ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု
by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၅၂၈။ မဟာဗောဓိဇာတ် (၃)
2672ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု — ၅၂၈။ မဟာဗောဓိဇာတ် (၃)မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်


ပဏ္ဏာသနိပါတ်

၃။ မဟာဗောဓိဇာတ်

ပညာရှိဖြစ်၍ သူတစ်ပါးတို့၏အယူဝါဒကို ဖျက်ဆီးနိုင်ခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ကိံ နု ဒဏ္ဍံ ကိမဇိနံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ မဟာဗောဓိပရိဗ္ဗာဇကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ပညာပါရမီကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ပစ္စုပ္ပန်ဝတ္ထုသည် မဟာဥမင်္ဂဇာတ်၌ ထင်စွာဖြစ်လတ္တံ့။ အထူးကား - ထိုအခါ သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်းတို့... ယခုအခါ၌သာလျှင် သင်တို့ဆရာ ငါဘုရားသည် ပညာရှိတော်မူသည် သူတစ်ပါးတို့၏ အယူဝါဒကို ချိုးဖဲ့ဖျက်ဆီးနိုင်သည် မဟုတ်သေး၊ ရှေး၌လည်း သင်တို့ဆရာ ငါဘုရားသည် ပညာရှိတော် မူသည်သာလျှင်တည်း၊ သူတစ်ပါးတို့၏ အယူဝါဒကို ချိုးဖဲ့ ဖျက်ဆီးတော် မူနိုင်သည်သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

ဗောဓိပရိဗိုဇ်ရဟန်း

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိတိုင်း၌ ကုဋေရှစ်ဆယ်ကြွယ်ဝသော ဥဒိစ္စ ဗြာဟ္မဏ မဟာသာလ ပုဏ္ဏားမျိုး၌ ဖြစ်၏။ ထိုဘုရားလောင်းအား ဗောဓိ သတို့သား ဟူသော အမည်ကို မှည့်ကုန်၏။ ထိုဗောဓိသတို့သားသည် အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အတတ်သင်ပြီးလျှင် တစ်ဖန် ပြန်လည်ခဲ့၍ အိမ်ရာထောင်သော လူ၏ဘောင်၌နေလျက် နောက်အဖို့၌ ကမတို့ကို စွန့်၍ ဟိမဝန္တာသို့ဝင်ပြီးလျှင် ပရိဗိုဇ်ရဟန်းအဖြစ်ဖြင့် ရဟန်းပြု၍ ထိုဟိမဝန္တာ တောအရပ်၌သာလျှင် တောသစ်မြစ် တောသစ်သီးဟူသော အစာအာဟာရ ရှိသည်ဖြစ်၍ ကြာမြင့်စွာနေလျက် မိုးလလွန်သောအခါ ဟိမဝန္တာမှ သက်ခဲ့၍ ဒေသစာရီသွားသည်ရှိသော် အစဉ်သဖြင့် ဗာရာဏသီပြည်သို့ရောက်လျှင် မင်း၏ဥယျာဉ်တော်၌ နေလျက် နက်ဖြန်နေ့၌ ပရိဗိုဇ်ရဟန်း၏ တင့်တယ်လျောက်ပတ်သော အသွင်အပြင်ဖြင့် မြို့၌ ဆွမ်းခံအံ့သောငှာ သွားသည်ရှိသော် မင်းအိမ်တံခါးသို့ ရောက်၏။

ဗာရာဏသီမင်း ကိုးကွယ်ခြင်း

ထိုသို့ ဆွမ်းခံဝင်သော ဗောဓိပရိဗိုဇ်ကို ခြင်္သေ့ခံသော လေသွန်ပြတင်းပေါက်၌ ရပ်သော ဗြဟ္မဒတ်မင်းသည် မြင်လေလျှင် ထိုဗောဓိပရိဗိုင်၏ ဣန္ဒြေတော်၏ ငြိမ်သက်ခြင်း၌ ကြည်ညို၍ ထိုဗောဓိပရိဗိုဇ်ကို မိမိနန်းတော်သို့ ဝင်စေတော်မူ၍ ရာဇပလ္လင်၌ နေစေပြီးလျှင် ပြုအပ်သော ပျူငှာသော လောကဝတ်ရှိသည်ဖြစ်၍ အတန်ငယ် တရားစကားကို နာပြီးလျှင် အထူးထူးသော မြတ်သော အရသာရှိသော ဘောဇဉ်ကို လှူစေ၏။ ဘုရားလောင်းသည် ဆွမ်းကို ခံယူတော်မူ၍ ဤမင်းမျိုးသည်ကား အပြစ်များ၏။ ရန်သူတို့သည် များကုန်၏။ ငါ့အား ဖြစ်လာသောဘေးကို အဘယ်သူသည်လျှင် ထုတ်ဆောင်နိုင်လတ္တံ့နည်း ဟု ကြံ၏။ ကြံပြီး၍ ဗောဓိပရိဗိုဇ်သည် အနီး၌တည်သော မင်းနှင့်အကျွမ်းဝင်သော ပိင်္ဂလမည်သော ခွေးတစ်ကောင်ကိုမြင်၍ ကြီးစွာသော ထမင်းစိုင်ကိုကိုင်၍ ထိုပိင်္ဂလအမည်ရှိသော ခွေးအား ပေးလိုသောအခြင်းအရာကို ပြ၏။

ဗြဟ္မဒတ်မင်းသည် သိလတ်၍ ခွေးစားခွက်ကို ဆောင်ယူစေပြီးလျှင် ထမင်းခဲကိုယူစေ၍ ပေးစေ၏။ ဘုရားလောင်းသည်လည်း ထိုခွေးအားပေး၍ ဆွမ်းစားခြင်း ကိစ္စကို ပြီးစေ၏။ ဗြဟ္မဒတ်မင်းသည်လည်း ထိုဘုရားလောင်း၏ ဝန်ခံခြင်းကို ယူစေပြီးလျှင် မြို့တွင်းဝယ် မင်းဥယျာဉ်တော်၌ သစ်ရွက်မိုးသောကျောင်းကို ဆောက်စေ၍ ရဟန်းတို့၏ ပရိက္ခရာတို့ကိုလှူ၍ ထိုကျောင်း၌ နေစေ၏။ နေ့တိုင်း နေ့တိုင်းလည်း နှစ်ကြိမ်သုံးကြိမ် ဘုရားလောင်းအား ဆည်းကပ်ခစားအံ့သောငှာ သွား၏။ ဆွမ်းဘုဉ်းပေးသော ကာလ၌ကား ဘုရားလောင်းသည် အမြဲ ရာဇပလ္လင်၌သာလျှင် နေ၍ မင်း၏ဘောဇဉ်ကိုသာလျှင် ဘုဉ်းပေးတော်မူ၏။ ဤသို့လျှင် တစ်ဆယ့်နှစ်နှစ်တို့သည် လွန်ကုန်၏။

မိစ္ဆာဝါဒ ၅-ပါး

ထိုဗြဟ္မဒတ်မင်းအားကား ငါးယောက်ကုန်သော အမတ်တို့သည် အကျိုးအကြောင်းကိုပြ၍ ဆုံးမကုန်၏။ ထိုငါးယောက်ကုန်သော အမတ်တို့တွင် တစ်ယောက်သော အမတ်သည် အဟေတုကဝါဒ ရှိ၏။ တစ်ယောက်သောအမတ်သည် ဣဿရကတဝါဒ ရှိ၏။ တစ်ယောက်သော

အမတ်သည် ပုဗ္ဗေကတဝါဒ ရှိ၏။ တစ်ယောက်သော အမတ်သည် ဥစ္ဆေဒဝါဒ ရှိ၏။ တစ်ယောက်သောအမတ်သည် ခတ္တဝိဇ္ဇဝါဒရှိ၏။

ထိုအမတ်တို့တွင် အဟေတုကဝါဒရှိသော အမတ်သည် ဤသတ္တဝါတို့သည် အကြောင်းမရှိ၊ သံသရာဖြင့် စင်ကြယ်ကုန်၏ ဟု လူများကို ယူစေ၏။ ဣသရကတ ဝါဒရှိသော အမတ်သည် လူများကို ဗြဟ္မဗိသာနိုး အစိုးရသောသူသည် ဖန်ဆင်းအပ်၏ ဟု လူအများကို ယူစေ၏။ ပုဗ္ဗေကတဝါဒရှိသော အမတ်သည် ဤသတ္တဝါတို့အား ချမ်းသာဆင်းရဲ ဖြစ်သည်ရှိသော် ရှေး၌ပြုအပ်သော ကံကြောင့်သာလျှင် ဖြစ်၏ ဟု လူအများကို ယူစေ၏။ ဥစ္ဆေဒဝါဒရှိသော အမတ်သည် ဤပစ္စုပ္ပန်ဘဝမှ တမလွန်ဘဝသို့ သွားသောသူ မည်သည်ကား မရှိ၊ ဤလောကသည် ပြတ်၏ ဟု လူများကို ယူစေ၏။ ခတ္တဝိဇ္ဇဝါဒရှိသော အမတ်သည် မိမိအတွက် အကျိုးရှိမည်ဆိုလျှင် မိဘတို့ကိုလည်း သတ်၍ မိမိအလိုဆန္ဒအတိုင်း ပြုအပ်၏ ဟု လူများကို ယူစေ၏။

ရဟန်းတရားသူကြီး

ထိုအမတ်တို့သည် ဗြဟ္မဒတ်မင်း၏ တရားသူကြီးအရာ၌ တည်နေကုန်လျက် တံစိုးစားကုန်သည်ဖြစ်၍ ဥစ္စာရှင် မဟုတ်သောသူကို ဥစ္စာရှင်ပြုကုန်၏။ ဥစ္စာရှင်ဖြစ်သောသူကို ဥစ္စာရှင် မဟုတ်သည်ကို ပြုကုန်၏။

ထိုအခါ တစ်နေ့သ၌ လိမ်လည် ကောက်ကျစ်၍ တရားတွေ့တတ်သောသူမှ တရားရှုံးသော ယောက်ျားတစ်ယောက်သည် ဆွမ်းခံကြွတော်မူလျက် မင်း၏ နန်းတော်သို့ ဝင်သော ဘုရားလောင်းကို မြင်လေလျှင် ရှိခိုး၍ အရှင်ဘုရား... အရှင်ဘုရားတို့သည် အရှင်မင်းကြီးနန်းတော်၌ ဆွမ်းဘုဉ်းပေးတော်မူဘိ၏တကား၊ တံစိုးယူ၍ လူကို ဖျက်ဆီးကုန်သော တရားစီရင် ဆုံးဖြတ်ကုန်သော အမတ်တို့ကို အဘယ့်ကြောင့် လျစ်လျူရှုတော်မူကုန်ဘိသနည်း၊ ယခုအခါ ငါးယောက်ကုန်သော အမတ်တို့သည် ကောက်တကျစ်ပြု၍ တရားတွေ့တတ်သောသူ၏ လက်မှ တံစိုးကိုယူ၍ ဥစ္စာရှင်ဖြစ်ပါလျက်လျှင် ဥစ္စာရှင်မဟုတ်သည်ကို ပြုအပ်၏ ဟု လျှောက်ထား၍ ငိုကြွေး၏။ ဘုရားလောင်းသည် ထိုတရားရှုံးသော ယောက်ျား၌ သနားတော်မူသည်၏ အစွမ်းအားဖြင့် တရားဆုံးဖြတ်ရာသို့ သွား၍ တရားသဖြင့် ဆုံးဖြတ်စီရင်လျှင် ဥစ္စာရှင်ဖြစ်သောသူကိုသာလျှင် ဥစ္စာရှင် ပြုတော်မူ၏။ လူများသည် တစ်ပြိုင်နက်သာလျှင် ဖြစ်သော သည်းစွာသောအသံဖြင့် ကောင်းချီးကြွေးကြော်သော အခြင်းအရာကို ပေး၏။ ဗြဟ္မဒတ်မင်းသည် ထိုအသံကိုကြားလျှင် ဤအသံသည် အဘယ်အသံနည်း ဟု မေး၍ ထိုအကြောင်းကို ကြားသိရလျှင် ဘုရားလောင်းအထံ၌နေ၍ ပြုအပ်ပြီးသော ဆွမ်းဘုဉ်းပေးခြင်း ကိစ္စရှိသော ဘုရားလောင်းကို အရှင်ဘုရား... ယနေ့ အရှင်ဘုရားသည် တရားဆုံးဖြတ်တော်မူသလော ဟု မေး၏။ မြတ်သောမင်းကြီး ဆုံးဖြတ်သည် မှန်၏ ဟု ဆိုလတ်သော် အရှင်ဘုရား... အရှင်ဘုရားတို့သည် စီရင်ဆုံးဖြတ်တော်မူသည်ရှိသော် လူများ၏ စီးပွားချမ်းသာသည် ဖြစ်လတ္တံ့၊ ဤနေ့မှစ၍ အရှင်ဘုရားတို့သည်သာလျှင် စီရင်ဆုံးဖြတ်တော်မူပါကုန်လော့ ဟု လျှောက်၏။

မြတ်သောမင်းကြီး... ငါတို့သည် ရဟန်းမည်ကုန်၏။ ငါတို့အား ထိုတရားကိုစီရင်သော အမှုသည် မအပ် ဟု ဆိုလတ်သော် အရှင်ဘုရား... လူများ၌ သနားတော်မူသဖြင့် စီရင်ဆုံးဖြတ်တော်မူအံ့သောငှာ အပ်ပါ၏။ အရှင်ဘုရားတို့သည် အလုံးစုံသော နေ့တို့ပတ်လုံး ဆုံးဖြတ်တော်မမူလင့်၊ ဥယျာဉ်တော်မှ ဤ နန်းတော်သို့ ကြွလာတော်မူကုန်သည်ရှိသော် တရားစီရင်ရာအရပ်သို့ ကြွတော်မူ၍ စောစောကသာလျှင် တရားစီရင်မှု လေးခုတို့ကို ဆုံးဖြတ်တော်မူကုန်လော့၊ ဆွမ်းဘုဉ်းပေးတော်မူပြီးလျှင် ဥယျာဉ်တော်သို့ ကြွတော်မူလိုသည်ရှိသော် တရားစီရင်မှု လေးခုတို့ကို ဆုံးဖြတ်တော်မူကုန်လော့၊ ဤသို့ ဆုံးဖြတ်စီရင်တော်မူသည်ရှိသော် လူများအား စီးပွားချမ်းသာ ဖြစ်ပါလတ္တံ့ ဟု လျှောက်၏။ ဘုရားလောင်းသည် ထိုဗြဟ္မဒတ်မင်း အဖန်တလဲလဲ တောင်းပန်သည်ရှိသော် ကောင်းပြီ ဟု ဝန်ခံတော်မူပြီးလျှင် ထိုနေ့မှစ၍ ထို ဗြဟ္မဒတ်မင်း လျှောက်တောင်းပန်တိုင်း စီရင်ဆုံးဖြတ်တော်မူ၏။ တံစိုးထိုး၍ တရားတွေ့တတ်ကုန်သော သူတို့သည် အခွင့်မရကုန်၊ ထိုအမတ်တို့သည်လည်း တံစိုးကို မရကုန်သည်ဖြစ်၍ ဆင်းရဲကုန်သဖြင့် ကြံကြကုန်၏။

အမတ်တို့ ကုန်းတိုက်ပြီ

ဗောဓိပရိဗိုဇ် တရားဆုံးဖြတ်သော ကာလမှစ၍ ငါတို့သည် တစ်စုံတစ်ခုကိုမျှ မရကုန်၊ ယခု ထိုဗောဓိပရိဗိုဇ်ကို အရှင်မင်းမြတ်၏ ရန်သူဟု တင်လျှောက်၍ ထိုဗောဓိပရိဗိုဇ်ကို အရှင်မင်းကြီးနှလုံးတော်၌ ချစ်ခြင်းကိုဖျက်၍ သတ်စေကုန်အံ့ ဟု ကြံကြကုန်၏။ ကြံကုန်ပြီး၍ ထို အမတ်တို့သည် ဗြဟ္မဒတ်မင်းသို့ကပ်ကုန်၍ အရှင်မင်းမြတ်... ဗောဓိပရိဗိုဇ်သည် အရှင်မင်းမြတ်တို့၏ အကျိုးမဲ့ကို အလိုရှိ၏ ဟု တင်လျှောက်ကုန်လတ်သော် မယုံကြည်သည်၏ အဖြစ်ကြောင့် ဤဗောဓိပရိဗိုဇ်သည် သီလရှိ၏။ ဉာဏ်နှင့် ပြည့်စုံ၏။ ဤသို့ မပြုကုန်လတ္တံ့ ဟု ဗြဟ္မဒတ်မင်း ဆိုသည်ရှိသော် အရှင်မင်းမြတ်... နာတော်မူဦးလော့၊ မြိုအလုံး၌ နေကုန်သောသူတို့ကို မိမိလက်နက်, မိမိဘက်သာအဖြစ် ပြု၏။ စင်စစ်သော်ကား ငါးယောက်ကုန်သော အကျွန်ုပ်တို့ကိုသာလျှင် လက်နက် ပြုအံ့သောငှာ မတတ်နိုင်၊ အကျွန်ုပ်တို့၏စကားကို အကယ်၍ ယုံတော်မမူကုန်အံ့၊ ထိုဗောဓိပရိဗိုဇ် ဤနန်းတော်သို့ လာသောအခါ ပရိသတ်တို့ကို ကြည့်တော်မူပါကုန်လော့ ဟု တင်လျှောက်ကြကုန်၏။

ဗြဟ္မဒတ်မင်းသည် ကောင်းပြီ ဟု ခြင်္သေ့ခံသော လေသွန်ပြတင်းပေါက်၌ ရပ်လျက် လာလတ်သော ဗောဓိပရိဗိုဇ်ကို ကြည့်သည်ရှိသော် အခြံအရံနှင့်တကွ လာသည်ကိုမြင်၍ မိမိကိုယ်တိုင် တရားဥပဒေနားလည်မှုမရှိပဲ တရားတွေ့ကုန်သော လူတို့ကို ထိုဗောဓိပရိဗိုဇ်၏ အခြံအရံဟု အောက်မေ့၍ အချစ်ပျက်လေလျှင် ထိုအမတ်တို့ကိုခေါ်စေ၍ အသို့ ပြုရကုန်အံ့နည်း ဟု မေး၏။ အရှင်မင်းမြတ်... ထိုဗောဓိပရိဗိုဇ်ကို ဖမ်းစေတော်မူလော့ ဟု တင်လျှောက်ကုန်လတ်သော် ရုန့်ရင်း ကြမ်းကြုတ်သောအပြစ်ကို မမြင်ဘဲလျက် အသို့ဖမ်းရအံ့နည်း ဟု ဆို၏။ အရှင်မင်းမြတ်... ထိုသို့ဖြစ်လျှင် ထိုဗောဓိပရိဗိုဇ်အား ပြုမြဲတိုင်းသော ပူဇော်သက္ကာရကို ယုတ်စေတော်မူကုန်လော့၊ ထိုသို့ ပူဇော်သက္ကာရကို ဆုတ်ယုတ်စေသည်ကိုမြင်လျှင် ပညာရှိသော ဗောဓိပရိဗိုဇ်သည် တစ်စုံတစ်ယောက်သောသူအား မကြားမူ၍ မိမိအလိုလိုသာလျှင် ပြေးလတ္တံ့ ဟု တင်လျှောက် ကုန်လတ်သော် ဗြဟ္မဒတ်မင်းသည် ကောင်းပြီ ဟု ဆို၍ အစဉ်သဖြင့် ထိုဗောဓိပရိဗိုဇ်အား ပူဇော်သက္ကာရကို ယုတ်စေ၏။ အစစွာသောနေ့၌ ရှေးဦးစွာ ထိုဗောဓိပရိဗိုဇ်အား အခင်းမရှိ၊ အချည်းနှီးသော ပလ္လင်၌သာလျှင် နေစေကုန်၏။ ထိုဗောဓိပရိဗိုဇ်သည် အချည်းနှီးသော ပလ္လင်ကိုမြင်လျှင် မင်းအချစ်ပျက်သည်၏ အဖြစ်ကိုသိ၍ ဥယျာဉ်သို့သွား၍ ထိုနေ့ပင်လျှင် ဖဲလိုသည်ဖြစ်လျက် စင်စစ်သဖြင့် သိမှ ဖဲအံ့ ဟု ကြံပြီးလျှင် မဖဲဘဲ နေ၏။

ထို့နောင် နက်ဖြန်နေ့၌ အချည်းနှီးသော ပလ္လင်၌နေသော ထိုဗောဓိပရိဗိုဇ်အား ဗြဟ္မဒတ်မင်း၏ လှုမြဲတိုင်းသော ဆွမ်းကိုလည်းကောင်း၊ တစ်ပါးသော ဆွမ်းကိုလည်းကောင်း ယူ၍ ရောနှောသောဆွမ်းကို ပေးကြကုန်၏။ သုံးရက်မြောက်သောနေ့၌ မြတ်သော နန်းတော်အပြင်သို့ ဝင်စိမ့်သောငှာ မပေးမူ၍ လှေကားဦး၌သာလျှင်ထား၍ ရောနှောသောဆွမ်းကို ပေးကြကုန်၏။ ဘုရားလောင်းသည် ထိုရောနှောသောဆွမ်းကိုယူ၍ ဥယျာဉ်တော်သို့သွား၍ ဆွမ်းစားခြင်းကိစ္စကို ပြုတော်မူ၏။ လေးရက်မြောက်သောနေ့၌ နန်းတော်ပြာသာဒ်အောက်၌ထား၍ ဆန်ကွဲထမင်းကို ပေးကြကုန်၏။ ဘုရားလောင်းသည် ထိုဆန်ကွဲထမင်းကိုလည်း ယူ၍ ဥယျာဉ်တော်သို့ သွားပြီးလျှင် ဆွမ်းစားခြင်းကိစ္စကို ပြုတော်မူ၏။

ဗြဟ္မဒတ်မင်းသည် အမတ်တို့ကို မေးတော်မူ၏။ ဗောဓိပရိဗိုဇ်သည် ပူဇော်သက္ကာရကို ဆုတ်ယုတ်စေသော်လည်း မပြေးသွား၊ ထိုဗောဓိပရိဗိုဇ်ကို အသို့လျင် ပြုရကုန်အံ့နည်း ဟု မေး၏။ အရှင်မင်းမြတ်... ထိုဗောဓိပရိဗိုဇ်သည် ဆွမ်းအလိုငှာ မကျင့်၊ ထီးနန်းအကျိုးငှာသာ ကျင့်၏။ ဆွမ်းအကျိုးငှာ အကယ်၍ ကျင့်အံ့၊ ရှေးဦးစွာသော နေ့ကပင်လျှင် ပြေးလေရာ၏ ဟု တင်လျှောက်ကြကုန်၏။ ယခု အသို့ပြုရကုန်အံ့နည်း ဟု ဗြဟ္မဒတ်မင်း မေးသည်ရှိသော် အရှင်မင်းမြတ်... နက်ဖြန် ထိုဗောဓိပရိဗိုဇ်ကို သတ်စေတော်မူကုန်လော့ ဟု တင်လျှောက်ကြကုန်၏။

ပရိဗိုဇ်ကို သတ်စေခြင်း

ထိုဗြဟ္မဒတ်မင်းသည် ကောင်းပြီ ဟု ထိုအမတ်တို့၏ လက်၌သာလျှင် သန်လျက်ကိုထား၍ နက်ဖြန် တံခါးမ တံခါးငယ်တို့၏ အကြား၌ရပ်၍ ဝင်လာစဉ်လျှင် ထိုဗောဓိပရိဗိုဇ်၏ ဦးခေါင်းကိုဖြတ်၍ အပိုင်းပိုင်းပြုပြီးလျှင် တစ်စုံတစ်ယောက်သောသူကို မသိစေမူ၍ ရေအိမ်တွင်း၌ ချပြီးလျှင် ရေချိုး၍ လာခဲ့ကြကုန်လော့ ဟု ဆို၏။ ထိုအမတ်တို့သည် ကောင်းပြီ ဟု ဝန်ခံ၍ နက်ဖြန် လာလတ်ကြကုန်ပြီးလျှင် ဤသို့ ပြုကုန်အံ့ ဟု အချင်းချင်း စီရင်ကုန်၍ မိမိတို့အိမ်သို့ သွားကြကုန်၏။

ဗြဟ္မဒတ်မင်းသည်လည်း ညအခါ ဘောဇဉ်ကိုစားပြီးလျှင် အသရေရှိသော အိပ်ရာ၌လျောင်းလျက် ဘုရားလောင်း၏ ဂုဏ်ကျေးဇူးကို အောက်မေ့၏။ ထိုအခါ ဗြဟ္မဒတ်မင်းအား ထိုသို့ အောက်မေ့စဉ်လျှင် စိုးရိမ်ခြင်းဖြစ်၏။ ကိုယ်မှချွေးတို့သည် ယိုကုန်၏။ အိပ်ရာ၌ သက်သာရာမရသည်ဖြစ်၍ ထိုမှဤမှ တလွန့်လွန့် ပြု၏။

ထိုအခါ မိဖုရားကြီးသည် မင်း၏အနီး၌ အိပ်၏။ ထိုဗြဟ္မဒတ်မင်းသည် ထိုမိဖုရားကြီးနှင့်တကွ စကား ပြောဟောခြင်းကိုမျှလည်း မပြု။ ထိုအခါ မင်းကို မိဖုရားကြီးသည် အရှင်မင်းကြီး. အဘယ့်ကြောင့် စကားပြောဟောခြင်းကိုမျှလည်း ပြုတော်မမူကုန်သနည်း၊ အကျွန်ုပ်အား တစ်စုံတစ်ခုသော အပြစ်သည် ရှိသလော ဟု လျှောက်၏။ ရှင်မိဖုရား... မရှိ၊ စင်စစ်သော်ကား ဗောဓိပရိဗိုဇ်သည် ငါတို့ရန်သူ ဖြစ်သတတ်၊ ထို့ကြောင့် ထိုဗောဓိပရိဗိုဇ်အား နက်ဖြန် သတ်စိမ့်သောငှာ အမတ်ငါးယောက်တို့ကို စေ၏။ ထို အမတ်ငါးယောက်တို့သည်ကား ထိုဗောဓိပရိဗိုဇ်ကို သတ်ပြီးလျှင် အပိုင်းအပိုင်းပြု၍ ကျင်ကြီးတွင်း၌ ချကုန်လတ္တံ့၊ ထိုဗောဓိပရိဗိုဇ်သည်ကား ငါတို့အား တစ်ဆယ့်နှစ်နှစ်တို့ပတ်လုံး များစွာသောတရားကို ဟောပေ၏။ ငါသည် ထိုဗောဓိပရိဗိုင်၏ တစ်စုံတခုသော အပြစ်ကိုလည်း မျက်မှောက်အားဖြင့် မမြင်စဖူး၊ သူတစ်ပါးစကားကိုကား ယုံကြည်သည်ဖြစ်၍ ထိုဗောဓိပရိဗိုဇ်ကို ငါသည် သတ်လေဟူ၍ စေမိ၏။ ထိုအကြောင်းကြောင့် စိုးရိမ်၏ ဟု ဆို၏။

ထိုသို့ ပြောဆိုသောအခါ မင်းကို မိဖုရားကြီးသည် တင်လျှောက်၏။ အရှင်မင်းကြီး အရှင်မင်းကြီး၏ ရန်သူတော်သည် အကယ်၍ ဖြစ်ငြားအံ့၊ ထို ဗောဓိပရိဗိုဇ်ကို သတ်စေကာမူ အဘယ်မူ၍ စိုးရိမ်တော်မူသနည်း၊ ရန်သူမည်သည်ကို သားပင် ဖြစ်လှည့်ငြားသော်လည်း သတ်၍ မိမိ၏ ချမ်းသာသောအဖြစ်ကို ပြုအပ်၏။ စိုးရိမ်တော်မမူလင့် ဟု သက်သာရာ ရစေ၏။ ထိုဗြဟ္မဒတ်မင်းသည် ထိုမိဖုရားကြီးစကားဖြင့် သက်သာရာရ၍ အိပ်ပျော်ခြင်းသို့ရောက်၏။

ခွေး၏ ကယ်တင်ခြင်း

ထိုခဏ နန်းတော်၌မွေးသော ပိင်္ဂလအမည်ရှိသော ခွေးသည် ထိုစကားကိုကြား၍ နက်ဖြန် ငါသည် ငါ၏အစွမ်းဖြင့် ထိုဗောဓိပရိဗိုဇ်အား အသက်ကိုပေးခြင်းငှာ သင့်၏ ဟု ကြံ၍ မိုးသောက်သောနေ့၌ စောစောကလျှင် နန်းတော်ပြသာဒ်ထက်မှ ဆင်းသက်၍ တံခါးမသို့သွားပြီးလျှင် တံခါးခုံပေါ်၌ မေးတင်၍ ဘုရားလောင်း လာလတ္တံ့သော လမ်းကို ကြည့်မျှော်လျက်သာလျှင် ဝပ်၍နေ၏။ ထိုအမတ်တို့သည်လည်း စောစောကလျှင် သန်လျက်စွဲကုန်လျက် လာလဘ်ကုန်၍ တံခါးမ တံခါးငယ်တို့၏ အကြား၌ တည်ကုန်ကြ၏။ ဘုရားလောင်းသည်လည်း အခါကိုမှတ်၍ ဥယျာဉ်တော်မှ ထွက်ခဲ့ပြီးလျှင် မင်းအိမ်တံခါးသို့ သွားလေ၏။ ထိုအခါ ဘုရားလောင်းကို ပိင်္ဂလအမည်ရှိသောခွေးသည် မြင်လျှင် ခံတွင်းကိုဖွင့်၍ အစွယ်လေးချောင်းတို့ကို ပြလျက် အရှင်ဘုရား... အရှင်ဘုရားသည် ဇမ္ဗူဒိပ်ကျွန်းအပြင်ဝယ် တစ်ပါးသောအရပ်၌ ဆွမ်းကို မရသလော၊ အကျွန်ုပ်တို့ အရှင်မင်းကြီးသည် အရှင်ဘုရားအား သတ်စိမ့်သောငှာ သန်လျက်လက်စွဲကုန်သော အမတ်ငါးယောက်တို့ကို တံခါးနှစ်ခုတို့၏အကြား၌ထားတော်မူ၏။ အရှင်ဘုရားသည် နဖူးပြင်ဖြင့် သေမင်းကိုဆောင်ယူခဲ့၍ မလာလင့်၊ လျင်စွာ ဖဲပလေလော့ဟု ပြင်းထန်စွာသောအသံဖြင့် ဟောင်၏။ ထိုဘုရားလောင်း ဗောဓိပရိဗိုဇ်သည် အလုံးစုံသော သတ္တဝါတို့၏အသံကို သိသည်၏အဖြစ်ကြောင့် ထိုအကြောင်းကိုသိ၍ ထိုအရပ်မှလျှင် ပြန်လည်၍ ဥယျာဉ်တော်သို့ သွားပြီးလျှင် တစ်ပါးသောအရပ်သို့ သွားအံ့သောငှာ ပရိက္ခရာတို့ကို ယူ၏။

မင်းကြီးတောင်းပန်ခြင်း

ဗြဟ္မဒတ်မင်းသည် ခြင်္သေ့ခံသော လေသွန်တံခါးဝ၌ရပ်လျက် ထိုဘုရားလောင်း လာလတ်သည်ကိုလည်းကောင်း၊ ပြန်လည်၍ သွားသည်ကိုလည်းကောင်း မြင်၍ ဤဗောဓိပရိဗိုဇ်သည် ငါ၏ရန်သူ အကယ်၍ ဖြစ်ငြားအံ့၊ ဥယျာဉ်တော်သို့ရောက်လျှင် ဗိုလ်ပါကိုစုရုံး၍ စစ်ထိုးမှုကိုစီရင်သည် ဖြစ်လတ္တံ့၊ အကယ်၍ ငါ၏ရန်သူ မဖြစ်ငြားအံ့၊ မိမိပရိက္ခရာတို့ကိုယူ၍ ပြေးသွားအံ့သောအမှုကို စီရင်သည် ဖြစ်လတ္တံ့၊ ထိုဗောဓိပရိဗိုဇ်၏ အမူအရာကို သိအောင်ပြုအံ့ ဟု ဥယျာဉ်သို့သွား၍ မိမိပရိက္ခရာတို့ကို ယူ၍ သွားအံ့ဟု သစ်ရွက်မိုးသောကျောင်းမှ ထွက်သောဘုရားလောင်းကို စင်္ကြံဦးကမြင်လျှင် ရှိခိုး၍ တင့်အပ် လျောက်ပတ်သော အရပ်၌ ရပ်လျက် မေးလျှောက်လိုရကား-

၁၂၄။ ကိံနု ဒဏ္ဍံ ကိမဇီနံ၊ ကိံ ဆတ္တံ ကိမုပါဟနံ။
ကိမင်္ကုသဉ္စ ပတ္တဉ္စ၊ သံဃဋိဉ္စာပိ ဗြာဟ္မဏ။
တရမာနရူပေါ ဂဏှာသိ၊ ကိံ နု ပတ္ထယသေ ဒိသံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၂၄။ ဗြာဟ္မဏ၊ မကောင်းမှုကို အပပြုပြီးသော ရှင်ရဟန်း။ တွံ၊ အရှင်ဘုရားသည်။ တရမာနရူပေါ၊ လျင်မြန်သော သဘောရှိလျက်။ ဒဏ္ဍံ၊ တောင်ဝှေးကို။ ကိံနု ဂဏှာသိ၊ အဘယ့်ကြောင့် ယူဘိသနည်း။ အဇိနံ၊ သစ်နက်ရေကို။ ကိံ ဂဏှာသိ၊ အဘယ့်ကြောင့် ယူဘိသနည်း။ ဆတ္တံ၊ ထီးကို။ ကိံ ဂဏှာသိ၊ အဘယ့်ကြောင့် ယူဘိသနည်း။ ဥပ ဟနံ၊ ဖိနပ်ကို။ ကိံ ဂဏှာသိ၊ အဘယ့်ကြောင့် ယူဘိသနည်း။ အင်္ကုသဉ္စ၊ သပိတ်အိတ်ဆွဲသော ချွန်းကောက်ကိုလည်း။ ကိံ ဂဏှာသိ၊ အဘယ့်ကြောင့် ယူဘိသနည်း။ ပတ္တဉ္စ၊ သပိတ်ကိုလည်း။ ကိံ ဂဏှာသိ၊ အဘယ့်ကြောင့် ယူဘိသနည်း။ သံဃဋိဉ္စာပိ၊ ဒုကုဋ်ကိုလည်း။ ကိံ ဂဏှာသိ၊ အဘယ့်ကြောင့် ယူဘိသနည်း။ တွံ၊ အရှင်ဘုရားသည်။ ကိံနု ဒိသံ၊ အဘယ်အရပ်မျက်နှာကိုလျှင်။ ပတ္ထယသေ၊ သွားခြင်းငှာ တောင့်တတော်မူသနည်း။

ထိုစကားကိုကြား၍ ဘုရားလောင်းသည် ဤမင်းသည် မိမိပြုသောအမှုကို ငါ့ကိုမသိဟု မှတ်ထင်လေ၏။ ထိုကြောင့် ထိုမင်းကို သိစေအံ့ဟု သိစေတော် မူလိုရကား-

၁၂၅။ ဒွါဒသေတာ ဝဿာနိ၊ ဝုသိတာနိ တဝန္တိကေ။
နာဘိဇာနာမိ သောဏေန၊ ပိင်္ဂလေနာဘိကူဇိတံ။
၁၂၆။ သွာဟံ ဒိတ္တောဝ နဒတိ၊ သုက္ကဒါဌံ ဝိဒံသယံ။
တဝ သုတွာ သဘရိယဿ၊ ဝီတသဒ္ဓဿ မံ ပတိ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၁၂၅။ မဟာရာဇ၊ မင်းမြတ်။ တဝန္တိကေ၊ ဒါယကာ မင်းမြတ်အထံ၌။ ဝုသိတာနိ၊ မင်းမြတ်ကို အမှီပြု၍ နေအပ်ကုန်သော။ ယာနိ ဒွါဒသဝဿာနိ၊ အကြင် တစ်ဆယ့်နှစ်နှစ်တို့သည်။ သန္တိ၊ ရှိကုန်၏။ ဧတာနိ ဒွါဒသဝဿာနိ၊ ထို တစ်ဆယ့်နှစ်နှစ်တို့ပတ်လုံး။ ပိင်္ဂလေန၊ ပိင်္ဂလအမည်ရှိသော။ သောဏေန၊ အရှင်မင်းမြတ်၏ ခွေးတော်သည်။ မံ၊ ငါ့ကို။ အဘိကူဇိတံ၊ ပြင်းထန်စွာ ဟောင်ဘူးသည်ကို။ အဟံ၊ ငါသည်။ နာဘိဇာနာမိ၊ မသိစဘူး။

၁၂၆။ မံ ပတိ၊ ငါ၏ကိုယ်တွင်း၌။ သဘရိယသ၊ မိဖုရားနှင့်တကွ။ ဝီတသဒ္ဓဿ၊ သဒ္ဓါကြည်ညိုခြင်းကင်းထသော။ တဝ၊ အရှင်မင်းမြတ်၏။ ဝစနံ၊ စကားကို။ သုတွာ၊ ကြား၍။ သွာယံ- သော အယံ သုနခေါ၊ ထိုခွေးတော် ပိင်္ဂလသည်။ သုက္ကံဒါဌံ၊ ဖြူသော အစွယ်လေးချောင်းကို။ ဝိဒံသယံ၊ ဖော်ပြလျက်။ ဒိတ္တောဝ၊ ဆုံးမဘိသကဲ့သို့။ မံ၊ ငါ့ကို။ နဒတိ၊ ပြင်းစွာဟောင်၏။

ထို့နောင်မှ ဗြဟ္မဒတ်မင်းသည် မိမိအပြစ်ကို ဝန်ခံ၍ ကန်တော့လိုရကား-

၁၂၇။ အဟု ဧသ ကတော ဒေါသော၊
ယထာ ဘာသသိ ဗြာဟ္မဏ။
ဧသ ဘိယျော ပသီဒါမိ၊ ဝသ ဗြာဟ္မဏ မာဂမာ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

ဗောဓိပရိဗိုဇ် သွားခွင့်တောင်းခြင်း

၁၂၇။ ဗြဟ္မဏ၊ မကောင်းမှုကို အပပြုပြီးသော အရှင်မြတ်။ တွံ၊ အရှင်မြတ်သည်။ မမ၊ အကျွန်ုပ်၏။ ဒေါသံ၊ အပြစ်ကို။ ယထာ၊ အကြင်အခြင်းဖြင့်။ ဘာသသိ၊ ဆိုတော်မူ၏။ တထာ၊ ထိုအရှင်ဘုရား ဆိုတော်မူတိုင်း။ မယာ၊ အကျွန်ုပ်သည်။ ဧသ- ဧသော ဒေါသော၊ သတ်ပေတော့ဟူ၍ စေခြင်းဟူသော အပြစ်ကို။ ကတော၊ ပြုအပ်သည်။ အဟု၊ ဖြစ်ချေ၏။ ဧသ-ဧသော အဟံပန၊ ဤသို့ ဗောဓိပရိဗိုင်ကို သတ်ပေတော့ဟူ၍ စေမိသော အပြစ်ရှိသော အကျွန်ုပ်သည်ကား။ ဘိယျာ၊ အတိုင်းထက်အလွန်။ ပသီဒါမိ၊ ယခု ကြည်ညို လှပါပြီ။ ဗြာဟ္မဏ၊ မကောင်းမှုကို အပပြုပြီးသော အရှင်မြတ်။ ဝသ၊ ဤတွင်သာ နေတော်မူပါလော့။ မာဂမာ၊ တစ်ပါးသောအရပ်သို့ ကြွတော်မမူပါလင့်။

ထိုစကားကိုကြား၍ ဘုရားလောင်းသည် မြတ်သောမင်းကြီး... ပညာရှိတို့မည်သည်ကား ထိုသို့သဘောရှိသော သူတစ်ပါးတို့၏ စကားကို ယုံကြည်တတ်သော မျက်မြင်ပြုလေ့မရှိသော သူတို့နှင့်တကွ မနေကုန်ဟု ဆို၍ ထိုမင်း မရိုမသေပြုခြင်းကို ပြတော်မူလိုရကား-

၁၂၈။ သဗ္ဗသေတော ပုရေ အာသိ၊
တတောပိ သဗလော အဟု။
သဗ္ဗလောဟိတကော ဒါနိ၊
ကာလော ပက္ကမိတုံ မမ။
။ လ။
၁၃၆။ အတိစိရံ နိဝါသေန၊ ပိယော ဘဝတိ အပ္ပိယော။
အာမန္တခေါ တံ ဂစ္ဆာမ၊ ပုရာတေ ဟောမ အပ္ပိယာ။

ဟူသော ဤကိုးဂါထာတို့ကို ဆို၏။

၁၂၈။ မဟာရာဇ၊ မင်းမြတ်။ ပုရေ၊ ရှေးက။ တယာ၊ သင်မင်းမြတ်သည်။ မမ၊ ငါ့အား။ ဒိန္နော၊ လှူအပ်သော။ ဩဒနော၊ ဆွမ်းသည်။ သဗ္ဗသေတော၊ အလုံးစုံဖြူသည်။ အာသိ၊ ဖြစ်၏။ တတောပိ၊ ထို့နောင်မှလည်း။ သဗလော၊ ကြောင်ကျားသည်။ အဟု၊ ဖြစ်ပြီ။ ဣဒါနိ၊ ယခုတမူကား။ သဗ္ဗလောဟိတကော၊ အလုံးစုံနီသည်။ ဇာတော၊ ဖြစ်၏။ ဣဒါနိ၊ ယခု။ မေ၊ ငါ့အား။ ပက္ကမိတုံ၊ အရပ်တစ်ပါးသို့ သွားအံ့သောငှာ။ ကာလော၊ အခါသင့်ပြီ။

၁၂၉။ မဟာရာဇ၊ မင်းမြတ်။ ပုရေ၊ ရှေးက။ မမ၊ ငါ၏။ အတ္ထာယ၊ အကျိုးငှာ။ ပညတ္တိ၊ ခင်းအပ်သော။ အာသနံ၊ နေရာသည်။ အဗ္ဘန္တရံ၊ ထီးဖြူဆောက်သော ရာဇပလ္လင်ဟုဆိုအပ်သော အတွင်းတော်၌။ အသိ၊ ဖြစ်၏။ တတော၊ ထို နောင်မှ။ မဇ္ဈေ၊ လှေကားတော်ဦးဟု ဆိုအပ်သောအလယ်၌။ အာသိ၊ ဖြစ်၏။ တတော၊ ထို့နောင်မှ။ ဗဟိ၊ အပ၌။ ဟောတိ၊ ဖြစ်၏။ နိဒ္ဓမနာ၊ လည်ဆစ်ကိုကိုင်၍ နှင်ထုတ်ခြင်းသည်။ ပုရာ ဟောတိ၊ မဖြစ်မီခင်။ အဟံ၊ ငါသည်။ သယမေဝ၊ အလိုလိုသာလျှင်။ ဝဇာမိ၊ သွားတော့အံ့။

၁၃၀။ နောဒကံ၊ ရေမရှိသော။ ဥဒပါနံ၊ ရေတွင်းကို။ န သေဝေယျ ဣဝ၊ မမှီဝဲရာသကဲ့သို့။ တထာ၊ ထို့အတူ။ မဟာရာဇ၊ မင်းမြတ်။ ဝီတသဒ္ဓံ၊ ကြည်ညိုခြင်းကင်းသော သူကို။ န သေဝေယျ၊ မမှီဝဲရာ။ နံ၊ ထို ရေမရှိသောရေတွင်းကို။ သစေပိ အနုခဏေ၊ အကယ်၍မူလည်း ယက်ရာ တူးရာသေး၏။ တထာပိ၊ ထိုသို့ တူးငြား ယက်ငြားသော်လည်း။ ဝါရိ၊ ရေသည်။ ကဒ္ဒမဂန္ဓိကံ၊ ညွန်စော်နံသည်။ ဘဝေယျ၊ ဖြစ်ရာ၏။

၁၃၁။ မဟာရာဇ၊ မင်းမြတ်။ ဥဒကတ္ထိကော၊ ရေကို အလိုရှိသောသူသည်။ ရဟဒံ၊ နက်စွာသာရေအိုင်ကြီးသို့။ ပတွာ၊ ရောက်၍။ ပသန္နံ၊ ကြည်လင်သောရေကို။ ပယိရုပါသေယျ ဣဝ၊ မှီဝဲသုံးဆောင်ရာသကဲ့သို့။ တထာ၊ ထို့အတူ။ ပဏ္ဍိတော၊ ပညာရှိသော သူသည်။ ပသန္နမေဝ၊ မိမိအား ကြည်ညိုသောသူကိုသာလျှင်။ သေဝေယျ၊ ပေါင်းဖော်မှီဝဲရာ၏။ အပ္ပသန္နံ၊ မိမိအား မသဒ္ဓါ မကြည်ညိုသောသူကို။ ဝိဝဇ္ဇယေ၊ ရှောင်လွှဲခွာရှဲရာ၏။

၁၃၂။ မဟာရာဇ၊ မင်းမြတ်။ ဘဇန္တံ၊ မိမိကို မှီဝဲဆည်းကပ်သော။ ပုရိသံ၊ မိမိ စီးပွားချမ်းသာကို အလိုရှိသော ယောက်ျားကို။ ဘဇေ၊ မှီဝဲဆည်းကပ်ရာ၏။ အဘဇန္တံ၊ မိမိကို မမှီဝဲ မဆည်းကပ်သော ရန်သူကို။ န ဘဇ္ဇယေ၊ မမှီဝဲ မဆည်းကပ်ရာ။ ယော၊ အကြင်သူသည်။ ဘဇန္တံ၊ မိမိကို မဆည်းကပ်သော မိတ်ဆွေ ခင်ပွန်းဖြစ်သောသူကို။ န ဘဇ္ဇတိ၊ မမှီဝဲ မဆည်းကပ်။ သော၊ ထိုသူသည်။ အသပ်ပုရိသဓမ္မော၊ သူယုတ်မာတို့၏ အကျင့်ရှိသောသူ မည်၏။

၁၃၃။ မဟာရာဇ၊ မင်းမြတ်။ သာခဿိတော၊ သစ်ခက်ကိုမှီသော။ မိဂေါ ယထာ၊ မျောက်ကဲ့သို့။ ယော၊ အကြင်သူသည်။ ဘဇန္တံ၊ မိမိကို ဆည်းကပ်သောသူကို။ န ဘဇ္ဇတိ၊ မဆည်းကပ်။ သေဝမာနံ၊ မိမိကို မှီဝဲသောသူကို။ န သေဝတိ၊ မမှီဝဲ။ သော၊ ထိုသူသည်။ ဝေ၊ စင်စစ်။ မနုဿပါပိဋ္ဌော၊ အလွန်ယုတ်သောသူ မည်၏။

မိတ်ဆွေပျက်ကြောင်း ၃-ပါး

၁၃၄။ မဟာရာဇာ၊ မင်းမြတ်။ သစ္စာဘိက္ခဏသံသဂ္ဂါ၊ မပြတ် ပေါင်းဖော်လွန်ခြင်းကြောင့်လည်းကောင်း။ အသမော သရဏေန စ၊ မပေါင်းဖော်ခြင်းကြောင့်လည်းကောင်း။ အကာလေ၊ မလျောက်ပတ်သောကာလ၌။ ယာစနာယစ၊ ချစ်မြတ်နိုးသောဥစ္စာကို တောင်းခြင်းကြောင့်လည်းကောင်း။ တေန ကာရဏေန၊ ထိုဆိုအပ်ပြီးသော အကြောင်းကြောင့်။ မိတ္တာ၊ အဆွေခင်ပွန်းတို့သည်။ ဇိရန္တိ၊ ဆွေးမြည့်ပျက်စီးကုန်၏။

၁၃၅။ တသ္မာ၊ ထို့ကြောင့်။ အဘိက္ခဏံ၊ အစဉ်မပြတ်။ န ဂစ္ဆေ၊ မဆည်းကပ်ရာ။ စိရာ စိရံ စ ဂစ္ဆေ၊ အလွန် မြင့်ရှည်စွာလည်း မဆည်းကပ်ဘဲ မနေရာ။ ကာလေန၊ လျောက်ပတ်သောအခါကာလ၌။ ယာစံ၊ တောင်းအပ်သော ဥစ္စာကို။ ယာစေယျ၊ တောင်းရာ၏။ ဧဝံ- ဣမိနာ ပကာရေန၊ ဤသို့သောအပြားအားဖြင့်။ စရမာနေ၊ ကျင့်သည်ရှိသော်။ မိတ္တာ၊ အဆွေခင်ပွန်းတို့သည်။ န ဇီယရေ၊ မဆွေးမြည့် မပျက်စီးကုန်။

၁၃၆။ မဟာရာဇ၊ မင်းမြတ်။ အတိစိရံ၊ အလွန်ကြာမြင့်စွာ။ နိဝါသေန၊ နေခြင်းကြောင့်။ ပိယော၊ ချစ်မြတ်နိုးသော သူသည်။ အပ္ပိယော ဘဝတိ၊ မုန်းသောသူ ဖြစ်တတ်ချေ၏။ မဟာရာဇ၊ မင်းမြတ်။ မယံ၊ ငါတို့သည်။ တေ၊ သင်မင်းမြတ်၏။ အပ္ပိယာ ပုရာ ဟောမ၊ မုန်းတော်မမူကုန်မီ။ တံ၊ သင်မင်းမြတ်ကို။ အာမန္တခေါ၊ ပန်ကြား၍သာလျှင်။ ဂစ္ဆာမ၊ သွားပါကုန်ပါအံ့။

မင်းကြီးပြန်ကြွလာရန် ဖိတ်ကြား

ထိုစကားကိုကြား၍ ဗြဟ္မဒတ်မင်းသည် မိမိပြည်သို့ တစ်ဖန်ပြန်လည်စိမ့်သောငှာ တောင်းပန်လိုရကား-

၁၃၇။ ဧဝံ တေ ယာစမာနာနံ၊ အဉ္ဇလိံ နာဝဗုဇ္ဈသိ။
ပရိစာရကာနံ သတ္တာနံ၊ ဝစနံ န ကရောသိ နော။
ဧဝံ တံ အဘိယာစာမ၊ ပုန ကယိရာသိ ပရိယာယံ။

ဟူသော ဤဂါထာကို ဆို၏။

၁၃၇။ ဘန္တေ၊ အရှင်ဘုရား။ ဧဝံ- ဣမိနာ ပကာရေန၊ ဤသို့သော အပြားအားဖြင့်။ တေ၊ အရှင်ဘုရားအား။ ယာစမနာနံ၊ တောင်းပန်အပ်ကုန်သော အကျွန်ုပ်တို့၏။ အဉ္စလိံ၊ လက်အုပ်ချီခြင်းကို။ တွံ၊ အရှင်ဘုရားသည်။ နာဝ ဗုဇ္ဈသိ၊ သိတော်မမူအံ့။ ပရိစာရကာနံ သတ္တာနံ၊ အလုပ် အကျွေး ပစ္စည်းဒါယကာဖြစ်ကုန်သော။ နော၊ အကျွန်ုပ်တို့၏။ ဝစနံ၊ လျှောက်ထားတောင်းပန်သောစကားကို။ န ကရောသိ၊ နာယူတော်မမူသည် ဖြစ်ငြားအံ့။ ဧဝံ၊ ဤသို့နာယူတော် မမူသည်ရှိသော်။ တံ၊ အရှင်ဘုရားကို။ အဘိယာစာမ၊ အထူးတောင်းပန်ပါကုန်ဦးအံ့။ ပုန ပရိယာယံ၊ ဤနေပြည်တော်သို့ တစ်ဖန်ပြန်လည်တော်မူခြင်းငှာ အလှည့်ကို။ ကယိရာသိ၊ ပြုတော်မူပါဦးလော့။

ဘုရားလောင်းသည် ဝန်ခံတော်မူလိုရကား-

၁၃၈။ ဧဝံ စေ နော ဝိဟရတံ၊
အန္တရာယော န ဟေဿတိ။
တုယှံ ဝါပိ မဟာရာဇ၊
မယှံ ဝါ ရဋ္ဌဝဍ္ဎန။
အပ္ပေဝ နာမ ပဿေမ၊
အဟောရတ္တာနမစ္စယေ။

ဟူသော ဤဂါထာကို ဆို၏။

၁၃၈။ ရဋ္ဌဝဍ္ဎန၊ တိုင်းနိုင်ငံသူ ရှင်လူများကို ပွားစေတော်မူတတ်သော။ မဟာရာဇ၊ မင်းမြတ်။ တုယှံ ဝါပိ၊ သင်မင်းမြတ်အားလည်းကောင်း။ မယှံ ဝါပိ၊ ငါ့အားလည်းကောင်း။ ဧဝံ ဝိဟရတံ၊ ဤသို့ကွေကွင်း၍ နေကြကုန်လတ္တံ့သော။ နော အမှာကံ၊ ငါတို့အား။ အန္တရာယော၊ အန္တရာယ်သည်။ စေ န ဟေဿတိ၊ မဖြစ်ငြားအံ့။ ဧဝံသတိ၊ ဤသို့ အန္တရာယ် မဖြစ်ကြပါသော်။ အဟောရတ္တာနံ၊ နေ့ညဉ့်တို့၏။ အစ္စယေ၊ လွန်ခြင်းသည်။ သတိ၊ ရှိသော်။ အပ္ပေဝ နာမ ပဿမ၊ မြင်ရကုန်ငြားအံ့လည်း မသိ။ ဝါ၊ ပြန်လည် ဆုံဆည်းကောင်း ဆုံဆည်းနိုင်ရာ၏။

ဤသို့လျှင် ဘုရားလောင်းသည် ဗြဟ္မဒတ်မင်းအား တရားဟောတော်မူ၍ မင်းမြတ်... မမေ့မလျော့ ဖြစ်တော်မူလော့ဟု ဆို၍ ဥယျာဉ်တော်မှ ထွက်ခဲ့ပြီးလျှင် သင့်တင့်လျောက်ပတ်သော အရပ်တစ်ခု၌ ဆွမ်းခံ၍ ဗာရာဏသီပြည်မှ ထွက်သွားလေ၍ အစဉ်သဖြင့် ဟိမဝန္တာသို့သာလျှင်သွား၍ အတန်ငယ်သော ကာလပတ်လုံးနေပြီးလျှင် တစ်ဖန် ဟိမဝန္တာမှသက်ခဲ့၍ တစ်ခုသော ပစ္စန္တရစ်ရွာကို အမှီပြုလျက် တော၌နေ၏။

မင်းကြီး ဘေးတွေ့ပြီ

ဘုရားလောင်း ဗောဓိပရိဗိုဇ်သွားသော ကာလမှစ၍ ထိုအမတ်တို့သည် တစ်ဖန် တရားဆုံးဖြတ်ရာ၌ နေကုန်၍ ဖျက်ဆီးခြင်းကိုပြုကုန်လျက် မဟာဗောဓိပရိဗိုဇ်သည် တစ်ဖန် အကယ်၍ လာငြားအံ့၊ ငါတို့ အသက်ရှိတော့မည် မဟုတ်၊ စင်စစ်သော်ကား ထိုဗောဓိပရိဗိုင်၏ မလာလတ္တံ့သော အကြောင်းကို အသို့ ပြုကြကုန်အံ့နည်းဟု ကြံကြကုန်၏။

ထိုအခါ ထိုအမတ်တို့အား ဤသို့သောအကြံသည် ဖြစ်၏။ ဤသတ္တဝါတို့သည် တပ်စွန်းသူရှိရာ အရပ်မည်သည်ကို စွန့်ခြင်းငှာ မတတ်နိုင်ကုန်၊ ဤမြို့၌ ထိုဗောဓိပရိဗိုဇ်၏ တပ်စွန်းနှစ်သက်ရာ ဌာနသည်ကား အဘယ်နည်းဟု စုံစမ်းရှာဖွေ၍ ထို့နောင်မှ မင်း၏ မိဖုရားကြီးတည်းဟု သိလျှင် အကြင်အကြောင်းကြောင့် ထိုဗောဓိပရိဗိုဇ်သည် ဤမိဖုရားကြီးကို အမှီပြု၍ လာပြန်ရာ၏။ ထိုအကြောင်းသည် ရှိချေသလျှင်ကတည်း၊ ဗောဓိပရိဗိုဇ် မလာမီကလျှင် ထိုမိဖုရားကြီးကို သတ်စေကုန်အံ့ဟု ကြံကြကုန်ပြီးလျှင် ဗြဟ္မဒတ်မင်းကို ဤသို့သောစကားကို တင်လျှောက်ကြကုန်၏။ အရှင်မင်းမြတ်... ဤမည်သောနေ့၌ မြို့တော်ဝယ် တစ်ခုသောစကားကို အကျွန်ုပ်တို့သည် ကြားအပ်၏ဟု တင်လျှောက်ကြကုန်၏။ အဘယ်မည်သော စကားနည်းဟု မေးတော်မူလတ်သော် အရှင်မင်းမြတ်... မဟာဗောဓိပရိဗိုဇ်သည်လည်းကောင်း၊ အရှင်မိဖုရားကြီးသည်လည်းကောင်း၊ အချင်းချင်း သတင်းစကား တုံ့ပြန်သော သတင်းစကားကို မှာကြားပို့ သ စေဆိုကြကုန်၏ဟု တင်လျှောက်ကြကုန်၏။ အသို့ပြု၍ မှာကြားပို့သ စေဆိုကြကုန်သနည်းဟု မေးတော်မူသည်ရှိသော် ရှင်မိဖုရား ရှင်မိဖုရားအစွမ်းဖြင့် မင်းကိုသေစေ၍ ငါ့အား ထီးဖြူကိုပေးခြင်းငှာ တတ်နိုင်ပါမည်လောဟု ထိုဗောဓိပရိဗိုဇ်သည် အရှင်မိဖုရားအား စကားပို့ဆောင် စေဆို မှာကြားသတတ်။ မင်းအား သေအောင်သတ်ခြင်း မည်သည်ကား အကျွန်ုပ်၏ ဝန်ဖြစ်စေ၊ အရှင်မင်းမြတ်သည် လျင်မြန်စွာ ကြွလာလှည့်ဟု ထိုမိဖုရားကြီးကလည်း ထိုဗောဓိပရိဗိုဇ်အား စေဆိုမှာထားလိုက်ပါသည်ဟု တင်လျှောက်ကြကုန်၏။ ဗြဟ္မဒတ်မင်းသည် အဖန်တလဲလဲ တင်ကြကုန်သော ထိုအမတ်တို့၏စကားကို ယုံကြည်၍ ယခု အသို့ပြုအပ်သနည်းဟု မေးတော်မူ၍ အရှင်မင်းမြတ်... အရှင်မိဖုရားကို သတ်ခြင်းငှာ ထိုက်ပါ၏ ဟု တင်လျှောက်ကုန်လတ်သော် မစုံစမ်း မဆင်ခြင်မူ၍ ထိုသို့ဖြစ်လျှင် သင်တို့သည်ပင်လျှင် ထိုမိဖုရားကြီးကို သတ်၍ အပိုင်းပိုင်းဖြတ်ပြီးလျှင် ကျင်ကြီးတွင်း၌ ပစ်ချကုန်လော့ဟု ဆို၏။

ထိုအမတ်တို့သည် ထိုသို့စီရင်တိုင်း ပြုကြကုန်၏။ ထိုမိဖုရားကို သတ်စေသော အဖြစ်သည် မြို့အလုံး ကျော်စောထင်ရှား၏။ ထိုအခါ ဤမင်းသည် အပြစ်မရှိသော ငါတို့ မယ်တော်မိဖုရားကြီးကို သတ်အပ်၏ဟု ထိုမိဖုရားကြီး၏ သားတော်လေးယောက်တို့သည် မင်း၏ရန်သူ ဖြစကြကုန်၏။ ဗြဟ္မဒတ်မင်းသည် ကြီးစွာသောဘေးသို့ ရောက်၏။

ဗောဓိပရိဗိုင် ပြန်ကြွလာ

ဘုရားလောင်းသည် အဆင့်ဆင့်အားဖြင့် ထိုသတင်းစကားကို ကြား၍ ငါ့ကိုထား၍ ငါမှတစ်ပါးသော ထိုမင်းသားလေးယောက်တို့ကို နှစ်သက်စေ၍ ခမည်းတော် ဗြဟ္မဒတ်မင်းကို ကန်တော့စိမ့်သောငှာ စွမ်းနိုင်သူမည်သည် မရှိ၊ မင်းအားလည်း အသက်ကိုပေးအံ့၊ မင်းသားတို့ကိုလည်း မကောင်းမှုမှ လွတ်စေအံ့ဟု ကြံ၏။ ကြံပြီး၍ ထိုဘုရားလောင်းသည် မိုးသောက်သောနေ့၌ ပစ္စန္တရစ်ရွာသို့ဝင်၍ လူတို့သည် လှူအပ်သော မျောက်သားကို ဘုဉ်းပေးတော်မူပြီးလျှင် ထိုမျောက်ရေကို တောင်း၍ယူသဖြင့် ကျောင်း၌ ခြောက်စေပြီးလျှင် အနံ့မရှိအောင်ပြု၍ ဝတ်လည်းဝတ်၏။ ရုံလည်းရုံ၏။ ပခုံး၌လည်း တင်၏။ အဘယ့်ကြောင့် ဤသို့ပြုသနည်းဟူမူကား မျောက်သည် ငါ့အား များစွာ ကျေးဇူးပြု၏ဟု ပြောရအောင် ပြုတော်မူ၏။ ဘုရားလောင်းသည် ထိုမျောက်ရေကိုယူ၍ အစဉ်သဖြင့် ဗာရာဏသီပြည်သို့ ရောက်လေလျှင် မင်းသားတို့သို့ ကပ်တော်မူ၍ အရှင်မင်းသားတို့... အဖကိုသတ်သော မကောင်းမှုကံမည်သည်ကား ကြမ်းကြုတ်လှစွာသော မကောင်းကျိုးရှိ၏။ ထိုပိတုဃာတကကံကို သင်မင်းသားတို့သည် မပြုအပ်၊ မအိုမသေ နေရသော သတ္တဝါမည်သည် မရှိ၊ ငါသည် သင်မင်းသားတို့ကို အချင်းချင်း သင့်တင့်ညီညွတ်သည်တို့ကိုပြုအံ့ ဟူ၍သာလျှင် လာ၏။ သင်မင်းသားတို့သည် ငါသည် သတင်းစကားကို စေသည်ရှိသော် လာလတ်ကြကုန်လော့ဟု မင်းသားတို့ကို ဆုံးမမှာထားခဲ့ပြီးလျှင် မြို့တွင်း၌ ဥယျာဉ်တော်သို့ဝင်၍ မျောက်ရေကိုခင်းလျက် ကျောက်ဖျာ၌ နေ၏။

ထိုအခါ ဘုရားလောင်းကို ဥယျာဉ်စောင့်မြင်၍ လျင်မြန်စွာ သွားပြီးလျှင် ဗြဟ္မဒတ်မင်းအား ကြားလျှောက်၏။ ဗြဟ္မဒတ်မင်းသည် ကြား၍လျှင်ဖြစ်သော ဝမ်းမြောက်ခြင်း ရှိသည်ဖြစ်၍ ထိုအမတ်တို့ကိုခေါ်၍ ထိုဥယျာဉ်သို့ သွားပြီးလျှင် ဘုရားအလောင်းကို ရှိခိုးလျက်နေ၍ ပျူငှာလောကဝတ်ကို ပြုအံ့သောငှာ အားထုတ်၏။ ဘုရားလောင်းသည် ထိုမင်းနှင့်တကွ မပြောဆိုမူ၍ မျောက်ရေကိုသာလျှင် သုံးသပ်၏။ ထိုအခါ ဘုရားလောင်းကို ဤသို့ ဆို၏။ အရှင်ဘုရား... အရှင်ဘုရားတို့သည် အကျွန်ုပ်နှင့်မဆိုမူ၍ မျောက်ရေကိုသာလျှင် သုံးသပ်တော်မူဘိကုန်၏။ အရှင်ဘုရားတို့အား ဤမျောက်ရေသည် အကျွန်ုပ်ထကျ ကျေးဇူးကြီးမြတ်လေသလောဟု မေးလျှောက်၏။ ဒါယကာမင်းမြတ် ဤမျောက်သည် ငါ့အားကျေးဇူးများသည် ဟုတ်၏။ ငါသည် ထိုမျောက်၏ ကျောက်ကုန်း၌ စီး၍သွားရပေ၏။ ဤမျောက်သည် ငါ၏ သောက်ရေအိုးကို ဆောင်ပေ၏။ နေရာအရပ်ကို တံမြက်လှည်းပေ၏။ ငါ့အား အာဘိသမာစာရိက သီလဖြစ်သော ဝတ်ကြီးဝတ်ငယ်ကို ပြုပေ၏။ ငါသည်တစ်မူကား မိမိ၏ အားနည်းသောစိတ် ရှိသည်၏အဖြစ်ကြောင့် ထိုမျောက်သားကိုစား၍ အရေကို ခြောက်စေပြီးလျှင် ခင်း၍ ထိုင်လည်း ထိုင်၏။ အိပ်လည်း အိပ်၏။ အကြင်အကြင် ဆိုအပ်ပြီးသောနည်းဖြင့် ဤမျောက်သည် ငါ့အား များစွာ ကျေးဇူးပြုဖူးပေ၏ ဟု ဘုရားလောင်းသည် အမတ်တို့၏ အယူတို့ကို ဖျက်ဆီးအံ့သောငှာ မျောက်ရေ၌ မျောက်ပညတ်ကိုတင်လျက် ထိုထို အကြောင်းပရိယာယ်ကိုရည်၍ ဤစကားကို ဆိုတော်မူ၏။

ထိုစကားသည် မှန်၏။ ဘုရားလောင်းသည် ထိုမျောက်ရေပေါ်၌ နေဖူးသည်၏ အဖြစ်ကြောင့် ကျောက်ကုန်း၌ စီး၍ သွားရပေ၏ဟူ၍ စကားကို ဆိုတော်မူ၏။ ထိုမျောက်ရေကို ပခုံး၌တင်၍ သောက်ရေအိုးကို ထမ်းပိုးရွက်ဆောင်ဖူးသည်၏ အဖြစ်ကြောင့် သောက်ရေအိုးကို ထမ်းပိုး ရွက်ဆောင်ဖူးပေ၏ဟု ဤသို့သော စကားကို ဆိုတော်မူ၏။ ထိုမျောက်ရေဖြင့် မြေ၌ တံမြက် လှည်းဖူးသည်၏ အဖြစ်ကြောင့် နေရာအရပ်ကို တံမြက်လှည်းဖူးပေ၏ဟု ဤသို့သောစကားကို ဆိုတော်မူ၏။ လျောင်းသောကာလ၌ ထိုမျောက်ရေနှင့် ဘုရားလောင်း ကျောတော်၏, နင်းသောကာလ ခြေတို့၏ ထိဖူးသည်၏ အဖြစ်ကြောင့် ငါအား ဝတ်ကြီးဝတ်ငယ်ကို ပြုဖူးပေ၏ဟု ဤသို့သောစကားကို ဆိုတော်မူ၏။ ဆာမွတ်သော ကာလ၌ကား ထိုမျောက်အသားကိုရ၍ စားတော်မူဖူးသည်၏ အဖြစ်ကြောင့် ငါသည်တမူကား မိမိ၏ အားနည်းသော စိတ်ရှိသည်၏အဖြစ်ကြောင့် ထိုမျောက်အသားကို စား၏ဟု ဤသို့သောစကားကို ဆိုတော်မူ၏။

ထိုအမတ်တို့သည် ထိုစကားကိုကြား၍ ထိုဗောဓိပရိဗိုဇ်သည် ပါဏာတိပါတကို ပြုအပ်၏ဟူသော အမှတ်ဖြင့် အို ပရိသတ်အပေါင်းတို့... ရဟန်း၏အမှုကို သင်တို့သည် ရှုကြပါကုန်လော၊ မျောက်ကိုသတ်၍ မျောက်သားကိုစားပြီးလျှင် အရေကိုယူ၍ လှည့်လာသတတ်ဟု လက်ခုပ်တီး၍ ပြက်ရယ်ပြုကြကုန်၏။

အဟတုကဝါဒကို ဖျက်ဆီးပုံ

ဘုရားလောင်းသည် ထိုအမတ်တို့ ထိုသို့ ပြက်ရယ်ပြုကုန်သည်တို့ကို မြင်တော်မူလျှင် ဤအမတ်တို့သည် မိမိ မိမိတို့၏အယူကို ဖျက်ဆီးအံ့သောငှာ မျောက်ရေကိုယူ၍ လာသောအဖြစ်ကို မသိကြလေကုန်၊ ထိုအမတ်တို့ကို သိစေအံ့ဟု နှလုံးသွင်းတော်မူပြီးလျှင် အဟေတုကဝါဒီ အမတ်ကို ရှေးဦးစွာခေါ်၍ မေးတော်မူ၏။ ဒါယက... သင်သည် အဘယ့်ကြောင့် ငါ့ကို ပြက်ရယ်ပြုဘိသည် ဟု မေးတော်မူ၏။ ရဟန်း... အဆွေခင်ပွန်းကို ပြစ်မှားသော အမှုကိုလည်းကောင်း ပါဏာတိပါတကိုလည်းကောင်း ပြုသည်၏အဖြစ်ကြောင့် ပြက်ရယ်ပြု၏ဟု ဆိုလတ်သော် ထို့နောင်မှ ဘုရားလောင်းသည် ဒါယကာ... အကြင်သူသည် သင့်အားလည်းကောင်း သင့်၏ အယူဝါဒအားလည်းကောင်း ယုံကြည်၍ ဤသို့ အဆွေခင်ပွန်းပြစ်မှားခြင်းအမှု, ပါဏ်ကတိပါတအမှုကို ပြုလေရာ၏။ ထိုသူနှင့်တကွ မည်သည့်သူ၏အမှုသည် မကောင်းသနည်း ဟု ဆို၍ ထိုအဟတုကဝါဒီ အမတ်၏ အယူဝါဒကို ဖျက်ဆီးတော်မူလိုရကား

၁၃၉။ ဥဒီရဏာ စေ သံဂတျာ၊ ဘာဝါယ မနုဝတ္တတိ။

အကာမအကရဏီယံ ဝါ၊ ကရဏီယံ ဝါပိ ကုဗ္ဗတိ။

အကာမကရဏီယမှိ၊ ကွိဓ ပါပေန လိပ္ပတိ။

၁၄၀။ သော စေ အတ္ထော စ ဓမ္မော စ၊

ကလျာဏော န စ ပါပကာ။

ဘောတော စေ ဝစနံ သစ္စံ၊

သုဟတော ဝါနရော မယာ။

၁၄၁။ အတ္တနော စေ ဟိ ဝါဒဿ၊ အပရာဓံ ဝိဇာနိယာ။

န မံ တွံ ဂရဟေယျာသိ။

ဘောတော ဝါဒေါ ဟိ တာဒိသော။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

၁၃၉။ အာဝုသော၊ ဒါယကာ။ လောကော၊ လောကသည်။ သံဂတျာ စ၊ ခြောက်ပါးကုန်သော အမျိုးများတို့တွင် တစ်ပါးကုန်သောအမျိုးသို့ ရောက်သဖြင့်လည်းကောင်း။ ဘာဝါယ၊ သဘောအားဖြင့်လည်းကောင်း။ အနုဝတ္တတိ၊ ချမ်းသာခြင်း ဆင်းရဲခြင်းသို့ရောက်၏။ အကာမာ၊ အလိုမရှိသဖြင့်။ အကရဏီယံ ဝါ၊ မကောင်းမှုကို လည်းကောင်း။ ကရဏီယံ ဝါ၊ ကောင်းမှုကိုလည်းကောင်း။ ကုဗ္ဗတိ၊ ပြု၏။ ဣတိ၊ ဤသို့။ တွံ၊ သင် ဒါယကာသည်။ ဝဒသိ၊ ဆို၏။ အယံ၊ ဤစကားသည်။ တဝ၊ သင်၏။ ဥဒီရဏာ စေ၊ စကားဖြစ်ငြားအံ့။ ဧဝံ သန္တေ၊ ဤသို့ သင့်စကားဖြစ်သည်ရှိသော်။ ဣဓ လောကေ၊ ဤလောက၌။ အကာမာ၊ အလိုမရှိသဖြင့်။ ကရဏီယမှိ၊ ပြုသည်ရှိသော်။ ကော နာမ၊ အဘယ်မည်သော သတ္တဝါသည်။ ပါပေန၊ မကောင်းမှုဖြင့်။ လိပ္ပတိ၊ လိမ်းကျံမည်နည်း။

၁၄၀။ အာဝုသော၊ ဒါယကာ။ တဝ၊ သင်၏။ သော အတ္ထော စ၊ ထိုအဟေတုကဝါဒဟု ဆိုအပ်သော အနက်သည်လည်းကောင်း။ သော ဓမ္မော စ၊ ထိုအနက်ကို ပြတတ်သော သဒ္ဒါသည်လည်းကောင်း။ ကလျာဏော၊ ကောင်းမြတ်သည်။ ဟောတိ စေ၊ ဖြစ်ငြားအံ့။ ပါပကော၊ ယုတ်မာသည်။ န စဟောတိ စေ၊ မဖြစ်ငြားအံ့။ ဘောတော၊ သင်ဒါယကာ၏။ ဝစနံ၊ အကြောင်းမရှိဘဲ သတ္တဝါတို့သည် ဆင်းရဲချမ်းသာကို ခံရကုန်၏ဟူသော စကားသည်။ သစ္စံ စေ၊ မှန်ငြားအံ့။ ဧဝံ သတိ၊ ဤသို့ မှန်သည်ရှိသော်။ မယာ၊ ငါသည်။ ဝါနရော၊ မျောက်ကို။ သုဟတော၊ သတ်အပ်ကောင်းပါသည်တကား။

၁၄၁။ ဟိ-သစ္စံ၊ မျောက်ကိုသတ်အပ်သည်ကား ကောင်းဟူ၍ ဆိုအပ်သော ငါ့စကားသည် မှန်၏။ အာဝုသော၊ ဒါယကာ။ ဟိ ယသ္မာ၊ အကြင့်ကြောင့်။ ဘောတော၊ ဒါယကာ၏။ ဝါဒေါ၊ အယူဝါဒသည်။ တာဒိသော၊ ထိုငါပြုသော အမှုနှင့်တူသော သဘောရှိ၏။ တသ္မာ၊ ထို့ကြောင့်။ မမ၊ ငါ့အား။ ဂရဟမာနေ၊ ကဲ့ရဲ့သည်ရှိသော်။ အတ္တနော၊ မိမိ၏။ ဝါဒဿ၊ အယူဝါဒအား။ အပရာဓံ၊ ကဲ့ရဲအံ့သော အပြစ်ကို။ ဝိဇာနိယာ စေ၊ သိသည်ဖြစ်အံ့။ ဧဝံသတိ၊ ဤသို့ သိသည်ရှိသော်။ မံ၊ ငါ့ကို။ တွံ၊ သင် ဒါယကာသည်။ နံ ဂရဟောသိ၊ မကဲ့ရဲရာ။

ပထမဂါထာ၌ ဆိုအပ်သော အမျိုးခြောက်ပါး၏ သရုပ်ကို ဤသို့မှတ်အပ်၏။

ကဏှာဘိဇာတိ၊ နီလာဘိဇာတိ၊ လောဟိတာဘိဇာတိ၊ ဟလိဒ္ဒါဘိဇာတိ၊ သုက္ကာဘိဇာတိ၊ ပရမသုက္ကာဘိဇာတိဟူသော ခြောက်ပါးတည်း။

*ထိုခြောက်ပါးတို့တွင် တံငါ, မုဆိုး, သူခိုး, သူသတ်တို့မှတစ်ပါး ကြမ်းကြုတ်သောအမှုကို ပြုသောသူတို့သည် ကဏှာဘိဇာတိမည်၏။

*ရဟန်းသည် နီလာဘိဇာတိ မည်၏။

*တက္ကတွန်းတို့သည် လောဟိတာဘိဇာတိ မည်၏။

*လူ, အစေလက, သာဝကတို့သည် ဟလိဒ္ဒါဘိဇာတိ မည်၏။

*နန္ဒ, ဝစ္ဆ သံကိစ္စအမျိုးသည် သုက္ကာဘိဇာတိ မည်၏။

*အာဇီဝကတို့သည် ပရမသုက္ကာဘိဇာတိ မည်၏။ ဤသို့ မှတ်အပ်၏။

ဤဂါထာတို့ဖြင့် ဘုရားလောင်းသည် ထိုအဟေတုကဝါဒီ အမတ်ကို နှိပ်တော်မူ၍ ပညာကင်းသည်ကို ပြုတော်မူ၏။ ထိုအဟေတုကဝါဒီ အမတ်သည်လည်း မင်းပရိသတ်ဘောင်၌ မျက်နှာမသာသည်ဖြစ်၍ ဦးခေါင်းငိုက်စိုက်နေ၏။

ဣဿရကတဝါဒကို ဖျက်ဆီးပုံ

ဘုရားလောင်းသည်လည်း ထို အဟေတုကဝါဒီ အမတ်၏ အယူဝါဒကို ဖျက်ဆီးတော်မူပြီး၍ ဗြဟ္မာ, ဗိဿနိုး, အစိုးရသောသူ ဖန်ဆင်းသည်ဟု အယူရှိသော ဣဿရကတဝါဒီ အမတ်ကို ခေါ်တော်မူ၍ ဒါယကာ... သင်သည် ဗြဟ္မာ, ဗိဿနိုး, အစိုးရသောသူ ဖန်ဆင်းသည်ဟူသော အယူဝါဒကို အကယ်၍ အနှစ်သာရအားဖြင့် ယုံကြည်အံ့၊ ဤသို့ယုံကြည်သော် အဘယ့်ကြောင့် ငါ့ကို ပြက်ရယ်ပြုရဘိသနည်း ဟု ဆို၍ ထိုအယူဝါဒကို ဖျက်ဆီးတော်မူလိုရကား-

၁၄၂။ ဣဿရော သဗ္ဗလောကဿ၊
သစေ ကပ္ပေတိ ဇီဝိတံ။
ဣဒ္ဓိံ ဗျသနဘာဝဉ္စ၊
ကမ္မံ ကလျာဏပါပကံ။
နိဒ္ဒေသကာရီ ပုရိသော၊
ဣဿရော တေန လိပ္ပတိ။
၁၄၃။ သော စေ အတ္ထော စ ဓမ္မော စ၊
ကလျာဏော န စ ပါပကော။
ဘောတော စေ ဝစနံ သစ္စံ၊
သုဟတော ဝါနရော မယာ။
၁၄၄။ အတ္တနော စေ ဟိ ဝါဒဿ၊ အပရာဓံ ဝိဇာနိယာ။
န မံ တွံ ဂရဟေယျာသိ၊
ဘောတော ဝါဒေါ ဟိ တာဒိသော။

ဟူသော ဤသုံးဂါထာတို့ကို ဆိုတော်မူ၏။

၁၄၂။ အာဝုသော၊ ဒါယကာ။ သဗ္ဗလောကဿ၊ အလုံးစုံသော သတ္တဝါ၏။ ဇီဝိကဉ္စ၊ အသက်မွေးခြင်းကိုလည်းကောင်း။ ဣဒ္ဓိ ဗျသန ဘာဝဉ္စ၊ တန်ခိုးပြည့်စုံခြင်း ပျက်စီးခြင်းအဖြစ်ကိုလည်းကောင်း။ ကလျာဏပါပကံ၊ ကောင်း-မကောင်းသော။ ကမ္မဉ္စ၊ ကုသိုလ် အကုသိုလ်ကို လည်းကောင်း။ ဣဿရော၊ ဗြဟ္မာ ဗိဿနိုး အစိုးရသောသူသည်။ သစေ ကပ္ပေတိ၊ အကယ်၍ စီရင်သည် ဖြစ်အံ့။ ဧဝံ သန္တေ၊ ဤသို့ ဗြဟ္မာ ဗိဿနိုး အစိုးရသောသူ စီရင်သည် ရှိသော်။ ပုရိသော၊ သတ္တဝါသည်။ နိဒ္ဒေသကာရီ၊ ညွှန်ပြ စီရင်သည်ကိုသာ ပြုလေ့ရှိသည်ဖြစ်၍။ ပါပေန၊ မကောင်းမှုဖြင့်။ နလိမ္ပတိ၊ မလိမ်းကျံပါတကား။ ဣဿရော၊ ဗြဟ္မာ ဗိဿနိုး အစိုးရသော သူသည်သာ။ တေန၊ ထို မကောင်းမှုဖြင့်။ လိပ္ပတိ၊ လိမ်းကျံ လူးကပ်ပါလေသည် တကား။

၁၄၃။ အာဝုသော၊ ဒါယကာ။ တဝ၊ သင်၏။ သော တာဒိသော၊ ထိုသို့သဘောရှိသော။ အတ္ထော စ၊ ဗြဟ္မာ ဗိဿနိုး အစိုးရသောသူ ဖန်ဆင်းစီရင်၏ဟူသော အနက်သည်လည်းကောင်း။ ဓမ္မော စ၊ အနက်ကိုပြတတ်သော သဒ္ဒါသည်လည်းကောင်း။ ကလျာဏော၊ ကောင်းမြတ်သည်။ ဟောတိ စေ၊ ဖြစ်ငြားအံ့။ ပါပကော၊ ယုတ်မာသည်။ န စ ဟောတိ စေ၊ မဖြစ်ငြားအံ့။ ဘောတော၊ သင်ဒါယကာ၏။ ဝစနံ၊ ဗြဟ္မာ ဗိဿနိုး အစိုးရသောသူ ဖန်ဆင်းစီရင်၏ ဟူသော စကားသည်။ သစ္စံ စေ၊ မှန်ငြားအံ့။ ဧဝံ သတိ၊ ဤသို့ မှန်သည်ရှိသော်။ မယာ၊ ငါသည်။ ဝါနရော၊ မျောက်ကို။ သုဟတော၊ သတ်အပ်သည် ကောင်းစွတကား။

၁၄၄။ ဟိ-သစ္စံ၊ မျောက်ကို သတ်အပ်သည် ကောင်းစွတကားဟူ၍ ဆိုအပ်သော စကားသည် မှန်၏။ အာဝုသော၊ ဒါယကာ။ ဟိ-ယသ္မာ၊ အကြင့်ကြောင့်။ ဘောတော၊ သင်ဒါယကာ၏။ ဝါဒေါ၊ အယူဝါဒသည်။ တာဒိသော၊ ထို ငါပြုသောအမှုနှင့် တူသောသဘောရှိ၏။ တသ္မာ၊ ထို့ကြောင့်။ မမ၊ ငါ့အား။ စောဒိယမာနေ၊ ကဲ့ရဲ့သည်ရှိသော်။ အတ္တနော၊ မိမိ၏။ ဝါဒသ၊ အယူဝါဒအား။ အပရာဓံ၊ ကဲ့ရဲ့အံ့သော အပြစ်ကို။ ဝိဇာနိယာ စေ၊ သိငြားအံ့။ ဧဝံ-သတိ၊ ဤသို့ သိသည်ရှိသော်။ မံ၊ ငါ့ကို။ တွံ၊ သင်သည်။ န ဂရဟေယျာသိ၊ မကဲ့ရဲ့ရာ။

ပုဗ္ဗေကတဝါဒကို ဖျက်ဆီးပုံ

ဤသို့လျှင် ထိုဘုရားလောင်းသည် သရက်ပင်မှလျှင် တုတ်ချောင်းကိုယူ၍ သရက်သီးကို ကြွေစေသကဲ့သို့ ဗြဟ္မာ ဗိဿနိုး အစိုးရသောသူ ဖန်ဆင်းသည်ဟူသော အယူဝါဒဖြင့်လျှင် ဗြဟ္မာ ဗိဿနိုး အစိုးရသောသူ ဖန်ဆင်းသည်ဟူသော ဝါဒကို ဖျက်ဆီးတော်မူပြီး၍ ပုဗ္ဗေကတဝါဒီအမတ်ကို ခေါ်တော်မူ၍ ဒါယကာ သင်သည် ပုဗ္ဗေကတဝါဒကို မှန်၏ဟူ၍ အကယ်၍ အောက်မေ့အံ့၊ ဤသို့ အောက်မေ့သည်ရှိသော် ငါ့ကို အဘယ့်ကြောင့် ရယ်သွမ်း သွေးရဘိသနည်း ဟု ဆို၍ ထိုအယူဝါဒကိုလည်း ဖျက်ဆီးတော်မူလိုရကား-

၁၄၅။ သစေ ပုဗ္ဗေကတဟေတု၊ သုခဒုက္ခံ နိဂစ္ဆတိ။
ပေါရာဏကံ ကတံ ပါပံ၊
တမေသော မုစ္စတေ ဣဏံ။
ပေါရာဏကဣဏမောက္ခော၊ ကွီဓ ပါပေ လိပ္ပတိ။
၁၄၆။ သော စေ အတ္ထော စ ဓမ္မော စ၊
ကလျာဏော န စ ပါပကော။
ဘောတော စေ ဝစနံ သစ္စံ၊
သုဟတော ဝနရော မယာ။
၁၄၇။ အတ္တနော စေ ဟိ ဝါဒဿ၊
အပရာဓံ ဝိဇာနိယာ။
န မံ တွံ ဂရဟေယျာသိ၊
ဘောတော ဝါဒေါ ဟိ တာဒိသော။

ဟူသော ဤသုံးဂါထာတို့ကို ဆိုတော်မူ၏။

၁၄၅။ အာဝုသော၊ ဒါယကာ။ ပုဗ္ဗေကတဟေတု၊ ရှေးဘဝ၌ပြုအပ်သော ကံကြောင့်သာလျှင်။ လောကော၊ သတ္တဝါသည်။ သုခဒုက္ခံ၊ ချမ်းသာ ဆင်းရဲခြင်းသို့။ သစေ နိဂစ္ဆတိ၊ အကယ်၍ ရောက်အံ့။ တေန၊ ထိုသတ္တဝါသည်။ ပေါရာဏကံ၊ ရှေး၌ဖြစ်သော။ ယံ ပါပံ၊ အကြင်မကောင်းမှုကို။ ကတံ၊ ပြုအပ်ပြီ။ ဧသော၊ ဤသတ္တဝါသည်။ ဣဒါနိ၊ ယခုအခါ၌။ တံ ဣဏံ-တမှာ ဣဏမှာ၊ ထိုမြီဟောင်းမှ။ သစေ မုစ္စတေ၊ အကယ်၍ လွတ်သည်ဖြစ်အံ့။ ဧဝံ-သန္တေ၊ ဤသို့ လွတ်သည်ရှိသော်။ သော သတ္တော၊ ထိုသတ္တဝါသည်။ ပေါရာဏကံ-ပေါရာဏကာ၊ ရှေးမကောင်းမှုတည်းဟူသော မြို့ဟောင်းမှ။ မုစ္စတိ ယထာ၊ လွတ်သကဲ့သို့။ ဧဝံ-တထာ၊ ထို့အတူ။ မမပိ၊ ငါ့အားလည်း။ ဣဏမောက္ခော၊ မြီမှလွတ်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ ဣဓ၊ ဤလောက၌။ ကောနာမ၊ အဘယ်မည်သော သူသည်။ ပါပေန၊ မကောင်းမှုဖြင့်။ လိပ္ပတိ၊ လိမ်းကျံမည်နည်း။

၁၄၆။ အာဝုသော၊ ဒါယကာ။ သော တာဒိသော၊ ထိုသို့ သဘောရှိသော။ အတ္ထော စ၊ ရှေးဘဝက ပြုအပ်သော ကံနှင့်သာလျှင် ချမ်းသာဆင်းရဲဖြစ်၏ဟူသော အနက်သည်လည်းကောင်း။ ဓမ္မော စ၊ အနက်ကိုပြတတ်သော သဒ္ဒါသည်လည်းကောင်း။ ကလျာဏော စေ၊ မှန်ကန် ကောင်းမြတ်ငြားအံ့။ ပါပကော၊ ယုတ်မာသည်။ န စ ဟောတိ စေ၊ မဖြစ်ငြားအံ့။ ဘောတော၊ ဒါယကာ၏။ ဝစနံ၊ ရှေးဘဝက ပြုအပ်သောကံကြောင့် ချမ်းသာဆင်းရဲဖြစ်၏ ဟူသော စကားသည်။ သစ္စံ စေ၊ မှန်ငြားအံ့။ ဧဝံ-သတိ၊ ဤသို့ မှန်ကန်သည်ရှိသော်။ မယာ၊ ငါသည်။ ဝါနရော၊ မျောက်ကို။ သုဟတော၊ သတ်အပ်ကောင်းစွတကား။

၁၄၇။ ဟိ-သစ္စံ၊ မျောက်ကိုသတ်သည်ကား ကောင်းစွဟူ၍ ဆိုသောစကားသည် မှန်၏။ အာဝုသော၊ ဒါယကာ။ ဟိ-ယသ္မာ၊ အကြင့်ကြောင့်။ ဘောတော၊ ဒါယကာ၏။ ဝါဒေါ၊ အယူဝါဒသည်။ တာဒိသော၊ ထို ငါပြုအပ်သောအမှုနှင့် တူသောသဘောရှိ၏။ တသ္မာ၊ ထို့ကြောင့်။ မမ၊ ငါ့အား။ စောဒိယမာနေ၊ အပြစ်တင်သည်ရှိသော်။ အတ္တနော၊ မိမိ၏။ ဝါဒဿ၊ အယူဝါဒအား။ အပရာဓံ၊ တင်အပ်သောအပြစ်ကို။ တွံ၊ သည်။ ဝိဇာနိယာ စေ၊ သိငြားအံ့။ ဧဝံ- သတိ၊ ဤသို့ သိသည်ရှိသော်။ မံ၊ ငါ့ကို။ န ဂရဟေယျာသိ၊ မကဲ့ရဲ့လေရာ။

ဥစ္ဆေဒဝါဒကို ဖျက်ဆီးပုံ

ဤသို့လျှင် ဘုရားလောင်းသည် ထိုပုဗ္ဗေကတဝါဒီအမတ်၏ အယူဝါဒကိုလည်း ဖျက်ဆီးတော်မူပြီး၍ ဥစ္ဆေဒဝါဒီအမတ်သို့ ရှေးရှုပြု၍ ဒါယကာ... သင်သည် အလှူ၏ အကျိုးမရှိ၊ ဤသို့ အစရှိသည်တို့ကိုဆို၍ ဤပစ္စုပ္ပန်ဘဝ၌သာလျှင် သတ္တဝါတို့သည် ပြတ်ကုန်၏။ တမလွန်ဘဝသို့ သွားကုန်သောသူတို့မည်သည် မရှိကုန်ဟု ထင်မှတ်လျက် အဘယ့်ကြောင့် ငါ့ကို ပြက်ရယ်ပြုဘိသနည်းဟု ခြိမ်းခြောက်၍ ထိုအမတ်၏ အယူကိုလည်း ဖျက်ဆီးတော်မူလိုရကား-

၁၄၈။ စတုန္နံယေဝုပါဒါယ၊ ရူပံ သမ္ဘောတိ ပါဏိနံ။
ယတော စ ရူပံ သမ္ဘောတိ၊ တတ္ထေဝါနုပဂစ္ဆတိ။
ဣဓေဝ ဇီဝတိ ဇီဝါ၊ ပေစ္စ ပေစ္စ ဝိနဿတိ။
၁၄၉။ ဥစ္ဆိဇ္ဇတိ အယံ လောကော၊
ယေ ဗာလာ ယေ စ ပဏ္ဍိတာ။
ဥစ္ဆိဇ္ဇမာန လောကမှိ၊ ကွီဓ ပါပေန လိပ္ပတိ။
၁၅၀။ သော စေ အတ္ထော စ ဓမ္မော စ၊
ကလျာဏော န စ ပါပကော။
ဘောတော စေ ဝစနံ သစ္စံ၊
သုဟတော ဝါနရော မယာ။
၁၅၁။ အတ္တနော စေ ဟိ ဝါဒဿ၊ အပရာဓ့ ဝိဇာနိယာ။
မမံ တွံ ဂရဟေယျာသိ၊
ဘောတော ဝါဒေါ ဟိ တာဒိသော။

ဟူသော ဤလေးဂါထာတို့ကို ဆိုတော်မူ၏။

၁၄၈။ အာဝုသော၊ ဒါယကာ။ ပါဏိနံ၊ သတ္တဝါတို့၏။ ရူပံ၊ ရူပက္ခန္ဓာသည်။ စတုန္နံယေဝ၊ ပထဝီ အစရှိကုန်သော လေးပါးသော မဟာဘုတ်တို့ကိုသာလျှင်။ ဥဒပါယ၊ စွဲ၍။ သမ္ဘောတိ၊ ဖြစ်၏။ ယတော စ၊ အကြင် ပထဝီအစရှိသော မဟာဘုတ်ကြောင့်သာလျှင်။ ရူပံ၊ ရူပက္ခန္ဓာသည်။ သမ္ဘောတိ၊ ဖြစ်၏။ မရဏကာလေ၊ သေသောကာလ၌။ တတ္ထေဝ၊ ထို ပထဝီအစရှိသော ဘုတ်အပေါင်းသို့သာလျှင်။ ရူပံ၊ ရူပက္ခန္ဓာသည်။ အနုပဂစ္ဆတိ၊ ဆည်းကပ်သက်ဝင်လေ၏။ ဣဓေဝ၊ ဤပစ္စုပ္ပန် လောက၌သာလျှင်။ ဇီဝေါ၊ သတ္တဝါသည်။ ဇီဝတိ၊ အသက်ရှင်၏။ ပေစ္စ၊ ဘဝတစ်ပါး၌။ နိဗ္ဗတ္တော၊ ဖြစ်သောသတ္တဝါသည်။ ဣဓ၊ ဤပစ္စုပ္ပန်လောကသို့။ အနာဂန္တာ၊ မရောက်လာမူ၍။ ပစ္စ၊ တမလွန်ဘဝ၌။ ဝိနဿတိ၊ ပျက်စီးလေ၏။

၁၄၉။ ယေ ဗာလာ စ၊ အကြင် ပညာမရှိကုန်သော သူတို့သည်လည်းကောင်း။ ယေ ပဏ္ဍိတာ စ၊ အကြင် ပညာရှိကုန်သော သူတို့သည်လည်းကောင်း။ သန္တိ၊ ရှိကုန်၏။ အယံ- ဤဒိသော၊ ဤသို့သဘောရှိသော။ လောကော၊ ပညာရှိမဲ့ဖြစ်သော လူအပေါင်းသည်။ ဥစ္ဆိဇ္ဇတိ၊ ဘဝတစ်ပါးသို့ ပြောင်းမသွား, ပစ္စုပ္ပန်ဘဝတွင်သာ ပြတ်လေတော့သည်တည်း။ ဣတိ၊ ဤသို့။ တွံ၊ သင်သည်။ ဝဒသိ၊ ဆို၏။ ဧဝံ- ယထာ ဝုတ္တနယေန၊ အကြင် အကြင် သင်ဆိုအပ်သောနည်းဖြင့်။ လောကသ္မိံ၊ သတ္တဝါအပေါင်းသည်။ ဥစ္ဆိဇ္ဇမာနေ၊ ပြတ်သည်ရှိသော်။ ဣဓ၊ ဤလောက၌။ ကော၊ အဘယ်သူသည်။ ပါပေန၊ မကောင်းမှုဖြင့်။ လိပ္ပတိ၊ လိမ်းကျံလိမ့်မည်နည်း။

၁၅၀။ အာဝုသော၊ ဒါယကာ။ သော တာဒိသော၊ ထိုသို့သဘောရှိသော။ အတ္ထော စ၊ ဥစ္ဆေဒဝါဒဟူသော အနက်သည်လည်းကောင်း။ ဓမ္မော စ၊ အနက်ကိုပြတတ်သော သဒ္ဒါသည်လည်းကောင်း။ ကလျာဏော စေ၊ ကောင်းငြားအံ့။ ပါပကော၊ ယုတ်မာသည်။ န စ ဟောတိ စေ၊ မဖြစ်ငြားအံ့။ ဘောတော၊ ဒါယကာ၏။ ဝစနံ၊ သတ္တဝါသည် သေလွန်သည်မှနောက်၌ ပြတ်လေတော့သည်ဟူသော စကားသည်။ သစ္စံ စေ၊ မှန်ငြားအံ့။ မယာ၊ ငါသည်။ ဝါနရော၊ မျောက်ကို။ သုဟတော၊ သတ်အပ်သည်ကား ကောင်း၏။

၁၅၁။ ဟိ-သစ္စံ၊ မျောက်ကို သတ်အပ်သည်ကား ကောင်း၏ဟူသော စကားသည် မှန်၏။ အာဝုသော၊ ဒါယကာ။ ဟိ-ယသ္မာ၊ အကြင့်ကြောင့်။ ဘောတော၊ ဒါယကာ၏။ ဝါဒေါ၊ အယူဝါဒသည်။ တာဒိသော၊ ထို ငါပြုသောအမှုနှင့် တူသောသဘောရှိ၏။ တသ္မာ၊ ထို့ကြောင့်။ မမ၊ ငါ့အား။ ဂါရယှမာနေ၊ ကဲ့ရဲသည်ရှိသော်။ အတ္တနော၊ မိမိ၏။ ဝါဒဿ၊ အယူဝါဒအား။ အပရာဓံ၊ ကဲ့ရဲ့အံ့သောအပြစ်ကို။ ဝိဇာနိယာ စေ၊ သိငြားအံ့။ ဧဝံ သတိ၊ ဤသို့ သိသည်ရှိသော်။ တွံ၊ သင်သည်။ မံ၊ ငါ့ကို။ န ဂရဟေယျာသိ၊ မကဲ့ရဲ့လေရာ။

ခတ္တဝိဇ္ဇဝါဒကို ဖျက်ဆီးပုံ

ဤသို့လျှင် ဘုရားလောင်းသည် ဥစ္ဆေဒဝါဒီအမတ်၏ အယူကိုလည်း ဖျက်ဆီးတော်မူပြီး၍ ခတ္တဝိဇ္ဇဝါဒီအမတ်ကို ခေါ်တော်မူ၍ ဒါယကာ သင်သည် မိဘတို့ကိုလည်းသတ်၍ မိမိအလိုဆန္ဒကို ပြုအပ်၏ဟူသော ဤအယူကို ရွက်ဆောင်စွဲယူ၍ သွားလျက် အဘယ့်ကြောင့် ငါ့ကို ပြက်ရယ် ပြုဘိသနည်း ဟု ဆို၍ ထိုအမတ်၏ အယူဝါဒကိုလည်း ဖျက်ဆီးတော် မူလိုရကား-

၁၅၂။ အာဟု ခတ္တဝိဒါ လောကေ၊
ဗာလာ ပဏ္ဍိတမာနိနော။
မာတရံ ပိတရံ ဟန္တွာ၊
အထော ဇေဋ္ဌမ္ပိ ဘာတရံ။
ဟနေယျ ပုတ္တဒါရေ စ၊
အတ္ထော စေ တာဒိသော သိယာ။

ဟူသော ဤဂါထာကို ဆိုတော်မူ၏။

၁၅၂။ အာဝုသော၊ ဒါယကာ။ လောကေ၊ လောက၌။ ဗာလာ၊ ပညာမရှိဘဲလျက်။ ပဏ္ဍိတမာနိနော၊ မိမိကိုယ်ကို ပညာရှိဟု ထင်မှတ်ကုန်သော။ ခတ္တဝိဒါ၊ မိဘဟူသော မျိုးစေ့ကို ဖျက်ဆီးအပ်၏ဟု အယူရှိကုန်သော သူတို့သည်။ တာဒိသော၊ ထိုသို့ မိဘစသည်တို့ကို သတ်သင့်သော သဘောရှိသော။ အတ္ထော၊ မိမိအလိုသည်။ သိယာ စေ၊ ဖြစ်ငြားအံ့။ ဧဝံ သတိ၊ ဤသို့ ရှိသည်ဖြစ်သော်။ မာတရံပိ၊ အမိကိုလည်းကောင်း။ ပိတရမ္ပိ၊ အဖကိုလည်းကောင်း။ ဟညေ၊ သတ်ရာ၏။ အထော၊ ထိုမှတစ်ပါး။ ဇေဋ္ဌမ္ပိပိ၊ အစ်ကိုကိုလည်းကောင်း။ ဘာတရမ္ပိ၊ ညီကိုလည်းကောင်း။ ပုတ္တဒါရေစ၊ သားမယားတို့ကို လည်းကောင်း။ ဟနေယျ၊ သတ်ရာ၏။ ဣတိ၊ ဤသို့။ အာဟု၊ ဆိုကုန်၏။ နေသံ၊ ထို ခတ္တဝိဇ္ဇာ ဆရာတို့တွင်။ တွမ္ပိ၊ သင်သည်လည်း။ အညတရော၊ တစ်ယောက်ပင် တကား။

ဘုရားအလောင်းသည် ဤဂါထာဖြင့် ထိုအမတ်၏ အယူကို တည်စေပြီးလျှင် မိမိအယူကို ပြတော်မူလိုရကား-

၁၅၃။ ယဿ ရုက္ခဿ ဆာယာယ၊
နိသီဒေယျ သယေယျ ဝါ။
န တဿ သာခံ ဘဉ္ဇေယျ၊
မိတ္တဒုဗ္ဘော ဟိ ပါပကော။
၁၅၄။ အထ အတ္ထေ သမုပ္ပန္နေ၊ သမူလမပိ အဗ္ဗဟေ။
အတ္ထော မေ သမ္ဗလေနာပိ၊
သုဟတော ဝါနရော မယာ။
၁၅၅။ သော စေ အတ္ထော စ ဓမ္မော စ၊
ကလျာဏော န စ ပါပကော။
ဘောတော စေ ဝစနံ သစ္စံ၊
သုဟတော ဝါနရော မယာ။
၁၅၆။ အတ္တနော စေ ဟိ ဝါဒဿ၊ အပရာဓံ ဝိဇာနိယာ။
န မံ တွံ ဂရဟေယျာသိ။
ဘောတော ဝါဒေါ ဟိ တာဒိသော။

၁၅၃။ အာဝုသော၊ ဒါယကာ။ ဟိ-ယသ္မာ၊ အကြင့်ကြောင့်။ မိတ္တဒုဗ္ဘော၊ အဆွေခင်ပွန်းကို ပြစ်မှားသောသူသည်။ ပါပကော၊ ယုတ်မာသည်။ ဟောတိ၊ ဖြစ်၏။ တသ္မာ၊ ထို့ကြောင့်။ ယသ ရုက္ခဿ၊ အကြင်သစ်ပင်၏။ ဆာယာယ၊ အရိပ်၌။ နိသီဒေယျ ဝါ၊ နေမူလည်း နေဖူးငြားအံ့။ သယေယျ ဝါ၊ အိပ်မူလည်း အိပ်ဖူးငြားအံ့။ တဿ၊ ထိုသစ်ပင်၏။ သာခံ၊ သစ်ခက်သစ်ရွက်ကို။ နဘဉ္ဇေယျ၊ မချိုးမဖျက်ရာ။ ဣတိ၊ ဤသို့။ အမှာကံ၊ ငါတို့၏။ အာစရိယာ၊ ဆရာတို့သည်။ ဝဏ္ဏယန္တိ၊ ချီးမွမ်းတော် မူကုန်၏။

၁၅၄။ တွံ ပန၊ သင်သည်တမူကား။ အတ္ထေ၊ အလိုသည်။ သမုပ္ပန္နေ၊ ဖြစ်သည်ရှိသော်။ သမူလမ္ပိ၊ အမြစ်နှင့် တကွပင်သော်လည်း။ အဗ္ဗဟေ၊ နုတ်ရာ၏။ ဣတိ၊ ဤသို့။ ဝဒေသိ၊ ဆို၏။ အထ၊ ထိုသို့ သင်ဆိုတိုင်း ပြုသင့်သည်ရှိသော်။ မေ၊ ငါ့အား။ သမ္ဗလေနာပိ၊ ရိက္ခာဖြင့်လည်း။ အတ္ထော၊ အလိုရှိရကား။ မယာ၊ ငါသည်။ ဝါနရော၊ မျောက်ကို။ သုဟတော၊ သတ်အပ်သည် ကောင်းစွတကား။

၁၅၅။ အာဝုသော၊ ဒါယကာ။ သော တာဒိသော၊ ထိုသို့သဘောရှိသော။ အတ္ထော စ၊ အလိုရှိသော် မိဘကိုပင်သော်လည်း သတ်အပ်၏ ဟူသော အနက်သည်လည်းကောင်း။ ဓမ္မော စ၊ အနက်ကိုပြတတ်သော သဒ္ဒါသည်လည်းကောင်း။ ကလျာဏော စေ၊ ကောင်းငြားအံ့။ ပါပကော၊ ယုတ်မာသည်။ နစ ဟောတိ စေ၊ မဖြစ်ငြားအံ့။ ဘောတော၊ ဒါယကာ၏။ ဝစနံ၊ စကားသည်။ သစ္စံ စေ၊ မှန်ငြားအံ့။ မယာ၊ ငါသည်။ ဝါနရော၊ မျောက်ကို။ သုဟတော၊ သတ်အပ်သည် ကောင်းစွ တကား။

၁၅၆။ အာဝုသော၊ ဒါယကာ။ ဟိ-သစ္စံ၊ မှန်၏။ ဘောတော၊ ဒါယကာ၏။ ဝါဒေါ၊ အယူဝါဒသည်။ တာဒိသော၊ ထိုငါပြုသောအမှုနှင့် အလားတူသည်။ ဟိ-ယသ္မာ၊ အကြင့်ကြောင့်။ ဟောတိ၊ ဖြစ်၏။ တသ္မာ၊ ထို့ကြောင့်။ တွံ၊ သင်သည်။ မမ၊ ငါ့အား။ စောဒိယာနေ၊ ကဲ့ရဲ့သည်ရှိသော်။ အတ္တနော၊ မိမိ၏။ ဝါဒဿ၊ အယူဝါဒအား။ အပရာဓံ၊ ကဲ့ရဲအံ့သောအပြစ်ကို။ ဝိဇာနိယာ စေ၊ သိငြားအံ့။ မံ၊ ငါ့ကို။ န ဂရဟေယျာသိ၊ မကဲ့ရဲ့ရာ။

မင်းကြီးအား တရားဟောခြင်း

ဤသို့လျှင် ဘုရားအလောင်းသည် ထိုခတ္တဝိဇ္ဇဝါဒီအမတ်၏ အယူကိုလည်း ဖျက်ဆီး၍ ငါးယောက်ကုန်သော ထိုအမတ်တို့သည်လည်း ပညာကင်းကုန်လျက် နေကုန်သည်ရှိသော် မင်းကို ခေါ်တော်မူ၍ မင်းမြတ် သင်မင်းမြတ်သည် တိုင်းနိုင်ငံကို ဖျက်တတ်ကုန်သော ခိုးသူကြီးငါးယောက်တို့ကို သိမ်းပိုက်၍ လှည့်လည်တော်မူဘိ၏။ အလွန်မိုက်စွတကား။ ဤသို့သဘော ရှိသည်သာလျှင် ဖြစ်ကုန်သောသူတို့ကို ပေါင်းဖော်မှီဝဲခြင်းကြောင့် ပုဂ္ဂိုလ်များသည် မလိမ္မာသည်ဖြစ်၍ ပစ္စုပ္ပန်ဘဝ၌ဖြစ်သော ကြီးစွာသော ဆင်းရဲခြင်းကို လည်းကောင်း, တမလွန်ဘဝ၌ဖြစ်သော ကြီးစွာသော ဆင်းရဲခြင်းသို့လည်းကောင်း ရောက်ရာချေသည်တကား ဟု ဆို၍ မင်းအား တရားဟောတော်မူလိုရကား-

၁၅၇။ အဟေတုဝါဒေါ ပုရိသော၊
ယော စ ဣဿရကုတ္တိကော။
ပုဗ္ဗေကတီ စ ဥစ္ဆေဒီ၊
ယော စ ခတ္တဝိဒေါ နရော။
၁၅၈။ ဧတေ အသပ္ပုရိသာ လောကေ၊
ဗာလာ ပဏ္ဍိတမာနိနော။
ကရေယျ တာဒိသော ပါပံ၊
အထော အညမ္ပိ ကာရယေ။
အသပ္ပုရိသသံသဂ္ဂေါ၊
ဒုက္ခန္တော ကဋုကုဒြယော။

ဟူသော ဤဂါထာ နှစ်ခုတို့၏ အပေါင်းကို ဆိုတော်မူ၏။

၁၅၇။ မဟာရာဇ၊ မင်းမြတ်။ အဟေတုဝါဒေါ၊ အကြောင်းမရှိဟု အယူရှိသော။ ယော ပုရိသော စ၊ အကြင် ပုဂ္ဂိုလ်သည်လည်းကောင်း။ ဣဿရကုတ္တိကော၊ ဗြဟ္မာ ဗိဿနိုး အစိုးရသောသူ ဖန်ဆင်းစီရင်သည်ဟု အယူရှိသော။ ယော ပုရိသော စ၊ အကြင် ပုဂ္ဂိုလ်သည်လည်းကောင်း။ ပုဗ္ဗေကတီ၊ ရှေးဘဝ၌ ပြုအပ်သော ကံကြောင့်သာ ချမ်းသာဆင်းရဲဖြစ်သည်ဟု အယူရှိသော။ ယော ပုရိသော စ၊ အကြင် ပုဂ္ဂိုလ်သည်လည်းကောင်း။ ဥစ္ဆေဒီ၊ သေသည်မှနောက်၌ သတ္တဝါသည် မဖြစ်ပြီ ပြတ်လေတော့သည်ဟု အယူဝါဒရှိသော။ ယော ပုရိသော စ၊ အကြင်ပုဂ္ဂိုလ်သည်လည်းကောင်း။ ခတ္တဝိဒေါ၊ ခတ္ထဝိဒ အယူရှိသော။ ယော နရော စ၊ အကြင် ပုဂ္ဂိုလ်သည်လည်းကောင်း။ သန္တိ၊ ရှိကုန်၏။

၁၅၈။ လောကေ၊ လောက၌။ ဧတေ-ဧတာဒိယာ၊ ထိုသို့ သဘောရှိကုန်သော။ အသပ္ပုရိသာ၊ သူတော်မဟုတ် သူယုတ်တို့သည်။ ဗာလာ၊ ပညာမရှိကုန်ဘဲလျက်။ ပဏ္ဍိတမာနိနော၊ မိမိတို့ကိုယ်ကို ငါ ပညာရှိဟု ထင်မှတ်ကြကုန်၏။ တာဒိသော၊ ထိုသို့ သဘောရှိသော သူယုတ်မာသည်။ ပါပံ၊ မကောင်းမှုကို။ ကရေယျ၊ မိမိလည်း ပြုရာ၏။ အထော၊ ထိုမြို့။ အညမ္ပိ၊ သူတစ်ပါးကိုလည်း။ ကာရယေ၊ ပြုစေရာ၏။ အသပ္ပုရိသသံသဂ္ဂေါ၊ သူတော်မဟုတ် သူယုတ်မာနှင့် ပေါင်းဖော်သောသူသည်။ ဒုက္ခန္တော၊ ဆင်းရဲအစုကို ခံရ၏။ ကဋုကုဒြယော၊ ပြင်းထန်ပူပန်သော မကောင်းကျိုးကို ရ၏။

ဤသို့ တရားဟောပြီး၍ ယခုအခါ ဥပမာပြသည်၏ အစွမ်းအားဖြင့် ဓမ္မဒေသနာကို ပွားစေတော်မူပြန်လိုရကား-

၁၅၉။ ဥရဗ္ဘရူပေန ဝကာဿု ပုဗ္ဗေ၊
အသံကိတော အဇယူထံ ဥပေတိ။
ဟန္တာ ဥရဏိံ အဇိကံ အဇဉ္စ၊
ဥတြာသယိတွာ ယေန ကာမံ ပလေတိ။
။ လ။
၁၈၂။ သ တာဒိသော ဘူမိပတိ၊
ရဋ္ဌပါလော အကောဓနော။
သပတ္တေ သမ္ပကမ္ပေတိ၊
ဣန္ဒောဝ အသုရာဓိပေါ။

ဟူသော ဤနှစ်ဆယ့်ငါးဂါထာတို့ကို ဟောတော်မူ၏။

၁၅၉။ မဟာရာဇ၊ မင်းမြတ်။ ပုဗ္ဗေ၊ ရှေးကာလ၌။ ဝကော၊ ကျားရဲသည်။ ဥရဗ္ဘရူပေန၊ ဆိတ်အသွင်ဖြင့်။ အသံကိတော၊ ရွံရှာခြင်း ကင်းသည်ဖြစ်၏။ အဇယူထံ၊ ဆိတ်အပေါင်းသို့။ ဥပေတိ၊ ကပ်၏။ ဥရဏိံ၊ သတ်ပုတ်ညှဉ်းဆဲသော်လည်း မမြည်တတ်သောကြောင့် ဥရဏီအမည်ရှိသော။ အဇိကဉ္စ၊ ဆိတ်မကို လည်းကောင်း။ အဇဉ္စ၊ ဆိတ်ဖိုကိုလည်းကောင်း။ ဟန္တာ၊ သတ်၍။ ဥတြာသယိတွာ၊ ဆိတ်အပေါင်းကို ထိတ်လန့်စေ၍။ ယေန၊ အကြင် အရပ်သို့။ ကာမံ၊ ပြေးသွားလို၏။ တေန၊ ထိုသွားလိုရာ အရပ်သို့။ ပလေတိ၊ ပြေးသွားလေ၏။

၁၆၀။ မဟာရာဇ၊ မင်းမြတ်။ တထာဝိဓေ၊ ထိုသို့ ဆိတ်ယောင်ဆောင်သဖြင့် ဆိတ်အပေါင်းကိုသတ်၍ စားတတ်သော ကျားရဲနှင့်တူသော သဘောရှိကုန်သာ။ ဧကေ၊ အချို့ကုန်သော။ သမဏဗြာဟ္မဏာ၊ ရဟန်း ပုဏ္ဏားတို့သည်။ ဆဒနံ ကတွာ၊ ရဟန်းယောင်ဆောင်၍။ မနုဿေ၊ လူတို့ကို။ ဝိဉ္စယန္တိ၊ လှည့်စားတတ်ကုန်၏။ ကိံ ဆဒနံ ကရောတိ၊ အဘယ်သို့ ရဟန်းယောင် ဆောင်ကြကုန်သနည်း ဟူမူကား။ အနာသကာ၊ တစ်စုံတစ်ခုသော အစာအာဟာရကို မစားဟန်ပြုကြကုန်၏။ ထဏ္ဍိလသေယျကာ စ၊ မြေ၌ အိပ်ဟန်လည်း ပြုကြကုန်၏။ ရဇောဇလ္လံ၊ မြူအညစ်အကြေးကို။ ဓာရယန္တိ၊ ဆောင်ကြကုန်၏။ ဥက္ကုဋိကပ္ပဓာနံ၊ ဆောင့်ကြောင့်ထိုင်၍ အားထုတ်ခြင်း လုံ့လကို။ ကရောန္တိ၊ ပြုကြကုန်၏။ ပရိယာယဘတ္တဉ္စ၊ ခုနစ်ရက်တစ်ကြိမ် ဆယ်ရက်တစ်ကြိမ် တင်လဲကိုစားခြင်းဟု ဆိုအပ်သော အလှည့်အားဖြင့် စားဟန်ကိုလည်း။ ကရောန္တိ၊ ပြုကြကုန်၏။ အပါနကတ္တာ၊ ရေမသောက်ဟန် ပြုကြကုန်၏။ ပါပါစာရာ၊ ယုတ်မာသောအကျင့်ရှိကုန်လျက်။ အရဟန္တော၊ ငါတို့ ရဟန္တာတည်းဟူ၍။ ဝဒါနာ၊ ပြောဆိုကြကုန်၏။ ဣတိ၊ ဤသို့။ ဆဒနံ ကရောန္တိ၊ ရဟန်းယောင်ဆောင်ကြကုန်၏။

၁၆၁။ မဟာရာဇ၊ မင်းမြတ်။ လောကေ၊ လောက၌။ ဗာလာ၊ မလိမ္မာဘဲကုန်လျက်။ ပဏ္ဍိတာနိနော၊ မိမိကိုယ်ကို ပညာရှိဟု ထင်မှတ်ကြကုန်သော။ ဧတေ ပုဂ္ဂလာ၊ ထိုပုဂ္ဂိုလ်တို့သည်။ အသပ္ပုရိသာ၊ သူတော်မဟုတ် သူယုတ်နှင်နှင်တို့တည်း။ မဟာရာဇ၊ မင်းမြတ်။ တာဒိသော၊ ထိုသို့သဘောရှိသော သူယုတ်မာသည်။ ပါပံ၊ မကောင်းမှုကို။ ကရေယျ၊ မိမိသော်လည်း ပြုရာ၏။ အထော၊ ထိုမြို့။ အညမ္ပိ၊ တစ်ပါးသောသူကိုလည်း။ ကာရယေ၊ ပြုစေရာ၏။ မဟာရာဇ၊ မင်းမြတ်။ အသပ္ပုရိသသံသဂ္ဂေါ၊ သူတော်မဟုတ် သူယုတ်တို့နှင့် ပေါင်းဖော်သောသူသည်။ ဒုက္ခန္တော၊ ဆင်းရဲအစုကို ခံရသည်။ ဟောတိ၊ ဖြစ်၏။ ကဋုကုဒြယော၊ စပ်ခါးပြင်းထန် ပူပန်သော မကောင်းကျိုးကို ခံရသည်။ ဟောတိ၊ ဖြစ်၏။

၁၆၂။ မဟာရာဇ၊ မင်းမြတ်။ ယေ သတ္တာ၊ အကြင် သတ္တဝါတို့သည်။ ဝီရိယံ၊ ဉာဏသမ္ပယုတ်ဖြစ်သော ဝီရိယအကျိုးသည်။ နတ္ထိ၊ မရှိ။ ဣတိ- ဣဒံ ဝစနံ၊ ဤသို့သောစကားကို။ အာဟု၊ ဆိုကုန်၏။ ယေ သတ္တာ၊ အကြင် သတ္တဝါတို့သည်။ အဟေတုဉ္စ၊ အကြောင်းကင်း၍ ဖြစ်၏ဟူသော အယူကိုလည်း။ ပဋိစ္စ၊ စွဲ၍။ ပဝဒန္တိ၊ ဆိုကုန်၏။ ယေ သတ္တာ၊ အကြင် သတ္တဝါတို့သည်။ ပရကာရဉ္စ၊ သူတစ်ပါးတို့အား ကျေးဇူးပြုခြင်းကို လည်းကောင်း။ အတ္တကာရဉ္စ၊ မိမိအား သူတစ်ပါးတို့၏ ကျေးဇူးပြုခြင်းကိုလည်းကောင်း။ တုစ္ဆံ၊ အချည်းနှီးဟူ၍။ သမဝဏ္ဏယုံ၊ အမျှပြု၍ ဆိုကြကုန်၏။

၁၆၃။ မဟာရာဇ၊ မင်းမြတ်။ လောကေ၊ လောက၌။ ဗာလာ၊ ပညာမရှိဘဲကုန်လျက်။ ပဏ္ဍိတမာနိနော၊ မိမိကိုယ်ကို ပညာရှိဟု ထင်မှတ်ကုန်သော။ ဧတေ သတ္တာ၊ ထိုသတ္တဝါတို့သည်။ အသပ္ပုရိသာ၊ သူတော်မဟုတ် သူယုတ်နှင်နှင်တို့တည်း။ မဟာရာဇ၊ မင်းမြတ်။ တာဒိသော၊ ထိုသို့ သဘောရှိသော သူယုတ်မာသည်။ ပါပံ၊ မကောင်းမှုကို။ ကရေယျ၊ မိမိသော်လည်း ပြုရာ၏။ အထော၊ ထိုမြို့။ အညမ္ပိ၊ တစ်ပါးသောသူကိုလည်း။ ကာရယေ၊ ပြုစေရာ၏။ မဟာရာဇ၊ မင်းမြတ်။ အသပ္ပုရိသသံသဂ္ဂေါ၊ သူယုတ်မာနှင့် ပေါင်းဖော်သောသူသည်။ ဒုက္ခန္တော၊ ဆင်းရဲအစုကို ခံရ၏။ ကဋုကုဒြယော၊ သာယာခြင်းကင်းသော အကျိုးကို ရ၏။

၁၆၄။ ဟိ-သစ္စံ၊ မှန်၏။ မဟာရာဇ၊ မင်းမြတ်။ ဝီရိယံ၊ ဉာဏသမ္ပယုတ်ဖြစ်သော ကာယိကစေတသိက ဝီရိယအကျိုးသည်။ သစေ န အဿ၊ အကယ်၍ မရှိသည် ဖြစ်ငြားအံ့။ ကလျာဏပါပကံ ကမ္မံ၊ ကောင်းမှုကံ, မကောင်းမှုကံ၏ အကျိုးသည်။ သစေ န အဿ၊ အကယ်၍ မရှိသည် ဖြစ်ငြားအံ့။ ဧဝံ သန္တေ၊ ဤသို့ ဖြစ်သည်ရှိသော်။ ရာဇာ၊ မင်းသည်။ ဝဍ္ဎကိံ၊ လက်သမားစသည်ကို။ န ဘရေ၊ မမွေးမြူရာ။ ယန္တာနိပိ၊ ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ် အစရှိသည်တို့ကိုလည်း။ န ကာရယေ၊ မပြုစေရာ။

၁၆၅။ မဟာရာဇ၊ မင်းမြတ်။ ယသ္မာ စ၊ အကြင့်ကြောင့်လည်း။ ဝီရိယံ၊ ဝီရိယ၏ အကျိုးသည်လည်းကောင်း။ ကလျာဏပါပကံ ကမ္မံ၊ ကောင်းမှုကံ, မကောင်းမှုကံ၏ အကျိုးသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ တသ္မာ၊ ထို့ကြောင့်။ ရာဇာ၊ မင်းသည်။ ယန္တာနိ၊ ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်စသည်တို့ကို။ ကရေသိ၊ ပြုစေ၏။ ဝဍ္ဎကိံ၊ လက်သမား အစရှိသောသူကို။ ဘရတိ၊ မွေး၏။

၁၆၆။ မဟာရာဇ၊ မင်းမြတ်။ ဝဿသတံ၊ အနှစ်တစ်ရာပတ်လုံး။ ဒေဝေါ၊ မိုးသည်။ ယဒိ န ဝဿေ၊ အကယ်၍ မရွာငြားအံ့။ ဟိမံ၊ ဆီးနှင်းသည်။ ယဒိ န ပတေ၊ အကယ်၍ မကျငြားအံ့။ ဧဝံ-သတိ၊ ဤသို့ အနှစ်တစ်ရာပတ်လုံး မိုးမရွာ ဆီးနှင်းမကျသည်ရှိသော်။ အယံ လောကော၊ ဤလောကသည်။ ဥစ္ဆိဇ္ဇေယျ၊ ပြတ်ရာ၏။ အယံ ပဇာ၊ ဤသတ္တဝါအပေါင်းသည်။ ဝိနဿေယျ၊ ပျက်စဆုံးရှုံးရာ၏။

၁၆၇။ မဟာရာဇ၊ မင်းမြတ်။ ယသ္မာ၊ အကြင့်ကြောင့်။ ဒေဝေါစ၊ မိုးသည်လည်း။ ဝသတိ၊ ရွာ၏။ ဟိမဉ္စ၊ ဆီးနှင်းသည်လည်း။ အနုဖုသာယဟိ၊ မိုး၏နောက်၌ ကျ၏။ တသ္မာ၊ ထို့ကြောင့်။ သသာနိ၊ ကောက်စပါးတို့သည်။ ပစ္စန္တိ၊ မှည့်ကုန်၏။ စိရံ၊ မြင့်ရှည်စွာ။ ရဋ္ဌဉ္စ၊ တိုင်းနိုင်ငံသူကိုလည်း။ ပါလိတေ၊ စောင့်ရှောက်၏။

၁၆၈။ မဟာရာဇ၊ မင်းမြတ်။ တရမာနာနံ၊ သွားကုန်သော။ ဂဝံ၊ နွားတို့တွင်။ ပုင်္ဂဝေါ၊ ရှေ့ဆောင်နွားမင်း ဥသဘသည်။ ဇိမှံ၊ ကောက်တကျစ်။ ဂစ္ဆတိ စေ၊ သွားငြားအံ့။ နေတ္တေ၊ ရှေ့ဆောင်နွားမင်း ဥသဘသည်။ ဇိမှံ၊ ကောက်တကျစ်။ ဂတေ၊ သွားသည်။ သတိ၊ ရှိသော်။ သဗ္ဗာ၊ ခပ်သိမ်းကုန်သော။ တာ၊ ထို နောက်လိုက်နွားတို့သည်။ ဇိမှံ၊ ကောက်တကျစ်။ ဂစ္ဆန္တိ၊ သွားကုန်၏။

၁၆၉။ မဟာရာဇ၊ မင်းမြတ်။ ဧဝမေဝ၊ ဤအတူသာလျှင်။ မနုဿေသု၊ လူတို့တွင်။ ယောရာဇာ၊ အကြင်မင်းသည်။ သေဋ္ဌသမ္မတော၊ အထွတ်အမြတ်ဟု သမုတ်အပ်သောသူသည်။ ဟောတိ၊ ဖြစ်၏။ သော ရာဇာ၊ ထိုမင်းသည်။ အဓမ္မံ၊ မတရားသော အကျင့်ကို။ စရတိ စေ၊ ကျင့်ငြားအံ့။ ဧဝံ၊ ဤမင်းသည် မတရားသောအကျင့်ကို ကျင့်သည်ရှိသော်။ ဣတရာ၊ မင်းမှတစ်ပါးသော။ ပဇာ၊ ပြည်သူပြည်သားသည်ကား။ ပဂေဝ၊ အဘယ်သို့ ဆိုဖွယ်ရာ ရှိအံ့နည်း။ အဓမ္မံ၊ မတရားသောအကျင့်ကို။ အတိဝိယ၊ အလွန်လျှင်။ စရတိ ဧဝ၊ ကျင့်သည်သာလျှင်တည်း။ မဟာရာဇ၊ မင်းမြတ်။ ရာဇာ၊ မင်းသည်။ အဓမ္မိကော၊ မတရားသောအကျင့်ကို ကျင့်သည်။ ဟောတိ စေ၊ ဖြစ်ငြားအံ့။ ဧဝံ၊ ဤသို့ မင်းသည် မတရားသောအကျင့်ကို ကျင့်သည်ရှနသော်။ သဗ္ဗရဋ္ဌံ၊ အလုံးစုံသော တိုင်းနိုင်ငံသူသည်။ ဒုက္ခံ၊ ဆင်းရဲငြိုငြင်စွာ။ သေတိ-ဝသတိ၊ နေရ၏။

၁၇၀။ မဟာရာဇ၊ မင်းမြတ်။ တရမာနာနံ၊ သွားကုန်သော။ ဂဝံ၊ နွားတို့တွင်။ ပုင်္ဂဝေါ၊ ရှေ့ဆောင်နွားမင်း ဥသဘသည်။ ဥဇုံ၊ ဖြောင့်စွာ။ ဂစ္ဆတိ စေ၊ သွားငြားအံ့။ နေတ္တေ၊ ရှေ့ဆောင်နွားမင်းသည်။ ဥဇုံ၊ ဖြောင့်စွာ။ ဂတေ၊ သွားသည်။ သတိ၊ ရှိသော်။ သဗ္ဗာ၊ ခပ်သိမ်းကုန်သော။ တာ၊ ထို့နောက်လိုက်နွားတို့သည်။ ဥဇုံ၊ ဖြောင့်စွာ။ ယန္တိ၊ သွားကုန်၏။

၁၇၁။ မဟာရာဇ၊ မင်းမြတ်။ ဧဝမေဝ၊ ဤအတူလျှင်။ မနုဿေသု၊ လူတို့တွင်။ ယော ရာဇာ၊ အကြင်မင်းသည်။ သေဋ္ဌသမ္မတော၊ အထွတ်အမြတ်ဟု သမုတ်အပ်သော သူသည်။ ဟောတိ၊ ဖြစ်၏။ သော ရာဇာ၊ ထိုမင်းသည်။ ဓမ္မံ၊ တရားကို။ စရတိ စေ၊ ကျင့်ငြားအံ့။ ဧဝံ၊ ဤသို့ မင်းတရားကျင့်သည်။ သတိ၊ ရှိသော်။ ဣတရာ၊ မင်းမှ တစ်ပါးသော။ ပဇာ၊ ပြည်သူ ပြည်သားသည်။ ပဂေဝ၊ အဘယ် ဆိုဖွယ်ရာ ရှိအံ့နည်း။ ဓမ္မံ၊ တရားကို။ စရတိ ဧဝ၊ ကျင့်သည်သာလျှင်တည်း။ မဟာရာဇ၊ မင်းမြတ်။ ရာဇာ၊ ပြည့်ရှင်မင်းသည်။ ဓမ္မိကော၊ တရားကျင့်သည်။ ဟောတိ စေ၊ ဖြစ်ငြားအံ့။ ဧဝံ၊ ဤသို့ မင်းတရားကျင့်သည်။ သတိ၊ ရှိသော်။ သဗ္ဗရဋ္ဌံ၊ အလုံးစုံသော တိုင်းနိုင်ငံသူသည်။ သုခံ၊ ချမ်းမြေ့သာယာစွာ။ သေတိ-ဝသတိ၊ နေရ၏။

၁၇၂။ မဟာရာဇ၊ မင်းမြတ်။ ယော ဇနော၊ အကြင်သူသည်။ ဖလိနော၊ ချိုမြိန်မြတ်သော အရသာရှိသော အသီးကိုဆောင်သော။ မဟာရုက္ခဿ၊ သရက်ပင်မြတ်၏။ အာမံ ဖလံ၊ အသီးစိမ်းကို။ ဆိန္ဒတိ၊ ဆွတ်၏။ သော ဇနော၊ ထိုသူသည်။ အဿ၊ ထိုသရက်သီး၏။ ရသဉ္စ၊ အရသာကိုလည်း။ န ဇာနာတိ၊ မခံစားရ။ အဿ၊ ထို သရက်သီး၏။ ဗီဇဉ္စ၊ မျိုးစေ့သည်လည်း။ ဝိနဿတိ၊ ပျက်စီး၏။

၁၇၃။ မဟာရာဇ၊ မင်းမြတ်။ ယော ရာဇာ၊ အကြင်မင်းသည်။ မဟာရုက္ခူပမံ၊ ချိုမြိန်မြတ်သော အရသာရှိသော အသီးကိုဆောင်သော သရက်ပင်မြတ်နှင့်တူသော။ ရဋ္ဌံ၊ တိုင်းနိုင်ငံကို။ အဓမ္မေန၊ အဂတိသို့လားသဖြင့်။ ပသာသတိ၊ ဆုံးမစီရင်၏။ သော ရာဇာ၊ ထိုမင်းသည်။ အဿ၊ ထိုတိုင်းနိုင်ငံ၏။ ရသဉ္စ၊ အရသာကိုလည်း။ န ဇာနာတိ၊ မခံစားရ။ အဿ၊ ထိုမင်း၏။ ရဋ္ဌဉ္စ၊ တိုင်းနိုင်ငံသည်လည်း။ ဝိနဿတိ၊ ပျက်စီး၏။

၁၇၄။ မဟာရာဇ၊ မင်းမြတ်။ ယော ဇနော၊ အကြင်သူသည်။ ဖလိနော၊ ချိုမြိန်မြတ်သော အရသာနှင့်ပြည့်စုံသောအသီးကိုဆောင်သော။ မဟာရုက္ခဿ၊ သရက်ပင်မြတ်၏။ ပက္ကဖလံ၊ သရက်သီးမှည့်ကို။ ဆန္ဒတိ၊ ဆွတ်ယူ၏။ သော ဇနော၊ ထိုသူသည်။ အဿ၊ ထိုသရက်သီး၏။ ရသဉ္စ၊ အရသာကိုလည်း။ ဝိဇာနာတိ၊ ခံစားရ၏။ အဿ၊ ထိုသရက်သီး၏။ ဗီဇဉ္စ၊ မျိုးစေ့သည်လည်း။ န နဿတိ၊ မပျက်စီး။

၁၇၅။ မဟာရာဇ၊ မင်းမြတ်။ ယော ရာဇာ၊ အကြင်မင်းသည်။ မဟာရုက္ခူပမံ၊ ချိုမြိန်မြတ်သော အရသာရှိသော အသီးကိုဆောင်သော သရက်ပင်မြတ်နှင့်တူသော။ ရဋ္ဌံ၊ တိုင်းနိုင်ငံကို။ ဓမ္မေန၊ တရားသဖြင့်။ ပသာသတိ၊ ဆုံးမစီရင်၏။ သော ရာဇာ၊ ထိုမင်းသည်။ အဿ၊ ထိုပြည်တိုင်းကား၏။ ရသဉ္စ၊ အရသာကိုလည်း။ ဝိဇာနာတိ၊ ခံစားရ၏။ အဿ၊ ထိုမင်း၏။ ရဋ္ဌဉ္စ၊ တိုင်းနိုင်ငံသည်လည်း။ န နဿတိ၊ မပျက်စီး။

၁၂၆။ မဟာရာဇ၊ မင်းမြတ်။ ယော စ ရာဇာ၊ အကြင် မင်းသည်လျှင်။ ဇနပဒံ၊ ဇနပုဒ်သူကို။ အဓမ္မေန၊ အဂတိလေးပါးသို့ လားရောက်သောအားဖြင့်။ ပသာသတိ၊ ဆုံးမစီရင်၏။ ခတ္တိယော၊ ရေမြေကို အစိုးရသော။ သော ရာဇာ၊ ထိုမင်းသည်။ သဗ္ဗောသဓီဟိ၊ အလုံးစုံကုန်သော အမြစ် အခွံ အရွက် အပွင့် အသီး ထောပတ် ဆီဦး အစရှိကုန်သော ဆေးတို့နှင့်။ ဝိရုဒ္ဓေါ၊ ဆန့်ကျင်ဘက်သည်။ ဟောတိ၊ ဖြစ်၏။

၁၇၇။ မဟာရာဇ၊ မင်းမြတ်။ တထေဝ၊ ထို့အတူလျှင်။ ယော ရာဇာ၊ အကြင်မင်းသည်။ နေဂမေ စ၊ နိဂုံး၌နေကုန်သော သူကြွယ်တို့ကိုလည်းကောင်း။ ယေ ဝါဏိဇာ၊ အကြင်ကုန်သည်တို့သည်။ ကယဝိက္ကယေ၊ ရောင်းဝယ်ခြင်း၌။ ယုတ္တာ၊ လုံ့လပြုကုန်၏။ ဩဇဒါနဗလီကာရေ၊ ထိုထိုအရပ်မှ ဥစ္စာကိုဆောင်ယူခဲ့ခြင်း အခွန်အတုတ်ပေးခြင်း အစွမ်းအားဖြင့် ဩဇာကိုပေးခြင်း ခြောက်စုတစ်စု ဆယ်စုတစ်စု အစရှိသော အခွန်အတုတ်ပေးခြင်းကို ပြုတတ်ကုန်သော။ တေ ဝါဏိဇေ၊ ထိုကုန်သည်တို့ကိုလည်းကောင်း။ ဟိံသံ ဟိသန္တော၊ ညှဉ်းဆဲတတ်သည်။ ဟောတိ၊ ဖြစ်၏။ သ- သောရာဇာ၊ ထိုမင်းသည်။ ကောသေန၊ ကျီကြနှင့်။ ဝိရုဇ္ဈတိ၊ ဆန့်ကျင်ဘက်ဖြစ်၏။

၁၇၈။ မဟာရာဇ၊ မင်းမြတ်။ ယော ရာဇာ၊ အကြင်မင်းသည်။ ပဟာရဝရခေတ္တညူ၊ ဤနေရာ၌နေ၍ စစ်ထိုးခြင်းငှာ သင့်၏ဟု ခေတ်ကိုသိကုန်သော လေးသမားတို့ကိုလည်းကောင်း။ သင်္ဂါမေ၊ စစ်ထိုးခြင်း၌။ ကတနိဿမေ၊ ကောင်းစွာ သင်အပ်ကျင့်အပ်သော အမှုရှိကုန်သော သူရဲကောင်းဖြစ်ကုန်သော။ ဥဿိတေ၊ ကျော်စောထင်ရှားကုန်သော အမတ်ကြီးတို့ကိုလည်းကောင်း။ ဟိံသယံ-ဟိံသယန္တော၊ ညှဉ်းဆဲတတ်, ညှဉ်းဆဲစေတတ်၏။ သ- သော ရာဇာ၊ ထိုမင်းသည်။ ဗလေန၊ ဗိုလ်ပါနှင့်။ ဝိရုဇ္ဈတိ၊ ဆန့်ကျင်ဘက်ဖြစ်၏။

၁၇၉။ မဟာရာဇ၊ မင်းမြတ်။ အဓမ္မစာရီ၊ တရားမကျင့်သော။ ခတ္တိယော၊ ရေမြေကို အစိုးရသော။ ယော ရာဇာ၊ အကြင်မင်းသည်။ နေဂမာဒယော၊ နိဂုံးသူ အစရှိသည်တို့ကို။ ဟိံသတိ ယထာ၊ ညှဉ်းဆဲသကဲ့သို့။ တထေဝ၊ ထို အတူလျှင်။ သံယမေ၊ ကိုယ်နှုတ်နှလုံးကို စောင့်ရှောက်ကုန်ထသော။ ဗြဟ္မစာရိနော၊ မြတ်သောအကျင့်ကို ကျင့်ကုန်ထသော။ ဣသယော၊ ဂုဏ်ကျေးဇူးကို ရှာတတ်ကုန်သော ရသေ့ရဟန်းတို့ကို။ ဟိံသံ-ဟိံသန္တော၊ ညှဉ်းဆဲတတ်သည်။ ဟောတိ၊ ဖြစ်၏။ သောရာဇာ၊ ထိုမင်းသည်။ သဂ္ဂေန၊ နတ်ပြည်နှင့်။ ဝိရုဇ္ဈတိ၊ ဆန့်ကျင်ဘက် ဖြစ်၏။

၁၈၀။ မဟာရာဇ၊ မင်းမြတ်။ အဓမ္မဋ္ဌော၊ တရား၌မတည်သော။ ယောစ ရာဇာ၊ အကြင်မင်းသည်လျှင်။ အဒူသိကံ၊ အပြစ်မရှိသော။ ဘရိယံ၊ မိဖုရားကို။ ဟန္တိ-ဟနတိ၊ သတ်၏။ သော ရာဇာ၊ ထိုမင်းသည်။ လဒ္ဓံဌာနံ၊ ရုန့်ရင်းကြမ်းကြုတ်သော ငရဲ၌ ဖြစ်ခြင်း၏အကြောင်း မကောင်းမှုကို။ ပသဝတေ၊ ပွားစေ၏။ ပုတ္တေဟိ စ၊ သားတို့နှင့်လည်း။ ဝိရုဇ္ဈတိ၊ ဆန့်ကျင်ဘက် ဖြစ်၏။

၁၈၁။ မဟာရာဇ၊ မင်းမြတ်။ ရာဇာ၊ မင်းသည်။ ဇနပဒေစ၊ ဇနပုဒ်သူ၌ လည်းကောင်း။ နေဂမေသု စ၊ နိဂုံးသူတို့၌လည်းကောင်း။ ဗလေသု စ၊ ဗိုလ်ပါတို့၌လည်းကောင်း။ ဓမ္မံ၊ တရားကို။ စရေ၊ ကျင့်ရာ၏။ ဣသယော စ၊ ရသေ့ရဟန်းတို့ကိုလည်း။ န စ ဟိံသေယျ၊ မညှဉ်းဆဲရာ။ ပုတ္တဒါရေ၊ သားမယား၌။ သမံ စရေ၊ အညီအမျှ ကျင့်ရာ၏။

၁၈၂။ မဟာရာဇ၊ မင်းမြတ်။ အသုရာဓိပေါ၊ အသူရာတို့ကို နှိပ်စက်လွှမ်းမိုး အစိုးရသော။ ဣန္ဒော၊ သိကြားမင်းသည်။ သပတ္တေ၊ မိမိရန်သူတို့ကို။ သမ္ပကမ္ပေတိ ဣဝ၊ ထိတ်လန့် တုန်လှုပ်စေသကဲ့သို့။ တထာ၊ ထို့အတူ။ ဘူမိပတိ၊ မြေကိုအစိုးရသော။ ရဋ္ဌပါလော၊ တိုင်းနိုင်ငံသူတို့ကို စောင့်ရှောက်တတ်သော။ အကောဓနော၊ အမျက်မထွက်သော။ တာဒိသော၊ ထိုတရားစောင့်သော ရှေးမင်းတို့နှင့်တူသော သဘောရှိသော။ သ-သော ရာဇာ၊ ထိုမင်းသည်။ သပတ္တေ၊ မိမိရန်သူတို့ကို။ ရာဇတေဇေန၊ မင်း၏တန်ခိုးအရှိန်ဖြင့်။ သမ္ပကမ္ပေတိ၊ ထိတ်လန့် တုန်လှုပ်စေနိုင်၏။

မင်းသားတို့ကို ကန်တော့စေခြင်း

ဤသို့လျှင် ဘုရားလောင်းသည် ဗြဟ္မဒတ်မင်းအား တရားဟောတော်မူ၍ မင်းသား လေးယောက်တို့ကိုလည်း ခေါ်ပြီးလျှင် ဆုံးမတော်မူ၍ မင်း၏အမှုကို ထင်ရှားပြတော်မူသဖြင့် ခမည်းတော် မင်းကြီးကို ကန်တော့ကြကုန်လော့ဟု ဆို၍ ကန်တော့စေပြီးလျှင် မင်းမြတ်... ဤနေ့မှစ၍ မဆင်ခြင်ဘဲ ကုန်းချောတတ်ကုန်သော သူတို့၏စကားကို ယူလျက် ဤသို့သဘောရှိသော နိုင်ထက်ကလူမူသော အမှုကိုမပြုလင့်၊ ရှင်မင်းသားတို့... သင်တို့သည်လည်း ခမည်းတော် မင်းကြီးအား မပြစ်မှားကြကုန်လင့် ဟု အလုံးစုံသော သူတို့အား အဆုံးအမကို ပေးတော်မူ၏။

အမတ်တို့ အနှင်ခံကြရ

ထိုအခါ ဘုရားလောင်းကို ဗြဟ္မဒတ်မင်းသည် လျှောက်၏။ အရှင်ဘုရား... အကျွန်ုပ်သည် အရှင်ဘုရားတို့၌လည်းကောင်း၊ မိဖုရားကြီး၌လည်းကောင်း၊ ပြစ်မှားလျက် ဤသူယုတ်မာတို့ကို မှီ၍ ထိုသူယုတ်မာတို့၏ စကားကိုယူသဖြင့် ထိုမကောင်းမှုကို ပြုမိ၏။ ငါးယောက်ကုန်သော ဤသူတို့ကိုလည်း သတ်အံ့ ဟု လျှောက်၏။ မင်းမြတ် ဤသို့ ပြုအံ့သောငှာ မသင့်ဟု မိန့်တော်မူလတ်သော် ထိုသို့တပြီးကား ထိုသူယုတ်တို့၏ လက်ခြေတို့ကို ဖြတ်အံ့ ဟု လျှောက်ပြန်၏။ မင်းမြတ် ဤလက်ခြေဖြတ်ခြင်းကိုလည်း ပြုခြင်းငှာ မသင့် ဟု မိန့်တော်မူသည်ရှိသော် ဗြဟ္မဒတ်မင်းသည် ကောင်းပြီဟု ဝန်ခံ၍ ထိုအမတ်ငါးယောက်တို့ကို အလုံးစုံသောသူ၏ ဥစ္စာတို့ကို ဆောင်ယူတတ်သော သူခိုးတို့ကဲ့သို့ပြု၍ ဦးစွန်းငါးခု ပြုခြင်း၊ တောင်းဆွဲခြင်း၊ နွားချေးတို့ဖြင့် သွန်းလောင်းခြင်းတို့ဖြင့် မရိုမသေပြု၍ တိုင်းနိုင်ငံမှ နှင်ထုတ်စေ၏။ ဘုရားလောင်းသည်လည်း ထိုဗာရာဏသီပြည်၌ နှစ်ရက် သုံးရက် နေတော်မူ၍ မမေ့မလျော့ ဖြစ်လော့ဟု ဗြဟ္မဒတ်မင်းကို ဆုံးမတော်မူလျက် ဟိမာသို့လျှင် ကြွတော်မူ၍ ဈာန်အဘိညာဉ်တို့ကို ဖြစ်စေ၍ အသက်ထက်ဆုံး ဗြဟ္မဝိဟာရတရားတို့ကို ပွားစေ၍ ဗြဟ္မာ့ပြည်သို့ လားတော်မူ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့... ငါဘုရားသည် ယခုအခါ၌သာလျှင် ပညာရှိသည်။ သူတစ်ပါးတို့၏ အယူဝါဒကို နှိမ်နင်းဖျက်ဆီးနိုင်သည် မဟုတ်သေး၊ ရှေး၌လည်း ငါဘုရားသည် ပညာရှိသည်သာတည်း၊ သူတစ်ပါးတို့၏ အယူဝါဒကို နှိမ်နင်း ဖျက်ဆီးနိုင်သည်သာတည်းဟု မိန့်တော်မူ၍ ရဟန်းတို့... ယခုအခါ ပူရဏကဿပ၊ မက္ခလိဂေါသာလ၊ ပကုဓကစ္စာယန၊ အဇိတကေသကမ္ဗလ၊ နိဂဏ္ဌနာဋပုတ္တတို့သည် ထိုအခါ ငါးယောက်ကုန်သော မိစ္ဆာအယူ ရှိကုန်သော အမတ်တို့သည် ဖြစ်ဖူးကုန်ပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ ပိင်္ဂလအမည်ရှိသော ဗြဟ္မဒတ်မင်းခွေးတော်ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ မဟာဗောဓိပရိဗိုဇ် ဖြစ်ဖူးပြီဟု ဇာတ်တော်ကို ပေါင်းတော်မူ၏။

တိတ္ထိဝါဒ၊ ဤငါးဝ၊ ရှေးကပယ်ခဲ့ပြီ

သုံးခုမြောက်ဖြစ်သော မဟာဗောဓိဇာတ်သည် ပြီး၏။

*****