မဟာဗုဒ္ဓဝင်/၈။ အဘဗ္ဗဋ္ဌာန (၁၈) ပါး

2671မဟာဗုဒ္ဓဝင် — ၈။ အဘဗ္ဗဋ္ဌာန (၁၈) ပါးမင်းကွန်းဆရာတော်

၂၇၅

၈-အဘဗ္ဗဋ္ဌာန (၁၈)ပါး

နိယတဗျာဒိတ်ရပြီးသော ဘုရားအလောင်းတော်တို့ မဖြစ်ရာသော (၁၈)ဌာန

     ရှေး ဗုဒ္ဓပ္ပါဒဒုလ္လဘအခဏ်းလာ ဗျာဒိတ်ရကြောင်း အင်္ဂါရှစ်ပါးနှင့် ပြည့်စုံ၍ သုမေဓာရှင်ရသေ့တို့ကဲ့သို့ ဆုတောင်းပြည့်ဝ နိယတဗျာဒိတ် ရတော်မူပြီးသော ဘုရားအလောင်းတော်တို့သည် သံသရာတလျှောက် ကျင်လည်ရာဝယ် တဆယ့်ရှစ်ပါးသော ဌာနတို့သို့ မကပ်ရောက်ကြောင်းကို တဆယ့်ရှစ်ပါး သရုပ်အရေအတွက်နှင့်တကွ သုတ္တနိပါတအဋ္ဌကထာ ခဂ္ဂဝိသာဏသုတ်အဖွင့်၌ ပြဆိုထား၏။

တဆယ့်ရှစ်ပါးတို့ ဟူသည်ကား..

(၁) ပဋိသန္ဓေအားဖြင့် ကဏ်းသောသူ (ဝမ်းတွင်းကဏ်း) မဖြစ်ခြင်း၊

(၂) ပဋိသန္ဓေအားဖြင့် နားပင်းသူ မဖြစ်ခြင်း၊

(၃) ရူးသွပ်သူ မဖြစ်ခြင်း၊

(၄) အ-သောသူ မဖြစ်ခြင်း၊

(၅) ခြေလက်ဆွံ့သူ(လမ်းမသွားနိုင်သူ) မဖြစ်ခြင်း၊

(၆) လူရိုင်း မဖြစ်ခြင်း၊

(၇) ကျွန်မဝမ်း၌ ပဋိသန္ဓေ မနေခြင်း၊

(၈) နိယတမိစ္ဆာဒိဋ္ဌိ အယူရှိသူ မဖြစ်ခြင်း၊

(၉) လိင် ဖောက်လွဲဖောက်ပြန် မဖြစ်ခြင်း၊ (ယောက်ျားအဖြစ်မှ မိန်းမအဖြစ်သို့ ပြောင်းလွဲ၍ မဖြစ်ဟု ဆိုလိုသည်။)

(၁၀) အနန္တရိယကံ ငါးပါးကို မလွန်ခြင်း၊

(၁၁) နူသောသူ (ကုဋ္ဌရောဂါရှိသူ) မဖြစ်ခြင်း၊



၂၇၆

(၁၂) တိရစ္ဆာန်ဘဝ၌ ဖြစ်ရသော်လည်း ငုံးအောက် (တနည်း နှံစုတ်ငှက်အောက်) ငယ်သောတိရစ္ဆာန် မဖြစ်ခြင်း၊ (ဤ၌ မှတ်ချက်ကို နောက်၌ ဆက်၍ပြပေအံ့။)

(၁၃) ခုပ္ပိပါသိကပြိတ္တာ နိဇ္ဈာမတဏှိကပြိတ္တာတို့နှင့် ကာဠကဉ္စိကအသူရာတို့၌ မဖြစ်ခြင်း၊ (ခုပ္ပိပါသိကပြိတ္တာ ဟူသည်မှာ အစာရေစာ မစားမသောက်ရသဖြင့် အခါခပ်သိမ်း ဆာလောင်မွတ်သိပ်နေသော ပြိတ္တာမျိုးတည်း။ နိဇ္ဈာမတဏှိကပြိတ္တာ ဟူသည်မှာ အမြဲ မီးလောင်ကျွမ်းနေသဖြင့် ပူပင်နေရသော ပြိတ္တာတည်း။ (ဂိဇ္ဈကုဋ်တောင် အရှင်မောဂ္ဂလာန် တွေ့မြင်ရသော ရဟန်းပြိတ္တာ စသည်ကဲ့သို့သော ပြိတ္တာမျိုးကို ဆိုလိုသည်။) ကာဠှကဉ္စိက အသူရာဟူသည် ထိုပြိတ္တာအသူရာ၏ အမည်ဖြစ်၏၊ ထိုပြိတ္တာအသူရာ၏ ခန္ဓာကိုယ်သည် သုံးဂါဝုတ်မျှရှိ၍ အသွေးအသား နည်းပါးကာ သစ်ရွက်ရော်အဆင်းနှင့် တူ၏။ မျက်စိများမှာ ပုဇွန်မျက်စိကဲ့သို့ အပြင်သို့ထွက်ပြီးလျှင် ထိပ်ထက်၌ တည်ကုန်၏၊ ခံတွင်းမှာလည်း အပ်နဖားပေါက်မျှရှိလျက် ထိပ်ထက်မှာပင် တည်နေသောကြောင့် ထိုပြိတ္တာအသူရာများ အစာကိုတွေ့သောအခါ ကုန်း၍ အစာကို ယူကြရကုန်၏။)

(၁၄) အဝီစိငရဲနှင့် လောကန္တရက်ငရဲတို့၌ မဖြစ်ခြင်း၊ (လောကန္တရက် ငရဲဟူသည် စကြဝဠာ လောကဓာတ်သုံးခုတို့ ဆုံမိရာ လစ်လပ်နေသော အကြားပင်ဖြစ်၏။ ဤအကြားမှာ မကောင်းမှုပြုသောသူတို့ အပြစ်ဒဏ်ခံရာဖြစ်၍ ငရဲတမျိုးအနေဖြင့် လောကန္တရက် ငရဲဟူ၍ ခေါ်ဆိုသည်။)

(၁၅) ကာမာဝစရနတ်ဘုံတွင် မာရ်နတ်မဖြစ်ခြင်း၊

(၁၆) ရူပါဝစရဘုံတွင် အသညသတ်ဗြဟ္မာနှင့် သုဒ္ဓါဝါသ ဗြဟ္မာဘုံတို့၌ မဖြစ်ခြင်း၊



၂၇၇

(၁၇) အရူပဗြဟ္မာဘုံတို့၌ မဖြစ်ခြင်း၊

(၁၈) တပါးသော စကြဝဠာသို့ ပြောင်း၍ မဖြစ်ခြင်း-

ဤတဆယ့်ရှစ်ပါးတို့တည်း။

     ဤတဆယ့်ရှစ်ပါးတို့တွင် (၁၂)အမှတ်ပြ ငုံးအောက်ငယ်သော တိရစ္ဆာန် မဖြစ်ခြင်းဟူသော စကားမှာ (န တိရစ္ဆာနယောနိယံ ဝဋ္ဋကတော ပစ္ဆိမတ္တဘာဝေါ ဟောတိ)ဟူသော ပါဠိအရ ပြဆိုခြင်းဖြစ်သည်။ ။တိရစ္ဆာနယောနိယံ၊ တိရစ္ဆာန်မျိုး၌။ ဝဋ္ဋကတော၊ ငုံးအောက်။ ပစ္ဆိမတ္တဘာဝေါ၊ ငယ်သော အတ္တဘောရှိသော တိရစ္ဆာန်သည်။ န ဟောတိ၊ မဖြစ်။ ။ဤကဲ့သို့ အနက်ပြန်ဆိုရာ၏။ ဤအတိုင်းပင် ဓမ္မရာသီပျို့၌လည်း--

ကာဠကဉ္စိ၊ ဘူမိမရောက်၊ ငုံးအောက်မငယ်၊ ဆင်ထက်ဝယ်လည်း၊ လွန်ဖွယ်မကြီး-

ဟူ၍ စပ်ဆိုသည်။ လူရှင်အများလည်း (ငယ်စွာ့အဆုံး ငုံး)ဟူ၍ ဆိုစမှတ်ပြုကြသည်။

     မုံရွေး ဇေတဝန် ဆရာတော်ဘုရား၏ လက်ကိုင်စာမူ သုတ္တနိပါတ် အဋ္ဌကထာ၌ကား (န တိရစ္ဆာနယောနိယံ ၀တကတော ပစ္ဆိမတ္တဘာဝေါ ဟောတိ)ဟူ၍ ရှိဟန်တူသည်။ ထို “ဝတကတော”ဟူသော ပါဠိကိုလည်း နှံစုတ်ငှက်ဟူ၍ အနက်မြန်မာ ပြန်ဆိုသင့်ကြောင်း (သမန္တစက္ခုဒီပနီကျမ်း ဒုတိယတွဲ၌) အကျယ်တဝင့် ရေးသားတော်မူသည်။ မုံရွေး ဇေတဝန်ဆရာတော်၏ အလိုမှာ “နှံစုတ်ငှက်အောက်ငယ်သော တိရစ္ဆာန် မဖြစ်ခြင်း”ဟူ၍ ပြန်ဆိုရပေမည်။ ထိုသို့ နှံစုတ်ငှက်ကို ဆိုခြင်းမှာလည်း ဒုကနိပတ် ဒုတိယဝဂ် သကုဏဂ္ဃိဇာတ်ကို ထောက်ထားတော်မူသည်။ ထိုဇာတ်၏ အကြောင်းအရာ အကျဉ်းချုပ်ကား-

မြတ်စွာဘုရား အလောင်းတော်သည် တခုသောဘဝဝယ် (လာပ)ခေါ်သော ငှက်ငယ်မျိုး၌ဖြစ်၍ လယ်ထွန်ရာ မြေစိုင်ခဲများ၏ အကြားတွင် ကျက်စား နေထိုင်လေ့ရှိရာ တနေ့သ၌ တောစွန်အဖျား



၂၇၈

သွားရောက်ကျက်စားမိ၍ သိန်းငှက်၏ သုတ်ခြင်းကို ခံရသည်တွင် ထိုသိန်းငှက်၏ လက်သည်းအကြားမှပင် “ငါ၏ ဖိုးဖပိုင်ဌာန၌ မနေမိသည့်အတွက် ဤသို့ ရန်သူနှိပ်စက်ခြင်းကို ခံရလေသည်၊ ငါ့နေရာရင်း၌ ငါနေပါမူကား ဤသို့ ခံရမည်မဟုတ်”ဟု ငိုကြွေးမြည်တမ်းစကား ပြောကြားလေသည်။

ထိုအခါ သိန်းငှက်က “ဖိုးဖပိုင် နေရာဟူသည် အဘယ်နည်း”ဟု မေးသည်တွင် လယ်ထွန်ရာ မြေစိုင်ခဲဖြစ်ကြောင်း ပြောဆိုသဖြင့် “ကောင်းပြီ.. သင့်ကို ငါ ယခု လွှတ်လိုက်မည်၊ သင့်ဌာနရင်းမှာနေ၍ တတ်နိုင်လျှင် ငါ့ကို ခုခံလော့”ဟု ပြောဆို၍ လွှတ်လိုက်သည်တွင် (လာပ)ငှက်ငယ်သည် မိမိနေရာသို့လာ၍ မြေစိုင်ခဲကြီးတခု၏ ထိပ်ပေါ်မှာနေလျက် “အို သိန်းငှက်.. သတ္တိရှိလျှင် လာလော့”ဟု စစ်ပြိုင်စကား ပြောကြားသည်တွင် သိန်းငှက်သည် အရှိန်ပြင်းစွာ တဟုန်တည်း ထိုးသုတ်လိုက်သောအခါ (လာပ)ငှက်ငယ်သည် ရုတ်တရက် မြေစိုင်ခဲအောက်သို့ ဝင်လိုက်လေ၏၊ သိန်းငှက်သည် အဟုန်ကိုလည်း မထိန်းနိုင် (လာပ)ငှက်ငယ်ကိုလည်း မထိုးသုတ်မိပဲ မြေစိုင်ခဲအစွန်းဖြင့် ရင်အုပ်ကိုဆောင့်မိကာ သေရလေသည်။ (ဤဝတ္ထုလာ လာပသဒ္ဒါကို ဗီလုံးငှက်ဟု ဆရာတို့ အနက်ပြန်ဆိုသည်။ မုံရွေးဆရာတော်ကမူ နှံစုတ်ငှက်ဟု အနက်ပြန်ဆိုတော်မူသည်။

     ထိုမှတပါးလည်း စတုက္ကနိပါတ် (၃) ကုဋိဒူသကဝဂ်၊ (၁) သိင်္ဂါလသကုဏဇာတ် (ပိင်္ဂလသကုဏဇာတ်လည်း ရှိ၏)ကို ထောက်ထားတော်မူသည်။ ထိုဇာတ်၏ အကြောင်းအရာ အကျဉ်းချုပ်ကား-

မြတ်စွာဘုရားအလောင်းတော်သည် တခုသောဘဝဝယ် (သိင်္ဂိလ)မည်သော ငှက်မျိုး၌ဖြစ်၍ အရွယ်သို့ ရောက်သောအခါ နှစ်သက်ဖွယ်ကောင်းသည့် မိုဃ်းလုံခြုံသော



၂၇၉

အသိုက် (စာပေါင်းသိုက်)ကို ပြုလုပ်ကာ ဟိမဝန္တာနယ်စပ်၌ နေတော်မူ၏။

တနေ့သောအခါ မိုယ်းကာလ၌ မိုယ်းရေအယဉ် မပြတ်ရွာသွန်းနေစဉ် မျောက်တကောင်သည် အချမ်းနှိပ်စက်လွန်းသဖြင့် သွားကိုကြိတ်ကာ အလောင်းတော်၏ မနီးမဝေး သစ်ပင်အကိုင်း၌ ထိုင်နေသည်ကို အလောင်းတော်မြင်၍၊ ၊မနုဿဿေဝ တေ သီသံ-စသော ဂါထာဖြင့် “အဆွေမျောက်.. သင်၏ ဦးခေါင်း လက်ခြေတို့သည် လူ၏ ဦးခေါင်း လက်ခြေတို့ကဲ့သို့ ဖြစ်ပါလျက် အဘယ့်ကြောင့် သင့်အား အိမ်မရှိသနည်း”ဟု မေးမြန်းသည်တွင် မျောက်က “ငါ့မှာ လူ၏ ဦးခေါင်း လက်ခြေနှင့် တူသည့် ဦးခေါင်း လက်ခြေတို့ ရှိပါသော်လည်း ဆင်ခြင်တတ်သော ပညာမရှိသောကြောင့် အိမ်မရှိ”ဟု ဖြေကြားလေသည်။

ထိုအခါ အလောင်းတော်က (အနဝဋ္ဌိတစိတ္တဿ-အစရှိသော နှစ်ဂါထာဖြင့်) မတည်မကြည် ပေါ့သွပ်သော စိတ်ရှိ၍ ခင်ပွန်းပြစ်မှား အလေ့အကျင့်ကောင်း မကိန်းအောင်းသူအား ချမ်းသာသုခ မရရှိနိုင်ကြောင်း ဖော်ပြ၍ “အဆွေမျောက်.. ပညာတရားဖြစ်ပွါးရန် အားထုတ်၍ ဒုဿီလအဖြစ်ကို လွန်မြောက်အောင် ကြိုးစားပြီးလျှင် နေအိမ်ကို ပြုလုပ်ပါလော့”ဟု မေတ္တာရှေ့ထား ပြောကြားသည်ကိုပင် မိတ္တဒုဗ္ဘိ ထိုမျောက်သည် အမျက်ထွက်၍ အလောင်းတော်၏ အသိုက်အအုံကို မှုန့်မှုန့်ညက်ညက် ပျက်စီးအောင် ဖျက်ဆီးပစ်လေသည်။ (ဤဇာတ်၌ ပိင်္ဂလသကုဏအရကို ဇာတ်ဋီကာ၌ “ပိင်္ဂလငှက်မည်သည် ကိုယ်နှင့်အမွေးတို့၌ နနွင်းကဲ့သို့ ဝါထိန်သော အဆင်းရှိသော အိမ်စာငှက်တမျိုး ဖြစ်သည်”ဟု ဖွင့်ပြသောကြောင့် (စာဝတီးငှက်) ဖြစ်သင့်သည်ဟု မုံရွေး ဇေတဝန်ဆရာတော် ယူဆတော်မူသည်။)



၂၈၀

     ဤဆိုအပ်ပြီးသည့် သကုဏဇာတ်၌ ဗီလုံးငှက်(သို့မဟုတ် နှံစုတ်ငှက်) ဖြစ်ကြောင်းနှင့် သိင်္ဂိလသကုဏဇာတ်၌ စာဝတီးငှက်ဖြစ်ကြောင်း လာရှိသောကြောင့်၎င်း ထိုဗီလုံးငှက် စာဝတီးငှက်တို့မှာ ငုံးအောက် ကိုယ်ခန္ဓာ သေးငယ်သောကြောင့်၎င်း မိမိ၏စာမူ၌ (ဝဋ္ဋကတော)ဟူ၍ မရှိ၊ (၀တကတော)ဟူ၍သာ ရှိသောကြောင့်၎င်း ထိုဝတကသဒ္ဒါသည်လည်း ငုံးကိုမဟော နှံစုတ်ငှက်ဟောသာ ဖြစ်သင့်သောကြောင့်၎င်း (၁၂)ခုမြောက်ဖြစ်သော အဘဗ္ဗဋ္ဌာနအရ “နှံစုတ်ငှက်အောက် ငယ်သောတိရစ္ဆာန် မဖြစ်ခြင်း”ဟူ၍သာ မုံရွေးဇေတဝန်ဆရာတော် ပြန်ဆိုတော်မူခြင်း ဖြစ်သည်။

     အဋ္ဌသာလိနီ အဋ္ဌကထာ၌ကား ငုံးဟူ၍ (အသေအချာ) ပမာဏကို မမှတ်သားပဲ၊ (န ဟောန္တိ ခုဒ္ဒကာ ပါဏာ)ဟူ၍ သေးငယ်သော သတ္တဝါကလေးများ မဖြစ်ကြောင်းကိုသာ ပြဆိုတော်မူသည်။ ထိုသေးငယ်သော သတ္တဝါအရလည်း-

“ခုဒ္ဒဇန္တု သိယာ နဋ္ဌိ၊ အထ ဝါ ခုဒ္ဒကော၀ ယော။

သတံ ဝါ ပသဋော ယေသံ၊ ကေစိ အာနကုလာအပိ”

ဟူသော သာရတ္ထဝိလာသိနီ (ပဉ္စိကာဋီကာ)ကျမ်း တတိယပိုင်းလာ ဂါထာအတိုင်း.. အရိုးအသား သီးခြားခွဲမရသော ပိုးမွှားသတ္တဝါ (တနည်း) အကောင်ရေ (၁၀၀)မှ တလက်ဆွမ်း (တလက်ခုပ်)ရှိသော သတ္တဝါတို့ကို ဆိုသည်ဟု မှတ်ယူရာ၏။

     အချို့ သုတ္တနိပါတအဋ္ဌကထာ စာမူတို့၌ (ဟတ္ထိတော အဓိကတ္တဘာဝေါ)ဟူသော ပါဠိ ပါရှိနေ၏၊ ဤစကားအလို တိရစ္ဆာန်ဘဝမှာ ဖြစ်ရသော်လည်း ဆင်ထက် အကောင်အထည်ကြီးသော တိရစ္ဆာန်မဖြစ်ဟူ၍ အဓိပ္ပါယ် ပြန်ဆိုရပေမည်။ ထိုသို့ ပြန်ဆိုရသည့်အတိုင်းပင် ဓမ္မရာသီပျို့၌-

“ငုံးအောက်မငယ်၊ ဆင်ထက်ဝယ်လည်း၊ လွန်ဖွယ်မကြီး”-

ဟူ၍ စပ်ဆိုလေသည်။ ဤအရာ၌ တိံသနိပါတ် ပဏ္ဍရနာဂဇာတ်၌ မြတ်စွာဘုရား အလောင်းတော်သည်



၂၈၁

ဂဠုန်မင်းဖြစ်ဘူးကြောင်း လာရှိသည်။ ဂဠုန်ဟူသည် ဆင်ထက် အကောင်အထည်အင်အား များစွာကြီးမားရမည်ပင် ဖြစ်၏။ ထိုသို့ ကြီးမားကြောင်းကို ဘူရိဒတ်ဇာတ်တော်၌ နဂါးကို ဂဠုန်သုတ်၍ ကောင်းကင်သို့ပျံလာရာ ရသေ့တဦး၏ သင်္ခမ်းကျောင်းအနီးရှိ ညောင်ပင်ကြီးသို့ အရောက်တွင် နဂါးသည် လွတ်ရာလွတ်ကြောင်း အောက်မေ့၍ ညောင်ပင်ခွကို မိမိအမြီးဖြင့် ရစ်ပတ်၍ထားရာ ဂဠုန်က အားကြီးသည့်အတွက် ညောင်ပင်ကြီး အမြစ်နှင့်တကွ ကျွတ်၍ပါသွားကြောင်း လာရှိသည်ကိုထောက်လျှင် ဂဠုန်၏ အကောင်အထည် အင်အား ဆင်ထက်ကြီးမားကြောင်း ထင်ရှားပေသည်။ ထို့ကြောင့် ဆဋ္ဌမူနှင့်တကွ အချို့သုတ္တနိပါတ အဋ္ဌကထာမူတို့၌ (ဟတ္ထိတော အဓိကတ္တဘာဝေါ)ဟူသော ပါဠိ မပါရှိချေ။

     ဤ အဘဗ္ဗဋ္ဌာနကို ပြဆိုရာဝယ် အဋ္ဌသာလိနီ အဋ္ဌကထာနှင့် ဗုဒ္ဓဝင်အဋ္ဌကထာတို့ ပြဆိုချက်မှာ သုတ္တနိပါတ်အဋ္ဌကထာ ပြဆိုချက်နှင့် အချို့သာတူ၍ အချို့မှာမတူပဲ ကွဲလွဲနေကြ၏။ သုတ္တနိပါတ် အဋ္ဌကထာလာ (၁၈)ဌာနတို့တွင်-

၁။ မရူးခြင်း၊

၂။ ခြေလက် မဆွံ့ခြင်း၊

၃။ လူရိုင်း မဖြစ်ခြင်း၊

၄။ ကျွန်မဝမ်း၌ မဖြစ်ခြင်း၊

၅။ ယောက်ျားအဖြစ်မှ မိန်းမအဖြစ်သို့ မပြောင်းခြင်း၊

၆။ နူသောသူ မဖြစ်ခြင်း၊

၇။ မာရ်နတ် မဖြစ်ခြင်း၊

၈။ အခြား စကြဝဠာသို့ ပြောင်း၍ မဖြစ်ခြင်း-

ဤ(၈)ဌာနသည် အဋ္ဌသာလိနီ အဋ္ဌကထာ၌ မပါ။ အဋ္ဌသာလိနီ အဋ္ဌကထာ၌မူ မည်ရွေ့မည်မျှဟု သရုပ်ဖော်ပြခြင်းမရှိပဲ စီစဉ်ပြဆိုရာ သုတ္တနိပါတ် အဋ္ဌကထာထက် ပိုနေသော ဌာနတို့ကား-



၂၈၂

၁။ မိန်းမ မဖြစ်ခြင်း၊

၂။ ဥဘတောဗျည်း မဖြစ်ခြင်း၊

၃။ ပဏ္ဍုက် မဖြစ်ခြင်း

ဤသုံးပါးတို့ ဖြစ်၏။ (ဗုဒ္ဓဝင်အဋ္ဌကထာအဆိုလည်း အဋ္ဌသာလိနီ အဋ္ဌကထာနှင့် တူ၏။) ဤသုံးဌာနတို့တွင် မိန်းမအဖြစ်မှာ သိသာထင်ရှား၏။

     ဥဘတောဗျည်းဟူသော စကားမှာ ဥဘတောဗျဉ္ဇနကဟူသော ပါဠိမှ ဆင်းသက်လာသော စကားဖြစ်သည်။ (ဥဘတော= မိန်းမနိမိတ်ကို ဖြစ်စေတတ်သောကံ ယောက်ျားနိမိတ်ကို ဖြစ်စေတတ်သောကံ နှစ်ပါးတို့ကြောင့်(ဖြစ်သော) ဗျဉ္ဇနက= ဗျည်းနိမိတ်ရှိသောသူဟု ဆိုလိုသည်။) ထိုဥဘတောဗျည်းသည် မိန်းမဥဘတောဗျည်း ယောက်ျားဥဘတောဗျည်းဟူ၍ နှစ်မျိုးရှိသည်။

     ထိုတွင် မိန်းမဥဘတောဗျည်းအား ပကတိအခါ မိန်းမနိမိတ် ပေါ်လွင်ထင်ရှား၍ ယောက်ျားနိမိတ် ပျောက်ကွယ်နေသည်။ ယောက်ျားဥဘတောဗျည်းအား ပကတိအခါ ယောက်ျားနိမိတ် ထင်ရှား၍ မိန်းမနိမိတ် ပျောက်ကွယ်နေသည်။

     မိန်းမဥဘတောဗျည်းအား မိမိက အခြား မိန်းမများအပေါ်၌ ယောက်ျားတို့အမှု ပြုလိုသည်ရှိသော် မိန်းမနိမိတ် ကွယ်ပျောက်၍ ယောက်ျားနိမိတ် ထင်ရှားပေါ်ပေါက်လာသည်။ ယောက်ျားဥဘတောဗျည်းအား မိမိက အခြားယောက်ျားတို့၏ မိန်းမအဖြစ်သို့ ကပ်ရောက်လိုသည်ရှိသော် ယောက်ျားနိမိတ် ကွယ်ပျောက်၍ မိန်းမနိမိတ် ထင်ရှားပေါ်ပေါက်လာသည်။

     မိန်းမဥဘတောဗျည်းသည် ကိုယ်တိုင်ကလည်း ကိုယ်ဝန်ယူနိုင်၏။ သူတပါးကိုလည်း ကိုယ်ဝန်ပေးနိုင်၏။ ယောက်ျားဥဘတောဗျည်းသည် ကိုယ်တိုင်ကမူ ကိုယ်ဝန်ကိုမယူနိုင်၊ သူတပါးကိုသာ ကိုယ်ဝန်ပေးနိုင်သည်။ ဤကား ထိုဥဘတောဗျည်း နှစ်ပါးတို့၏ အထူးတည်း။ ။(ဝိနယ မဟာဝဂ္ဂ အဋ္ဌကထာ၊ ဝိ-ဋ္ဌ ၃၊ စာမျက်နှာ-၃ဝ၆-မှ။)



၂၈၃

     ပဏ္ဍုက်ဟူသော စကားမှာ ပဏ္ဍကဟူသော ပါဠိမှ ဆင်းသက်လာသော စကားဖြစ်သည်။ (လိင်ချို့တဲ့သောသူဟု ဆိုလိုသည်။) ယောက်ျားဖြစ်လျက် အခြားယောက်ျားများနှင့်မတူ ချို့တဲ့နေသောသူဟု ဆိုလိုသည်။ ထိုပဏ္ဍုက်သည်-

     ၁။ အာသိတ္တပဏ္ဍုက်= ကိလေသာပူပန်လာသော် သူတပါးတို့၏ အင်္ဂါ(ပန်း)ကို စုတ်ရမှ ထိုသူ၏သုက်ဓာတ် မိမိခံတွင်းသို့ သွန်းရမှ ပူပန်ခြင်း ပြေငြိမ်းသောသူ။ (ယခုအခါ ပန်းစုတ်ဟု ခေါ်ကြ၏။)

     ၂။ ဥဿုယျပဏ္ဍုက်= သူတပါးတို့ ကျူးလွန်နေကြသည်ကို ချောင်းမြောင်းကြည့်ရှုကာ မနာလို ငြူစူစိတ်ဖြစ်ရမှ မိမိ၏ ကိလေသာပူပန်ခြင်း ပြေငြိမ်းသောသူ။

     ၃။ ဩပက္ကမိကပဏ္ဍုက်= (ထီးနန်းအတွင်း မိန်းမစိုးတို့ကဲ့သို့) လိင်ဥကို လုံ့လဖြင့် ထုတ်ပစ်ထားသောသူ။

     ၄။ ပက္ခပဏ္ဍုက်= လဆုတ်ပက္ခမှာ အပြင်းအထန် မခံနိုင်လောက်အောင် ကိလေသာပူပန်၍ လဆန်းပက္ခသို့ရောက်မှ ပူပန်မှု ငြိမ်းသောသူ။

     ၅။ နပုံသကပဏ္ဍုက်= ပဋိသန္ဓေကာလကပင် ဘာဝရုပ်မပါပဲ ပဋိသန္ဓေ တည်နေခဲ့သောသူ။ (ပဋိသန္ဓေ နေစဉ်ကပင် ဘာဝဒသကကလာပ်ရုပ် မပါခဲ့သဖြင့် နောက်အခါလည်း မိန်းမအင်္ဂါ ယောက်ျားအင်္ဂါ နှစ်မျိုးလုံး မရှိသောသူ ဖြစ်လာ၏။ မိန်းမလည်းမဟုတ် ယောက်ျားလည်းမဟုတ်ဟု ဆိုလိုသည်။ ဤနပုံသကဟူသော ပါဠိသို့လိုက်၍ မြန်မာဘာသာစကားဖြင့် နပုံးဟူ၍ ခေါ်၏။) ဤသို့လျှင် ပဏ္ဍုက်ငါးမျိုးရှိသည်ကိုလည်း သိမှတ်ရာ၏။ (ဝိနည်း မဟာဝဂ္ဂအဋ္ဌကထာ၊ ဝိ-ဋ္ဌ ၃၊ ၂ ၉၇-မျက်နှာ)

အဘဗ္ဗဋ္ဌာန (၁၈)ပါး ပြဆိုချက် ပြီး၏။

**********