမူကား အာရုံ၌ သမာဓိကိုရခြင်းကြောင့် အလွန်ဖြောင့်မှန်ရာသို့ ကျလွယ်၏။

“နတ်ပြည်ကိုလို၍ ဖန်ရည်စွန်းသောအဝတ်ကို ဝတ်လေပြီးသော ရှင်ရဟန်းသည်လည်း အဘယ့်ကြောင့် ကိစ္စများအောင် မိန်းမကိုခေါ်၍ လာဘိသနည်း။ ဤမိန်းမကား အရောင်အသွေးလည်း မပျက်၊ အသွင်အပြင်လည်း မင်းသမီးအသွင်အပြင် ရှိ၏။ ရှင်ရဟန်း၏ နှမလော၊ ခင်ပွန်းလော။ စင်စစ် နှမပင်ဖြစ်စေ၊ ရဟန်းတို့နှင့် အတူသွားခြင်း, နေခြင်းငှာ မတင့်အပ်ပါတကား။ ရဟန်းမည်သည်လည်း တစ်ယောက်ထည်းသာနေ၍ တရားအကျင့်ကိုရှာမှ ကောင်းသောအာရုံ၌ သမာဓိကိုရသဖြင့် တောင့်တသောအကျိုး ပြည့်စုံမည်မဟုတ်လော။ သို့မိန်းမနှင့်သာ ရှင်ရဟန်းနေလျှင် မကြာမြင့်မီပင် ရဟန်း၏သီလအန္တရာယ် ဖြစ်လတ္တံ့။ ထို့ကြောင့် ဤမိန်းမကိုစွန့်၍ တစ်ယောက်တည်း ချမ်းသာစွာနေလျက် ရဟန်းတရားကို ဖြောင့်ဖြောင့်ကျင့်တော်မူလော့”ဟု ဆို၏။

ဤသို့ ဘုရားလောင်းအား အဆုံးအမစကားကိုဆိုပြီးလျှင် လေးသမားသည် မိမိအိမ်၌ ဘုရားလောင်း ဆွမ်းရပ်သောအဖြစ်ကိုကား နှလုံးမမူမိသဖြင့် မေးမြန်းခြင်းကိုမျှမပြုဘဲ မြားဖြောင့်ကာသာ နေလေ၏။

ဘုရားလောင်းသည်လည်း လေးသမားနှင့် စကားပြောဆိုပြီးလျှင် အိမ်စဉ်အတိုင်းလှည့်လည်၍ ဆွမ်းခံတော်မူသဖြင့် ဇွန်းစာ, စလောင်းစာ အနုအကြမ်းရောပြွမ်းသောဆွမ်းစမဲကို မျှလောက်အောင်ရပြီးသော် မြို့မှထွက်တော်မူခဲ့၍ ရေကောင်းရာအရပ်၌ ဆွမ်းဘုဉ်းပေးတော်မူလေ၏။

သီဝလိဒေဝီသည်လည်း ဘုရားလောင်းကြွတိုင်း နောက်မနီးမဝေးကလိုက်လျက်၊ ထိုဆွမ်းဘုဉ်းပေးတော်မူသောအခါ၌လည်း အနီးအပါး သင့်ရာကရှုကြည့်ကာ စောင့်နေလေ၏။ ဘုရားလောင်းသည် ဆွမ်းဘုဉ်းပေးပြီးသော် နှုတ်တော်, လက်တော်, သပိတ်တော်တို့ကို ဆေးကြောပြီးမှ သပိတ်အိတ်ကိုထုတ်၍ သပိတ်တော်ကိုသွတ်လျက် သီဝလိဒေဝီကို ခေါ်တော်မူပြီးလျှင်-

“သုဏသိ သီဝလိ ကထာ၊ ဥသုကာရေန ပဝေဒိတာ။

ပေသိယာ မံ ဂရဟိတော၊ ဒုတိယဿေဝ သာ ဂတိ။”

“အယံ ဒွေဓာ ပထော ဘဒ္ဒေ၊ အနုစိဏ္ဏော ပထာဝိဟိ။

တေသံ တွံ ဧကံ ဂဏှာဟိ၊ အဟမေကံ ပုနာပရံ။

မာဝစ မံ တွံ ပတိမေတိ၊ နာဟံ ဘရိယာတိ ဝါ ပုန။”

ဟူသော ၂-ဂါထာခွဲဖြင့် သတို့သမီးမှာကဲ့သို့ပင် ဆိုတော်မူပြန်၏။

အဓိပ္ပာယ်ကား-

“သီဝလိ။ လေးသမားဆိုသောစကားကို သင် ကြား၏လော။ ငါ့အစေအပါး ကျွန်အမှုလုပ်လောက်မျှမရှိသော ဤလေးသမားသည် ငါသို့သောသူကိုပင် မိမိကျွန် အမှုလုပ်လောက်မျှမရှိအောင် ကဲ့ရဲ့ပြစ်တင်ပြုဘိ၏။ ထိုလေးသမား၏ကဲ့ရဲ့ခြင်းကို ခံရခြင်းသည်လည်း ငါ၌ အပြစ်ရှိသောကြောင့် ခံရသည်မဟုတ်။ သင် ငါ့နောက်သို့ ဖဝါးခြေထပ် ကပ်၍လိုက်သောကြောင့်သာ ခံရ၏။ ပြည်ထဲရှင် မိန်းမကောင်း။ သင် ငါ့ကို သနားချစ်ခင်ပါလျှင် ရဟန်းတရားကို လွတ်လွတ် ငါကျင့်ပါရစေ။ ငါ့နောက်သို့ သင် မလိုက်ပါနှင့်။ ဤခရီး ၂-ကြောင်းတို့တွင် လိုရာခရီးဖြင့် သင် သွားပါလေ။ သင် မသွားသောခရီးဖြင့် ငါ သွားပါလေအံ့။ ငါ့နှမကောင်း။ ယနေ့မှစ၍ ငါ့ကို “လင်” ဟူ၍မပြောဘဲ ကုသိုလ်ပွားရာအရပ်၌ သုဂတိသို့ လားရကြောင်း ကောင်းစွာ သင်လည်း ကျင့်လေလော့။ ငါလည်း သင့်ကို “မယား”ဟုမပြောဘဲ ကုသိုလ်ပွားရာအရပ်၌ တစ်ယောက်အထီးတည်း ရဟန်းတရားကို ကျင့်ပါလေအံ့”ဟု ဆို၏။

ဘုရားလောင်းစကားကို ကြားလျှင် သီဝလိဒေဝီသည် အပြစ်ကိုပြ၍တောင်းပန်သော ဘုရားလောင်းစကားကိုလည်း အားနာ၊ ခွာ၍သွားရမည်ကိုလည်း အလွန်ပူပန်ခြင်းဖြင့် အထူးပြန်လှန်၍ မလျှောက်ဘဲ “အရှင်မင်းကြီး ကိုယ်တော်ကား ယောက်ျားမြတ်ဖြစ်သောကြောင့် လက်ယာဘက်လမ်းကို ကြွတော်မူလော့။ အကျွန်ုပ်လည်း လက်ဝဲဘက်လမ်းဖြင့် သွားပါလေအံ့”ဟုဆို၍ လက်ဝဲဘက်လမ်းဖြင့် အတန်ငယ်သွားပြီးလျှင်၊ “သခင်။ ကိုယ်တော်ကိုခွာ၍ ကျွန်မ မသွားတတ်ပါ”ဟုဆိုလျက် ပြန်လည်ခဲ့ပြန်သဖြင့် ဘုရားလောင်းနောက်တော်သို့ပင် တောင်ကပ်ဖားရား လိုက်ပြန်လေ၏။

ဘုရားလောင်းသည် မိဖုရားကို မခွာမပစ်နိုင်သည်ဖြစ်၍ မိဖုရားနှင့်အတူပင် မြောက်ဟိမဝန္တာသို့ ရှေးရှု ကြွတော်မူပြန်လေ၏။ မှူးမတ်, ဗိုလ်ပါအပေါင်းတို့သည်လည်း မီလာလတ်၍ ဘုရားလောင်းနောက်တော်သို့ပင်လျှင် လိုက်ကြပြန်လေ၏။