ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု
by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄၉၃။ မဟာဝါဏိဇဇာတ် (၁၀)
2683ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု — ၄၉၃။ မဟာဝါဏိဇဇာတ် (၁၀)မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်

ပကိဏ္ဏကနိပါတ်

၁၀။ မဟာဝါဏိဇဇာတ်

လောဘနိုင်ငံသို့လိုက်၍ ကုန်သည်မိုက်တို့ ပျက်စီးခြင်းအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည်ဝါဏိဇာ သမိတိံ ကတွာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ မဟာဝါဏိဇဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် သာဝတ္ထိပြည်၌နေကုန်သာ ကုန်သည်တို့ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုကုန်သည်တို့သည် ကုန်သွယ်အံ့သောငှါ သွားကုန်သည်ရှိသော် သဗ္ဗညူ မြတ်စွာဘုရားအား အလှူကြီးကိုပေး၍ သရဏဂုံတို့၌၎င်း သီလတို့၌၎င်း တည်၍ အရှင်ဘုရား အကျွန်ုပ်တို့သည် အနာကင်းကုန်သည်ဖြစ်၍ အကယ်၍ ပြန်ရပါကုန်အံ့၊ တဖန် အရှင်ဘုရားတို့၏ ခြေတော်တို့ကို ရှိခိုးပါကုန်အံ့ဟု ဆို၍ လှည်းငါးရာတို့ဖြင့် အိမ်မှထွက်ခဲ့လျှင် ကန္တာရခရီးသို့ ရောက်ကုန်၍ ခရီးကိုမမှတ်နိုင်ကုန်သဖြင့် လမ်းမှားကုန်သည်ဖြစ်၍ ရေ အစာမရှိသော တော၌ လှည့်လည်ကုန်သည်ရှိသော် နဂါးသိမ်းဆည်းသော တခုသော ညောင်ပင်ကိုမြင်၍ လှည်းတို့ကို ချွတ်ပြီးလျှင် သစ်ပင်ရင်း၌ နေကုန်၏။

ထိုကုန်သည်တို့သည် ထိုပညောင်ပင်၏ ရေစွတ်သကဲ့သို့ စိမ်းညိုကုန်သော ပြေပြစ်ကုန်သော အရွက်တို့ကို၎င်း ရေဖြင့် ပြည့်ကုန်သကဲ့သို့သော အခက်တို့ကို၎င်း မြင်ကုန်၍ ကြံကြကုန်၏။ ဤပညောင်ပင်၌ ရေစီးသကဲ့သို့ ထင်၏။ ဤ ပညောင်ပင်၏ အရှေ့အကိုင်းကို ဖြတ်ကုန်အံ့၊ ငါတို့အား ရေကိုပေးလတ္တံ့ဟု ကြံကြကုန်၏။ ထိုသို့ ကြံပြီးမှ တယောက်သောသူသည် ပညောင်ပင်သို့တက်၍ အကိုင်းကို ဖြတ်၏။ ထိုဖြတ်ရာမှ ထန်းပင် အတိုင်းအရှည်ရှိသော ရေအယဉ်သည် ဖြစ်၏။ ထိုကုန်သည်တို့သည် ထိုနေ့၌ ချိုး၍၎င်း, သောက်၍၎င်း တောင်အကိုင်းကို ဖြတ်ကုန်၏။ ထိုဖြတ်သော တောင်အကိုင်းမှ အထူးထူးသော

မြတ်သော အရသာရှိသော ဘောဇဉ်သည် ထွက်၏။ ထိုဘောဇဉ်ကိုစား၍ ထို့နောင်မှ အနောက်အကိုင်းကို ဖြတ်ကုန်၏။ ထိုအနောက်အကိုင်းမှ တန်ဆာဆင်သော မိန်းမတို့သည် ထွက်ကုန်၏။ ထိုမိန်းမတို့နှင့်တကွ မွေ့လျော်ကုန်ပြီး၍ မြောက်အကိုင်းကို ဖြတ်ကုန်၏။ ထိုမြောက်အကိုင်းမှ ရတနာ ခုနစ်ပါးတို့သည် ထွက်ကုန်၏။ ထိုရတနာ ခုနစ်ပါးတို့ကိုယူ၍ လှည်းငါးရာတို့ကို ပြည့်စေပြီးလျှင် သာဝတ္ထိပြည်သို့ ပြန်ခဲ့ကုန်၍ ဥစ္စာကို လုံခြုံစေပြီးလျှင် ပန်းနံ့သာအစရှိသည် လက်စွဲကုန်လျက် ဇေတဝန် ကျောင်းတော်သို့ သွား၍ မြတ်စွာဘုရားကို ရှိခိုးပူဇော်ကုန်လျက် တင့်အပ် လျောက်ပတ်သော အရပ်၌ နေကုန်၍ တရားတော်ကို နာကုန်ပြီးလျှင် ပင့်ဘိတ်ခဲ့၍ နက်ဖြန်နေ့၌ အလှူကြီးကို ပေး၍ အရှင်ဘုရား ဤအလှူ၌ အကျွန်ုပ်တို့အား ဥစ္စာကိုပေးပေသော ရုက္ခစိုးနတ်မင်းအား အလှူ၏အဘို့ကို ပေးပါကုန်၏ဟု အလှူ၏အဘို့ကို ပေးဝေကုန်၏။

သဗ္ဗညူ မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးလတ်သော် အဘယ်မည်သော ရုက္ခစိုးနတ်မင်းအား အလှူ၏အဘို့ကို ပေးဝေကုန်သနည်းဟု မေးတော်မူ၏။ ကုန်သည်တို့သည် ပညောင်ပင်၌ ဥစ္စာကိုရသေ အကြောင်းကို ဘုရားသခင်အား ကြားလျှောက်ကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် သင်တို့သည် ရှေးဦးစွာ အတိုင်းအရှည်ကို သိကုန်သောကြောင့် တဏှာအလိုသို့လိုက်သည် မဖြစ်ကုန်မူ၍ ဥစ္စာကို ရကြကုန်၏။ ရှေး၌မူကား အတိုင်းအရှည်ကို မသိသောကြောင့် တဏှာအလိုသို့ လိုက်ကုန်သည်ဖြစ်၍ ဥစ္စာကို၎င်း, အသက်ကို၎င်း စွန့်ရဘူးလေကုန်ပြီဟု မိန့်တော်မူ၍ ထိုကုန်သည်တို့သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ဒါယကာတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ထိုကန္တာရသည်၎င်း, ထိုပညောင်ပင်သည်၎င်း ဖြစ်၍ ကုန်သည်တို့သည် ခရီးမှားကုန်သည်ဖြစ်၍ ထိုပညောင်ပင်ကိုသာလျှင် မြင်ကုန်၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၁၈၀။ ဝါဏိဇာ သမိတိံ ကတွာ၊ နာနာရဋ္ဌတော အာဂတာ။
ဓနဟာရာ ပက္ကမိံသု၊ ဧကံ ကတွာန ဂါမဏိံ။
၁၈၁။ တေ တံ ကန္တာရ မာဂမ္မ၊ အပ်ပဘက်ခံ အနောဒကံ။
မဟာနီဂြောဓ မဒ္ဒက္ခုံ၊ သီတစ္ဆာယံ မနောရမံ။
၁၈၂။ တေစ တတ္ထ နိသီဒိတွာ၊ တဿ ရုက္ခဿ ဆာယာယ။
ဝါဏိဇာ သမစိန္တေသုံ၊ ဗာလာ မောဟေန ပါရုတာ။
၁၈၃။ အလ္လာယတေ အယံ ရုက္ခော၊ အပိ ဝါရိဝ သန္ဒတိ။
ဣင်္ဃဿ ပုရိမံ သာခံ၊ မယံ ဆိန္ဒာ ဝါဏိဇာ။
၁၈၄။ သာ စ ဆိန္နာဝ ပဂ္ဃရိ၊ အစ္ဆံ ဝါရိံ အနာဝိလံ။
တေ တတ္ထ နှတွာ ပိဝိတွာ၊ ယာဝတိစ္ဆိံသု ဝါဏိဇာ။
၁၈၅။ ဒုတိယံ သမစိန္တေသုံ၊ ဗာလာ မောဟေန ပါရုတာ။
ဣင်္ဃဿ ဒက္ခိဏံ သာခံ၊ မယံ ဆိန္ဒာမ ဝါဏိဇာ။
၁၈၆။ သာ စ ဆိန္နာဝ ပဂ္ဃရိ၊ သာလိမံသောဒနံ ဗဟုံ။
အပ္ပေါဒဝဏ္ဏေ ကုမ္မာသေ၊ သိင်္ဂီဝေရ လသူပိယော။
တေ တတ္ထ ဘုတွာ ခါဒိတွာ၊ ယာဝတိစ္ဆိံသု ဝါဏိဇာ။
၁၈၇။ တတိယံ သမစိန္တေသုံ၊ ဗာလာ မောဟေန ပါရုတာ။
ဣင်္ဃဿ ပစ္ဆိမံ သာခံ၊ မယံ ဆိန္ဒာမ ဝါဏိဇာ။
၁၈၈။ သာ စ ဆိန္နာဝ ပဂ္ဃရိ၊ နာရိယော သမလင်္ကတာ။
ဝိစိတြ ဝတ္ထာဘရဏာ၊ အာမုက္က မဏိကုဏ္ဍလာ။
၁၈၉။ အပိသု ဝါဏိဇာ ဧကာ၊ နာရိယော ပဏ္ဏဝီသတိ။
သမန္တာ ပရိဝါရိံသု၊ တဿ ရုက္ခသ ဆာယယာ။
တေ တာဟိ ပရိစာရေတွာ၊ ယာဝတိစ္ဆိံသု ဝါဏိဇာ။
၁၉၀။ စတုတ္ထ သမစိန္တေသုံ၊ ဗာလာ မောဟေန ပါရုတာ။
ဣင်္ဃဿ ဥတ္တရံ သာခံ၊ မယံ ဆိန္ဒာမ ဝါဏိဇာ။
၁၉၁။ သာ စ ဆိန္နာဝ ပဂ္ဃရိ၊ မုတ္တာ ဝေဠုရိယာ ဗဟူ။
ရဇတံ ဇာတရူပဉ္စ၊ ကုဋ္ဋိယော ပဋိဃာနိ စ။
၁၉၂။ ကာသိကာနိ စ ဝတ္ထာနိ၊ ဥဒ္ဒိယာနိ စ ကမ္ဗလာ။
တေ တတ္ထ ဘာရေ ဗန္ဓိတွာ၊ ယာဝတိစ္ဆိံသု ဝါဏိဇာ။
၁၉၃။ ပဉ္စမံ သမစိန္တေသုံ၊ ဗာလာ မောဟေန ပါရုတာ။
ဣင်္ဃဿ မူလံ ဆိန္ဒာမ၊ အပိ ဘိယျော လဘာမသေ။
၁၉၄။ အထုဋ္ဌဟိ သတ္ထဝါဟော၊ ယာစမာနော ကတဉ္ဇလီ။
နိဂြောဓော ကိံပရဇ္ဈတိ၊ ဝါဏိဇာ ဘဒ္ဒ မတ္ထု တေ။
၁၉၅။ ဝါရိဒါ ပုရိမာ သာခါ၊ အန္နပါနဉ္စ ဒက္ခိဏာ။
နာရိဒါ ပစ္ဆိမာ သာခါ၊ သဗ္ဗကာမေ စ ဥတ္တရာ။
နိဂြောဓော ကိံ ပရဇ္ဈတိ၊ ဝါဏိဇာ ဘဒ္ဒ မတ္ထု တေ။
၁၉၆။ ယဿ ရုက္ခဿ ဆာယာယ၊ နိသီဒေယျ သယေယျ ဝါ။
န တဿ သာခံ ဘဉ္ဇေယျ၊ မိတ္တဒုဗ္ဘော ဟိ ပါပကော။
၁၉၇။ တေ စ တဿာ နာဒိယိတွာ၊ ဧကဿ ဝစနံ ဗဟူ။
နိသိတာဟိ ကုဌာရီဟိ၊ မူလတော နံ ဥပက္ကမုံ။

ဟူသော ဤဂါထာတို့ကို ဟောတော်မူ၏။

၁၈၀။ ဘော၊ အို-ဒါယကာတို့။ ဝါဏိဇာ၊ ကုန်သည်တို့သည်။ သမိတိံ၊ ပေါင်းစုသည်ကို။ ကတွာ၊ ပြုကုန်၍။ နာနာရဋ္ဌတော၊ အထူးထူးသော တိုင်းနိုင်ငံမှ။ အာဂတာ၊ လာကုန်၍။ ဧကံ၊ တယောက်သော။ ဂါမဏိံ၊ ဘုန်းပညာနှင့် ပြည့်စုံသော လှည်းမှူးအကြီးကို။ ကတွာန၊ ပြုကုန်၍။ ဓနဟာရာ၊ ဥစ္စာကို ဆောင်လိုကုန်သည်ဖြစ်၍။ ပက္ကမိံသု၊ သွားကုန်၏။

၁၈၁။ တေ၊ ထိုကုန်သည်တို့သည်။ အပ်ပဘက်ခံ၊ အစာမရှိသော။ အနောဒကံ၊ ရေမရှိသော။ တံ ကန္တာရံ၊ ထိုခရီးခဲသို့။ အာဂမ္မ၊ ရောက်လတ်ကုန်၍။ သီတစ္ဆာယံ၊ ချမ်းအေးသော အရိပ်ရှိသော။ မနောရမံ၊ နှလုံးမွေ့လျော်ဘွယ်ရှိသော။ မဟာနိဂြောဓံ၊ ပညောင်ပင်ကြီးကို။ အဒ္ဒက္ခုံ၊ မြင်ကုန်၏။

၁၈၂။ တေ စ ဝါဏိဇာ၊ ထိုကုန်သည်တို့သည်လည်း။ တတ္ထ၊ ထိုကန္တာရ ခရီး၌။ တဿ ရုက္ခဿ၊ ထိုပညောင်ပင်၏။ ဆာယာယ၊ အရိပ်၌။ နိသီဒိတွာ၊ နေကုန်ပြီး၍။ ဗာလာ၊ မိုက်ကုန်သည် ဖြစ်၍။ မောဟေန၊ တွေဝေခြင်းဖြင့်။ ပါရုတာ၊ ပိတ်ဖုံးအပ်ကုန်သည်ဖြစ်၍။ သမစိန္တေသုံ၊ အတူအမျှ ကြံကြကုန်၏။

၁၈၃။ အယံ ရုက္ခော၊ ဤပညောင်ပင်သည်။ အလ္လာယတေ၊ စိုစွတ်၏။ အပိ၊ စင်စစ်။ ဝါရိ၊ ရေသည်။ သန္ဒတိ ဣဝ၊ ယိုစီးသကဲ့သို့ ထင်၏။ ဣင်္ဃ၊ တိုက်တွန်း၏။ အဿ၊ ထိုပညောင်ပင်၏။ ပုရိမံ သာခံ၊ အရှေ့ကိုင်းကို။ ဝါဏိဇာ၊ ကုန်သည်ဖြစ်ကုန်သော။ မယံ၊ ငါတို့သည်။ ဆိန္ဒာမ၊ ဖြတ်ကုန်အံ့။

၁၈၄။ ဆိန္နာဝ၊ ဖြက်အပ်သည်သာလျှင်ဖြစ်သော။ သာ စ၊ ထိုအရှေ့ကိုင်းသည်ကား။ အစ္ဆံ၊ ကြည်လင်စွာသော။ အနာဝိလံ၊ မနောက်ကျုသော။ ဝါရိံ၊ ရေကို။ ပဂ္ဃရိ၊ ယိုစီး၏။ တေ ဝါဏိဇာ၊ ထိုကုန်သည်တို့သည်။ တတ္ထ၊ ထိုရေ၌။ နှတွာ၊ ချိုးကုန်၍။ ပိဝိတွာ၊ သောက်ကုန်၍။ ယာဝတံ၊ အကြင်မျှလောက်သောရေကို။ ဣစ္ဆိံသု၊ အလိုရှိကုန်၏။ တာဝတံ၊ ထိုမျှလောက်သော ရေကို။ ဟရိံသု၊ ဆောင်ယူကုန်၏။

၁၈၅။ မောဟေန၊ တွေဝေခြင်းဖြင့်။ ပါရုတာ၊ ပိတ်ဖုံးအပ်ကုန်သည်ဖြစ်၍။ ဗာလာ၊ ကုန်သည်မိုက်တို့သည်။ ဒုတိယံ၊ နှစ်ကြိမ်မြောက်။ သမစိန္တေသုံ၊ အမျှကြံကြကုန်၏။ ဣင်္ဃ၊ တိုက်တွန်း၏။ ဝါဏိဇာ၊ ကုန်သည်ဖြစ်ကုန်သော။ မယံ၊ ငါတို့သည်။ အဿ၊ ထိုပညောင်ပင်၏။ ဒက္ခိဏံ သာခံ၊ တောင်ကိုင်းကို။ ဆိန္ဒာမ၊ ဖြတ်ကုန်အံ့။ ဣတိ၊ ဤသို့။ သမစိန္တေသုံ၊ အမျှကြံကြကုန်၏။

၁၈၆။ ဆိန္နာဝ၊ ဖြတ်အပ်သည်သာလျှင် ဖြစ်သော။ သာစ၊ ထိုတောင်ကိုင်းသည်ကား။ ဗဟုံ၊ များစွာသော။ သာလိမံသောဒနံ၊ သားပြွမ်းထမင်းကို၎င်း။ အပ္ပေါဝဏ္ဏေ၊ ရေမရောသော ဃနာနှင့်တူကုန်သော။ ကုမ္မာသေ၊ မုယောမုန့်တို့ကို၎င်း။ သိင်္ဂီဝေရံ၊ ချင်းအစရှိသော ဟင်းလျာတို့ကို၎င်း။ လသူပိယော၊ ပဲဟင်းစသည်တို့ကို၎င်း။ ပဂ္ဃရိ၊ ယိုထွက်၏။ တေ ဝါဏိဇာ၊ ထိုကုန်သည်တို့သည်။ တတ္ထ၊ ထိုအရပ်၌။ ဘုတွာ၊ စားကုန်၍။ ခါဒိတွာ၊ ခဲကုန်၍။ ယာဝတံ၊ အကြင်မျှလောက်သော ခဲဘွယ်ဘောဇဉ်ကို။ ဣစ္ဆိံသု၊ အလိုရှိကုန်၏။ တာဝတံ၊ ထိုမျှလောက်သော ခဲဘွယ်ဘောဇဉ်ကို။ ဂဏှိံသု၊ ယူကုန်၏။

၁၈၇။ မောဟေန၊ တွေဝေခြင်းဖြင့်။ ပါရုတာ၊ ပိတ်ဖုံးအပ်ကုန်သည်ဖြစ်၍။ ဗာလာ၊ ကုန်သည်မိုက်တို့သည်။ တတိယံ၊ သုံးကြိမ်မြောက်။ သမစိန္တေသုံ၊ အညီအမျှကြံကြကုန်၏။ ဣင်္ဃ၊ တိုက်တွန်း၏။ ဝါဏိဇာ၊ ကုန်သည်ဖြစ်ကုန်သော။ မယံ၊ ငါတို့သည်။ အဿ၊ ထိုပညောင်ပင်၏။ ပစ္ဆိမံ သာခံ၊ အနောက်ကိုင်းကို။ ဆိန္ဒာမ၊ ဖြတ်ကြကုန်အံ့။ ဣတိ၊ ဤသို့။ သမစိန္တေသုံ၊ အညီ အမျှ ကြံကြကုန်၏။

၁၈၈။ ဆိန္နာဝ၊ ဖြတ်အပ်သည်သာလျှင် ဖြစ်သော။ သာ စ၊ ထိုအနောက်ကိုင်းသည်ကား။ သမလင်္ကတာ၊ ကောင်းစွာ တန်ဆာကို ဆင်အပ်ကုန်သော။ ဝိစိတြဝတ္ထာဘရဏာ၊ ဆန်းကြယ်သော အဝတ်တန်ဆာကို ဆင်ဝတ်ကုန်သော။ အာမုက္က မဏိကုဏ္ဍလာ၊ ပုလဲသွယ် ပတ္တမြားနားဍောင်း ဆင်ဝတ်ကုန်သော။ နာရိယော၊ မိန်းမတို့ကို။ ပဂ္ဃရိ၊ ယိုထွက်စေ၏။

၁၈၉။ အပိသု၊ စင်စစ်။ ဧကာ- ဧကေကဿ၊ တယောက် တယောက်သော။ ဝါဏိဇာ-ဝါဏိဇဿ၊ ကုန်သည် လက်သားအား။ ဧကော၊ တယောက် တယောက်ကုန်သော။ နာရိယော၊ မိန်းမတို့သည်၎င်း။ သတ္ထဝါဟဿ၊ ကုန်သည်ကြီးအား။ ပဏ္ဏဝီသတိ၊ နှစ်ကျိပ် ငါးယောက်ကုန်သော။ နာရိယော၊ မိန်းမတို့သည်၎င်း။ တဿ ရုက္ခဿ၊ ထိုပညောင် ပင်၏။ ဆာယာယ၊ အရိပ်၌။ သမန္တာ၊ ထက် ဝန်းကျင်မှ။ ပရိဝါရိံသု၊ ခြံရံကုန်၏။ တေ ဝါဏိဇာ၊ ထိုကုန်သည်တို့သည်။ တာဟိ၊ ထိုမိန်းမတို့နှင့်။ သဒ္ဓိံ၊ တကွ။ ပရိစာရေတွာ၊ မွေ့လျော်၍။ ယာဝတံ၊ အကြင်မျှလောက်သော မိန်းမကို။ ဣစ္ဆိံသု၊ အလိုရှိကုန်၏။ တာဝတံ၊ ထိုမျှလောက်သော မိန်းမကို။ ဂဏှိံသု၊ ယူကုန်၏။

၁၉၀။ ဗာလာ၊ ကုန်သည်မိုက်တို့သည်။ မောဟေန၊ တွေဝေခြင်းဖြင့်။ ပါရုတာ၊ ပိတ်ဖုံးအပ်ကုန်သည် ဖြစ်၍။ စတုတ္ထံ၊ လေးကြိမ်မြောက်။ သမစိန္တေသုံ၊ အညီအမျှ ကြံကြကုန်၏။ ဣင်္ဃ၊ တိုက်တွန်း၏။ ဝါဏိဇာ၊ ကုန်သည် ဖြစ်ကုန်သော။ မယံ၊ ငါတို့သည်။ အဿ၊ ထိုပညောင်ပင်၏။ ဥတ္တရံ သာခံ၊ မြောက်ကိုင်းကို။ ဆိန္ဒာမ၊ ဖြတ်ကုန်အံ့။ ဣတိ၊ ဤသို့။ သမစိန္တေသုံ၊ အညီအမျှ ကြံကြကုန်၏။

၁၉၁-၂။ ဆိန္နာဝ၊ ဖြတ်အပ်သည်သာလျှင်ဖြစ်သော။ သာ စ၊ ထိုမြောက်ကိုင်းသည်ကား။ ဗဟု၊ များစွာကုန်သော။ မုတ္တာ၊ ပုလဲတို့ကို၎င်း။ ဝေဠုရိယာ စ၊ ကျောက် မျက်ရွဲတို့ကို၎င်း။ ရဇတံ၊ ငွေကို၎င်း။ ဇာတရူပံ၊ ရွှေကို၎င်း။ ကုဋ္ဋိယော၊ ဆင်ကုန်းနှီး အစရှိသော အခင်းတို့ကို၎င်း။ ပဋိဃာ စ၊ သားမွေးဖြင့်ပြီးသော အခင်းတို့ကို၎င်း။ ကာသိကာနိ၊ ကာသိတိုင်း၌ဖြစ်ကုန်သော။ ဝတ္ထာနိ၊ အဝတ်ပုဆိုးတို့ကို၎င်း။ ဥဒ္ဒိယာနိ၊ ဥဒ္ဒိယ အမည်ရှိကုန်သော။ ကမ္ဗလာ စ၊ ကမ္ဗလာတို့ကို၎င်း။ ပဂ္ဃရိ၊ ယိုထွက်စေ၏။ တေ၊ ထိုကုန်သည်တို့သည်။ တတ္ထ၊ ထိုရွှေငွေ အစရှိသော ဥစ္စာ၌။ ဘာရေ၊ ဝန်တို့ကို။ ဗန္ဓိတွာ၊ ဖွဲ့ကုန်၍။ ယာဝတံ၊ အကြင်မျှလောက်သော ဥစ္စာကို။ ဣစ္ဆိံသု၊ အလိုရှိကုန်၏။ တာဝတံ၊ ထိုမျှလောက် ဥစ္စာကို။ ဂဏှိံသု၊ ယူကုန်၏။

၁၉၃။ ဗာလာ၊ ကုန်သည်မိုက်တို့သည်။ မောဟေန၊ တွေဝေခြင်းဖြင့်။ ပါရုတာ၊ ပိတ်ဖုံးအပ်ကုန်သည်ဖြစ်၍။ ပဉ္စမံ၊ ငါးကြိမ်မြောက်။ သမစိန္တေသုံ၊ အညီအမျှ ကြံကြကုန်၏။ ဣင်္ဃ၊ တိုက်တွန်း၏။ အဿ၊ ထိုပညောင်ပင်၏။ မူလံ၊ အမြစ်ကို။ ဆိန္ဒာမ၊ ဖြတ်ကုန်အံ့။ အပိ စ၊ စင်စစ်။ ဘိယျော၊ လွန်စွာသော ဥစ္စာကို။ လဘာမသေ၊ ရကုန်လတ္တံ့။

၁၉၄။ သတ္ထဝါဟော၊ လှည်းကုန်သည်မှူးသည်။ အထ၊ ထိုအခါ၌။ ဥဋ္ဌဟိ၊ ထ၏။ ဥဋ္ဌဟိတွာ၊ ထပြီး၍။ ကတဉ္ဇလီ၊ လက်အုပ်ချီလျက်။ ယာစာမနော၊ တောင်းပန်၏။ နိဂြောဓော၊ ပညောင်ပင်မင်းသည်။ ဝါဏိဇေ၊ ကုန်သည်တို့ကို။ ကိံ ပရဇ္ဈတိ၊ အသို့ ပြစ်မှားသနည်း။ ပါဏိဇ၊ ကုန်သည်။ တေ၊ သင့်အား။ ဘဒ္ဒံ၊ ကောင်းခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။

၁၉၅။ ပုရိမာ သာခါ၊ အရှေ့ကိုင်းသည်။ ဝါရိဒါ၊ ရေကိုပေး၏။ ဒက္ခိဏာ၊ တောင်ကိုင်းသည်။ အန္နပါနဉ္စ၊ ထမင်းအဖျော်ကိုလည်း။ အဒါသိ၊ ပေးပေ၏။ ပစ္ဆိမာ သာခါ၊ အနောက်ကိုင်းသည်။ နာရိဒါ၊ မိန်းမကို ပေးလေ၏။ ဥတ္တရာ၊ မြောက်ကိုင်းသည်။ သဗ္ဗကာမေ စ၊ အလုံးစုံ အလိုရှိအပ်သော ဥစ္စာကိုလျှင်။ အဒါသိ၊ ပေးပေ၏။ နိဂြောဓော၊ ပညောင်ပင်သည်။ ဝါဏိဇေ၊ ကုန်သည်တို့ကို။ ကိံ ပရဇ္ဈတိ၊ အသို့ ပြစ်မှားပေသနည်း။ ဝါဏိဇ၊ ကုန်သည်။ တေ၊ သင့်အား။ ဘဒ္ဒံ၊ ကောင်းခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။

၁၉၆။ ယဿ ရုက္ခဿ၊ အကြင်သစ်ပင်၏။ ဆာယာယ၊ အရိပ်၌။ နိသီဒေယျ ဝါ၊ နေမူလည်း နေခဲ့ဘူးအံ့။ သယေယျ ဝါ၊ အိပ်မူလည်း အိပ်ခဲ့ဘူးအံ့။ တဿ ရုက္ခဿ၊ ထိုသစ်ပင်၏။ သာခံ၊ အခက်ကို။ န ဘဉ္ဇေယျ၊ မချိုးရာ။ ဟိ-သစ္စံ၊ ထိုစကားသည် မှန်၏။ ဘိန္ဒန္တော၊ အရိပ်နေလျက် အခက်ချိုးသောသူသည်။ ပါပကော၊ ယုတ်မာသော။ မိတ္တဒုဗ္ဘော၊ အဆွေခင်ပွန်း ပြစ်မှားတတ်သောသူ မည်၏။

၁၉၇။ ဗဟူ၊ များစွာကုန်သော။ တေ စ၊ ထိုကုန်သည်တို့သည်လည်း။ ဧကဿ၊ တယောက်တည်းသော။ တဿ၊ ထိုလှည်းကုန်သည်မှူး၏။ ဝစနံ၊ စကားကို။ အနာဒိယိတွာ၊ မယူကုန်မူ၍။ နိသိတာဟိ၊ ထက်စွာ သွေးအပ်ကုန်သော။ ကုဌာရီဟိ၊ ပေါက်ဆိန်တို့ဖြင့်။ မူလတော၊ အမြစ်မှ။ နံ၊ ထိုပညောင်ပင်ကို။ ဥပက္ကမုံ၊ ဖြတ်ခြင်းငှါ အားထုတ်ကုန်၏။

ထိုအခါ ဖြတ်ခြင်းငှါ ပညောင်ပင်သို့ ကပ်ကုန်သော ထိုကုန်သည်တို့ကိုမြင်၍ နဂါးမင်းသည် ကြံ၏။ ငါသည် ရေငတ်ကုန်သော ထိုကုန်သည်တို့အား ရေကို ပေးစေပြီ၊ ထို့နောင်မှ နတ်၌ဖြစ်သော ခဲဘွယ်ဘောဇဉ်ကို ငါပေးပြီ၊ ထို့နောင်မှ အိပ်ရာနေရာ အစရှိသည်တို့ကို၎င်း, အလုပ် အကျွေးဖြစ်ကုန်သော မိန်းမတို့ကို၎င်း ငါပေးအပ်ပြီ၊ ထို့နောင်မှ လှည်းငါးရာပြည့်အောင် ရတနာခုနစ်ပါးတို့ကို ငါ ပေးအပ်ပြီ၊ ယခုအခါ ငါ့သစ်ပင်ကို အမြစ်မှ ဖြတ်ကုန်အံ့ဟု ဆိုကြကုန်၏။ အလွန်လျှင် ကြမ်းကြုတ်ကုန်စွ၊ လှည်းမှူးကိုထား၍ လှည်းမှူးမှ ကြွင်းကုန်သော လှည်းကုန်သည်တို့ကို သတ်ခြင်းငှါ သင့်၏ဟု ကြံ၏။ ကြံပြီး၍ ထိုနဂါးမင်းသည် ဤမျှလောက်ကုန်သော ဖွဲ့အပ်သော ချပ်တန်ဆာရှိကုန်သော သူရဲတို့သည် ထွက်ကြကုန်လော့၊ ဤမျှလောက်ကုန်သော လေးသမားတို့သည် ထွက်ကြကုန်လော့၊ ဤမျှလောက်ကုန်သော ချပ်မိန်ညိုဝတ်ကုန်သော သူရဲတို့သည် ထွက်ကြကုန်လော့ဟု ဆို၍ စစ်သည်အပေါင်းကို စီရင်၏။

ထိုအကြောင်းကို ထင်စွာပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၁၉၈။ တတော နာဂါ နိက္ခမိံသု၊ သန္နဒ္ဓါ ပဏ္ဏဝီသတိ၊
ဓနုဂ္ဂဟာနံ တိသတာ၊ ဆ သဟဿာ စ ဝမ္မိနော။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၁၉၈။ ဥပါသကာ၊ ဒါယကာတို့။ တတော- တဒါ ကာလေ၊ ထိုအခါ၌။ သန္နဒ္ဓါ၊ ရွှေဝတ်လုံ ငွေဝတ်လုံ အစရှိသည်ဝတ်ကုန်သော။ ပဏ္ဏဝီသတိ၊ နှစ်ကျိပ်ငါးယောက်ကုန်သော။ နာဂါ၊ နဂါးစစ်သည်တို့သည်။ နိက္ခမိံသု၊ ထွက်ကုန်၏။ ဓနုဂ္ဂဟာနံ၊ လေးသမားတို့၏။ တိသတာ၊ သုံးရာကုန်သော။ နာဂါ၊ နဂါးစစ်သည်တို့သည်။ နိက္ခမိံသု၊ ထွက်ကုန်၏။ ဝမ္မိနော၊ ချပ်မိန်ညို ဝတ်ကုန်သော။ ဆသဟဿာ၊ ခြောက်ထောင်ကုန်သော။ နာဂါ စ၊ နဂါးစစ်သည်တို့သည်လည်း။ နိက္ခမိံသု၊ ထွက်ကုန်၏။

နဂါးမင်းသည် စစ်သည်တို့ကို စီရင်ပြီးလျှင် မိမိစစ်သည်တို့အား အမှတ်ပေးလိုရကား-

၁၉၉။ ဧတေ ဟနထ ဗန္ဓထ၊ မာ တေ မုဉ္စိတ္ထ ဇီဝိတံ။
ထပေတွာ သတ္တဝါဟံဝ၊ သဗ္ဗေ ဘသ္မံ ကရောထ နေ။

ဟူသော ဤဂါထာကို ဆို၏။

၁၉၉။ ဘော၊ အို အချင်းတို့။ သတ္ထဝါဟံဝ၊ လှည်းကုန်သည်မှူးကိုသာလျှင်။ ထပေတွာ၊ ထား၍။ ဧတေ၊ ထိုကုန်သည်မိုက်တို့ကို။ ဟနထ၊ သတ်လေကုန်။ ဗန္ဓထ၊ နှောင်ဖွဲ့လေကုန်။ တေ၊ ထိုကုန်သည်မိုက်တို့ကို။ ဇီဝိတံ၊ အသက်ကို။ မာ မုဉ္စိတ္ထ၊ မလွှတ်ကြကုန်လင့်။ သဗ္ဗေ၊ အလုံးစုံကုန်သော။ နေ၊ ထိုကုန်သည်မိုက်တို့ကို။ ဘသ္မံ၊ ဖွဲပြာကိုကဲ့သို့။ ကရောထ၊ ပြုကြလေကုန်။

နဂါးတို့သည် နဂါးမင်းဆိုတိုင်း ပြုကုန်ပြီးလျှင် အခင်း အာရုံအစရှိသော ဥစ္စာရတနာတို့ကို လှည်းငါးရာတို့၌ တင်၍ လှည်းကုန်သည်မှူးကိုယူ၍ မိမိတို့သည် ထိုလှည်းငါးရာတို့ကို နှင်လျက် ဗာရာဏသီပြည်သို့ သွား၍ အလုံးစုံသော ဥစ္စာကို ထိုလှည်းကုန်သည်မှူး၏အိမ်၌ သိုမှီးခဲ့ပြီးလျှင် ထိုလှည်းကုန်သည်မှူးကို ပန်ကြား၍ မိမိတို့၏နေရာ နဂါးပြည်သို့လျှင် သွားလေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ထိုအကြောင်းကို သိတော်မူ၍ အဆုံးအမကို ပေးတော်မူလိုရကား-

၂၀၀။ တသ္မာ ဟိ ပဏ္ဍိတော ပေါသော၊ သမ္ပဿံ အတ္ထမတ္တနော။
လောဘဿ န ဝသံ ဂစ္ဆေ၊ ဟနေယျာ ရိသကံ မနံ။
၂၀၁။ ဧဝမာဒီနဝံ ဉတွာ၊ တဏှာ ဒုက္ခဿ သမ္ဘဝံ။
ဝီတတဏှော အနာဒါနော၊ သတော ဘိက္ခု ပရိဗ္ဗဇေ။

ဟူသော ဤဂါထာနှစ်ခုတို့၏အပေါင်းကို ဟောတော်မူ၏။

၂၀၀။ ဘိက္ခဝေ၊ ရဟန်းတို့။ ပဏ္ဍိတော၊ ပညာရှိသော။ ပေါသော၊ ပုဂ္ဂိုလ်သည်။ ဟိ-ယသ္မာ၊ အကြင်ကြောင့်။ အတ္တနော၊ မိမိ၏။ အတ္ထံ၊ အကျိုးစီးပွားကို။ သမ္ပဿံ၊ ကောင်းစွာမြင်၏။ တသ္မာ၊ ထို့ကြောင့်။ လောဘဿ၊ လောဘ၏။ ဝသံ၊ နိုင်ငံသို့။ န ဂစ္ဆေ၊ မလိုက်ရာ။ အရိသကံ၊ လောဘ ရန်သူ၏ ဥစ္စာဖြစ်သော။ မနံ၊ စိတ်ကို။ ဟနေယျ၊ သတ်ရာ၏။

၂၀၁။ ဧဝံ၊ ဤသို့။ အာဒီနဝံ၊ လောဘ၏ အပြစ်ကို။ ဉတွာ၊ သိ၍။ တဏှာ၊ ဘဝတဏှာသည်။ ဒုက္ခဿ၊ ဆင်းရဲအပေါင်း၏။ သမ္ဘဝံ၊ အကြောင်းတည်း။ ဣတိ၊ ဤသို့။ ဉတွာ၊ သိ၍။ ဘိက္ခု၊ ရဟန်းသည်။ ဝီတတဏှော၊ တပ်မက်မောခြင်း ကင်းသည်ဖြစ်၍။ အနာဒါနော၊ တဏှာဟူသော စွဲလမ်းခြင်း မရှိသည်ဖြစ်၍။ သတော၊ မဂ်ဖြင့်လာသော သတိနှင့် ပြည့်စုံသည်ဖြစ်၍။ ပရိဗ္ဗဇေ၊ ကျင့်ရာ၏။

ဤသို့လျှင် အရဟတ္တဖိုလ်ဖြင့် ဒေသနာတော်၏ အထွဋ်ကို တပ်တော်မူ၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ဒါယကာတို့ ဤသို့လျှင် ရှေး၌ လောဘနိုင်ငံသို့ လိုက်ကုန်သော ကုန်သည်တို့သည် ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်ကြကုန်၏။ ထို့ကြောင့် လောဘနိုင်ငံသို့ လိုက်သည် မဖြစ်ရာဟု မိန့်တော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကိုပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ ထိုကုန်သည်တို့သည် သောတာပတ္တိဖိုလ်၌ တည်ကုန်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ဒါယကာတို့ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ နဂါးမင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ လှည်းကုန်သည်မှူး ဖြစ်ဘူးပြီ။ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

လိုသည်ထက်ကို၊ ရမ္မက်ပို၊ ပျက်ပြိုဆုံးရှုံးမည်

ဆယ်ခုမြောက်သော မဟာဝါဏိဇဇာတ်သည် ပြီး၏။

*****