မဟာဗုဒ္ဓဝင်/အခဏ်း-၁၇ နောက်ဆက်တွဲ
(အခဏ်း-၁၇) နောက်ဆက်တွဲ
ဂေါတမဗုဒ္ဓဝင်နှင့်စပ်၍ မှာတမ်းချက်
အကျွန်ုပ်တို့သည် ဒီပင်္ကရာမြတ်စွာဘုရားအစ ကဿပမြတ်စွာဘုရားတိုင်အောင်သော နှစ်ကျိပ်လေးဆူသော မြတ်စွာဘုရားတို့၏ အမည်, အမျိုး, အနွယ်- စသည်စီစဉ် ဗုဒ္ဓဝင်များကို ဗုဒ္ဓဝံသပါဠိတော်နှင့် အဋ္ဌကထာ ဖွင့်ပြချက်တို့ကို တွဲစပ်လျက် စကားတဆက်တည်းဖြစ်အောင် ရေးသားခဲ့ပေပြီ။
ယခု ရောက်ဆဲဖြစ်သော ဂေါတမဗုဒ္ဓဝင်အတွက်လည်း ဗုဒ္ဓဝင်ဒေသနာကို ဟောတော်မူသည့် အခဏ်းတိုင်အောင် ဗုဒ္ဓဝံသပါဠိတော်နှင့် အဋ္ဌကထာတို့ကို မူရင်းထား၍ အခြားပါဠိတော် အဋ္ဌကထာတို့မှ သက်ဆိုင်ရာ အကြောင်းအချက်တို့ကိုလည်း ထုတ်ဆောင်၍ ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် အားထုတ်ရေးသားခဲ့ပေပြီ။
ဤ (ဂေါတမဗုဒ္ဓဝင်)နှင့်စပ်၍ မြတ်စွာဘုရားရှင် ဟောကြားတော်မူရင်းဖြစ်သော ဂေါတမဗုဒ္ဓဝံသ စကားရပ်ကိုလည်း စာဖတ်သူ ပညာရှင်တို့ သိမြင်လိုကြပေလိမ့်မည်၊ ထို့ကြောင့် မြတ်စွာဘုရား ဟောကြားတော် မူရင်းဖြစ်သည့် ဂေါတမဗုဒ္ဓဝံသ (၂၄)ဂါထာတို့ကို မြန်မာစကားပြေသက်သက် ရေးသားဖော်ပြပါဦးအံ့-
မြတ်စွာဘုရားရှင်သည် အရှင်သာရိပုတ္တရာမထေရ်မြတ် တောင်းပန် လျှောက်ထားအပ်သဖြင့် ကပိလ၀တ်နေပြည်တော်၏ အထက်ကောင်းကင်ယံ ရတနာစင်္ကြံတော်၌ “ကပ္ပေ စ သတသဟဿေ၊ စတုရော စ အသင်္ခိယေ” အစရှိသည်ဖြင့် ဒီပက်ရာဗုဒ္ဓဝင်အစ ကဿပဗုဒ္ဓဝင်တိုင်အောင် နှစ်ကျိပ်လေးဆူ မြတ်စွာဘုရားတို့၏ အမည်, အမျိုး, အနွယ်- စသည်စီစဉ် ဗုဒ္ဓဝင်တို့ကို ကောင်းကင်မြစ်ကြီး ယိုစီးသည့်အလား ဟောကြားတော်မူပြီး၍ ကိုယ်တော်မြတ်နှင့် စပ်ဆိုင်ရာ ဂေါတမဗုဒ္ဓဝံသ ဒေသနာတော်ကို-
၁၀၁
အဟမေတရဟိ သမ္ဗုဒ္ဓေါ၊
ဂေါတမော သကျဝဍ္ဎနော။
ပဓာနံ ပဒဟိတွာန၊
ပတ္တော သမ္ဗောဓိမုတ္တမံ-
အစရှိသဖြင့် ၂၄-ဂါထာ ဟောကြားတော်မူလေသည်။ ထို၂၄-ဂါထာတို့၏ မြန်မာစကားပြေကား..
ပဌမအကြိမ် တရားပွဲကြီး
(၁) အဟမေတရဟိ သမ္ဗုဒ္ဓေါ၊
ဂေါတမော သကျဝဍ္ဎနော။
ပဓာနံ ပဒဟိတွာန၊
ပတ္တော သမ္ဗောဓိမုတ္တမံ။
ချစ်သားသာရိပုတ္တရာ.. ယခုအခါ၌ သာကီဝင်မင်းမျိုးကို ပွါးတိုး စည်ပင်စေတတ်သော ဂေါတမနွယ်ဖွား ငါဘုရားသည် ခြောက်နှစ်ရှည်ကြာ ပဓာနအလုပ်ကို အားထုတ်၍ မြတ်သော သဗ္ဗညုတဉာဏ်သို့ ရောက်ဆိုက်ခဲ့လေပြီ။
(၂) ဗြဟ္မုနာ ယာစိတော သန္တော၊
ဓမ္မစက္ကံ ပဝတ္တယိံ။
အဋ္ဌာရသန္နံ ကောဋီနံ၊
ပဌမာဘိသမယော အဟု။
ချစ်သားသာရိပုတ္တရာ.. ငါဘုရားသည် ဘုရားဖြစ်ပြီးနောက် ရှစ်ခုမြောက် သတ္တာဟ၌ သဟမ္ပတိဗြဟ္မာမင်း တောင်းပန်အပ်သည်ဖြစ်၍ ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော၌ ဓမ္မစကြာ ဒေသနာတရား ဟောခဲ့လေပြီ၊ (ထိုဓမ္မစကြာတရားပွဲ၌) ကောဏ္ဍညထေရ် အမှူးပြုသည့် ဗြဟ္မာပေါင်း (၁၈) တဆယ့်ရှစ် ကုဋေတို့ (ပဌမအကြိမ်) သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ခြင်း ဖြစ်ခဲ့လေပြီ။
၁၀၂
ဒုတိယအကြိမ် တရားပွဲကြီး
(၃) တတော ပရဉ္စ ဒေသေန္တေ၊
နရဒေဝသမာဂမေ။
ဂဏနာယ န ဝတ္တဗ္ဗော၊
ဒုတိယာဘိသမယော အဟု။
ချစ်သားသာရိပုတ္တရာ.. ထိုဓမ္မစကြာ ဒေသနာတရားကို ဟောကြားတော်မူပြီးသည်မှ နောက်အခါ မင်္ဂလာတရား အငြင်းပွါးကြသော လူနတ်တို့၏ အစည်းအဝေး၌ ငါဘုရားသည် မင်္ဂလသုတ္တန် ဒေသနာတော်မြတ်ကို ဟောကြားလတ်သည်ရှိသော် အရေအတွက်အားဖြင့် ဤရွေ့ဤမျှရှိ၏ဟု မပြောဆိုနိုင်လောက်အောင် (များစွာသော လူနတ်ဗြဟ္မာ သတ္တဝါတို့၏) ဒုတိယအကြိမ် သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ခြင်းသည် ဖြစ်လတ္တံ့။
(ဤဒုတိယအကြိမ် တရားပွဲမှာ ဗုဒ္ဓဝင်ဒေသနာတော်ကို ဟောပြီးသည့် နောက်ကာလမှ ဖြစ်ပေါ်လတ္တံ့။ နောက်၌လည်း ၎င်းနည်းတူပင်။)
တတိယအကြိမ် တရားပွဲကြီး
(၄) ဣဓေဝါဟံ ဧတရဟိ၊
ဩဝဒိံ မမ အတြဇံ။
ဂဏနာယ န ဝတ္တဗ္ဗော၊
တတိယာဘိသမယော အဟု။
ချစ်သား သာရိပုတ္တရာ.. ငါဘုရားသည် (ဘုရားဖြစ်ပြီးနောက် တဆယ့်သုံးနှစ် လွန်မြောက်သောအခါ သာဝတ္ထိပြည် အန္ဓဝန်တောအုပ်အတွင်း၌) ငါး၏ သားတော်ဖြစ်သော ရာဟုလာရဟန်းငယ်ကို စူဠရာဟုလောဝါဒသုတ္တန် ဒေသနာဖြင့် ဆုံးမ ချေချွတ်လတ္တံ့၊ (ထိုအခါ၌လည်း) အရေအတွက်အားဖြင့် ဤရွေ့ဤမျှ ရှိ၏ဟု မပြောဆိုနိုင်လောက်အောင် (များစွာသော နတ်ဗြဟ္မာတို့၏) သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ခြင်းသည် ဖြစ်လတ္တံ့။
၁၀၃
သာဝကသန္နိပါတတကြိမ်
(၅) ဧကောသိ သန္နိပါတော မေ၊
သာဝကာနံ မဟေသိနံ။
အဍ္ဎတေဠသသတာနံ၊
ဘိက္ခူနာသိ သမာဂမော။
ချစ်သားသာရိပုတ္တရာ.. (လွန်ခဲ့သော တပို့တွဲလပြည့်နေ့၌) ငါဘုရား၏ သာဝကအစည်းအဝေးကြီးတကြိမ် ဖြစ်ခဲ့လေပြီ၊ ထိုအစည်းအဝေး၌ (၁၂၅၀) တထောင့်နှစ်ရာ ငါးဆယ်ကုန်သော အာသဝေါကုန်ခန်း ရဟန္တာရဟန်းတို့၏ စုဝေးမိခြင်းသည် ဖြစ်ခဲ့လေပြီ။
(လွန်ခဲ့သော တပို့တွဲလပြည့် အရှင်သာရိပုတ္တရာမထေရ် ရဟန္တာဖြစ်သောနေ့က အင်္ဂါလေးပါးရှိသော သာဝကသန္နိပါတဝယ် ဩဝါဒပါတိမောက်ကို ပြတော်မူခဲ့သည့် အစည်းအဝေးကြီး၌ ဟောတော်မူခြင်းဖြစ်သည်)။
ကိုယ်တော်မြတ်၏ သတ္တုပကာရ
(၆) ဝိရောစမာနော ဝိမလော၊
ဘိက္ခုသံဃဿ မဇ္ဈဂေါ။
ဒဒါမိ ပတ္ထိတံ သဗ္ဗံ၊
မဏီဝ သဗ္ဗကာမဒေါ။
ချစ်သား သာရိပုတ္တရာ.. (ငါဘုရားသည်လည်း ရှေးရှေး နောင်တော့်နောင်တော် ဘုရားရှင်တို့နည်းတူပင်) အဆုံးမရှိသော ဘုရားအသရေတော်ဖြင့် တင့်တယ်တော်မူကာ ကိလေသာအညစ်အကြေး ကင်းဝေးတော်မူလျက် ရဟန်းသံဃာ၏အလယ်၌ တင့်တယ်စွာ တည်နေကာ အလိုခပ်သိမ်းကို ပေးစွမ်းနိုင်သော စိန္တာမဏိ ပတ္တမြားရတနာကြီးကဲ့သို့ လူနတ်ဗြဟ္မာ သတ္တဝါတို့ ပန်ထွာတောင့်တအပ်သည့် ခပ်သိမ်းသော လောကီလောကုတ္တရာ ချမ်းသာအထူးကို ပေးတော်မူ၏။
၁၀၄
(၇) ဖလမာကင်္ခမာနာနံ၊
ဘဝစ္ဆန္ဒဇဟေသိနံ။
စတုသစ္စံ ပကာသေမိ၊
အနုကမ္ပာယ ပါဏိနံ။
ချစ်သားသာရိပုတ္တရာ.. ငါဘုရားသည် ဖိုလ်လေးပါးကို လိုလားတောင့်တကြ, ဘဝတဏှာကို ပယ်စွန့်လိုကြသည့် လူနတ်ဗြဟ္မာ သတ္တဝါတို့အား မေတ္တာရှေ့ထား သနားစောင့်ရှောက်သဖြင့် (ဖိုလ်လေးပါးရဘို့ရန်, ဘဝတဏှာကို ပယ်စွန့်နိုင်ဘို့ရန်) အမှန်လေးပါး သစ္စာတရားကို ထင်ရှားသိစေ ဟောမြွက်ခဲ့လေပြီ။
(စတုသစ္စဒေသနာဖြင့် သတ္တဝါတို့အကျိုး သည်ပိုးရွက်ဆောင်တော်မူမှု သတ္တုပကာရကို ပြတော်မူသည်)။
(၈) ဒသဝီသသဟဿာနံ၊
ဓမ္မာဘိသမယော အဟု။
ဧကဒွိန္နံ အဘိသမယော၊
ဂဏနာတော အသင်္ခိယော။
ချစ်သားသာရိပုတ္တရာ.. (ငါဘုရား၏ စတုသစ္စဒေသနာဖြင့် သတ္တဝါတို့အကျိုးကို သည်ပိုးရွက်ဆောင်ရာ၌) အချို့သော တရားပွဲမှာ တသောင်းသော သတ္တဝါ, အချို့သောတရားပွဲမှာ နှစ်သောင်းသော သတ္တဝါ စသည်တို့၏ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ခြင်း ဖြစ်လေပြီ။ တယောက် နှစ်ယောက် စသည်တို့၏ သစ္စာလေးပါး တရားသိခြင်း ကျွတ်တမ်းဝင်ခြင်းကား ဂဏန်းအားဖြင့် မရေမတွက်နိုင်ချေ။
(၉) ဝိတ္ထာရိကံ ဗာဟုဇညံ၊
ဣဒ္ဓံ ဖီတံ သုဖုလ္လိတံ။
ဣဓ မယှံ သကျမုနိနော၊
သာသနံ သုဝိသောဓိတံ။
၁၀၅
ချစ်သားသာရိပုတ္တရာ.. ဤလောက၌ သာကီဝင်မင်းမျိုးမှ ရဟန်းပြုခဲ့သော ငါဘုရား၏ သာသနာသည် (ဗြဟ္မာလူနတ် ဘုံသုံးရပ်ဝယ်) ပြန့်ကျယ်လျက် သတ္တဝါအများတို့ ပိုင်းခြားသိမြင်အပ်ကာ လွန်စွာ ဝပြောစည်ပင် ပွင့်လင်းသန့်ရှင်းသည် ဖြစ်ပေလတ္တံ့။
(၁၀) အနာသဝါ ဝီတရာဂါ၊
သန္တစိတ္တာ သမာဟိတာ။
ဘိက္ခူနေကသတာ သဗ္ဗေ၊
ပရိဝါရေန္တိ မံ သဒါ။
ချစ်သားသာရိပုတ္တရာ.. ငါဘုရားကို အာသဝေါကွာရှင်း ရာဂကင်းကုန်လျက် ငြိမ်းချမ်းသော စိတ်နှလုံးရှိကြကုန်သော လေငြိမ်ရာ၌ ညှိသီးသည့် ဆီမီးပုံချိန် တည်ငြိမ်သော သမာဓိရှိကြကုန်သော အရာမက များလှစွာသော ရဟန်းအလုံးစုံတို့သည် အခါခပ်သိမ်း ဝန်းကျင်ပတ်ခြံ ရံကြကုန်၏။
(၁၁) ဣဒါနိ ယေ ဧတရဟိ၊
ဇဟန္တိ မာနုသံ ဘဝံ။
အပ္ပတ္တမာနသာ သေခါ၊
တေ ဘိက္ခူ ဝိညုဂရဟိတာ။
ချစ်သားသာရိပုတ္တရာ.. ယခု ငါဘုရားလက်ထက်တော်အခါ၌ အကြင်ရဟန်းတို့သည် အရဟတ္တဖိုလ်သို့ မရောက်ကြကုန်ပဲ (သိက္ခာသုံးပါးကို ကျင့်ကြံကြဆဲ) သေက္ခပုဂ္ဂိုလ် ဖြစ်ကြကုန်လျက် လူ့ဘဝကို စွန့်ရကုန်၏။ ထိုရဟန်းတို့ကို ပညာရှင်တို့ ပြစ်တင်ကဲ့ရဲ့အပ်ကုန်၏။
(၁၂) အရိယဉ္ဇသံ ထောမယန္တာ၊
သဒါ ဓမ္မရတာ ဇနာ။
ဗုဇ္ဈိဿန္တိ သတိမန္တော၊
သံသာရသရိတံ ဂတာ။
၁၀၆
ချစ်သားသာရိပုတ္တရာ.. အရိယာတို့လမ်းကြောင်း ကောင်းမြတ်သော အဋ္ဌင်္ဂိကမဂ်ကို နှစ်လိုအားရမ်း ချီးမွမ်းကြကုန်လျက် နေ့ညဉ့်ဆက်ကာ အခါခပ်သိမ်း တရား၌ မွေ့လျော်ကြသည့် သတိရှိသော ပုဂ္ဂိုလ်တို့သည် သံသရာတည်းဟူသော သမုဒြာကို အနည်းငယ်မျှသော ဘဝဖြင့် ကူးသွားကြကာ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြကုန်လတ္တံ့။
ဖွားရာမြို့တော်စသည်
(၁၃) နဂရံ ကပိလဝတ္ထု မေ၊
ရာဇာ သုဒ္ဓေါဒနော ပိတာ။
မယှံ ဇနေတ္တိကာ မာတာ၊
မာယာဒေဝီတိ ဝုစ္စတိ။
ချစ်သားသာရိပုတ္တရာ.. ငါဘုရား၏ ပြည်တော်သည် ကပိလဝတ္ထု အမည်ရှိ၏၊ ခမည်းတော် မင်းတရားသည် သုဒ္ဓေါဒနအမည်ရှိ၏၊ ငါဘုရား၏ မွေးမယ်တော်ကို မာယာဒေဝီဟူ၍ ခေါ်ဆိုအပ်၏။
(၁၄) ဧကူနတိံသဝဿာနိ၊
အဂါရံ အဇ္ဈဟံ ဝသိံ။
ရမ္မော သုရမ္မော သုဘကော၊
တယော ပါသာဒမုတ္တမာ။
ချစ်သား သာရိပုတ္တရာ.. ငါဘုရားသည် နှစ်ဆယ့်ကိုးနှစ်တို့ပတ်လုံး ကပိလဝတ် ရွှေနန်းတော်ကို စိုးပိုင်အုပ်ချုပ်၍ နေခဲ့လေပြီ၊ ငါ၏ စံနန်းတော်များကား ဘုံကိုးဆင့်ရှိသည့် ရမ္မမည်သော ဆောင်းရာသီစံနန်းတော်, ဘုံငါးဆင့်ရှိသည့် သုရမ္မမည်သော နွေရာသီစံနန်းတော်, ဘုံခုနစ်ဆင့်ရှိသည့် သုဘမည်သော မိုးရာသီစံနန်းတော် ဤစံနန်းသုံးဆောင်တို့ ဖြစ်ကုန်၏။
၁၀၇
(၁၅) စတ္တာရီသသဟဿာနိ၊
နာရိယော သမလင်္ကတာ။
ဘဒ္ဒကဉ္စနာ နာမ နာရီ၊
ရာဟုလော နာမ အတြဇော။
ချစ်သားသာရိပုတ္တရာ.. ထီးနန်းစိုးအုပ် မင်းပြုလုပ်စဉ် အလှပြုပြင် တန်ဆာဆင်အပ်ကြသည့် မောင်းမမိဿံ ရံရွေတော်ပေါင်းတို့ကား လေးသောင်းတို့ ဖြစ်ကုန်၏၊ ကြင်ယာတော် မိဖုရားကြီးကား ဘဒ္ဒကဉ္စနာ အမည်ရှိ၏။ သားတော်ကား ရာဟုလာအမည်ရှိ၏။
(၁၆) နိမိတ္တေ စတုရော ဒိသွာ၊
အဿယာနေန နိက္ခမိံ။
ဆဗ္ဗဿံ ပဓာနစာရံ၊
အစရိံ ဒုက္ကရံ အဟံ။
ချစ်သားသာရိပုတ္တရာ.. ငါဘုရားသည် သူအို, သူနာ, သူသေ, ရဟန်း တည်းဟူသော နိမိတ်ကြီးလေးပါးတို့ကိုမြင်၍ ကဏ္ဍကမြင်းယာဉ်ကိုစီးလျက် တောထွက်တော်မူခဲ့ လေပြီ၊ (လူရှင်မနှော ဥရုဝေလတောဝယ်) ခြောက်နှစ်ပတ်လုံး လူသာမန်တို့ ပြုရန်ခဲယဉ်းသည့် ပဓာနအကျင့်ကို ကျင့်ကြံကြိုးကုတ် အားထုတ်ခဲ့လေပြီ။
(၁၇) ဗာရာဏသိယံ ဣသိပတနေ၊
စက္ကံ ပဝတ္တိတံ မယာ။
အဟံ ဂေါတမသမ္ဗုဒ္ဓေါ၊
သရဏံ သဗ္ဗပါဏိနံ။
ချစ်သားသာရိပုတ္တရာ.. ငါဘုရားသည် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော၌ ဓမ္မစကြာတရားတော်ကို ဟောအပ်ခဲ့လေပြီ၊ ငါဘုရားကား ခပ်သိမ်းသော သတ္တဝါတို့၏ ကိုးကွယ်ရာ နွယ်လာဝံသ ဘွဲ့နာမဖြင့် ဂေါတမမြတ်စွာဘုရား မည်ပေ၏။
၁၀၈
(၁၈) ကောလိတော ဥပတိဿော စ၊
ဒွေ ဘိက္ခူ အဂ္ဂသာဝကာ။
အာနန္ဒော နာမုပဋ္ဌာကော၊
သန္တိကာဝစရော မမ။
ခေမာ ဥပ္ပလဝဏ္ဏာ စ၊
ဘိက္ခုနီ အဂ္ဂသာဝိကာ။
ချစ်သားသာရိပုတ္တရာ.. ငါဘုရား၏ အဂ္ဂသာဝက အစုံတို့ကား ကောလိတရဟန်း (= အရှင်မောဂ္ဂလာန်) ဥပတိဿရဟန်း (= အရှင်သာရိပုတ္တရာ) ဤရဟန်းနှစ်ပါးတို့ ဖြစ်ကုန်၏။ ငါဘုရား၏ အနီးအပါး (နှစ်ပေါင်း နှစ်ဆယ်ကျော်) အမြဲခစား လုပ်ကျွေးပြုစုသော ဥပဋ္ဌာကရဟန်းကား အာနန္ဒာအမည်ရှိ၏။ မြတ်သော တပည့်မ အဂ္ဂသာဝိကာ အစုံတို့ကား ခေမာထေရီ, ဥပ္ပလဝဏ်ထေရီ ဤဘိက္ခုနီမနှစ်ဦးတို့ ဖြစ်ကုန်၏။
(၁၉) စိတ္တော ဟတ္ထာဠဝကော စ၊
အဂ္ဂုပဋ္ဌာကုပါသကာ။
နန္ဒမာတာ စ ဥတ္တရာ၊
အဂ္ဂုပဋ္ဌာကုပါသိကာ။
ချစ်သားသာရိပုတ္တရာ.. ငါဘုရား၏ မြတ်သော အလုပ်အကျွေး ဒါယကာ ဥပါသကာတို့ကား (ကောသလတိုင်း မစ္ဆိကာသဏ္ဍမြို့နေ) စိတ္တသူကြွယ်နှင့် (အာဠဝီပြည် အာဠဝီမင်းကြီး၏သား) ဟတ္ထာဠဝက သီတင်းသည်တို့ ဖြစ်ကြကုန်၏၊ မြတ်သော အလုပ်အကျွေး ဒါယိကာ ဥပါသိကာမတို့ကား (ရာဇဂြိုဟ်ပြည်နယ် ဒက္ခိဏာဂိရိဇနပုဒ် ဝေဠုကဏ္ဍကမြို့သူ အနာဂါမ်တည်) နန္ဒမာတာ ဥပါသိကာနှင့် (ကောသမ္ဗီပြည် ဃောသကသူဌေး၏ ကျွန်မဝမ်းဝယ် သန္ဓေတွယ်လျက် အရွယ်ရောက်က သာမာဝတီမိဖုရားထံ အစေခံသည့် သောတာပန်အရိယာ ပိဋကသုံးပုံဆောင် ဧတဒဂ်ရ) ခုဇ္ဇုတ္တရာ ဥပါသိကာမတို့ ဖြစ်ကြကုန်၏။
၁၀၉
(၂၀) အဟံ အဿတ္ထမူလမှိ၊
ပတ္တော သမ္ဗောဓိမုတ္တမံ။
ဗျာမပ္ပဘာ သဒါ မယှံ၊
သောဠသဟတ္ထမုဂ္ဂတာ။
ချစ်သားသာရိပုတ္တရာ.. ငါဘုရားသည် (တရာသံတောင် အမြင့်ဆောင်သည့်) ညောင်ဗုဒ္ဓဟေ ပင်ရင်းခြေ၌ မြတ်သော အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်သို့ ရောက်ခဲ့လေပြီ၊ ငါဘုရား၏ ကိုယ်တော်ရောင်သည် (ထက်ဝန်းကျင် အတောင်ရှစ်ဆယ်အရပ်၌) အခါခပ်သိမ်း ထွန်းလင်းတောက်ပ၍ နေ၏၊ ငါဘုရားသည် တဆယ့်ခြောက်တောင် အရပ်မြင့်တော်မူ၏။
(၂၁) အပ္ပံ ဝဿသတံ အာယု၊
ဣဒါနေတရဟိ ဝိဇ္ဇတိ။
တာဝတာ တိဋ္ဌမာနောဟံ၊
တာရေမိ ဇနတံ ဗဟုံ။
ချစ်သားသာရိပုတ္တရာ.. ယခုအခါ (လူတို့) အသက်တမ်းကား အနည်းငယ်မျှ အနှစ်တရာသာ ရှိ၏၊ ငါဘုရားသည် အာယုကပ်၏ ငါးပုံ့လေးပုံ = အနှစ်ရှစ်ဆယ် (= ဝါတော် လေးဆယ့်ငါးဝါ) ကာလပတ်လုံး တည်လျက် များစွာသော ဝေနေယျအပေါင်းကို (သံသရာတည်းဟူသော သမုဒြာမှ) နိဗ္ဗာန်တည်းဟူသော ကြည်းကုန်းထက်သို့ ကယ်တင်ပေလတ်အံ့။
(၂၂) ဌပယိတွာန ဓမ္မုက္ကံ၊
ပစ္ဆိမံ ဇနဗောဓနံ။
အဟမ္ပိ နစိရဿေဝ၊
သဒ္ဓိံ သာဝကသံဃတော။
ဣဓေဝ ပရိနိဗ္ဗိဿံ၊
အဂ္ဂီဝါဟာရသင်္ခယာ။
ချစ်သားသာရိပုတ္တရာ.. ငါဘုရားသည်လည်း နောက်နှောင်းလူတို့ သစ္စာလေးပါးတရားကို သိမြင်နိုင်ရန်
၁၁၀
တရားတည်းဟူသော မီးရှူးတန်ဆောင်ကို စိုက်ထောင်ထားခဲ့ပြီ၊ မကြာမီပင် တပည့်ရဟန်းအပေါင်းနှင့်တကွ မီးစာကုန်ခြင်းကြောင့် မီးတောက်ကြီး ငြိမ်းသကဲ့သို့ ကုသိနာရုံ ဤလူ့ဘုံ၌ပင် ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်း ဘုံဇာတ်သိမ်းရပေလိမ့်မည်။
သံဝေဂ ၂-ဂါထာ
(၂၃) တာနိ စ အတုလတေဇာနိ၊
ဣမာနိ စ ဒသဗလာနိ။
အယဉ္စ ဂုဏဓာရဏော ဒေဟော၊
ဒွတ္တိံသဝရလက္ခဏဝိစိတ္တော။
(၂၄) ဒသ ဒိသာ ပဘာသေတွာ၊
သတရံသီဝ ဆပ္ပဘာ။
သဗ္ဗံ တမန္တရဟိဿန္တိ၊
နနု ရိတ္တာ သဗ္ဗသင်္ခါရာ။
ချစ်သား သာရိပုတ္တရာ.. ငါဘုရား၏ ထိုအတုမရှိသော တန်ခိုးတော်တို့သည်၎င်း, ဤကိုယ်တော်အား ဆယ်ပါးတို့သည်၎င်း, သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာတော်ကြီးတို့ဖြင့် ရှုချင့်စဖွယ် ဆန်းကြယ်စွာသည့် အသာဓာရဏဉာဏ်တော် ခြောက်ပါး, ဒသဗလဉာဏ်တော်ဆယ်ပါးစသည့် ဂုဏ်ကျေးဇူး ကို ဖြူးဖြူးမြင့်ခေါင် ဆောင်နိုင်သော ရွှေတောင်နှုန်းလျော် ဤကိုယ်တော်သည်၎င်း, ရောင်ခြည်တော် ခြောက်ပါးတို့သည်၎င်း ရောင်ခြည်အထောင်ဆောင်သော နေမင်းပမာ အရပ်ဆယ်မျက်နှာတို့ကို ထွန်းလင်းတောက်ပစေ၍ ဆိုပြီးဥဿုံ ထိုအလုံးစုံတို့သည် ပျက်စီး ကွယ်ပျောက်ကြပေလိမ့်မည်၊ ချစ်သား သာရိပုတ္တရာ.. သက်ရှိသက်မဲ့ဥဿုံ အလုံးစုံသော သင်္ခါရတရားတို့သည် နိစ္စအနှစ် သုခအနှစ် အတ္တအနှစ်မမှီး အချည်းနှီးတို့သာ မဟုတ်တုံလော၊ (သို့ရကား သင်္ခါရတရားတို့၌ လက္ခဏာရေးသုံးပါးတင်ကာ ဝိပဿနာတရား ပွါးများအားထုတ်ကြ၍ နိဗ္ဗာန်သို့ ရောက်ဆိုက်အောင် ကျင့်ဆောင်ကြိုးကုတ် အားထုတ်ကြလော့၊
၁၁၁
ဤကား သင်ချစ်သားတို့အတွက် ငါဘုရားတို့၏ အဆုံးအမ ဩဝါဒ အနုသာသနီပေတည်း၊ ငါဘုရားတို့၏ ဤအဆုံးအမကို အပ္ပမာဒတရားဖြင့် ပြည့်စုံအောင် အားထုတ်ကြလော့)။
ဤမျှသော စကားအစဉ်ဖြင့် ဗုဒ္ဓဝံသပါဠိတော်နှင့် ဗုဒ္ဓဝံသအဋ္ဌကထာတို့ အလိုအားဖြင့် ဂေါတမဗုဒ္ဓဝင်ကား ပြီးဆုံးလတ်ပြီ၊ သို့သော် ဤမဟာဗုဒ္ဓဝင်ကျမ်းကို ဦးစီး၍ ရေးသားရန် နိုင်ငံတော်ဝန်ကြီးချုပ်ဦးနု တောင်းပန်ခဲ့စဉ်က (နိဒါန်းစာမျက်နှာ ဉ၌ ပြန်၍ကြည့်ပါ)–
(၁) ဗုဒ္ဓဝင်ကျမ်းကြီးကို ဦးစီးရေးသားရန်၊ ထိုသို့ ရေးသားရာ၌ ဗုဒ္ဓ၏ အကြောင်းအရာမှန်က အပ်ကျသည်မျှ မကျန်ရအောင် ရေးသားရန်၊ စာတအုပ်နှင့်မပြီးလျှင် နှစ်အုပ်၊ နှစ်အုပ်နှင့်မပြီးလျှင် လေးအုပ် ရှစ်အုပ်စသည် ဖြစ်ပါစေ၊ အကြောင်းအရာ စုံလင်ရန်ကိုသာ အဓိကထား၍ ရေးသားတော်မူပါ-
ဟူ၍ တောင်းပန်ရင်း ရှိသောကြောင့် ဤမဟာဗုဒ္ဓဝင်ကျမ်းကို ဤမျှဖြင့် နိဂုံးကမ္ပတ် အဆုံးမသတ်သေးပဲ ဗုဒ္ဓဝင်ဒေသနာတော်မြတ်ကို ဟောပြီးသည်မှနောက်၌ ဗုဒ္ဓမြတ်စွာ၏ ဖြစ်ရပ် အကြောင်းအရာတို့ကိုလည်း “မဟာဗုဒ္ဓဝင်ကျမ်း ဂေါတမဗုဒ္ဓဝင်”ဟူသော အမည်ဖြင့်ပင် မိမိတတ်စွမ်းသိမှီသမျှ အခဏ်းသစ်တိုးချဲ့ကာ ဆက်လက်ရေးသားပါအံ့-