မဟာဗုဒ္ဓဝင်/၇- ပကိဏ္ဏကခန်း (၆) ပါရမီတို့၏ အကြောင်းတရားများ

2667မဟာဗုဒ္ဓဝင် — (၆) ပါရမီတို့၏ အကြောင်းတရားများမင်းကွန်းဆရာတော်

၁၃၀

(၆) ပါရမီတို့၏ အကြောင်းတရားများ

     “ထိုပါရမီတို့၏ အခြေခံအကြောင်းတို့ကား အဘယ်တရားများ ဖြစ်ပါသနည်း”ဟု မေးသော်..

(က) အဘိနီဟာရ၊

(ခ) မဟာကရုဏာနှင့် ဥပါယကောသလ္လဉာဏ်၊

(ဂ) ဗုဒ္ဓဘူမိတရားလေးပါး၊

(ဃ) အဇ္ဈာသယဓာတ်ကောင်း (၁၆)ပါး၊

(င) မလှူခြင်းစသည်၌ အပြစ်၊ လှူခြင်းစသည်၌ အကျိုးကို ဆင်ခြင်တတ်သော ပစ္စဝေက္ခဏာဉာဏ်များ၊

(စ) အခြံအရံအကြောင်းတို့နှင့် တကွသော စရဏ(၁၅)ပါး အဘိညာဉ် (၅)ပါး-

ဤတရားတို့သည် ပါရမီတို့၏ အခြေခံအကြောင်းတရားများ ဖြစ်ပါသည်ဟု အကျဉ်းချုပ်ဆိုရာ၏။

     အကျယ်အားဖြင့် ဖြေဆိုသော်ကား..

(က) အဘိနီဟာရ

(အဘိ= သဗ္ဗညုတဉာဏ်သို့ ရှေးရှု၊ နီဟာရ= စိတ်ကို ပို့ဆောင်ခြင်း၊ သဗ္ဗညုဘုရားဖြစ်ရန် ဆုပန်ခြင်းဟု ဆိုလိုသည်။)

     အောက်ဖြစ်သော ဗုဒ္ဓုပ္ပါဒဒုလ္လဘအခဏ်း၌ လာရှိသည့် ဗျာဒိတ်ရကြောင်း အင်္ဂါရှစ်ပါးတို့ကို ပြန်လည်စဉ်းစား ဆင်ခြင်ရာ၏။ ထိုဗျာဒိတ်ရကြောင်း အင်္ဂါရှစ်ပါးတို့ စုပေါင်းပြည့်စုံသော (သုမေဓာဘဝကဲ့သို့သော) ဘဝသို့ ရောက်ရှိသောအခါ သုမေဓာပညာရှိကဲ့သို့သော အလောင်းတော်ကြီးတို့၏ စိတ်သန္တာန်၌ ထိုအင်္ဂါရှစ်ပါး ပြည့်စုံမှု၏ လှုံ့ဆော်တိုက်တွန်းချက်အရ မည်သူကမျှ အကြံပေးနေရသည် မဟုတ်ပဲ-



၁၃၁

“ငါသည် ကိုယ်စွမ်းဖြင့် သံသရာပင်လယ်ကြီးကို ကူးမြောက်ပြီးလျှင်၊ ဝေနေယျတို့ကိုလည်း ဆယ်တင်ပေအံ့။ ကိုယ်စွမ်းဖြင့် သံသရာနှောင်အိမ်ကြီးမှ လွတ်အောင်အားထုတ်ပြီးလျှင်၊ ဝေနေယျတို့ကိုလည်း လွတ်မြောက်စေအံ့။ ကိုယ်တိုင်က ဣန္ဒြေတို့ကို ယဉ်ကျေးအောင် အားထုတ်ပြီးလျှင်၊ ဝေနေယျတို့ကိုလည်း ယဉ်ကျေးအောင် ဆုံးမအံ့။ ကိုယ်တိုင်က ကိလေသာအပူငြိမ်းအောင် အားထုတ်ပြီးလျှင်၊ ဝေနေယျတို့ကိုလည်း ငြိမ်းစေအံ့။ ကိုယ်တိုင်က နိဗ္ဗာန်တည်းဟူသော အသက်သာဆုံးတရားကိုရအောင် အားထုတ်ပြီးလျှင်၊ ဝေနေယျတို့ကိုလည်း ထိုတရားကို ရစေအံ့။ ကိုယ်တိုင်က ၀ဋ်သုံးပါး မီးတောက်ကြီးများငြိမ်းအောင် အားထုတ်ပြီးလျှင်၊ ဝေနေယျတို့ကိုလည်း ငြိမ်းစေအံ့။ ကိုယ်တိုင်က ကိလေသာမြူ စင်ကြယ်သူဖြစ်အောင် အားထုတ်ပြီးလျှင်၊ ဝေနေယျတို့ကိုလည်း စင်ကြယ်စေအံ့။ ကိုယ်တိုင်က သစ္စာလေးပါးကိုသိအောင် အားထုတ်ပြီးလျှင်၊ ဝေနေယျတို့ကိုလည်း သိစေအံ့။ (အချုပ်အားဖြင့်- ငါသည် ဘုရားဖြစ်အောင် အားထုတ်ပြီးလျှင် ဝေနေယျတို့ကို ကယ်တင်အံ့။”

ဟူ၍ သဗ္ဗညုဘုရားဖြစ်လိုသည့် မဟာကုသိုလ်စိတ် စေတသိက်များ တရိပ်ရိပ် တဖွားဖွား ဖြစ်ပွါး၍လာလေသည်၊ ထိုသို့ သဗ္ဗညုဘုရားဖြစ်ရန် ဆုပန်သည့် မဟာကုသိုလ်စိတ် စေတသိက်များကို အဘိနီဟာရကုသိုလ်ကြီးဟူ၍ ခေါ်သည်။ ထိုအဘိနီဟာရ ကုသိုလ်ထူးကြီးသည် ပါရမီဆယ်ပါးလုံး၏ အခြေခံအကြောင်းရင်းကြီး ဖြစ်သည်။

     မှန်၏.. ထိုအဘိနီဟာရ ကုသိုလ်ထူးကြီး ဖြစ်ပေါ်ခြင်းကြောင့်ပင် အလောင်းတော်ကြီးများမှာ နိယတဗျာဒိတ်ကို ရရှိခြင်း၊ ရရှိပြီးနောက် ကိုယ်ပိုင်ဉာဏ်ဖြင့် ပါရမီတို့ကို ဆင်ခြင်ခြင်း၊ ဆောက်တည်ခြင်း၊ အထွတ်အထိပ်ရောက် ဖြည့်ကျင့်ခြင်းများ အစဉ်သဖြင့် ဖြစ်ပေါ်ကြလေသည်။



၁၃၂

     ထိုအဘိနီဟာရ ကုသိုလ်ထူးကြီးသည် (က) သဗ္ဗညုတဉာဏ်၌ စိတ်ကိုထားခြင်း လက္ခဏာရှိ၏။ (ခ) ငါသည် သဗ္ဗညုဘုရားဖြစ်ပြီးလျှင် သတ္တဝါတို့၏ နိဗ္ဗာန်တိုင်အောင်သော စီးပွါးချမ်းသာတို့ကို ပြီးစေနိုင်ရပါလို၏၊ ရွက်ဆောင်နိုင်ရပါလို၏ဟု တောင့်တခြင်း ကိစ္စရသရှိ၏။ (ဂ) ဗောဓိသမ္ဘာရတရားတို့၏ အခြေခံအကြောင်းရင်း တရားကြီးဟူ၍ ယောဂီတို့၏ဉာဏ်၌ ထင်မြင်ခြင်း ပစ္စုပဋ္ဌာန်ရှိ၏။ (ဃ) မဟာကရုဏာလျှင် (တနည်း၊ နောက်၌ ပြဆိုလတ္တံ့သော ဥပနိဿယ အကြောင်းထူးနှင့် ပြည့်စုံခြင်းလျှင်) နီးကပ်သောအကြောင်း ပဒဋ္ဌာန်ရှိ၏။

     ဤအဘိနီဟာရ ကုသိုလ်ထူးကြီးကို မကြံစည်နိုင်သည့် ဘုရားကျေးဇူးများကို၎င်း နှိုင်းယှဉ်၍မရသည့် သတ္တလောက၏ အစီးအပွါးကို၎င်း ရည်ရော်၍ဖြစ်ခြင်းကြောင့် ခပ်သိမ်းသော ပါရမီ စာဂ စရိယတရားစု၏ မူလအကြောင်းရင်းကြီး ဟူ၍၎င်း၊ အလွန်ကောင်းမြတ်၍ မနှိုင်းအပ်သော အစွမ်းသတ္တိနှင့် ပြည့်စုံသည့် ကုသိုလ်ထူးကြီးဟူ၍၎င်း မှတ်ယူအပ်၏။ သတ္တိထူးရှိပုံကို အမြွက်မျှ ပြဆိုရသော်-

     ယင်းသည့် အဘိနီဟာရ ကုသိုလ်ထူးကြီး ဖြစ်ပေါ်လာသည်နှင့် တပြိုင်နက်ပင် အလောင်းတော်သူမြတ်သည် သဗ္ဗညုတဉာဏ်ကိုရဘို့ရန် ပဋိပတ်နယ်အတွင်းသို့ ဝင်ရောက် သက်ဆင်းလာသူ မည်တော့သည့်ပြင်၊ ယင်း အဘိနီဟာရကုသိုလ်ရှင် အလောင်းတော်သူမြတ်မှာ မြေလက်ခတ်မလွဲ ဘုရားအဖြစ်ကို ဧကန်ရမည် ဖြစ်သောကြောင့်၎င်း ဤကုသိုလ်ထူးကြီးသို့ ရောက်ပြီး ရပြီးမှ နောက်သို့ပြန်ဆုတ်ခြင်း (ဆုတမျိုး ပြောင်းလွှဲတောင်းခြင်း) မရှိသောကြောင့်၎င်း ဗောဓိသတ္တ= ဘုရားအလောင်းတော်ဟူသော အမည်ကို ရလေတော့သည်။ (ဤကုသိုလ်ကြီး မဖြစ်သေးသမျှ ဘုရားအလောင်း မမည်နိုင်သေး။) ထိုအချိန်မှစ၍ အလောင်းတော်သူမြတ်အား သဗ္ဗညုတဉာဏ်ကို ရလိုသည့် စိတ်ထားနှင့် ပါရမီ စာဂ စရိယတို့ကို အထွတ်အထိပ်ရောက် ဖြည့်စွမ်းနိုင်သည့် စွမ်းရည်သတ္တိများ တည်ရှိလေတော့သည်။ ထိုအဘိနီဟာရ



၁၃၃

ကုသိုလ်ရှင် ဖြစ်သောကြောင့်ပင် သုမေဓာရှင်ရသေ့သည် သဗ္ဗညုတဉာဏ်၏ ရှေ့ပြေးနိမိတ်ဖြစ်သည့် သယမ္ဘူဉာဏ်ခေါ်ရသည့် ပါရမီပဝိစယဉာဏ်တော်ဖြင့် ပါရမီတော်တို့ကို မချွတ်မယွင်း အမှန်အတိုင်း ဆင်ခြင်ပြီးလျှင် ကြံ့ကြံ့ခိုင်ခိုင် ဆောက်တည်၍ လေးအသင်္ချေနှင့် ကမ္ဘာတသိန်းကြာအောင် ဖြည့်ကျင့်တော်မူလေပြီ။

     ထိုအဘိနီဟာရ ကုသိုလ်ထူးကြီးမှာလည်း-

(I) ပစ္စယအကြောင်း လေးပါး၊

(II) ဟေတုအကြောင်း လေးပါး၊

(III) အားစွမ်းလေးပါးတို့ ရှိပြန်သည်။ ထိုတွင်-

     (I) ပစ္စယအကြောင်း (အထောက်အပံ့ အကြောင်း) လေးပါးဟူသော်ကား..

     (၁) ဘုရားဆုပန်မည့် အမျိုးကောင်းသား ယောက်ျားမြတ်သည် သက်တော်ထင်ရှားရှိသော ဘုရားကိုယ်တော်တိုင် ကြီးစွာသော ဘုရားအာနုဘော်ဖြင့် ပြာဋိဟာမှု ပြုတော်မူသည်ကို ကိုယ်တိုင် ဖူးမြင်ရသောအခါ “သဗ္ဗညုတဉာဏ်တော်သည် အာနုဘော်ကြီးစွာ့တကား.. သဗ္ဗညုတဉာဏ်ကို ရတော်မူခြင်းကြောင့် မြတ်စွာဘုရားသည် ဤသို့ အံ့ဖွယ်ထူးကဲသော သဘောရှိပေသည်၊ မကြံစည်နိုင်သော အာနုဘော်လည်း ရှိတော်မူပေသည်”ဟု ဆင်ခြင်ပြီးလျှင် ထို ကိုယ်တွေ့မျက်မြင်ဖြစ်သည့် ဘုရားအာနုဘော်ကို အကြောင်း ပြု၍ သဗ္ဗညုတဉာဏ်၌ စိတ်ညွတ်တတ်သည်။

     (၂) ကိုယ်တိုင်ပင် မမြင်ရသော်လည်း “မြတ်စွာဘုရားသည် ဤသို့ ဤသို့သော အာနုဘော်နှင့် ပြည့်စုံတော်မူပေ၏”ဟု သူတပါးတို့ထံမှ တဆင့်စကား ကြားရသည်ကို အကြောင်းပြု၍လည်း သဗ္ဗညုတဉာဏ်၌ စိတ်ညွတ်တတ်သည်။

     (၃) မြတ်စွာဘုရား၏အာနုဘော်ကို ကိုယ်တိုင်လည်း မမြင်ရ, သူတပါးထံမှလည်း မကြားရစေကာမူ မြတ်စွာဘုရား



၁၃၄

ဟောကြားအပ်သည့် ဘုရားအာနုဘော်နှင့်စပ်သော တရားကို ကြားရနာရ၍လည်း သဗ္ဗညုတဉာဏ်၌ စိတ်ညွတ်တတ်သည်။

     (၄) ရှေ့အကြောင်းသုံးပါး မရှိပဲလည်း ဘုရားဆုပန်လိုသော အမျိုးကောင်းသားကိုယ်တိုင်က အလွန်မြင့်မြတ်သော နှလုံးသွင်း ဓာတ်ခံရှိသည့်အတွက် “ငါသည် ထိုမြတ်စွာဘုရားတို့၏ အနွယ်အဆက် ပဝေဏီစဉ်လာ ဓမ္မတာကို မကွယ်မပျောက်အောင် စောင့်ရှောက်ပေအံ့”ဟု အလွန့်အလွန် တရားကို ရိုသေကော်ရော် ပူဇော်လျက် ထိုဓမ္မဂရုစိတ်ကို အကြောင်းပြု၍ သဗ္ဗညုတဉာဏ်၌ စိတ်ညွတ်တတ်သည်။ ထို့ကြောင့်-

၁။ သက်တော်ထင်ရှား ဘုရားကိုယ်တော်မြတ်၏ အာနုဘော်ကို ကိုယ်တိုင် ဖူးမြော်ရခြင်း၊ (သို့မဟုတ်)

၂။ ကိုယ်တိုင်ဖူးရသူ တပါးသူထံမှ တဆင့်စကားကြားရခြင်း၊ ( သို့မဟုတ်)

၃။ ဘုရားအာနုဘော်နှင့်စပ်သော တရားကို မြတ်စွာဘုရား ဟောကြားသည်ကို ကြားနာရခြင်း၊ (သို့မဟုတ်)

၄။ ကိုယ်တိုင်က အလွန်မြင့်မြတ်သည့် အာသယဓာတ်ခံရှိ၍ ဓမ္မဂရုစိတ်ကို မွေးမြူခြင်း-

ဤလေးပါးသည် အဘိနီဟာရ ကုသိုလ်ထူးကြီး၏ ပစ္စယအကြောင်း (အထောက်အပံ့အကြောင်း) မည်၏။

     (II) ဟေတုအကြောင်း (တိုက်ရိုက် ဖြစ်စေတတ်သော အကြောင်း) လေးပါးဟူသော်ကား..

     (I) ဘုရားဆုပန်မည့် မင်းယောက်ျားသည် ရှေးရှေး ဘုရားရှင်တို့အထံ၌ အဓိကာရ= (အထိကရ) ကုသိုလ်ထူးများကို ပြုခဲ့ဘူးခြင်းဟူသော ဥပနိဿယသမ္ပဒါ။ (II) ပင်ကိုယ်ပကတိအားဖြင့် ကရုဏာဓာတ်ခံ ကြီးမားခြင်း, မိမိအသက်ကိုပင်စွန့်၍ သတ္တဝါတို့၏ဒုက္ခကို ပယ်ရှားလိုခြင်းဟူသော ကရုဏာသမ္ပဒါ၊



၁၃၅

(III) မိမိအလိုရှိအပ်သည့် ဘုရားအဖြစ်ကြီး ပြီးစီးအောင်မြောက်သည့်တိုင်အောင် အလွန်ကြာမြင့်စွာ အားထုတ်ရသော်လည်း ဝဋ်ဒုက္ခနှင့်တကွ သတ္တဝါတို့ အစီးအပွါးအလို့ငှါ ခဲယဉ်းလှသောအကျင့်တို့ကို ကျင့်ရခြင်းတို့မှ မငြီးငွေ့ခြင်း (စိတ်မပျက်ခြင်း) မကြောက်ရွံ့ခြင်းဟူသော ဥဿာဟသမ္ပဒါ၊ (IIII) အစီးအပွါးမဲ့မှ မြစ်တား၍ အစီးအပွါး၌ယှဉ်စေသည့် မိတ်ဆွေကောင်းကို ပေါင်းသင်းမိခြင်းတည်းဟူသော ကလျာဏမိတ္တတာ- ဤလေးပါးတို့ ဖြစ်သည်။ (ဤ ဟေတုအကြောင်း လေးပါးကြောင့် ဘုရားဆုကို ပန်နိုင်ခြင်းဖြစ်၏၊ ဤအကြောင်းလေးပါး မရှိလျှင် ဘုရားဆုကို မပန်နိုင်။)

     ထိုလေးပါးတိုတွင် (I)အမှတ်ပါ ဥပနိဿယသမ္ပဒါဟူသည်ကား အလောင်းတော်သူမြတ်သည် ရှေးရှေးဘုရားရှင်တို့အထံ၌ စိတ်ဖြင့်၎င်း၊ နှုတ်ဖြင့်၎င်း ဘုရားဖြစ်ရန် ဆုပန်ခဲ့ဘူးသည်၊ (ဘုရားဆူရေပေါင်း မည်မျှဟူ၍ အပိုင်းအခြား မလာရှိပေ။) ထို့ကြောင့်ပင် အလောင်းတော်သူမြတ်၏ အလိုတော် အဇ္ဈာသယဓာတ်သည် သဗ္ဗညုတဉာဏ်သို့ အမြဲတစေ ညွတ်ကိုင်းလျက် ရှိနေသည်။ သတ္တဝါတို့၏ အစီးအပွါးကို ကျင့်ဘို့ရန်လည်း အမြဲပင် ညွတ်ကိုင်းလျက် ရှိနေသည်။ ယင်းသို့ ဥပနိဿယသမ္ပဒါတရား ထင်ရှားရှိမှုကြောင့်ပင် ဘုရားအလောင်းများမှာ (၁)ပစ္စေကဗောဓိလောင်း သာဝကဗောဓိလောင်းတို့ထက် ထူးကဲသာလွန်သော ဣန္ဒြေနှင့် ပြည့်စုံခြင်း၊ (၂) ထိုသူတို့ထက် ထူးကဲစွာ သူတပါး၏အကျိုးကို ကျင့်နိုင်ခြင်း၊ (၃) ထိုသူတို့ထက် ထူးကဲစွာ သူတပါး၏အကျိုးကိုကျင့်ခြင်း၌ လိမ္မာကျွမ်းကျင်ခြင်း၊ အကြောင်းဟုတ်သည် မဟုတ်သည်ကို သိသော ဌာနာဌာနကောသလ္လဉာဏ်နှင့် ပြည့်စုံခြင်းများ ဖြစ်ရသည်။ (ဤသုံးချက်ကို ထောက်ဆ၍ အလောင်းတော်ကြီးများ၏ ရှေးရှေးဘုရားတို့ထံ၌ ကုသိုလ်ထူး ဆည်းပူးခဲ့ဘူးကြောင်းကို သိရာ၏။)

     (IIII) အမှတ်ပါ ကလျာဏမိတ္တတာအရ ဘုရားအလောင်း ပေါင်းသင်းအမှီပြုခဲ့သော ကလျာဏမိတ္တ ပုဂ္ဂိုလ်ဟူသည်မှာ..



၁၃၆

သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ ဤတရားရှစ်ပါးနှင့် ပြည့်စုံသောသူ ဖြစ်ပေသည်။

သဒ္ဓါ သီလ၊ သုတ စာဂီ၊ ဝီရိယ သတိ၊ သမာဓိ ပညာ၊ ဤရှစ်ဖြာ၊ ၊ကလျာဏမိတ်စစ် အင်္ဂါတည်း။

     ယင်းသည့် ကလျာဏမိတ်ဆွေသည် ကိုယ်တိုင်က သဒ္ဓါတရားနှင့် ပြည့်စုံသဖြင့် မြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ်တော်၊ ကံ-ကံ၏အကျိုးတို့ကို ယုံကြည်၏။ (သဒ္ဓါတရားမရှိသူသည် သဗ္ဗညုတဉာဏ်နှင့် ကံ- ကံ၏ အကျိုးတို့ကို မယုံကြည်နိုင်။) ထိုယုံကြည်ခြင်းဖြင့် သဗ္ဗညုတဉာဏ်၏ အကြောင်းရင်းဖြစ်သော သတ္တဝါတို့အပေါ် အကျိုးလိုလားခြင်းသဘောကို မစွန့်ပေ။ သီလနှင့် ပြည့်စုံခြင်းကြောင့် သတ္တဝါတို့က ချစ်နှစ်သက်အပ်သူ အလေးအမြတ်ပြုအပ်သူ ဖြစ်ပေ၏။ သုတနှင့် ပြည့်စုံခြင်းကြောင့် သတ္တဝါတို့၏ စီးပွါးချမ်းသာကို ရွက်ဆောင်နိုင်သည့် နက်နဲသော တရားစကားကို ဟောကြားတတ်၏။ စာဂတရားနှင့် ပြည့်စုံခြင်းကြောင့် အလိုနည်းသူ ရောင့်ရဲလွယ်သူ ကိလေသာကာမတို့မှ ကင်းဆိတ်သူ ထိုထိုသူတို့၌ ကိလေသာဖြင့် မရောနှောသူ ဖြစ်ပေ၏။ ဝီရိယနှင့် ပြည့်စုံခြင်းကြောင့် သတ္တဝါတို့၏ အစီးအပွါးဖြစ်ထွန်းရန် အကျင့်၌ အမြဲအားထုတ်သူ ဖြစ်၏။ သတိနှင့် ပြည့်စုံခြင်းကြောင့် ကုသိုလ်တရားတို့၌ အမြဲပင် မမေ့လျော့ မပေါ့တန်သူ ဖြစ်၏။ သမာဓိနှင့် ပြည့်စုံခြင်းကြောင့် မပြန့်လွင့်သောစိတ် (တည်ကြည်သောစိတ်)ရှိသူ ဖြစ်၏။ ပညာနှင့် ပြည့်စုံခြင်းကြောင့် အမှန်ကိုသိသူ ဖြစ်၏။

     ထိုကလျာဏမိတ်ဆွေသည် (သတိဖြင့်) ကုသိုလ်အကုသိုလ်တရားတို့၏ အဖြစ်သနစ် အလားအလာကို စဉ်းစားဆင်ခြင်ပြီးလျှင် (ပညာဖြင့်) သတ္တဝါတို့၏ အစီးအပွါးဟုတ်မဟုတ် အမှန်အတိုင်း သိရှိတော်မူပြီးခါ (သမာဓိဖြင့်) တည်တံ့ကြံ့ခိုင်သော စိတ်ရှိလျက် (ဝီရိယဖြင့်) သတ္တဝါတို့ကို စီးပွါးမဲ့မှပယ်ရှား အစီးအပွါး၌ ဇွဲသန်သန် ယှဉ်စေ အားထုတ်စေသည်။



၁၃၇

     ဤသို့ ဂုဏ်ကျေးဇူးနှင့်ပြည့်စုံသော ကလျာဏမိတ်ဆွေကို ပေါင်းသင်းအမှီပြုရသဖြင့် ဘုရားအလောင်းတော်သည် မိမိ၏ ဥပနိဿယသမ္ပတ္တိကို ဆတက်တပိုး တိုး၍တိုး၍ စင်ကြယ်စေပြီးလျှင် အလွန်သန့်ရှင်းသော ဉာဏ်ပညာ အာသယဓာတ်ခံ၊ အလွန်သန့်ရှင်းသော ကိုယ်နှုတ်အမှုတို့၌ အားထုတ်ခြင်း ပယောဂလုံ့လနှင့် ပြည့်စုံလျက် ခွန်အားကြီးလေးပါးနှင့် ပြည့်စုံသူဖြစ်ပြီးလျှင် မကြာမီပင် ဗျာဒိတ်ရကြောင်း အင်္ဂါရှစ်ပါးတို့ကို တပေါင်းတည်း ပြည့်စုံစေနိုင်၍ မဟာဘိနီဟာရခေါ်သော ဘုရားဆုပန်မှု ကုသိုလ်ကြီးကို ရဲရဲတောက်ပြုပြီးလျှင် ဘုရားလောင်းစစ်အဖြစ်၌ တည်လေသည်။ ထိုအချိန်မှစ၍ ဘုရားဆုမှ လွှဲပြောင်းကာ ဆုတပါးကို မတောင်းတော့ပေ၊ ဧကန်မချွတ် ဘုရားဖြစ်ရန် မြဲသည့် နိယတပုဂ္ဂိုလ်မြတ်ကြီး ဖြစ်လေတော့သည်။

     (III) အားကြီးလေးပါး ဟူသော်ကား..

     (က) အဇ္ဈတ္တိကဗလ၊ (ရှေးဖော်ပြပြီး ပစ္စယအကြောင်း လေးပါးတို့အနက် စတုတ္ထအကြောင်းဖြစ်သည့် ဓမ္မဂါရဝစိတ်ဖြင့် မိမိကိုယ်စွမ်းကို အမှီပြုကာ သမ္မာသမ္ဗောဓိခေါ်သော သဗ္ဗညုတဉာဏ်၌ အလွန်အမင်း စိတ်ညွတ်နေခြင်းကို ခေါ်သည်။) ယင်း အဇ္ဈတ္တိကဗလဖြင့် ဘုရားအလောင်းတော်သည် မိမိကိုယ်ကို အလေး အမြတ်ပြုကာ ဟိရိတရား အမှီရလျက် ဆုတောင်းပြည့်ဝကာ ပါရမီတို့ကိုဖြည့်ကျင့်ပြီး သဗ္ဗညုတဉာဏ်ကို ရတော်မူသည်။

     (ခ) ဗာဟိရဗလ၊ (ရှေး ဖော်ပြပြီး ပစ္စယအကြောင်း လေးပါးတို့အနက် ပဌမ ဒုတိယ တတိယအကြောင်းတို့ကို အမှီပြုကာ သဗ္ဗညုတဉာဏ်၌ အလွန်အမင်း စိတ်ညွတ်နေခြင်းကို ခေါ်သည်။) ယင်း ဗာဟိရဗလဖြင့် ဘုရားအလောင်းတော်သည် ပြင်ပလောကကို အလေးအမြတ်ပြုကာ “ငါကား ဘုရားဖြစ်နိုင်သည့် စွမ်းရည်သတ္တိများ အပြည့်အဝရှိသူ ယောက်ျားကောင်းဖြစ်သည်”ဟု တက်ကြွသော မာန်မာနအမှီရပြီးလျှင် အဘိနီဟာရ ကုသိုလ်ထူးနှင့်ပြည့်စုံကာ ပါရမီတို့ကိုဖြည့်ကျင့်ပြီး သဗ္ဗညုတဉာဏ်ကို ရတော်မူသည်။



၁၃၈

     (ဂ) ဥပနိဿယဗလ၊ (ရှေးဖော်ပြပြီး ဟေဟုအကြောင်း လေးပါးတို့အနက် ပဌမအကြောင်းဖြစ်သည့် ဥပနိဿယသမ္ပဒါကို အခြေခံအကြောင်းပြု၍ သဗ္ဗညုတဉာဏ်၌ အလွန်အမင်း စိတ်ညွတ်နေခြင်းကို ခေါ်သည်။) ယင်း ဥပနိဿယဗလဖြင့် ဘုရားအလောင်းတော်သည် ထက်မြက်သောဣန္ဒြေ သန့်ရှင်းသော ဓာတ်သဘောရှိ၍ သတိအမှီရပြီးလျှင် အဘိနီဟာရကုသိုလ်ထူးနှင့် ပြည့်စုံကာ ပါရမီတို့ကိုဖြည့်ကျင့်ပြီး သဗ္ဗညုတဉာဏ်ကို ရတော်မူသည်။

     (ဃ) ပယောဂဗလ၊ (သဗ္ဗညုတဉာဏ်ကို ရနိုင်စေလောက်အောင် အောင်မြောက်သော လုံ့လဝီရိယနှင့် ပြည့်စုံခြင်း၊ ဥပနိဿယ အဓိကာရကုသိုလ်များကို တရိုတသေ အမြဲမပြတ် ပြုကျင့်ခြင်းတို့ကို ခေါ်သည်။) ယင်း ပယောဂဗလဖြင့် ဘုရားအလောင်းတော်သည် စင်ကြယ်သော ကာယကံမှု ၀စီကံမှုနှင့် ပြည့်စုံလျက် အဓိကာရကုသိုလ်များကို အကြားမလပ် ပြုတော်မူပြီးလျှင် အဘိနီဟာရကောင်းမှုနှင့် ပြည့်စုံကာ ပါရမီတို့ကို ဖြည့်ကျင့်ပြီး သဗ္ဗညုတဉာဏ်ကို ရတော်မူသည်။

     ဤဆိုအပ်ပြီးသော ပစ္စယအကြောင်းလေးပါး ဟေတုအကြောင်းလေးပါး အားကြီးလေးပါး အကြောင်းတရားတို့ ပြည့်စုံ၍ သုမေဓာပညာရှိဘဝကဲ့သို့သော ဘဝသို့ ရောက်လာသောအခါ အလောင်းတော်သူမြတ်မှာ နိယတဗျာဒိတ် ခံယူနိုင်ကြောင်း အင်္ဂါရှစ်ပါးတို့ ပေါင်းဆုံပြည့်စုံ၍ လာလေတော့သည်၊ ထိုအင်္ဂါရှစ်ပါး ပေါင်းဆုံပြည့်စုံခြင်း၏ လှုံ့ဆော်တိုက်တွန်းချက်အရ ရှေး၌ပြခဲ့သည့်အတိုင်း “ငါသည် မဆုတ်မနစ် ဘုရားဖြစ်အောင် အားသစ်ကြိုးစားပြီးလျှင် ဝေနေယျတို့ကို ကယ်တင်ပေအံ့”ဟူ၍ ဘုရားဆုပန်မှု အဘိနီဟာရ ကုသိုလ်စိတ် စေတသိက်များ ဖြစ်ပွါးလာလေသည်။ ယင်း အဘိနီဟာရကုသိုလ်ကြီးသည် ပါရမီတို့၏ မူလအခြေခံ အကြောင်းရင်းကြီး ဖြစ်ပေသည်။



၁၃၉

အံ့ဩဖွယ်ကြီးများ

     အဘိနီဟာရကုသိုလ်ကြီး ဖြစ်ပွါးလာခြင်းကြောင့် အလောင်းတော်သူမြတ်ကြီးမှာ.. (၁) သတ္တဝါတို့ကို ရင်ဝယ်သားကဲ့သို့ သိမ်းပိုက်ခြင်း၊ (၂) စိတ်တော်အစဉ်မှာ အကုသိုလ်၏အစွမ်းဖြင့် မညစ်နွမ်းခြင်း၊ (ကိလေသာ လှောက်လှက်၍ စိတ်ညစ်နွမ်းမှု မရှိခြင်း) (၃) အလောင်းတော်၏ အလိုဆန္ဒ ပြုသမျှ ပြောသမျှ အဝဝသည် သတ္တဝါတို့၏ စီးပွါးချမ်းသာကို ရွက်ဆောင်ကြောင်းများသာ ဖြစ်ခြင်း၊ (၄) ကိုယ်တော်၏အတွက်တာ ပါရမီ စာဂ စရိယတရားများ ဆုတ်နစ်သည်မရှိ၊ အထက်အထက်၌သာ တိုးတက်ပွါးစီး ရင့်သန်ခြင်းတည်းဟူသော အံ့ဩဖွယ်ကြီးများ ဖြစ်ပွါးလာလေသည်။

     ယင်း အံ့ဩဖွယ်ကြီးများ ဖြစ်ပွါးလာခြင်းကြောင့် အလောင်းတော်သည် အလွန်ကြီးမြတ်သော ကောင်းမှုအစဉ် ကုသိုလ်ရေအယဉ်နှင့် ပြည့်စုံရကား သတ္တဝါတို့၏ မြတ်သောအလှူကို ခံထိုက်သည့် ပုဂ္ဂိုလ်သူမြတ်ကြီး ဖြစ်ပြီးလျှင် ကုသိုလ်မျိုးကို ကြဲချရာ အသဒိသ လယ်ယာမြေကောင်းကြီး အရိုအသေပြုရာကြီးတခု ဖြစ်တော်မူလေတော့သတည်း။

(ခ) မဟာကရုဏာနှင့် ဥပါယကောသလ္လဉာဏ်

     အဘိနီဟာရ ကုသိုလ်ထူးကြီးကဲ့သို့ပင် မဟာကရုဏာနှင့် ဥပါယကောသလ္လ ဉာဏ်တို့သည်လည်း ပါရမီတို့၏ အခြေခံအကြောင်းတရားများ ဖြစ်ကြပေသည်။ (ထို မဟာကရုဏာနှင့် ဥပါယကောသလ္လဉာဏ်တို့ကို အောက်၌ ဖော်ပြခဲ့ပြီးဖြစ်သည်။)

     ယင်းသည့် မဟာကရုဏာနှင့် ဥပါယကောသလ္လဉာဏ်တို့ကြောင့် အလောင်းတော်ကြီးများသည် ကိုယ်ကျိုးကိုမငဲ့ပဲ အမြဲပင် သူတပါး၏အကျိုးကို အားထုတ်တော်မူနိုင်ကြပေသည်။ လူသာမန်တို့ ပြုနိုင်ခဲသည့် အလောင်းတော်ကြီးများ၏ အကျင့်များကို ကျင့်ရသော်လည်း ပင်ပန်းသည်ဟု မရေတွက်ကြကုန်၊ ထိုတရားနှစ်ပါး ကိန်းတည်သောကြောင့်ပင်



၁၄၀

အလောင်းတော်ကြီးများကို ကြည်ညိုသဒ္ဓါပွါးခြင်း ဖူးမြော်ခြင်း ဂုဏ်ကျေးဇူးကို အောက်မေ့ခြင်းစသည်ကို ပြုသောအခါတို့၌လည်း သတ္တဝါတို့၏အဖို့ရာ စီးပွါးချမ်းသာကြောင်း ကောင်းမှုတရားများ ဖြစ်ပွါး ပြည့်စုံနိုင်သည်။

     ဆက်၍ ဖော်ပြဦးအံ့.. အလောင်းတော်၏သန္တာန်၌ ဖြစ်ပွါးသော ထိုကရုဏာနှင့် ပညာ နှစ်ပါးတို့အနက်- ပညာကြောင့် ဘုရားဖြစ်တော်မူသည်၊ ကရုဏာကြောင့် ဗုဒ္ဓကိစ္စတို့ကို ပြုလုပ် ဆောင်ရွက်တော်မူခြင်း ဖြစ်သည်။ ပညာကြောင့် ကိုယ်တော်တိုင်က သံသရာပင်လယ်ကြီးကို ကူးမြောက်တော်မူနိုင်၍၊ ကရုဏာကြောင့် ဝေနေယျတို့ကို ကယ်တင်တော်မူနိုင်သည်။ ပညာဖြင့် သူတပါး၏ဒုက္ခကို ပိုင်းခြားသိမြင်တော်မူသည်၊ ကရုဏာဖြင့် ထိုဒုက္ခကို ကုစားပယ်ရှားနိုင်ရန် အားထုတ်တော်မူသည်။ ပညာဖြင့် ဒုက္ခ၌ ငြီးငွေ့တော်မူ၍၊ ကရုဏာဖြင့် ထိုငြီးအပ်သည့် ဒုက္ခကိုပင် ဝေနေယျတို့ကို ကယ်တင်ရန်အတွက် သုခကဲ့သို့ ခံယူတော်မူသည်။ ပညာဖြင့် နိဗ္ဗာန်သို့ ရှေးရှုတော်မူ၍၊ ကရုဏာဖြင့် သတ္တဝါတို့ကို ကယ်တင်ရန်အတွက် သံသရာဝဋ်ထဲသို့ တဝဲလည်လည် ရောက်တော်မူရပြန်သည်။ ဤသို့ အစရှိသည်ဖြင့် ကရုဏာ ပညာတို့၏ ဂုဏ်ကျေးဇူးကား များလှပေ၏။ ဤကရုဏာနှင့် ပညာ နှစ်ပါးတို့သည် ပါရမီတို့၏အကြောင်းသာ ဖြစ်ကြသည်မဟုတ်သေး။ ဘုရားဆုပန်ခြင်း၏ အကြောင်းရင်းကြီးများလည်း ဖြစ်ကြလေသည်။

(ဂ) ဗုဒ္ဓဘူမိလေးပါး

     အဘိနီဟာရနှင့် ကရုဏာ ပညာတို့ကဲ့သို့ပင် (၁) ဥဿာဟ၊ (၂) ဥမ္မင်္ဂ၊ (၃) အဝတ္ထာန၊ (၄) ဟိတစရိယာ ဤလေးပါးသော ဗုဒ္ဓဘူမိတရားတို့သည်လည်း ပါရမီ၏ အကြောင်းရင်း ဖြစ်ကုန်၏။ ထိုတွင်-

     (၁) ဥဿာဟ ဟူသည်ကား.. ပါရမီ စာဂ စရိယတို့ကို မဆုတ်မနစ် အားသစ်ကြိုးစားခြင်း ဝီရိယတည်း။ (၂) ဥမ္မင်္ဂဟူသည်ကား..



၁၄၁

ရှေး၌ဆိုအပ်ပြီးသည့် ဥပါယကောသလ္လ ဉာဏ်ပင်တည်း။ (၃) အ၀တ္ထာန ဟူသည်ကား.. ဘုရားဖြစ်ကြောင်း တရားတို့၌ မတုန်မလှုပ် ကြံ့ကြံ့တည်ခြင်းတည်း။ (၄) ဟိတစရိယာ ဟူသည်ကား.. မေတ္တာဘာဝနာနှင့် ကရုဏာဘာဝနာ ဤနှစ်ပါးတို့တည်း။

     ဤတရားလေးပါးတို့ကို သဗ္ဗညုတဉာဏ်၏ ဖြစ်ပေါ်လာကြောင်း ဖြစ်သောကြောင့် ဗုဒ္ဓဘူမိတရား လေးပါးဟူ၍ ခေါ်ဆိုအပ်ကုန်၏။

(ဃ) အဇ္ဈာသယဓာတ်ကြီး (၁၆)ပါး

(အဇ္ဈာသယဟူသည် သတ္တဝါတို့သန္တာန်၌ လွှမ်းမိုးစိုးအုပ်၍ တည်နေသည့် ဓာတ်ခံမျိုးဖြစ်သည်။ ထို အဇ္ဈာသယသည် ကောင်းသော အဇ္ဈာသယ၊ မကောင်းသော အဇ္ဈာသယဟူ၍ နှစ်မျိုးပင်ရှိသည်။)

     အလောင်းတော်ကြီးများမှာ ဝတ္ထုကာမ ဃရာဝါသ စသည်တို့၌ အပြစ်ကို မြင်တော်မူကြသည့်အတွက် အလောဘစသော တရားကောင်းကြီးများ ကဲလွန်ပြီးလျှင် ထိုဝတ္ထုကာမ ဃရာဝါသ စသည်တို့မှ ထွက်မြောက်ရခြင်း အစရှိသည်၌ အမြဲညွတ်ကိုင်းရှိုင်းနေသော စိတ်ရှိမှု အစရှိသည်ကို နေက္ခမ္မဇ္ဈာသယ အစရှိသည် ခေါ်သည်။ ထိုအဇ္ဈာသယတို့ကား.. နေက္ခမ္မဇ္ဈာသယ၊ ပဝိဝေကဇ္ဈာသယ၊ အလောဘဇ္ဈာသယ၊ အဒေါသဇ္ဈာသယ၊ အမောဟဇ္ဈာသယ၊ နိဿရဏဇ္ဈာသယဟူ၍ ခြောက်ပါး၊ ဒါနဇ္ဈာသယ၊ သီလဇ္ဈာသယ အစရှိသည်ဖြင့် ဆယ်ပါးတို့ ရှိကြသည်။ ထိုတွင်-

     အလောင်းတော်ကြီးများသည် နေက္ခမ္မဇ္ဈာသယဓာတ်ခံ အားကြီးတော်မူကြသောကြောင့် ကာမတရား ဃရာဝါသတရားတို့၌ အပြစ်မြင်တော်မူကြသည်။ ပဝိဝေကဇ္ဈာသယဓာတ်ခံ အားကြီးတော်မူကြသောကြောင့် အပေါင်းအဖော်တို့နှင့် မွေ့လျော်ပျော်ပိုက်နေမှု၌ အပြစ်မြင်တော်မူကြသည်။ အလောဘ အဇ္ဈာသယ အဒေါသ အဇ္ဈာသယ အမောဟ အဇ္ဈာသယဓာတ်ခံ



၁၄၂

အားကြီးတော်မူကြသောကြောင့် လောဘ ဒေါသ မောဟတို့၌ အပြစ်မြင်တော်မူကြသည်။ နိဿရဏဇ္ဈာသယဓာတ်ခံ အားကြီးတော်မူကြသောကြောင့် ခပ်သိမ်းသော ဘဝတို့၌ အပြစ်မြင်တော်မူကြသည်။ လောဘစသည်တို့၌ အပြစ်မြင်ခြင်း၊ အလောဘစသည်တို့ လွန်ကဲခြင်းမရှိပဲ ဒါနစသောပါရမီတို့ မဖြစ်နိုင်ကုန်၊ ထို့ကြောင့် ထိုအဇ္ဈာသယဓာတ်ကြီး ခြောက်မျိုးတို့သည်လည်း ပါရမီတို့၏ အကြောင်းရင်းဖြစ်ကုန်၏။

     ထို့အတူ ဒါနဇ္ဈာသယ အစရှိသော အဇ္ဈာသယဓာတ်ကြီး ဆယ်ပါးတို့သည်လည်း ပါရမီတို့၏ အကြောင်းရင်းဖြစ်ကုန်၏။ (ဆိုင်ရာဆိုင်ရာ ဆန့်ကျင်ဘက်တရားတို့၌ အပြစ်ကိုမြင်၍ အလောဘစသည် လွန်ကဲခြင်းကြောင့် ပေးကမ်းမှုစသည်တို့၌ အမြဲ စိတ်ညွတ်နေမှုကို ဒါနဇ္ဈာသယစသည် ခေါ်၏။)

     အလောင်းတော်ကြီးများသည် ဒါနဇ္ဈာသယ လွန်ကဲတော်မူကြသောကြောင့် ဒါန၏ ဆန့်ကျင်ဘက်ဖြစ်သည့် မစ္ဆေရတရား၌ အပြစ်မြင်ကြပြီးလျှင် ဒါနပါရမီကို အပြည့်အစုံ ဖြည့်တော်မူကြသည်။ သီလဇ္ဈာသယ လွန်ကဲတော်မူကြသောကြောင့် သီလ၏ ဆန့်ကျင်ဘက်ဖြစ်သည့် ဒုဿီလျခေါ်သော ဒုစရိုက်မှုတို့၌ အပြစ်မြင်တော်မူကြပြီးလျှင် သီလပါရမီကို အပြည့်အစုံ ဖြည့်တော်မူကြသည်။ ကျန်သောပါရမီတို့၌လည်း ဤနည်းအတူ သိရာ၏။

     အထူးအားဖြင့် နေက္ခမ္မဇ္ဈာသယ၏ ဆန့်ကျင်ဘက်ကား ကာမတရား ဃရာဝါသတရား၊ ဉာဏဇ္ဈာသယ၏ ဆန့်ကျင်ဘက်ကား မောဟနှင့် ဝိစိကိစ္ဆာ၊ ဝီရိယဇ္ဈာသယ၏ ဆန့်ကျင်ဘက်ကား ကောသဇ္ဇ= (အပျင်းထူခြင်း၊) ခန္တီအဇ္ဈာသယ၏ ဆန့်ကျင်ဘက်ကား အက္ခန္တိ= (ဒေါသ၊) သစ္စာအဇ္ဈာသယ၏ ဆန့်ကျင်ဘက်ကား မုသာဝါဒ၊ အဓိဋ္ဌာနဇ္ဈာသယ၏ ဆန့်ကျင်ဘက်ကား အနဓိဋ္ဌာန= (ကုသိုလ်မှုတို့၌ ကြံ့ကြံ့မတည်ခြင်း၊) မေတ္တာအဇ္ဈာသယ၏ ဆန့်ကျင်ဘက်ကား ဗျာပါဒ၊ ဥပေက္ခာအဇ္ဈာသယ၏ ဆန့်ကျင်ဘက်ကား ဣဋ္ဌ အနိဋ္ဌ လောကဓံတို့ ဖြစ်သည်။



၁၄၃

     အလောင်းတော်ကြီးများသည် ဥပေက္ခာအဇ္ဈာသယ လွန်ကဲတော်မူကြသောကြောင့် ဥပေက္ခာ၏ ဆန့်ကျင်ဘက်ဖြစ်သည့် ဣဋ္ဌ အနိဋ္ဌ လောကဓံတရားတို့၌ အပြစ်မြင်တော်မူကြပြီးလျှင် ဥပေက္ခာပါရမီကို အပြည့်အစုံ ဖြည့်တော်မူကြသည်။ ထို့ကြောင့် ဤဒါနဇ္ဈာသယအစရှိသော အဇ္ဈာသယဓာတ် ဆယ်ပါးတို့သည်လည်း ပါရမီတို့၏ အကြောင်းရင်းဖြစ်ကုန်၏။

(င) မလှူခြင်း စသည်၌ အပြစ်၊ လှူခြင်းစသည်၌ အကျိုးကို ဆင်ခြင်သော ပစ္စဝေက္ခဏာဉာဏ်များ

     မလှူခြင်း သီလမဆောက်တည်ခြင်း အစရှိသည့် ဆယ်မျိုး၌ အပြစ်ကိုဆင်ခြင်သော ပစ္စဝေက္ခဏာဉာဏ်များ, လှူခြင်း သီလဆောက်တည်ခြင်း အစရှိသည့် ဆယ်မျိုး၌ အကျိုးကိုဆင်ခြင်သော ပစ္စဝေက္ခဏာဉာဏ်များသည်လည်း ပါရမီတို့၏ အကြောင်းရင်းဖြစ်ကုန်၏။

(ဘုရားဆု ပန်လိုသူများ ဤအခဏ်းကို အထူးသတိပြု ကြည့်ရှုလေ့လာရာ၏။)

(က) ဒါနပါရမီ၌ ဆင်ခြင်ပုံအကျယ်ကား..

     လယ်ယာ ရွှေ ငွေ နွား ကျွဲ ကျွန်မိန်းမ ကျွန်ယောက်ျား သားမယား အစရှိသည့် ကိုယ်ပိုင်ဝတ္ထုတို့၌ ငြိကပ်တပ်မက် မစွန့်ရက်သည့် စိတ်ရှိသော သတ္တဝါတို့အဖို့ လယ်ယာအစရှိသော ထိုပစ္စည်းတို့မှာ ဝတ္ထုကာမဖြစ်သဖြင့် အများတကာ အာသာစွဲတပ် တောင့်တအပ်သော ပစ္စည်းများဖြစ်ခြင်း.. ရန်သူမျိုးငါးပါးတို့နှင့် ဆက်ဆံနေခြင်း.. ခိုက်ရန်ငြင်းခုံမှု၏ အကြောင်းဖြစ်ခြင်း.. အနှစ်သာရမရှိခြင်း.. ထိုပစ္စည်းတို့ကို ရရှိရေး စောင့်ထိန်းရေးအတွက် သူတဖက်သားကို ညှဉ်းဆဲမှဖြစ်မည် အကျိုးရမည်ဆိုလျှင် မျက်နှာမထောက် ညှဉ်းဆဲရခြင်း.. ထိုပစ္စည်းဝတ္ထုတို့ ပျက်စီးသောအခါ၌လည်း သောက ပရိဒေ၀ စသည်များစွာ ဒုက္ခရောက်ရခြင်း.. ထိုပစ္စည်းဝတ္ထုတို့၌ တပ်မက်ခြင်းကို အကြောင်းပြုကာ မစ္ဆေရစိတ်ရှိသူတို့အား



၁၄၄

အပါယ်ဘုံသို့ ကပ်ရောက်ရခြင်း.. ဤသို့ အစရှိသည်ဖြင့် ထိုပစ္စည်းဝတ္ထုတို့သည် အထူးထူးအပြားပြား များစွာသော အကျိုးမဲ့ကို ရွက်ဆောင်တတ်ကုန်စွာ့တကား၊ ထိုပစ္စည်းဝတ္ထုတို့ကို စွန့်ကြဲလှူဒါန်း ပေးကမ်းခြင်း ဒါနမှုတခုသာလျှင် ချမ်းသာကြောင်း ဖြစ်စွာ့တကားဟု ဆင်ခြင်ပြီးလျှင် ဒါနမှု၌ မမေ့မလျော့ခြင်း အပ္ပမာဒတရားကို ဘုရားအလောင်းဖြစ်သူသည် လက်ရှိထားရာ၏။

     တနည်းအားဖြင့် အလှူခံပုဂ္ဂိုလ်က တောင်းခံလာသည်ရှိသော် “ဤသူကား ကိုယ်ရေးအတွက် လျှို့ဝှက်ရမည့် ရှက်စဖွယ်အကြောင်းကိုပင် ပွင့်လင်းစွာ ပြောကြားလာရကား ငါ့အပေါ်၌ အလွန်အကျွမ်းဝင်သူ ဖြစ်ပေ၏” ဟူ၍၎င်း..၊ “စွန့်ပစ်၍သွားရမည့် ငါ့ပစ္စည်းများကို တမလွန်လောကသို့ပါအောင် ဤနည်းဖြင့် ယူဆောင်၍သွားလေဟု နည်းကောင်းဥပဒေသကို ညွှန်ပြသော သူပါတကား” ဟူ၍၎င်း..၊ “ မီးလောင်နေသည့် အိမ်မှာကဲ့သို့ သေခြင်းတရားတည်းဟူသော မရဏမီး တညီးညီးတပြောင်ပြောင် လောကကြီးကို တောက်လောင်နေရာဝယ် ထိုမီးလောင်နေသော လောကဘုံဆောင်ထဲမှ ငါ၏ဥစ္စာများကို မီးဘေးလွတ်အောင် ထုတ်ဆောင်ကူညီပေသော အဆွေတော်ကြီးဖြစ်ပေသည်” ဟူ၍၎င်း..၊ “ထုတ်ဆောင်အပ်ပြီးသော ထိုဥစ္စာတို့ကို မီးမကျွမ်းအောင် သိမ်းဆည်းသိုမှီးရာ နေရာကောင်းကြီးသဖွယ် ဖြစ်ပေသည်” ဟူ၍၎င်း..၊ “အလှူဒါနကောင်းမှု၌ တကွဖြစ်ဖော် အဆွေတော်ကြီး ဖြစ်သောကြောင့်၎င်း အလွန်တရာ ရခဲလှ ထူးမြတ်လှသော ဗုဒ္ဓဘူမိကုသိုလ်ကြီးများ ပြည့်စုံကြောင်း ဖြစ်သောကြောင့်၎င်း.. အလွန်မြတ်သော ကလျာဏမိတ်ဆွေကြီး ဖြစ်ပေသည်” ဟူ၍၎င်း ဆင်ခြင်အပ်၏။

     ထို့အတူ “ဤသူသည် ငါ့ကို အလွန်မြတ်သော ကောင်းမှု၌ ချီးမွမ်းအပ်ပေ၏၊ ထို့ကြောင့် ထိုချီးမွမ်းချက်ကို မချွတ်ဧကန် အမှန်ပင် ပြုသင့်လှပေ၏” ဟူ၍၎င်း..၊ “ငါ၏အသက်ကား ဧကန်ပင် ပျက်စီးလိမ့်မည်၊ ထို့ကြောင့် မတောင်းအပ်ပဲသော်လည်း ငါသည်



၁၄၅

ပေးလှူသင့်လှ၏၊ တောင်းအပ်သော် အဘယ်ဆိုဖွယ် ရှိအံ့နည်း၊ ဧကန်ပင် ပေးလှူသင့်သည်သာတည်း” ဟူ၍၎င်း..၊ “ဒါနဇ္ဈာသယ အားကြီးလှသော ဘုရားအလောင်းတော်ကြီးများသည် အလှူခံပုဂ္ဂိုလ်ကို မရအရ ရှာ၍သော်မှလည်း ပေးလှူကြရကုန်သေး၏။ ငါ့ကုသိုလ်ကံကြောင့် အလှူခံပုဂ္ဂိုလ် အလိုလို ရောက်လာပေသည်” ဟူ၍၎င်း..၊ “လှူဒါန်းခြင်းဒါနသည် သဘာဝအစစ်အမှန်အားဖြင့် အလှူခံပုဂ္ဂိုလ်အား ပေးကမ်းခြင်းကို အရင်းမူသဖြင့် ငါ့အားသာလျှင် ချီးမြှောက်ခြင်း ဖြစ်ပေသည်” ဟူ၍၎င်း..၊ “ငါ့ကိုငါ ချီးမြှောက်အပ်သကဲ့သို့ ဤသတ္တဝါအပေါင်းကိုလည်း ငါသည် ချီးမြှောက်သင့်လှပေသည်” ဟူ၍၎င်း..၊ “အလှူခံပုဂ္ဂိုလ်မရှိလျှင် အဘယ်နည်းဖြင့် ငါ၏ ဒါနပါရမီ ပြည့်နိုင်အံ့နည်း” ဟူ၍၎င်း..၊ “အလှူခံပုဂ္ဂိုလ်တို့အတွက်ပင် ငါသည် အလုံးစုံသော ပစ္စည်းများကို သိမ်းဆည်းထားအပ်ပေသည်” ဟူ၍၎င်း..၊ “ငါ့ကိုမတောင်းကြပဲ အလှူခံပုဂ္ဂိုလ်သည် ငါ့ဥစ္စာကို ဘယ်သောအခါ၌ အလိုလို ကိုယ်တိုင်ပိုင်နိုင်စွာ ယူကြပါကုန်မည်နည်း” ဟူ၍၎င်း..၊ “ဘယ်လိုနည်းဖြင့် ငါသည် အလှူခံပုဂ္ဂိုလ်တို့ချစ်အပ်သောသူ အလှူခံပုဂ္ဂိုလ်တို့သည်လည်း ငါ၏ ချစ်အပ်သောသူများ ဖြစ်ကြပါမည်နည်း” ဟူ၍၎င်း..၊ “အဘယ်နည်းဖြင့် ငါသည် ပေးလှူစဉ်ကာလနှင့် ပေးပြီးနောက် ကာလတို့၌ အားရဝမ်းသာ ဖြစ်ရပါမည်နည်း” ဟူ၍၎င်း..၊ “အဘယ်နည်းဖြင့် အလှူခံပုဂ္ဂိုလ်တို့နှင့် ဒါနဇ္ဈာသယတရားတို့ ငါ့ထံ ငါ့သန္တာန်သို့ ရောက်ရှိ ဖြစ်ပွါးကြပါမည်နည်း” ဟူ၍၎င်း..၊ “အဘယ်နည်းဖြင့် ငါသည် အလှူခံပုဂ္ဂိုလ်တို့က မတောင်းအပ်ပဲ ထိုသူတို့၏ စိတ်နှလုံးအလိုကိုသိ၍ (အလိုက်သိ၍) ပေးလှူနိုင်ပါမည်နည်း” ဟူ၍၎င်း..၊ “ပေးလှူရန်ဥစ္စာနှင့် အလှူခံပုဂ္ဂိုလ်များ ထင်ရှားရှိနေပါလျက် မလှူဒါန်းခြင်းသည် ငါ၏အဖို့ရာ ကြီးစွာသော လှည့်ပတ်ခြင်းပင် ဖြစ်တော့သည်တကား” ဟူ၍၎င်း..၊ “အဘယ်နည်းဖြင့် ငါသည် မိမိ၏ အင်္ဂါကြီးငယ်တို့ကို၎င်း အသက်ကို၎င်း အလှူခံပုဂ္ဂိုလ်တို့အား စွန့်လှူရပါမည်နည်း” ဟူ၍၎င်း.. စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း၌ အမြဲ ညွတ်ကိုင်းသောစိတ်ရှိမှုကို ပြုရာ၏။



၁၄၆

     (တနည်း) “ပိုးနှံကောင်ကို စွန့်ပစ်လိုက်သောအခါ ထိုပိုးနှံကောင်သည် မငဲ့မကွက် စွန့်ပစ်သောသူသို့သာ တဖန်ပြန်၍ လိုက်သကဲ့သို့၊ အကျိုးတရားဟူသည်မှာလည်း အကျိုးကို မမြော်ခေါ်ပဲ ရက်ရက်စွန့်သူ အလှူဒါယကာသို့သာ တဖန်ပြန်၍ လိုက်လေ့ရှိသည်”ဟု ဆင်ခြင်ပြီးလျှင် အကျိုးတရား၌ မလိုလား မမြော်ခေါ်ဘို့ရန် စိတ်ကို ဖြစ်စေရာ၏။ (အကျိုးတရားဆိုသည်မှာ ထိုဒါနကြောင့်ရရှိမည့် လူ့ချမ်းသာ နတ်ချမ်းသာ စသည်ကို ဆိုလိုသည်၊ ဘုရားအဖြစ်ကို မဆိုလိုပေ။)

ပေးလှူသောအခါ စိတ်ထားပုံ

     ပေးလှူသော အခါမှာလည်း အလှူခံပုဂ္ဂိုလ်သည် အကယ်၍ မိမိချစ်အပ်သည့် ပိယပုဂ္ဂိုလ်ဖြစ်ခဲ့သော် “ငါချစ်အပ်သောသူက ငါ့ကိုတောင်းပေသည်”ဟု ဝမ်းမြောက်မှုကို ဖြစ်စေရာ၏။ အလှူခံပုဂ္ဂိုလ်သည် အကယ်၍ မချစ်မမုန်းအပ် အလယ်အလတ် မဇ္ဈတ္တ (ဥဒါသိန်)ပုဂ္ဂိုလ်ဖြစ်ခဲ့သော် “ငါ့ကို တောင်းခံလာသော ဤသူသည် ဤယခု ပေးလှူခြင်းဖြင့် ဧကန်မချွတ် ငါ၏မိတ်ဆွေ ဖြစ်ပေတော့မည်”ဟု ဆင်ခြင်၍ ဝမ်းမြောက်မှုကို ဖြစ်စေရာ၏။ အလှူခံပုဂ္ဂိုလ်သည် ရန်သူဖြစ်ခဲ့သော် “ရန်သူသည် ငါ့ကို တောင်းပေ၏။ ငါ့ကို တောင်းခံလာသော ဤရန်သူသည် ဤယခု ပေးလှူခြင်းဖြင့် ဧကန်မချွတ် ငါ၏ ချစ်လှစွာသော မိတ်ဆွေဖြစ်ပေတော့မည်”ဟု ဆင်ခြင်၍ အထူးသဖြင့်ပင် ဝမ်းမြောက်မှုကို ဖြစ်စေရာ၏။

     ဤဆိုအပ်ပြီးသည့်အတိုင်း ချစ်အပ်သော (ပိယ)ပုဂ္ဂိုလ်၌ကဲ့သို့ပင် အလယ်အလတ် မဇ္ဈတ္တ (ဥဒါသိန်)ပုဂ္ဂိုလ် ရန်သူပုဂ္ဂိုလ်တို့၌လည်း မေတ္တာရှေ့သွားရှိသော ကရုဏာကို ဖြစ်စေ၍သာ လှူဒါန်းရာ၏။

အလွန်ကြီး ခဲကပ်နေခဲ့သော်

     အကယ်၍ ဘုရားအလောင်းဖြစ်လိုသူ၏သန္တာန်၌ လောဘတရားက ကာလရှည်လျားစွာကပင် ထုံခဲ့ လေ့လာခဲ့သဖြင့်



၁၄၇

လှူဖွယ်ဝတ္ထုတို့ကို မပေးရက် မစွန့်ရက်နိုင်လောက်အောင် လောဘတရား ငြိကပ်ဖြစ်ပွါးနေခဲ့သော် ထိုဘုရားအလောင်းဟု ဝန်ခံသူသည် ဤသိုဆင်ခြင်ရာ၏..

     “အိုဘုရားအလောင်း သူတော်ကောင်း.. အသင်သည် သဗ္ဗညုတဉာဏ်ကို ရဘို့ရန် ဘုရားဆုပန်စဉ်က သတ္တဝါတို့အား ကျေးဇူးဥပကာရပြုဘို့ရန် ဤကိုယ်ကြီးကို၎င်း၊ ကိုယ်ကိုစွန့်၍ရမည့် ကုသိုလ်ကောင်းမှု ထိုကောင်းမှု၏ အကျိုးများကို၎င်း စွန့်အပ်ပြီး မဟုတ်ပါလော၊ ထိုသို့ဖြစ်ပါလျက် သင်၏ ယခု ကိုယ်မှပြင်ပ ဗာဟိရဝတ္ထုများ၌ ငြိကပ်တွယ်တာမှု ဖြစ်နေခြင်းသည် ဆင်၏ရေချိုးခြင်းနှင့် တူလှဘိတကား၊ ထို့ကြောင့် အသင်သည် တစုံတခုသော ဝတ္ထုမှာမှ ငြိကပ်တွယ်တာမှုကို မဖြစ်စေသင့်ပေ။

(အခြားသတ္တဝါတို့၏ ရေချိုးခြင်းမှာ ကိုယ်၏အညစ်အကြေးများကို ဆေးလျှော်ရန် ရေချိုးကြခြင်းဖြစ်၏။ ဆင်၏ရေချိုးခြင်းကား အညစ်အကြေးကို ဆေးဘို့မဟုတ်၊ ရေ၌ရှိသော ကြာစွယ်ကြာရင်းတို့ကို ချိုးဖဲ့ဖျက်ဆီးလို၍ ရေချိုးခြင်းဖြစ်သောကြောင့် ဆင်၏ရေချိုးခြင်းသည် အကျိုးမရသော ရေချိုးခြင်းသာဖြစ်သကဲ့သို့၊ ဗာဟိရဝတ္ထု၌ တပ်မက်နေခြင်းသည် ဘုရားအဖြစ်တည်းဟူသော အကျိုးကို မရနိုင်၍ ဆင်၏ရေချိုးခြင်းနှင့် တူ၏ဟု ဆိုလိုသည်။)

     လောက ဥပမာအားဖြင့် ဆေးသစ်ပင်ကြီးတပင် ထင်ရှားတည်ရှိရာဝယ် အမြစ်ကို အလိုရှိသူများက အမြစ်ကိုတူးဆောင်၍ သွားကြကုန်၏၊ အပွေးကို၊ အခေါက်ကို၊ ပင်စည်ကို၊ အခွကို၊ အနှစ်ကို၊ အကိုင်းအခက်ကို၊ အရွက်ကို၊ အပွင့်ကို၊ အသီးကို အလိုရှိသူများက အသီးကို ဆွတ်ခူးယူဆောင် သွားကြကုန်၏။ ထိုသို့ ယူဆောင်သွားကြသော်လည်း ဆေးသစ်ပင်ကြီးမှာ “ဤသူများ ငါ့ဥစ္စာတွေကို ယူဆောင်သွားကြ၏”ဟု ဝိတက်ထွေပြား အကြံများခြင်း အလျဉ်းပင် မရှိသကဲ့သို့၊ ဤအတူပင် အလုံးစုံသော သတ္တလောက၏ အစီးအပွါးဖြစ်ဖို့ရန် ကြောင့်ကြကြိုးကုတ်



၁၄၈

အားထုတ်သော ငါသည်လည်း ဆင်းရဲလှ ကျေးဇူးလည်း မသိတတ်လှသည့်ပြင် အမြဲပင် မစင်ကြယ်သော ကိုယ်ကောင်ကြီးတခုလုံးကို သူတပါးတို့ ကျေးဇူးရှိရေးအတွက် မည်သို့ပင် အသုံးပြုစေကာမူ အဏုမြူမျှပင် ဖောက်ပြန်ယွင်းမှား မိစ္ဆာအကြံများကို လားလားမျှ မပြုသင့်ပေ။ ကိုယ်တွင်းကိုယ်ပ ရှိသမျှသော မဟာဘုတ်ကြီးလေးပါးလုံးတို့ပင် ဖရိုဖရဲ ပြိုကွဲပျက်စီးခြင်းသဘော ရှိကြသဖြင့် အတွင်းသော အပသောဟူ၍ အထူးမရှိပေ။ ထိုသို့ အထူးမရှိပါပဲလျက် “ငါ ငါ့ဥစ္စာ ငါ့လိပ်ပြာ”ဟူ၍ နှလုံးသွင်းနေခြင်းကား သက်သက်မဲ့ မောဟ၏ တင့်တယ်စမ္ပယ်ခြင်းမျှသာ ဖြစ်သည်။ ထို့ကြောင့် ဗာဟိရက ကိုယ်ပပစ္စည်းတို့မှာကဲ့သို့ပင် ကိုယ်တွင်းဖြစ်သည့် လက် ခြေ မျက်စိစသည် အသားအသွေး စသည်တို့၌လည်း ငဲ့ကွက်တွယ်တာခြင်း အလျဉ်းမရှိပဲ ထိုထိုအင်္ဂါကို အလိုရှိသောသူတို့သည် ထိုထိုအလိုရှိရာ အင်္ဂါကြီးငယ်ကိုပင် ဆောင်ယူ၍ သွားကြစေဟု အသင်သည် ကိုယ်ခန္ဓာတခုလုံးကိုပင် စွန့်လွှတ်ပြီးသော စိတ်ရှိသူ ဖြစ်ရာ၏”-ဟူ၍ ဆင်ခြင်ရာ၏။

     ဤသို့ ဆင်ခြင်သည်ရှိသော် သဗ္ဗညုတဉာဏ်တော်အလို့ငှါ စွန့်လွှတ်အပ်သော စိတ်ရှိ၍ ကိုယ်အသက်တို့၌ ငဲ့ကွက်ခြင်းမရှိသော ထိုအလောင်းတော်၏ ကာယကံ ၀စီကံ မနောကံတို့သည် အလွယ်တကူပင် အလွန့်အလွန် စင်ကြယ်၍ စင်ကြယ်၍ လာကုန်တော့သည်။ ထိုသို့ အလွန်စင်ကြယ်သည့် ကာယကံ ဝစီကံ မနောကံတို့နှင့် ပြည့်စုံသော အလောင်းတော်သူမြတ်သည် အသက်မွေးမှုလည်း အလွန်စင်ကြယ်ကာ နိဗ္ဗာန်ရကြောင်း ကောင်းသောအကျင့်၌ တည်ပြီးလျှင် ပျက်စီးကြောင်း တိုးပွါးကြောင်းတို့ကို ကောင်းစွာသိမြင်သောဉာဏ်နှင့် ပြည့်စုံခြင်းကြောင့် ရှေးကထက် တိုး၍တိုး၍သာလျှင် ဝတ္ထုဒါန အဘယဒါန ဓမ္မဒါနတို့ဖြင့် သတ္တဝါခပ်သိမ်းကို ချီးမြှောက်နိုင်သည့် ပုဂ္ဂိုလ်သူမြတ်ကြီးစင်စစ် ဖြစ်လေတော့သည်။

(ဤကား ဒါနပါရမီ၌ ဆင်ခြင်ပုံ အကျယ်တည်း။)



၁၄၉

(ခ) သီလပါရမီ၌ ဆင်ခြင်ပုံအကျယ်ကား..

     “ဤသီလမည်သည် ဂင်္ဂါရေ စသည်တို့ဖြင့် ဆေးကြော၍မရနိုင်သည့် ကိလေသာအပြစ် အညစ်အကြေးတို့ကို ဆေးကြောသုဓ်သင်နိုင်သည့် ဓမ္မရေစင်ဖြစ်ပေ၏။ စန္ဒကူးရွှေ စသည်တို့ဖြင့် ပယ်ဖျောက်၍မရနိုင်သော ရာဂအစရှိသည့် ပူလောင်ခြင်းကို ပယ်ဖျောက်ကြောင်း ဆေးကောင်းကြီးဖြစ်ပေ၏။ ပုလဲသွယ် မကိုဋ် နားဍောင်း အစရှိသည့် ပကတိလူများ၏ အဆင်တန်းဆာများနှင့် လားလားမျှမဆက်ဆံသည့် ပညာရှိတို့၏ အဆင်တန်းဆာလည်း ဖြစ်ပေ၏။ အရပ်ခပ်သိမ်း ကြိုင်လှိုင်သောကြောင့် ပင်ကိုယ်ကပင် သန့်စင်ပြုပြင်ရခြင်းမရှိသည့် အခါခပ်သိမ်း လိမ်းသပ်ဖို့ရန် လျော်ကန်သင့်မြတ်သော နံ့သာမျိုးလည်း ဖြစ်ပေ၏။ မင်း ပုဏ္ဏား သူကြွယ်ဟူသော အမျိုးမြတ်သူ လူတို့နှင့်တကွ နတ်ဗြဟ္မာတို့ကပါ သဒ္ဓါကော်ရော် အပူဇော်ခံရခြင်းစသည့် အကျိုးကို ဆောင်ရွက်တတ်သောကြောင့် မြတ်သော ဝသီကရဏမန္တန်ကြီးလည်း ဖြစ်ပေ၏။ နတ်ပြည် ဗြဟ္မာပြည်သို့ တက်ရောက်ကြောင်း စောင်းတန်းလှေကားကြီးလည်း ဖြစ်ပေ၏။ ဈာန်အဘိညာဉ်တို့ကို ရကြောင်းလည်း ဖြစ်ပေ၏။ နိဗ္ဗာန်မြို့ကြီးသို့ ရောက်စေတတ်သော လမ်းကောင်းကြီးလည်း ဖြစ်ပေ၏။ ဗောဓိဉာဏ်သုံးပါး၏တည်ရာ မူလအခြေခံတရားကြီးလည်း ဖြစ်ပေ၏။ အလိုရှိအပ် တောင့်တအပ်သမျှ ပြည့်စုံနိုင်ကြောင်း ဖြစ်သောကြောင့် စိန္တာမဏိ ကျောက်မျက်ရတနာ ပဒေသာပင်တို့ကိုလည်း သာလွန်၍ တင့်တယ်ပေ၏။ ဤသို့ အစရှိသည်ဖြင့် သီလ၏ဂုဏ်ကျေးဇူးတို့ကို ဆင်ခြင်အပ်ကုန်၏။

(သီလနှင့်မပြည့်စုံခြင်း၏ အပြစ်များကို အဂ္ဂိက္ခန္ဓောပမသုတ် စသည်တို့၏အစွမ်းဖြင့် ဆင်ခြင်ရမည်ဟု အဋ္ဌကထာ၌ မှာတမ်းထားခဲ့သည်၊ ၊ဤ၌ အဂ္ဂိက္ခန္ဓောပမသုတ္တန် အကျဉ်းချုပ်ကို အင်္ဂုတ္တရနိကာယ် သတ္တကနိပါတ်မှ ထုတ်နုတ်ပြဆိုပေအံ့..)

အခါတပါး၌ မြတ်စွာဘုရားသည် ရဟန်းအများခြံရံလျက် ကောသလတိုင်း၌ ဒေသစာရီ လှည့်လည်တော်မူစဉ်



၁၅၀

တခုသောအရပ်၌ မီးပုံကြီးကိုမြင်တော်မူ၍ လမ်းခရီးမကြီးမှ ဖဲခဲ့ပြီး တခုသောသစ်ပင်ရင်း အရှင်အာနန္ဒာ ခင်းပေးသည့် လေးခေါက်ချိုး သက်န်းအခင်း၌ ထိုင်နေတော်မူပြီးလျှင် ရဟန်းတော်များကို-

ရဟန်းတို့.. ထိုမီးပုံကြီးကို ပွေ့ဖက်၍ ထိုင်ရခြင်း အိပ်ရခြင်းနှင့်၊ မင်းမျိုး ပုဏ္ဏားမျိုး သူကြွယ်မျိုးတို့တွင် တမျိုးမျိုးမှ လှပနူးညံ့သော အတွေ့ရှိသည့် သမီးကညာကို ပွေ့ဖက်၍ ထိုင်ရခြင်း အိပ်ရခြင်း နှစ်မျိုးတို့တွင် အဘယ်ကမြတ်သနည်းဟု မေးတော်မူလေရာ..၊ ရဟန်းတော်များက သမီးကညာကို ပွေ့ဖက်၍ ထိုင်နေရခြင်း အိပ်နေရခြင်းက မြတ်ကြောင်းကို (အမြင်တိုတိုဖြင့်ပင်) လျှောက်ထားကြလေသည်။ ထိုအခါ မြတ်စွာဘုရားက-

ဒုဿီလပုဂ္ဂိုလ်အဖို့ မီးပုံကြီးကိုပွေ့ဖက်၍ နေရခြင်းကသာ တဘဝတွင်၍ ဒုက္ခပေးနိုင်သောကြောင့် မြတ်လှကြောင်းနှင့်၊ သမီးကညာကို ပွေ့ဖက်၍ နေရခြင်းမှာ အပါယ်လားကြောင်းဖြစ်၍ မမြတ်နိုင်ကြောင်း ဟောကြားတော်မူသည်။ တဖန်ဆက်၍ အစဉ်အတိုင်းပင်-

(၂) အားရှိသော ယောက်ျားတယောက်က ခိုင်မြဲလှစွာသည့် (နွားမြီး မြင်းမြီးစသည်ကို ကျစ်အပ်သော) သားမြီးကြိုးဖြင့် ခြေသလုံးနှစ်ဖက်၌ ရစ်ပတ်ပြီးလျှင် အရေ အသား အကြော အရိုးတို့ စုတ်ပြတ်အောင် အပွတ်အဆွဲ ခံရခြင်းနှင့်- ဒါယကာတို့က ရှိခိုးသည်ကို ခံယူသာယာရခြင်းတို့တွင် အဘယ်က မြတ်သနည်း ဟူ၍၎င်း၊

(၃) အားရှိသောယောက်ျားက ထက်လှသော လှံမဖြင့် ရင်ဝတည့်တည့် အထိုးအစိုက်ခံရခြင်းနှင့်- ဒါယကာတို့က လက်အုပ်ချီမှုကို ခံရခြင်းတို့တွင် အဘယ်က မြတ်သနည်းဟူ၍၎င်း၊



၁၅၁

(၄) အားရှိသော ယောက်ျားက ရဲရဲပြောင်ပြောင် မီးတောက်လောင်နေသော သံပြားကြီးဖြင့် ကိုယ်ကို အရစ်အပတ်ခံရခြင်းနှင့်- ဒါယကာတို့ သဒ္ဓါ၍ လှူဒါန်းအပ်သည့် သင်္ကန်းကို သုံးဆောင်ရခြင်းတို့တွင် အဘယ်က မြတ်သနည်းဟူ၍၎င်း၊

(၅) အားရှိသော ယောက်ျားက မီးရဲရဲတောက်နေသည့် သံထောက်ကြီးဖြင့် ခံတွင်းကို ထောက်ပြီးလျှင် မီးရဲရဲတောက်နေသည့် သံတုံးကြီးကို (နှုတ်ခမ်း၊ ခံတွင်း၊ လျှာ၊ လည်ချောင်း၊ ရင်ပပ်၊ အူမ၊ အူသိမ်တို့ကိုပါ မီးစွဲလောင် တိုက်ဆောင်၍) အောက်ဒွါရပေါက် တောက်လျောက် ဆင်းထွက်သွားအောင် ခံတွင်းမှထည့်သွင်းသည်ကို ခံရခြင်းနှင့်- ဒါယကာတို့ သဒ္ဓါ၍ လှူဒါန်းအပ်သည့် ဆွမ်းကို သုံးဆောင်ရခြင်းတို့တွင် အဘယ်က မြတ်သနည်းဟူ၍၎င်း၊

(၆) အားရှိသော ယောက်ျားက (ရုန်းကန်၍ မသွားနိုင်အောင်) ဦးခေါင်း၌ဖြစ်စေ ပခုံး၌ဖြစ်စေ မြဲစွာဆုပ်ကိုင်၍ ရဲရဲပြောင်ပြောင် မီးစွဲလောင်နေသည့် သံညောင်စောင်း သံအင်းပျဉ် (သံခဋင်၊ သံကုလားထိုင်)တို့၌ အထိုင်ခိုင်း အအိပ်ခိုင်းသည်ကို ခံရခြင်းနှင့်- ဒါယကာတို့ သဒ္ဓါ၍ လှူဒါန်းအပ်သည့် ညောင်စောင်း အင်းပျဉ်ကို သုံးဆောင်ရခြင်းတို့တွင် အဘယ်က မြတ်သနည်းဟူ၍၎င်း၊

(၇) အားရှိသောယောက်ျားက ဦးခေါင်းဇောက်ထိုး ခြေမိုးမျှော်ကိုင်၍ ကြိုက်ကြိုက်ဆူပွက်နေသော သံရည်အိုးကြီး၌ အပစ်အချ ခံရခြင်းနှင့်- ဒါယကာတို့ သဒ္ဓါ၍ လှူဒါန်းအပ်သည့် ကျောင်းကို သုံးဆောင်ရခြင်းတို့တွင် အဘယ်က မြတ်သနည်းဟူ၍၎င်း မေးမြန်းတော်မူသောအခါ ရဟန်းတော်များက ရှေးနည်းအတူပင် (အမြင်တိုတိုဖြင့်) ဖြေကြားကြသည်တွင် မြတ်စွာဘုရားက-



၁၅၂

ဒုဿီလပုဂ္ဂိုလ်အဖို့ တဘဝစာသာ ဒုက္ခရောက်နိုင်သဖြင့် ရှေ့ (၆)ပါးကသာ မြတ်ကြောင်း၊ နောက် (၆)ပါးမှာ အပါယ်လားကြောင်းဖြစ်၍ မမြတ်ကြောင်း အကျယ်တဝင့် ဟောတော်မူပြီးလျှင် အဆုံး၌-

ပစ္စည်းလေးပါး ဒါယကာတို့၏ ကုသိုလ်များ အကျိုးကြီးမြတ်စေရန်နှင့် မိမိတို့၏ ရဟန်းဖြစ်ကျိုး နပ်စေရန် သိက္ခာသုံးပါးကို ပွါးများအားထုတ်ရမည်၊ ကိုယ်ကျိုး သူကျိုး နှစ်ပါးအကျိုးကို မြော်ကိုးသောရဟန်းသည် အပ္ပမာဒတရားနှင့် ပြည့်စုံရမည်ဟု ဟောကြား၍ ဒေသနာနိဂုံး အဆုံးသတ်လေသည်။

ဤသုတ္တန်ကို ဟောအပ်သည်ရှိသော် ဒုဿီလရဟန်း (၆)ကျိပ်တို့ သွေးပွက်ပွက် အန်ကြသည်၊ သိက္ခာပုဒ် အငယ်စားကို ကျူးလွန်ထားသော ရဟန်း (၆)ကျိပ်တို့ လူထွက်ကြသည်၊ သီလစင်ကြယ်သော ရဟန်း (၆)ကျိပ်တို့ ရဟန္တာဖြစ်ကြသည်။ ။(ဤကား အဂ္ဂိက္ခန္ဓောပမသုတ္တန် အကျဉ်းတည်း။)

     ထို့အတူ.. “သီလရှိသောသူအား သီလနှင့် ပြည့်စုံခြင်းဟူသော အကြောင်းကြောင့် 'ငါသည် အပြစ်မရှိ ကောင်းမြတ်လှသည့် ဘေးကိုစောင့်ရှောက်တတ်သော တရားကို ပြုအပ်ပြီတကား'ဟု များစွာဝမ်းမြောက်ခြင်း ဖြစ်ရသည်။

     သီလရှိသူအား မိမိကိုယ်ကိုမိမိ စွပ်စွဲခြင်းဟူသော အတ္တာနုဝါဒဘေး၊ ပညာရှိတို့ အကဲ့ရဲ့ခံရခြင်းဟူသော ပရာနုဝါဒဘေး ကင်းဝေးနိုင်သည်။ ဒဏ်အထားခံရခြင်းဟူသော ဒဏ္ဍဘေး အပါယ်ဘေးတို့မှာ ဖြစ်ခွင့်ပင် မရှိတော့ပေ။

     ဤသူကား သီလရှိသူ ကောင်းသော အကျင့်ရှိသူဟု ပညာရှိတို့ အချီးမွမ်းခံရ၏။

     ဒုဿီလပုဂ္ဂိုလ်မှာကဲ့သို့ နှလုံးမသာယာခြင်း အလျဉ်းပင် မရှိနိုင်ချေ။



၁၅၃

     ဤ သီလသည် အပ္ပမာဒ တရား၏ အကြောင်းရင်း ဖြစ်သောကြောင့်၎င်း စီးပွါးပျက်ခြင်း (ဘောဂဗျသန) စသည်ကို ပယ်ရှားခြင်းကို အဦးမူသဖြင့် များစွာသောအကျိုးကို ပြီးစေတတ်သောကြောင့်၎င်း အကုသိုလ်ကို ပယ်ဖြတ်တတ်သောကြောင့်၎င်း အမြတ်ဆုံးသော စီးပွါးချမ်းသာကြောင်းတရား ဖြစ်ပေ၏။

     ဇာတ်ညံ့သူပင် ဖြစ်စေကာမူ သီလရှိလျှင် မင်းပုဏ္ဏားစသည်တို့၏ အပူဇော်ခံရသောကြောင့် သီလနှင့် ပြည့်စုံခြင်းသည် အမျိုးမြတ်မှု ဇာတ်နှင့်ပြည့်စုံမှုကို သာလွန်၍ တင့်တယ်ပေ၏။

ရန်သူမျိုးငါးပါးတို့နှင့်လည်း မဆက်ဆံ၊ တမလွန်ဘဝသို့လည်း လိုက်ပါ၊ အကျိုးလည်းများ၊ သမာဓိပညာတို့၏ အကြောင်းလည်းဖြစ်သောကြောင့် သီလဥစ္စာသည် ဗာဟိရဥစ္စာစုကိုလွန်၍ တင့်တယ်ပေ၏။

     လောက၌ အစိုးရဟု အခေါ်ခံသူတို့ပင် မိမိတို့၏စိတ်ကိုကား အစိုးမရနိုင်ပေ၊ သီလရှိသူမှသာ မိမိစိတ်ကို အစိုးရနိုင်သည်၊ သို့ရကား သီလသည် အမြတ်ဆုံးသော အစိုးရခြင်းဖြစ်သည့် (စိတ္တိဿရိယ) မိမိစိတ်ကို စိုးပိုင်နိုင်နင်းခြင်း၏ အကြောင်းဖြစ်သောကြောင့် မင်းစသောသူတို့၏ အစိုးရခြင်း (ဣဿရိယ)ဂုဏ်ကိုလည်း လွန်၍ တင့်တယ်ပေ၏။

     သီလကောင်းမှုကြောင့် ထိုထိုဘဝတို့၌ အစိုးရခြင်းဂုဏ်ကို ရလေသည်။

     သီလမရှိသောသူ၏ အနှစ်တရာ အသက်ရှည်ရခြင်းထက် သီလရှိသောသူ၏ တရက်မျှ အသက်ရှည်ရခြင်းက မြတ်ကြောင်းကို၎င်း အသက်ပင်ရှင်နေစေကာမူ သီလမရှိလျှင် သေနေသည်မည်ကြောင်းကို၎င်း မြတ်စွာဘုရား ဟောကြားတော်မူအပ်သောကြောင့် အသက်ထက်လည်း ထူးမြတ်သောတရား ဖြစ်ပေသည်။

     သီလရှိသူကို ရန်သူတို့ကသော်မှ နှစ်သက်ကြရသည်၊ သီလရှိသူကို ဇရာတရား ရောဂါများနှင့် ဝိပတ္တိတရားတို့က မလွှမ်းမိုး



၁၅၄

မနှိပ်စက်နိုင်၊ ထို့ကြောင့် သီလသည် ပကတိသော ရုပ်အဆင်း တင့်တယ်ခြင်းထက်လည်း သာလွန် မြင့်မြတ်ပေသည်။

     သီလသည် နတ်ရွာနိဗ္ဗာန် ချမ်းသာတို့၏ အကြောင်းရင်းဖြစ်ရကား ပြာသာဒ် တန်ဆောင်း ကျောင်းအိမ် စသော နေရာဘုံဗိမာန်အထူး မင်း အိမ်ရှေ့မင်း စစ်သူကြီးစသော ရာထူးဌာနန္တရအထူးတို့ထက် သာလွန် မြင့်မြတ်ပေသည်။

     သီလသည် ဧကန်စင်စစ် စီးပွါးချမ်းသာကို ရွက်ဆောင်တတ် တမလွန်ဘဝသို့လည်း ထက်ကြပ်မကွာ လိုက်ပါတတ်သောကြောင့် မိမိအပေါ်၌ အကျိုးလိုလားသူများဟု ဆိုအပ်သည့် အနီးနေသူ ဆွေမျိုးမိတ်သင်္ဂဟတို့ထက်လည်း သာလွန် မြင့်မြတ်ပေသည်။

     စစ်အင်္ဂါလေးပါး ဆေးဝါး မန္တရား- စသည်တို့ဖြင့်လည်း စောင့်ရှောက်ရန် မလွယ်ကူသည့် ဤခန္ဓာကိုယ်ကို သီလသည် ဘေးမရှိအောင် အထူးစောင့်ရှောက်သည့် ကိုယ်စောင့်တရားကြီး ဖြစ်ပေသည်။

ဤသို့ “သီလသည် များသောဂုဏ်ကျေးဇူးနှင့် ပြည့်စုံ၏”ဟု ဆင်ခြင်သောသူအား မပြည့်စုံ မစင်ကြယ်သေးသော သီလများ ပြည့်စုံစင်ကြယ်နိုင်သည်။

     အကယ်၍ ထိုဘုရားအလောင်းဟု ဝန်ခံသူ၏သန္တာန်၌ ကာလရှည်စွာကပင် အလေ့အလာ များခဲ့သောကြောင့် သီလ၏ ဆန့်ကျင်ဘက်ဖြစ်သည့် ဒေါသအစရှိသော တရားတို့ အကြားအကြား၌ ဖြစ်ပွါးခဲ့သော် ထိုဘုရားအလောင်းဟု ဝန်ခံသူသည် ဤသို့ ဆင်ခြင်ရာ၏-

“အမောင်သည် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို ရဘို့ရန် ဆုပန်ခဲ့သည် မဟုတ်ပါလော၊ သီလချို့တဲ့လျှင် လောကုတ္တရာသမ္ပတ္တိကို မဆိုထားဘိ၊ လောကီသမ္ပတ္တိများသို့ပင် မရောက်နိုင်ချေ၊ စင်စစ်သော်မူ ခပ်သိမ်းသော သမ္ပတ္တိတို့ထက် အမြတ်ဆုံးဖြစ်သည့် အမောင်တောင့်တအပ်သော



၁၅၅

သဗ္ဗညုတဉာဏ်၏ အကြောင်းရင်းဖြစ်သော သီလသည် အလွန်မြတ်သောသီလ ဖြစ်ရပေမည်။ ထို့ကြောင့် အမောင်သည် သီလကို အလွန်ချစ်ခင်သောသူ ဖြစ်သင့်လှပေ၏။

တနည်းအားဖြင့်ဆိုသော်.. အမောင်သည် တရားဟောခြင်းဖြင့် သတ္တဝါတို့အား အနိစ္စ ဒုက္ခ အနတ္တဟူသော လက္ခဏယာဉ်ကြီးသုံးခု၌ ကယ်တင်ရပေမည်၊ ထိုသတ္တဝါတို့၏ မရင့်ကျက်သေးသော သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာ ဤဣန္ဒြေငါးပါးတို့ကိုလည်း ရင့်ကျက်စေရပေမည်။ မသင့်လျော်သော အစာအာဟာရကိုပေးသည့် ဆေးသမား၏ ကုစားခြင်းကို လူအများ မယုံကြည်သကဲ့သို့၊ သီလမရှိသူ၏ စကားကိုလည်း လူအများ မယုံကြည်နိုင်ချေ။ ထို့ကြောင့် “အဘယ်နည်းဖြင့် ငါသည် ယုံကြည်အပ်သူတယောက်ဖြစ်လျက် သတ္တဝါတို့အား ကယ်တင်မှု ဣန္ဒြေတို့ကို ရင့်ကျက်စေခြင်းအမှုတို့ကို ပြုရပါမည်နည်းဟု ဆင်ခြင်ပြီးလျှင် အမောင်သည် ပင်ကိုယ်ပကတိ သဘာဝအားဖြင့်ပင် “သီလ အလွန်စင်ကြယ်သူ ဖြစ်သင့်လှပေသည်။

ထို့ပြင်လည်း.. ဈာန်စသော ဂုဏ်ကျေးဇူးအထူးတို့နှင့် ယှဉ်သူဖြစ်မှ ငါ၏ သတ္တဝါတို့ကို ကျေးဇူးပြုနိုင်သည့် စွမ်းရည်သတ္တိများ ပညာပါရမီစသည်၏ ပြည့်ဝခြင်းများ ဖြစ်နိုင်မည်၊ ဈာန်စသော ဂုဏ်ကျေးဇူးများလည်း စင်ကြယ်သော သီလနှင့်ကင်း၍ မဖြစ်နိုင်ချေ။ ထို့ကြောင့် အမောင်သည် ပင်ကိုယ်ပကတိ သဘာဝအားဖြင့်ပင် သီလ အလွန်စင်ကြယ်သူ ဖြစ်သင့်လှပေသည်။

     ဤသို့ ဆင်ခြင်ပြီးလျှင် သီလစင်ကြယ်အောင် ကောင်းစွာကြိုးကုတ် အားထုတ်ရာ၏။

(ဤကား သီလပါရမီ၌ ဆင်ခြင်ပုံ အကျယ်တည်း။)



၁၅၆

(ဂ) နေက္ခမ္မပါရမီ၌ ဆင်ခြင်ပုံကား..

     အိမ်ရာတည်ထောင် လူ့ဘောင်၌ နေရခြင်းကား သားမယားစသည်တို့၏ ပလိဗောဓမငြိမ်းသဖြင့် ကြပ်တည်း ကျဉ်းမြောင်းလှဘိ၏။ ဤသို့ စသည်ဖြင့် အိမ်ရာတည်ထောင် လူ့ဘောင်၌ နေရခြင်း၏အပြစ်ကို ဆင်ခြင်ရာ၏။ ရဟန်းအဖြစ်မှာမူ ထိုပလိဗောဓခပ်သိမ်း ဧငြိမ်းသဖြင့် ဟင်းလင်းအပြင်ပမာ ကျယ်ပြန့်ရှင်းလင်းလှစွာ၏၊ ဤသို့ အစရှိသည်ဖြင့် ရဟန်းအဖြစ်တည်းဟူသော နေက္ခမ္မ၌ အကျိုးကို ဆင်ခြင်ရာ၏။

     ဒုက္ခက္ခန္ဓသုတ် စသည်တို့၌ လာရှိသောအတိုင်း.. ကာမဝတ္ထု အစုစုတို့မှာ သာယာဖွယ်နည်းပါး ဆင်းရဲရ ပူပန်ရသည်ကသာ များခြင်းအစရှိသည်ဖြင့်၎င်း..၊ ကိလေသကာမဖြင့် ဝတ္ထုကာမကို ရယူလိုမှုကြောင့်ပင် အချမ်း, အပူ, မှက်, ခြင်, ယင်, လေ, နေပူ, မြွေ, ကင်း, သန်း စသည်တို့၏ အတွေ့အထိကို မချိတင်ကဲ အဆင်းရဲခံ၍ ဝတ္ထုကာမကို ရှာကြံရခြင်း.. အပင်ပန်းခံ၍ ရှာမှီးပါလျက် အကျိုးမပြီး မရရှိသောအခါ စိုးရိမ်ပင်ပန်း ရခြင်း.. ရရှိပြီးနောက် ရန်သူမျိုးငါးပါးတို့၏လက်သို့ ရောက်သွားသောအခါ နှလုံးပူပန်ရခြင်း.. ကာမကို အကြောင်းပြု၍ ကြောက်မက်ဖွယ်ကောင်းလှသော စစ်ပွဲကြီးများ၌ ပါဝင်ကာ အထိုး အခုတ် အပစ် အခတ် ခံရသဖြင့် ဒုက္ခကြီးစွာရောက်ရခြင်း.. ကာမကြောင့်ပင် ဒုစရိုက်မှု ပြုမှားမိသဖြင့် မျက်မှောက်ဘ၀၌ (၃၂)ပါးသော ကမ္မကရဏ= (ကံကြမ္မာ) ဒုက္ခခံရခြင်း.. တမလွန်ဘဝ၌လည်း ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသူရကာယ် အပါယ်လေးဘုံတို့၌ ဒုက္ခကြီးစွာခံရခြင်း ဤသို့ အစရှိသည်ဖြင့် ကာမတရားတို့၌ အပြစ်ကို၎င်း၊ ထိုမှအပြန်အားဖြင့် နေက္ခမ္မ= (ကာမမှ ထွက်မြောက်ခြင်း)၌ အကျိုးကို၎င်း ဆင်ခြင်ရာ၏။

(ဤကား နေက္ခမ္မပါရမီ၌ ဆင်ခြင်ပုံတည်း။)



၁၅၇

(ဃ) ပညာပါရမီ၌ ဆင်ခြင်ပုံအကျယ်ကား..

     ပညာနှင့်ကင်း၍ ဒါနစသော ပါရမီတို့ မစင်ကြယ်နိုင်ကြကုန်၊ ဒါနစေတနာ သီလစေတနာ စသည်တို့သည် မိမိတို့၏ ပေးကမ်းမှုစသော အလုပ်ကိစ္စကိုလည်း အားမထုတ်နိုင်ကြကုန်- ဤသို့ စသည်ဖြင့် ပညာ၏ ကျေးဇူးဂုဏ်တို့ကို ဆင်ခြင်ရာ၏။

     (ဆင်ခြင်ပုံအကျယ်ကို ပြဆိုဦးအံ့) အသက်မရှိလျှင် ဤခန္ဓာကိုယ် ယန္တရားရုပ်ကြီးသည် မတင့်တယ်နိုင် မိမိ၏အလုပ်ကိစ္စကို မပြုလုပ်နိုင်သကဲ့သို၎င်း..၊ စိတ်ဝိညာဏ်မပါရှိပဲ မျက်စိ, နား, နှာစသော ရုပ်အင်္ဂါ ဣန္ဒြေတို့ချည်းသက်သက် မြင်ခြင်း, ကြားခြင်း အစရှိသော အလုပ်ကိစ္စကို မပြုလုပ်နိုင်ကြသကဲ့သို၎င်း.. ဤအတူ သဒ္ဓါ, ဝီရိယ အစရှိသော ဣန္ဒြေတို့သည်လည်း ပညာမပါရှိလျှင် မိမိတို့၏ကိစ္စကို ထိထိရောက်ရောက် မပြီးစေနိုင်ကြချေ။ ထို့ကြောင့် ပညာသည် ဒါနအစရှိသော ပါရမီတို့ကို ဖြည့်ကျင့်ရာ၌ ပဓာန အချုပ်အချာ အကြောင်းကြီးဖြစ်ပေသည်။

ပညာကြောင့် ကျန်သောပါရမီတို့ ဖြစ်ပုံကား..

     (၁) အလောင်းတော်ကြီးများသည် ပညာမျက်စိ အမြဲတန်း ဖွင့်ထားတော်မူကြသည့်အတွက် မိမိ၏ အင်္ဂါကြီးငယ်တို့ကိုပင် စွန့်ကြဲပေးကမ်း လှူဒါန်းပြီးသော်လည်း ကိုယ့်ကိုလည်း မမြှောက်ပင့် သူ့ကိုလည်း မနှိမ့်ချကြပဲ (ရှေးကဆိုအပ်ပြီးသည့်) ဆေးသစ်ပင်ကြီးပမာ ထွေရာလေးပါး မိစ္ဆာဝိတက်အကြံကို မပွါးကြပဲ ကာလသုံးပါးမှာပင် အားရဝမ်းသာ ဖြစ်ရှိတော်မူကြသည်။

     ပညာရှိမှသာ ရှေးဆိုပြီး ဥပါယကောသလ္လဉာဏ်နှင့် ပြည့်စုံသူဖြစ်ရကား သူတပါးအကျိုး ဖြစ်ထွန်းရန် ရည်သန်၍ ပေးစွန့်လှူဒါန်းနိုင်သည်၊ ယင်းသို့ သူတပါးအကျိုး ဖြစ်ထွန်းရန် ပေးစွန့်လှူဒါန်းခြင်းသည် ဒါနပါရမီစစ် ဖြစ်ပေ၏။ (ပညာမရှိလျှင် ကိုယ်ကျိုးသက်သက်ကိုသာ ငဲ့မျှော်၍ ပေးလှူတတ်သည်။ ကိုယ်ကျိုး သက်သက်ကိုသာ ငဲ့မျှော်၍ ပေးလှူခြင်းကား အတိုးအပွါးချထားခြင်းနှင့် တူလှပေ၏။)



၁၅၈

     (၂) ပညာမရှိလျှင် လောဘ, ဒေါသ အစရှိသော တရားတို့သာ လွှမ်းမိုးနေသဖြင့် သဗ္ဗညုတဉာဏ်၏ အကြောင်းဖြစ်ဖို့ ဝေးစွာ့၊ သီလ၏ စင်ကြယ်ခြင်းမျှပင် မဖြစ်နိုင်ပေ။

     (၃) ပညာရှိသူမှသာလျှင် ဃရာဝါသ၌ အပြစ်ထင် ရဟန်းအဖြစ်၌ အကျိုးကိုမြင်၊ ကာမဂုဏ်၌ အပြစ်ထင် ဈာန်သမာပတ်တို့၌ အကျိုးကိုမြင်၊ သံသရာ၌ အပြစ်ထင် နိဗ္ဗာန်၌ အကျိုးကိုမြင်ပြီးလျှင် ရဟန်းပြုကာ ဈာန်သမာပတ်တို့ကို ဖြစ်ပွါးစေ၍ နိဗ္ဗာန်ကို ကိုယ်တိုင်ရှေးရှု မျက်မှောက်ပြုပြီးလျှင် သူတပါးတို့ကိုလည်း ထိုရဟန်းအဖြစ် ဈာန်သမာပတ် နိဗ္ဗာန်တို့၌ တည်စေနိုင် ရောက်စေနိုင်သည်။

     (၄) ပညာမပါပဲ ဝီရိယချည်းသက်သက်ဖြင့် အားထုတ်ခြင်းသည် အားထုတ်မှုလွဲတတ်၍ လိုအပ်သောအကျိုးကို မပြီးစေနိုင်ပဲ ရှိတတ်၏။ (အလွဲလွဲအမှားမှား အားထုတ်ခြင်းထက် အားမထုတ်ရခြင်းကပင် မြတ်လှသေး၏။) ပညာနှင့်ယှဉ်တွဲလျက် ဝီရိယစိုက်ပါမူ နည်းမှန်သော အကျင့်ဖြစ်သောကြောင့် လိုအပ်သောအကျိုးကို ရနိုင်ပေ၏။

     (၅) ပညာရှိသော သူမှသာလျှင် သူတပါးတို့၏ အလွဲလွဲအမှားမှား ပြုခြင်းစသည်ကို သည်းခံနိုင်၏။ ပညာမရှိသူအဖို့မှာ သူတပါးတို့ ပြုဆောင်အပ်သည့် ချွတ်ယွင်းပြစ်မှားချက်များသည် ခန္တီ၏ ဆန့်ကျင်ဘက်ဖြစ်သည့် ဒေါသအစရှိသော အကုသိုလ်များကိုသာ ပွါးစေကုန်၏၊ ပညာရှိသူအဖို့မှာကား ထိုပြစ်မှားချက်များသည် ခန္တီတရားကို တိုးပွါးစေလျက် ထိုခန္တီတရား ကြံ့ခိုင်ဘို့ရန်သာ ဖြစ်ကုန်၏။

     (၆) ပညာရှိသော သူသည်သာလျှင် ဝိရတီသစ္စာ ဝစီသစ္စာ ဉာဏသစ္စာ သုံးပါးကို၎င်း ထိုသုံးပါးတို့၏ အကြောင်းတို့ကို၎င်း၊ ထိုသုံးပါးတို့၏ ဆန့်ကျင်ဘက်ကို၎င်း အမှန်အတိုင်း သိပြီးလျှင် (ပယ်သင့်ရာကိုပယ် ပွါးသင့်ရာကိုပွါး၍) သူတပါးတို့အား မချွတ်ယွင်းစေသောသူ (သစ္စာရှိသောသူ) ဖြစ်နိုင်သည်။



၁၅၉

     (၇) ပညာရှိသော သူသည်သာလျှင် ပညာစွမ်းဖြင့် မိမိကိုယ်ကို ထောက်ပံ့အားပေး၍ သမာဓိနှင့် ပြည့်စုံနိုင်သည်။ ယင်းသို့ သမာဓိနှင့် ပြည့်စုံခြင်းဖြင့် ခပ်သိမ်းသော ပါရမီကောင်းမှုတို့၌ မတုန်မလှုပ် ကြံ့ကြံ့တည်ခြင်း အဓိဋ္ဌာန်ဖြစ်နိုင်သည်။

     (၈) ပညာရှိသောသူမှသာ ချစ်အပ်သူ မုန်းအပ်သူ အလယ်အလတ်ဖြစ်သောသူဟူ၍ မခွဲခြားပဲ ပုဂ္ဂိုလ်သုံးမျိုးလုံး၌ပင် မေတ္တာတရား ထပ်မျှဖြစ်အောင် ပွါးနိုင်ပေသည်။

     (၉) ပညာ၏အစွမ်းဖြင့်သာ ဣဋ္ဌ အနိဋ္ဌ (ကောင်းကောင်း ဆိုးဆိုး) လောကဓံနှစ်မျိုးတို့နှင့် တွေ့ကြုံသောအခါ ဖောက်ပြန်ခြင်းမရှိပဲ အလယ်အလတ် မဇ္ဈတ္တသဘောရှိသူ ဖြစ်နိုင်သည်။

ဤသို့ ပညာသည်သာလျှင် ခပ်သိမ်းသောပါရမီတို့၏ စင်ကြယ်ကြောင်း ဖြစ်ပေသည်ဟု ပညာ၏ ဂုဏ်ကျေးဇူးတို့ကို ဆင်ခြင်အပ်ကုန်၏။

တနည်းလည်း-

ပညာနှင့်ကင်း၍ အယူ၏ ပြည့်စုံစင်ကြယ်ခြင်း မဖြစ်နိုင်၊ အယူ၏ ပြည့်စုံစင်ကြယ်ခြင်း မရှိကလည်း သီလ၏ ပြည့်စုံစင်ကြယ်ခြင်း မဖြစ်နိုင်၊ ထိုအယူနှင့် သီလတို့၏ ပြည့်စုံစင်ကြယ်ခြင်း မရှိကလည်း သမာဓိ၏ ပြည့်စုံစင်ကြယ်ခြင်း မဖြစ်နိုင်၊ သမာဓိမရှိသောသူသည် အနည်းငယ်သော ကိုယ်ကျိုးကိုမျှ မပြီးစေနိုင်၊ သူတပါးအကျိုးကိုကား ဆိုဖွယ်မရှိ၊ သို့ရကား သူတပါး အစီးအပွါးဖြစ်ဖို့ရန် ကျင့်ကြံသော အမောင်သည် ရိုရိုသေသေ ပညာတရားကို တိုးပွါးစေခြင်း၌ လုံ့လကြိုးကုတ် အားထုတ်သင့်လှသည် မဟုတ်လော-

ဟု ဘုရားအလောင်းသည် မိမိကိုယ်ကိုမိမိ ဆုံးမရာ၏။

     မှန်၏.. ပညာ၏အာနုဘော်ဖြင့် ဘုရားအလောင်းတော်သည် (အထက်၌ ဖော်ပြလတ္တံ့ဖြစ်သည့်) အဓိဋ္ဌာနတရား လေးပါးတို့၌ တည်ပြီးလျှင် သင်္ဂဟဝတ္ထုလေးပါးတို့ဖြင့် သတ္တဝါအပေါင်းကို



၁၆၀

ချီးမြှောက်လျက် သတ္တဝါတို့ကို သံသရာမှထွက်မြောက်ကြောင်း ကောင်းမှုလမ်းစဉ်၌ တည်စေတော်မူ ဆယ်တင်တော်မူသည့်ပြင် ထိုသတ္တဝါတို့၏ သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာ ဤငါးဖြာသော ဣန္ဒြေတို့ကိုလည်း ရင့်သန် စေတော်မူ၏။

     ထို့အတူ ပညာအားစွမ်းဖြင့် ခန္ဓာ အာယတန အစရှိသော ပရမတ္ထတရားတို့၌ စိစစ်ဆင်ခြင် စဉ်းစားခြင်း များတော်မူပြီးလျှင် ပဝတ္တိ နိဝတ္တိခေါ်သည့် သံသရာစက် လည်ကြောင်းတရား သံသရာစက် ရပ်နားကြောင်း တရားတို့ကို အမှန်အတိုင်း သိရှိတော်မူကာ ကိုယ်တော်ဆည်းပူးအပ်သည့် ဒါနစသော ပါရမီကောင်းမှုကုသိုလ်များကို ထူးကဲလွန်မြတ်သော အဖို့ရှိအောင် မဂ်ဖိုလ်အကျိုးရအောင် ဆောင်တော်မူလျက် ဘုရားအလောင်းတို့၏ ကျင့်စဉ်လမ်း၌ အပြည့်အဝဖြစ်အောင် ပြုဆောင် ဖြည့်ကျင့်တော်မူလေသည်။

ဤသို့ အစရှိသည်ဖြင့် များစွာသော ပညာ၏ဂုဏ်ကျေးဇူးတို့ကို ပိုင်းခြားသိရှိပြီးခါ ပညာပါရမီကို အဖန်ဖန် အထပ်ထပ် ပွါးများအပ်ပေ၏။

(ဤကား ပညာပါရမီ၌ ဆင်ခြင်ပုံ အကျယ်တည်း။)

(င) ဝီရိယပါရမီ၌ ဆင်ခြင်ပုံ အကျယ်ကား..

     တဖက်ကမ်း (အဆုံး)ကို မြင်ရသည့် လောကီအမှုများကိုသော်လည်း ယုတ်လျော့ညံ့ဖျင်းသော လုံ့လဝီရိယဖြင့် တဖက်ကမ်း (အဆုံး)သို့ ရောက်ခြင်းငှာ မစွမ်းနိုင်ကုန်ချေ၊ ပင်ပန်းခြင်းကို မရေတွက် ထက်မြက်သော လုံ့လဝီရိယရှိသူမှာကား ရခဲသောအရာဟူ၍ မရှိချေ၊ မှန်၏.. “လုံ့လဝီရိယ လျော့ပါးသောသူသည် သတ္တဝါတို့ကို သံသရာတည်းဟူသော ရေယဉ်ဝဲမှ ဆယ်တင်မည်ဟူ၍ အစပျိုး၍ အားထုတ်ခြင်းငှါပင် မတတ်နိုင်ပေ။ ဝီရိယ အလယ်အလတ်ရှိသူကား အားပင်ထုတ်သော်လည်း အဆုံးရောက်အောင် အားမထုတ်နိုင်ပဲ လမ်းခုလပ် (အကြား)ကပင် ဆုတ်နစ် လက်လျှော့တတ်ချေသည်။ ဥက္ကဌ်ဝီရိယ ရှိသူမှသာလျှင်



၁၆၁

ကိုယ်၏ချမ်းသာမှုကိုမငဲ့ပဲ အားထုတ်မှု၏ တဖက်ကမ်း (သဗ္ဗညုတဉာဏ်)သို့ ရောက်နိုင်ပေသည်”ဟူ၍ ဝီရိယနှင့် ပြည့်စုံခြင်းကို ဆင်ခြင်ရာ၏။

တနည်းလည်း-

“မိမိတဦးတည်း၏ သံသရာမှ လွတ်မြောက်ရေးအတွက် အားထုတ်ကြသော သာဝကဗောမိလောင်း ပစ္စေကဗောဓိလောင်း ဖြစ်ကြသည့် ပုဂ္ဂိုလ်တို့အားသော်မှ ဝီရိယလျော့နေလျှင် ရည်သန်ရင်းဖြစ်သည့် သာဝကဗောဓိဉာဏ် ပစ္စေကဗောဓိဉာဏ်တို့သို့ မရောက်ပဲ ရှိချေသေး၏၊ နတ်ဗြဟ္မာနှင့်တကွသော သတ္တဝါအပေါင်းကို ထုတ်ဆယ်ကယ်တင်ရန် ဘုရားဆုပန်သည့် အလောင်းတော်မြတ်အဖို့ ဝီရိယလျော့နေလျှင် အဘယ်မှာ သမ္မာသမ္ဗောဓိ (သဗ္ဗညုတ)ဉာဏ်သို့ ရောက်နိုင်တော့အံ့နည်း” ဟူ၍၎င်း၊

“ရာဂ ဒေါသ အစရှိသော ကိလေသာ အပြစ်အပေါင်းတို့မှာ အမုန်ယစ်သော ဆင်ကြီးများပမာ လွန်စွာ တားမြစ်နိုင်ခဲသောကြောင့်၎င်း၊ ထို ရာဂ ဒေါသ အစရှိသော ကိလေသာအပေါင်းလျှင် အကြောင်းရင်းရှိသော ကံတို့ကလည်း ခုတ်သတ်မည်တကဲကဲဖြင့် သန်လျက်ကို ချီမိုးထားသည့် သူသတ်ယောက်ျားကြီးများနှင့် တူသောကြောင့်၎င်း၊ ထိုကံများလျှင် အကြောင်းရင်းရှိသော ဒုဂ္ဂတိလေးဘုံတို့ကလည်း အခါခပ်သိမ်း ခံတွင်းဖွင့်ဟလျက် ရှိကြသောကြောင့်၎င်း၊ ထိုကံနှင့် ဒုဂ္ဂတိဘုံ လေးဘုံသို့ရောက်အောင် တိုက်တွန်း ပို့ဆောင်ကြမည့် မိတ်ဆွေယုတ် (ပါပမိတ်)များကလည်း အခါခပ်သိမ်း စုဝေးဝိုင်းအုံလျက် ရှိသောကြောင့်၎င်း၊ မသိမလိမ္မာသည့် ပုထုဇန်တို့၏ သဘောကလည်း ထိုမိတ်ဆွေယုတ် (ပါပမိတ်)တို့၏ စကားကို လိုက်နာလွယ်သောကြောင့်၎င်း၊ ထိုမသိမလိမ္မာသည့် ပုထုဇန်တို့ လိုက်နာလွယ်ရန် မိတ်ဆွေယုတ် (ပါပမိတ်)ဖြစ်ကြသော ဝိတဏ္ဍဝါဒီ ပုဂ္ဂိုလ်တို့၏



၁၆၂

အဆုံးအမ အမှားဖြစ်သည့် “သံသရာဝဋ်မှ ကျွတ်လွတ်ခြင်းသဘောတရား ထင်ရှားရှိခဲ့လျှင် တရားအထူး အားထုတ်ရန်မလို၊ သူ့အလိုလို သံသရာဒုက္ခမှ ကျွတ်လွတ်ခြင်းငှါ သင့်ပေ၏”ဟူသည့် မိစ္ဆာမှောက်မှား ကြံစည် ပြောကြားချက်များသည် ဝီရိယ၏ အာနုဘော်ဖြင့်သာ ဝေးကွာနိုင်ကြကုန်၏” ဟူ၍၎င်း၊

“ကိုယ်စွမ်း လုံ့လဝီရိယဖြင့် ဘုရားအဖြစ်ကို ရနိုင်လျှင် ဤဝီရိယကို စိုက်ထုတ်ရန် ငါကဲ့သို့သော ဥက္ကဌ်ပုဂ္ဂိုလ်အား ခဲယဉ်းဖွယ်ရာ အဘယ်မှာရှိအံ့နည်း” ဟူ၍၎င်း-

ဤသို့ အစရှိသောနည်းဖြင့် ဝီရိယ၏ ဂုဏ်ကျေးဇူးတို့ကို ဆင်ခြင်အပ်ကုန်၏။

(ဤကား ဝီရိယပါရမီ၌ ဆင်ခြင်ပုံ အကျယ်တည်း။)

(စ) ခန္တီပါရမီ၌ ဆင်ခြင်ပုံ အကျယ်ကား..

     ဤခန္တီမည်သော တရားသည် ခပ်သိမ်းသော ဂုဏ်ကျေးဇူး၏ ဆန့်ကျင်ဘက်ဖြစ်သည့် အမျက်ဒေါသကို မှုတ်လွှင့် ပယ်ဖျောက်တတ်သောကြောင့် ဂုဏ်ကျေးဇူးကို ပြည့်စုံစေခြင်း၌ သူတော်ကောင်းတို့အတွက် သူတပါးတို့ မဖျက်ဆီးနိုင်သည့် လက်နက်ကောင်းကြီး ဖြစ်ပေသည်၊ သူတပါးကို အုပ်စိုးနိုင်သည့် အလောင်းတော်ကြီးများ၏ အဆင်တန်းဆာကြီးလည်း ဖြစ်ပေသည်၊ ရဟန်း ပုဏ္ဏား သူမြတ်များ၏ ပြည့်စုံသော ခွန်အားဗလလည်း ဖြစ်ပေသည်၊ အမျက်ထွက်ခြင်း ကောဓမီးကို ငြိမ်းစေတတ်သည့် ရေအယဉ်လည်း ဖြစ်ပေသည်၊ ယုတ်မာသောသူတို့၏ ရုန့်ကြမ်းသည့် စကားတည်းဟူသော အဆိပ်ကို ငြိမ်းအောင်ပြုတတ်သည့် မန္တန်ကောင်း ဆေးကောင်းကြီးလည်း ဖြစ်ပေသည်၊ စောင့်စည်းမှု (သံဝရသီလ)၌ တည်ကုန်သော သူတော်ကောင်းတို့၏ အလွန်မွန်မြတ်လှသော ပညာရှင်တို့၏ ပြကတေ့ အဓလေ့တရားလည်း ဖြစ်ပေသည်၊ နက်နဲသော အာသယဓာတ်ဖြစ်၍ သမုဒြာနှင့်လည်း တူ၏၊ ဒေါသသမုဒြာလှိုင်းတံပိုး၏ အဆုံးသတ်ရာ



၁၆၃

ဆိပ်ကမ်းလည်း ဖြစ်ပေ၏။ အပါယ်တံခါးကို ပိတ်ဆို့ကြောင်းဖြစ်သည့် တံခါးရွက်ကြီးလည်း ဖြစ်ပေ၏၊ နတ်ပြည် ဗြဟ္မာပြည်သို့ တက်ရောက်ကြောင်း စောင်းတန်းလှေကားကြီးလည်း ဖြစ်ပေ၏၊ ခပ်သိမ်းသော ဂုဏ်ကျေးဇူးတို့၏ စိုးအုပ်နေထိုင်ရာ ဘုံဆောင်ကြီးလည်း ဖြစ်ပေ၏၊ အလွန်မွန်မြတ်လှသည့် ကိုယ်နှုတ်နှလုံးတို့၏ စင်ကြယ်ခြင်းလည်း ဖြစ်ပေ၏ဟူ၍ နှလုံးသွင်းရာ၏။

တနည်းလည်း-

“ဤသတ္တဝါတို့သည် အေးမြစေတတ်သည့် ခန္တီတရား လက်ကိုင်မထားကြပဲ ပူပန်စေတတ်သည့် အကုသိုလ်တရားများကိုသာ အားထုတ်နေကြသောကြောင့် ဤဘဝ၌လည်း ပူပန်ကြရ တမလွန်ဘဝ၌လည်း ပူပန်ကြရကုန်၏” ဟူ၍၎င်း၊

“သူတပါး၏ ပြစ်မှားခြင်းဟူသော အကြောင်းကြောင့် ဒုက္ခဝေဒနာဖြစ်သည် မှန်သော်လည်း ထိုဒုက္ခ၏ လယ်မြေသဖွယ်ဖြစ်သည့် အတ္တဘော၊ မျိုးစေ့သဖွယ်ဖြစ်သည့် ကံတို့ကိုကား (သူတပါးပြုသည်မဟုတ်) ငါပင် ပြုအပ်ခဲ့ပြီ” ဟူ၍၎င်း၊

“ဤယခု သည်းခံခြင်းသဘောသည် ထိုဒုက္ခကြွေးအရင်း ပြတ်ကင်းဝေးအောင် ကြွေးဆပ်ကြောင်းတရား (ကြွေးဆပ်ခြင်းတရား)ပင် ဖြစ်ပေ၏” ဟူ၍၎င်း၊

“သူတပါးတို့၏ ပြစ်မှားခြင်း မရှိခဲ့လျှင် ငါ့အား အဘယ်မှာလျှင် ခန္တီပါရမီနှင့် ပြည့်စုံနိုင်အံ့နည်း” ဟူ၍၎င်း၊

“ဤသူသည် ယခု ဤပြစ်မှားမှုကို ပြုသော်လည်း ရှေးအခါက ငါ့အား ဤသူသည် ဤမည်သောကျေးဇူးကို ပြုခဲ့ဘူးပြီ” ဟူ၍၎င်း၊

“ထိုသူ၏ ပြစ်မှားမှုသည်ပင် ငါ့အဖို့ရာ သည်းခံခြင်း ခန္တီတရား၏ အကြောင်းဖြစ်သောကြောင့် ကျေးဇူးပြုခြင်းပင် မည်ပေ၏” ဟူ၍၎င်း၊



၁၆၄

“ဤသတ္တဝါ အလုံးစုံတို့သည်ပင် ငါ၏သားသမီးများနှင့် တူကြကုန်၏။ သားသမီးတို့ ပြုမှားအပ်သောအပြစ်၌ အဘယ်ပညာရှိသည် အမျက်ထွက်ချေအံ့နည်း” ဟူ၍၎င်း၊

“ဤသူသည် အမျက်ထွက်ခြင်း ကောဓတရားတည်းဟူသော မြေဘုတ်ဘီလူး ပူးဝင်ခြင်းဖြင့် ငါ့အား ပြစ်မှား၏။ ထိုသူ၏ ထိုအမျက်ကောဓတည်းဟူသော မြေဘုတ်ဘီလူး အမှောင့်ပယောဂ ပူးဝင်ခြင်းကိုပင် ငါသည် ပယ်ရှားပေးသင့်လှ၏” ဟူ၍၎င်း၊

“အကြင် ပြစ်မှားချက်ကြောင့် ငါ့အား ဤဒုက္ခသည် ဖြစ်ပေါ်လာ၏၊ (ငါမရှိလျှင် ထိုပြစ်မှားမှုပင် မဖြစ်နိုင်သောကြောင့်) ငါသည်လည်း ထိုပြစ်မှားမှု၏ အကြောင်းပင်ဖြစ်၏” ဟူ၍၎င်း၊

“ပြစ်မှားတတ်သော ရုပ်နာမ်, ပြစ်မှားခံရသော ရုပ်နာမ် နှစ်မျိုးလုံးပင် ထိုပြစ်မှားသည့်ခဏအတွင်းက ချုပ်ပျောက်လေကုန်ပြီ၊ ယခုမှ အဘယ်သူက ဘယ်သူ့အား အမျက်ထွက်မှု ပြုသင့်တော့အံ့နည်း၊ မပြုသင့်သည်သာ” ဟူ၍၎င်း၊

“ခပ်သိမ်းသော တရားမှန်သမျှပင် အနတ္တချည်းဖြစ်ရကား ပရမတ္ထအားဖြင့် ပြစ်မှားတတ်သူ အပြစ်မှားခံရသူဟူ၍ပင် မရှိပါတကား” ဟူ၍၎င်း-

ဆင်ခြင်သောအားဖြင့် ခန္တီနှင့်ပြည့်စုံအောင် အဖန်ဖန် ပွါးများရာ၏။

     အကယ်၍ ကာလရှည်လျား အလေ့အလာများခဲ့ခြင်းကြောင့် သူတပါးတို့၏ ပြစ်မှားခြင်းကို အကြောင်းပြု၍ အမျက်ထွက်ခြင်း ကောဓတရားက မိမိစိတ်ကို လွှမ်းမိုးတည်ခဲ့သော် ထိုဘုရားအလောင်းဟု ဝန်ခံသူသည် ဤသို့ ဆင်ခြင်ရာ၏..

“ဤခန္တီမည်သော တရားသည် သူတဖက်သားတို့ ပြစ်မှားမှုအဝဝ၏ ဆန့်ကျင်ဘက်ဖြစ်သော



၁၆၅

အကျင့်ပဋိပတ်တရားတို့အား ကျေးဇူးတုံ့ပြန်မှုပြုတတ်သော တရားကြီး ဖြစ်ပေသည်” ဟူ၍၎င်း၊

“သူတဖက်သား၏ ပြစ်မှားချက်သည် ငါ့အား ဒုက္ခကိုဖြစ်စေခြင်းဖြင့် (ဒုက္ခူပနိသာသဒ္ဓါ= သဒ္ဓါတရားသည် ဒုက္ခလျှင် အကြောင်းရှိ၏ဟူသော တရားတော်အရ) ငါ့သန္တာန်ဝယ် သဒ္ဓါတရား ဖြစ်ပွါးခြင်း၏၎င်း, အလုံးစုံသော လောက၌ မမွေ့လျော် မပျော်ပိုက်ခြင်းတည်းဟူသော အနဘိရတိသညာ၏၎င်း အကြောင်းဖြစ်ပေသည်” ဟူ၍၎င်း၊

“ကောင်းကောင်းဆိုးဆိုး အာရုံအမျိုးမျိုးတို့နှင့် ပေါင်းဆုံတွေ့ကြုံရခြင်းကား စက္ခုစသော ဣန္ဒြေတို့၏ သဘောတံထွာ ဓမ္မတာကြီး ဖြစ်ပေသည်၊ ထိုသို့ဖြစ်ရာ၌ ငါ့အား အနိဋ္ဌအာရုံနှင့် တွေ့ကြုံရခြင်း မဖြစ်ပါစေလင့်ဟု တောင့်တသော်လည်း ဤသဘောကို မရနိုင်ချေ” ဟူ၍၎င်း၊

“အမျက်ကောဓ၏ အလိုသို့ လိုက်ပါနေသော ထိုသူသည် ထိုအမျက်ကောဓဖြင့် ရူးသွပ်နေသူ စိတ်ပြန့်လွင့်နေသူ ဖြစ်နေရှာ၏၊ ထိုရူးသွပ်နေသူအပေါ်၌ ပြစ်မှားတုံ့ပြုသဖြင့် အဘယ်အကျိုး ရှိအံ့နည်း” ဟူ၍၎င်း၊

“ဤသတ္တဝါ အလုံးစုံတို့ကိုပင် သဗ္ဗညုမြတ်စွာဘုရားသည် ရင်မှဖွားသည့် သားသမီးတို့ကဲ့သို့ စောင့်ရှောက် အပ်ကုန်၏၊ ထို့ကြောင့် သဗ္ဗညုတဉာဏ် ဘုရားဆုကိုပန်သော ငါသည် ထိုသတ္တဝါတို့၌ စိတ်ပျက်မှု အမျက်ထွက်မှုကို မပြုထိုက်ပေ” ဟူ၍၎င်း၊

“ပြစ်မှားသူသည် အကယ်၍ သီလအစရှိသော ဂုဏ်ကျေးဇူးနှင့် ပြည့်စုံသူဖြစ်ခဲ့သော် “ဂုဏ်ကျေးဇူးရှိသူ၌ ငါသည် အမျက်ထွက်မှုကို မပြုသင့်ပေ” ဟူ၍၎င်း၊ ပြစ်မှားသူသည် အကယ်၍ သီလအစရှိသော ဂုဏ်ကျေးဇူးမရှိသူ ဖြစ်ခဲ့သော် “အလွန်အကြူး အထူးသဖြင့် သနားထိုက်သော သူပါပေ” ဟူ၍၎င်း၊



၁၆၆

“အမျက်ထွက်ခြင်းဖြင့် ငါ၏ ဂုဏ်ကျေးဇူး အကျော်အစောများ ယုတ်လျော့ကုန်လိမ့်မည်” ဟူ၍၎င်း၊

“သူ့အား ငါ အမျက်ထွက်လျှင် အဆင်းပျက်ခြင်း ဆင်းရဲစွာအိပ်ရခြင်း အစရှိသော ရန်သူ့အကြိုက်တရားများ ငါ့ထံသို့ ရောက်လာကြလိမ့်မည်” ဟူ၍၎င်း၊

ရုပ်ရေဆင်းပျက်၊ အိပ်စက်မပျော်၊ ကျိုးမျှော်မရ၊ ဘောဂခြွေရွေ၊ မိတ်ဆွေပျက်ပြား၊ အပါယ်လား၊ ၊ခုနစ်ပါးကောဓ အပြစ်တည်း။ ။(သတ္တကနိပါတ် အင်္ဂုတ္တိုရ်မှ။)

“ဤအမျက်ထွက်ခြင်း ကောဓတရားမည်သည် အလုံးစုံသော စီးပွါးမဲ့ကိုပြုတတ် အစီးအပွါးကို ဖျက်စီးတတ်သည့် အားကြီးသော ရန်သူကြီးဖြစ်ပေသည်” ဟူ၍၎င်း၊

“သည်းခံခြင်း ခန္တီတရားရှိလျှင် ရန်သူဟူ၍ တစုံတယောက်မျှ မရှိနိုင်” ဟူ၍၎င်း၊

“ပြစ်မှားခြင်းဟူသော အကြောင်းကြောင့် နောက်အခါ၌ ထိုသူရရှိမည့်ဒုက္ခမျိုး သည်းခံခြင်းတရားရှိလျှင် ငါ့မှာ မရောက်နိုင်ဟူ၍ (ထိုသူခံရမည့်ဒုက္ခကို) ငါကြံစည်နေလျှင်၎င်း သူ့ကိုပြန်၍ အမျက်ထွက်သော်၎င်း ငါသည် ရန်သူ့နောက်သို့ အစဉ်တစိုက် လိုက်သောသူသာ ဖြစ်ချေမည်” ဟူ၍၎င်း၊

“ငါသည် ခန္တီတရားဖြင့် အမျက်ထွက်ခြင်းကို လွှမ်းမိုး နိုင်နင်းလိုက်သည်ရှိသော် ထိုကောဓတရား၏ ကျွန်ဖြစ်သော ရန်သူကိုလည်း ကောင်းကောင်းကြီး လွှမ်းမိုးနိုင်အပ်သည်သာ ဖြစ်တော့၏” ဟူ၍၎င်း၊

“အမျက်ထွက်ခြင်းဟူသော အကြောင်းကြောင့် သည်းခံခြင်း ခန္တီဂုဏ်ကို စွန့်လွှတ်ခြင်းသည် ငါ့အား မသင့်လျော်ချေ” ဟူ၍၎င်း၊



၁၆၇

“ဂုဏ်ကျေးဇူးတကာ၏ ဆန့်ကျင်ဘက်ဖြစ်သည့် အမျက်ထွက်ခြင်း ကောဓတရား ငါ့သန္တာ၌ ဖြစ်ပွါးနေလျှင် သီလစသော ဂုဏ်ကျေးဇူးများ ငါ့အား အဘယ်မှာ ပြည့်ဝနိုင်တော့အံ့နည်း၊ ထိုသီလစသော ဂုဏ်ကျေးဇူးများမရှိလျှင် အဘယ်နည်းဖြင့် ငါသည် သတ္တဝါတို့အား ကျေးဇူးများသူဖြစ်၍ ဝန်ခံ ကြံစည်ချက်အတိုင်း သဗ္ဗညုတဉာဏ်သို့ ရောက်နိုင်လိမ့်မည်နည်း” ဟူ၍၎င်း၊

“ခန္တီတရားရှိမှသာ ပြင်ပအာရုံတို့၌ စိတ်မပြန့်ပဲ သမာဓိရှိသူဖြစ်နိုင်သည်၊ သမာဓိရှိမှသာလျှင် ခပ်သိမ်းသော သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ ဟူ၍၎င်း, ခပ်သိမ်းသော တရားတို့ကို အနတ္တဟူ၍၎င်း, နိဗ္ဗာန်ကို အသင်္ခတ အမတစသော အခြင်းအရာအားဖြင့်၎င်း, ဘုရားဂုဏ်ကျေးဇူးတို့ကို မကြံစည်နိုင် မနှိုင်းယှဉ်နိုင်သော အစွမ်းသတ္တိရှိကုန်၏ ဟူ၍၎င်း စူးစိုက်ကြည့်ရှုနိုင်မည်၊ ထိုသို့ ကြည့်ရှုနိုင်သောကြောင့် အနုလောမိကခန္တီ အမည်ရှိသော ဝိပဿနာဉာဏ်၌ တည်ပြီးလျှင် “ဤအလုံးစုံသော ကရားတို့သည် ကိုယ် ကိုယ်၏ဥစ္စာအဖြစ်မှ ကင်းကြ ဆိတ်ကြသော သဘာဝဓမ္မအစုမျှသာဖြစ်၍ ကိုယ်စီကိုယ်င ဆိုင်ရာဆိုင်ရာ အကြောင်းတို့ကြောင့် ဖြစ်ကြ ပျက်ကြသည်၊ မည်သည့်အရပ်ကမှ လာကြသည်မဟုတ်၊ မည်သည့်အရပ်သို့မှ သွားကြသည်လည်းမဟုတ်၊ မည်သည့်အရပ်၌မျှ အကြိတ်အခဲ အမြဲတည်နေကြသည်လည်း မဟုတ်ကုန်၊ ဤသဘာဝဓမ္မအစု၌ (ပင်ကိုယ်ကပင် ပုဂ္ဂိုလ်ဟူ၍ မရှိသောကြောင့်) တစုံယောက်သောပုဂ္ဂိုလ်၏ တစုံတခုသော ကြောင့်ကြစိုက်မှု ဗျာပါရဟု မရှိချေ”ဟူ၍ အမှန်အတိုင်း သိမြင်သောကြောင့် ငါ ငါဟူသော မာန်မာန၏ စွဲတည်ဖွယ်ရာ မဟုတ်သည်ကိုလည်း စူးစိုက်စွာ ဆင်ခြင်ကြည့်ရှုနိုင်၏။ ယင်းသို့ ဆင်ခြင်ကြည့်ရှုနိုင်သောကြောင့် အလောင်းတော်ကြီးများသည် သဗ္ဗညုတဉာဏ်ကိုရဘို့ရန်



၁၆၈

ဧကန်မြဲသော မဆုတ်နစ်သော ပုဂ္ဂိုလ်စင်စစ် ဖြစ်ရပေသည်” ဟူ၍၎င်း-

ဤသို့ အစရှိသည်ဖြင့် ခန္တီပါရမီ၌ ဆင်ခြင်ပုံကို သိအပ်၏။

(ဤကား ခန္တီပါရမီ၌ ဆင်ခြင်ပုံ အကျယ်တည်း။)

(ဆ) သစ္စာပါရမီ၌ ဆင်ခြင်ပုံ အကျယ်ကား..

“သစ္စာမရှိလျှင် သီလအစရှိသော ဂုဏ်ကျေးဇူးများ မဖြစ်နိုင်သည့်ပြင်၊ ဝန်ခံကြံစည်ခဲ့သည့်အတိုင်း ဘုရားဖြစ်ရန် အကျင့်ပဋိပတ်များလည်း မဖြစ်နိုင်တော့ပေ” ဟူ၍၎င်း၊

“သစ္စာတရားကို လွန်ကျူးလျှင် အလုံးစုံသော အကုသိုလ်တရားများ စုဝေးရောက်တည်၍ လာကုန်၏” ဟူ၍၎င်း၊

“ရှေ့နှင့်နောက် မှန်ကန်သော သစ္စာစကားမဆက်စပ်သော ပုဂ္ဂိုလ်အား ယခုဘဝ၌ သူတပါးကို မယုံကြည်နိုင်သည့်ပြင်၊ နောက်နောက် ဘဝဆက်တိုင်းတို့၌လည်း မိမိစကားကို သူတပါးတို့ နာယူကြမည် မဟုတ်ကုန်” ဟူ၍၎င်း၊

“သစ္စာတရားရှိမှ သီလအစရှိသော ဂုဏ်ကျေးဇူးများ ဖြစ်ထွန်းနိုင်သည်” အစရှိသည်ဖြင့်၎င်း၊

“သစ္စာတည်းဟူသော တည်ရာတရားဖြင့်သာ ခပ်သိမ်းသော ပါရမီ စာဂ စရိယတရားတို့ကို စင်ကြယ်ပြည့်စုံစေခြင်းငှါ စွမ်းနိုင်ရကား သဘာဝဓမ္မတို့၌ မချွတ်မယွင်း မှန်ကန်ခြင်းဖြင့် ခပ်သိမ်းသော ပါရမီ စာဂ စရိယအလုပ်တို့ကို ပြုလုပ်နိုင်ပြီးလျှင် ဘုရားအလောင်းတို့၏ ပဋိပတ်အကျင့်ကြီး ပြီးမြောက်နိုင်သည်” ဟူ၍၎င်း-

ဤသို့ အစရှိသောနည်းဖြင့် သစ္စာပါရမီ၌ ဆင်ခြင်အပ်ကုန်၏။

(ဤကား သစ္စာပါရမီ၌ ဆင်ခြင်ပုံ အကျယ်တည်း။)



၁၆၉

(ဇ) အဓိဋ္ဌာနပါရမီ၌ ဆင်ခြင်ပုံ အကျယ်ကား..

“ဒါနစသော ပါရမီကောင်းမှုတို့၌ မြဲမြံစွာဆောက်တည်ခြင်း အဓိဋ္ဌာန်မရှိလျှင် ထိုဒါနစသည်တို့၏ ဆန့်ကျင်ဘက်ဖြစ်သည့် မစ္ဆရိယ ဒုဿီလျ စသည်တို့ ပေါင်းဆုံကျရောက်လာသောအခါ ထိုဒါနစသောအမှု၌ မတုန်မလှုပ် ကြံ့ကြံ့ခိုင်ကျည် မတည်နိုင်တော့ပေ။ ယင်းသို့ မတည်နိုင်လျှင် ထိုဒါနကောင်းမှု စသည်တို့၌ လိမ္မာကျွမ်းကျင်မှု ရဲရင့်မှုများ မရှိနိုင်ပေ၊ ယင်းသို့ ဒါနကောင်းမှု စသည်တို့၌ လိမ္မာကျွမ်းကျင်မှု ရဲရင့်မှုများ မရှိခဲ့သော် သဗ္ဗညုတဉာဏ်၏ အကြောင်းဖြစ်သော ဒါနပါရမီစသော အဆောက်အဦများ မဖြစ်နိုင်တော့ပေ။

ဒါနစသော ကောင်းမှုတို့၌ မြဲမြံစွာ ဆောက်တည်ချက်ရှိမှသာ ထိုဒါနစသည်တို့၏ ဆန့်ကျင်ဘက်ဖြစ်သော မစ္ဆရိယ ဒုဿီလျ စသည်တို့ ပေါင်းဆုံကျရောက်လာလျှင် ဒါနမှုစသည်တို့၌ မတုန်မလှုပ် ကြံ့ကြံ့ခိုင်ကျည် တည်နိုင်ပေသည်၊ ထိုသို့ တည်နိုင်မှသာ ထိုဒါနကောင်းမှု စသည်တို့၌ လိမ္မာကျွမ်းကျင်မှု ရဲရင့်မှုများ ဖြစ်နိုင်ပေသည်။ ထိုသို့ဖြစ်မှ သဗ္ဗညုတဉာဏ်၏ အကြောင်းဖြစ်သည့် ဒါနပါရမီစသော အဆောက်အဦများ ဖြစ်နိုင်သည်”-

ဤသို့ အစရှိသည်ဖြင့် အဓိဋ္ဌာန်၌ ဂုဏ်ကျေးဇူးတို့ကို ဆင်ခြင်ရာ၏။

(ဤကား အဓိဋ္ဌာနပါရမီ၌ ဆင်ခြင်ပုံ အကျယ်တည်း။)

(ဈ) မေတ္တာပါရမီ၌ ဆင်ခြင်ပုံ အကျယ်ကား..

“တဦးတည်း၏ စီးပွါးမှု၌ တည်နေသောသူ (တကိုယ်ကောင်း အားထုတ်သူ)ပင်သော်လည်း သတ္တဝါတို့အပေါ်၌ အကျိုးစီးပွါးလိုလားသော မေတ္တာစိတ်မရှိလျှင် ပစ္စုပ္ပန် တမလွန် စည်းစိမ်များကို မရနိုင်



၁၇၀

မရောက်နိုင်ချေ၊ ခပ်သိမ်းသော သတ္တဝါတို့ကို နိဗ္ဗာန်စည်းစိမ်၌ တည်စေလိုသော ဘုရားအလောင်းဖြစ်သူမှာကား အဘယ်ဆိုဖွယ် ရှိအံ့နည်း၊ သတ္တဝါတို့၌ အတိုင်းမသိ မေတ္တာစိတ်ရှိမှသာ မိမိရည်မှန်းချက်အတိုင်း သတ္တဝါတို့ကို နိဗ္ဗာန်စည်းစိမ်၌ တည်စေနိုင်ပေမည်” ဟူ၍၎င်း၊

“နောက်တချိန် (ဘုရားဖြစ်သောအခါ) ခပ်သိမ်းသော သတ္တဝါတို့၏ မဂ်ဖိုလ်နိဗ္ဗာန်တည်းဟူသော လောကုတ္တရာစည်းစိမ်ကို လိုလားတောင့်တသော ငါသည် ယခုကပင် ကြိုတင်၍ လောကီစည်းစိမ်နှင့် ပြည့်စုံရန် လိုလားတောင့်တမှုသည် သင့်လျော်လှပေ၏” ဟူ၍၎င်း၊

“ယခုအခါ အလိုဆန္ဒ အာသယမျှဖြင့် သူတပါးတို့၏ စီးပွါးချမ်းသာရေးအတွက် စိတ်ဖြင့်ရွက်ဆောင်မှုကို မပြုနိုင်လျှင် ဘယ်အခါ၌ ကိုယ်ရောနှုတ်ပါ လုံ့လပယောဂဖြင့် သူတပါးတို့၏ စီးပွါးချမ်းသာကို ပြီးစေနိုင်ချိမ့်နည်း” ဟူ၍၎င်း၊

“ငါသည် ယခုကပင် ကြိုတင်၍ မေတ္တာစိတ်ဖြင့် ကြီးထွားစေအပ်သော သတ္တဝါတို့သည် နောက်အခါ၌ ငါ၏ တရားအမွေ ခွဲဝေပေးကမ်းသောပွဲဝယ် အမွေခံ အဖော်သဟဲများ ဖြစ်လာကြပေလိမ့်မည်” ဟူ၍၎င်း၊

“ထိုသတ္တဝါတို့နှင့်ကင်း၍ ငါ၏ ပါရမီအဆောက်အဦတို့ မဖြစ်နိုင်ကုန်ချေ။ ထို့ကြောင့် ဤသတ္တဝါတို့သည် အလုံးစုံသော ဘုရားရှင်၏ ဂုဏ်ကျေးဇူးအသရေများ ပြီးမြောက် ပြည့်စုံကြောင်းဖြစ်သောကြောင့် ငါ၏အဖို့ ကုသိုလ်မျိုးကို စိုက်ပျိုးကြဲချရာ အလွန်မြတ်သော လယ်ယာမြေကောင်းကြီးများ၊ အလွန်မြတ်သည့် ကောင်းမှုပြုရာ ဌာနကြီးများ၊ အလွန်မြတ်သည့် အလေးပြုရာ နေရာကြီးများ ဖြစ်ပေသည်” ဟူ၍၎င်း-

ဆင်ခြင်စဉ်းစားပြီးလျှင် ထူးထူးခြားခြားပင် သတ္တဝါခပ်သိမ်းတို့၌ အစီးအပွါးလိုလားသော အဇ္ဈာသယဓာတ်ကို ဖြစ်စေရာ၏။



၁၇၁

     “ကရုဏာသည် ဘုရားအဖြစ်ကိုပြုတတ်သော တရားအပေါင်းတို့၏ အစဆုံး အကျင့်မူလဖြစ်ပေ၏၊ အပိုင်းအခြားမထားသော စိတ်ဖြင့် သတ္တဝါတို့၌ စီးပွါးချမ်းသာကို ကပ်၍ဆောင်ခြင်း၊ (မေတ္တာ)အမှု၌ နှစ်ခြိုက်မွေ့လျော် ပျော်ပိုက်တော်မူသော ဘုရားအလောင်းတော်အား သတ္တဝါတို့၏ စီးပွါးမဲ့ အကျိုးမဲ့များကို ပယ်ရှားလိုခြင်း (ကရုဏာ)သည် အမြစ်ခိုင်မြဲစွာ အားရှိဖြစ်ပွါးနိုင်၏။ သို့ရကား ကရုဏာ၏ အခြေခံအကြောင်းရင်း ဖြစ်သောကြောင့် ခပ်သိမ်းသော သတ္တဝါတို့၌ မေတ္တာတရား ပွါးများသင့်လှပေ၏” ဤသို့ အစရှိသည်ဖြင့် မေတ္တာ၏ ဂုဏ်ကျေးဇူးတို့ကို ဆင်ခြင်အပ်ကုန်၏။

(ဤကား မေတ္တာပါရမီ၌ ဆင်ခြင်ပုံ အကျယ်တည်း။)

(ဉ) ဥပက္ခာပါရမီ၌ ဆင်ခြင်ပုံ အကျယ်ကား..

“ဥပေက္ခာမရှိလျှင် သတ္တဝါတို့ပြုအပ်သော ဖောက်ပြန် မှားယွင်းချက်များသည် ငါ၏ စိတ်နေစိတ်ထား ဖောက်ပြားမှုကို ပြုကုန်လေရာ၏၊ စိတ်နေစိတ်ထား ဖောက်ပြားနေလျှင် ဒါနအစရှိသော သဗ္ဗညုတဉာဏ်၏ အဆောက်အဦများ ဖြစ်ပွါးနိုင်ခွင့်ပင် မရှိ” ဟူ၍၎င်း၊

“သတ္တဝါတို့အပေါ်၌ ဥပေက္ခာမပါရှိပဲ စိတ်သည် မေတ္တာချစ် သက်သက်မျှဖြင့်သာ ချစ်ခင်နေလျှင် ပါရမီ အဆောက်အဦတို့ စင်ကြယ်ခြင်း မဖြစ်နိုင်” ဟူ၍၎င်း၊

“ဥပေက္ခာမရှိသောသူသည် ကောင်းမှု အဆောက်အဦနှင့် ထိုကောင်းမှု၏ အကျိုးတို့ကို သတ္တဝါတို့အတွက် စီးပွါးဖြစ်ဖို့ရန် ညွတ်ကိုင်းခြင်းငှာ မတတ်နိုင်ချေ” ဟူ၍၎င်း၊

“ဘုရားအလောင်းတို့မည်သည် လှူဖွယ်ဝတ္ထုနှင့် အလှူခံပုဂ္ဂိုလ်တို့ကို မခွဲခြားပဲ လှူဒါန်းမြဲဖြစ်သည်။ ဥပေက္ခာမရှိလျှင် လှူဖွယ်ဝတ္ထုနှင့် အလှူခံပုဂ္ဂိုလ်တို့ကို မခွဲခြားပဲ စွန့်ကြဲပေးကမ်း လှူဒါန်းခြင်းငှာ မတတ်နိုင်ချေ” ဟူ၍၎င်း၊



၁၇၂

“ဥပေက္ခာမရှိသောသူသည် အသက်နှင့်တကွ ထိုအသက်၏ အခြံအရံတရားတို့အပေါ်ဝယ် ကျရောက်မည့်အန္တရာယ်ကို နှလုံးမသွင်းပဲ သီလစင်ကြယ်အောင် မပြုနိုင်” ဟူ၍၎င်း၊

“ဥပေက္ခာ၏အစွမ်းဖြင့် သူတော်ကောင်းတရား၌ မမွေ့လျော်ခြင်းတည်းဟူသော အရတိတရား, ကာမ၌ မွေ့လျော်ခြင်းတည်းဟူသော ရတိတရားတို့ကို လွှမ်းမိုးနိုင်သောသူအားသာလျှင် နေက္ခမ္မစွမ်းအား ပြီးမြောက် ပြည့်စုံနိုင်သည်” ဟူ၍၎င်း၊

“အသင့်အားဖြင့် ကြည့်ရှုဆင်ခြင်ခြင်း (ဉာဏုပေက္ခာ)ရှိမှ ခပ်သိမ်းသော ပါရမီသမ္ဘာရကိစ္စတို့ ပြီးမြောက်နိုင်သည်” ဟူ၍၎င်း၊

“ဝီရိယလွန်ကဲနေလျှင် ဥပေက္ခာမရှိက ပဓာနအလုပ်ကို အားမထုတ်နိုင်” ဟူ၍၎င်း၊

“ဥပေက္ခာရှိသောသူအားသာလျှင် သည်းခံခြင်း ခန္တီတရားကို စူးစိုက်မှု ရှိနိုင်သည်” ဟူ၍၎င်း၊

“ဥပေက္ခာ၏အစွမ်းဖြင့် သတ္တဝါ သင်္ခါရတို့အား မချွတ်ယွင်းစေမှု သစ္စာသဘော ရှိနိုင်သည်” ဟူ၍၎င်း၊

“ဣဋ္ဌ အနိဋ္ဌ လောကဓံတရားတို့ကို လျစ်လျူရှုခြင်း (ဥပေက္ခာ)ဖြင့် ဖြည့်ကျင့်မည်ဟု ဆောက်တည်အပ်ပြီးသော ပါရမီတရားတို့၌ မတုန်မလှုပ် ကြံ့ကြံ့တည်ခြင်း အဓိဋ္ဌာန် ပြီးမြောက်နိုင်သည်” ဟူ၍၎င်း၊

“ဥပေက္ခာရှိမှ သူတပါးတို့၏ ပြစ်မှားမှုစသည်၌ နှလုံးမသွင်းခြင်း ဖြစ်နိုင်သည်၊ ထိုသို့ နှလုံးမသွင်းမှလည်း မေတ္တာဖြင့်နေခြင်း ပြီးစီး အောင်မြောက်နိုင်သည်” ဟူ၍၎င်း၊



၁၇၃

     ဤဆိုအပ်ပြီးသည့်အတိုင်း ခပ်သိမ်းသော ပါရမီအဆောက်အဦတို့ကို ဆောက်တည်ခြင်း, မတုန်မလှုပ် ကြံ့ကြံ့တည်နိုင်ခြင်း, ဖြည့်ကျင့်ခြင်း ပြီးမြောက်ခြင်း ဟူသမျှတို့သည် ဥပေက္ခာ၏အာနုဘော်ဖြင့် ပြည့်စုံကြကုန်၏၊ ဤသို့ အစရှိသောနည်းဖြင့် ဥပေက္ခာပါရမီကို ဆင်ခြင်အပ်၏။

(ဤကား ဥပေက္ခာပါရမီ၌ ဆင်ခြင်ပုံ အကျယ်တည်း။)

ဤသို့လျှင် မစွန့်ကြဲ မလှူဒါန်းခြင်း စသည်တို့၌ အပြစ်ကိုဆင်ခြင်သော ပစ္စဝေက္ခဏာဉာဏ်များ, စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း- စသည်တို့၌ အကျိုးကိုဆင်ခြင်သော ပစ္စဝေက္ခဏာဉာဏ်များသည် ပါရမီတို့၏ အခြေခံအကြောင်းရင်း ဖြစ်ကုန်၏။

(စ) အကြောင်းနှင့်တကွသော စရဏ (၁၅)ပါး အဘိညာဉ် (၅)ပါး

     ဆိုအပ်ပြီးသော ပစ္စဝေက္ခဏာဉာဏ်တို့ကဲ့သို့ပင် အကြောင်းနှင့်တကွသော စရဏ (၁၅)ပါး၊ အဘိညာဉ် (၅)ပါးတို့သည်လည်း ပါရမီတို့၏ အခြေခံအကြောင်းများ ဖြစ်ကုန်၏။ ချဲ့ဦးအံ့..

စရဏ (၁၅)ပါး ဟူသော်ကား-

     “သီ ဣန် ဘော ဇာ၊ သတ် စတ္တာ၊ မှတ်ပါ စရဏ”ဟူသော ရှေးလင်္ကာအတိုင်း-

(၁) သီလကို စောင့်ထိန်းခြင်း (သီလသံဝရ)

(၂) မျက်စိ, နား, နှာ, လျှာ, ကိုယ်, စိတ်ဟူသော ဣန္ဒြေခြောက်ပါး တံခါးကြီးခြောက်ပေါက်တို့၌ အကုသိုလ်ခိုးသားတို့ မလုယက် မဖျက်ဆီးနိုင်အောင် သတိဖြင့် လုံခြုံအောင် ဟန့်တား တံခါးပိတ်ထားခြင်း (ဣန္ဒြိယေသု ဂုတ္တဒွါရတာ)



၁၇၄

(၃) ဆွမ်း ခဲဘွယ် ဘောဇဉ်တို့ကို ခံယူသုံးဆောင်ခြင်းတို့၌ အတိုင်းအရှည်ကိုသိခြင်း (ဘောဇနေမတ္တညုတာ)

(၄) နံနက်, နေ့လယ်, ညနေ့, ညဦးယံ, သန်းခေါင်ယံ, မိုးသောက်ယံဟူသော တနေ့တနေ့၏ အချိန်ပိုင်း (၆)ပိုင်းတို့တွင် သန်းခေါင်ယံတပိုင်း၌သာ အိပ်စက်၍ ကျန်သော (၅)ပိုင်းတို့၌ ထိုင်ခြင်း, သွားခြင်း ဣရိယာပုထ် နှစ်ပါးတို့ဖြင့်သာ မျှတ၍ တရားအားထုတ်နေခြင်း (ဇာဂရိယာနုယောဂ)

(၅-၁၁) “သ သ ဟိ ဩ၊ စ ဝိ ပေါ၊ မှတ်လော ခုနစ်ဖြာ”- ဟူသောအတိုင်း သဒ္ဓါ၊ သတိ၊ ဟိရိ၊ ဩတ္တပ္ပ၊ ဗာဟုသစ္စ၊ ဝီရိယ၊ ပညာ-တည်းဟူသော သူတော်ကောင်းတရား ခုနစ်ပါး။

(၁၂-၁၅) ပဌမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်ဟူသော ဈာန်လေးပါး။

(ဤကား စရဏတရား (၁၅)ပါးတို့တည်း။)

     ထိုစရဏတရား (၁၅)ပါးတို့တွင် “သီ ဣန် ဘော ဇာ”ဟူသော ရှေ့လေးပါးတို့၏ အခြံအရံ အကြောင်းတရားများကား “ဓုတင်အကျင့် (၁၃)ပါးတို့နှင့် အလိုနည်းခြင်း, ရောင့်ရဲလွယ်ခြင်းစသော တရားတို့ဖြစ်သည်။

     သူတော်ကောင်းတရား ခုနစ်ပါးတို့တွင်-

(က) သဒ္ဓါ၏ အကြောင်းတရားတို့ကား..

၁။ ဘုရားဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း (ဗုဒ္ဓါနုဿတိ)

၂။ တရားတော်ဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း (ဓမ္မာနုဿတိ)

၃။ သံဃာတော်ဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း (သံဃာနုဿတိ)



၁၇၅

၄။ မိမိ၏ သီလဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း (သီလာနုဿတိ)

၅။ မိမိ၏ ဒါနမှု စာဂမှုတို့ကို အဖန်ဖန် အောက်မေ့ခြင်း (စာဂါနုဿတိ)

၆။ နတ်တို့ကို သက်သေထား၍ မိမိ၏ သဒ္ဓါ သီလ သုတ စာဂ ပညာတို့ကို အဖန်ဖန် အောက်မေ့ခြင်း (ဒေဝတာနုဿတိ)

၇။ နိဗ္ဗာန်၏ဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း (ဥပသမာနုဿတိ)

၈။ သဒ္ဓါတရား ခေါင်းပါးချောက်တပ်သူကို ပယ်ခွါရှောင်ကြဉ်ခြင်း (လူခပုဂ္ဂလပရိဝဇ္ဇန)

၉။ သဒ္ဓါတရားရှိသည့် (သိနိဒ္ဓ) ပြေပြစ်သောပုဂ္ဂိုလ်ကို မှီဝဲပေါင်းသင်းခြင်း (သိနိဒ္ဓပုဂ္ဂလသေ၀န)

၁၀။ သဒ္ဓါတရား ဖြစ်ပွါးစေတတ်သည့် တရားတို့ကို ဆင်ခြင်ခြင်း (ပသာဒနီယဓမ္မပစ္စဝေက္ခဏာ)

၁၁။ ဣရိယာပုထ်တိုင်း သဒ္ဓါတရားဖြစ်ရန် စိတ်ညွတ်ကိုင်းရှိုင်းနေခြင်း (တဒဓိမုတ္တတာ)၊ ၊ဤ (၁၁)ပါးတို့တည်း။

နုဿတိသတ်၊ ရှေ့ခုနစ်ရပ်နှင့်၊ ချောက်တပ်သူပယ်၊ မှီတွယ်သိနိဒ္ဓ၊ ပသာဒတရား၊ စဉ်းစားပစ္စဝေက္ခဏာ၊ ဓိမုတ္တာ၊ ၊သဒ္ဓါပွါးကြောင်း ဆယ့်တစ်တည်း။

(ခ) သတိ၏ အကြောင်းတရားတို့ကား..

၁။ ရှေ့သို့တက်ခြင်း နောက်သို့ဆုတ်ခြင်းစသော ခုနစ်ပါးသောအရာတို့၌ သတိသမ္ပဇဉ်နှင့် ယှဉ်ခြင်း၊

၂။ သတိမေ့လျော့ ပေါ့တန်သူကို ရှောင်ကြဉ်ခြင်း၊

၃။ သတိရှိသောသူကို မှီဝဲခြင်း၊



၁၇၆

၄။ ဣရိယာပုထ်တိုင်း သတိကိုဖြစ်စေခြင်းငှါ အမြဲညွတ်ကိုင်းရှိုင်းသော စိတ်ရှိခြင်း၊ ၊ဤလေးပါးတို့တည်း။

သတိသမ္ပဇဉ်၊ အမြဲယှဉ်လျက်၊ ကြဉ်လေမုဋ္ဌ၊ ယှဉ်ရသတိမာ၊ ဓိမုတ္တာဟု၊ ၊လေးဖြာသတိ ပွါးကြောင်းတည်း။ ။(ဆရာတော်ဦးဗုဓ်၏ လင်္ကာ။)

(ဂ-ဃ) ဟိရိ ဩတ္တပ္ပတို့၏ အကြောင်းတရားတို့ကား..

၁။ အကုသိုလ်၏အပြစ်ကို ဆင်ခြင်ခြင်း၊

၂။ အပါယ်ဘုံ၏အပြစ်ကို ဆင်ခြင်ခြင်း၊

၃။ ကုသိုလ်တရားတို့၏ ထောက်ပံ့ပုံကို ဆင်ခြင်ခြင်း၊

၄။ ဟိရိဩတ္တပ္ပကင်းသူကို ရှောင်ကြဉ်ခြင်း၊

၅။ ဟိရိဩတ္တပ္ပနှင့် ပြည့်စုံသူကို မှီဝဲခြင်း၊

၆။ ဣရိယာပုထ်တိုင်း ဟိရိဩတ္တပ္ပကို ဖြစ်စေခြင်းငှါ အမြဲညွတ်ကိုင်းရှိုင်းသော စိတ်ရှိခြင်း၊ ၊ဤ (၆)ပါးတို့တည်း။

အကုသိုလ်မှု၊ ပါယ်စတု၊ ရှုလေအပြစ်ကို။

ကုသိုလ်တရား၊ ထောက်ပံ့ငြား၊ စိတ်ထားဝမ်း၌သို။

ဟိရောတ္တပ်ကင်း၊ သူရှောင်ကွင်း၊ ကပ်ချဉ်းပြည့်သူကို။

ရိယာပုထ်တိုင်း၊ စိတ်ညွတ်ကိုင်း၊ ရှိုင်းလေဟိရိကို။

ဟိရိဩတ္တပ်၊ သတိချပ်၊ ခြောက်ရပ်အကြောင်းဆို။

(င) ဗာဟုသစ္စ၏ အကြောင်းတရားတို့ကား..

၁။ ရှေးကဆည်းပူး အလေ့အလာထူးရှိခြင်း၊

၂။ အဖန်ဖန် အကြိမ်ကြိမ် မေးမြန်းစုံစမ်းလေ့ရှိခြင်း၊

၃။ သူတော်ကောင်းတရား၌ ယှဉ်ခြင်း အားထုတ်ခြင်း၊

၄။ အပြစ်ကင်းသော အတတ်ပညာတို့ကို လေ့လာခြင်း၊

၅။ သဒ္ဓါစသော ဣန္ဒြေတို့ ရင့်ကျက်ခြင်း၊



၁၇၇

၆။ ကိလေသာမှဝေးအောင် ရှောင်ခြင်း၊

၇။ အကြားအမြင်နည်းပါးသူကို ရှောင်ကြဉ်ခြင်း၊

၈။ အကြားအမြင်များသူကို မှီဝဲခြင်း၊

၉။ ဣရိယာပုထ်တိုင်း ဗဟုသုတများတို့ရန် အမြဲညွတ်ကိုင်းရှိုင်းသော စိတ်ရှိခြင်း၊ ၊ဤ (၉)ပါးတို့တည်း။

ရှေးကလေ့လာ၊ ပုစ္ဆာပြောများ၊ တရားကိုယှဉ်၊ ဖြူစင်သိပ္ပ၊ လေ့ကျက်ထနှင့်၊ ပဉ္စဣန္ဒြေ၊ ရင့်သန်စေတည့်၊ ကိလေဝေးမှု၊ သုတမြင်ကြား၊ နည်းပါးသူကြဉ်၊ များသူယှဉ်၍၊ စိတ်တွင်ညွတ်ကိုင်း၊ ယာပိုက်တိုင်း၊ ၊(၉)ဆိုင်း ဗာဟုသစ်ကြောင်းတည်း။

(စ) ဝီရိယ၏ အကြောင်းတရားတို့ကား..

၁။ အပါယ်ဘေးကို ဆင်ခြင်ခြင်း၊

၂။ ဝီရိယ၏အကျိုးကို ရှုမြင်ခြင်း၊

၃။ ဘုရားစသော သူတော်ကောင်းတို့သွားရာလမ်းခရီးသို့ လိုက်သင့်၏ဟု ဆင်ခြင်ခြင်း၊

၄။ တရားကို အားထုတ်ခြင်းဖြင့် ဆွမ်းကို ရိုသေပူဇော်ခြင်း၊

၅။ သူတော်ကောင်းဥစ္စာ တည်းဟူသော အမွေခံမြတ်သည်ကို ဆင်ခြင်ခြင်း၊

၆။ ဆရာဘုရား၏ မြတ်သည်၏အဖြစ်ကို ဆင်ခြင်ခြင်း၊

၇။ ဘုရားသားတော် အဖြစ်တည်းဟူသော အမျိုးမြတ်သည်ကို ဆင်ခြင်ခြင်း၊

၈။ သီတင်းသုံးဖော်၏ မြတ်သည်ကို ဆင်ခြင်ခြင်း၊

၉။ ပျင်းရိသောသူကို ရှောင်ကြဉ်ခြင်း၊

၁၀။ အားထုတ်အပ်သော ဝီရိယရှိသူကို မှီဝဲခြင်း၊



၁၇၈

၁၁။ ဣရိယာပုထ်တိုင်း ဝီရိယကိုဖြစ်စေရန် အမြဲညွတ်ကိုင်းရှိုင်းသော စိတ်ရှိခြင်း၊ ၊ဤ (၁၁)ပါးတို့တည်း။

ပါယ်ဘေးဆင်ခြင်၊ မြင်သည်အကျိုး၊ လမ်းရိုးလိုက်ရာ၊ ပိဏ္ဍာပစယ၊ ဒါယဇ္ဇဟု၊ သတ္ထုမြတ်ဘိ၊ ဇာတိမဟတ္တ၊ သဗြဟ္မစာရီ၊ မမှီလူပျင်း၊ မှီတင်းအာရဒ္ဓ၊ ဓိမုတ္တဟု၊ ၊လုံ့လပွါးကြောင်း ဆယ့်တစ်တည်း။ ။(ဆရာတော်ဦးဗုဓ်။)

(ဆ) ပညာ၏ အကြောင်းတရားတို့ကား..

၁။ ခန္ဓာ အာယတန ဓာတ်စသည်ကို မေးမြန်းဖန်များခြင်း၊

၂။ ကိုယ်တွင်းကိုယ်ပ၌ရှိသော ဝတ္ထု သန့်ရှင်းစင်ကြယ်ခြင်း၊

၃။ “သဒ္ဓါလွန်လျှင် ကွန့်သည်၊ ပညာလွန်လျှင် ဆွံ့သည် ၊ ဝီရိယလွန်လျှင် ပြန့်သည်၊ သမာဓိလွန်လျှင် တွန့်သည်၊ သတိမူကား လွန်သည်မရှိ လိုသည်သာရှိသည်” ဟူရကား သဒ္ဓါနှင့်ပညာ ဝီရိယနှင့်သမာဓိတို့ကို မျှစေခြင်း၊

၄။ ပညာမဲ့သူကို ကြဉ်ခြင်း၊

၅။ ပညာရှိကို ယှဉ်ခြင်း၊

၆။ နက်နဲသော ခန္ဓာစသည်၌ဖြစ်သော နက်နဲသော ပညာအပြားကို ဆင်ခြင်ခြင်း၊

၇။ ဣရိယာပုထ်တိုင်း ပညာဖြစ်စေခြင်းငှါ အမြဲညွတ်ကိုင်းရှိုင်းသော စိတ်ရှိခြင်း၊ ၊ဤ (၇)ပါးတို့တည်း။

ဖန်ဖန်မေးမှု၊ ဝတ္ထုစင်စေ၊ ဣန္ဒြေညီမျှ၊ ဗာလကိုကြဉ်၊ ဉာဏ်ရှိယှဉ်မှ၊ ဆင်ခြင်နက်လှ၊ ဓိမုတ္တဟု၊ ၊ဉာဏပွါးကြောင်း ခုနစ်တည်း။ ။(ဆရာတော်ဦးဗုဓ်။)

     ဈာန်လေးပါးတို့၏ အကြောင်းတရားတို့ကား “သီ၊ ဣန်၊ ဘော၊ ဇာ”ဟူသော အစ စရဏလေးပါး၊ သမထကမ္မဋ္ဌာန်းတို့၌ ရှေးအဖို့ဝယ်ဖြစ်သော ဘာဝနာ၊ ဝသီဘော်ငါးပါး ဤတရားတို့တည်း။



၁၇၉

     ထိုစရဏတရား အဘိညာဉ်တရားတို့ဖြင့် ပယောဂသုဒ္ဓိ အာသယသုဒ္ဓိတို့ ဖြစ်နိုင်သည်။ ပယောဂသုဒ္ဓိဖြင့် သတ္တဝါတို့အား အဘယဒါနပြုလုပ်ရန် စွမ်းနိုင်သည်၊ အာသယသုဒ္ဓိဖြင့် အာမိသဒါန ပြုစွမ်းနိုင်သည်။ ထို နှစ်ပါးစုံဖြင့် ဓမ္မဒါန ပြုစွမ်းနိုင်သည်။ ဤသို့ အစရှိသည်ဖြင့် စရဏတရား အဘိညာဉ်တရားတို့၏ ပါရမီတို့၏ အကြောင်းဖြစ်ပုံကို ထိုက်သည့်အလျောက် ထုတ်ဆောင်ရာ၏။

**********