မဟာဗုဒ္ဓဝင်/အခန်း- ၃၀
၈၂
အခဏ်း-၃ဝ
ဝေရဉ္ဇာပြည်၌ ၁၂-ခုမြောက် ဒွါဒသမဝါ ကပ်တော်မူခြင်း
ဤသို့လျှင် မြတ်စွာဘုရားရှင်သည် ၁၁-ခုမြောက်ဖြစ်သော ဧကာဒသမ ဝါလပတ်လုံး ဧကနာဠပုဏ္ဏားရွာ၌ သီတင်းသုံး နေထိုင်တော်မူကာ ကသိဘာရဒွါဇပုဏ္ဏား အစရှိသော ကျွတ်ထိုက်သော ဝေနေယျသတ္တဝါတို့အား ကသိဘာရဒွါဇသုတ္တန် အစရှိသော တရားဒေသနာတို့ကို ဟောကြားတော်မူကာ ဆုံးမ ချေချွတ်တော်မူ၍ ဝါကျွတ်သောအခါ ထိုဧကနာဠပုဏ္ဏားရွာမှ ထွက်ကြွတော်မူကာ ခရီးဒေသစာရီ လှည့်လည်ကြွ သွား၍ တရားရေအေး အမြိုက်ဆေးကို လူနတ်တို့အား တိုက်ကျွေးတော်မူလျက် အစဉ်သဖြင့် ဝေရဉ္ဇာပြည်သို့ ရောက်တော်မူ၍ ထိုဝေရဉ္ဇာပြည်၏အနီး နဠေရုမည်သောဘီလူး သိမ်းဆည်း စိုးအုပ်အပ်သည့် တမာပင်ကြီးအနီး၌ ဂုဏ်အားဖြင့် အရိယာဇာတ် မြင့်မြတ်ကြီးမား၍ အရေအတွက်အားဖြင့် ငါးရာအတိုင်းအရှည်ရှိသော ရဟန်းတို့နှင့်တကွ နေထိုင်တော်မူဆဲဖြစ်၏။
ဝေရဉ္ဇပုဏ္ဏား ဘုရားရှင်ထံမှောက် ရောက်ရှိလာခြင်း
ထိုအခါ ဝေရဉ္ဇပုဏ္ဏားသည် (ဤဆိုလတ္တံ့သောအတိုင်း) သတင်းကောင်းစကား ကြားသိလေ၏- “အချင်းတို့.. သာကီဝင်မင်းမျိုးမှ ရဟန်းပြုသည့် သာကီဝင်မင်းသား ရဟန်းဂေါတမသည် ငါတို့နေရာ ဤဝေရဉ္ဇာပြည်၏အနီး နဠေရုမည်သောဘီလူး သိမ်းဆည်း စိုးအုပ်အပ်သည့် တမာပင်၏အနီး၌ များမြတ်သော ရဟန်းငါးရာနှင့်အတူ သီတင်းသုံးနေထိုင်ဆဲ ဖြစ်တော်မူ၏၊ ထိုအရှင်ဂေါတမ၏ ကောင်းသော ကျော်စောသတင်းသည် ဤသို့ ဘဝဂ်မဆံ့ နှံ့၍တက်၏-
ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံမည်တော်မူ၏။
၈၃
အလုံးစုံသော တရားတို့ကို ကိုယ်တိုင် မှန်ကန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏။
အသိဉာဏ် = ဝိဇ္ဇာ, အကျင့် = စရဏနှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏။
ကောင်းသောစကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း သုဂတမည်တော်မူ၏။
လောကသုံးပါးကို ပိုင်းခြားသိမြင်တော်မူသော အကြောင်းကြောင့်လည်း လောကဝိဒူမည်တော်မူ၏။
ဆုံးမထိုက်သူကို ဆုံးမတော်မူတတ်သည့် အတုမဲ့ လွန်မြတ်သောပုဂ္ဂိုလ် ဖြစ်တော်မူသော အကြောင်းကြောင့်လည်း အနုတ္တရောပုရိသဒမ္မသာရထိ မည်တော်မူ၏။
နတ်လူတို့၏ဆရာ ဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာဒေဝမနုဿာန မည်တော်မူ၏။
သစ္စာလေးပါးတရားတို့ကို ကိုယ်တိုင်သိ၍ သူတပါးတို့ကို သိစေတော်မူသော အကြောင်းကြောင့်လည်း ဗုဒ္ဓမည်တော်မူ၏။
ဘုန်းတော်ခြောက်စုံ ကျေးဇူးဂုဏ်နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါမည်တော်မူ၏-
ဟု ဘဝဂ်မဆံ့ နှံ့၍တက်၏။
ထိုမြတ်စွာဘုရားရှင်သည် နတ်နှင့်တကွ မာရ်နှင့်တကွ ဗြဟ္မာနှင့်တကွသော ဤဩကာသလောကကို၎င်း, ရဟန်းပုဏ္ဏားနှင့်တကွ မင်းများ လူများနှင့် တကွသော ဤသတ္တလောကကို၎င်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့်သိ၍ မျက်မှောက်ပြုလျက် ဟောကြားတော်မူ၏။
၈၄
ထိုမြတ်စွာဘုရားရှင်သည် စ,လယ်,အဆုံး သုံးပါးအစုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံလျက် အနက်သဒ္ဒါနှင့် ပြည့်စုံသော တရားစကားကို ဟောကြားတော်မူ၏။ (အသစ်ဖြည့်ရန်မလို) အလုံးစုံ ပြည့်စုံသော (ပယ်နုတ်ရန် အပြစ်မရှိ) ထက်ဝန်းကျင် စင်ကြယ်သော မြတ်သောအကျင့်ကို ပြတော်မူ၏။ ထိုသို့သဘောရှိသော ရဟန္တာပုဂ္ဂိုလ်တို့ကို ဖူးမြော်ရခြင်းသည် ကောင်းမြတ်သည်သာတည်း”ဟု သတင်းကောင်းစကား ကြားသိလေ၏။
ထိုအခါ ဝေရဉ္ဇပုဏ္ဏားသည် မြတ်စွာဘုရားရှင်ထံသို့ သွားရောက်ပြီးလျှင် မြတ်စွာဘုရားရှင်နှင့်အတူ ဝမ်းမြောက်ဝမ်းသာစကား ပြောကြားလေ၏။ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကား ပြောကြား ပြီးဆုံးစေပြီးနောက် အပြစ်ခြောက်ပါးကင်းလွတ်ရာ တခုသောနေရာ၌ ထိုင်နေပြီးသော် ဝေရဉ္ဇပုဏ္ဏားသည် မြတ်စွာဘုရားရှင်ကို-
“အိုအရှင်ဂေါတမ.. ဤစကားကို အကျွန်ုပ် ကြားဘူးပါသည်- ‘ရဟန်းဂေါတမသည် အိုကုန် ကြီးကုန် ရင့်ကုန် ရှေးမှီကုန် အဆုံးအရွယ်သို့ ရောက်ကုန်သော ပုဏ္ဏားတို့ကို ရှိလည်းမခိုး ခရီးဦးလည်းမကြို ထိုင်ရန်နေရာဖြင့်လည်း မဖိတ်’ဟု ကြားဘူးပါသည်။ အိုအရှင်ဂေါတမ.. ထို အကျွန်ုပ်ကြားဘူးသော စကားသည် ကြားဘူးသည့်အတိုင်း မှန်နေပါသည်။ အရှင်ဂေါတမသည် အိုလည်းအို ကြီးလည်းကြီး ရင့်လည်းရင့် ရှေးလည်းမှီ အဆုံးအရွယ်သို့လည်း ရောက်ကြသည့် ပုဏ္ဏားတို့ကို ရှိလည်းမခိုး ခရီးဦးလည်းမကြို ထိုင်ရန်နေရာဖြင့်လည်း မဖိတ်၊ အိုအရှင်ဂေါတမ.. ထိုသို့ ရှိခိုးမှုစသည်ကို မပြုခြင်းသည် လုံးဝ မသင့်လျော်သည်သာတည်း”–
ဟု ကဲ့ရဲ့ရှုတ်ချစကား ပြောကြားလေသည်။ ထိုအခါ မြတ်စွာဘုရားရှင်သည် မိမိကို မြှောက်ပင့်ခြင်း = အတ္တုက္ကံသနဒေါသ၊ သူ့ကိုနှိပ်ခြင်း = ပရဝမ္ဘနဒေါသ ဤဒေါသနှစ်ပါးသို့ မကပ်ရောက်မူ၍ မဟာကရုဏာ သီဒါရေဖျန်း အေးချမ်းသော နှလုံးတော်ဖြင့်
၈၅
ပုဏ္ဏား၏ ထိုမသိခြင်းမောဟကို ပယ်ဖျောက်၍ သင့်လျော်သည်၏ အဖြစ်ကို ပြတော်မူလိုသည်ဖြစ်၍-
“အိုပုဏ္ဏား.. နတ်နှင့်တကွ မာရ်နှင့်တကွ ဗြဟ္မာနှင့် တကွသော ဩကာသလောက၌၎င်း, ရဟန်းပုဏ္ဏားနှင့် တကွ မင်းများ လူများနှင့် တကွသော သတ္တလောက၌၎င်း ငါဘုရား ရှိခိုးထိုက်သူ ခရီးဦးကြိုလိုက်သူ နေရာဖြင့် ဖိတ်ထိုက်သူကို တလူမျှ မမြင်ရချေ၊ အိုပုဏ္ဏား.. အမှတ်မထင် အကြင်သူကို ငါဘုရားသည် ရှိခိုးမူလည်း ရှိခိုးငြားအံ့၊ ခရီးဦးမူလည်း ကြိုငြားအံ့၊ နေရာဖြင့်လည်း ဖိတ်ငြားအံ့၊ ထိုသူ၏ဦးခေါင်းသည် တောင်းလောင်းပြတ်ကြွေ မြေသို့ ကျလေရာ၏”–
ဟု မိန့်တော်မူလေ၏။
ဤသို့ မြတ်စွာဘုရားရှင်က မိန့်ကြားအပ်ပါသော်လည်း ဝေရဉ္ဇပုဏ္ဏားသည် ပညာမဲ့သူ ဖြစ်သောကြောင့် မြတ်စွာဘုရားရှင်၏ လောကဝယ် အကြီးမြတ်ဆုံးပုဂ္ဂိုလ် ဖြစ်ကြောင်းကို မရိပ်မိ မသိနိုင်ပဲ မြတ်စွာဘုရားရှင်၏ ထိုသို့ အမှန်အတိုင်း မိန့်ကြားအပ်သည့် စကားကိုပင် မခံမရပ်နိုင်ဖြစ်ကာ-
ဟု ဆို၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် ထိုပုဏ္ဏား၏ စိတ်နှလုံး နူးညံ့လာစေရန်အတွက် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဖက်အဖြေကို မပေးပဲ အခြားတနည်းတလမ်းဖြင့် ကိုယ်တော်မြတ်အား “အရသာကင်းသော သဘောရှိသူ”ဟု ပြောဆိုရန် နည်းပရိယာယ်အကြောင်း ရှိသည်ကို ပြတော်မူလိုသည်ဖြစ်၍—
“အိုပုဏ္ဏား.. ငါဘုရားကို ‘ရဟန်းဂေါတမသည် အရသာကင်းသော သဘောရှိသူဖြစ်၏’ဟု ပြောဆိုနိုင်ရန် နည်းပရိယာယ် အကြောင်းရှိပေ၏။ (ထိုအကြောင်း ကား) အိုပုဏ္ဏား.. ရူပါရုံ၌ သာယာခြင်း, သဒ္ဒါရုံ၌ သာယာခြင်း, ဂန္ဓာရုံ၌ သာယာခြင်း, ရသာရုံ၌သာယာခြင်း, ဖောဋ္ဌဗ္ဗာရုံ၌
၈၆
သာယာခြင်း = အရသာတို့ကို မြတ်စွာဘုရားသည် ပယ်အပ်ပြီးကုန်ပြီ။ အိုပုဏ္ဏား.. ဤနည်းပရိယာယ်အကြောင်းဖြင့် ငါဘုရားကို ‘ရဟန်းဂေါတမသည် အရသာကင်းသော သဘောရှိသူ ဖြစ်၏’ဟု ပြောဆိုမူ ပြောဆိုနိုင်ရာ၏။ သင်ပုဏ္ဏား ရည်ရွယ်ပြောဆိုသော နည်းပရိယာယ်အကြောင်းမျိုးကား ငါဘုရားတို့၌ လုံးဝမရှိချေ”-
ဟု မိန့်တော်မူ၏။
(ဤ၌။ ။ပုဏ္ဏား၏ ရည်ရွယ်ချက်မှာ.. လောက၌ ရှိခိုးခြင်း, ခရီးဦးကြိုခြင်း, လက်အုပ်ချီခြင်း, အရိုအသေပြုခြင်းများကို သာမဂ္ဂီရသ (=တဦးနှင့်တဦး ညီညွတ်အောင်ပြုတတ်သည့်) = သာမဂ္ဂီအရသာဟူ၍ ခေါ်ဆိုအပ်လေသည်၊ ထိုသာမဂ္ဂီအရသာသည် အရှင်ဂေါတမမှာ လုံးဝမရှိ၊ ထို့ကြောင့် “အရှင်ဂေါတမသည် အရသာကင်းသော သဘောရှိသူ = သာမဂ္ဂီအရသာ လုံးဝမရှိသူ ဖြစ်၏”ဟု စွပ်စွဲပြောဆိုခြင်း ဖြစ်သည်။
မြတ်စွာဘုရားရှင်၏ အလိုတော် ရည်ရွယ်ချက်မှာ.. လောက၌ ရူပါရုံ၌ သာယာခြင်း = ရူပရသ၊ သဒ္ဒါရုံ၌ သာယာခြင်း = သဒ္ဒရသ၊ ဂန္ဓာရုံ၌ သာယာခြင်း = ဂန္ဓရသ၊ ရသာရုံ၌ သာယာခြင်း = ရသရသ၊ ဖောဋ္ဌဗ္ဗာရုံ၌ သာယာခြင်း = ဖောဋ္ဌဗ္ဗရသ၊ ဤသာယာခြင်း ၅-မျိုးတို့ကို ဝတ္ထုအာရုံစသည်တို့ ပေါင်းဆုံညီညွတ်မှ ဖြစ်ပေါ်နိုင်သောကြောင့် သာမဂ္ဂိရသဟူ၍ ခေါ်ဆိုအပ်ကုန်၏။ ယင်းသည့် သာမဂ္ဂီအရသာ ၅-မျိုးလုံးကိုပင် မြတ်စွာဘုရားရှင်သည် အမြစ်ပြတ် ပယ်အပ်ပြီးဖြစ်သောကြောင့် မြတ်စွာဘုရားရှင်မှာ ထိုသာမဂ္ဂီအရသာ ၅-မျိုး ကင်းပြီးဖြစ်လေသည်။ ထိုနည်းပရိယာယ်အကြောင်းကို ရည်ရွယ်၍ (ဝါ) ဝတ္ထုအာရုံစသည်တို့ ပေါင်းစုံညီညွတ်မှ ဖြစ်ပေါ်နိုင်သည့် အာရုံငါးပါးကို သာယာခြင်းတည်းဟူသော သာမဂ္ဂိရသ = သာမဂ္ဂီအရသာ လုံးဝကင်းသည်ကို ရည်ရွယ်၍ “ရဟန်းဂေါတမသည် အရသာကင်းသော သဘောရှိသူ ဖြစ်သည်”ဟု ပြောဆိုမူ ပြောဆိုနိုင်၏၊ သင်ပုဏ္ဏားရည်ရွယ်သည့် အကြောင်းကား ငါဘုရား၌ လုံးဝမရှိဟု မိန့်ဆိုတော်မူလေသည်။
ဤ၌ “သင်ပုဏ္ဏား ရည်ရွယ်ပြောဆိုသော နည်းပရိယာယ် အကြောင်းမျိုးကား ငါဘုရားတို့၌ လုံးဝမရှိချေ”ဟု အဘယ့်ကြောင့် မြတ်စွာဘုရားရှင်သည် မိန့်ဆိုတော်မူသနည်း၊ ထိုသို့ မိန့်ဆိုတော်မူလိုက်သည့်အတွက်
၈၇
ပုဏ္ဏားရည်ရွယ်သည့် (ရှိခိုးခြင်းစသော) သာမဂ္ဂီအရသာ ကိုယ်တော်မြတ်၌ရှိမှုကို ခွင့်ပြုရာကျရောက်သည် မဟုတ်လောဟု မေးဖွယ်ရှိပြန်၏။
အဖြေကား.. ခွင့်ပြုရာ မကျရောက်ချေ။ ချဲ့ဦးအံ့.. အကြင်သူသည် ပုဏ္ဏားရည်ရွယ်သည့် (ရှိခိုးခြင်းစသော) သာမဂ္ဂီအရသာကို ပြုထိုက်သူဖြစ်ပါလျက် မပြု၊ ထိုသူကိုသာလျှင် မိမိပြုထိုက်သည့် သာမဂ္ဂီအရသာ မရှိခြင်းကြောင့် “အရသာကင်းသော သဘောရှိသူ”ဟု ပြောဆိုစွပ်စွဲထိုက်၏။ မြတ်စွာဘုရားရှင်သည်ကား ထိုပုဏ္ဏားရည်ရွယ်သည့် (ရှိခိုးခြင်းစသော) သာမဂ္ဂီအရသာကို (လောကသုံးပါး၌ ကိုယ်တော်မြတ်ကသာ အကြီးမြတ်ဆုံးဖြစ်သောကြောင့်) ပြုပင် မပြုထိုက်ချေ။ ထို့ကြောင့် ထိုရှိခိုးခြင်းစသည်ကို မပြုထိုက်ကြောင်းကို ထင်ရှားပြတော်မူလိုသောကြောင့် “သင်ပုဏ္ဏား ရည်ရွယ်ပြောဆိုသော နည်းပရိယာယ် အကြောင်းမျိုးကား ငါဘုရားတို့၌ လုံးဝမရှိချေ”ဟု မိန့်ဆိုတော်မူလေသည်)။
ဤသို့လျှင် ပုဏ္ဏားသည် မိမိအလိုရှိအပ်သည့် သာမဂ္ဂိရသကင်းခြင်း အပြစ်ကို တင်ခြင်းငှာ မတတ်နိုင်ရကား တနည်းတဖုံ ပြောင်း၍ အပြစ်တင်ပြန်လိုသောကြောင့်-
“(၂) အရှင်ဂေါတမသည် အသုံးမရှိသူဖြစ်၏”—
ဟု ဆိုပြန်လေသည်။ ထိုအခါ မြတ်စွာဘုရားရှင်သည် ကိုယ်တော်မြတ်ကို ထိုကဲ့သို့ ပြောဆိုရန် အခြားနည်းပရိယာယ် အကြောင်းရှိသည်ကို ပြတော်မူလို၍-
“အိုပုဏ္ဏား.. ငါဘုရားကို ‘ရဟန်းဂေါတမသည် အသုံးမရှိသူဖြစ်၏’ဟု ပြောဆိုနိုင်ရန် နည်းပရိယာယ် အကြောင်းရှိပေ၏။ (ထိုအကြောင်းကား) အိုပုဏ္ဏား.. တဏှာလောဘဖြင့် ရူပါရုံကို သုံးဆောင်ခြင်း၊ သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံကို သုံးဆောင်ခြင်း = ပရိဘောဂအမှုတို့ကို မြတ်စွာဘုရားသည် ပယ်အပ်ပြီးကုန်ပြီ။ အို ပုဏ္ဏား.. (အာရုံငါးပါးကို တဏှာဖြင့် သုံးဆောင်မှု မရှိခြင်းတည်းဟူသော) ဤအကြောင်း နည်းပရိယာယ်ဖြင့် ငါဘုရားကို ‘ရဟန်းဂေါတမသည် အသုံးမရှိသူ ဖြစ်၏’ဟု
၈၈
ပြောဆိုမူ ပြောဆိုနိုင်၏။ သင်ပုဏ္ဏား ရည်ရွယ်ပြောဆိုသော နည်းပရိယာယ် အကြောင်းမျိုးကား ငါဘုရားတို့၌ လုံးဝမရှိ”–
ဟု မိန့်တော်မူ၏။
(ဤ၌။ ။ပုဏ္ဏား၏ ရည်ရွယ်ချက်မှာ.. အသက်ကြီးသူတို့အား ရှိခိုးခြင်းစသည်ကို လောက၌ “သာမဂ္ဂိပရိဘောဂ = ညီညွတ်အောင် သုံးဆောင်ခြင်း”ဟု အသိအမှတ်ပြုကာ ထို(ရှိခိုးခြင်း အစရှိသည့်) ညီညွတ်အောင် သုံးဆောင်မှုမျိုး မြတ်စွာဘုရားရှင်၌ မရှိသောကြောင့် မြတ်စွာဘုရားရှင်ကို “အရှင်ဂေါတမသည် အသုံးမရှိသူဖြစ်၏”ဟု စွပ်စွဲ ပြောဆိုခြင်းဖြစ်သည်။
မြတ်စွာဘုရားရှင်၏ အလိုတော် ရည်ရွယ်ချက်မှာ တဏှာလောဘဖြင့် ရူပါရုံကို သုံးဆောင်ခြင်း, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံကို သုံးဆောင်ခြင်း = ဤသုံးဆောင်ခြင်း = ပရိဘောဂ ၅-မျိုးလုံးကိုပင် အမြစ်ပြတ် ပယ်အပ်ပြီးဖြစ်သောကြောင့် ကိုယ်တော်မြတ်မှာ ထိုပရိဘောဂ (=တဏှာလောဘဖြင့် အာရုံငါးပါးကို သုံးစွဲခြင်း) ၅-မျိုး ကင်းပြီးဖြစ်လေသည်။ ထို့ကြောင့် ထို အကြောင်းနည်းပရိယာယ်ကို ရည်ရွယ်၍ “ရဟန်းဂေါတမသည် အသုံးမရှိသူဖြစ်၏”ဟု ပြောဆိုလိုမူ ပြောဆိုနိုင်ကြောင်း ခွင့်ပြုတော်မူခြင်းဖြစ်လေသည်)။
ဤနည်းဖြင့်လည်း ပုဏ္ဏားသည် မြတ်စွာဘုရားရှင်ကို အပြစ်တင်ခြင်းငှာ မတတ်နိုင်ရကား တနည်းပြောင်း၍ အပြစ်တင်ပြန်လိုသောကြောင့်-
“(၃) အရှင်ဂေါတမသည် မပြုထိုက်ဟူသောအယူ = အကိရိယဝါဒရှိသူ ဖြစ်၏”-
ဟု ဆိုပြန်လေသည်။ မြတ်စွာဘုရားရှင်သည်လည်း ရှေးနည်းအတူပင် ထိုကဲ့သို့ ပြောဆိုရန် အခြားနည်းပရိယာယ် အကြောင်းရှိသည်ကို ပြတော်မူလို၍-
“အိုပုဏ္ဏား.. ငါဘုရားကို ‘ရဟန်းဂေါတမသည် မပြုထိုက်ဟု ပြောဆိုလေ့ရှိသူ = အကိရိယဝါဒရှိသူ ဖြစ်၏’ဟု ပြောဆိုနိုင်ရန် နည်းပရိယာယ် အကြောင်းရှိပေ၏။
၈၉
(ထိုအကြောင်းကား) အိုပုဏ္ဏား.. ငါဘုရားသည် ကာယဒုစရိုက်သုံးပါး, ဝစီဒုစရိုက်လေးပါး, မနောဒုစရိုက်သုံးပါး (ထိုမှတပါး) အခြားမကောင်းမှုများကို မပြုထိုက် = မပြုကောင်းဟူ၍ ဟောပေ၏။ အိုပုဏ္ဏား.. (မကောင်းမှု ဒုစရိုက်တို့ကို မပြုထိုက် = မပြုကောင်းဟု ဟောဆိုခြင်း = အကိရိယဝါဒ တည်းဟူသော) ဤအကြောင်း နည်းပရိယာယ်ဖြင့် ငါဘုရားကို ‘ရဟန်းဂေါတမသည် မပြုထိုက်ဟု ပြောဆိုလေ့ရှိသူ = အကိရိယဝါဒရှိသူ ဖြစ်၏’ဟု ပြောဆိုလိုမူ ပြောဆိုနိုင်၏။ သင်ပုဏ္ဏား ရည်ရွယ်ပြောဆိုသော နည်းပရိယာယ်အကြောင်းမျိုးကား ငါဘုရားတို့၌ လုံးဝမရှိချေ”–
ဟု ဖြေကြား မိန့်ဆိုတော်မူလေ၏။
(ဤ၌။ ။ပုဏ္ဏား၏ ရည်ရွယ်ချက်မှာ.. လောကီလူများအပေါင်းသည် အသက်ကြီးသူတို့အား ရှိခိုးခြင်း-အစရှိသော ကုလစာရိတ္တ = အမျိုးကောင်းတို့၏ အကျင့်ကို ကျင့်ကြ၏၊ ထိုကုလစာရိတ္တကို မပြုခြင်းကြောင့် မြတ်စွာဘုရားရှင်ကို “အရှင်ဂေါတမသည် မပြုထိုက်ဟူသောအယူ = အကိရိယဝါဒရှိသူ ဖြစ်၏”ဟု စွပ်စွဲပြောဆိုလေသည်။
မြတ်စွာဘုရားရှင်၏ အလိုတော် ရည်ရွယ်ချက်မှာ.. ကိုယ်တော်မြတ်သည် မကောင်းမှု ဒုစရိုက်များကို မပြုထိုက် = မပြုကောင်းဟု ဟောတော်မူ၏။ ထို့ကြောင့် ထို(ဒုစရိုက် မကောင်းမှုများကို မပြုထိုက် = မပြုကောင်းဟု ဟောတော်မူခြင်း = အကိရိယဝါဒ တည်းဟူသော) အကြောင်းနည်းပရိယာယ်ကို ရည်ရွယ်၍ “ရဟန်းဂေါတမသည် မပြုထိုက်ဟု ပြောဆိုလေ့ရှိသူ = အကိရိယဝါဒရှိသူ ဖြစ်၏”ဟု ပြောဆိုလိုက ပြောဆိုနိုင်ကြောင်း ခွင့်ပြုတော်မူလေသည်)။
ဤနည်းဖြင့်လည်း ပုဏ္ဏားသည် မြတ်စွာဘုရားရှင်ကို အပြစ်မတင်နိုင်ရကား အခြား တနည်းပြောင်း၍ အပြစ်တင်ပြန်လိုသောကြောင့်-
“(၄) အရှင်ဂေါတမသည် ဖြတ်အပ်၏ဟူသောအယူ = ဥစ္ဆေဒဝါဒရှိသူဖြစ်၏”—
၉၀
ဟု ဆိုပြန်လေသည်။ မြတ်စွာဘုရားရှင်သည်လည်း ပုဏ္ဏား၏စိတ်နှလုံး နူးညံ့စေရန် ရှေးနည်းအတူပင် ထိုကဲ့သို့ပြောဆိုရန် အခြားနည်းပရိယာယ် အကြောင်းရှိသည်ကို ပြတော်မူလို၍-
“အိုပုဏ္ဏား.. ငါဘုရားကို ‘ရဟန်းဂေါတမသည် ဖြတ်တောက်ရန် ပြောဟောလေ့ရှိသူ = ဥစ္ဆေဒဝါဒရှိသူ ဖြစ်၏’ဟု ပြောဆိုနိုင်ရန် နည်းပရိယာယ် အကြောင်းရှိပေ၏၊ (ထိုအကြောင်းကား) အိုပုဏ္ဏား.. ငါဘုရားသည် ရာဂကို ဖြတ်တောက်ရန်, ဒေါသကို ဖြတ်တောက်ရန်, မောဟကို ဖြတ်တောက်ရန် (ထိုမှတပါး) အခြားမကောင်းမှုများကို ဖြတ်တောက်ရန် တရားကို ဟောပေ၏။ အိုပုဏ္ဏား.. (ရာဂ, ဒေါသ, မောဟနှင့်တကွ အခြားမကောင်းမှုများကို ဖြတ်တောက်ရန် တရားဟောကြားမှု = ဥစ္ဆေဒဝါဒ တည်းဟူသော) ဤအကြောင်း နည်းပရိယာယ်ဖြင့် ငါဘုရားကို ‘ရဟန်းဂေါတမသည် ဖြတ်တောက်ရန် ပြောဟောလေ့ရှိသူ = ဥစ္ဆေဒဝါဒရှိသူ ဖြစ်၏’ဟု ပြောဆိုလိုမူ ပြောဆိုနိုင်၏။ သင်ပုဏ္ဏား ရည်ရွယ်ပြောဆိုသော နည်းပရိယာယ် အကြောင်းမျိုးကား ငါဘုရားတို့၌ လုံးဝမရှိချေ”-
ဟု ဖြေကြားမိန့်ဆိုတော်မူလေ၏။
(ဤ၌။ ။ပုဏ္ဏားသည် မြတ်စွာဘုရားရှင်၌ အသက်ကြီးသူတို့အား ရှိခိုးခြင်း-စသည် ပြုမှုကို မမြင်ရကား “ဤရဟန်းဂေါတမကို အကြောင်းပြု၍ ရှိခိုးခြင်းအစရှိသော ဤလောကအစဉ်အလာ ဓမ္မတာ စာရိတ္တကြီး ပြတ်တောက်သွား၏”ဟု မှတ်ယူကာ မြတ်စွာဘုရားရှင်ကို “ဥစ္ဆေဒဝါဒရှိသူဖြစ်၏”ဟု စွပ်စွဲပြောဆိုလေသည်။
မြတ်စွာဘုရားရှင်သည်ကား လောဘ, ဒေါသ, မောဟ ထိုမှကြွင်းသည့် အကုသိုလ်များကို ဆိုင်ရာဆိုင်ရာ ထိုထိုမဂ်ဖြင့် ပယ်ဖြတ်ရန် တရားဟောတော်မူ၏၊ ထို့ကြောင့် (ထိုအကုသိုလ်တရားတို့ကို ပယ်ရှား ဖြတ်တောက်ရန် တရားဟောခြင်း) = ဥစ္ဆေဒဝါဒတည်းဟူသော အကြောင်းနည်းပရိယာယ်ကို ရည်ရွယ်၍ “ရဟန်းဂေါတမသည်
၉၁
ဖြတ်တောက်ရန် ပြောဟောလေ့ရှိသူ = ဥစ္ဆေဒဝါဒရှိသူ ဖြစ်၏”ဟု ပြောဆိုလိုက ပြောဆိုနိုင်ကြောင်း ခွင့်ပြုတော်မူလေသည်)။
တဖန် ပုဏ္ဏားသည် ဤနည်းဖြင့်လည်း မြတ်စွာဘုရားရှင်ကို အပြစ်မတင်နိုင်ရကား အခြားတနည်းပြောင်း၍ အပြစ်တင်ပြန်လိုသောကြောင့်-
“(၅) အရှင်ဂေါတမသည် စက်ဆုပ်ခြင်းသဘောရှိသူဖြစ်၏”–
ဟု ဆိုပြန်လေသည်။ ထိုအခါ မြတ်စွာဘုရားရှင်သည်လည်း ရှေးနည်းအတူပင် ထိုကဲ့သို့ ပြောဆိုရန် အခြားနည်းပရိယာယ် အကြောင်းရှိသည်ကို ပြတော်မူလို၍-
“အို ပုဏ္ဏား.. ငါဘုရားကို ‘ရဟန်းဂေါတမသည် စက်ဆုပ်တတ်သူဖြစ်၏’ဟု ပြောဆိုနိုင်ရန် နည်းပရိယာယ် အကြောင်းရှိပေ၏၊ (ထိုအကြောင်းကား) အို ပုဏ္ဏား.. ငါဘုရားသည် ကာယဒုစရိုက်သုံးပါး, ဝစီဒုစရိုက်လေးပါး, မနောဒုစရိုက်သုံးပါး (ထိုမှတပါး) အခြားမကောင်းမှုများကို စက်ဆုပ်ရွံရှာ၏။ အိုပုဏ္ဏား.. (ဒုစရိုက် မကောင်းမှုများကို စက်ဆုပ်ရွံရှာခြင်း တည်းဟူသော) ဤအကြောင်း နည်းပရိယာယ်ဖြင့် ငါဘုရားကို ‘ရဟန်းဂေါတမသည် စက်ဆုပ်တတ်သူဖြစ်၏’ဟု ပြောဆိုလိုမူ ပြောဆိုနိုင်၏။ သင်ပုဏ္ဏား ရည်ရွယ်ပြောဆိုသော နည်းပရိယာယ် အကြောင်းမျိုးကား ငါဘုရားတို့၌ လုံးဝမရှိ”—
ဟု ဖြေကြားမိန့်ဆိုတော်မူလေ၏။
(ဤ၌။ ။ပုဏ္ဏားသည် မြတ်စွာဘုရားရှင်က အသက်ကြီးသူတို့အား ရှိခိုးခြင်း-စသော ကုလစာရိတ္တကို စက်ဆုပ်၍သာ မပြုခြင်းဖြစ်သည်ဟု မှတ်ထင်ကာ “အရှင်ဂေါတမသည် စက်ဆုပ်ခြင်းသဘောရှိသူ ဖြစ်၏”ဟု စွပ်စွဲပြောဆိုလေသည်။
မြတ်စွာဘုရားရှင်ကမူ ကိုယ်တော်မြတ်သည် မကောင်းမှု ဒုစရိုက်များကို စက်ဆုပ်ရွံရှာတော်မူ၏၊ ထို့ကြောင့် ထို(မကောင်းမှု ဒုစရိုက်များကို စက်ဆုပ်ရွံရှာမှု တည်းဟူသော) အကြောင်းနည်းပရိယာယ်ကို
၉၂
ရည်ရွယ်၍ “ရဟန်းဂေါတမသည် စက်ဆုပ်တတ်သူ ဖြစ်၏”ဟု ပြောဆိုလိုက ပြောဆိုနိုင်ကြောင်း ခွင့်ပြုတော်မူလေသည်)။
တဖန် ပုဏ္ဏားသည် ဤနည်းဖြင့်လည်း မြတ်စွာဘုရားရှင်ကို အပြစ်မတင်နိုင်ရကား အခြားတနည်းပြောင်း၍ အပြစ်တင်ပြန်လိုသောကြောင့်-
“(၆) အရှင်ဂေါတမသည့် ဖျက်ဆီးတတ်သူ = အဖျက်သမားကြီး ဖြစ်၏”–
ဟု ဆိုပြန်လေသည်။ ထိုအခါ မြတ်စွာဘုရားရှင်သည်လည်း ရှေးနည်းအတူပင် ထိုကဲ့သို့ ပြောဆိုရန် အခြားနည်းပရိယာယ် အကြောင်းရှိသည်ကို ပြတော်မူလို၍-
“အို ပုဏ္ဏား.. ငါဘုရားကို ‘ရဟန်းဂေါတမသည် ဖျက်ဆီးတတ်သူ = အဖျက်သမားကြီးဖြစ်၏’ဟု ပြောဆိုနိုင်ရန် နည်းပရိယာယ်အကြောင်း ရှိပေ၏။ (ထိုအကြောင်းကား) အိုပုဏ္ဏား.. ငါဘုရားသည် ရာဂကို ပယ်ဖျောက် ဖျက်ဆီးရန်, ဒေါသကို ပယ်ဖျောက်ဖျက်ဆီးရန်, မောဟကို ပယ်ဖျောက် ဖျက်ဆီးရန် (ထိုမှတပါး) အခြားမကောင်းမှုများကို ပယ်ဖျောက်ဖျက်ဆီးရန် တရားကို ဟောပေ၏။ အိုပုဏ္ဏား.. (ရာဂ, ဒေါသ, မောဟနှင့်တကွ အခြား မကောင်းမှုများကို ပယ်ဖျောက် ဖျက်ဆီးရန် တရားဟောခြင်း တည်းဟူသော) ဤအကြောင်း နည်းပရိယာယ်ဖြင့် ငါဘုရားကို ‘ရဟန်းဂေါတမသည် ဖျက်ဆီးတတ်သူ = အဖျက်သမားကြီးဖြစ်၏’ဟု ပြောဆိုလိုမူ ပြောဆိုနိုင်၏။ သင်ပုဏ္ဏား ရည်ရွယ်ပြောဆိုသော နည်းပရိယာယ် အကြောင်းမျိုးကား ငါဘုရားတို့၌ လုံးဝမရှိချေ”-
ဟု ဖြေကြား မိန့်ဆိုတော်မူလေ၏။
(ဤ၌။ ။ပုဏ္ဏားသည် မြတ်စွာဘုရားရှင်၌ အသက်ကြီးသူတို့အား ရှိခိုးခြင်း-စသည် ပြုမှုကို မမြင်ရကား “ဤရဟန်းဂေါတမသည် လောက၌ အကြီးမြတ်ဆုံးဖြစ်သည့် ဤဝုဒ္ဓါပစာယနကောင်းမှုကို
၉၃
ဖျက်ဆီးတတ်သူ = အဖျက်သမားကြီး ဖြစ်သည်”ဟု မှတ်ယူကာ မြတ်စွာဘုရားရှင်ကို “ဖျက်ဆီးတတ်သူ = အဖျက်သမားကြီးဖြစ်၏”ဟု စွပ်စွဲ ပြောဆိုလေသည်။
မြတ်စွာဘုရားရှင်သည်ကား ရာဂ, ဒေါသ, မောဟ (ထိုမှကြွင်းသည့်) အကုသိုလ်များကို ပယ်ရှားဖျက်ဆီးရန် တရားဟောတော်မူ၏၊ ထို့ကြောင့် ထို(အကုသိုလ်တရားတို့ကို ပယ်ရှားဖျက်ဆီးရန် တရားဟောခြင်း တည်းဟူသော) အကြောင်းနည်းပရိယာယ်ကို ရည်ရွယ်၍ “ရဟန်းဂေါတမသည် ဖျက်ဆီးတတ်သူ = အဖျက်သမားကြီးဖြစ်၏”ဟု ပြောဆိုလိုက ပြောဆိုနိုင်ကြောင်း ခွင့်ပြုတော်မူလေသည်)။
တဖန်လည်း ပုဏ္ဏားသည် ရှေးနည်းအတူ အခြားတနည်းပြောင်း၍ အပြစ်တင်ပြန်လိုသောကြောင့်-
“(၇) အရှင်ဂေါတမသည် ပူပန်စေတတ်သူဖြစ်၏”—
ဟု ဆိုပြန်လေသည်။ မြတ်စွာဘုရားရှင်သည်လည်း ရှေးနည်းအတူပင် ထိုကဲ့သို့ပြောဆိုရန် အခြားနည်း ပရိယာယ် အကြောင်းရှိသည်ကို ပြတော်မူလို၍—
“အိုပုဏ္ဏား.. ငါဘုရားကို ‘ရဟန်းဂေါတမသည် တပဿီပုဂ္ဂိုလ် = တပမည်သော တရားကို ပယ်ရှားတတ်သော ပုဂ္ဂိုလ်ဖြစ်၏’ဟု ပြောဆိုနိုင်ရန် နည်းပရိယာယ် အကြောင်းရှိပေ၏။ (ထိုအကြောင်းကား) အိုပုဏ္ဏား.. ငါဘုရားသည် ကာယဒုစရိုက် သုံးပါး, ဝစီဒုစရိုက်လေးပါး, မနောဒုစရိုက် သုံးပါး (ထိုမှကြွင်းသည့်) အကုသိုလ်တရားများကို (လူအပေါင်း သတ္တဝါအပေါင်းကို ပူပန်စေတတ်သောကြောင့်) တပနီယတရား = တပတရားများဟူ၍ ဟောဆို၏။ ပုဏ္ဏား.. ထိုတပမည်ငြား အကုသိုလ်တရားများကို ပယ်ရှားစွန့်လွှတ်ပြီးဖြစ်သူကို ငါဘုရားသည် တပဿီပုဂ္ဂိုလ် = ပူပန်စေတတ်သည့် အကုသိုလ်တရားများကို ပယ်ရှားပြီးသော ပုဂ္ဂိုလ်ဟူ၍ ဟောဆို၏။ အိုပုဏ္ဏား.. ရှေးဘုရားတို့အတူ လာခြင်းကောင်းတော်မူသော
၉၄
မြတ်စွာဘုရားသည် ထိုတပမည်ငြား အကုသိုလ်တရားများကို ပယ်ရှား စွန့်လွှတ်ပြီး ဖြစ်လေသည်။ အို ပုဏ္ဏား.. (တပမည်ငြား အကုသိုလ်တရားတို့ကို ပယ်ရှားစွန့်လွှတ်ပြီးဖြစ်ခြင်း တည်းဟူသော အကြောင်းနည်းပရိယာယ်ဖြင့် ငါဘုရားကို ‘ရဟန်းဂေါတမသည် တပဿီပုဂ္ဂိုလ် = တပမည်သော အကုသိုလ်တရားတို့ကို ပယ်ရှားစွန့်ပစ်ပြီးသော ပုဂ္ဂိုလ်ဖြစ်၏’ဟု ပြောဆိုလိုမူ ပြောဆိုနိုင်၏။ သင်ပုဏ္ဏား ရည်ရွယ်ပြောဆိုသော နည်းပရိယာယ် အကြောင်းမျိုးကား ငါဘုရားတို့ ၌ လုံးဝမရှိ”–
ဟု ဖြေကြား မိန့်ဆိုတော်မူလေ၏။
(ဤ၌။ ။ပုဏ္ဏား၏ ရည်ရွယ်ချက်မှာ ရှိခိုးခြင်း-စသော အရိုအသေမှုကို ပြုသူတို့သည် အသက်ကြီးသူတို့ကို နှစ်သက်ရွှင်လန်း ဝမ်းမြောက်စေကုန်၏၊ မပြုသောသူတို့သည်ကား အသက်ကြီးသူတို့ကို စိတ်နှလုံး ပူပန်စေကုန်၏။ မြတ်စွာဘုရားရှင်ကလည်း ထိုရှိခိုးခြင်း-စသော အရိုအသေမှုကို ပြုတော်မမူချေ၊ ထို့ကြောင့် “ဤရဟန်းဂေါတမသည် အသက်ကြီးသူတို့ကို ပူပန်စေတတ်သူဖြစ်၏”ဟု မှတ်ယူကာ မြတ်စွာဘုရားရှင်ကို “တပဿီပုဂ္ဂိုလ် = အသက်ကြီးသူတို့ကို စိတ်နှလုံး ပူပန်စေတတ်သူဖြစ်၏”ဟု စွပ်စွဲပြောဆိုလေသည်။
မြတ်စွာဘုရားရှင်သည်ကား အကုသိုလ်တရားများကို သတ္တလောကကို ပူပန်စေတတ်သောကြောင့် တပနီယတရားများ တပ-တရားများဟု ခေါ်ဆိုအပ်ကုန်၏၊ ကိုယ်တော်မြတ်မှာ ထိုပူပန်စေတတ်သည့် အကုသိုလ်တရားများ = တပမည်သော တရားများကို ပယ်ရှားအပ်ပြီး ဖြစ်သောကြောင့် (တပေ အဿီတိ တပဿီ = တပေ-တပမည်ငြား အကုသိုလ်တရားတို့ကို။ အဿိ = ပယ်ရှားပြီးပြီ။ ဣတိ = ထို့ကြောင့်။ တပဿီ = တပဿီမည်၏။ တပဿီ = တပမည်ငြား အကုသိုလ်တရားတို့ကို ပယ်ရှားပြီးသောပုဂ္ဂိုလ်) ဤဝိဂြိုဟ်ဝစနတ္ထအရ ကိုယ်တော်မြတ်ကို “တပဿီပုဂ္ဂိုလ် = တပမည်သော အကုသိုလ်တရားများကို ပယ်ရှားပြီးသော ပုဂ္ဂိုလ်ဖြစ်၏”ဟု ပြောဆိုလိုက ပြောဆိုနိုင်ကြောင်း ခွင့်ပြုတော်မူလေသည်)။
၉၅
ဝေရဉ္ဇပုဏ္ဏားကြီးသည် ဤနည်းဖြင့်လည်း မြတ်စွာဘုရားရှင်ကို အပြစ်မတင်နိုင်ရကား အခြားတနည်းပြောင်း၍ နောက်ဆုံးအပြစ်တင်သော အနေဖြင့် အပြစ်တင်ပြန်လိုသောကြောင့်-
“(၈) အရှင်ဂေါတမသည် နတ်ရွာပဋိသန္ဓေမှ ကင်းသူဖြစ်၏”—
ဟု အပြစ်တင်ဆိုလေသည်။ ထိုအခါ မြတ်စွာဘုရားရှင်သည် ကိုယ်တော်မြတ်မှာ အနာဂတ်ပဋိသန္ဓေ လေးမျိုးလုံးကိုပင် ပယ်ပြီးဖြစ်သောကြောင့် အပဂဗ္ဘ = ပဋိသန္ဓေနေခြင်း ကင်းသူဟု ဆိုနိုင်ကြောင်း နည်းပရိယာယ်ပြောင်း၍ ဖော်ပြလိုသောကြောင့်-
“အို ပုဏ္ဏား.. ငါဘုရားကို ‘ရဟန်းဂေါတမသည် အပဂဗ္ဘပုဂ္ဂိုလ် = ပဋိသန္ဓေနေခြင်း ကင်းပြီးသောပုဂ္ဂိုလ် ဖြစ်၏’ဟု ပြောဆိုနိုင်ရန် နည်းပရိယာယ် အကြောင်းရှိပေ၏၊ (ထိုအကြောင်းကား) အို ပုဏ္ဏား.. အနာဂတ်ကာလဝယ် ယောနိလေးထွေ ပဋိသန္ဓေ တည်နေမှုကို ပယ်ရှားပြီးဖြစ်သည့် (ရဟန္တာ)ပုဂ္ဂိုလ်ကို ငါဘုရားသည် အပဂဗ္ဘပုဂ္ဂိုလ်ဟု ဟောဆို၏။ အို ပုဏ္ဏား.. ရှေးဘုရားတို့အတူ လာခြင်းကောင်းတော်မူသော မြတ်စွာဘုရားသည် အနာဂတ်ကာလဝယ် ယောနိလေးထွေ ပဋိသန္ဓေ တည်နေရခြင်း လေးမျိုးလုံးကိုပင် အမြစ်ပြတ်ပယ်အပ်ပြီး ဖြစ်လေသည်။ အိုပုဏ္ဏား.. (အနာဂတ်ကာလဝယ် ပဋိသန္ဓေ တည်နေရခြင်း အမြစ်ပြတ်ကင်းပြီးဖြစ်မှု တည်းဟူသော) ဤအကြောင်း နည်းပရိယာယ်ဖြင့် ငါဘုရားကို ‘ရဟန်းဂေါတမသည် အပဂဗ္ဘပုဂ္ဂိုလ် = ပဋိသန္ဓေတည်နေရခြင်း အမြစ်ပြတ်ကင်းပြီးသောပုဂ္ဂိုလ် ဖြစ်၏’ဟု ပြောဆိုလိုမူ ပြောဆိုနိုင်၏။ သင်ပုဏ္ဏား ရည်ရွယ်ပြောဆိုသော နည်းပရိယာယ် အကြောင်းမျိုးကား ငါဘုရားတို့၌ လုံးဝမရှိချေ”–
ဟု ဖြေကြား မိန့်ဆိုတော်မူလေ၏။
(ဤ၌။ ။ပုဏ္ဏားသည် အသက်ကြီးသူတို့အား ရှိခိုးခြင်း-စသည် အရိုအသေပြုမှုသည် နတ်ပြည်လောကပဋိသန္ဓေကို ရနိုင်သောကောင်းမှု
၉၆
ဖြစ်သည်ဟု ယုံကြည်စွဲမှတ်ကာ မြတ်စွာဘုရားမှာလည်း ထိုအသက်ကြီးသူတို့အား ရှိခိုးခြင်း-စသည့် အရိုအသေပြုမှု မရှိသည်ကို ဒိဋ္ဌကိုယ်တွေ့ဖြစ်၍ မြတ်စွာဘုရားရှင်ကို “နတ်ရွာပဋိသန္ဓေမှကင်းသူ ဖြစ်၏”ဟု စွပ်စွဲ ပြောဆိုလေသည်။ သူ၏အလို ရည်ရွယ်ချက်မှာ “မြတ်စွာဘုရားသည် နတ်ရွာပဋိသန္ဓေမှ ကင်းသူဖြစ်ပြီး အနာဂတ်ဘဝဝယ် လူ့ပြည်လောက၌ စက်ဆုပ်ဖွယ်သော အမိဝမ်းခေါင်း ကိန်းအောင်းရမည့်သူ ဖြစ်သည်”ဟု ဆိုလိုရင်း ရည်ရွယ်ချက်ရှိသည်။
မြတ်စွာဘုရားရှင်ကမူ ကိုယ်တော်မြတ်မှာ အနာဂတ်ပဋိသန္ဓေဟူ၍ လုံးဝမရှိ၊ အမြစ်ပြတ် ပယ်ပြီးဖြစ်သောကြောင့် ထိုအကြောင်း နည်းပရိယာယ်ကို ရည်ရွယ်၍ ကိုယ်တော်မြတ်ကို “အပဂဗ္ဘပုဂ္ဂိုလ် = ပဋိသန္ဓေ တည်နေရခြင်း အမြစ်ပြတ် ကင်းပြီးသောပုဂ္ဂိုလ်”ဟု ပြောဆိုလိုက ပြောဆိုနိုင်ကြောင်း ခွင့်ပြုတော်မူလေသည်)။
ဤသို့လျှင် ကိုယ်တော်မြတ်ထံမှောက်သို့ ရောက်သည့်အချိန်မှ စ၍ “အရသာကင်းမဲ့ခြင်း” အစရှိသော ဆဲရေးခြင်းရှစ်မျိုးဖြင့် ရှုတ်ချစွပ်စွဲ ဆဲရေးသော်လည်း ဝေရဉ္ဇပုဏ္ဏားကို မြတ်စွာဘုရားရှင်သည် လွန်စွာ သနားတော်မူသဖြင့် အေးမြသော မျက်စိတော်အစုံဖြင့်သာ ကြည့်ရှုတော်မူလျက် သဗ္ဗညုတဉာဏ်ရှင် ဖြစ်တော်မူရကား တိမ်တိုက်ကင်းစင်သော ကောင်းကင်၌ တက်ထွန်းသော လပြည့်ဝန်းကဲ့သို့၎င်း, သရဒဥတုအခါ တက်ထွန်းသော နေမင်းကဲ့သို့၎င်း ပုဏ္ဏား၏ စိတ်၌တည်သော အဝိဇ္ဇာမောဟ အမိုက်မှောင်ကို ပယ်ရှား မှုတ်လွှင့်တော်မူလိုသည်ဖြစ်၍ ပုဏ္ဏားပြောဆိုသည့် ရှုတ်ချစွပ်စွဲဆဲရေးသည့် စကားများကို ထိုထိုနည်းပရိယာယ် အကြောင်းဖြင့် ဂုဏ်ပြုစကားများဖြစ်အောင် ဖြေဆို မိန့်ကြားတော်မူခဲ့လေသည်။
တဖန် ယခုအခါဝယ် ကိုယ်တော်မြတ်၏ မဟာကရုဏာတော် ကြီးမြတ်ပုံကို၎င်း, လောကဓံရှစ်ပါးကြောင့် မတုန်မလှုပ် မြေကြီးနှင့်တူသော စိတ်ရှိတော်မူပုံကို၎င်း, သူတပါးတို့က ဆဲရေးစကား မည်မျှပင် ပြောကြားကြသော်လည်း အမျက်မထွက် အေးမြသော စိတ်နှလုံးရှိတော်မူပုံကို၎င်း ထင်ရှားပြတော်မူလျက်-
၉၇
“ဤပုဏ္ဏားသည် စဉ်းစားဉာဏ်မဖက် လောကသင်္ကေတသက်သက်ဖြင့် ဆံဖြူခြင်း, သွားကျိုးခြင်း, အရေတွန့်ခြင်း စသည်တို့ဖြင့် မိမိကသာ (ငါဘုရားထက်) ကြီးသည်ဟု မှတ်ထင်နေ၏။ မိမိကိုယ်ကို ဇာတိဘေးကပ်လျက် လိုက်နေသည်ကို၎င်း, ဇရာဘေးက ဝန်းဝိုင်းထားအပ်သည်ကို၎င်း, ဗျာဓိဘေးက လွှမ်းမိုးနှိပ်စက်အပ်သည်ကို၎င်း, မရဏဘေးက ရှေးရှုနှိပ်စက်အပ်သည်ကို၎င်း, သံသရာ့သစ်ငုတ်ကြီးဖြစ်လျက် ယနေ့သေပြီးလျှင် နက်ဖြန်၌ ပက်လက်အိပ်ရသည့် (သေမင်းတမန်) ကလေးသူငယ်အဖြစ်သို့ ရောက်ရမည့်အရေးကို၎င်း စိုးစဉ်းမျှ မသိရှာချေ။ စင်စစ်သော်ကား ကြီးစွာသောလုံ့လဖြင့် ငါဘုရားထံမှောက်သို့ လာရောက်ရှာခြင်း ဖြစ်လေသည်။ ထိုပုဏ္ဏား၏ ငါဘုရားထံမှောက်သို့ လာရောက်ခြင်းသည် အကျိုးရှိသော လာရောက်ခြင်း ဖြစ်ပါစေသတည်း”—
ဟု ကြံစည်ဆင်ခြင်တော်မူပြီးလျှင် ဤလောက၌ ကိုယ်တော်မြတ်၏ အတုမရှိသော လက်ဦးစွာဖြစ်ပွါးသည့် အကြီးဆုံးသော ပုဂ္ဂိုလ်၏အဖြစ်ကို ထင်စွာပြတော်မူလိုသည်ဖြစ်၍ ဤဆိုလတ္တံ့သောအတိုင်း တရားဒေသနာတော်ကို ချဲ့ထွင်တိုးပွါး၍ ဟောကြားတော်မူလေသည်—
“အိုပုဏ္ဏား.. ဥပမာအားဖြင့် ကြက်မ၏ ဥရှစ်လုံး (သို့မဟုတ်) ဆယ်လုံး (သို့မဟုတ်) တဆယ့်နှစ်လုံးတို့ ရှိကြသည်ဆိုပါစို့။ ထိုဥများကို ကြက်မသည် ကောင်းစွာဝပ်ခြင်း, ကောင်းစွာ အငွေ့ပေးခြင်း, ကောင်းစွာ ကြက်နံ့ထုံစေခြင်း အလုပ်ကိစ္စ သုံးမျိုးတို့ကို ပြုအပ်ကုန်သည်ဆိုပါစို့။ (ထိုသို့ပြုသဖြင့် ကြက်ဥတို့အတွင်း၌ တည်ရှိသော) ထိုကြက်ငယ်အပေါင်းတို့တွင် ခြေသည်းဖျား နှုတ်သီးဖျားဖြင့် ဥခွံကို ရှေးဦးစွာဖောက်ခွဲ၍ ချမ်းချမ်းသာသာ ပေါက်ဖွားလာသည့် ထိုကြက်ငယ်ကို အဘယ်သို့ ခေါ်ဆိုအပ်သနည်း၊ အကြီးဟူ၍တည်း ခေါ်ဆိုအပ်သလော၊ အငယ်ဟူ၍တည်း ခေါ်ဆိုအပ်သလော”ဟု မြတ်စွာဘုရားရှင်က
၉၈
မေးမြန်းတော်မူလေလျှင် ပုဏ္ဏားကြီးသည် “အို အရှင်ဂေါတမ.. အကြီးဟူ၍ ဆိုအပ်ပါသည်။ ထိုကြက်ငယ်အပေါင်းတို့တွင် (ဥခွံကိုဖောက်ခွဲ၍ ရှေးဦးစွာ ထွက်လာသော) ထိုကြက်ငယ်သည် (ရှေးဦးစွာ ဥခွံကို ဖောက်ခွဲ၍ ထွက်လာသောကြောင့်ပင်) အကြီးဆုံးဖြစ်ပါ၏”ဟု လျှောက်ဆိုလေသည်။
ထိုအခါ မြတ်စွာဘုရားရှင်သည် “ပုဏ္ဏား.. ဤအတူပင် အဝိဇ္ဇာတည်းဟူသော ဥခွံအတွင်း၌ ရောက်ရှိတည်နေကြသော အဝိဇ္ဇာဥခွံဖြင့် ထက်ဝန်းကျင် မြှေးယှက်အပ်သည့် သတ္တဝါအပေါင်းတွင် အဝိဇ္ဇာဥခွံကို ဖောက်ခွဲ၍ ငါတဦးတည်းသာ လောက၌ အတုမရှိ လွန်မြတ်သော အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို ရှေးဦးစွာ သိမြင်ဆိုက်မြောက် ပေါက်ရောက်အပ်လေပြီ၊ ပုဏ္ဏား (သို့ရကား) ငါဘုရားသည် သတ္တလောက ရှိသမျှ သတ္တဝါအပေါင်းထက် အကြီးအမြတ်ဆုံး ဖြစ်၏”ဟူ၍ ဟောတော်မူလေသည်။
(ဤ၌။ ။ဥပမာ ဥပမေယျ စပ်ဟပ်၍ မှတ်ယူရန်မှာ- ဥပမာနဖြစ်သော ကြက်ငယ်ဖက်၌ မိခင်ဖြစ်သော ကြက်မက ဝပ်ခြင်း, ကြက်ငွေ့ပေးခြင်း, ကြက်နံ့ထုံစေခြင်း = ဤသုံးမျိုးဖြင့် စောင့်ရှောက်အပ်သည့် ထို ကြက်ဥများသည် မပုပ်ကုန်၊ ထိုကြက်ဥတို့၏ အပေါ်ရံ အစိုမြှေးသည်လည်း ခန်းခြောက်၍သွား၏၊ ဥခွံသည်လည်း တနေ့တခြား ပါး၍ ပါး၍ လာလေ၏၊ အတွင်းကြက်ငယ်၏ ခြေသည်းဖျား နှုတ်သီးဖျားတို့သည်လည်း ရင့်ကျက်မာကျော၍ လာကုန်၏၊ ကြက်ငယ်တို့သည် ကြီးရင့်၍ လာကုန်၏။ ဥခွံက တနေ့တခြား ပါး၍ ပါး၍ သွားသောကြောင့် အပြင်မှ အလင်းရောင်သည် အတွင်း၌ ကျရောက်လေ၏။ ထိုအခါ ဥခွံတွင်းရှိ ကြက်ငယ်တို့သည် “ငါတို့သည် ခြေများ အတောင်များကို ကုပ်လျက် ကြပ်တည်းကျဉ်းမြောင်းရာ၌ နေကြရသည်မှာ ကြာမြင့်လှလေပြီ၊ အပြင်အပ၌လည်း ဤအလင်းရောင်သည် ထင်၏၊ ဤအလင်း ရောင်ရှိရာ အပြင်အပ၌ ယခုအခါ ငါတို့၏ ချမ်းသာစွာနေရခြင်း ဖြစ်ပေလိမ့်မည်”ဟု ကြံစည်ကြကာ အပြင်သို့ ထွက်လိုကြပြီးလျှင် ဥခွံကို ခြေဖြင့် ကျောက်ကန်ကြကုန်၏၊ လည်ပင်းကို အတင်းဆန့်ကုန်၏၊ ထို့ကြောင့် ထိုဥခွံသည် နှစ်ဖြာထက်ခြမ်း ကွဲ၍သွားလေ၏။ ထိုအခါ ကြက်ငယ်များသည် အတောင်ကလေးများကို ခါကြလျက်
၉၉
ထိုခဏအားလျော်စွာ မြည်ကြလျက် ထွက်၍လာကြလေသည်။ ထိုထွက်၍လာကြသော ကြက်ငယ်တို့အနက် ရှေးဦးစွာထွက်လာသော ကြက်ငယ်ကို အကြီးဆုံးဟူ၍ ခေါ်ဆိုအပ်၏။
ဥပမေယျဖြစ်သော မြတ်စွာဘုရားရှင်ဖက်၌ (သီးခြားဖော်ပြမှု မပြုတော့ပြီ၊ ဥပမာန ဥပမေယျ စပ်ဟပ်၍ ဖော်ပြပေအံ့) ကြက်မ၏ မိမိဥတို့၌ ဝပ်ခြင်း, ကြက်ငွေ့ပေးခြင်း, ကြက်နံ့ထုံစေခြင်း အပြုအမူသုံးမျိုးနှင့် မြတ်စွာဘုရားရှင်၏ ဘုရားအလောင်း ဖြစ်တော်မူစဉ် မဟာဗောဓိပလ္လင်၌ ထိုင်နေတော်မူကာ ကိုယ်တော်မြတ်၏ စိတ်သန္တာန်၌ အနိစ္စ, ဒုက္ခ, အနတ္တဟူ၍ အနုပဿနာသုံးပါး ပြုတော်မူခြင်းတို့ တူကြ၏။ ။ကြက်မ၏ အပြုအမူသုံးမျိုးကို ပြုလုပ်ခြင်းကြောင့် ကြက်ဥများ မပုပ်ခြင်းနှင့် အလောင်းတော်သူမြတ်၏ အနုပဿနာသုံးပါး ပွါးများတော်မူခြင်းကြောင့် ဝိပဿနာဉာဏ်၏ မဆုတ်ယုတ်ခြင်းတို့ တူကြ၏။ ။ကြက်မ၏ အပြုအမူသုံးမျိုးကို ပြုလုပ်ခြင်းကြောင့် ကြက်ဥတို့၏ အပေါ်ရံ အစိုမြှေး ခန်းခြောက်ခြင်းနှင့် အလောင်းတော်သူမြတ်၏ အနုပဿနာသုံးပါး ပွါးများတော်မူခြင်းကြောင့် ဘဝသုံးပါး၌ တွယ်တာတပ်မက်သော နိကန္တိတဏှာအစေး ခန်းခြောက်ခြင်းတို့ တူကြ၏။ ။ကြက်မ၏ အပြုအမူသုံးမျိုးကို ပြုလုပ်ခြင်းကြောင့် ဥခွံ၏ တနေ့တခြား ပါး၍ ပါး၍ သွားခြင်းနှင့် အလောင်းတော်သူမြတ်၏ အနုပသနာသုံးပါး ပွါးများတော်မူခြင်းကြောင့် အဝိဇ္ဇာ မောဟတည်းဟူသော ဥခွံ၏ ဇောဝါရတခုထက်တခု ပါး၍ပါး၍သွားခြင်းတို့ တူကြ၏။ ။ကြက်မ၏ အပြုအမူသုံးမျိုးကို ပြုလုပ်ခြင်းကြောင့် ကြက်ငယ်၏ ခြေသည်းဖျား နှုတ်သီးဖျားတို့ ရင့်ကျက်မာကျော၍ လာခြင်းနှင့် အလောင်းတော်သူမြတ်၏ အနုပဿနာသုံးပါး ပွါးများတော်မူခြင်းကြောင့် ဝိပဿနာဉာဏ် (နှုတ်သီး)၏ ထက်မြက် ခိုင်မာ ကြည်လင် ရဲရင့်လာခြင်းတို့ တူကြ၏။ ။ကြက်မ၏ အပြုအမူသုံးမျိုးကို ပြုလုပ်ခြင်းကြောင့် ကြက်ငယ်၏ ကြီးရင့်၍ လာသောအခါနှင့် အလောင်းတော်သူမြတ်၏ အနုပဿနာသုံးပါး ပွါးများတော်မူခြင်းကြောင့် ဝိပဿနာဉာဏ်၏ ရင့်ကျက်လာသောအခါ ကြီးပွါးလာသောအခါ ဉာဏ်တရားသား ယူလာသောအခါတို့ တူကြ၏။ ။ထို့နောက် ကြက်မ၏ အပြုအမူသုံးမျိုးကို ပြုလုပ်ခြင်းကြောင့် ကြက်ငယ်၏ ဥခွံကို ခြေဖြင့်ကျောက် နှုတ်သီးဖြင့်ပေါက်ကာ ဥခွံကို ဖောက်ခွဲ၍ အတောင်ကလေးများကို ခါလျက် ချမ်းသာစွာ
၁၀၀
ပေါက်ဖွားလာသောအခါနှင့် အလောင်းတော်သူမြတ်၏ အနုပဿနာသုံးပါး ပွါးများတော်မူခြင်းကြောင့် ဝိပဿနာဉာဏ် တရားသားကို ယူစေပြီးနောက် အစဉ်အတိုင်း ဆိုက်ရောက်ရရှိအပ်သော အရဟတ္တမဂ်ဖြင့် အဝိဇ္ဇာဥခွံကို ဖောက်ခွဲ၍ အဘိညာဏ်တည်းဟူသော အတောင်တို့ကို ခါတော်မူလျက် ချမ်းချမ်းသာသာ အလုံးစုံသော ဘုရားကျေးဇူး ဂုဏ်အထူးတို့ကို မျက်မှောက်ပြုအပ်သော အခါတို့ တူကြ၏)။
ထို့နောင်မှ မြတ်စွာဘုရားရှင်သည် ဆက်လက်၍ ဝေရဉ္ဇပုဏ္ဏားကြီးအား “ဤအကျင့်ပဋိပတ်လမ်းစဉ်ဖြင့် ငါဘုရားသည် အတုမရှိ လွန်မြတ်သော အကြီးအမြတ်ပုဂ္ဂိုလ်၏အဖြစ်သို့ ရောက်ရှိသည်”ဟု ပြတော်မူရန် မဟာဗောဓိမဏ္ဍိုင်၌ အင်္ဂါလေးပါးရှိသော ဝီရိယကို ဦးတည်ကာ ဘာဝနာအလုပ် အားထုတ်တော်မူခဲ့ပုံ, ထိုသို့ အားထုတ်တော်မူသဖြင့် လောကီဈာန်တရားတို့ကို ရရှိတော်မူခဲ့ပုံ, ထိုလောကီဈာန်သမာပတ်ကို အခြေပြုကာ ဘာဝနာအလုပ် အားထုတ်တော်မူသဖြင့် (မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့) ညဉ့်ဦးယံ၌ ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်ကို ရတော်မူ၍ ထိုပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်တည်းဟူသော နှုတ်သီးဖြင့် ရှေးအတိတ် ခန္ဓာအစဉ်ကို ဖုံးလွှမ်းသည့် အဝိဇ္ဇာမောဟဥခွံကို ဖောက်ခွဲ၍ ရှေးဦးစွာ အရိယာဇာတ်အားဖြင့် မွေးဖွား ဖြစ်ပွါးတော်မူလာပုံ, ထိုနေ့ သန်းခေါင်ယံ၌ ဒိဗ္ဗစက္ခုအဘိညာဉ်ကို ရတော်မူ၍ ထိုအဘိညာဉ်တည်းဟူသော နှုတ်သီးဖြင့် စုတိပဋိသန္ဓေကို ဖုံးလွှမ်းသည့် အဝိဇ္ဇာမောဟဥခွံကို ဖောက်ခွဲ၍ နှစ်ကြိမ်မြောက် အရိယာဇာတ်အားဖြင့် မွေးဖွား ဖြစ်ပွါးတော်မူလာပုံ, ထိုနေ့ မိုးသောက်ယံ၌ အာသဝက္ခယ အမည်ရသော အရဟတ္တမဂ်ဉာဏ် (တတိယ ဝိဇ္ဇာဉာဏ်)ကို ရတော်မူ၍ ထိုဉာဏ်တည်းဟူသော နှုတ်သီးဖြင့် သစ္စာလေးပါးကို ဖုံးလွှမ်းသည့် အဝိဇ္ဇာမောဟဥခွံကို ဖောက်ခွဲ၍ သုံးကြိမ်မြောက် အရိယာဇာတ် အားဖြင့် မွေးဖွား ဖြစ်ပွါးတော်မူလာပုံတို့ကို အကျယ်အားဖြင့် ဟောကြားတော်မူလေ၏။ (ဟောကြားတော်မူပုံ အကျယ်ကို ပိဋကတ်မြန်မာပြန် ပါရာဇိကဏ်ပါဠိတော် ဝေရဉ္ဇပုဏ္ဏားအကြောင်း ပြဆိုရာအခဏ်း၌ ကြည့်ရှုမှတ်ယူရာ၏။)
၁၀၁
ဝေရဉ္ဇပုဏ္ဏားကြီး သရဏဂုံခံယူခြင်း
ဤသို့လျှင် မြတ်စွာဘုရားရှင်သည် ပုဏ္ဏားကို သနားကရုဏာ ကြီးမားတော်မူလှသဖြင့် ကိုယ်တော်မြတ်၏ အရိယာဇာတ်အားဖြင့် အကြီးဆုံး အမြတ်ဆုံး ဖြစ်တော်မူပုံကို ပု, ဒိ, အာ = ဝိဇ္ဇာသုံးပါး ထင်ရှားဖော်ပြအပ်သည့် တရားဒေသနာဖြင့် ဟောတော်မူအပ်သည်ရှိသော် ဝေရဉ္ဇပုဏ္ဏားကြီးသည် ကိုယ်ရောစိတ်ပါ ပီတိတရား ပြန့်နှံ့ပြည့်စုံကာ မြတ်စွာဘုရားရှင်၏ အရိယာဇာတ်အားဖြင့် အကြီးဆုံး အမြတ်ဆုံးပုဂ္ဂိုလ် ဖြစ်တော်မူသည့်အကြောင်းကို ကောင်းစွာ သိမြင်လတ်၍ “ငါသည် ဤသို့စဉ် လူသုံးပါး၌ အကြီးအမြတ်ဆုံးဖြစ်လျက် ခပ်သိမ်းသော ဂုဏ်ကျေးဇူးနှင့် ပြည့်စုံတော်မူသော သဗ္ဗညုမြတ်စွာဘုရားကို ‘အသက်ကြီးသူတို့အား ရှိခိုးခြင်းစသည်အမှု မပြုဘိ’ဟု ပြောမှားခဲ့လေပြီ။ အချင်းတို့.. မသိခြင်း မောဟတရားကား စက်ဆုပ်ရွံရှာဖွယ် ဖြစ်စွာ့တကား”ဟု မိမိကိုယ်ကို ကဲ့ရဲ့၍ “ဤအရှင်ဂေါတမသည် ယခုအခါ လောက၌ အရိယာဇာတ်အားဖြင့် ရှေးဦးစွာ မွေးဖွားဖြစ်ပွါးလာသူ ဖြစ်ခြင်းကြောင့် အကြီးဆုံးလည်းဖြစ်၏။ ခပ်သိမ်းသော ဂုဏ်တို့ဖြင့် အတုမရှိသောကြောင့် အမြတ်ဆုံးလည်းဖြစ်၏”ဟု ဆုံးဖြတ်ချက် ချမှတ်ပြီးလျှင် မြတ်စွာဘုရားရှင်ကို-
“အရှင်ဂေါတမသည် လောက၌ အကြီးဆုံး ဖြစ်ပါပေ၏။ အရှင်ဂေါတမသည် လောက၌ အမြတ်ဆုံး ဖြစ်ပါပေ၏။ အို အရှင်ဂေါတမ.. အလွန်နှစ်သက်ဖွယ် ရှိပါပေစွာ့၊ အို အရှင်ဂေါတမ.. အလွန်နှစ်သက်ဖွယ် ရှိပါပေစွာ့၊ အို အရှင်ဂေါတမ.. လောက ဥပမာအားဖြင့် မှောက်၍ထားအပ်သော ဝတ္ထုကို လှန်လိုက်သကဲ့သို့၎င်း, ဖုံးအုပ်ထားသော အရာဝတ္ထုကို ဖွင့်လှစ်လိုက်သကဲ့သို့၎င်း, မျက်စိလည် လမ်းမှားသောသူအား လမ်းမှန်ကို ပြောကြားလိုက်သကဲ့သို့၎င်း, ‘မျက်စိအမြင်ရှိသော သူတို့သည် အဆင်းအမျိုးမျိုးတို့ကို မြင်ကြပေလိမ့်မည်’ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ထွန်းညှိထားသကဲ့သို့၎င်း ထို့အတူပင်
၁၀၂
အရှင်ဂေါတမသည် အကျွန်ုပ်အား များစွာသော အကြောင်းဖြင့် တရားတော်ကို ထင်ရှားစွာ ဟောပြတော် မူအပ်ပါပေပြီ။ အို အရှင်ဂေါတမ.. ထိုအကျွန်ုပ်သည် အရှင်ဂေါတမကို၎င်း, တရားတော်ကို၎င်း, ရဟန်းသံဃာတော်ကို၎င်း ကိုးကွယ်လည်းလျောင်း ပုန်းအောင်းရာဟူ၍ ဆည်းကပ် သိမှတ်ပါ၏။ အရှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့ကစ၍ အသက်ရှည်သမျှ ကာလပတ်လုံး သရဏဂုံတည်သူ ဥပါသကာဟူ၍ မှတ်ယူတော်မူပါလော့”—
ဟု နှုတ်မြွက်ကာ သရဏဂုံ ခံယူပြီးလျှင် “အရှင်ဂေါတမသည် ရဟန်းသံဃာနှင့်တကွ အကျွန်ုပ်အား ချီးမြှောက်ရန် ဝေရဉ္ဇာပြည်၌ ဝါဆိုခြင်းကိုလည်း သည်းခံ (လက်ခံ)တော်မူစေချင်ပါသည်”ဟူ၍ တောင်းပန်စကား လျှောက်ထားလေသည်။ မြတ်စွာဘုရားရှင်သည် ဆိတ်ဆိတ်နေခြင်းဖြင့် ပုဏ္ဏားလျှောက်ချက်အရ ဝေရဉ္ဇာပြည်၌ ဝါကပ်ရန် လက်ခံတော်မူ၏။ ထိုအခါ ဝေရဉ္စပုဏ္ဏားကြီးသည် “အကယ်၍ ရဟန်းဂေါတမသည် ငါ၏လျှောက်ထားချက်ကို လက်မခံလျှင် ကိုယ်ဖြင့်ဖြစ်စေ, နှုတ်ဖြင့်ဖြစ်စေ ပယ်မြစ်လေရာ၏၊ ယခုမူ မပယ်မြစ်ပဲ အတွင်း၌ နှစ်သက်လက်ခံမှုကို ဆောင်ရကား ငါ၏လျှောက်ထားချက်ကို စိတ်ဖြင့်ပင် လက်ခံတော်မူ၏”ဟူ၍ အခြင်းအရာကိုမှတ်သားမှု၌ လိမ္မာသူဖြစ်သောကြောင့် မြတ်စွာဘုရားရှင်၏ လက်ခံတော်မူမှုကို သိရှိပြီးလျှင် မိမိနေရာမှထ၍ ရှေ့နောက်၀ဲယာ= လေးမျက်နှာအရပ်တို့၌ မြတ်စွာဘုရားရှင်ကို ရိုသေစွာ ရှိခိုးပြီးနောက် လက်ျာရစ် သုံးပတ်လှည့်လည်ပြီးလျှင် ဘုရားထံမှောက် ရောက်ချိန်ကစ၍ အရွယ်ကြီးသော ပုဏ္ဏားတို့အား ရှိခိုးခြင်းစသည်အမှု မပြုဘိဟူ၍ ကဲ့ရဲ့ခဲ့ငြားသော်လည်း ယခုအခါမှာမူ မြတ်စွာဘုရားရှင်၏ ဂုဏ်ကျေးဇူးများကို ပိုင်းခြားသိမြင်ကာ ကိုယ်နှုတ်နှလုံး သုံးဒွါရတို့ဖြင့် အကြိမ် များစွာ ရှိခိုးရပါသော်လည်း တင်းတိမ်ရောင့်ရဲခြင်း အလျှင်းမရှိပဲ လက်အုပ်ကို ဦးခေါင်း၌ မြှောက်တင်ကာ ဘုရားရှင်ကို မြင်ရသလောက် ဘုရားရှင်ဖက်သို့ မျက်နှာမူ နောက်ဆုတ်သွားခဲ့၍
၁၀၃
မြင်လောက်သော ဥပစာကိုလွန်မှ နောက်ဆုံး အားရစွာ ရှိခိုးပြီး ဖဲသွားလေတော့၏။
မြတ်စွာဘုရားရှင်သည်လည်း ထိုသို့ ဝေရဉ္ဇပုဏ္ဏား လျှောက်ထား တောင်းပန်ချက်အရ ၁၂-ခုမြောက် ဒွါဒသမဝါကို ထိုဝေရဉ္ဇာပြည်၌ ရဟန်းငါးရာနှင့် ကပ်ဆိုတော်မူလေ၏။
ဝေရဉ္ဇာပြည်၌ ဒုဗ္ဘိက္ခဘေးရောက်ခြင်း
ထိုစဉ်အခါ ဝေရဉ္ဇာပြည်သည် အစာခေါင်းပါး၏၊ အသက်မွေးရန် ခဲယဉ်း၏၊ ဖွေးဖွေးဖြူသော အရိုးရှိ၏၊ စာရေးတံလက်မှတ်ဖြင့် အသက်မွေးရ၏။ (သို့ရကား) ရဟန်းတော်များအဖို့ရာ သပိတ်လက်စွဲ၍ ဆွမ်းခံခြင်းဖြင့် မျှတရန် မလွယ်ကူချေ။
ထိုအခါ ဥတ္တရာပထတိုင်းသား မြင်းကုန်သည်များသည် မြင်းငါးရာတို့နှင့်အတူ ဝေရဉ္ဇာပြည်၌ မိုးခိုကြကုန်၏။ ထိုမြင်းကုန်သည်တို့သည် မြင်းဝိုင်းတို့၌ ရဟန်းတို့အား တစလယ် တစလယ်စီသော ရိက္ခာမုယောဆန်ကို ဝတ်တည်ကြကုန်၏။ ရဟန်းတို့သည် နံနက်အခါ၌ ဝေရဉ္ဇာပြည်သို့ ဆွမ်းခံဝင်၍ ဆွမ်းမရကြကုန်သော် မြင် ဝိုင်းတို့၌ ဆွမ်းခံလှည့်လည်၍ တစလယ် တစလယ်စီသော ရိက္ခာမုယောဆန်ကို (ရရှိကြကာ) အရံတွင်းသို့ ယူဆောင်ခဲ့ကြပြီးလျှင် ဆုံငယ်၌ ထောင်း၍ ထောင်း၍ သုံးဆောင်ကြကုန်၏။
(ဤ၌ အထူးမှတ်ရန်မှာ- ထိုဝေရဉ္ဇာပြည်အရပ်၌ မိုးလေးလ ကာလအတွင်း မိုးအလွန်များခြင်းကြောင့် ခရီးရှည် မသွားနိုင်ကြ၊ ထို့ကြောင့် ဥတ္တရာပထတိုင်းသား မြင်းကုန်သည်များသည် ဝေရဉ္ဇာပြည်၌ မိုးခိုကြရသည်။ ထိုသို့ မိုးခိုကြရာမှာလည်း မြို့၏ပြင်ပ ရေမလွှမ်းမည့်အရပ်၌ မိမိတို့နေရန် အိမ်များ မြင်းများထားရန် တဲများ ဆောက်လုပ်စေပြီး စည်းစောင်းရန်း ကာရံ၍ထားကြလေသည်။ ထိုမြင်းကုန်သည်တို့ နေရာများကို မြင်းဝိုင်းများဟု အသိအမှတ်ပြုအပ်ကြလေသည်။
ထိုမြင်းကုန်သည်များသည် မုယောဆန်ကို အချိန်ကြာမြင့်စွာခံရန် ပိုးမထိုးရန် ပေါင်း၍ ဖွဲမပါအောင်ပြု၍ (ဖွပ်၍) မြင်းမြက်မရနိုင်သော နေရာ၌ မြင်းစားပြုလုပ်ရန် ယူဆောင်ခဲ့ကြလေသည်။ ထိုမြင်းကုန်သည် (ဥတ္တရာပထတိုင်းသား)များကား ဒက္ခိဏာပထတိုင်းသားများကဲ့သို့
၁၀၄
သဒ္ဓါတရား မခေါင်းပါးကြ၊ သဒ္ဓါတရားရှိသူများ ရတနာသုံးပါးကို မြတ်နိုးသူများ ဖြစ်ကြသည်။ ထိုမြင်းကုန်သည်တို့သည် နံနက်အခါ ပြုဖွယ်ကိစ္စတခုဖြင့် မြို့တွင်းသို့ ဝင်ကြသည်တွင် နှစ်ရက် သုံးရက်ဆက်ကာ ရဟန်းတော်များ ခုနစ်ပါးတစု ရှစ်ပါးတစု မြို့တွင်း၌ ဆွမ်းခံလှည့်ကြသော်လည်း တစိုးတစိ မရရှိကြသည်ကို တွေ့ရ၍ “အရှင်ကောင်းတို့သည် ဤဝေရဉ္ဇာပြည်ကို အမှီပြု၍ ဝါကပ်တော်မူကြကုန်၏။ ဒုဗ္ဘိက္ခဘေးကလည်း ဆိုက်ရောက်လျက်ရှိ၏၊ တစိုးတစိမျှ မရရှိကြသဖြင့် အလွန် ပင်ပန်းတော်မူကြကုန်၏။ ငါတို့ကလည်း ဧည့်သည်များ ဖြစ်ကြသည့်အတွက် ထိုအရှင်တို့အဖို့ရာ နေ့စဉ်ရက်ဆက် ယာဂုကို၎င်း, ဆွမ်းကို၎င်း မစီမံနိုင်ကြကုန်။ ငါတို့မြင်းများကား ညဉ့်တကြိမ် နေ့တကြိမ် = နှစ်ကြိမ်တိုင်တိုင် အစာကို ရရှိကြကုန်၏။ ငါတို့သည် မြင်းတကောင် တကောင်၏ နံနက်စာထဲမှ ရဟန်းတော် တပါးတပါးအား တစလယ် တစလယ်သော မုယောဆန်ကို လှူဒါန်းရမူ ကောင်းလေစွာ့၊ ဤသို့ပြုသည်ရှိသော် အရှင်ကောင်းတို့သည်လည်း ပင်ပန်းကြလိမ့်မည်မဟုတ်၊ မြင်းတို့သည်လည်း မျှတကြလိမ့်မည်”ဟု ကြံစည် တိုင်ပင်ကြပြီးလျှင် ရဟန်းတို့ထံ သွားကြ၍ ဤအကြောင်းကို လျှောက်ထားကြပြီးနောက် “အရှင်တို့ဘုရား.. အရှင်ဘုရားတို့သည် တစလယ် တစလယ်သော ရိက္ခာမုယောဆန်ကို ခံယူကြပြီးလျှင် သင့်လျော်သလို ပြုလုပ် သုံးဆောင်တော်မူကြပါဘုရား”ဟု တောင်းပန် လျှောက်ထားကြ၍ နေ့တိုင်း နေ့တိုင်း ရဟန်းတပါးတပါးလျှင် တစလယ် တစလယ်စီသော ရိက္ခာမုယောဆန်ကို အလှူဝတ်တည်ထားကြလေ၏။
ရဟန်းတို့သည် နံနက်အခါ ဝေရဉ္ဇာပြည်အတွင်း ဆွမ်းခံဝင်ကြသည်ရှိသော် တမြို့လုံး လှည့်၍လည်း ဆွမ်းကိုမဆိုထားဘိ ယုတ်စွာ့အဆုံး “ကန်တော့ပါသေး၏”ဟူသော ကန်တော့ဆွမ်းကိုမျှ (စကားကိုမျှ) မရကြပဲ မြို့ပြင်ပ မြင်းဝိုင်းများသို့ ကြွရောက် ဆွမ်းခံကြသောအခါမှ တစလယ် တစလယ်စီသော ရိက္ခာမုယောဆန်ကို ရရှိခဲ့ကြကာ ကျောင်းအရံသို့ ဆောင်ယူခဲ့ကြ၍ ယာဂုကျို ဆွမ်းချက်ပေးမည့် ကပ္ပိယကာရကလည်းမရှိ ကိုယ်တိုင်ကျိုချက်ရန်လည်း မလျောက်ပတ် မအပ်စပ်ရကား “ဤနည်းဖြင့် ငါတို့အား ပေါ့ပါးသော အသက်မွေးမှု = သလ္လဟုကဝုတ္တိလည်း ဖြစ်ပေလိမ့်မည်၊ ကိုယ်တိုင်ချက်ပြုတ်ခြင်း = သာမပါက ဒုက္ကဋ်အာပတ်မှလည်း လွတ်ပေလိမ့်မည်”ဟု ကြံစည်တော်မူကြကာ ရှစ်ပါးတစု ဆယ်ပါးတစု ပေါင်းစုကြ၍ ဆုံငယ်၌ မုယောဆန်ကို ထောင်းကြပြီးလျှင် အသီးသီး သက,သက ရရှိသောဝေစုကို
၁၀၅
ရေဖြင့်ဖျော်၍ သုံးဆောင်ကြလေသည်။ ထိုသို့ သုံးဆောင်ကြပြီး ကြောင့်ကြမှုမရှိကြပဲ ရဟန်းတရား ပွါးများကြိုးကုတ် အားထုတ် နေထိုင်တော်မူကြလေသည်။)
မြတ်စွာဘုရားရှင်၏ အတွက်ကား မြင်းကုန်သည်များသည် တစလယ်သော ရိက္ခာမုယောဆန်နှင့် ထိုအားလျော်သော ထောပတ်, ပျား, သကာတို့ကို လှူဒါန်းကြလေသည်။ ထိုမုယောဆန်နှင့် ထောပတ်, ပျား, သကာကို အရှင်အာနန္ဒာမထေရ်သည် ယူဆောင်ခဲ့၍ ကျောက်ပျဉ်၌ ကြိတ်လေသည်။ ဘုန်းကံရှိသူ ပညာရှင်ပုဂ္ဂိုလ် ပြုလုပ်စီမံအပ်သော အရာသည် နှစ်သက်ဖွယ်ရှိမြဲ ဓမ္မတာတည်း။ မုယောဆန်ကို ကြိတ်ပြီးလျှင် ထောပတ်-စသည်တို့နှင့် ရောစပ်၍ မြတ်စွာဘုရားရှင်အား ဆက်ကပ်လေသည်။ ထိုအခါ နတ်များသည် ထိုမုယောမှုန့်အတွင်း၌ နတ်ဩဇာကို ထည့်ကြလေသည်။ ထိုမုယောမှုန့်ကိုပင် မြတ်စွာဘုရားရှင်သည် ဘုဉ်းပေး သုံးဆောင်တော်မူပြီးလျှင် ဖလသမာပတ်ကို ၀င်စား၍ အချိန်ကို ကုန်လွန်စေတော်မူသည်။ ထိုဒုဗ္ဘိက္ခဘေး ဆိုက်ရောက်ချိန်ကစ၍ ဆွမ်းခံကြွတော်မမူ။
(ဤ၌။ ။အရှင်အာနန္ဒာသည် ထိုဝေရဉ္ဇာပြည်၌ ဝါကပ်ချိန်မှာ မြတ်စွာဘုရားရှင်၏ အလုပ်အကျွေး ဥပဋ္ဌာက ဖြစ်သလောဟု မေးဖွယ်ရှိ၏။ အဖြေကား.. အလုပ်အကျွေးတော့ ဖြစ်ပါ၏၊ အလုပ်အကျွေး ဥပဋ္ဌာကရာထူးကိုတော့ မရသေးပါ။ ချဲ့ဦးအံ့- မြတ်စွာဘုရားရှင်မှာ ပဌမဗောဓိ (ဝါတော်နှစ်ဆယ်)အတွင်း၌ အမြဲအလုပ်အကျွေးဟူ၍ မရှိ၊ တရံတခါ နာဂသမာလ မထေရ်သည် မြတ်စွာဘုရားရှင်ကို ပြုစုလုပ်ကျွေး၏၊ တရံတခါ အရှင်နာဂိတမထေရ်, တရံတခါ အရှင်မေဃိယမထေရ်, တရံတခါ အရှင်ဥပဝါနမထေရ်, တရံတခါ သာဂတမထေရ်, တရံတခါ လိစ္ဆဝီမင်းသား သုနက္ခတ္တရဟန်းသည် မြတ်စွာဘုရားရှင်ကို ပြုစုလုပ်ကျွေး၏။ ထိုရဟန်းတို့သည် မိမိတို့အလိုအတိုင်း ပြုစုလုပ်ကျွေးကြပြီး အလိုရှိသောအခါ ဖဲခွါ၍ သွားကြလေသည်။
အရှင်အာနန္ဒာမထေရ်သည် ဖော်ပြရာပါ ထိုထိုရဟန်းတို့ ပြုစုလုပ်ကျွေးကြစဉ် ကြောင့်ကြမဲ့ နေတော်မူ၍ ထိုရဟန်းတို့ ဖဲသွားကြလေသော် ကိုယ်တိုင်ပင် ဝတ်ကြီးဝတ်ငယ်ကို ပြုတော်မူလေသည်။ မြတ်စွာဘုရားရှင်ကလည်း “ငါ၏ ဆွေမျိုးမြတ်ဖြစ်သော အာနန္ဒာထေရ်သည်
၁၀၆
အပြုအစု အလုပ်အကျွေး = ဥပဋ္ဌာကရာထူးကို မရရှိသေးသော်လည်း ဤသို့သဘောရှိသည့် ပြုစုလုပ်ကျွေးဖို့ရန် အရာဌာနတို့၌ ဤအာနန္ဒာထေရ်သာလျှင် အသင့်လျော်ဆုံး ဖြစ်သည်”ဟု ဆင်ခြင်တော်မူကာ လက်ခံတော်မူလေသည်။ ထို့ကြောင့် ယခုဝေရဉ္ဇာပြည်၌ ဝါကပ်ချိန်မှာလည်း အခြား အလုပ်အကျွေး ရဟန်းများ မရှိခိုက်ဖြစ်၍ အရှင်အာနန္ဒာသည် မြတ်စွာဘုရားရှင်အတွက် မုယောဆန်ကို ကျောက်ပျဉ်၌ကြိတ်၍ ထောပတ်, ပျား, သကာနှင့် ရောစပ်ပြီး ဆက်ကပ်လေသည်။ မြတ်စွာဘုရားရှင်သည် ထိုအရှင်အာနန္ဒာဆက်ကပ်သည့် မုယောမှုန့်ကို ဘုဉ်းပေး သုံးဆောင်တော်မူကာ ဖလသမာပတ်ဖြင့် အချိန်ကို ကုန်လွန်စေတော်မူသည်။
ဤအရာ၌ ဤဆိုလတ္တံ့သောအတိုင်း အမေးအဖြေကို အထူးသိမှတ်ရာ၏-
(မေး) လူများသည် ငတ်မွတ်ခေါင်းပါးသော အခါ၌ လွန်စွာပင် အားထုတ်၍ ကောင်းမှုတို့ကို ပြုကြသည်မဟုတ်လော၊ ကိုယ်တိုင်က မသုံးဆောင်ပဲလည်း ရဟန်းတို့အား ပေးလှူသင့်၏ဟု အောက်မေ့ကြသည် မဟုတ်လော။ ထိုလူများသည် မြတ်စွာဘုရားရှင် ဝေရဉ္ဇာပြည်၌ ဝါကပ်တော်မူသောအခါ အဘယ့်ကြောင့် တယောက်ချိုသော ဆွမ်းကိုမျှ မလှူဒါန်းကြသနည်း။ ဤဝေရဉ္ဇပုဏ္ဏားကြီးသည်လည်း ကြီးစွာသော လုံ့လဖြင့် မြတ်စွာဘုရားရှင်ကို ဝါကပ်ဆိုရန် တောင်းပန်ခဲ့ပါလျက် အဘယ့်ကြောင့် မြတ်စွာဘုရားရှင် ရှိသည်ကိုမျှလည်း မသိပါသနည်း။
(ဖြေ) မာရ်နတ်ပူးဝင်ကာ လှည့်ပတ်ထားခြင်းကြောင့်လူအများရော ဝေရဉ္ဇပုဏ္ဏားပါ မေ့လျော့နေကြခြင်းဖြစ်သည်။ ထင်ရှားစေဦးအံ့- မြတ်စွာဘုရားရှင်အထံတော်မှ ဖဲခွါလျှင် ဖဲခွါခြင်း ဝေရဉ္ဇပုဏ္ဏားကြီးကို၎င်း, ဝေရဉ္ဇာပြည်သူပြည်သား လူအများကို၎င်း, ဝေရဉ္စာပြည်၏ ပတ်ဝန်းကျင် တယူဇနာအတွင်း နံနက်ခင်း ဆွမ်းခံလှည့်လည် သွားနိုင် ပြန်နိုင်သော အရပ်အတွင်းရှိ လူအများကို၎င်း ထိုအလုံးစုံသော လူအပေါင်းကို မာရ်နတ်သည် ပူးဝင် တွေဝေစေ၍ ထိုလူအပေါင်းတို့အား မြတ်စွာဘုရားရှင်နှင့် သံဃာတော်တို့ကို သတိမရ အမှတ်မရအောင် ပြုလုပ်ပြီးလျှင် ဖဲသွားလေ၏၊ ထို့ကြောင့် တစုံတယောက်သောသူမျှ အယုတ်သဖြင့် အရိုအသေမှု ပြုရန်ပင် အမှတ်မရပဲ ရှိလေသည်။
၁၀၇
(မေး) မြတ်စွာဘုရားရှင်သည်လည်း မာရ်နတ်၏ ပူးဝင် လှည့်ပတ်ခြင်းကို မသိမူ၍သာလျှင် ထိုဝေရဉ္ဇာပြည်၌ ဝါကပ်တော်မူသလော။
(ဖြေ) မသိ၍ ဝါကပ်တော်မူသည်မဟုတ်၊ သိလျက်နှင့်ပင် ဝါကပ်တော်မူခြင်း ဖြစ်သည်။
(မေး) ထိုသို့ မာရ်နတ်လှည့်ပတ် ပူးဝင်မည်ကို သိတော်မူပါလျက် အဘယ့်ကြောင့် စမ္ပာပြည်, သာဝတ္ထိပြည်, ရာဇဂြိုဟ်ပြည် အစရှိသည်တို့တွင် တပြည်ပြည်၌ ဝါကပ်တော်မမူပဲ ဝေရဉ္ဇာပြည်၌သာ ဝါကပ်တော် မူပါသနည်း။
(ဖြေ) စမ္မာပြည်, သာဝတ္ထိပြည်, ရာဇဂြိုဟ် စသည်တို့ကို မဆိုထားဘိဦး၊ ထိုနှစ် ထိုဝါ၌ မြတ်စွာဘုရားရှင်သည် ဥတ္တရကုရု မြောက်ကျွန်းသို့ဖြစ်စေ, တာဝတိံသာ နတ်ပြည်သို့ဖြစ်စေ ကြွရောက်၍ ဝါကပ်လျှင်လည်း ထိုဝါကပ်ဆိုရာ မြောက်ကျွန်းသူ မြောက်ကျွန်းသား တာဝတိံသာ နတ်များကိုလည်း မာရ်နတ်သည် လှည့်ပတ်ပူးဝင်မည်သာဖြစ်၏။ ထိုမာရ်နတ်သည်ကား ထိုနှစ်အဖို့ရာ လွန်လွန်မင်းမင်း မြတ်စွာဘုရားရှင် အပေါ်၌ ရန်ငြိုးအာဃာတ ဒေါသတရားဖြင့် လွှမ်းမိုးနှိပ်စက်အပ်သော စိတ်ရှိလေသည်။ ဤဝေရဉ္ဇာပြည်၌ကား မြတ်စွာဘုရားရှင်သည် “မြင်းကုန်သည်များသည် ရဟန်းတို့အား ချီးမြှောက်ပူဇော်မှု ပြုကြလိမ့်မည်”ဟူသော ဤအကြောင်းကို သိမြင်တော်မူလေသည်။ ထို့ကြောင့် ဝေရဉ္ဇာပြည်၌သာ ဝါကပ်ဆိုတော်မူလေသည်။
(မေး) ဆက်၍ မေးဦးအံ့- မာရ်နတ်သည် မြင်းကုန်သည်များကို ပူးဝင် လှည့်ပတ်ခြင်းငှါ မစွမ်းနိုင်ဘူးလော။
(ဖြေ) မစွမ်းနိုင်သည်မဟုတ်၊ စွမ်းနိုင်သည်သာဖြစ်၏၊ စင်စစ်သော်ကား ထိုမြင်းကုန်သည်များသည် မာရ်နတ်ပူးဝင် လှည့်ပတ်ပြီးမှ ဝေရဉ္ဇာပြည်သို့ ရောက်ရှိလာကြလေသည်။
(မေး) နောက်မှ ရောက်လာသော်လည်း မာရ်နတ်သည် မြင်းကုန်သည်များကို တဖန်ပြန်ဖြစ်၍ အဘယ့်ကြောင့် မပူးဝင် မလှည့်ပတ်သနည်း။
(ဖြေ) မစွမ်းနိုင်သောကြောင့် မပူးဝင် မလှည့်ပတ်ခြင်း ဖြစ်သည်။ ချဲ့ဦးအံ့- မာရ်နတ်သည် မြတ်စွာဘုရားရှင်၏အတွက်
၁၀၈
(၁) ချက်ပြုတ်ပြီး ဆက်ကပ်ရန် ယူဆောင်လာသော ဆွမ်း၏၎င်း, (၂) “ဤမျှ ကာလပတ်လုံး မြတ်စွာဘုရားရှင်အား ပေးလှူကုန်အံ့”ဟု ဆုံးဖြတ်ချက် ချမှတ်ကာ အမြဲ ဆွမ်းဝတ်အနေဖြင့် ပိုင်းခြားသတ်မှတ်၍ ထားအပ်သော အလှူဒါန၏၎င်း, (၃) “ဤဝတ္ထုသည် မြတ်စွာဘုရားရှင်၏ ပစ္စည်းလေးပါး သုံးဆောင်ရန် လှူဒါန်း အပ်သည့် ဝတ္ထုဖြစ်သည်”ဟု ပြောဆို နှုတ်မြွက်ကာ ကျောင်းသို့ယူဆောင်၍ လှူဒါန်းအပ်သော ဝတ္ထု၏၎င်း ဘယ်နည်းဖြင့်မျှ အန္တရာယ်ကို မပြုနိုင်။
ချဲ့ဦးအံ့– ဖော်ပြလတ္တံ့သော အရာဝတ္ထု လေးပါးတို့အတွက် တစုံတယောက်သောသူမျှ အန္တရာယ်ကို မပြုနိုင်၊ လေးပါးတို့ဟူသည်မှာ- (၁) မြတ်စွာဘုရားရှင်အတွက် ယခု ကပ်လှူအံ့ဆဲဆဲ ရှေးရှုဆောင်ယူအပ်သော ဆွမ်းအနေဖြင့်၎င်း, နိဗဒ္ဓအလှူဖြစ်ရန် စီမံဆုံးဖြတ် အပ်နှံထားသော အနေဖြင့်၎င်း စွန့်လှူအပ်ကုန်သော ပစ္စည်းလေးပါးတို့၏ အန္တရာယ်ကို တစုံတယောက်မျှ မပြုနိုင်ချေ။ (၂) မြတ်စွာဘုရားရှင်တို့၏ ပွင့်ရာအာယုကပ် အသက်တမ်းကို ငါးပုံပြု၍ လေးစု လေးပုံ တည်နေမြဲဖြစ်သော အသက်တော်၏ အန္တရာယ်ကို တစုံတယောက်မျှ မပြုနိုင်ချေ၊ (အသက် အနှစ်တရာတမ်း ပွင့်တော်မူသော ငါတို့မြတ်စွာဘုရားရှင်၏ အနှစ်တရာကို ငါးပုံပြု၍ လေးစုဖြစ်သော နှစ်ပေါင်းရှစ်ဆယ် တည်နေရမည့် အသက်တော်ကို နှစ်ပေါင်းရှစ်ဆယ် မပြည့်မီအကြား၌ သန္တာန်ပြတ်သွားအောင် ဖျက်ဆီးမှုအန္တရာယ်ကို ပြုရန် မည်သူမျှ မစွမ်းနိုင်ဟု ဆိုလိုသည်)၊ (၃) မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်၏ လက္ခဏာကြီးငယ်နှင့်တကွ ကိုယ်တော်ရောင်၏ အန္တရာယ်ကို တစုံတယောက်မျှ မပြုနိုင်ချေ။ မှန်၏- လ နေ နတ် ဗြဟ္မာတို့၏ အရောင်သည်လည်း မြတ်စွာဘုရားရှင်၏ လက္ခဏာတော်ကြီးငယ်နှင့် ကိုယ်တော်ရောင်၏ တောက်ပရာအရပ်သို့ ရောက်ရှိလာလျှင် ကွယ်ပျောက်ကြရလေသည်၊ (၄) မြတ်စွာဘုရားရှင်တို့၏ သဗ္ဗညုတဉာဏ်တော်၏ အန္တရာယ်ကို တစုံတယောက်မျှ မပြုနိုင်ချေ၊ ဤဖော်ပြရာပါ မြတ်စွာဘုရားရှင်၏ (၁) ပစ္စည်းလေးရပ် (၂) အသက်တော် (၃) လက္ခဏာကြီးငယ်နှင့် ရောင်ခြည်တော် (၄) သဗ္ဗညုတ ရွှေဉာဏ်တော် ဤလေးပါးသော အရာဝတ္ထုတို့အတွက် တစုံတယောက်သောသူမျှ အန္တရာယ်ကို မပြုနိုင်၊ ထို့ကြောင့် မာရ်နတ် အန္တရာယ်မပြုနိုင်သော မုယောဆန်ဆွမ်းကို ထိုဝေရဉ္ဇာပြည်၌ မြတ်စွာဘုရားရှင်သည် တပည့်ရဟန်းသံဃာ ငါးရာတို့နှင့်တကွ ဘုဉ်းပေး သုံးဆောင်တော်မူ၏ဟု မှတ်ယူရာ၏။)
၁၀၉
ဒုဗ္ဘိက္ခဝဋ်တော်ပါခြင်း၏ ရှေးကံအကြောင်း
ဤကဲ့သို့ မြတ်စွာဘုရားရှင် ရဟန်းငါးရာနှင့်တကွ ဝေရဉ္ဇာပြည်၌ ဒုဗ္ဘိက္ခဝဋ်တော် ပါရခြင်းမှာလည်း လွန်ခဲ့သော ကိုးဆယ့်နှစ်ကမ္ဘာထက်ဝယ် ဖုဿဘုရားရှင်၏ သာသနာတော်ခေတ်အတွင်း အလောင်းတော်သူမြတ်မှာ မိတ်ဆွေမကောင်းတို့နှင့် ပေါင်းသင်းမိသည့်အတွက် လူပျက်လူဆိုးတဦးဖြစ်ကာ ဖုဿမြတ်စွာဘုရားရှင်၏ တပည့်သာဝက ရဟန်းတော်တို့ကို “မုယောဆွမ်းကြမ်းကို ခဲကြကုန်လော့၊ စားကြကုန်လော့။ သလေးဆွမ်းကောင်းတို့ကို မစားကြကုန်လင့်”ဟု ရေရွတ်စကား ပြောမှားခဲ့ဘူးလေသည်။ ထိုမကောင်းမှု အကုသိုလ်ကံကြောင့် ယခု ဝေရဉ္ဇာပြည်၌ ၀ါကပ်တော်မူသောအခါ ဒုဗ္ဘိက္ခဘေးနှင့် ရင်ဆိုင် တွေ့တော်မူရလေသည်။ (ခု ၃။ အပဒါနပါဠိ၊ ၃၄၉-မျက်နှာ၌ ထိုအကြောင်း တိုက်ရိုက်လာရှိသည်)။
မြတ်စွာဘုရားရှင် ကောင်းကြီးပေးတော်မူခြင်း
မြတ်စွာဘုရားရှင်သည် ဆုံငယ်ထောင်းသံကို ကြားတော်မူလေပြီ။
မြတ်စွာဘုရားရှင်တို့သည် သိလျက်လည်း မေးတော်မူကုန်၏၊
သိလျက်လည်း မေးတော်မမူကုန်။ (မသိသောအရာကား မရှိ)။
အခါကိုသိ၍ မေးတော်မူကုန်၏။
အခါကိုသိ၍ မေးတော်မမူကုန်။
မြတ်စွာဘုရားရှင်တို့သည် အကျိုးနှင့် စပ်သည်ကိုသာ မေးတော်မူကုန်၏၊ အကျိုးနှင့် မစပ်သည်ကိုကား မေးတော်မမူကုန်။ (အကျိုးရှိမည့်အရာကိုသာ မေး၍ အကျိုးမရှိမည့်အရာကို မမေးဟု ဆိုလိုသည်)။
၁၁၀
အကျိုးနှင့်မစပ်သော စကားအရာ၌ မြတ်စွာဘုရားရှင်တို့သည် မဂ်ဖြင့် ပယ်သတ်ခြင်းအမှုကို ပြုအပ်ပြီး ဖြစ်ကုန်၏။
“တရားကိုသော်လည်း ဟောကုန်အံ့၊ တပည့် သာဝကတို့အား သိက္ခာပုဒ်ကိုသော်လည်း ပညတ်ကုန်အံ့”ဟူသော အကြောင်းနှစ်မျိုးတို့ဖြင့် မြတ်စွာဘုရားရှင်တို့သည် ရဟန်းတို့ကို မေးတော်မူကုန်၏။
ထိုအခါ မြတ်စွာဘုရားရှင်သည် အရှင်အာနန္ဒာကို “ချစ်သားအာနန္ဒာ.. ယခုကြားရသော ဆုံငယ်သံသည် အဘယ်ပြုသော အသံနည်း”ဟု မေးတော်မူလေလျှင် အရှင်အာနန္ဒာသည် မြတ်စွာဘုရားရှင်အား ရှေးဖော်ပြရာပါ အကြောင်းအရာကို ဖြေကြား လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည်-
“အာနန္ဒာ.. ကောင်းစွာ့၊ ကောင်းစွာ့၊ အာနန္ဒာ.. သူတော်ကောင်းဖြစ်ကြသော သင်တို့သည် (အစာခေါင်းပါးခြင်း, လိုချင်ခြင်း, အလိုဆိုးသို့ လိုက်ပါခြင်း အလျှင်းပင် မပြုကြသဖြင့်) သလေးဆန်ဖြင့် ချက်အပ်သည့် သားပြွမ်းဆွမ်း (=ဒန်ပေါက်ဆွမ်း)ကို အောင်နိုင်အပ်ပြီ။ ယင်းသို့ သင်ချစ်သား သူတော်ကောင်းတို့ အောင်နိုင်အပ်ပြီးဖြစ်သည့် သလေးသားပြွမ်းဆွမ်း (=ဒန်ပေါက်ဆွမ်း)ကို နောင်လာနောက်သားများကား အထင်သေးကြလိမ့်ဦးမည်”–
ဟူ၍ မိန့်ဆိုတော်မူလေ၏။
အရှင်မဟာမောဂ္ဂလာန်၏ ရဲရဲတောက် လျှောက်ထားချက်
အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်ကား ရဟန်းပြုပြီးနောက် ခုနစ်ရက်မြောက်သောနေ့၌ သာဝကပါရမီဉာဏ် အထွတ်အထိပ်သို့ ရောက်တော်မူသော ပုဂ္ဂိုလ်မြတ်ဖြစ်ပေသည်။ မြတ်စွာဘုရားရှင်ကလည်း တန်ခိုးကြီးသည်၏အဖြစ်
၁၁၁
(တန်ခိုးကြီးသောအရာ)၌ ဧတဒဂ် ထားတော်မူအပ်သည်။ ထိုအရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်သည် မိမိ၏ တန်ခိုးကြီးမြတ်မှုကို အမှီပြု၍ “ယခုအခါ ဤဝေရဉ္ဇာပြည်သည် အစာခေါင်းပါး၏၊ ရဟန်းတို့သည်လည်း ပင်ပန်းကုန်၏၊ ငါသည် မြေကြီးကိုလှန်၍ အောက်အပြင်ရှိ မြေဆီမြေလွှာ မြေဩဇာကို ကျွေးရမူ ကောင်းလေစွာ့”ဟု ကြံစည်ပြီးနောက် ဆက်၍တဖန် “ငါသည် ဘုရားရှင်ထံ၌ နေသူဖြစ်လျက် မြတ်စွာဘုရားရှင်ကို မတောင်းပန်ပဲ ဤသို့ပြုမူလျှင် ထိုပြုမူချက်သည် ငါ့အား မသင့်လျော်ချေ၊ မြတ်စွာဘုရားရှင်နှင့် အပြိုင်ပြုမူသကဲ့သို့ ဖြစ်ပေလိမ့်မည်”ဟု အကြံဖြစ်ကာ မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ သွားရောက်ဝပ်လျှိုး ရှိခိုးပြီးလျှင် သင့်လျောက်ပတ်ရာအရပ်၌ ထိုင်နေပြီးသော် မြတ်စွာဘုရားရှင်ကို-
“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ယခုအခါ ဝေရဉ္ဇာပြည်သည် အစာခေါင်းပါး၏။ အသက်မွေးရန် ခဲယဉ်း၏၊ ဖွေးဖွေးဖြူသော အရိုးရှိ၏၊ စာရေးတံလက်မှတ်ဖြင့် အသက်မွေးရ၏၊ သပိတ်လက်စွဲ၍ ဆွမ်းခံခြင်းဖြင့် မျှတရန် မလွယ်ကူချေ။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဤမြေကြီး၏ အောက်အပြင်သည် ပျားကောင် ပျားဥမရှိသော ပျားရည်ကဲ့သို့ ချိုမြိန်ကောင်းမြတ်၍ သာယာဖွယ်ရှိပါသည်။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တောင်းပန်ပါ၏၊ အကျွန်ုပ်သည် မဟာပထဝီ ဤမြေကြီးကို ထက်အောက်ပြောင်းပြန် လှန်ပါအံ့၊ ရဟန်းတို့သည် အောက်အပြင် မြေဆီမြေလွှာ မြေဩဇာကို သုံးဆောင်ကြရပါလိမ့်မည်”–
ဟု လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်က “ချစ်သားမောဂ္ဂလာန်.. မြေကြီးကို မှီနေကုန်သော သတ္တဝါတို့ကို အဘယ်သို့ ပြုမည်နည်း”ဟု မေးတော်မူလေလျှင် အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်သည်-
၁၁၂
“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်သည် လက်တဖက်ကို မြေကြီးကဲ့သို့ ဖန်ဆင်းပါမည်။ မြေကြီးကို မှီနေကုန်သော သတ္တဝါတို့ကို ထိုမြေကြီးကဲ့သို့ ဖန်ဆင်းထားသော လက်ပေါ်၌ ပြောင်းထားပါမည်။ ကျန်သော လက်တဖက်ဖြင့် ဤမြေကြီးကို ထက်အောက်ပြောင်းပြန် လှန်ပါမည်”–
ဟု လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်က “ချစ်သားမောဂ္ဂလာန်.. မသင့်လျော်ပေ၊ မြေကြီးကိုလှန်ရန် သင်ချစ်သား မနှစ်သက် (မလိုလား)ပါလင့်၊ သတ္တဝါတို့သည် အထင်အမြင် လွဲမှားခြင်းသို့လည်း ရောက်ကုန်ရာသည်”ဟု ပယ်မြစ်စကား မိန့်ကြားတော်မူလေသည်။
ဤ၌။ ။“သတ္တဝါတို့သည် အထင်အမြင် လွဲမှားခြင်းသို့လည်း ရောက်ကုန်ရာသည်”ဟူသော စကားရပ်ဝယ် မှတ်ဖွယ်ကား- ဤအစာခေါင်းပါးခြင်းသည် ယခုအခါ၌သာ ဖြစ်သည်မဟုတ်၊ နောင် အနာဂတ်ကာလ၌လည်း ဖြစ်လိမ့်မည်၊ ထိုအခါ ရဟန်းတို့သည် သင်ချစ်သားကဲ့သို့ တန်ခိုးအာနုဘော်နှင့် ပြည့်စုံသော သီတင်းသုံးဖော်ကို အဘယ်မှ ရလိမ့်မည်နည်း။ ထို နောင်လာနောက်သား ရဟန်းများသည် သောတာပန်, သကဒါဂါမ်, အနာဂါမ်, သုက္ခဝိပဿကရဟန္တာ ဈာန်မျှကိုသာရ၍ (အဘိညာဉ်ကိုမရသည့်) ရဟန္တာ, ပဋိသမ္ဘိဒါပတ္တ ရဟန္တာများပင် ဖြစ်ကြသော်လည်း တန်ခိုးစွမ်းအား မရှိကြခြင်းကြောင့် ဒါယကာတို့အိမ်သို့ ဆွမ်းခံကပ်ကြပေလိမ့်မည်။ ထိုသို့ဖြစ်ရာ၌ လူတို့၏ စိတ်သန္တာန်ဝယ် “ဘုရားရှင် လက်ထက်တော်အခါက ရဟန်းတို့သည် သိက္ခာသုံးပုံ ပြည့်စုံစွာ ဖြည့်ကျင့်တော်မူကြကုန်၏။ ထိုဘုရား လက်ထက်တော်က ရဟန်းတို့သည် အဘိညာဉ် ကျေးဇူးဂုဏ်တို့ကို ဖြစ်စေကြ၍ အစာခေါင်းပါးသောအခါ၌ မြေကြီးကို အထက်အောက်လှန်ကြ၍ မြေဆီမြေလွှာ မြေဩဇာကို ဘုဉ်းပေး သုံးဆောင်တော်မူကြကုန်ပြီ။ ယခုအခါ၌ကား သိက္ခာသုံးပုံ အကျင့်ဂုဏ်ကို ပြည့်စုံစွာ ဖြည့်ကျင့်ကြသော ရဟန်းတို့ မရှိကြကုန်၊ အကယ်၍ ရှိကြလျှင် ထို (ဘုရားရှင်လက်ထက်တော်က) နည်းအတူပင် ပြုကြကုန်လေရာ၏၊ ငါတို့အား အစိမ်း အကျက် တစုံတခုကိုမျှ စားခွင့်ပေးကြမည်မဟုတ် (မြေဩဇာကိုသာ ကျွေးကြလိမ့်မည်ဟု ဆိုလိုသည်)” ဤကဲ့သို့ အကြံအစည်ဖြစ်ပြီးလျှင်
၁၁၃
ထိုအရိယာပုဂ္ဂိုလ်တို့၌ပင် “အရိယာပုဂ္ဂိုလ်များ မရှိကြကုန်”ဟု အထင်အမြင် လွဲမှားခြင်းသို့ ရောက်ကုန်လေရာ၏။ အထင်အမြင် လွဲမှားသဖြင့် အရိယာပုဂ္ဂိုလ်တို့ကို ကဲ့ရဲ့ရှုတ်ချ စွပ်စွဲကြလျက် အပါယ်ဘုံသို့ ကျရောက်ကုန်လေရာ၏။ ထို့ကြောင့် “မြေကြီးကိုလှန်ရန် သင်ချစ်သား မနှစ်သက် (မလိုလား)ပါလင့်”ဟု ပယ်မြစ်စကား မိန့်ကြားတော်မူလေသည်)။
ထိုအခါ အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်သည် ဤတောင်းပန်ချက်ကို အခွင့်မရသည်ဖြစ်၍ အခြားတနည်းပြောင်း၍ တောင်းပန်လိုပြန်ရကား-
“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တောင်းပန်ပါ၏၊ အားလုံးသော ရဟန်းသံဃာသည် မြောက်ကျွန်းသို့ ဆွမ်းခံကြွပါစေ”-
ဟု လျှောက်ထားလေသော် မြတ်စွာဘုရားရှင်သည် ရှေးနည်းအတူပင် “ချစ်သားမောဂ္ဂလာန်.. မသင့်လျော်ပေ။ အားလုံးသော ရဟန်းသံဃာ၏ မြောက်ကျွန်းသို့ ဆွမ်းခံသွားခြင်းကို သင်ချစ်သား မနှစ်သက် (မလိုလား)ပါလင့်”ဟု ပယ်မြစ်စကား မိန့်ကြားတော်မူလေ၏။
(ဤ၌။ ။“သတ္တဝါတို့သည် အထင်အမြင် လွဲမှားခြင်းသို့လည်း ရောက်ကုန်ရာသည်”ဟု တိုက်ရိုက် မဟောအပ်သော်လည်း ရှေး၌ ဟောအပ်ပြီးဖြစ်သောကြောင့် ထိုအကြောင်းကြောင့်ပင် မြောက်ကျွန်းသို့ ဆွမ်းခံကြွခြင်းကိုလည်း မြတ်စွာဘုရား တားမြစ်တော်မူအပ်သည်ဟု သိအပ်၏။ အဓိပ္ပါယ် မှတ်ဖွယ်ကိုလည်း ရှေးနည်းအတူပင် မှတ်ယူရာ၏။
အကယ်၍ မြတ်စွာဘုရားရှင်က ခွင့်ပြုလျှင် အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်သည် အဘယ်သို့ ပြုလေရာသနည်းဟူမူ- မဟာသမုဒြာကို ခြေတလှမ်းဖြင့် ကျော်နိုင်လောက်သည့် မြောင်းငယ်မျှဖြစ်အောင် ဖန်ဆင်းတော်မူပြီးလျှင် နဠေရုတမာပင်မှသည် ဥတ္တရကုရုမြောက်ကျွန်းသို့ ရှေးရှူ (တည့်တည့်) လမ်းအသစ်ကို ဖန်ဆင်း၍ ဥတ္တရကုရု မြောက်ကျွန်းကိုလည်း ရဟန်းတော်များ ဂေါစရဂါမ် ဆွမ်းခံနေကျဖြစ်သော ရွာကဲ့သို့
၁၁၄
အလွယ်တကူ ချမ်းသာစွာ ဆွမ်းခံဝင်နိုင် ထွက်နိုင်လောက်အောင် အသွားအပြန်လမ်းနှင့် ပြည့်စုံသောအရပ်၌ တန်ခိုးဖြင့် ထားလေရာ၏။
ဤကား အရှင်မဟာမောဂ္ဂလာန် မထေရ်သူမြတ်၏ ရဲရဲတောက်စကား လျှောက်ထားချက်တည်း။
**********
အရှင်သာရိပုတ္တရာ မထေရ်မြတ်၏ ဝိနည်းသိက္ခာပုဒ်ပညတ်ရန် တောင်းပန်လျှောက်ထားချက်
ထိုအခါ ဆိတ်ငြိမ်ရာသို့ တပါးတည်း ကပ်ရောက်နေတော်မူသော အရှင်သာရိပုတ္တရာ မထေရ်မြတ်၏ စိတ်သန္တာန်ဝယ်-
“ဘုန်းတော်ကြီးကုန်သော အဘယ်မြတ်စွာဘုရားရှင်တို့၏ သာသနာတော်သည် ကြာမြင့်စွာ မတည်လေသနည်း၊ ဘုန်းတော်ကြီးကုန်သော အဘယ်မြတ်စွာဘုရားရှင်တို့၏ သာသနာတော်သည် ကြာမြင့်စွာ တည်လေသနည်း”–
ဟု အကြံအစည်ဖြစ်ကာ အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် ထိုနေ့ ညနေချမ်းအချိန်၌ တပါးတည်း ကိန်းစံနေရာမှထ၍ မြတ်စွာဘုရား ထံတော်မှောက်သို့ သွားရောက်ဝပ်လျှိုး ရှိခိုးပြီးကာ အပြစ်လွတ်ရာအရပ်၌ ထိုင်နေပြီးလျှင် မြတ်စွာဘုရားရှင်ကို-
“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဆိတ်ငြိမ်ရာသို့ တပါးတည်း ကပ်ရောက်နေထိုင်စဉ် အကျွန်ုပ်၏ စိတ်သန္တာန်ဝယ် ‘အဘယ် မြတ်စွာဘုရားရှင်တို့၏ သာသနာတော်သည် ကြာမြင့်စွာ မတည်လေသနည်း၊ အဘယ် မြတ်စွာဘုရားရှင်တို့၏ သာသနာတော်သည် ကြာမြင့်စွာ တည်လေသနည်း’ဟု အကြံအစည်ဖြစ်ပါသည်။
ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အဘယ် မြတ်စွာဘုရားရှင်တို့၏ သာသနာတော်သည် ကြာမြင့်စွာ မတည်ပါသနည်း၊ အဘယ် မြတ်စွာဘုရားရှင်တို့၏ သာသနာတော်သည် ကြာမြင့်စွာ တည်ပါသနည်း”–
ဟု လျှောက်ထားမေးမြန်းလေ၏။
၁၁၅
(ဤ၌။ ။အရှင်သာရိပုတ္တရာ မထေရ်သည် ဤမိမိ၏ အကြံအစည်ဖြစ်ချက်ကို ကိုယ်တိုင် မဆုံးဖြတ်နိုင်ဘူးလောဟု မေးဖွယ်ရှိ၏။ အဖြေကား- ဆုံးဖြတ်နိုင်သော အရာလည်းရှိ၏၊ မဆုံးဖြတ်နိုင်သော အရာလည်းရှိ၏။ ချဲ့ဦးအံ့- ဤအရှင်သာရိပုတ္တရာ မထေရ်မြတ်သည် “ဤအမည်ရှိသော ဘုရားရှင်တို့၏ သာသနာတော်သည် ကြာမြင့်စွာ မတည်လေ၊ ဤဘုရားရှင်တို့၏ သာသနာတော်ကား ကြာမြင့်စွာတည်၏”ဟူ၍ ဆုံးဖြတ်တော်မူနိုင်၏။ “ဤမည်သောအကြောင်းကြောင့် ကြာမြင့်စွာ မတည်၊ ဤမည်သော အကြောင်းကြောင့် ကြာမြင့်စွာ တည်၏”ဟူ၍ကား ဆုံးဖြတ်တော်မမူနိုင်။
မဟာပဒုမမထေရ်ကား ဤသို့ မိန့်ဆိုတော်မူ၏- “ဤအကြောင်းရင်းကို ဆုံးဖြတ်နိုင်ရန်မှာလည်း တဆယ့်ခြောက်ပါးသော ပညာဉာဏ်၏ အထွတ်အထိပ်သို့ ရောက်တော်မူသော အဂ္ဂသာဝကအဖို့ရာ ဝန်မလေးပါ၊ စင်စစ်သော်ကား မြတ်စွာဘုရားရှင်နှင့်အတူ တနေရာတည်း၌ နေပါလျက် ကိုယ်တိုင်ဆုံးဖြတ်မှုကို ပြုခြင်းသည် ချိန်ခွင်ကိုစွန့်၍ လက်ဖြင့် ချိန်တွယ်ခြင်းနှင့် တူသောကြောင့် မြတ်စွာဘုရားရှင်သို့ ချဉ်းကပ်၍ မေးမြန်း လျှောက်ထားလေသည်”ဟု မိန့်တော်မူ၏)။
ထိုအခါ မြတ်စွာဘုရားရှင်သည် အရှင်သာရိပုတ္တရာ မထေရ်မြတ်၏ မေးမြန်း လျှောက်ထားချက်ကို ဖြေကြားတော်မူလိုသည်ဖြစ်၍-
“ချစ်သားသာရိပုတ္တရာ.. ဝိပဿီမြတ်စွာဘုရား, သိခီမြတ်စွာဘုရား, ဝေဿဘူမြတ်စွာဘုရား = ဤဘုရားရှင်တို့၏ သာသနာတော်သည် (သာဝကအဆက်အားဖြင့်) ကြာမြင့်စွာ မတည်ခဲ့ချေ။ ချစ်သားသာရိပုတ္တရာ.. ကကုသန် မြတ်စွာဘုရား, ကောဏာဂုံ မြတ်စွာဘုရား, ကဿပ မြတ်စွာဘုရား = ဤဘုရားရှင်တို့၏ သာသနာတော်သည် (သာဝကအဆက်အားဖြင့်) ကြာမြင့်စွာ တည်ခဲ့၏”-
ဟု မိန့်တော်မူ၏။ ထိုအခါ အရှင်သာရိပုတ္တရာ မထေရ်မြတ်က တဖန်ဆက်၍-
၁၁၆
“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဝိပဿီမြတ်စွာဘုရား, သိခီမြတ်စွာဘုရား, ဝေဿဘူမြတ်စွာဘုရား = ဤဘုရားရှင်တို့၏ သာသနာတော် ကြာမြင့်စွာမတည်ခြင်း၏ အကြောင်းကား အဘယ်ပါနည်း”–
ဟု မေးလျှောက်လေလျှင် မြတ်စွာဘုရားရှင်သည် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကို-
“ချစ်သားသာရိပုတ္တရာ.. ဝိပဿီမြတ်စွာဘုရား, သိခီမြတ်စွာဘုရား, ဝေဿဘူ မြတ်စွာဘုရားတို့သည် တပည့်တို့အား တရားတော်ကို အကျယ်ဟောရန် ကြောင့်ကြမစိုက်ကြကုန်။ ထိုဘုရားရှင်တို့၏ သုတ္တ, ဂေယျစသည် အင်္ဂါကိုးပါး တရားဓမ္မသည် အနည်းငယ်မျှသာဖြစ်၏။ တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မမူခဲ့ချေ။ (အာဏာ)ပါတိမောက်ကို ပြတော်မမူအပ်။ ထိုဘုရားရှင်တို့ ပရိနိဗ္ဗာန် စံလွန်ကွယ်ပျောက် သောအခါ, ထိုမြတ်စွာဘုရားရှင်တို့၏ မျက်မှောက်တပည့်များ ပရိနိဗ္ဗာန် စံလွန် ကွယ်ပျောက်သောအခါ၌ အမည်, အနွယ်, ဇာတ် အမျိုးမျိုးရှိကြသည့် နောင်လာနောက်သား တပည့်များသည် ထိုသာသနာတော်ကို လျင်မြန်စွာ ကွယ်ပျောက်စေကုန်၏။
ချစ်သားသာရိပုတ္တရာ.. ပန်းသီကြိုးဖြင့် မသီကုံးပဲ ပျဉ်ချပ်ပေါ်၌ တင်ထားအပ်သော ပန်းအမျိုးမျိုးတို့ကို (ကြိုးဖြင့် မသီကုံးခြင်းကြောင့်ပင်) လေသည် ဖရိုဖရဲ ကြဲဖြန့် တိုက်ခတ် မှုတ်လွှင့် ဖျက်ဆီးသကဲ့သို့ ချစ်သားသာရိပုတ္တရာ.. ဤအတူပင် ထိုဘုရားရှင်တို့ ပရိနိဗ္ဗာန် စံလွန် ကွယ်ပျောက်သောအခါ, ထိုဘုရားရှင်တို့၏ မျက်မှောက်တပည့်များ ပရိနိဗ္ဗာန် စံလွန် ကွယ်ပျောက်သောအခါ၌ အမည်, အနွယ်, ဇာတ် အမျိုးမျိုးရှိကြသည့် နောင်လာနောက်သား တပည့်များသည် ထိုသာသနာတော်ကို လျင်မြန်စွာ ကွယ်ပျောက်စေကုန်၏။
၁၁၇
ချစ်သားသာရိပုတ္တရာ.. ထို(သုံးဆူသော) မြတ်စွာဘုရားရှင်တို့သည် တပည့်တို့၏ စိတ်အကြံကို မိမိ၏စိတ်ဖြင့် သိတော်မူ၍ ဆုံးမရန် ကြောင့်ကြစိုက်တော်မူကုန်၏။
ချစ်သားသာရိပုတ္တရာ.. ရှေး၌ဖြစ်ဘူး အကြောင်းထူးကား ဝေဿဘူ မြတ်စွာဘုရားရှင်သည် ကြောက်မက်ဖွယ်သော တောအုပ်တခု၌ ရဟန်းတို့၏စိတ်ကို မိမိ၏စိတ်ဖြင့် သိတော်မူ၍-
“ဤသို့ နေက္ခမ္မဝိတက် အစရှိသည့် အကြံကောင်းသုံးမျိုးတို့ကို ကြံကြကုန်လော့၊ ဤသို့ ကာမဝိတက်အစရှိသည့် အကြံမှားသုံးမျိုးတို့ကို မကြံကြကုန်လင့်။ ဤသို့ အနိစ္စ ဒုက္ခ အနတ္တ အသုဘဟု နှလုံးသွင်းကြကုန်လော့၊ ဤသို့ နိစ္စ သုခ အတ္တ သုဘဟု နှလုံးမသွင်းကြကုန်လင့်။ ဤအကုသိုလ်တရားကို ပယ်ကုန်လော့၊ ဤကုသိုလ်တရားကို ပြည့်စုံစေ၍ နေကြကုန်လော့”–
ဟု ရဟန်းတထောင်ကို သွန်သင်ဆုံးမတော်မူ၏။ ချစ်သားသာရိပုတ္တရာ.. ဝေဿဘူ မြတ်စွာဘုရားရှင်သည် ဤသို့ သွန်သင်ဆုံးမအပ်သော ထိုရဟန်းတထောင်တို့သည် အာသဝေါကုန်ခန်း ရဟန္တာဖြစ်ကြလေကုန်၏၊ သို့ရကား ထိုရဟန်းတထောင်၏ စိတ်တို့သည် တဏှာဒိဋ္ဌိတို့ဖြင့် တစုံတခုသော တရားကိုမျှ ငါ, ငါ့ဥစ္စာဟု စွဲယူမှု အလျှင်းကင်းပြတ်ပြီးလျှင် မဖြစ်သောချုပ်ခြင်း (မဖြစ်သည်ကိုပင် ချုပ်သည်ဟုဆိုရသော ချုပ်ခြင်း)ဖြင့် ချုပ်ငြိမ်းကြသော အာသဝေါတရားတို့မှ ရှင်းရှင်းကြီး လွတ်မြောက်ကြပြီး ဖြစ်လေကုန်၏။ ချစ်သားသာရိပုတ္တရာ.. ကြောက်မက်ဖွယ်သော တောအုပ်ဟူသော စကားရပ်၌ ထိုတောအုပ်၏ ကြောက်မက်ဖွယ်ကောင်းခြင်းကြောင့်ပင် ရာဂမကင်းသူများ ထိုတောအုပ်အတွင်းသို့ ဝင်မိကြလျှင် များသောအားဖြင့် မွေးညှင်းရွှင်ပျ ကြက်သီးများ ထကြကုန်၏။
၁၁၈
ချစ်သားသာရိပုတ္တရာ.. ဤဆိုအပ်ပြီးသည်ကား ဝိပဿီမြတ်စွာဘုရား, သိခီမြတ်စွာဘုရား, ဝေဿဘူမြတ်စွာဘုရား ဤဘုရားရှင်၏ သာသနာတော် ကြာမြင့်စွာမတည်ခြင်း၏ အကြောင်းပေတည်း”–
ဟု ဖြေကြားမိန့်ဆိုတော်မူလေ၏။
(ဤ၌ မှတ်ဖွယ်အထူးကား- “ထိုဘုရားရှင် သုံးဆူတို့သည် တပည့်တို့အား တရားအကျယ်ဟောရန် ကြောင့်ကြမစိုက်ကြကုန်”ဟူသော စကားရပ်ဝယ် ပျင်းရိ၍ ကြောင့်ကြမစိုက်ကြခြင်း မဟုတ်ချေ၊ မှန်၏- မြတ်စွာဘုရားရှင်တို့မှာ ပျင်းရိခြင်း ဝီရိယဆုတ်နစ်ခြင်းမျိုး လုံးဝမရှိ၊ ထင်ရှားစေဦးအံ့- မြတ်စွာဘုရားရှင်တို့သည် သတ္တဝါ တဦးတယောက်အားဖြစ်စေ, နှစ်ဦး နှစ်ယောက်အားဖြစ်စေ, စကြဝဠာတိုက်အပြည့် တည်ရှိသော သတ္တဝါအများအားဖြစ်စေ တရားဟောတော်မူကြလျှင် ညီမျှသော လုံ့လဝီရိယဖြင့်သာ ဟောတော် မူကြကုန်၏၊ ပရိသတ်နည်းပါးသည်ကို မြင်ရ၍ ဝီရိယကိုလည်း မလျှော့ချကြကုန်၊ ပရိသတ်အများကို မြင်ရ၍လည်း ဝီရိယကို တိုးမြှင့်သည်ဟူ၍ မရှိကြကုန်။ ဥပမာအားဖြင့် သားများသနင်း ခြင်္သေ့မင်းသည် ခုနစ်ရက်လွန်သဖြင့် အစာရှာထွက်လတ်သော် ငယ်သော သားကောင်တို့ကိုဖြစ်စေ, ကြီးသော သားကောင်တို့ကို ဖြစ်စေ ထပ်မျှတူသော အဟုန်ဖြင့်သာ ပြေးသွား ဖမ်းယူလေသည်။ အကြောင်းကား ငါ၏အဟုန် မယုတ်လျော့စေသတည်းဟု ရည်ရွယ်ချက် ရှိသောကြောင့်တည်း။ ဤအတူပင် မြတ်စွာဘုရားရှင်တို့သည် အနည်းငယ်သော ပရိသတ်အားပင်ဖြစ်စေ, များပြားလှစွာသော ပရိသတ်အားပင်ဖြစ်စေ, ညီမျှသော လုံ့လဝီရိယတော်ဖြင့်သာ တရားဟောတော်မူကြကုန်၏။ အကြောင်းကား ငါတို့၏ တရားတော်၌ အလေးပြုခြင်းသည် မယုတ်လျော့စေသတည်းဟု မြတ်သောရည်ရွယ်ချက် ရှိတော်မူကြသောကြောင့်တည်း။
စင်စစ်သော်ကား အကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင်သည် မဟာသမုဒြာကို ပြည့်စေသည့်ပမာ အကျယ်အားဖြင့် တရားဟောတော်မူသကဲ့သို့၊ ဤအတူ ထိုသုံးဆူသော မြတ်စွာဘုရားတို့သည် အကျယ်အားဖြင့် တရားမဟောကြရကုန်၊ အကြောင်းကား ထိုခေတ် ထိုအခါ သတ္တဝါတို့၏သန္တာန်မှာ ဉာဏ်ပညာမျက်စိဝယ် ကိလေသာမြူမှုန် နည်းပါးလှခြင်းကြောင့်တည်း။ ချဲ့ဦးအံ့.. ထိုသုံးဆူသော ဘုရားရှင်တို့၏ လက်ထက်တော်အခါဝယ် သတ္တဝါတို့သည် အသက်ကလည်း ရှည်ကြ
၁၁၉
ဉာဏ်ပညာမျက်စိဝယ် ကိလေသာမြူမှုန်ကလည်း နည်းကြလေကုန်သည်။ သို့ရကား ထိုခေတ် ထိုအခါ ဝေနေယျသတ္တဝါတို့သည် သစ္စာလေးရပ်နှင့် စပ်ယှဉ်သည့် တဂါထာမျှကိုပင် ကြားနာကြရင် သစ္စာလေးပါးတရားသိမြင် အကျွတ်တမ်းဝင်ကြလေကုန်သည်။ ထို့ကြောင့် အကျယ်အားဖြင့် တရားဟောတော်မမူကြရကုန်။ ထို့ကြောင့်ပင် ထိုဘုရားရှင်တို့၏ သုတ္တ, ဂေယျစသည် အင်္ဂါကိုးပါး တရားဓမ္မသည် အနည်းငယ်မျှသာဖြစ်၏။
ထိုဘုရားရှင်သုံးဆူတို့၏ လက်ထက်တော်အခါဝယ် တပည့်ရဟန်းတို့မှာ အပြစ်ဒေါသ လုံးဝ ကင်းစင်ကြသောကြောင့် အပြစ်ဒေါသအလျောက် ပညတ်အပ်သည့် အာပတ်ခုနစ်ပုံနှင့်စပ်သည့် အာဏာ သိက္ခာပုဒ်ကိုလည်း မပညတ်အပ်ပေ။
လခွဲတကြိမ် (၁၅-ရက်တကြိမ်) အာဏာပါတိမောက်ကိုလည်း မပြအပ်။ ထိုမြတ်စွာဘုရားရှင်တို့သည် ဩဝါဒပါတိမောက်ကိုသာ ပြတော်မူကုန်၏၊ ထိုဩဝါဒပါတိမောက်ကိုလည်း လခွဲတကြိမ် ပြတော်မူကြသည် မဟုတ်ကုန်။ (အောက် မဟာဗုဒ္ဓဝင် တတိယတွဲ၊ အခဏ်း-၁၆၊ ပါတိမောက် နှစ်ပါးအကြောင်း၊ စာမျက်နှာ ၁၉-၌ အကျယ်တဝင့် ဖော်ပြခဲ့ပြီးပြီ။)
သက်တော်ရှည် မြတ်စွာဘုရားရှင်တို့မှာ (၁) မျက်မှောက်သာဝက တဆက်၊ (၂) ထို မျက်မှောက်သာဝကတို့ထံ ရဟန်းပြုကြသည့် နောင်လာနောက်သား သာဝက တဆက်အားဖြင့် သာဝကနှစ်ဆက်ရှိရာ (၂) အမှတ်ပါ နောင်လာနောက်သား သာဝကတို့လက်ထက် ရောက်လတ်သောအခါ မူလကပင် သိက္ခာပုဒ်ပညတ်ချက် မရှိသောကြောင့်၎င်း, ထိုသာဝကတို့မှာလည်း အမည်, အနွယ်, ဇာတ် အမျိုးချင်းမတူကြသည့်အတွက် ထိုသက်တော်ရှည် မြတ်စွာဘုရားရှင်တို့ ဟောကြားအပ်သည့် အနည်းငယ်မျှသော တရားအစုအပေါ်ဝယ် မိမိတို့မှာ စောင့်ရှောက်ထိန်းသိမ်းရန် တာဝန်မရှိသကဲ့သို့ အောက်မေ့ကြကာ “ဤမည်သောမထေရ်သည် သိလိမ့်မည်၊ ဤမည်သောမထေရ်သည် သိလိမ့်မည်”ဟု တဦးက တဦးကို တွက်ကပ်သည့်ပမာ လျှော့ပေါ့စွာ ပြုမူကြသောကြောင့်၎င်း သံဂါယနာတင်ကာ စောင့်ရှောက်မှု မပြုကြသည့်အတွက် ထိုသာသနာတော်သည် လျင်မြန်စွာ ကွယ်ပလေသည်။
“ထိုသက်တော်ရှည် မြတ်စွာဘုရားရှင်တို့၏ သာသနာတော်သည် ကြာမြင့်စွာ တည်ခြင်းမရှိ” ဟူရာ၌လည်း သာ၀ကအဆက်အားဖြင့် အဆက်များစွာ မတည်သည်ကိုသာ ဆိုလိုရင်းဖြစ်သည်။
၁၂၀
နှစ်အရေအတွက်အားဖြင့်ကား ဝိပဿီ မြတ်စွာဘုရား၏ အသက်တော်သည် နှစ်ပေါင်းရှစ်သောင်း ပမာဏရှိ၏၊ မျက်မှောက်သာဝကတို့၏ အသက်တမ်းသည်လည်း ထိုမျှပင် အနှစ်ရှစ်သောင်းရှိ၏၊ ထိုမျက်မှောက်သာဝကတို့ထံ ရဟန်းပြုကြသည့် နောင်လာနောက်သား သာဝကတို့အနက်လည်း နောက်ဆုံးဖြစ်သော သာဝက၏ အသက်တမ်းသည် အနှစ်ရှစ်သောင်းပင် ရှိရကား မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီးနောက် သာဝကနှစ်ဆက်တို့၏ သာသနာတော်အသက်သည် နှစ်ပေါင်း တသိန်းခြောက်သောင်း ကာလကြာ တည်ပေသည်၊ သာဝကအဆက်အားဖြင့်မူ နှစ်ဆက်သာရှိသောကြောင့် ထိုသာဝက အဆက်မများ သည်ကို ရည်ရွယ်၍ “ကြာမြင့်စွာ မတည်”ဟု ဟောဆိုခြင်းဖြစ်သည်။ နှစ်ပရိစ္ဆေဒ မများသည်ကိုရည်၍ ဟောခြင်းမဟုတ်-ဟု အထူးသတိပြု မှတ်ယူရာ၏)။
ဤသို့လျှင် အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် ဝိပဿီမြတ်စွာဘုရား, သိခီမြတ်စွာဘုရား, ဝေဿဘူ မြတ်စွာဘုရား = ဤဘုရားရှင် သုံးဆူတို့၏ သာသနာတော် (သာဝကအဆက်အားဖြင့်) ရှည်မြင့်စွာ မတည်ခြင်း၏အကြောင်းကို ကြားနာရပြီးလျှင် ကကုသန်မြတ်စွာဘုရား, ကောဏာဂုံ မြတ်စွာဘုရား, ကဿပ မြတ်စွာဘုရား = ဤဘုရားသုံးဆူတို့၏ သာသနာတော် ကြာမြင့်စွာ တည်ခြင်းအကြောင်းကို ကြားနာလိုပြန်ရကား တဖန်ဆက်၍ မြတ်စွာဘုရားရှင်ကို-
“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ကကုသန်မြတ်စွာဘုရား, ကောဏာဂုံ မြတ်စွာဘုရား, ကဿပမြတ်စွာဘုရား = ဤဘုရားရှင်တို့၏ သာသနာတော် ကြာမြင့်စွာတည်ခြင်း၏ အကြောင်းကား အဘယ်ပါနည်း”-
ဟု မေးလျှောက်လေလျှင် မြတ်စွာဘုရားရှင်သည် အရှင်သာရိပုတ္တရာမထေရ်မြတ်ကို-
“ချစ်သားသာရိပုတ္တရာ.. ကကုသန် မြတ်စွာဘုရား, ကောဏာဂုံ မြတ်စွာဘုရား, ကဿပ မြတ်စွာဘုရားတို့သည် တပည့်တို့အား တရားတော်ကို အကျယ်ဟောရန် ကြောင့်ကြစိုက်တော်မူကုန်၏၊ ထိုဘုရားရှင်၏ သုတ္တ, ဂေယျစသည်
၁၂၁
အင်္ဂါကိုးပါး တရားဓမ္မသည်လည်း များပြားလှကုန်၏၊ တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မူအပ်၏။ (အာဏာ)ပါတိမောက်ကို ပြတော်မူအပ်၏။ (ထို့ကြောင့်) ထိုဘုရားရှင်တို့ ပရိနိဗ္ဗာန် စံလွန် ကွယ်ပျောက်သောအခါ, မျက်မှောက်တပည့်များ ပရိနိဗ္ဗာန် စံလွန် ကွယ်ပျောက်သောအခါ၌ အမည်, အနွယ်, ဇာတ် အမျိုးမျိုးရှိကြသည့် နောင်လာနောက်သား (အဆက်ဆက်သော) တပည့်များသည် ထိုသာသနာတော်ကို ကြမြင့်စွာသော ကာလပတ်လုံး တည်စေကုန်၏။
ချစ်သားသာရိပုတ္တရာ.. ပန်းသီကြိုးဖြင့် သီကုံး၍ ပျဉ်ချပ်ပေါ်၌ တင်ထားအပ်သော ပန်းအမျိုးမျိုးတို့ကို (ကြိုးဖြင့် သီကုံးခြင်းကြောင့်ပင်) လေသည် ဖရိုဖရဲ မကြဲဖြန့် မတိုက်ခတ် မမှုတ်လွှင့် မဖျက်ဆီးနိုင်သကဲ့သို့ ချစ်သားသာရိပုတ္တရာ.. ဤအတူပင် ထိုဘုရားရှင်တို့ ပရိနိဗ္ဗာန် စံလွန် ကွယ်ပျောက်သောအခါ, မျက်မှောက်တပည့်များ ပရိနိဗ္ဗာန် စံလွန်ကွယ်ပျောက်သောအခါ၌ အမည်, အနွယ်, ဇာတ် အမျိုးမျိုးရှိကြသည့် နောင်လာနောက်သား (အဆက်ဆက်သော) တပည့်များသည် ထိုသာသနာတော်ကို ကြမြင့်စွာသော ကာလပတ်လုံး တည်စေကုန်၏။
ချစ်သားသာရိပုတ္တရာ.. ဤဆိုအပ်ပြီး (တရားတော်ကို အကျယ်ဟောခြင်း, တရားဓမ္မ များပြားခြင်း, သိက္ခာပုဒ်ကို ပညတ်ခြင်း, ပါတိမောက်ကို ပြတော်မူခြင်းများ)သည်ကား ကကုသန် မြတ်စွာဘုရား, ကောဏာဂုံ မြတ်စွာဘုရား, ကဿပ မြတ်စွာဘုရား = ဤဘုရားရှင်တို့၏ သာသနာတော် ကြာမြင့်စွာတည်ခြင်း၏ အကြောင်းပေတည်း”—
ဟု ပြောကြား မိန့်ဆိုတော်မူ၏။
(ဤ၌။ ။ထိုဘုရားရှင်သုံးဆူတို့၏ သာသနာတော် ကြာမြင့်စွာတည်ခြင်း၌ အသက်အတိုင်းအရှည်အားဖြင့်၎င်း, သာဝက
၁၂၂
အဆက်ဆက်အားဖြင့်၎င်း နှစ်မျိုးလုံးအားဖြင့်ပင် ကြာမြင့်စွာတည်ခြင်းကို သိမှတ်ရာ၏၊ ချဲ့ဦးအံ့- ကကုသန် မြတ်စွာဘုရားရှင်၏ အသက်တမ်းကား အနှစ်လေးသောင်း, ကောဏာဂုံ မြတ်စွာဘုရား၏ အသက်တမ်းကား အနှစ်သုံးသောင်း, ကဿပ မြတ်စွာဘုရားရှင်၏ အသက်တမ်းကား အနှစ်နှစ်သောင်း အသီးသီးဖြစ်လေသည်။ ထိုဘုရားရှင်တို့၏ မျက်မှောက်သာဝကများ၏ အသက်တမ်းမှာလည်း ထိုမျှပင် ရှိလေသည်။ ထိုမျက်မှောက်သာဝကများ၏ အဆက်ပေါင်းများစွာသော သာဝကအဆက်ဆက်တို့သည် သာသနာတော်ကို ဖြစ်စေကြ ဆောင်ကြလေကုန်သည်၊ ဤသို့လျှင် ထိုဘုရားရှင်သုံးဆူတို့၏ သာသနာတော်သည် အသက်အတိုင်းအရှည်အားဖြင့်၎င်း, သာဝက အဆက်ဆက်အားဖြင့်၎င်း နှစ်မျိုးလုံးအားဖြင့်ပင် ကြာမြင့်စွာ တည်ရှိလေသည်။
အကျွန်ုပ်တို့၏ အစိန္တေယျ သုံးလောကထွတ်ထား မြတ်စွာဘုရားရှင်၏အတွက်ကား ကဿပမြတ်စွာဘုရား၏ အသက်တမ်းထက်ဝက် ပမာဏဖြစ်သည့် အနှစ်တသောင်းတမ်း၌ ပွင့်ထွန်းတော်မူသင့်၏၊ ထိုအနှစ်သောင်းတမ်းကို မမှီလျှင်လည်း အနှစ်ငါးထောင်တမ်း, အနှစ်တထောင်တမ်း, အနှစ်ငါးရာတမ်း၌ ပွင့်ထွန်းတော်မူသင့်၏။ သို့သော်လည်း ထိုအချိန်ကျအောင်ပင် ဘုရားဖြစ်လောက်အောင် ဉာဏ်တော်မရင့်သန်သေးပဲ အနှစ်တရာတမ်းသို့ ရောက်သောအခါမှသာ ဉာဏ်တော် ရင့်ကျက်သောကြောင့် အလွန်တိုတောင်းလှသည့် အနှစ်တရာတမ်း ကာလကျမှသာ ဖြစ်ပွင့်တော်မူလာ၏။ ထို့ကြောင့် ထိုအကျွန်ုပ်တို့ မြတ်စွာဘုရားအတွက်မှာ သာဝကအဆက်ဆက်အားဖြင့် သာသနာတော် ကြာမြင့်စွာတည်သော်လည်း အသက်တမ်းအလိုက် နှစ်ပရိစ္ဆေဒ အရေအတွက်အားဖြင့်ကား (ထိုရှေးဘုရားတို့ သာသနာတော်လောက်) ကြာမြင့်စွာ မတည်ဟူ၍ ဆိုသင့်၏။)
ဤသို့လျှင် ကကုသန်, ကောဏာဂုံ, ကဿပ = ဘုရားရှင် သုံးဆူတို့၏ သာသနာတော် ကြာမြင့်စွာ တည်ခြင်းအကြောင်းကို ကြားနာရလျှင် “သိက္ခာပုဒ် ပညတ်ခြင်းသည်သာ သာသနာတော် ကြာမြင့်စွာတည်ခြင်း၏ အကြောင်းရင်းဖြစ်သည်”ဟု အပြီးသတ် ဆုံးဖြတ်ချက် ချမှတ်တော်မူကာ ဤမြတ်စွာဘုရား၏ သာသနာတော် အဓွန့်ရှည်စွာ တည်ခြင်းကို အလိုရှိလတ်ရကား အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် နေရာမှထ၍ လက်ဝဲတဖက် ပခုံးထက်၌
၁၂၃
ကိုယ်ဝတ်ကို စမ္ပယ်တင်လျက် မြတ်စွာဘုရား ရှိတော်မူရာသို့ လက်အုပ်ချီ ရှိခိုးပြီးလျှင် မြတ်စွာဘုရားရှင်ကို-
“ဤသာသနာ အဓွန့်ရှည်စွာ တည်ထွန်းရန် မြတ်စွာဘုရားသည် တပည့်သာဝကတို့အား သိက္ခာပုဒ်ကို အကြင် ပညတ်တော်မူရာ၏၊ ပါတိမောက်ကို အကြင် ပြတော်မူရာ၏။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. သာသနာတော် အဓွန့်ရှည်စွာတည်ထွန်းရန် အကြောင်းရင်းဖြစ်သည့် ထိုသိက္ခာပုဒ်ကို ပညတ်တော်မူရန် ပါတိမောက်ကို ပြတော်မူရန် အချိန်တန်ပါပြီ။ ကောင်းသောစကားကို ဆိုတော်မူသော မြတ်စွာဘုရား.. သာသနာတော် အဓွန့်ရှည်စွာ တည်ထွန်းရန် အကြောင်းရင်းဖြစ်သည့် ထိုသိက္ခာပုဒ်ကို ပညတ်တော် မူရန် ပါတိမောက်ကို ပြတော်မူရန် အချိန်တန်ပါပြီ”–
ဟု လေးနက်စွာ လျှောက်ထား တောင်းပန်လေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် “ဤအချိန်ကား သိက္ခာပုဒ်ပညတ်ရန် အချိန်မတန်သေး”ဟု ပြတော်မူလိုရကား- “ချစ်သားသာရိပုတ္တရာ.. သင် ဆိုင်းငံ့ဦးလော့၊ ချစ်သားသာရိပုတ္တရာ.. သင် ဆိုင်းငံ့ဦးလော့၊ မြတ်စွာဘုရားသည်သာလျှင် ထို(သိက္ခာပုဒ် ပညတ်ခြင်း ပါတိမောက်ပြခြင်း)၌ အချိန်အခါကို သိတော်မူလိမ့်မည်။
ချစ်သားသာရိပုတ္တရာ.. ဤသာသနာတော်၌ အာသဝေါတရား၏ တည်ရာအကြောင်းရင်း ဖြစ်ကြသည့် အချို့သော လွန်ကျူးမှုတရားတို့ သံဃာ၌ ထင်ရှားမဖြစ်ပေါ်သေးသမျှ ကာလပတ်လုံး မြတ်စွာဘုရားသည် တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မမူချေ။ (အာဏာ)ပါတိမောက်ကို ပြတော်မမူချေ။ ချစ်သားသာရိပုတ္တရာ.. ဤသာသနာတော်၌ အာသဝေါတရား၏တည်ရာ အကြောင်းရင်းဖြစ်ကြသည့် အချို့သော လွန်ကျူးမှုတရားတို့ သံဃာ၌ ထင်ရှား ဖြစ်ပေါ်လာသောအခါ ထိုလွန်ကျူးမှုတရားတို့ကို ပယ်ဖျောက်ခြင်း အကျိုးငှါသာလျှင် မြတ်စွာဘုရားသည်
၁၂၄
တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မူ၏၊ (အာဏာ)ပါတိမောက်ကို ပြတော်မူ၏။ (၁)
ချစ်သားသာရိပုတ္တရာ.. သံဃာသည် ညဉ့်အများကိုသိသော (ဝါကြီးသည့်)ရဟန်း များပြားခြင်းသို့ မရောက်သေးသမျှ ကာလပတ်လုံး ဤသာသနာတော်၌ အာသဝေါတရား၏တည်ရာ အကြောင်းရင်းဖြစ်ကြသည့် အချို့သော လွန်ကျူးမှုတရားတို့သည် သံဃာ၌ ထင်ရှားမဖြစ်ပေါ်ကုန်သေး။ ချစ်သားသာရိပုတ္တရာ.. သံဃာသည် ညဉ့်အများကိုသိသော (ဝါကြီးသည့်)ရဟန်း များပြားခြင်းသို့ ရောက်သောအခါ၌မူ ဤသာသနာတော်ဝယ် အာသဝေါတရား၏တည်ရာ အကြောင်းရင်းဖြစ်ကြသည့် အချို့သော လွန်ကျူးမှုတရားတို့သည် သံဃာ၌ ထင်ရှား ဖြစ်ပေါ်လာကုန်၏။ ထိုအခါ ထိုလွန်ကျူးမှုတရားတို့ကို ပယ်ဖျောက်ခြင်းအကျိုးငှါသာလျှင် မြတ်စွာဘုရားသည် တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မူ၏၊ (အာဏာ)ပါတိမောက်ကို ပြတော်မူ၏။ (၂)
ချစ်သားသာရိပုတ္တရာ.. သံဃာသည် ပြန့်ပြောများပြားခြင်းသို့ မရောက်သေးသမျှ ကာလပတ်လုံး ဤသာသနာတော်၌ အာသဝေါတရား၏ တည်ရာအကြောင်းရင်း ဖြစ်ကြသည့် အချို့သော လွန်ကျူးမှုတရားတို့သည် သံဃာ၌ ထင်ရှားမဖြစ်ပေါ်ကုန်သေး။ ချစ်သားသာရိပုတ္တရာ.. သံဃာသည် ပြန့်ပြော များပြားခြင်းသို့ ရောက်သောအခါ၌မူ ဤသာသနာတော်ဝယ် အာသဝေါတရား၏တည်ရာ အကြောင်းရင်းဖြစ်ကြသည့် အချို့သော လွန်ကျူးမှုတရားတို့သည် သံဃာ၌ ထင်ရှားဖြစ်ပေါ်လာကုန်၏။ ထိုအခါ ထိုလွန်ကျူးမှုတရားတို့ကို ပယ်ဖျောက်ခြင်းအကျိုးငှါသာလျှင် မြတ်စွာဘုရားသည် တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မူ၏၊ (အာဏာ)ပါတိမောက်ကို ပြတော်မူ၏။ (၃)
ချစ်သားသာရိပုတ္တရာ.. သံဃာသည် လာဘ်များခြင်းသို့ မရောက်သေးသမျှ ကာလပတ်လုံး ဤသာသနာတော်၌ အာသဝေါတရား၏ တည်ရာအကြောင်းရင်း ဖြစ်ကြသည့်
၁၂၅
အချို့သော လွန်ကျူးမှုတရားတို့သည် သံဃာ၌ ထင်ရှား မဖြစ်ပေါ်ကုန်သေး။ ချစ်သားသာရိပုတ္တရာ.. သံဃာသည် လာဘ်များခြင်းသို့ ရောက်သောအခါ၌မူ ဤသာသနာတော်ဝယ် အာသဝေါတရား၏ တည်ရာအကြောင်းရင်း ဖြစ်ကြသည့် အချို့သော လွန်ကျူးမှုတရားတို့သည် သံဃာ၌ ထင်ရှားဖြစ်ပေါ်လာကုန်၏၊ ထိုအခါ ထိုလွန်ကျူးမှုတရားတို့ကို ပယ်ဖျောက်ခြင်း အကျိုးငှါသာလျှင် မြတ်စွာဘုရားသည် တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မူ၏။ (အာဏာ)ပါတိမောက်ကို ပြတော် မူ၏။ (၄)
ချစ်သားသာရိပုတ္တရာ.. သံဃာသည် အကြားအမြင် (ဗဟုသုတ) များပြားခြင်းသို့ မရောက်သေးသမျှ ကာလပတ်လုံး ဤသာသနာတော်၌ အာသဝေါတရား၏ တည်ရာအကြောင်းရင်း ဖြစ်ကြသည့် အချို့သော လွန်ကျူးမှုတရားတို့သည် သံဃာ၌ ထင်ရှား မဖြစ်ပေါ်ကုန်သေး။ ချစ်သားသာရိပုတ္တရာ.. သံဃာသည် အကြားအမြင် (ဗဟုသုတ) များပြားခြင်းသို့ ရောက်သောအခါ၌မူ ဤသာသနာတော်ဝယ် အာသဝေါတရား၏ တည်ရာအကြောင်းရင်း ဖြစ်ကြသည့် အချို့သော လွန်ကျူးမှုတရားတို့သည် သံဃာ၌ ထင်ရှားဖြစ်ပေါ်လာကုန်၏၊ ထိုအခါ ထိုလွန်ကျူးမှုတရားတို့ကို ပယ်ဖျောက်ခြင်းအကျိုးငှါသာလျှင် မြတ်စွာဘုရားသည် တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မူ၏၊ (အာဏာ)ပါတိမောက်ကို ပြတော်မူ၏။ (၅)
ချစ်သားသာရိပုတ္တရာ.. ယခုအခါ ရဟန်းသံဃာသည် (ဒုဿီလပုဂ္ဂိုလ် တည်းဟူသော) အမြှုပ်မှ ကင်း၏။ အပြစ်မှ ကင်း၏၊ အမည်းအညစ်မှ ကင်း၏၊ စင်ကြယ်၏။ (သီလစသော ဂုဏ်ကျေးဇူး)အနှစ်၌ တည်၏။ ချစ်သားသာရိပုတ္တရာ.. ဤရဟန်းငါးရာတို့အနက် အညံ့ဆုံးသော ရဟန်းသည်ပင် အပါယ်သို့ ကျရောက်ခြင်းသဘောမရှိသော ဧကန်မြဲသော အထက်မဂ်သုံးပါးလျှင် လားရာရှိသော သောတာပန်ပုဂ္ဂိုလ် ဖြစ်၏”ဟူ၍ မိန့်တော်မူလေ၏။
၁၂၆
(ဤ၌။ ။အာသဝေါတရား ဟူသည်မှာ မျက်မှောက်ဘဝ၌ဖြစ်သည့် သူတပါးတို့ အစွပ်စွဲခံရခြင်း, အသတ်အဖြတ် အနှောင်အဖွဲ့ခံရခြင်း အစရှိသည့် ဒုက္ခတရား ကိလေသာတရားနှင့် တမလွန်ဘဝ၌ဖြစ်သည့် အပါယ်ဒုက္ခတရားတို့ကို ဆိုသည်။ ထိုအာသဝေါတရားတို့၏ အကြောင်းရင်းဖြစ်သောကြောင့် မေထုန်မှီဝဲခြင်း, ခိုးခြင်း, လူကိုသတ်ခြင်း အစရှိသည့် လွန်ကျူးမူအမျိုးမျိုးကို အာသဝဋ္ဌာနီယ = အာသဝေါတရား၏ တည်ရာအကြောင်းရင်း တရားများဟူ၍ ခေါ်ဆိုအပ်ကုန်၏၊ အချုပ်အားဖြင့် လွန်ကျူးမှုကို အာသဝဋ္ဌာနီယတရားဟု ခေါ်သည်။
အရှင်သာရိပုတ္တရာ မထေရ်မြတ်က သိက္ခာပုဒ်ပညတ်ရန် တောင်းပန် လျှောက်ထားသည့် ထိုအချိန်မှာ ထိုလွန်ကျူးမှုများကား လုံးဝ မပေါ်ပေါက်သေးချေ၊ လွန်ကျူးမှု မပေါ်ပေါက်သေးမီ ကြိုတင်၍ စောစီးစွာ ပါရာဇိကလေးပါး အစရှိသော သိက္ခာပုဒ်များကို ပညတ်တော်မူခဲ့လျှင် မျက်ကွယ်ဆဲရေးခြင်း, အပြစ်တင်ခြင်း, မျက်မှောက်ကဲ့ရဲ့ခြင်း အပြစ်ဒေါသများမှ မလွတ်နိုင်လေရာ၊ အဘယ်သို့ မလွတ်နိုင်ရာသနည်းဟူမူ-
သိက္ခာပုဒ်ကို ကြိုတင်၍ ပညတ်လျှင် “အကြင်ရဟန်းသည် မေထုန်အကျင့်ကို မှီဝဲငြားအံ့” အစရှိသည်ဖြင့် ပညတ်သင့်သမျှ သိက္ခာပုဒ်ဥဿုံ အလုံးစုံကို ပညတ်တော်မူရပေမည်။ လွန်ကျူးမှုအပြစ်ကို မမြင်ရ မတွေ့ရသေးမီ ဤပညတ်ချက်ကို သိကြလျှင် အခြားတပါးသော သူတို့သည် ဤဆိုလတ္တံ့သောအတိုင်း မျက်ကွယ်ဆဲရေးခြင်း, အပြစ်တင်ခြင်း, မျက်မှောက်ကဲ့ရဲ့ခြင်းများကို ပြုကြပေလိမ့်မည်၊ အဘယ်သို့နည်း-
အဘယ့်ကြောင့် ရဟန်းဂေါတမသည် “ရဟန်းသံဃာသည် ငါ့နောက်လိုက်ကာ ငါ့စကားကို လိုက်နာပေ၏”ဟု ဤမျှဖြင့် သိက္ခာပုဒ်တို့ဖြင့် ရစ်ပတ်ဘိသနည်း၊ ပါရာဇိကသိက္ခာပုဒ်ကို ပညတ်ဘိသနည်း၊ ဤအမျိုးကောင်းသားတို့သည် ကြီးစွာသော စည်းစိမ်အစု များလှစွာသော ဆွေမျိုးအဝန်းအဝိုင်း လက်သို့ရောက်ပြီးသော မင်းစည်းစိမ်များကိုသော်လည်း ပယ်စွန့်၍ ရဟန်းပြုကြသည် မဟုတ်လော၊ စားရရုံမျှ ဝတ်ရရုံမျှဖြင့် ရောင့်ရဲကြကာ သိက္ခာသုံးပါး၌ အလွန့်အလွန် ရိုသေကြကာ ကိုယ်နှင့်အသက်ကို မငဲ့ကွက်ကြပဲ နေကြသည်မဟုတ်လော၊ ထိုသို့စဉ် သူတော်ကောင်းတို့အနက် အဘယ်သူသည် လောကအာမိသဖြစ်သည့် မေထုန်အကျင့်ကို ကျင့်လိမ့်မည်နည်း၊ သူတပါးဥစ္စာကိုမူလည်း ခိုးလိမ့်မည်နည်း၊ သူတပါးအသက်ကို ဖြတ်လိမ့် သတ်လိမ့်မည်နည်း၊ မဟုတ်မမှန်သော ဂုဏ်ကျေးဇူးစကား ပြောကြားခြင်းဖြင့် အဘယ်သူသည်
၁၂၇
အသက်မွေးမှု ပြုလိမ့်မည်နည်း။ ပါရာဇိကသိက္ခာပုဒ် လေးပါးကို မပညတ်အပ်သော်လည်း “ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ” အစရှိသည်ဖြင့် ရှင်သာမဏေဘဝ သီလကို ဆောက်တည်ခြင်းဖြင့်ပင် ဤမေထုန်ကျင့်မှု ခိုးမှု-စသည်တို့၏ မအပ်စပ်ကြောင်း မပြုကောင်းကြောင်းကို ထင်ရှားစွာ ပြုအပ်ပြီး မဟုတ်လောဟု မျက်ကွယ်ဆဲရေးခြင်း, အပြစ်တင်ခြင်း, မျက်မှောက်ကဲ့ရဲ့ခြင်းများကို ပြုကြပေလိမ့်မည်။
ဤမျှမကသေး မြတ်စွာဘုရားရှင်၏ စွမ်းအားကိုလည်း သတ္တဝါတို့သည် မသိကြကုန်လေရာ၊ ပညတ်အပ်သည့် သိက္ခာပုဒ်သည်လည်း ပျက်စီးလေရာ၏၊ မတည်လေရာ။ လောကဥပမာအားဖြင့် မလိမ္မာသော ဆေးဆရာသည် အနာမပေါက်သေးသည့် (မကြာမီ အနာပေါက်မည့်) ယောက်ျားကို အခေါ်ခိုင်းပြီးလျှင် “အမောင်ယောက်ျား.. လာလော့၊ သင်၏ ဤကိုယ်အစိတ်အပိုင်းမှာ အနာကြီးပေါက်ပြီးလျှင် အကျိုးမဲ့ ပျက်စီးခြင်းသို့ ရောက်စေလိမ့်မည်၊ စောစောစီးစီးပင် ထိုအနာကို ကုစားလော့”ဟု ပြောဆိုလတ်၍ “ကောင်းပါပြီဆရာ.. ဆရာသည်ပင် ထိုအနာကို ကုစားပါလော့”ဟု ပြောဆိုအပ်နှံရကား ထိုယောက်ျား၏ (လောလောဆယ်) အနာမရှိသေးသော ကိုယ်အစိတ်အပိုင်းကို ခွဲစိတ်ကာ (ရောဂါဖြစ်မည့်)သွေးကို ထုတ်ပြီးလျှင် ဆေးလိမ်းပေးခြင်း ကြပ်စည်းခြင်း ဖန်ရည်ဆေးခြင်း စသည်တို့ဖြင့် ထိုအနာပေါက်မည့်နေရာကို အရေအသားကောင်းအောင် ပြုလုပ်ပြီးနောက် ထိုယောက်ျားကို “သင်၏အနာကြီးကို ငါဆေးကုအပ်ပြီးပြီ၊ ဆေးဖိုးဝါးခများ ငါ့အား ပေးလော့”ဟု တောင်းဆိုလေရာ၏။
ထိုဆေးကုခံရသော ယောက်ျားသည် ထိုမလိမ္မာသည့် ဆေးဆရာကို “ဤဆရာမိုက်သည် အဘယ်စကားတွေ ပြောကြားနေဘိသနည်း၊ ဤဆရာမိုက်သည် ငါ၏ အဘယ်ရောဂါကို ဆေးကုအပ်သနည်း၊ တကယ်ဆိုတော့ ဤဆရာမိုက်သည် ငါ့အား ဆင်းရဲဒုက္ခကိုလည်း ဖြစ်စေသည်မဟုတ်လော၊ ငါ့ကို သွေးကုန်အောင်ပြုသည် မဟုတ်လော”ဟု ဤသို့ မျက်ကွယ်ဆဲရေးရာ၏၊ အပြစ်တင်ရာ၏၊ မျက်မှောက် ကဲ့ရဲ့လည်း ကဲ့ရဲ့လေရာ၏။ ထိုဆရာ၏ ဂုဏ်ကျေးဇူးကိုလည်း မသိလေရာ။
ဤအတူပင် လွန်ကျူးမှုတည်းဟူသော အပြစ်ဒေါသ မပေါ်ပေါက်မီ မြတ်စွာဘုရားရှင်သည် တပည့်တို့အား သိက္ခာပုဒ်ကို အကယ်၍ (ကြိုတင်)ပညတ်လျှင် မျက်ကွယ်ဆဲရေးခြင်း စသည်တို့မှလည်း မလွတ်လေရာ၊ မြတ်စွာဘုရားရှင်၏ စွမ်းအားကိုလည်း သတ္တဝါတို့သည် မသိကြကုန်လေရာ၊
၁၂၈
ပညတ်အပ်သည့် သိက္ခာပုဒ်သည်လည်း ပျက်စီးလေရာ၏။ မတည်လေရာ။ ထို့ကြောင့် “ချစ်သားသာရိပုတ္တရာ.. လွန်ကျူးမှုတရားတို့ သံဃာ၌ မဖြစ်ပေါ်သေးသမျှ မြတ်စွာဘုရားသည် တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မမူ” အစရှိသည်ကို ဟောတော်မူအပ်လေသည်။
ဤ၌။ ။သာသနာတော်ဝယ် လွန်ကျူးမှုများ မပေါ်ပေါက်သေးမီအခါသည် သိက္ခာပုဒ်ပညတ်ရန် အခါမဟုတ်သည် မည်၏၊ ပေါ်ပေါက်လာသောအခါသည် သိက္ခာပုဒ်ပညတ်ရန် အခါဟုတ်သည်မည်၏။ အခါမဟုတ်သည်၌ သိက္ခာပုဒ်ကို ပညတ်လျှင် ဆိုအပ်ပြီးသော အပြစ်ဒေါသများ ရောက်လေရာ၏။ လွန်ကျူးမှု အပြစ်ဒေါသများ ပေါ်ပေါက်လာသောအခါမှ သိက္ခာပုဒ်ကို ပညတ်လျှင် ဥပမာအားဖြင့် လိမ္မာသော ဆေးဆရာသည် အနာပေါက်မှ ခွဲစိတ်ခြင်း ဆေးလိမ်း ကြပ်စည်း ဖန်ရည်ဆေးခြင်း စသည်တို့ဖြင့် ဆေးကုလျက် ရောဂါကို ငြိမ်းစေကာ အရေအသားကောင်းအောင် ပြုသည်ရှိသော် မျက်ကွယ်ဆဲရေးခြင်း စသည်ကို မခံရပဲ မိမိ၏ ဆေးဆရာအတတ်၌ ထင်ရှားသော အာနုဘော်ရှိ၍ ပူဇော်သက္ကာရကို ခံယူရသကဲ့သို့ ဤအတူပင် မျက်ကွယ်ဆဲရေးခြင်း အပြစ်တင်ခြင်း စသည်ကို မခံရပဲ ကိုယ်တော်မြတ်၏ သဗ္ဗညုအရာ၌ ထင်ရှားသော အာနုဘော် ရှိတော်မူ၍ ပူဇော်သက္ကာရကို ခံယူတော်မူရ၏၊ ထိုပညတ်အပ်သော သိက္ခာပုဒ်သည်လည်း မပျက်မစီး တည်လေ၏။
ဤ(၁)မှတ် စကားရပ်များဖြင့် သိက္ခာပုဒ်ပညတ်ရာ အခါဟုတ်သည် မဟုတ်သည်ကို ပြတော်မူ၍ (၂) (၃) (၄) (၅) အမှတ်ပြ စကားရပ်တို့ဖြင့် လွန်ကျူးမှုများ ဖြစ်ပေါ်ရာကာလကို ပြတော်မူသည်။ ထိုစကားရပ်စု၏ အဓိပ္ပါယ်အကျယ်ကို ဝိနည်း ပါရာဇိကဏ်အဋ္ဌကထာ ဝေရဉ္ဇကဏ္ဍအဖွင့်မှ မှတ်ယူရာ၏)။
ဝါကျွတ်သောအခါ ဒေသစာရီကြွချီရန် ပန်ကြားတော်မူခြင်း
ဤသို့လျှင် တရားစစ်သူကြီး ဖြစ်တော်မူသော အရှင်သာရိပုတ္တရာမထေရ်ကို မြတ်စွာဘုရားရှင်သည် သိက္ခာပုဒ်ပညတ်ရန်နှင့် စပ်၍ အကျယ်တဝင့် ဟောပြတော်မူပြီးနောက် ဝေရဉ္ဇာပြည်၌ ထိုဝါပတ်လုံး သီတင်းသုံး နေတော်မူ၍ ၀ါကျွတ်သောအခါ
၁၂၉
သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့၌ ပဝါရဏာပြုတော်မူပြီးလျှင် အရှင်အာနန္ဒာမထေရ်ကို ခေါ်တော်မူ၍ “ချစ်သားအာနန္ဒာ.. ဘုရားရှင်တို့သည် ပင့်ဖိတ်သူများရှိ၍ ၀ါကပ်တော်မူရာဝယ် ထိုပင့်ဖိတ်သူတို့ကို မပန်ကြားပဲ ဒေသစာရီ မကြွချီခြင်း (=ပန်ကြားပြီးမှ ဒေသစာရီ ကြွချီခြင်း)သည် ဘုရားရှင်တို့၏ အလေ့အကျက်ဖြစ်သည်။ အာနန္ဒာ.. လာ သွားကြစို့၊ ဝေရဉ္ဇပုဏ္ဏားကို ပန်ကြားကြကုန်စို့”ဟု မိန့်တော်မူကာ ဆွမ်းကိစ္စပြုပြီးနောက် မွန်းလွဲချိန်ကို လွန်စေပြီးလျှင် အရှင်အာနန္ဒာမထေရ်ကို နောက်ပါရဟန်းပြုတော်မူ၍ ဝေရဉ္ဇာပြည် တံခါးဝမှစ၍ လမ်းကြီးလမ်းငယ် အသွယ်သွယ်တို့ကို ဘုရားရှင်၏ ရောင်ခြည်တော်တို့ဖြင့် တပြောင်ပြောင် တောက်ပစေတော်မူလျက် ဝေရဉ္ဇပုဏ္ဏား၏ အိမ်ရှိရာသို့ ကြွတော်မူလေ၏။
ပုဏ္ဏား၏ အိမ်တံခါးဝ၌ မြတ်စွာဘုရားရှင် ရပ်တည်တော်မူလျှင်ပင် ပုဏ္ဏား၏ အခြံအရံလူများက ဘုရားရှင်ကို မြင်ကြ၍ ပုဏ္ဏားကြီးအား ပြောကြားကြလေလျှင် ပုဏ္ဏားကြီးသည် (ထိုအချိန်ကျမှ) သတိရကာ ထိတ်ထိတ်ပြာပြာ နေရာမှထပြီးလျှင် သူမြတ်တို့နှင့်သာ ထိုက်တန်သော နေရာကို ခင်းထားစေ၍ မြတ်စွာဘုရားရှင်ကို ခရီးဦးကြိုဆိုပြီးနောက် “ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဤအရပ်မှ ကြွတော်မူပါ”ဟု တရိုတသေ လျှောက်ထား ပင့်ဆောင်လေသည်။ မြတ်စွာဘုရားရှင်သည် ပုဏ္ဏားပင့်ဆောင်ချက်အတိုင်း ကြွတော်မူ၍ ခင်းထားအပ်သော နေရာ၌ ထိုင်နေတော်မူ၏။ (ဤအချိန်ကား မာရ်နတ်သည် မိမိ၏ လှည့်ပတ်ချက်ကို ရုပ်သိမ်းသောအချိန် ဖြစ်လေသည်။)
ထိုအခါ ဝေရဉ္ဇပုဏ္ဏားသည် မြတ်စွာဘုရားရှင်ထံသို့ ချဉ်းကပ်ပြီးလျှင် ရိုသေမြတ်နိုး ရှိခိုး၍ အပြစ်ခြောက်ပါး လွတ်ရာအရပ်၌ ထိုင်နေလေသည်၊ ထိုအခါ ဝေရဉ္ဇပုဏ္ဏားကို မြတ်စွာဘုရားရှင်သည်-
၁၃၀
“ပုဏ္ဏား.. သင်ပင့်ဖိတ်ချက်အရ ငါတို့သည် ဝါကပ်ခဲ့ကုန်ပြီ၊ သင့်ကို ငါတို့ ပန်ကြားကုန်၏၊ ငါတို့သည် ဒေသစာရီ ကြွချီလိုကြကုန်၏”–
ဟု မိန့်တော်မူ၏၊ ထိုအခါ ဝေရဉ္ဇပုဏ္ဏားကြီးသည် မြတ်စွာဘုရားရှင်ကို-
“အရှင်ဂေါတမ.. မှန်ပါသည်။ အကျွန်ုပ်ပင့်ဖိတ်ချက်အရ အရှင်ဂေါတမတို့သည် ဝါကပ်တော်မူခဲ့ကြပါသည်။ သို့ရာတွင် လှူဖွယ်ဝတ္ထုကို မလှူရသေးပါ၊ (ထိုသို့ မလှူရခြင်းမှာ) လှူဖွယ်ဝတ္ထု မရှိ၍လည်း မဟုတ်ပါ၊ မပေးလှူလို၍လည်း မဟုတ်ပါ၊ လူ့ဘောင်၌နေကုန်သော သူတို့သည် ပြုဖွယ်ကိစ္စ များပြားလှပါကုန်၏၊ ထိုပေးလှူခွင့်ကို အဘယ်မှာ ရနိုင်ပါမည်နည်း၊ အရှင်ဂေါတမသည် နက်ဖြန် ကောင်းမှုကုသိုလ်အလို့ငှါ အကျွန်ုပ်၏ဆွမ်းကို ရဟန်းသံဃာနှင့်အတူ လက်ခံတော်မူပါ”–
ဟု လျှောက်ထားလေ၏။ (ပုဏ္ဏားကြီးသည် မာရ်နတ် လှည့်ဖြားထားသည်ကို မသိရှာ၊ “အိမ်၌နေသူ လူတို့ကိစ္စ ပလိဗောဓကြောင့် ငါ့မှာ သတိမေ့လျော့ခြင်း ဖြစ်သည်”ဟု အောက်မေ့၍ ဤသို့ လျှောက်ထားခြင်းဖြစ်သည်)။
ထိုအခါ မြတ်စွာဘုရားရှင်သည် “ပုဏ္ဏား၏ ပင့်ဖိတ်ချက်ကို အကယ်၍ ငါလက်မခံလျှင် ‘ဤရဟန်းဂေါတမသည် ဝါတွင်းသုံးလပတ်လုံး တစုံတခု အလှူဝတ္ထုကို မရသဖြင့် အမျက်ထွက်သည်ထင်၏၊ ထို့ကြောင့် ငါတောင်းပန်အပ်ပါလျက် ဆွမ်းတထပ်ကိုမျှ လက်မခံချေ။ ဤရဟန်းဂေါတမ၌ သည်းခံခြင်းတရား မရှိ၊ ဤရဟန်းဂေါတမသည် သဗ္ဗညုပုဂ္ဂိုလ်မဟုတ်’ဟူ၍ ပုဏ္ဏားကြီးနှင့်တကွ ဝေရဉ္ဇာပြည်သူပြည်သား အားလုံးတို့သည် များစွာသော အကုသိုလ်ကို ပွါးစေကြလိမ့်မည်၊ ထိုသူတို့၏ အကုသိုလ်တရား
၁၃၁
ပွါးခြင်းသည် မဖြစ်ပါစေလင့်”ဟု ဆင်ခြင်တော်မူကာ ထိုသူတို့အား သနားသဖြင့် မြတ်စွာဘုရားရှင်သည် ဝေရဉ္ဇပုဏ္ဏား၏ ပင့်ဖိတ်ချက်ကို ဆိတ်ဆိတ်နေသဖြင့် လက်ခံတော်မူ၏။ လက်ခံတော်မူပြီးနောက် မြတ်စွာဘုရားရှင်သည် ဝေရဉ္ဇပုဏ္ဏားကို “အိမ်၌နေသူ လူတို့ကိစ္စ ပလိဗောဓကို ကြံစည်ခြင်းဖြင့် အကျိုးမရှိ”ဟု သိစေတော်မူပြီးလျှင် ထိုခဏအား လျောက်ပတ်သော တရားစကားဖြင့် မျက်မှောက် တမလွန် အကျိုးနှစ်ပါးကို ပြတော်မူလျက် ကုသိုလ်တရားတို့ကို ဆောက်တည်စေကာ ထိုကုသိုလ်တရား၌ ထက်သန်ရွှင်လန်းစေပြီးလျှင် နေရာမှထကာ ဖဲခွါကြွသွားတော်မူလေ၏။
ဝေရဉ္ဇပုဏ္ဏား၏ ကြီးစွာသော အလှူဒါန
မြတ်စွာဘုရားရှင် ဖဲခွါ ကြွသွားတော်မူလတ်သော် ဝေရဉ္ဇပုဏ္ဏားကြီးသည် အိမ်သူအိမ်သား သားမယားများကို ခေါ်ယူစည်းဝေးပြီးလျှင် “အချင်းတို့.. ငါတို့သည် မြတ်စွာဘုရားကို ဝါတွင်းသုံးလပတ်လုံး (ဝါဆိုနေထိုင်ရန်) ပင့်ဖိတ်ပြီးလျှင် တနေ့တာမျှ ဆွမ်းတထပ်မျှ မလှူမိခဲ့ကြကုန်၊ ကိုင်း.. ယခုအခါ ဝါတွင်းသုံးလ လှူဒါန်းရမည့် ဒါနဝတ္ထုကို နက်ဖြန်တရက်တည်းဖြင့် အပြီးလှူနိုင်ရန် စီမံကြကုန်လော့”ဟု အမိန့်ပေး ညွှန်ကြားလေ၏၊ ထို့နောင်မှ အလွန်မွန်မြတ်သော အလှူဝတ္ထုများကို စီမံစေပြီးလျှင် နောက်တနေ့မိုးသောက် ရောက်သောအခါ၌ နေရာအရပ်ကို တန်းဆာဆင်စေ၍ သူမြတ်တို့အားသာ ထိုက်တန်သော နေရာထိုင် အခင်းတို့ကို ခင်းထားစေပြီးလျှင် နံ့သာအခိုးအထုံ ပန်းတို့ဖြင့် အဆန်းတကြယ် ပူဇော်ဖွယ်ကို စီမံပြီးနောက် မြတ်စွာဘုရားရှင်အား “အရှင်ဂေါတမ.. အချိန်တန်ပါပြီ၊ ဆွမ်းပြင်ပြီးပါပြီ”ဟု လျှောက်ထားစေ၏။
ထိုအခါ မြတ်စွာဘုရားရှင်သည် ရဟန်းငါးရာခြံရံလျက် ဝေရဉ္ဇပုဏ္ဏားအိမ်သို့ ကြွရောက်၍ ခင်းထားအပ်သော နေရာ၌ ရဟန်းသံဃာနှင့်အတူ ထိုင်နေတော်မူလေသော် ဝေရဉ္ဇပုဏ္ဏားကြီးသည်
၁၃၂
မြတ်စွာဘုရား အမှူးရှိသော ရဟန်းသံဃာကို မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တန်ပြီဟု တားမြစ်သည့်တိုင်အောင် မိမိကိုယ်တိုင် ကြပ်မပြုစု လုပ်ကျွေးလေ၏။ မြတ်စွာဘုရားရှင် ဆွမ်းဘုဉ်းပေးပြီး၍ သပိတ်မှ လက်တော်ကို ဖယ်ပြီးသောအခါ ဝေရဉ္ဇပုဏ္ဏားကြီးသည် မြတ်စွာဘုရားရှင်အား သင်္ကန်းတိ-စုံကို ကပ်လှူ၏၊ (ထိုသင်္ကန်းတိ-စုံ၌ တထည် တထည်လျှင် အဖိုးတထောင်စီ ထိုက်၏။ ဤသို့လျှင် ပုဏ္ဏားကြီးသည် မြတ်စွာဘုရားအား သုံးထောင် အဖိုးထိုက်တန်သော သင်္ကန်းတိ-စုံကို လှူဒါန်းလေ၏)။ ရဟန်း တပါး တပါးအားလည်း သင်္ကန်းလျှာ တစုံစီ တစုံစီ ကပ်လှူ၏၊ (ထိုသင်္ကန်းလျာ တစုံ၌ တထည် တထည်လျှင် အဖိုးငါးရာစီ ထိုက်တန်၏။ ဤသို့လျှင် ရဟန်းငါးရာတို့အား အဖိုးငါးသိန်းထိုက်သော သင်္ကန်းလျာတို့ကို လှူဒါန်းလေ၏။ ပါဠိတော်၌ကား ဤမျှသာလာ၏၊ အဋ္ဌကထာဖွင့်ပြချက်ကို ဆက်၍ ဖော်ပြပေဦးအံ့)–
ဝေရဉ္ဇပုဏ္ဏားကြီးသည် ဤမျှ (အဖိုးငါးသိန်း သုံးထောင်တန် သင်္ကန်းများ)ကို လှူဒါန်းရသော်လည်း တင်းမတိမ် မရောင့်ရဲနိုင်သေး) တဖန် ခုနစ်ထောင် ရှစ်ထောင် အဖိုးထိုက်တန်သည့် ကမ္ဗလာအုပ်ပေါင်း များစွာတို့ကို၎င်း, ပဋ္ဋုဏ္ဏတိုင်းဖြစ် အထည်အုပ်ပေါင်း များစွာတို့ကို၎င်း အပိုင်းအပိုင်းဖြစ်စေကာ အာယောဂပတ် = ထပ်၍ချုပ်သော အဝတ်လွှာ, ပခုံးဖွဲ့ = အံသဗဒ်, ခါးပန်း, ရေစစ်-စသည်ပြုလုပ်ရန် ထပ်မံလှူဒါန်းပြန်လေသည်။
အကြိမ်တရာ အကြိမ်တထောင် ချက်ပြီးသော ဆေးဆီများကိုလည်း ဘူးအပြည့် ပုလင်းအပြည့် ထည့်ပြီးလျှင် ရဟန်းတော် တပါးတပါးအား နယ်ဆီအလို့ငှါ တထောင်စီ တန်ဖိုးထိုက်သော ဆေးဆီကို လှူဒါန်းလေ၏။ (များစွာဆိုသဖြင့် အဘယ်ဆုံးနိုင်အံ့နည်း) ပစ္စည်းလေးရပ်တို့အနက် ရဟန်းတို့၏ အသုံးအဆောင် ဖြစ်သည့် တစုံတခုသော ပရိက္ခရာကိုမျှ မလှူသောမည်သည် မရှိ။ ခပ်သိမ်းသော သမဏပရိက္ခရာများကို လှူဒါန်းလေသည်။
၁၃၃
ဤသို့လျှင် ကြီးစွာသော အလှူဒါနကို လှူဒါန်းပြီးလျှင် သားမယားနှင့်တကွ မြတ်စွာဘုရားရှင်အား ရိုသေမြတ်နိုး ရှိခိုးထိုင်နေသော ဝေရဉ္ဇပုဏ္ဏားကို တဝါတွင်းလုံး မာရ်နတ် လှည့်ပတ်ချက်ဖြင့် တရားနာခြင်း တည်းဟူသော အမြိုက်အရသာကို သုံးဆောင်ခြင်းမှ ဆုံးရှုံးနစ်နာသည်ကို တရက်တည်းဖြင့်ပင် မြတ်စွာဘုရားရှင်သည် တရားအမြိုက်မိုး စွေဖြိုးရွာသွန်း၍ အလိုဆန္ဒ ပြည့်ဝအောင် ချီးမြှောက်တော်မူလိုရကား တရားစကားဖြင့် မျက်မှောက်တမလွန် အကျိုးနှစ်ပါးကို ပြတော်မူလျက် ကုသိုလ်တရားတို့ကို ဆောက်တည်စေကာ (=အရယူစေကာ) ထိုကုသိုလ်တရား၌ စိတ်အားထက်သန် ရွှင်လန်းစေပြီးလျှင် နေရာမှထကာ ဖဲခွါ ကြွသွားတော်မူလေ၏။
ဝေရဉ္ဇပုဏ္ဏားကြီးသည်လည်း သားမယားနှင့်တကွ မြတ်စွာ ဘုရားရှင်ကို၎င်း, ရဟန်း သံဃာကို၎င်း ရိုသေမြတ်နိုး ရှိခိုးလျက် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်တို့အား နောက်တကြိမ်လည်း ချီးမြှောက်တော်မူပါကုန်ဦးဘုရား” ဤသို့ အစရှိသော စကားတို့ကို လျှောက်ထား တောင်းပန်လျက် လိုက်ပါပို့ဆောင်ပြီးလျှင် မျက်ရည်များ တတွေတွေကျကာ ပြန်နစ်ရှာလေ၏။
ထို့နောက် မြတ်စွာဘုရားရှင်သည် ဝေရဉ္ဇာပြည်၌ အလိုတော်ရှိသလောက် သီတင်းသုံး နေထိုင်တော်မူပြီးလျှင် ထိုဝေရဉ္ဇာပြည်မှ ထွက်တော်မူခဲ့၍ (အောက်က ဖော်ပြခဲ့ပြီးသော ဒေသစာရီခရီး အဝန်းသုံးပါးတို့အနက်) မဟာမဏ္ဍလခရီးဝန်း၌ ကြွရောက်ရမည့် လမ်းခရီးအစဉ်ကို ချုံးတော်မူ၍ တဝါတွင်းလုံး အစာခေါင်းပါးခြင်းဒေါသကြောင့် ပင်ပန်းနွမ်းနယ်နေသော ရဟန်းသံဃာကို လမ်းအဖြောင့်အတိုင်း ခေါ်ဆောင်ကာ ကြွသွားတော်မူလိုသဖြင့် သောရေယျမြို့, သင်္ကဿမြို့, ကဏ္ဏကုဇ္ဇမြို့များသို့ မဝင်မူ၍ ပယောဂဆိပ်ကမ်းသို့ ကြွရောက်ပြီးလျှင် ထိုဆိပ်ကမ်းမှ ဂင်္ဂါမြစ်ကို ကူးတော်မူ၍ ဗာရာဏသီပြည်သို့ ရောက်တော်မူလေသည်။ မြတ်စွာဘုရားသည် ဗာရာဏသီပြည်၌လည်း
၁၃၄
အလိုတော်ရှိသမျှ သီတင်းသုံး နေထိုင်တော်မူပြီးလျှင် ထိုမှတဆင့် ဝေသာလီပြည်ဖက်သို့ အစဉ်သဖြင့် ခရီးဒေသစာရီ ကြွချီတော်မူခဲ့၍ ဝေသာလီပြည်သို့ ရောက်ရှိတော်မူကာ ဝေသာလီပြည် မဟာဝုန်တောအတွင်း ကူဋာဂါရ (=ပြာသာဒ်ဆောင်ပေါက်သော) ကျောင်းကြီး၌ သီတင်းသုံး နေထိုင်တော်မူလေသတည်း။