မဟာဝိဟိံက ရခိုင်ရာဇဝင်လင်္ကာ

မဟာဝိဟိံက ရခိုင်ရာဇဝင်လင်္ကာ
by ဒွါရာဝတီ လမုချောင်း ဆရာကျော်မဲ
2685မဟာဝိဟိံက ရခိုင်ရာဇဝင်လင်္ကာဒွါရာဝတီ လမုချောင်း ဆရာကျော်မဲ

(၁) ဇေယျံအောင်ထွန်း၊ ဤတောင်ကျွန်း၌၊ ဦးစွန်းလူ့ထွတ်၊ သုံးလူ့နတ်လျှင်၊ ကိုးရပ်နဝဂုဏ်၊ ထက်အောက်ချုံ၍၊ ဆန်တုံတက်လှစ်၊ ဇာတိခေတ်ဟု၊ စင်စစ်တည်လျှောင်း၊ တိုက်တသောင်းကို၊ လင်းကြောင်းထွန်းလျှံ၊ ဉာဏ်တော်သန်သား၊ ဆရံသိတော်၊ ခြောက်ရောင်ကျော်သည်၊ သျှင်တော်လုဆွေ၊ သမ္ဗုဒ္ဓေကို၊ ဖြိုးဝေပန်ဆင်၊ ဦးထိပ်တင်လျှက်၊ သုံးခွင်လုဘ၊ မုနိန္ဒ၏၊ ဟောထဓမ္မက္ခန်၊ တရားမှန်ကို၊ မကျန်လုံးချုံ၊ ပူဇော်ကုမ်၍၊ ကြည်ယုံစေတနာ၊ ပြုကုမ်ပါ၏။ မဂ္ဂဖလ၊ သင်္ဃာစသည့်၊ ပွားပြည့်များစွာ၊ အရိယာသာဝါ၊ ရဟန္တာကို၊ သဂါရဝေ၊ ဝန္ဒိတေဖြင့်၊ ကြီးထွေဂရုဏ၊ မိနှင့်ဘကို၊ ထပ်ကာပန်ထွာ၊ ရှိခိုးပါ၏။ ငယ်ခါသင်ထ၊ ဆရာစသား၊ များလှပဏ္ဍိ၊ ပညာဟိအား၊ ဦးရှိကြည်နူး၊ ပူဇော်ကျူးမှ၊ ပေါ်ဦးကျွန်းချာ၊ ဤကမ္ဘာထက်၊ ရက္ခပူရ၊ မည်နာမဖြင့်၊ ဓညဝတီ၊ လေးဌာနီနှင့်၊ ဤရခိုင်ပြည်၊ တိုင်းရပ်စည်၌၊ ဖြစ်သည်ထင်ရှား၊ မင်းအများအား၊ မှတ်သားစီချင်၊ ရာဇဝင်ကို၊ ဆင်သွယ်နိဒါန်း၊ လင်္ကာညွှန်းအံ့၊ ရဟန်းပုဏ္ဏား၊ မျိုးလေးပါးရို့၊ သင်ကြားစိမ့်ငှာ၊ ထုတ်ဆိုမှာသည်၊ နောင်လာလူရို့တတ်လိမ့်တည်း။

(၂) တတ်လိမ့်သောသူ၊ မှတ်စိမ့်ယူ၍၊ နောင်မူပဏ္ဍိ၊ သိကုမ်ဘိလော့။ အဂ္ဂိဥဒ၊ ဝါတပဟု၊ လောကသုံးပါး၊ ပျက်ဖန်များလျှက်၊ တခြားမှန်လှ၊ တေဇောတဖြင့်၊ ပဌမသုံးရွာ၊ မိုးဗြဟ္မာ၏၊ ဘုံသာတိုင်းအောင်၊ မီးဖြင့်ဆောင်၍၊ လောင်သောအခါ၊ သတ္တဝါရို့၊ ကြမ္မာဖန်ထွေ၊ မိုးကြီးစွေ၍၊ ကုဋေတသိန်း၊ ကျော်လွန်ဟိန်းလျှက်၊ ရီကိန်းစကြာဠာ၊ ပေါ်သောခါ၌၊ စိုင်ကာဘုန်းကောင်း၊ ရွီတွက်လျှောင်းက၊ အပေါင်းရူပ၊ သောဠဿတွင်၊ နာမပညတ်၊ အတ္ထုပ္ပတ်ဖြင့်၊ ဥပ္ပါဒ်တင်ပြ၊ ဖြစ်ကုမ်ကြသော်၊ ကမ္မဣဒ္ဓိ၊ တန်ခိုးဟိ၍၊ များဘိကိုယ်ရောင်၊ တပြောင်ပြောင်လျှင်၊ မိုက်မှောင်ပျောက်ကွယ်၊ ကောင်းခင်လယ်၌၊ ငှက်နှယ်ဝဲပျံ၊ ကွန့်မြူးစံ၏။ မိုးယံထက်မှ၊ သက်လာကျမူ၊ ရွီတွက်မယွန်း၊ သင်္ချာမှန်းသော်၊ ခြောက်သန်းသုံးသိန်း၊ မှန်မယိမ်းလျှင်၊ တွက်ကိန်းဗြဟ္မာ၊ ရောက်ကုန်လာ၏။ ဒီပါစတု၊ ကျွန်းလေးခုဝယ်၊ ခေါ်မှုတွင်ညီ၊ လက်ယာနီသည်၊ သပြီဇမ္ဗူ၊ ငါးဆူလှလှ၊ ကုမုဒ္ဒကို၊ ဆွတ်ကြလျှင်စွာ၊ ယူပြီးခါမှ၊ ဗြဟ္မာသက်ရှည်၊ ဇာနည်သည်ရို့၊ မှတ်ရည်ကုန်ကြ၊ ဤကပ္ပကား၊ ဗုဒ္ဓငါးဆူ၊ ပွင့်တော်မူအံ့။ ယူတုံနမိတ်၊ တြင်းတိတ်ဖြင့်၊ တံဆိပ်ခတ်ကာ၊ ဘွဲ့နာမာမူ၊ မဟာဘဒ္ဒ၊ ကမ္ဘာမဟု၊ မှည့်ကြပြီးခါ၊ မိုးရပ်ချာသို့၊ ထွက်ခွါလုံးချုံ၊ ပြန်လျှင်းကုမ်သည်၊ လုဘုံဌာနဖြစ်စိမ့်တည်း။

(၃) ဖြစ်စိမ့်ဌာန၊ အာဘဿဟု၊ မိုးဝဘုံမှ၊ သက်လာကျသည်၊ ကမ္မဥတကာ၊ ဩဘာသက၊ ဥတုဇဟု၊ တိက္ခဣဿိ၊ အမည်ဟိသား၊ ခေါ်ဘိတွင်မြောက်၊ အရောင်တောက်သည့်၊ လေးယောက်ဗြဟ္မာ၊ ကျွန်းဒီပါကို၊ လေးဖြာဝီစု၊ အပိုင်ပြု၍၊ ကြီးထုမှန်စွာ၊ မြီဩဇာနှင့်၊ ရသာနွယ်ချို၊ ဆိမ့်မျိုးကိုလျှင်၊ နှစ်လိုသောတိ၊ ဖြစ်ပြန်ဘိ၍၊ သာလိပတ္တ၊ လွရွရွကို၊ စားကြသော်အား၊ ရန်မက်ပွား၍၊ ကိုယ်သားရောင်ဝါ၊ ဟိသောခါ၌၊ ကမ္ဘာဦးသူ၊ မှောင်မိုက်ထူလျှက်၊ အူအူသောင်းသောင်း၊ လင်းဆုတောင်းသော်၊ လူပေါင်းပုည၊ ကုသလကြောင့်၊ သက္ကရာဇာ၊ သတ္တိသာဟု၊ ဦးစွာတည်မှ၊ တပေါင်းလသည်၊ ပြည့်ထတိထီ၊ ပုဏ္ဏမီဝယ်၊ သောရီဒိဝါ၊ နိမြတ်စွာ၌၊ ရတ္တိယာခေါ်၊ သန်းခေါင်ကျော်၍၊ စွန်းပေါ်ခါမှီ၊ တရီရီသည်၊ အညီရောက်က၊ ထိုကာလ၌၊ သူရိယစန္ဒာ၊ ကြယ်တာရာရို့၊ ပေါ်လာထွန်းတက်၊ တပြိုင်နက်လျှင်၊ ပြက်ပြက်ထင်၍၊ ကောင်းခင်ထက်က၊ သက်ကျင်ကြမူ၊ ရွှင်ပသာယာ၊ ဟိသောခါ၌၊ ဗြဟ္မာလေးပါး၊ လောဘအားကြောင့်၊ အများစည်းဝေး၊ ကွပ်အုပ်ကဲသော်၊ ခပဲများလူ၊ ကမ္ဘာသူရို့၊ ငြင်းမူသကန်၊ မလွတ်ပြန်ဘဲ၊ ဧကန်မုက္ချ၊ နီကုမ်ရသည်၊ ခြင်းထမကျန်နှစ်သိမ့်တည်း။

(၄) နှစ်သိမ့်မကျန်၊ ခိုက်ရန်ပူဆာ၊ ဖြစ်ကြရာတွင်၊ ဗြဟ္မာအဘသ်၊ သရနတ်ရို့၊ ရောက်လတ်သောခါ၊ လုခန္ဓာလျှင်၊ နဝါအသစ်၊ အမှန်ဖြစ်၏။ ပြုလစ်မယွန်း၊ တွက်စစ်ထွန်းသော်၊ တကျွန်းကိုးယောက်၊ ဆိုကုမ်မြောက်၏။ အထောက်သင့်ကြိန်၊ ဣတိလိင်နှင့်၊ ပုလ္လိင်ပေါ်က၊ သံဝါသသည်၊ ပေါင်းကြပြုမြောက်၊ ဒွေးစုံရောက်၍၊ လေးယောက်ဗြဟ္မာ၊ မျိုးလေးဖြာဟု၊ မည်သာခံကြ၊ ပြုပြီးမှလျှင်၊ လှပသာယာ၊ မြို့များစွာကို၊ ကုသာဝတီ၊ ပြည်ပူရီ၌၊ အညီအညာ၊ တည်ကုမ်ပါ၏။ သစ္စာပွင့်ထန်၊ ကက္ကုသံဟု၊ ဘုန်းလျှံအလောင်း၊ နတ်မင်းကောင်းလျှင်၊ လျှင်ကြောင်းမကြာ၊ သက်တုံလာ၍၊ ကျင့်ရာစုံစီ၊ ပါရမီကို၊ အညီမှန်စွာ၊ ဖြည့်အံ့ငှာဟု၊ ရောက်လာဖြစ်ထ၊ ပုရိသရို့၊ ရာဇဘိသေ၊ ခံတုံပေမှ၊ ညာဏ်ဝေသမ္ဘာ၊ ဘုန်းတေဇာနှင့်၊ မဟာသမတ၊ ခေါ်တွင်ကြချင့်။ မြတ်လှရသေ့၊ ကျင့်ချမ်းမြေ့စွာ၊ ဖြစ်သည့်အားဖြင့်၊ တပါးသောသူ၊ ရသေ့မူ၍၊ လူဟူသစ်ပင်၊ ဖြစ်ကြောင်းထင်နှင့်၊ ခေါ်တွင်သတ္တဝါ၊ မည်ရေမှာကို၊ ကမ္ဘာစောင့်နတ်၊ ရသေ့မြတ်က၊ ဟောရပ်သာယာ၊ ဆိုကုမ်ပါ၏။ အခါကာလ၊ ဟူသမျှလည်း၊ ဝရဘူပတိ၊ ခေါ်တွင်ဘိသား၊ မင်းဟိတိုင်းဘောင်၊ သိကြားဆောင်၍၊ ထို့နောင်တဖန်၊ ဈာန်နှင့်ပျံသည်၊ ဂဝမ္ပတိ၊ ထေရ်ဘုန်းဟိလျှင်၊ ဣသိသျှစ်သောင်း၊ လေးထောင်ပေါင်းနှင့်၊ ကျမ်းဟောင်းဗေဒင်၊ လှည့်လည်ပျင်ကာ၊ များဖျင်သူအား၊ ကျိုးစီးပွါးကို၊ လျှင်လျားဆောင်ထွေ၊ နှစ်ရွီပေသော်၊ ကုဋေကိုးသန်း၊ မကထွန်းတည်း၊ မယွန်းလှည့်လည်၊ လုသက်ပေကား၊ ကိုးကုဋေသကြစ်၊ မြင့်ကြာဖြစ်သည်၊ ကျော်လှစ်မင်းနှယ်သက်ရောက်တည်း။

(၅) သက်ရောက်မင်းနှယ်၊ ထိုခါဝယ်၌၊ ဘုန်းကြွယ်သမ္ဘာ၊ မင်းသားလျှာမူ၊ မဟာဘူပတိ၊ ဖြစ်တုံဘိ၍၊ နွယ်ဟိစိုင်လာ၊ သည်နောက်မှာကား၊ သဲချာဘူပတိ၊ ဖြစ်တုံဘိ၏။ ထွန်းညီးသာလှ၊ ကြီးတေဇဖြင့်၊ ဝရဘူပတိ၊ စိုးအုပ်ပြီးခါ၊ ဘုန်းဟိမင်းလှ၊ သုဝဏ္ဏနှင့်၊ ဝရသုဝဏ္ဏ၊ တေဇနက၊ ဝရတေဇနာ၊ ဆက်ပြန်လာ၏။ မည်သာခေါ်ထွေ၊ သုန္ဓရေတွင်၊ ဖွားပေမျက်နှာ၊ မြင်တုံပါသား၊ ဥက္ကရာဇ်နွယ်၊ သားပုတ္တေကို၊ မဟေသရာ၊ နတ်ဒေဝါ၏၊ သဲချာစံသီး၊ ချစ်သမီးဟု၊ ထွန်းညီးရောင်မြ၊ နာမရမူ၊ သုဝဏ္ဏသမ္ဘာ၊ နှင့်သင့်ရာဝယ်၊ တေဇာကြီးဘိ၊ တန်ခိုးဟိသည့်၊ သမုတ္တိဒေဝ၊ သားတော်လှကို၊ ဖွားထပြီးသော်၊ ပရမီသွာ၊ နတ်ရာဇာ၏၊ စိတာသမီး၊ ထိန်ညီးသာလှ၊ သုဂန္ဓကလျာ၊ မိဒေဝါနှင့်၊ ဃာရာဝါသ၊ အိမ်ထောင်ချ များလှခြံရွေ၊ မင်းပြုပေသော်၊ မဟေသရာ၊ နတ်မြတ်စွာနှင့်၊ တေဇာထွန်းဘိ၊ ကြီးဣဒ္ဓိဖြင့်၊ ပရမီသွာ၊ နှစ်ယောက်လာ၍၊ ဒွါရာဝတီ၊ မြို့သိင်ဂီကို၊ စုံညီပြည့်ထ၊ သမုတ်ချကာ၊ ဓညဝတီ၊ ဝေသာလီဟု၊ ခေါ်ညီထင်ပေါ်၊ ဟိုးဟိုးကျော်သား၊ မြို့တော်ရမ္မာ၊ ပူရာစသည်၊ ဌာနသာစည်၊ လေးမြို့တည်၏။ ပတ်လည်တချို့၊ လေးထောင်ရို့ကား၊ ရာကိုးဆယ့်သျှစ်၊ ဖြစ်တုံလှစ်ကာ၊ တလှစ်ပြင်မြို့၊ လေးထောင်ရို့ကို၊ လုပ်ဖို့နတ်များ၊ ရောက်လာအားသည်၊ မင်းဖျားဘုန်းတော်တောက်ထွန်းတည်း။

(၆) ထွန်းတောက်ဘုန်းတော်၊ တန်ခိုးကျော်သား၊ ပြိုင်ဘော်မဲ့ငြား၊ ရန်မျိုးယှားသည်၊ မင်းဖျားဘူပါလ၊ သားတော်လှကား၊ ဝရဘူပါလ၊ နရိန္ဒတည်း။ ဝရနရိန္ဒာ၊ စိုးပြန်လာမူ၊ သမ္ဘာရင်ထိန်၊ ချမ်းရိပ်ငြိမ်ပြီး၊ မဟိပတိ၊ ဆက်ပြန်ဘိ၏။ ဘုမ္မိတွင်ထ၊ သားမင်းလှမူ၊ ဝရဘုမ္မိဇေယျ၊ မင်းမြတ်လှတည်း။ ဣဝလောကာ၊ ဤလုရွာ၌၊ ကမ္ဘာစောင့်နတ်၊ ရသေ့မြတ်ရို့၊ မိန့်လတ်သရော၊ ဖော်ထုတ်ဟော၏။ ခတ္တိယောတိ၊ အမည်ဟိသား၊ ဘုမ္မိပါလာ၊ စိုင်ဆက်ကာဖြင့်၊ နရဒိပ္ပ၊ နရိန္ဒဟု၊ ခေါ်ထထင်ရှား၊ လေးမည်အားကို၊ မှတ်သားမုက္ချ၊ ခံကုန်ကြလျှက်၊ ရှိကများစွာ၊ မင်းတကာရို့၊ ဒိဋ္ဌာနုဂ္ဂတိ၊ အစဟိသား၊ ကျင့်ဘိတရား၊ သင်ဆိုကြားမှ၊ တိုင်းကားပြည်ရွာ၊ ခွန်ဘဏ္ဍာမူ၊ တရွာတခု၊ ကောက်ယူမှုဖြင့်၊ ပြုစုကျွေမွီး၊ သားမြီးအသွင်၊ ချစ်ကြခင်လျှက်၊ ကျင့်စင်တရား၊ ဆယ်ပါးအားကို၊ မမှားစောင့်ယှောက်၊ ဖြစ်တုံမြောက်၏။ ထိုနောက်မှလျှင်၊ ဘိဇ္ဇောသရ၊ မင်းပြုကလည်း၊ မြတ်လှထေရ်ပျံ၊ တန်းခိုးထန်သည်၊ ဂဝမ္ပတိ၊ ဈာန်ဣဒ္ဓိဖြင့်၊ ဣသိသျှစ်သောင်း၊ လေးထောင်ပေါင်းနှင့်၊ နတ်ကောင်းစန္ဒီ၊ သုန္ဒရီဟု၊ ပရမီသွာ၊ တတ်ပညာနှင့်၊ ဝိဇ္ဇာဂျော်ဂျီ၊ ကျမ်းဗာဟီဖြင့်၊ ပါဒ်ဗီဇနာ၊ ပြန်ခရာလျှင်၊ ပိဿာစိုက်မှောင်း၊ လုပ်တုံလျှောင်း၏။ အပေါင်းသိရစ်၊ ကောင်းခြင်းဖြစ်သည်၊ လက်သစ်အင်္ဂုလော၊ နန်းမယောတည်း။ ပြန့်ပြောထိုမှ၊ နာဂရဟု၊ မြို့ပြပစ္စင်၊ ထိုမင်းတွင်ကား၊ သတင်းညာကြီ၊ ကျွန်းသပြီ၌၊ သုန္ဓရီနတ်၊ ခေါ်တွင်မှတ်သား၊ မြတ်မိဘုရား၊ တွင်ဆပွားသည်၊ မင်းသားတကျိတ်ခြောက်ယောက်တည်း။

(၇) တကျိတ်ခြောက်ယောက်၊ မင်းသားမြောက်တွင်၊ ကျော်ချောက်ဝှန့်ဝှန့်၊ ကျွန်းလုံးနှံ့သိ၊ သမုတ္တိဒေဝ၊ သားတော်လှကို၊ ရမ္မဝတီ၊ ပီးနှင်းလီ၏။ သိင်ဂီရောင်လျှပ်၊ ဗြဟ္မဒတ်အား၊ မည်မှတ်အောင်ချာ၊ ပြည်သာယာမူ၊ ဗာရာဏသီ၊ ပီးတုံလီ၏။ ခေါ်ညီတွင်ဘိ၊ သမာဓိအား၊ နှံ့သိကြော်ငြာ၊ ထင်ရှားစွာသည်၊ ကုသဝတီ၊ ပြည်ပူရီတည်း။ နောင်ညီထွန်းလှာ၊ မင်းသားမှာကား၊ သမဝတ္တ၊ ပြည်ပူရမူ၊ သာလှနဂိုရ်၊ ရာဇဂြိုဟ်တည်း။ ဘုန်းပျိုထွန်းပ၊ သမ္ဘဝကား၊ ပြည်မိတိလာ။ သာဓနာကား၊ အယုဇ္ဇပူရ၊ စိုးပိုင်သ၏။ သုဝဏ္ဏတွင်ဘိ၊ သားဘုန်းဟိကား၊ ဟတိဗလ။ သုဒ္ဓိယမူ၊ အဇ္ဇရဝတီ၊ ပြည်ပူရီကို၊ စိုးပြီးအုပ်ထ၊ သူဘာဝမူ၊ ဧကစက္ခု၊ မှတ်ကြပြုလော့။ ပျိုနုရွယ်လှ၊ သုဂန္ဓလည်း၊ စိုးရအညီ၊ ကောသမ္ဘီတည်း။ ထိုပြီးမှန်စွာ၊ ဖလဝါကား၊ ဂန္ဓာကောစ္ဆ။ အဋ္ဌရမူ၊ ခေါ်ကြဗိုလ်လူ၊ သိနှံ့ဟူသည်၊ ရာဇပြည်သာ။ သ ဉ္စဘာကား၊ စမ္ပာနဂရ။ သူဘာဝမူ၊ တက္ကသီလာ။ မန္ဒပ္ပါလည်း၊ ကုသန္နာရ။ သူရန္ဒကား၊ သတ္တိလတည်း။ ရွီထတုံမြောက်၊ တကျိတ်ခြောက်ကို၊ တယောက်တပြည်၊ ပီးကြသည်တည်း။ ပတ်လည်ဝန်းလှည့်၊ ရွီတွက်ခယ့်သော်၊ သျှစ်ဆယ့်ငါးသွယ်၊ မြို့ရို့ဝယ်နှင့်၊ ပေါင်းလွယ်ဇေဌ၊ ရောနှောကြသော်၊ တရာ့တမြို့၊ အင်မချို့သည်၊ မင်းရို့ပြည်ရွာ တည်မြောက်တည်း။

(၈) တည်မြောက်ထိုသို့၊ သားများရို့တွင်၊ ပြည်မြို့အရာ၊ ပျော်ဖွယ်သာသည်၊ ရမ္မာဝတီ၊ ပြည်သိင်ဂီကို၊ ခေါ်ညီတွင်ဘိ၊ အမည်ဟိသား၊ သမုတ္တိဒေဝ၊ ရာဇညဟု၊ မင်းလှသားကြီး၊ ဆောင်းရွှီထီးနှင့်၊ စိုးပြီးထိုခါ၊ဘုမ္မိပါလ၊ ကျော်လျှက်ပြသော်၊ ဝရဘုမ္မိပါလ၊ နရိန္ဒတည်း။ ဝရနရိန္ဒ၊ စိုးပြီးမှလျှင်၊ မဟိန္ဒပတိ၊ ရာဇတိဟု၊ ဘုန်းဟိလွန်မှ၊ ရွှီနန်းမ၌၊ ဝရမဟိန္ဒပတိ၊ စောသီရိသည်၊ ဘုန်းဟိရသေ့၊ ကျင့်ချမ်းမြေ့ဘိ၊ နတ်ကိုတွိသော်၊ မရွှိရအောင်၊ ပင့်ချီဆောင်မှ၊ နောက်နောင်လူများ၊ မျိုးလေးပါးရို့၊ မှတ်သားဝီခြမ်း၊ ဆံခြည်နှမ်းက၊ တနန်းမုယော၊ အင်္ဂုလောတိ၊ မုဒ္ဓေါအထွာ၊ အတောင်သာနှင့်၊ ရှည်စွာအလျား၊ နွားလားဥဿဘ၊ တွန်သံခသား၊ ဂေါသယူဇနာ၊ ဤသင်္ချာကို၊ ရွီကာများမြောင်၊ ချင့်တွက်ဆောင်၍၊ မင်းခေါင်နရိန္ဒ၊ ကျင့်ရိုးပြသား၊ ရှိကဖြစ်ငြား၊ မင်းအများလျှင်၊ ပုဏ္ဏားအကျင့်၊ ထိုကိုချင့်၍၊ မသင့်အပ်စွာ၊ ယှောင်ပယ်ခွာလျှက်၊ ဆယ်ဖြာတရား၊ စောင့်တုံငြားမှ၊ လေးပါးဂတိ၊ ဖြောင့်မတ်သိ၏။ ရဘိယာဉ်ရှင်၊ ငါးပါးပင်တည်း၊ စိုးကျင်လီရ၊ ထိုမင်းကသည်၊ စ၍ရွီလျှင်၊ အစိုင်ပင်တည်း၊ ကျင့်အင်မြဲမြဲ၊ မချွတ်လွဲဘဲ၊ ဆကဲတထွေ၊ အသင်္ချေလျှင်၊ ကုဋေချင့်မှန်း၊ ကိုးသိန်းထွန်းကာ၊ ထီးနန်းစိုးမှန်၊ မင်းများလွန်သည်၊ ဆယ်ပြန်အစိုင်ရိုး၏တည်း။

(၉) ရိုး၏အစိုင်၊ နန်းသက်ယှဉ်၍၊ ကောင်းယိုင်အမှန်၊ မင်းများလွန်မှ၊ ပြည်မွန်ပူရ၊ ဗာရဏ၌၊ ရာဇဝံသာ၊ အနွယ်လာသည်၊ မဟာသာဝနာ၊ မင်းရာဇာလျှင်၊ ဒိပ္ပတောင်ငူ၊ ကျွန်းဇမ္ဗူနှင့်၊ ချင့်ယူမှတ်ဖွယ်၊ တွက်ကျုံးသွယ်သော်၊ ကျွန်းငယ်ငါးရာ၊ အရံပါသား၊ များစွာရပ်ရွာ၊ ဘဏ္ဍာသိမ်းယူ၊ စိုးတော်မူ၏။ ဘုန်းထူးမင်းမြတ်၊ သားသဲပွတ်ကား၊ မည်မှတ်တွင်ထ၊ ခေါ်ဝေါ်ကြသည်၊ ဥတ္တမသာဓန၊ ဖြစ်ပြီးမှလျှင်၊ ဝရသာဓနာ၊ ဆက်ပြန်လာသည်။ ဝရဗြဟ္မတ၊ သုသိလာတည်း။ ဝရသုသိလာ၊ မင်းမြတ်ခါ၌၊ မြတ်စွာဘုန်းဝှန်၊ ကကဿန်ဟု၊ လုထံကျော်ချောက်၊ ဘုရားပေါက်၍၊ မင်းမြောက်အပေါင်း၊ ရွီတွက်လျှောင်းသော်၊ သျှစ်သောင်းလေးထောင်၊ ပြန့်ပွားဆောင်၏။ ထို့နောင်ပြီးမှ၊ ကျွန်းဒီပဝယ်၊ သမန္တစက္ခု၊ နီလတုသို့၊ ပြိုင်တုမရ၊ သုဝဏ္ဏတည်း။ ဝရသုဝဏ္ဏ၊ ဩရသကား၊ ဘူပါလရာဇ၊ ဖြစ်ပြန်မှတည်း၊ ဝရဘူပါလရာဇာ၊ မင်းမြတ်စွာကို၊ ဆက်ကာစိုးဘိ၊ ဘူပတိတည်း။ ထွန်းညီးတေဇ၊ လက်ရုံးပသား၊ မဟိန္ဒရာဇာ၊ စိုးစံပါမှ၊ ဝရမိန္ဒလ၊ ဖြစ်ထွန်းပ၏။ ဝရဘူပတိ၊ သားဘုန်းဟိကား၊ ခေါ်ဘိဂန္ဓဗ္ဗ၊ ဝလျာဏနှင့်၊ ဝရဝလျာ၊ မန္ဓတ်သာလျှင်၊ စက္ကြာလေးကျွန်းစိုး၏တည်း။

(၁၀) စိုး၏လေးကျွန်း၊ နီလထွန်းသို့၊ စက်ဝန်းဒေသ၊ အုပ်ချုပ်ရသည်၊ ရန်မျိုးသွယ်သား၊ ဘုန်းစည်မန္ဓတ်၊ စောမင်းမြတ်ကား၊ ကြည်ညွတ်သဒ္ဓါ၊ သံသရာက၊ လှူဒါစိမျိူး၊ ရှိကောင်းကျိူးကြောင့်၊ ပြည့်ဖြိုးများစွာ၊ ရတနာသည်၊ လိုရာမတ၊ ပြည့်စုံလှ၏။ ဓနသဒ္ဓိ၊ ပြီးစီးဘိလျှက်၊ စက်တိရတနာ၊ ရထားသာနှင့်၊ ဝေလာဟက၊ သိန္ဓဝဖြင့်၊ သာလှညက်ညော၊ ဖြူစင်ချောသည်၊ ဥပေါသထ၊ သတ္တိစသား၊ ခဂ္ဂမည်သာ၊ ဖြစ်တုံပါ အာကာကောင်းခင်၊ ပျံနိုင်ကျင်သား၊ ဆင်မြင်းလှံဓါး၊ ဤငါးပါးကို၊ နတ်များဒေဝါ၊ ဆက်သလာသော်၊ ထက်မှာဒေဝိန်၊ တာဝတိံနှင့်၊ နှိုင်းယှဉ်မှန်စွာ၊ အသူရာက၊ အောက်မှတလည်၊ နဂါးပြည်ကို၊ ဘုန်းစည်မင်းမြတ်၊အာဏာလွှတ်သား၊ မန္ဓတ်ရာဇာ၊ မင်းမြတ်စွာလျှင်၊ လုရွာကပ်ဆက်၊ နှစ်ကိုတွက်မူ၊ အသက်သင်္ချေ၊ နီတုံပေ၏။ များထွေကျေးဇူး၊ ဆိုသော်မူအံ့၊ အထူးမြင့်ရှည်၊ ကျယ်မြင့်တည်ကာ၊ ငြိမ်ရည်စေသား၊ ထိုမင်းများ၌၊ မိဖရားလှစွာ၊ ဂုရုသာ၏၊ ပုတ္တာဖြစ်ထ၊ ဩရသမူ၊ သူရိယသောတ၊ သားမင်းလှကို၊ မြန်စွမြင်းကောင်း၊ ပီးတုံလျှောင်းမှ၊ တသောင်းယူဇနာ၊ ကျွန်းဒီပါဝယ်၊ အချာဓိပဓိ၊ ခေါ်ဘိမှန်စွာ၊ မိဇ္ဈိမာ၌၊ ပဌမနဂိုရ်၊ ပြည်ဗဟိုရ်မူ၊ ပြောဆိုသင်္ချာ၊ ယူဇနာကား၊ ကိုးရာအဝန်း၊ အကျယ်ထွန်း၏။ တခန်းထိုမှ၊ ဖော်ထုတ်ပြမူ၊ စန္ဒသောတာ၊ သားတော်မှာကို၊ များစွာဆင်ကောင်း၊ ပီးတုံလျှောင်းမှ၊ တသောင်းဒီပါ၊ ဇမ္ဗူချာဝယ်၊ ကြေငြာကျော်ထ၊ သမုတ်ကြသည့်၊ ဇေဌဓိပတိ၊ မင်းဘုန်းဟိကား၊ ခေါ်ဘိနာမ၊ မှည့်ပြီးမှလျှင်၊ ပဉ္စပူရာ၊ ပြည်အောင်ချာလည်း၊ ကိုးရာအဝန်း၊ ဖြစ်တုံထွန်း၏။ ထွန်းသည်ဖိတ်ဖိတ်၊ အောင်နမိတ်ဖြင့်၊ အာဒိစ္စဝင်၊ တပြည်လျှင်တည်း၊ ထိုတွင်ကျော်သိ၊ အမည်ဟိသား၊ မဏိသုဘာဝ၊ ရာဇလှကို၊ များကြလူပေါင်း၊ ပီးတုံလျှောင်းမှ၊ တသောင်းဒီပ၊ နှမ့်သိကြသား၊ နရဓိပတိ၊ သမုတ်ဟိလျှင်၊ ခေါ်ဘိတခန်း၊ ရွီတွက်ညွှန်းကာ၊ အဝန်းကိုးရာ၊ ဖြစ်တုံပါလျှက်၊ ရမ္မာပူရ၊ ကျော်ဇောကြသည့်၊ ပြည်မဌာနီ၊ ကျွန်းသပြီ၌၊ သုံးလီသုံးပါး၊ သားတော်များလျှင်၊ ပိုင်းခြားယူဇနာ၊ ခြောက်ထောင်တာကို၊ အာဏာမိုးလီစိုး၏တည်း။

(၁၁) စိုး၍မိုးလီ၊ ကျွန်းသပြီကို၊ ရစ်ခွီပတ်ကြိုး၊ အာဏာဖြိုး၍၊ တန်ခိုးထန်ပြင်း၊ မန္ဓတ်မင်း၏၊ နွယ်ရင်းဝံသ၊ ဖြစ်ကုမ်ကြသား၊ သုဝဏ္ဏပဘာ၊ သားတော်မှာကို၊ ရာဇာကံမြင်၊ မည်ပီးကျင်မှ၊ အလျှင်ဦးစ၊ ပထမမူ၊ ခေါ်ထတွင်ဘိ၊ အမည်ဟိသည်၊ သမုတ္တိဒေဝ၊ ထီးနန်းချ၍၊ ရမ္မာဝတီ၊ မြို့ဌာနီဟု၊ ခေါ်ညီပြီးမှ၊ စိုးပိုင်သသည်၊ ဝရရာဇညာ၊ မင်း၌သာလျှင်၊ သဲချာစီတရ၊ သမီးလှမူ၊ သုဝဏ္ဏကလျှာ၊ ဆင်းရုပ်ဝါနှင့်၊ မကွာစီချင့်၊ အိမ်ထောင်သင့်၍၊ ရှည်မြင့်ကာလ၊ စိုးအုပ်ရအောင်၊ ဥပရာဇာ၊ အိမ်ရှိရာကို၊ များစွာနီထ၊ တည်ပြီးမှတည်း၊ ဝရရာဇညာ၊ ထိုမင်းမှာကား၊ မဟာရာဇညာ၊ သားတော်မှာကို၊ ဒွါရာဝတီ၊ မြို့သိင်ဂီနှင့်၊ စုံညီပြည့်ဝ၊ ဓညဝတီ၊ ဝေသာလီဟု၊ ဌာနီရဌိ၊ သုံးမြို့ခြိ၍၊ တည်ဘိအမှန်၊ မင်းမြတ်လွန်မှ၊ ဘုန်းလျှံထွန်းဖြာ၊ ဥပရာဟု၊ မည်သာခေါ်ဘိ၊ ကျော်နှံ့သိသား၊ ဘုမ္မိပါလ၊ မဟိသျှသည်၊ သာလှပြောစည်၊ ကံမြင့်ပြည်ကို၊ သက်ရှည်ဖြစ်လို၊ မင်းမြောက်ဆို၏။ ဘကိုရိုပွတ်၊ တောင်းပန်လတ်သော်၊ သားမြတ်သုံးပါး၊ အခြားခြားဖြင့်၊ ပိုင်းခြားသည်မှာ၊ ဤပြည်သာလည်း၊ မှန်စွာစင်စစ်၊ လက်ဝင်ဖြစ်ဟု၊ တထစ်တရံ၊ မှတ်သားကြံမှ၊ ကျိုးနွံခယ၊ လျှောက်ပေကမူ၊ အဿကရာဇာ၊ မင်းနရာရို့၊ သင်္ချာခြားပြီ၊ တသောင်းစီကို၊ အညီယူမျှ၊ ဝီကုန်ကြသော်၊ ဖြစ်ထမှန်စွာ၊ ယူဇနာမူ၊ ကိုးရာအဝန်း၊ အဖြောင့်သန်း၏။ ခြင်းမှန်အခင်း၊ သုံးရာတွင်းလျှင်၊ မယွင်းမှန်ညီ၊ ဖို့ဝီအမျှ၊ ပီးပြီးမှတည်း၊ မိုးဝတိမ်ယံ၊ ဈာန်နှင့်ပျံသည်၊ ဂဝမ္ပတိ၊ ထေရ်မဏိနှင့်၊ ပါရမီသွာ၊ နတ်ဝိဇ္ဇာက၊ ဒေဝါသိကြား၊ ဟူးရားများကို၊ ပိုင်းခြားတုန့်ပြိုင်၊ တုရင်းတိုင်နှင့်၊ နမိတ်တိုင်မြောက်၊ ကျောက်တိုင်ဆောက်၍၊ အံ့လောက်ကျေးကျွန်၊ ရှိထက်လွန်သည်၊ ပြည်မွန်ဆက်တတိုး၏တည်း။

(၁၂) တိုး၏ဆတက်၊ ထိုမင်းထက်ဝယ်၊ သက်နှင့်ချင်းမြို၊ မစောင်းဆို၏။ သာချိုမြရိပ်၊ ချောနှင့်ကျိတ်တည်း။ မဖိတ်မှန်ပင်၊ သျှမ်းတူးလျှင်တည်း။ ဆိုလျှင်းလည်းပြု၊ မူဒူရှုလော့၊ ပျူဟုခံပြီ၊ မည်ခလီနှင့်၊ စုံစိမှတ်ဖွယ်၊ ဆက်ကာသွယ်လျှင်၊ ဇင်းမယ်ခေါ်တွင်၊ လင်းဟုကျင်သား၊ တန်းတင်သရေ၊ ဖြစ်ကျင်ပေ၏။ အမည်တွင်ပြီ၊ ဘင်္ဂလီဟု၊ အညီသည်နောင်း၊ လင်းကဲစောင်း၍၊ တကြောင်းတတန်၊ ကသည်းခံ၏၊ ကမ်းယံတမူ၊ သထုံဟူသား၊ အယူရိုင်းစိုင်း၊ မြန်တလိုင်းနှင့်၊ ပည်လှိုင်းသိပ်သည်း၊ စုရုံးစည်းလျှက်၊ ကံတည်းမှန်းကြုံ၊ သည်နောက်မူက၊ ကမ်းမြံုကမ်းတူး၊ စုံဖက်ပူး၏။ တခုတန်းတိုက်၊ မည်သမိုက်သည်၊ လဝိုက်လကွန်း၊ ခေါ်ကြမှန်း၏၊ စည်ထွန်းရပ်ရွာ၊ ရွီတွက်ပါသော်၊ ဘာသာကွဲပြား၊ နှစ်ဆယ့်ငါးလျှင်၊ မင်းဖျားညီနောင်၊ သည်နည်းအောင်၏။ လေးမြှောင်လေးမင်း၊ ပေါင်းလတ်လျှင်းက၊ တွင်ခြင်းမှန်ထ၊ မည်နာမမူ၊ တရာ့တဘာသာ၊ ဖြစ်တုံပါ၏။ အဿကစ၊ နကရမြင်း၊ ရွာရိုးတွင်း၌၊ စည်ပင်ပြန့်ပွား၊ အခြားခြားဖြင့်၊ မင်းသားတသီး၊ မင်းသမီးကို၊ တွက်ပြီးတသိန်း၊ အိမ်ထောင်ငြိမ်း၍၊ မြို့သိမ်ဇေယျာ၊ ကျွန်းနှံ့ပါသည်၊ ထိုခါပြည့်ထမျိုးရိုးတည်း။

(၁၃) မျိုးရိုးပြည့်လျှင်း၊ မြို့ခပင်းအား၊ မြွကင်းစိမ့်ငှာ၊ ဖော်ပြမှာအံ့။ ဂန္ဓလရာဇ်၊ ဂုရုရဇ်ပေ၊ ဝိဒေဟရဇ်၊ တလှစ်ပ ဉ္စာ၊ ကာသိန်ကာနှင့်၊ စေတာကတာ၊ သိသာတွင်စွာ၊ အာသာမေရ၊ ကုတ္တာကမ္မာ၊ သီလာမဇူရ၊ မတ္တရင်္ဂါ၊ ဘာသတာနှင့်၊ ဘာလာမြို့ဖြစ်၊ ကရာဇ်ထိုထို၊ တည်၏ဆိုက၊ ပေါင်းလိုနှောလှစ်၊ ဆယ်ခုနှစ်ဟု၊ ဖြစ်သည်မှန်ငြား၊ သားတော်စား၏။ မင်းဖျားထိုထက်၊ နှောစိုင်ဆက်မူ၊ တိုးတက်ပြန့်ပွား၊ ကျော်ထင်ရှားသည်၊ သားဇောကံမြင်၊ မင်းမြတ်တွင်လျှင်၊ စည်ပင်ဆကဲ၊ တသဲသဲတည်း၊ ဝဲဝဲလားလား၊ ပြန့်နှံ့ပြားလျှက်၊ ဂေါဏဂုဏ်ဘုရား၊ ဖြစ်ထွန်းငြား၍၊ ရှည်လျှားစိုင်ဆက်၊ နွယ်မပျက်တည်း၊ ကျော်ချက်ဇမ္ဗုဒိ၊ တကျွန်းခြိ၏။ လောကိစည်းစိမ်၊ အကြိမ်ကြိမ်လျှင်၊ ရိပ်ငြိမ်စိုးဆောင်၊ ရန်မျိုးအောင်၏။ မင်းခေါင်ကံမြင်၊ ဇမ္ဗူပြင်၌၊ စိုးကျင်မြို့ဝယ်၊ တွက်ကျုံးသွယ်သော်၊ တွင်ကျယ်ရမ္မာ၊ ဝတီသာတည်း။ ပွင့်လာဗွက်ဘုန်း၊ ဖြန့်ကြုံးဖြစ်ဖြစ်၊ နှစ်ကိုစစ်သော်၊ သက္ကရာဇ်ကောဇာ၊ ဖြိုကာကာဖြင့်၊ သင်္ချာသင်္ချေ၊ ကုဋေသျှစ်သိန်း၊ မင်းများငြိမ်းမှ၊ မုနိသကျ၊ ကဿပ၏၊ တည်ထသာသနာ၊ ထွန်းသောခါ၌၊ ဥတ္တရမည်၊ ထိုသည်ပြည်ကို၊ အရှည်ဝံသ၊ စိုးအုပ်ထသည်၊ ဒေဝသာဂရ၊ လွန်ပြီးမှတည့်၊ နန်းမဘုံသာ၊ ဆက်ပြန်လာသည်၊ မဟာသာရ၊ သည်နောက်မှမူ၊ သာဂရနှင့်၊ ဥပသာဂရ၊ ဖြစ်ကုန်ကြ၏။ ခေါ်ထမှန်ဘိ၊ ရပ်သီရိမူ၊ အသိတဉ္စန၊ ထိုပြည်မ၌၊ ဒေဝင်္ကသ၊ လွန်ပြီးမှတုံ၊ ပုတ္တမှန်စွာ၊ ဆက်ပြန်လာသည်၊ မဟာကင်္သ၊ ရွှီနန်းရ၏။ ကင်္သတွင်ထ၊ သားတော်လှနှင့်၊ ဥပကင်္သ၊ ဖြစ်ကုန်ကြချင့်။ ရင်းစသဲချာ၊ နှမမှာမူ၊ ဒီပါကျော်ဟိုး၊ သိနှံ့ကြိုး၍၊ နွယ်မျိုးမည်ရ၊ ဒေဝကမ္ဘာ၊ ခေါ်တွင်ပါသည်၊ ကလျာယောင်းလှ မိမြတ်တည်း။

(၁၄) မိမြတ်ယောင်းလှ၊ နန်းသိင်္ဂဝယ်၊ များလှရံကာ၊ စံသောခါ၌၊ ပုတ္တရမဓူရ၊ ရွှီပြည်မကို၊ သာဂရမင်း၊ စိုးအုပ်လျှင်း၊ ညီရင်းဥပ္ပ၊ သာဂရလည်း၊ ကြောက်လှသော်အား၊ ပြီးထွက်လားသော်၊ ရပ်ခြားဘုမ္မိ၊ သာယာဘိသား၊ အသိတိဉ္စန၊ ထိုပြည်မကို၊ စိုးထနှိပ်နှင်း၊ ကင်္သမင်း၏၊ ထံရင်းတော်ပါး၊ ဝင်လီငြား၏။ ခစားခိုကိုး၊ နွံရိုကျိုးကာ၊ နွမ်းညှိုးပူဆာ၊ ဟိသောခါ၌၊ ကြမ္မာဆော်ပန်၊ ရောက်လတ်ပြန်က၊ ကျော်ဝှန်သတင်း၊ တန်းခိုးပြင်းသည့်၊ ထိုမင်းနှမ၊ ဒေဝဂမ္ဘာ၊ မည်သာခေါ်ညီ၊ မဟေသီနှင့်၊ ကြုံလီထိုတွင်၊ အိမ်ထောင်ကျင်သော်၊ အလျှင်ဦးစ၊ ပထမမူ၊ ဘုမ္မရဒေဝီ၊ ဆင်းရွှီစံသီး၊ ချစ်းသမီးကို၊ အပြီးထိုခါ၊ ဖွားမြင်ပါ၏။ သို့ပါသို့ငြား၊ သမီးအားလျှင်၊ ဖွားပြီးတုံမြောက်၊ ကံမထောက်ဘဲ၊ သီပျောက်လားသော်၊ သားတော်မျက်ရှု၊ ဘုန်းပေါင်းစုသား၊ ဝါသုဒေဝ၊ ဖွားတုံထ၏။ ဗလဒေဝ၊ သူရိယဒေဝ၊ စန္ဒာဒေဝ၊ ဆက်ကြစိုင်ဘိ၊ အဂ္ဂိဒေဝ၊ အဇ္ဇုနနှင့်၊ ဂရုဏပေ၊ ရောဟနေယျ၊ ဃဋပဏ္ဍိတ၊ အင်္ဂုရဟု၊ နာမတွင်ငြား၊ တကျိတ်သားကို၊ မခြားထိုတွင်၊ ဖွားမြင်ပြီးမှ၊ မာဂဓဖြင့်၊ ဒသဘာတိက၊ ခေါ်ကုမ်ကြ၏။ တေဇထွန်းပြောင်၊ လက်ရုံးထောင်သား၊ ညီနောင်တကျိတ်၊ ဇမ္ဗူဒိတ်မှာ၊ ဟိုးဟိုးငြာ၍၊ နောင်မှာဖွားထ၊ သမီးလှဟု၊ အဉ္စနဒေဝီ၊ ဆင်းသိင်ဂီကို၊ ထိမ်းချီစုပြုံ၊ သောသောအုံသည်၊ ရွှီဘုံနန်းသူခဝပ်တည်း။

(၁၅) ခဝပ်နန်းသူ၊ သောသောဆူပြီး၊ ရွှီတူတမျှ၊ ရောင်ထွန်းပသည်၊ အဉ္စနဒေဝီ၊ ဆင်းသိင်ဂီကို၊ ချီချြွမက်ခေါ်၊ ရံဘော်ခြောက်ကျိတ်၊ ဝန်းရံပိတ်လျှက်၊ ကျူးဆိတ်မညံ၊ တကြံကြံလျှင်၊ အသံပြိုင်ပြု၊ နန်းရတုနှင့်၊ ပျော်မှုအမြဲ၊ ဧယင်လွှဲ၏။ သဲသဲရုံးစု၊ ခြံရံပြုလျှက်၊ ဝါသုဒေဝ၊ အင်္ဂုရကို၊ ဗလစွမ်းရောက်၊ အားကြီးမြောက်က၊ ပြိုင်ထောက်မမြင်၊ မိုးရပ်ခွင်ကို၊ စိုးကျင်တုံငြား၊ နတ်သိကြားလည်း၊ ဘုန်းအားလက်နက်၊ ပို့၍ဆက်၏။ ယူလျှက်ဆောင်နှင်း၊ ပီးအပ်လျှင်းသော်၊ ရန်ခင်းဟိရာ၊ ရအောင်ရှာ၍၊ မကြာကုန်အောင်၊ သတ်ပြီးနှောင်မှ၊ ပြည်ဘောင်အတွင်း၊ အမင်းမင်းကို၊ နှိပ်နှင်းပိုင်မူ၊ အခွန်ယူ၍၊ ဇမ္ဗူသောင်းပတ်၊ လားလာလတ်သော်၊ တွင်မှတ်သညာ၊ ဟိုးဟိုးငြာသည်၊ ဒွါရာဝတီ၊ လေးအင်ညီသား၊ သိင်ဂီရောင်လျှံ၊ မြို့ရှင်ပျံကို၊ လုပ်ကြံကြိုးစား၊ တိုက်လတ်ငြားသည်၊ သျှစ်ပါးဒိသာရံပတ်တည်း။

(၁၆) ရံပတ်ဒိသာ၊ သျှစ်မျက်နှာ၌၊ တပ်တာတည်ထ၊ နီကုမ်ကြပြီး၊ များလှဗိုလ်ပါ၊ တိုက်ကြရာဝယ်၊ ပြည်သာစိုးထ၊ ဘီလူးမလည်း၊ ခနမကြာ၊ မှန်ရောင်ဝါဖြင့်၊ ကောင်းခင်လမ်းသို့၊ ပျံသန်းလားလျှင်၊ လွန်ဘိကျင်မှ၊ ထက်ခွင်ပျံဝဲ၊ ပန်းဆိုင်ဆွဲသို့၊ မလွဲတူစွာ၊ နီလီပါသော်၊ ထိုခါပြိုင်ဆိုင်၊ တုမနိုင်ဘဲ၊ ဝိုင်းရိုင်ရုံးလှည့်၊ ဆုတ်ခွာခယ့်မှ၊ မြို့၏ရှိဘက်၊ နတ်မျက်စိမြော်၊ ဈာန်ယာဉ်ပျော်သား၊ မည်တော်နာမ၊ ခေါ်ဝေါ်ကြသည်၊ ဂဏ္ဍဒီပါယန၊ မြတ်ဓမ္မနှင့်၊ သီလသည်းခံ၊ ရသေ့ပျံကို၊ ဘုန်းလျှံတေဇ၊ တန်ခိုးပသည်၊ ဒသဘာတက၊ ညီနှောင်လှရို့၊ ညွန့်ခကြောင်းရီး၊ ဖော်ပြီးမီးက၊ ပျံ့မွှီးသီလ၊ ပြည့်စုံလှသည်၊ ဂဏ္ဍဒီပါယန၊ ရသေ့ကလည်း၊ မုသာဝါဒါ၊ ဝေရာမဏိ၊ ယှောင်ကြည်ဘိ၍၊ မသိသူအား၊ သိအောင်ကြားအံ့၊ မှတ်သားစီလို့၊ ဟုတ်တိုင်းဆို၏။ ရွယ်ပျိုကျိုင်းထွား၊ မင်းသားများရို့၊ ကြိုးစားစောင့်ထ၊ ဘီလူးမကို၊ ချိုမြရသာ၊ ပျားသကာနှင့်၊ ဩဇာချိုအီး၊ ကျွေးမွီးပြုစု၊ ဦးချကော်ရော်၊ တောင်းပန်သော်က၊ စည်ထသာမို့၊ ကျော်သည့်မြို့ကို၊ နှစ်လိုရွှင်ပ၊ ဖော်၍ပြလိမ့်၊ များလှလူသျှင်၊ မြင်လီကျင်မူ၊ ခုပင်အပြီး၊ ထိုမြို့ကြီးကို၊ ခြားဆီးလှီးဖြတ်၊ သံမှိုခတ်၍၊ မချွတ်ကူးလျှက်၊ မြို့ပေါင်ဖျက်မှ၊ မြို့ချက်အမြဲ၊ သံနှင့်တွဲသော်၊ ပျံဝဲပြုကျင်၊ ထက်ကောင်းခင်သို့၊ ခုံပြွင်က၍၊ မပျံဝဲတည်း။ ကျန်းမြဲခိုင်ထ၊ မြို့ကိုရအံ့၊ ထွန်းပတန်းခိုး၊ လူထိပ်မိုးသား၊ ဟိုးဟိုးကျော်ကြား၊ ထိုမင်းအားလျှင်၊ မထားလျှင်စီ၊ ပြောပါလီဟု၊ မိန့်ချီသံမြ၊ ဆိုမြွက်ဟသည်၊ စောင့်ထသစ္စာမချွတ်တည်း။

(၁၇) မချွတ်သစ္စာ၊ စောင့်နီပါက၊ ဂဏ္ဍဒီပါယန၊ တာပတလျှင်၊ မိန့်ဟစကား၊ အကြောင်းများကို၊ မထားထိုခါ၊ လျှောက်လီပါသော်၊ နာနာရူပ၊ ဘီလူးမအား၊ ချိုလှရသာ၊ ပျားသကာကို၊ အစာသိုထဲ၊ ဝစွာကျွေးက၊ ပြည်ရေးစောင့်ရ၊ ဘီလူးမလည်း၊ လောဘဆိုးလျှင်၊ စားလီကျင်သော်၊ များဖျင်ဗိုလ်ပါ၊ လူတကာရို့၊ ဒွါရာဝတီ၊ မြို့သိင်ဂီကို၊ အသိများမြောင်၊ အားကြိုးထောင်၍။ အတောင်လိုင်ပင်း၊ တပြိုင်ချင်းဖြင့်၊ ပေါင်ရင်းကိုဖြတ်၊ တူးဖြိုလတ်သော်၊ မြို့မြတ်နယ်ကွက်၊ အလယ်ချက်ကို၊ ရိုက်နှက်ဆတ်ဆတ်၊ သံမှိုခတ်မှ၊ မချွတ်မလွဲ၊ သံဖြင့်တွဲလျှက်၊ အမြဲစောင့်မှတ်၊ ရံဝန်းပတ်၍၊ ထားလတ်သောခါ၊ မြို့ဒွါရာလည်း၊ အာကာတိမ်ယံ၊ မပျံနိုင်ဘဲ၊ နီတိုင်းမြဲ၏။ မလွဲမှန်ထ၊ မြို့ကိုရလျှင်၊ နာမသညာ၊ သံတွယ်ရာကို၊ သိသာမည်ထင်၊ သံတွဲတွင်၏။ ဘုရင်မင်းဖျား၊ ဘုန်းတော်အားလျှင်၊ သိကြားရီနတ်၊ ဒေဝါမြတ်ရို့၊ ရိုက်ခတ်ထားကျင်၊ သံမြို့ရှင်ကို၊ မြီပြင်ကိုခွဲ၊ တောင်ကမ်းကွဲမျှ၊ မိုးထဲတိမ်ဖျား၊ လွှင့်လိုက်ငြားမူ၊ သံသားလွှင့်သံ၊ တော်လဲဟန်သို့၊ တဖန်ပျံလိုက်၊ ဂေါ်တူမြစ်တွင်၊ စင်စစ်ရောက်မှ၊ သံကြိုးကျမူ၊ မြစ်ဝကျိုက်ဆူ၊ ရီလုံးပူ၏။ ရီသူအများ၊ နီရာယှား၍ လိပ်ငါးငမန်း၊ ရီလုံးပြွန်းမျှ၊ ပြီးသန်းကူးရ၊ ဖြစ်ပြီးမှလျှင်၊ သိကြထိုခါ၊ ကြီးအာဏာနှင့်၊ ရာဇာဒသ၊ ဘာတကရို့၊ မုချတန်းတိုက်၊ မင်းပြုရစ်သည်၊ ရန်စစ်ခပ်သိမ်းရိုညွတ်တည်း။

(၁၈) ရိုညွတ်ခတ်သိမ်း၊ ရန်စစ်ငြိမ်း၍၊ မုဒိမ်းဓမြ၊ ခိုးသူစသည်၊ လန့်ထကြောက်ကျင်၊ ရန်မျိုးစင်မှ၊ သောင်းခွင်ကျော်ကြား၊ ထိုမင်းများရို့၊ ပျော်ပါးမြူးစံ၊ မြို့ရှင်ပျံ၌၊ ခြွီရံများဖျင်၊ များလူသျှင်နှင့်၊ နီကျင်ပေါင်းရုံး၊ ဇမ္ဗူလုံးကို၊ သိမ်းကျုံးဆယ်စု၊ အဖို့ပြု၏။ တခုမြွကင်း၊ တုတ်ခွန်သွင်းလျှက်၊ စံခြင်းများစွာ၊ ထိုအခါ၌၊ မည်သာခေါ်ထ၊ ကုဏလဟု၊ အိုင်မ၌ဝယ်၊ ကြောက်မက်ဖွယ်သား၊ ကြီးကျယ်သာလှ၊ ကက္ကဋကို၊ ပွပွသမ္ဘာ၊ ဖူးငုံပါ၍၊ ပွင့်သာဘုန်းဟိ၊ ဆင်ဟတ္တိလျှင်၊ နင်းဘိအင်ကိုး၊ ရွတ်ရွတ်ချိုးက၊ စည်ကျိုးဘိန္ဓ၊ မြစ်သို့ကျသော်၊ လက်မအစုံ၊ မျောလီတုံက၊ ကြိုက်ကြုံထိုခါ၊ အသူရာရို့၊ မဟာသမုဒ်၊ လှိုင်းခတ်ပုတ်၍၊ နစ်မြုတ်ရီကြောင်း၊ ဝင်လီလျှောင်းသော်၊ တချောင်းအကယ်၊ ဆည်ရပေ၏။ မြဲထွေသာလှ၊ ဝှန်ပေါပြသား၊ စည်မစည်ကြီး၊ စည်ဘေရီးဟု၊ ပြုပြီးတုံမှ၊ ဝါသဝနှင့်၊ တွိကြရန်မွှီ၊ နတ်စစ်မြီ၌၊ ယှုံးလီရကား၊ စွန့်ပစ်ငြားသော်၊ သိကြားတမူ၊ ရလီယူ၏။ ထိမ့်ဆူကျော်ကြ၊ အမ္မလဟု၊ တွင်ထအမည်၊ သိနားလည်လော့။ ထိုစည်အမျိုး၊ အတူကျိုး၍၊ ရီရိုးဖလာ၊ မျှိုးကြရာတွင်၊ ဂင်္ဂါမြစ်ကြောင်း၊ ပါလီလျှောင်း၏။ တချောင်းတမူ၊ ကျွန်းဇမ္ဗူဝယ်၊ ရိပ်ဖြူဆောင်းဆောင်း၊ တကျိတ်ပေါင်းသား၊ မင်းကောင်းဒသ၊ ဘာတကရို့၊ ဒွါရာဝတီ၊ မြို့တောင်ဆီဝယ်၊ နဒီမြစ်ယိုင်၊ ကမြူးစိုင်၌၊ ဝှဲရိုင်ချမ်းမြစ်၊ ဆည်ဘိလိုက်ကာ၊ ထိမ့်ရစ်မြည်လျှက်၊ မြောက်စည်ကြက်၍၊ မပျက်တီးကာ၊ သံဝှမ့်ဖြာသည်၊ ဒီပါဇမ္ဗူလွန်ပတ်တည်း။

(၁၉) လွန်ပတ်ဇမ္ဗူ၊ ထိမ့်ရစ်ဆူ၍၊ ခွန်ယူသိမ်းကျုံး၊ လက်ရုံးရွှင်ပ၊ ပျော်ပါးကြသော်၊ ကာလလွှဲဖောက်၊ ကိန်းခန်းရောက်မှ၊ မွှီနှောက်ချောက်ချား၊ ဟိတုံငြား၍၊ တိုင်းကားပြည်ရွာ၊ ပျက်ကိန်းသာလျှင်၊ ဖြစ်ခါနီးလတ်၊ ကပ်ဥပါဒ်ကြောင့်၊ ယွင်းချွတ်မူခါ၊ အဓမ္မာကို၊ ကျင့်ပါတခြား၊ မင်းသားများရို့၊ တရားသိမှတ်၊ ရသေ့မြတ်ကို၊ ယွင်းချွတ်စိတ်တွင်၊ ပြစ်မှားကျင်၍၊ အကြင်ယောက်ကျား၊ သူတပါးကို၊ ဟိငြားကိုယ်ဝန်၊ ပဋိသန်လျှင်၊ အဟန်ပြုထွေ၊ ဆောင်ယူလေပြီး၊ သန္ဓေတည်ငြား၊ ထိုယောကျာ်းမူ၊ လများအကယ်၊ မည်သည်နိတွင်၊ ဖွားမြင်မည်နည်း။ မီးလှည့်ထိုခါ၊ ပညာမြင်မြော်၊ ရသေ့ကျော်လည်း၊ လူဝယ်ဒသ၊ ဘာတကရို့၊ ကာလမရှည်၊ ပျက်လတ်မည်ကို၊ အခြေသိထင်၊ ထို့နှယ်မြင်၍၊ ဆင်ခြင်ညာဏ်ဖြာ၊ ကြည့်ရှုရာသော်၊ ကိုယ့်မှာတုံလည်း၊ ကြိုက်ကြုံပြန်ရာ၊ ဤနှယ်သာဟု၊ မှန်စွာတပ်တပ်၊ စိတ်ဝယ်မှတ်၍၊ မချွတ်မမှား၊ ဤယောကျာ်းလျှင်၊ ဆန့်တားရွီတွက်၊ ခုနှစ်ရက်၌၊ တချက်မမှား၊ ရှားတုံးဖွားအံ့။ ထိုရှားပျက်က၊ သာဂရဟု၊ ရာဇမင်းနွယ်၊ ဇမ္ဗူလယ်၌၊ အကယ်ကျင်းကျင်း၊ ပျက်လတ်လျှင်းအံ့။ သံညှင်းမြွက်ဟ၊ ဆိုပေကလျှင်၊ ခနမကြာ၊ လူများစွာရို့၊ ထိုခါလက်ထောက်၊ ဒုတ်အုတ်ကျောက်ဖြင့်၊ တယောက်တချက်၊ ရိုက်ခတ်နှက်သော်၊ ညက်ညက်ကြီကြီ၊ ရသေ့သီ၏။ တလီမင်းပေါင်း၊ ကြားလတ်လျှောင်းသော်၊ လျှင်ကြောင်းထိုခါ၊ သင်းဂြိုဟ်လာပြီး၊ မှာရေစကား၊ မီးလတ်ငြားမူ၊ မမှားထိုထို၊ ရသေ့ဆိုဟန်၊ လျှောက်ကြားပန်က၊ လျှင်မြန်ဖမ်းငြား၊ ထိုယောကျာ်းကို၊ မထားမလွှတ်၊ ခြီချင်းခတ်၍၊ ရံပတ်ဝန်းလျှား၊ လူအများနှင့်၊ ထံပါးမြဲနီ၊ စောင့်ယှောက်စီသည်၊ ကြည်ထွေညီနောင်မင်းမြတ်တည်း။

(၂၀) မင်းမြတ်ညီနောင်၊ ကြိုးစားဆောင်၍။ များမြောင်ခြံရံ၊ စောင့်ယှောက်ပြန်သော်၊ အမှန်ကွက်ကွက်၊ ခုနှစ်ရက်သည်၊ ရွီတွက်ကြုံခါ၊ ဤလူ့ရွာ၌၊ တခါရံထူး၊ မကြားဖူးတည်း၊ အထူးဆန်းပြား၊ လူယောကျာ်းလျှင်၊ ခေါ်ငြားမရ၊ လူမိမ္မသို့၊ ဖြစ်ထလီငြား၊ ရှားတုံးဖွား၏။ လူများတကာ၊ ကြောက်လန့်ပါ၍၊ လျှင်စွာပစ်ခါ၊ လှိုင်းသာလွတ်ချောက်၊ ကမ်းသို့ရောက်၍၊ မထောက်တင်ရစ်၊ ရှားပင်ဖြစ်၏။ အနှစ်များစွာ၊ မြင့်ရှည်ကြာ၍၊ ရာဇာဒသ၊ ဘာတကရို့၊ ငြိမ်းမျှသံသာ၊ ပဉ္စင်္ဂါနှင့်၊ မဟာသမဇ္ဇံ၊ သဘင်ခံကာ၊ တင့်စံသာလှ၊ တပေါင်းလဝယ်၊ ရွှင်ပပျော်ပါး၊ ရီကစားသော်၊ တက်ငြားထိုခါ၊ ဖြားရောက်ရာ၌၊ သီစာသောက်ထ၊ မိပျော်ကြလျှက်၊ ယစ်ဝကိုင်ငင်၊ လုံးထွီးကျင်၏။ မြူးရွှင်ကြီစား၊ စိုက်ရန်ပွားသော်၊ ယူငြားထစ်ထစ်၊ မျှားနှင့်ပစ်က၊ စင်စစ်ဧကန်၊ မျှားလင်းကန်လျှင်၊ အမှန်ထိုတွင်၊ ဖြစ်လတ်ကျင်၏။ နာကြင်မိထ၊ မာန်မာနဖြင့်၊ ရန်စခြုတ်ခြေ၊ ဒေါသသွယ်လျှက်၊ မတွယ်မညှာ၊ ထိုးခွတ်ပါသော်၊ များစွာမိုက်လူ၊ ကျက်ကျက်ဆူလျှက်၊ ကွပ်မူမနိုင်၊ တိမ်းယိမ်းယိုင်၏။ တပြိုင်နက်ပင်၊ ပြုလတ်ကျင်က၊ ယူငင်မသာ၊ သူ့ထက်ငါလျှင်၊ ရေရာမရ၊ ထိုးသတ်ကြသော်၊ မင်းကမလွတ်၊ ဒေဝီထွတ်နှင့်၊ မူးမတ်အနွယ်၊ မျိုးကိုးသွယ်ရို့၊ ထိုဝယ်ကျင်းကျင်း၊ သီတုံလျှင်းသည်၊ ပြည်တွင်းပြည်မမလွတ်တည်း။

(၂၁) မလွတ်ပြည်မ၊ ပြည်တွင်းစသား၊ များလှရုံးစု၊ ထိုးခွတ်ပြုသော်၊ ဝါသုဒေဝ၊ စောမင်းကလည်း၊ ဗလဒေဝ၊ ညီမင်းလှနှင့်၊ အဉ္စနဒေဝီ၊ သိင်ဂီရွှီဘော်၊ နှမတော်ကို၊ ခေါ်တော်မူပြီး၊ ပရောဟိလည်း၊ ပါဘိကိုယ်ကြပ်၊ လက်ချင်းစပ်၍၊ မြောက်ရပ်တူရူ၊ လားတော်မူ၏။ နှံ့ဆူကျော်ကြား၊ မင်းနှစ်ပါးရို့၊ ရှည်လျှားရှိခါ၊ သံသရာက၊ ကြမ္မာစိုင်ဆိုက်၊ ဝိပါက်လိုက်၍၊ ရန်ခိုက်နှင့်တွိ၊ ခန္ဓာရွှိလျှက်၊ စုတိဘဝင်၊ ချုပ်လီကျင်မူ၊ ဆင်းအင်ပြည့်လှ၊ အဉ္စနနှင့်၊ ဗြဟ္မဏတွင်ဘိ၊ ပရောဟိရို့၊ ပေါင်းမိမသွယ်၊ လားကြပေသော်၊ ကျော်ဝယ်နှံ့သိ၊ ဝေသာလိဟု၊ ခေါ်ဘိတင်မြောက်၊ ပြည်သို့ရောက်၏။ ဘုန်းတောက်သနင်း၊ ထိုပြည်မင်းလည်း၊ ဖြစ်ခြင်းရောဂါ၊ ဝေဒနာကြောင့်၊ မကြာလျှင်လျှား၊ စုတိငြားသော်၊ သားနှင့်မြီးမြစ်၊ မကျန်ရစ်၍၊ ပြည်၌များစွာ၊ မူးမတ်ရာရို့၊ ညီညာကြိုးစား၊ ပြုသောအားဖြင့်၊ ပုဏ္ဏားသာလှ၊ ဗြဟ္မဏနှင့်၊ အဉ္စနဒေဝီ၊ ဆင်းလှရွှီကို၊ သိင်္ဂီဥကင်၊ ထီးနန်းတင်၏။ သာရွှင်ဝမ်းမြောက်၊ ဘိက်သိက်မြှောက်၍၊ ငြိမ်းလှောက်သာယာ၊ စံပြီးခါမှ၊ ပုတ္တာသားလှ၊ ဗြဟ္မသုန္ဒရာ၊ စောသတ္တာသည်၊ ဝေသာလီက၊ ပြောင်းပြီးမှလျှင်၊ များဖျင်အလေး၊ ဗိုလ်စည်းဝေးနှင့်၊ ငခွေးသင်းတောင်၊ မြို့တည်ထောင်၏။ ထို့နောင်စိုးထွေ၊ ခြောက်နှစ်ပေတည်း။ ရှည်ရှည်လျှားလျှား၊ မြို့စိုင်များနှင့်၊ ပုဏ္ဏားမျိုးနွယ်၊ မိုးထက်ကြယ်သို့၊ ဆက်သွယ်များစွာ၊ စိုးငြားပါသော်၊ ရီသာစိမ်းမြ၊ ဂစ္ဆပ၏၊ ဒက္ခိဏဂါမာ၊ ကမ်းပါးသာ၌၊ နဝါနဝ၊ နာမဘွဲ့မည်၊ ကိုးဆယ်ကိုးမြို့၊ မချို့အင်္ဂါ၊ ကိန်းသင်္ချာမူ၊ နှစ်ရာပြည့်လုတ်၊ နှစ်ပါးယုဂ်၏။ အဟုတ်မင်းပေါင်း၊ စိုးအုပ်လျှောင်း၍၊ ပြန်ပြောင်းတည်ထ၊ ပြုကုန်ကြလျှက်၊ နာမသမိုက်၊ ထီးနန်းစိုက်သည်၊ မှတ်ပိုက်တံဆိပ်ခတ်လတ်တည်း။

(၂၂) ခတ်လတ်တံဆိပ်၊ ရန်မျိုးနှိပ်၍၊ ဘုန်းရိပ်ထွန်းပ၊ ရာဇညရို့၊ ဂစ္ဆပနဒီ၊ မြစ်ဆီလက်ယာ၊ ရှိပြုဗ္ဗာက၊ တည်လာအစ၊ ပထမမူ၊ ဒွါရဝတီ၊ ဌာနီသမိုက်၊ ထီးနန်းစိုက်မှ၊ ပဏ္ဏဝတီ၊ သဗ္ဗလီတည်း။ မင်းသမီးပြင်၊ မင်းသားပြင်နှင့်၊ သက်တင်ဝန်းချုံး၊ ဆင်ကုန်းတကြောင်း၊ ပေါင်းလောင်းပင်တိုင်၊ တိုင်ချိုင်မည်ဆောင်၊ ကာဝန်းတောင်ပြိုင်၊ စိမ်းညှင်းအိုင်ပြင်၊ ရထိန်တွင်လျှောင်း၊ ကျွန်းပေါင်းလောင်းက၊ အင်းချောင်းတည်ထောင်၊ နနွင်းတောင်လျှင်၊ သောက်ရှုးပြင်ခေါင်၊ စည်ဘောင်တောင်ရဲ၊ ပုလဲတောင်လျှင်၊ ဂင်္ဂါပြင်ဟူ၊ တောင်ဖြူတောင်ပင်၊ ထီးဝန်းတင်ပေ၊ မုစ္စရေဟု၊ ဝေလုပဗ္ဗတ၊ နာမခေါ်ထူး၊ ထင်းရူးတောင်ခန်း၊ ငန်းတောင်ဝန်းနှင့်၊ ရီချမ်းအိုင်ကောင်း၊ ရွှီပန်းတောင်းသာ၊ ပဉ္စာမည်လျှောင်း၊ ကျောက်ပန်းတောင်းဟုတ်၊ သီရိဂုတ်က၊ ဓညဝတီ၊ သိင်ဂီမျိုးမြင့်၊ ကံသုံးဆင့်နှင့်၊ အဇ္ဇရဝတီ၊ သီရိမာဝတီ၊ ခေါ်ညီတွင်ဆို၊ ရာဇဂြိုဟ်က၊ ရဏ္ဏဝတီ၊ ဝေသာလီမှ၊ တလီမုက္ချ၊ ကုမ္ဘဝတီ၊ တချီတွင်ထ၊ ဘရဝဏ၊ သုဝဏ္ဏဂီရိ၊ ဆိုဘိမယွင်း၊ လီညှင်းတောင်က၊ စန္ဒနနှင့်၊ ပါသိဝဆိုင်း၊ သဝင်ကိုင်းက၊ ပြိုင်းတိုင်မည်နှင်း၊ ငခွေးသင်းတောင်၊ ငါးရီတောင်မှန်၊ ငဆဒ္ဒါန်ပေ၊ ကျက်သရေတောင်လျှင်၊ စည်သဘင်တောင်ကောင်း၊ ငရံချောင်းထက်၊ စမ္ပဝက်တောင်၊ မောင်ပုံတောင်ကိုင်း၊ ပြိုင်းတိုင်တောင်ဖြူ၊ ကိန်းသာဟူပြန်၊ သလွန်တောင်ကောင်း၊ ပိန္နဲချောင်းဟူ၊ ဆင်ဖြူကျွန်းသာ၊ တခါအမှန်၊ ကာတန်တောင်ဆက်၊ ပုသင်တက်ပါ၊ သေလာတွင်ဘိ၊ ရင်ကတိသာ၊ သမ္မာဝတီ၊ စုံညီသာမို့၊ ပရိန်မြို့ထောင်၊ မာန်အောင်တဖြာ၊ ကျွန်းနံသာနှင့်၊ ပန်းနံသာက၊ ကက္ခရပဗ္ဗတ၊ နာမဂဏန်းတောင်၊ ထို့နောင်တသုံး၊ လှံရုံးသဖွယ်၊ တောင်သုံးဆယ်မှန်၊ သရဘန်ဆိုင်၊ နဂါးအိုင်နှင့်၊ တပင်တိုင်ဟူ၊ တောင်ဖြူတောင်သာ၊ နီလာတောင်မျိုး၊ လွန်ရိုးတောင်ဟုတ်၊ ဂုတ်မြို့ခေါ်ထို၊ လင်းဟုဆိုထ၊ ကမ္ဗလဝက်၊ သရက်တောင်ပြီး၊ မနီးမယွင်း၊ စစ်တလင်းထား၊ ကျောက်လှေကားဟူ၊ မှန်ကူတချို့၊ လင်းမြို့မှန်ထ၊ မြေမြို့သချည်း၊ နေရဉ္စရာ၊ ကုသဝဒီ၊ ခေါ်ညီသာယာ၊ စမ္ပာဝတီ၊ စုံညီသာစွာ၊ လက်ယာဘက်မှာ၊ ဆက်ကာစိုင်၍၊ ရွီတွက်ခယ့်သော်၊ ကိုးဆယ့်ကိုးမြို့၊ အစို့စို့ကို၊ မင်းရို့ထီးနန်းတည်လတ်တည်း။

(၂၃) တည်လတ်ထီးနန်း၊ တစိုင်ထွန်း၍၊ ဆိပ်ကမ်းသာလှ၊ ဂစ္ဆပ၏၊ ပစ္ဆေမဒေသာ၊ နောက်မျက်နှာ၌၊ တည်လာအစ၊ ပထမမူ၊ ကျီးမသရေ၊ ခေါ်ပေထင်ရှား၊ ကုလားပန်းဇင်း၊ မယွင်းပြုပ္ပာ၊ ဂန္ဓာမစ္ဆိမ၊ ပဘင်္ဂလျှင်၊ ဂဇင်ကလ၊ သန္တလရာဇ်၊ ဖြစ်သည်တဖြာ၊ စေကာကရာဇ်၊ သေတာရာဇ်မှ၊ ပပ္ပတရာဇ်၊ စုလရာဇ်သာ၊ ကာလကရာဇ်၊ တလှစ်မှန်စွာ၊ ပဋိကာလ၊ တည်ထနဒီ၊ အညီမှတ်ကြ၊ ပဉ္စကာမဝတီ၊ တလီထိုမှ၊ တဉ္စရဉ္စရာ၊ တခါဆိုဟူ၊ အစ္စန္တုဘ၊ သုဝဏ္ဏဂီရိ၊ မည်ဟိခေါ်ပြု၊ ဝေဠုရတ၊ နာမတွင်ဘိ၊ ပဋိကရာနာဂရ၊ လောရမ္မနှင့်၊ ပဌမနဂိုရ်၊ ထိုထိုသာယာ၊ ရမ္မာပူရ၊ လောက္ကရက၊ သမ္မာပူရ၊ လောက္ခရတ၊ စက္ကဝဏ္ဏ၊ သမ္မာဝါရာ၊ ဝေသာပန်းတောင်း၊ တကြောင်းထိုမှ၊ တက္ကရမှန်၊ ငတန်သူရဲ၊ မလွဲတဆစ်၊ မလ္လရာဇ်က၊ ယက္ခဂန္ဓ၊ သမ္မဂီရိ၊ ခေါ်ဘိမှန်စွာ၊ ဂန္ဓဂီရိ၊ စတုရိနှင့်၊ ပုလိန္နရာဇ်၊ စိုင်ဆိုက်မှတ်ကြ၊ အဝိန္ဒတ၊ ကေကကရာဇ်၊ ဖြစ်သည်မယွင်း၊ ဆားတလင်းကြုန်း၊ ခမောင်းတုန်းဆိုင်၊ သရက်အိုင်ဆောင်၊ ငကြေးတောင်လျှင်၊ ဘုန်းပြင်ခေါ်ဆောင်၊ သပိတ်တောင်နှင့်၊ ယင်ပေါင်တောင်မင်း၊ အင်ကြင်းတောင်မွန်၊ ရွှီစင်္ကြန်ပေ၊ ဆင်သေတဖန်၊ ဆဒ္ဒန်အိုင်မှန်း၊ သဝင်ကျွန်းနှင့်၊ စစ်တန်းတင်ဘက်၊ သမက်ခေါ်ထ၊ ယောက္ခမတည်း။ ဆံထုံးဖွေးဟူ၊ သလူတောင်စပ်၊ တပ်မြို့မည်မှန်း၊ တောင်ကျွန်းခေါ်ဆောင်၊ ကျက်တောတောင်မှ၊ ကာသုရတုံ၊ ထောက်ဆုံမလွဲ၊ တဲလမုချောင်း၊ တကြောင်းသည်နောက်၊ ပီတကောက်မှန်း၊ ပီကျွန်းသမန္ဒရာဇ်၊ စစ်စစ်မှန်သော၊ ပတကောလျှင်၊ တင်တိုင်းသင်တောင်၊ ခြင်္သေ့တောင်နှင့်၊ မြင်းသီတောင်ဖြစ်၊ ဘန္တရာဇ်ဆိုင်၊ ကင်းမိအိုင်ဆုံ၊ မထုံခေါ်မြို့၊ ရဲရို့ပင်တိုင်၊ ကျန်းခိုင်မောက်မောက်၊ သီမသောက်ဆို၊ သားပျိုငိုငြား၊ ကျောက်တန်းခါးဟုတ်၊ တရုပ်ကာညီ၊ ခွီးသီမှန်လတ်၊ ဥဒေါင်းဝတ်လျှင်၊ သက်ကျမ်းပြင်က၊ ခေါ်တွင်မှန်စွာ၊ မြို့သာယာနှင့်၊ မလ္လာမည်ဝင်၊ မြင်းသီပြင်လျှင်၊ အောင်သာပြင်က၊ နီလာပြင်မြောက်၊ ငကျိုင်တောက်ဟူ၊ ဆင်ဖြူတောင်ကျော်၊ ကံ့ကော်တောင်ကောင်း၊ ညောင်ချောင်းတွင်ငြား၊ စိမ်းညှင်းပြားဟူ၊ ပျားသားယူက၊ ဩရမဟု၊ စည်ကြများပေ၊ ရွီတွက်ချေသော်၊ ကိုးဆယ်ကိုးမြို့၊ အစို့စို့ကို၊ မင်းရို့တည်ထ၊ ထီးနန်းချသည်၊ နာမသမိုက်မည်လတ်တည်း။

(၂၄) မည်လတ်သမိုက်၊ ထီးနန်းစိုက်၍၊ ဘုန်းမြိုက်ထွန်းပ၊ ဗြဟ္မဏ၏၊ စိုးထတိုးစည်၊ ဆက်ကာသွယ်လျှက်၊ အနွယ်များစွာ၊ ဖြစ်ခြင်းရာကို၊ ရွီးကာဖော်ညွှန်း၊ ပိုကျယ်ဝန်း၍၊ စိစေ့ဆိုထ၊ ရုံး၍ပြအံ့၊ တရာ့ကိုးဆယ်၊ သျှစ်မြို့ဝယ်တွင်၊ အနွယ်ပုဏ္ဏား၊ နောင်ဖျားဆုံးစွန်၊ သရဘန်ဟု၊ ကျော်လွန်သတင်း၊ ထိုသည်မင်းလျှင်၊ ဆင်မြင်းရထား၊ ခြီသည်များနှင့်၊ တည်ထားပြောင်းရွှိ၊ ဝေသာလိဟု၊ ဘုမ္မိနက်သန်၊ မြီကြန်ညီညွတ်၊ မြို့မြတ်တည်လျှက်၊ ဆယ့်ခြောက်ဆက်တွင်၊ မြောက်ဖက်ရပ်မှာ၊ ဟေဝန္ဒာ၏၊ ရီသာညိုမြ၊ ဂစ္ဆပတွင်၊ ပစ္စုံသျှင်မိုး၊ ရွာသွန်းဖြိုးက၊ ဟိုးဟိုးများစွာ၊ စီးကျလာလျှင်၊ ထိုတွင်နီထ၊ ဆတ်မကမူ၊ ကြောက်လှကြီးကျင်၊ ညောင်ကြပ်ပင်ကို၊ ခုံမင်ကြွကြွ၊ အရကိုးလျှက်၊ ခိုမှီတက်၏။ တချက်ထိုထို၊ မျောက်ဖိုကလည်း၊ စိမ်းမြညွှန့်ရှင်၊ သဖန်းပင်ဝယ်၊ ခုံမင်တက်မှု၊ နီကုန်ပြု၏။ ရီထုများလှ၊ ပြည့်လတ်ကလျှင်၊ ဆတ်မမျောက်ထီး၊ အပြီးထိုခါ၊ မျောလီပါသော်၊ သေလာဂီရိ၊ အမည်ဟိသား၊ များသိနှံ့ဆောင်၊ ကျောက်တော်တောင်သို့၊ ရီကြောင်းပို့ကျင်၊ ရောက်လီလျှင်သော်၊ တူပင်မပြား၊ နီတုံငြားက၊ နှစ်ပါးဆုံထ၊ ပေါင်းဖော်ကြသည်၊ နှစ်လရက်ကြာနီလတ်တည်း။

(၂၅) နှစ်လရက်ကြာ၊ နီသောခါ၌၊ တိရိစ္ဆာန၊ ထိုဆတ်မသည်၊ ပုပ္ပနမိတ်၊ အကြောင်းဟိတ်ကြောင့်၊ သုံးကျိတ်နှစ်ယောက်၊ တွက်ရွီမြောက်သား၊ အံ့လှောက်ထွေပြား၊ သားကိုဖွား၏။ ထိုသားရို့တွင်၊ တချို့သားကား၊ ငှက်ဖြစ်ငြား၍၊ ပျံလားတုံမြောက်၊ ဥပွားပေါက်၏။ တချို့သားကား၊ မှန်ငြားစင်စစ်၊ လူလျှင်ဖြစ်က၊ လူ၌ဝင်ပြီး၊ ပေါင်းဖော်မှီး၏။ သားကြီးဖြစ်ထ၊ အားဗလနှင့်၊ နာမတွင်ပြန်၊ ငဆဒ္ဒါန်လျှင်၊ တဖန်ခေါ်ဘိ၊ ပက္ခမိနှင့်၊ ထိုပြီးတလှစ်၊ ငရဲခိုက်တည်း၊ စင်စစ်မှန်ညီ၊ ရက္ခနီဟူ၊ တူပြီးယှဉ်ထ၊ ဘီလူးမနှင့်၊ သင့်တင့်ပေါင်းမှု၊ ငရဟုတည်း၊ ဆွီစုမျိုးချည်း၊ ငပါးသဲလျှင်၊ နက်မဲအရုပ်၊ ငလကုတ်ရို့၊ ကြမ်းကြုတ်မိုက်မူး၊ စွယ်ပြူးပြူးနှင့်၊ ဘီလူးမသား၊ ဖြစ်ငြားတုံမြောက်၊ ခုနစ်ယောက်တည်း။ မွှီနောက်တုံထ၊ မောင်နှမရို့၊ ဖိုမကာမေ၊ နီကုန်ပေ၏။ ဖွေဖွေရှာရှာ၊ ရပ်ဒီသာကို၊ လှည့်ကာပတ်လျှက်၊ မိုးထဆိုင်းဆာ၊ ညဆိုင်းဆာကို၊ ဝေသာလိမည်၊ ထိုသည်ပြည်၌၊ နီသည်မယှား၊ လူအများကို၊ ဖမ်းငြား၍သာ၊ စားကြပါသော်၊ ပြည်သာစိုးခြင်း၊ ထိုသည်မင်းလည်း၊ ဆင်မြင်းရထား၊ ခြီသည်များနှင့်၊ လူသားစားကြူး၊ တောဘီလူးနှင့်၊ နှစ်ဦးပူးဆိုင်၊ စစ်ရေးပြိုင်သော်၊ ကြီးခိုင်အားအန်၊ ငဆဒ္ဒါန်လျှင်၊ ဆင်ဟန်ဖန်ဆင်း၊ လိုက်လီလျှင်း၍၊ အတင်းဖမ်းငြား၊ မင်းကိုစားက၊ ပုဏ္ဏားမျိုးနွယ်၊ ပျက်ကိန်းသွယ်သည်၊ ပြီးဖယ်လူများကြောက်ရွံ့တည်း။

(၂၆) ကြောက်ရွံ့လူများ၊ ပြီးယှောင်လား၍၊ ထင်ရှားခေါ်ဘိ၊ ဝေသာလိဟု၊ တွင်ဘိအမည်၊ ထိုရွှီပြည်ကို၊ ပတ်လည်ရံငြား၊ ဘီလူးစားက၊ တိုင်းကားပြည်ရွာ၊ ချောက်ချားခါ၌၊ မဟာနာဂရ၊ ကပ္ပိလကို၊ အဇ္ဇုနမင်း၊ ဖယ်ခွာလျှင်း၍၊ သီတင်းသုံးရာ၊ ရှိကြမ္မာကြောင့်၊ တောအောင်းနီထ၊ ထိုဆတ်မနှင့်၊ သံဝါကိစ္စ၊ တွိဆုံကြခါ၊ ဣန္ဒမာယု၊ ခေါ်ကြပြုငြား၊ သားကိုဖွား၏။ လူလားမြောက်ခါ၊ တေဇာကြီးထု၊ မာရယုကား၊ စစ်ပြုဆိုင်တိုက်၊ ငရက္ခိုက်ဟု၊ ဝန်းဝိုက်နီငြား၊ ဘီလူးများကို၊ ထွားထွားညက်ညက်၊ အကုန်ဖျက်မှ၊ အောင်ချဌာန၊ ထိုကစ၍၊ တွင်သနွယ်ရိုး၊ ရခိုင်မျိုးဟု၊ ပတ်ဟိုးနှံ့သိ၊ ကျော်ဇောဘိ၏။ မှတ်သိခေါ်ပြု၊ မာရယုဟု၊ ကြီးထုတေဇာ၊ မင်းမဟာလျှင်၊ တည်လာအစ၊ ပထမသည်၊ ဓညဝတီ၊ မြို့ဌာနီ၌၊ လောကီဈာန်ဖြစ်၊ ဆယ့်ခြောက်နှစ်တည်း။ သားချစ်သားငယ်၊ မာရဇေကား၊ ရွှီပြည်စိုးလှစ်၊ သုံးဆယ့်နှစ်တည်း။ တရစ်စိုးတုံ၊ မာရအုံကား၊ ရွှီဘုံနန်းမှာ၊ တိပဉ္စာတည်း။ မာရရွယ်လျှင်၊ စိုးသည်မှန်ဖြစ်၊ လေးဆယ့်သျှစ်တည်း။ သားချစ်ခေါ်တွင်၊ မာရကင်ကား၊ စံရွှင်ပျော်ပါး၊ ငါးဆယ့်ငါးတည်း။ နွယ်များမတိမ်၊ မာရဇိန်မူ၊ ရွီယူတွက်ကျုံး၊ သုံးဆယ့်သုံးတည်း။ ပြိုင်နှုန်းမမြင်၊ မာရတင်ကား၊ နန်းခွင်စံငြိမ်း၊ ဒွေးတရိန်းတည်း။ စိုးသိမ်းပျော်လျှက်၊ ခုနှစ်ဆက်တွင်၊ ကျက်ကျက်ရန်ငြို၊ ငဆတ်အိုသည်၊ ကြည်ညိုမဟိ၊ ပုန်ကန်ဘိ၍၊ ဧကဝိသာ၊ နှစ်သင်္ချာတွင်၊ ခန္ဓာငါးတန်၊ ပြတ်လီပြန်မှ၊ နန်းရံမင်းစစ်၊ သျှစ်ဆက်ဖြစ်၏။ နှစ်ကိုပေါင်းကာ၊ တွက်ရွီပါက၊ သုံးရာသုံးဆယ်၊ ခြောက်နှစ်ဝယ်လျှင်၊ အကယ်မှန်စွာ၊ ဖြစ်လီပါသည်၊ တခါနန်းရိုးဆက်ပြန်တည်း။

(၂၇) ဆက်ပြန်နန်းရိုး၊ ရွှီထီးမိုး၍၊ နွယ်မျိုးသန့်စင်၊ မာရတင်ဟု၊ မည်ပင်တွင်ခြင်း၊ ထိုသည်မင်း၏၊ သားရင်းဖြစ်ထ၊ ကြီးတေဇနှင့်၊ ဒွါလစန္ဒြား၊ နန်းတက်ငြားခါ၊ နှစ်မှာလေးဆယ်၊ ချမ်းသာပေစွ၊ ဆိုကုန်ကြ၏။ သောလစန္ဒြား၊ ထိုမင်းဖျားမူ၊ တွက်ငြားရွီကျုံး၊ သုံးဆယ့်သုံးတည်း။ လက်ရုံးကြီးထ၊ နီနှင့်လသို့၊ သူရိယစန္ဒြား၊ မင်းမြတ်ကားမူ၊ စံစားသုံးဆယ်၊ ခုနှစ်ဝယ်တည်း။ ဘုန်းကြွယ်ထွန်းပ၊ တုမမျှသည်၊ ကာလစန္ဒြား၊ လေးဆယ်စား၏။ သားတဉ္စစန္ဒြား၊ ခြွီရံများနှင့်၊ စံငြားတုံဖြစ်၊ သုံးဆယ့်တစ်တည်း။ တန်းထစ်ရွီမှု၊ မှတ်တော်ပြုလော့၊ မဓုစန္ဒြား၊ နှစ်ဆယ်အားဖြင့်၊ စံစားပြီးမှ၊ ရန်မျိုးခ၏။ ဇေယျစန္ဒြား၊ အောင်ဆုပွား၍၊ စိုးငြားအုပ်ခါ၊ လေးဆယ်သာတည်း။ မောက္ခစန္ဒြား၊ မူးမတ်များနှင့်၊ ထင်ရှားကျော်ချောက်၊ နှစ်ဆယ့်ခြောက်တည်း။ တယောက်မှန်ထ၊ သားပုတ္တမူ၊ ဂုဏစန္ဒြား၊ ရွှီနန်းအားကို၊ သိမ်းငြားစိုးထ၊ ဒွါဒသတည်း၊ ဒိပ္ပကျော်ကြား၊ စန္ဒြားကို၊ မြိုမတ်သုံးယောက်၊ ပုန်ကန်မြောက်၍၊ လွဲဖောက်လီငြား၊ မတ်သုံးပါးတွင်၊ ရှိဖျားအမတ်၊ စိုးအုပ်ကွပ်သော်၊ ရက်မှတ်သတ္တာ၊ တယောက်မှာကား၊ မှန်စွာသုံးလ၊ တယောက်ကမူ၊ သျှစ်လဟူ၏။ စိုးယူသိမ်းမြန်း၊ အောင်ခန်းထိန်လင်း၊ ကိုးဆက်မင်းရို့၊ စိုးလျှင်းသောခါ၊ နှစ်ပေါင်းမှာမူ၊ နှစ်ရာ့သျှစ်ဆယ်၊ မှန်ပေထစ်ထစ်၊ စိုင်ဆက်ဖြစ်သည်၊ ထောင်လှစ်ထီးနန်း ထပ်မံတည်း။

(၂၈) ထပ်မံထီးနန်း၊ တည်လတ်ထွန်း၍၊ တန်းခိုးကြီးလှ၊ နီနှယ်ပသည်၊ ဂုဏစန္ဒြား၊ ထိုမင်းဖျား၏၊ ဖွားထပုတ္တာ၊ ကံရာဇာကြီး၊ စိုးပြီးအုပ်ကာ၊ လေးဆယ်မှာဝယ်၊ စွန်းပါတနှစ်၊ ဖြစ်တုံရစ်၏။ ညီချစ်ကနိဌာ၊ လောင်းပွင့်လျှာမူ၊ ကံရာဇာငယ်၊ တင့်တယ်ထွန်းပ၊ ဆတ္တိံသတည်း။ ဣန္ဒသူရိယာ၊ ပံတိသာနှင့်၊ ဆက်ကာရိပ်ငြိမ်၊ အသူရိန္ဒ၊ သူရိယလျှင်၊ စိုးထသက္က၊ သုံးဆယ်ပြ၏။ သာရမိတ္တ၊ စိုးအုပ်ပသည်၊ အဋ္ဌဝီသ၊ သူရိယမူ၊ ဧကတရိန်း၊ ဖြစ်တုံပြီးမှ၊ မင်းထီးမင်းပါ၊ နှစ်ပါးမှာကား၊ ဓမ္မဝီသ၊ အညီမျှ၏။ သည်ပထိုနောင်၊ မင်းစည်ပေါင်ကား၊ တွက်ငြားရွီစစ်၊ နှစ်ဆယ့်သျှစ်တည်း။ ညီချစ်အရင်း၊ တံတိုင်းသင်းနှင့်၊ ပွင့်လင်းစည်ပင်၊ ကျော်ခေါင်စင်ဟု၊ ဖြစ်ကျင်တုံငြား၊ မင်းနှစ်ပါးရို့၊ မခြားစိုးရစ်၊ သုံးဆယ့်တစ်စီ၊ ခတ်လစ်တံဆိတ်၊ စန္ဒမိတ်ကား၊ စိုးငြားတုံရစ်၊ နှစ်ဆယ့်တစ်တည်း။ ဖြစ်သည်စိုင်လျှက်၊ ဆယ့်နှစ်ဆက်လျှင်၊ ရွီတွက်စစ်ခါ၊ နှစ်ဝါသာကား၊ သုံးရာ့ငါးဆယ်၊ ခြောက်နှစ်သွယ်သည်၊ စံပယ်ရွှင်ပနတ်ဟန်တည်း။

(၂၉) နတ်ဟန်ရွှင်ပ၊ အနန္ဒဟု၊ အဘယရာဇာ၊ အတ္တိံသာတည်း၊ လက်ယာစည်သူ၊ ဒွတ္တိံဟူ၏။ မြင့်မူစိုးရ၊သီဟကလည်း၊ ရွှီထမှန်ကျုံး၊ လေးဆယ့်သုံးတည်း။ ပတ်ကုန်းဝန်းရံ၊ မင်းဘုန်းသန်ကား၊ ပျော်စံတုံရစ်၊ သုံးဆယ့်တစ်တည်း။ တထစ်စံသီး၊ သက္ကမွှီးက၊ နဝစတ္တာ၊ အုပ်ချုပ်ပါ၏။ ဇေယျနန္ဒသူ၊ ဘုန်းညွန့်လူသည်၊ ရိပ်ဖြူဖြန့်လှစ်၊ ငါးဆယ့်တစ်တည်း။ တလှစ်တုံမူ၊ တက္ကသူကား၊ ရွီယူချီမြောက်၊ လေးဆယ့်ခြောက်တည်း။ ကျော်ချောက်ကြေငြာ၊ လက္ခဏာကား၊ သတ္တာတရိ၊ စိုးစံဘိ၏။ မှတ်သိတုံလှစ်၊ ဂုဏရာဇ်ကား၊ သျှစ်နှစ်လေးဆယ်၊ အသိလွယ်တည်း။ နီနှယ်ထွန်းသစ်၊ သီဝရာဇ်ကား၊ အက်နှစ်တရိ၊ စိုးစံဘိ၏။ မည်ဟိကျော်ဟီး၊ မင်းလှမွှီးကား၊ စံစားတုံဖြစ်၊ သုံးဆယ့်တစ်တည်း။ တလှစ်ထိုမှ၊ ပူရိန္ဒလျှင်၊ ဓမ္မဆဋ္ဌ၊ စိုးပိုင်သ၏။ သိဒ္ဓတကုမ္မာ၊ ဒွေးဝိသာနှင့်၊ စိုင်ကာဆက်ပြီး၊ မင်းလှကြီးကား၊ ရွှီထီးဖြန့်ထ၊ သတ္တစာလိ၊ ဖြစ်တုံဘိ၏။ ဘုန်းဟိသာစည်၊ မင်းလှငယ်ကား၊ နှစ်ဆယ့်လေးနှစ်၊ စည်းစိမ်ဖြစ်၏။ ရွီစစ်နှစ်မှာ၊ တွက်ခြစ်ပါမူ၊ ပဉ္စာနဝ၊ ပညာသတည်း။ ရာဇဘုန်းမိုး၊ ရွှီနန်းစိုးသား၊ နွယ်ရိုးဝံသ၊ စိုင်၍ပြသော်၊ ဖြစ်ထတုံငြား၊ တဆယ့်ငါးသည်၊ ထင်ရှားမင်းဆက်အမှန်တည်း။

(၃၀) အမှန်မင်းဆက်၊ စိုင်မပျက်သည်၊ ထီးချက်ဖြန့်လှစ်၊ စေတရာဇ်ကား၊ အနှစ်သုံးဆယ်၊ ပျော်စံပေ၏။ ဘုန်းကြွယ်လျှံထွန်း၊ မျက်နှာဝန်းမူ၊ ရွှင်လန်းစံဖြစ်၊ သုံးဆယ့်တစ်တည်း။ နှစ်ရှည်ကြာပြီး၊ လက်ရုံးကြီးကား၊ သတ်ဒွီးယူဘိ၊ မှတ်ကုန်ဘိလော့။ သီရိကမ္မသုန္ဒ၊ အတ္တိံသတည်း။ နန္ဒကောဘယ၊ စောမင်းလှမူ၊ စိုးထစံလှစ်၊ သတ်ဒွေးဖြစ်၏။ သားချစ်တမူ၊ မင်းနံဖြူကား၊ နှစ်ဆယ်ဟူ၏။ မင်းနံလှမူ၊ အဋ္ဌဝီသ၊ စံထဖြစ်ပေ၊ မင်းခေါင်ငယ်ကား၊ တဆယ့်ကိုးနှစ်။ တက်သစ်ဘုန်းရောင်၊ လက်ရုံးထောင်သား၊ လောက်ခေါင်ရာဇာ၊ လေးဆယ်သာလျှင်။ ရာဇာမင်းငယ်၊ ပျော်လှစည်ကား၊ စိုးသည်မှန်မြောက်၊ ခြောက်နှစ်ရောက်၏။ ထွန်းတောက်ဘုန်းသမ္ဘာ၊ သာယာလှသား၊ ဓညဝတီ၊ မြို့သိင်ဂီသည်၊ တလီကျိန်းခန်း၊ မကောင်းထွန်း၍၊ ထီးနန်းသိမ်းထ၊ ပြောင်းပြီးမှလျှင်၊ ရန္နဝန္ဒာ၊ မြစ်ညာဆီ၏၊ မြနီလာစက်၊ လက်ယာဘက်၌၊ အောင်ချဌာန၊ ထီးနန်းချသော်၊ နှစ်လရက်လျှင်၊ မမြင့်ခင်၌၊ တိုင်ပင်ညီငြား၊ မတ်သုံးပါးရို့၊ ပုန်စားပြီးလျှင်၊ မင်းပြုကျင်၏။ သိထင်ကျော်ချောက်၊ နှစ်နှစ်မြောက်၏။ နောက်မင်းလေးနှစ်၊ ဆက်ကာဖြစ်၏။ မကောင်းခိုက်ရန်၊ ဒေါသမာန်ဖြင့်၊ ပုန်ကန်ပြုလျှက်၊ ကျွန်သုံးဆက်ရို့၊ နှိပ်စက်လှုပ်လျှား၊ မင်းပြုငြားသော်၊ စကားနှုတ်ပွင့်၊ အစိုင်သင့်ဖြင့်၊ ကံသုံးဆင့်မြို့၊ သမိုက်စို့လျှက်၊ လူရို့များဖျင်၊ ခေါ်ကြကျင်သည်။ နှစ်လျှင်တွက်စစ်၊ နှစ်ရာဖြစ်လျှက်၊ စွန်းရက်ခုနှစ်ဆယ်၊ အနွယ်ရောယှက်၊ ဆယ့်သုံးဆက်လျှင်၊ အပျက်အကျပ်၊ ရောထွီးလတ်သည်၊ မှတ်လော့မြွကင်းမကျန်တည်း။

(၃၁) မကျန်မြွကင်း၊ ပြည်ခပင်းကို၊ ရုန်းရင်းပြုမြောက်၊ မတ်သုံးယောက်ရို့၊ ရှိနောက်ဘယ်ညာ၊ ဖျက်ဆီးခါမှ၊ ပဉ္စာလရာဇ်၊ တိုင်းသနစ်ဟု၊ ဖြစ်သည်သာစည်၊ သင်းတွဲပြည်ကို၊ ဆက်ရှည်စိုးဘိ၊ နာမဟိသား၊ အဘိရာဇာ၊ သားသဲချာမူ၊ ကံရာဇာကြီး၊ ချီလာပြီးမှ၊ တိမ်နီမိုးဆောင်း၊ ကျောက်ပန်းတောင်း၌၊ မြို့ကောင်းတည်ခယ့်၊ ရန်မျိုးဖယ့်လျှက်၊ နှစ်ဆယ့်လေးနှစ်၊ စိုးသည်ဖြစ်မှ၊ တလှစ်ဖော်ထုတ်၊ သီရိဂုတ်၌၊ အဟုတ်မှန်စွာ၊ မြို့တည်ပါသော်၊ မြင့်ကြာမရ၊ လေးလမျှလျှင်၊ ခွါရတုံငြား၊ ပြောင်း၍လားသော်၊ သိကြားမာဃ၊ ညွှန်လာပြသား၊ ဓညဝတီ၊ မြို့ဌာနီကို၊ တလီတွက်စစ်၊ သက္ကရာဇ်ကောဇာ၊ ရူပကာတွင်၊ တည်လာပြုလှစ်၊ ထီးနန်းစိုက်၍၊ ဟိုးရိုက်ကျော်ထ၊ ပုတ္တိံသတည်း။ ဥပရာဇ၊ အိမ်ရှိရသား၊ သီလရာဇာ၊ ဆက်ပြန်လာ၍၊ အဋ္ဌာပေတ၊ နှစ်ပေါင်းရ၏။ ဝါသုရရာဇာ၊ နန်းဘုံသာ၌၊ ဧကာရာမ၊ စိုးအုပ်သချင့်။ နန္ဒဝိဘူရ၊ စာလိသဖြင့်၊ ပုဏ္ဏသူရိယာ၊ ထိုမင်းမှာကား၊ ဓမ္မတရိ၊ ဖြစ်တုံဘိ၏။ သိရိနန္ဒာ၊ သင်္ချာနှစ်တိ၊ သိလိုဘိမူ၊ တရိဝီသာ၊ စန္ဒိမာကား၊ ဆက်လာပြန်ခယ့်၊ သုံးဆယ့်ခုနှစ်၊ စိုးသည်ဖြစ်၏။ သားချစ်မည်ဟိ၊ သီရိနန္ဒာ၊ နှစ်စာလီသ၊ စံစားရ၏။ မင်းလှဘုန်းသန်၊ သီဟရံကား၊ နိုင်ငံကျော်ချောက်၊ လေးဆယ့်ခြောက်တည်း။ ထွန်းတောက်နီတု၊ သီဟနုကား၊ စိုးပြုမှန်ထ၊ နှစ်ဆယ်ပြှု။ ပရတရာဇ၊ စိုးရတုံလစ်၊ သုံးဆယ့်တစ်လျှင်၊ ဘုန်းသစ်ပွင့်ညကံ၊ နီလဂုဏ်ကား၊ ရောင်ဟုန်ထွန်းပ၊ ပါဒသ၌၊ ဧကတိသုံ၊ သီရိဂုဏ်ကား၊ ရွှီဘုံစိုးရ၊ ဇောဗီသတည်း။ နှစ်ရအစု၊ ရွီတွက်ပြုသော်၊ စတုအဋ္ဌ၊ ဧကပြ၏။ ရာဇဝင်ရေး၊ တဆယ့်လေးသည်၊ စည်းဝေးဗိုလ်ထု များစွာတည်း။

(၃၂) များစွာဗိုလ်ထု၊ စည်းဝေးပြု၍၊ နိုင်တုမဲ့စွာ၊ သမံဇာမူ၊ ပဉ္စာတိသ၊ စိုးအုပ်ပ၏။ သုဝဏ္ဏကုမ္မာ၊ မင်းမြတ်စွာကား၊ ဘုံသာဥကင်၊ ဆယ်နှစ်ရွှင်၏။ သက်တင်ဖြူမှာ၊ လေးဆယ်လာ၏။ တေဇာဘုန်းထူး၊ သက်တင်ဦးကား၊ ရွှင်မြူးစံပ၊ ဒွေးပေတတည်း။ ဇေတဝန်မင်း၊ ဆတ္တိရင်းတည်း။ မယွင်းမှန်စွာ၊ မုဉ္စယာကား၊ ပေတာရာမ၊ ရွှင်စံပ၏။ ကုမ္မာရဝိသုဒ္ဓိ၊ မင်းဘုန်းဟိကား၊ ရှည်ဘိအာယု၊ သျှစ်ဆယ်ပြု၍၊ စွန်းမှုခုနှစ်၊ စိုးတုံရစ်၏။ သားချစ်သားစု၊ ပျိုရွယ်နုသည်၊ ဝါသုမ္ဂလ၊ မင်းမတ်လှမူ၊ ရွှင်ပနန်းထဲ၊ သုံးဆယ့်လေးတည်း။ ရွှီသဲယောင်းလှ၊ သုရိန္ဒကား၊ ဧကတိသာ၊ စိုးအုပ်ပါ၏။ ရာလမာယု၊ ပျော်မှုစံကာ၊ ဒွတ္တိံသာတည်း။ နာလမာယု၊ အတ္တိံပြု၏။ ပြိုင်တုကင်းကုန်၊ ဝိရတဂုဏ်ကား၊ ရွှီဘုန်နန်းစိုက်၊ နှစ်ဆယ့်နှစ်တည်း။ သားချစ်မျက်ရှု၊ ဝိသုရာဇာ၊ အတ္တိံသာတည်း။ သီရိရာဇာ၊ စောမင်းလျှာကား၊ ပဉ္စတိသံ၊ နန်းဘုံစံ၏။ ကုလံဝံသ၊ နရိန္ဒရို့၊ စိုးထနန်းထက်၊ ဆယ့်လေးဆက်တည်း၊ တွက်ချလီခါ၊ နှစ်ဝါသာမူ၊ လေးရာကျော်လှစ်၊ ကိုးဆယ်ဖြစ်၍၊ တထစ်မယွန်း၊ အစိုင်ထွန်းသည်၊ ရွှီနန်းသိင်္ဂါအောင်ချာတည်း။

(၃၃) အောင်ချာသိင်္ဂ၊ စိုးစံပသည်၊ သူရိယစန္ဒာ၊ မင်းမြတ်စွာကား၊ မဟာမုနိ၊ ဆရံသိဖြင့်၊ ထွန်းညီးရောင်တော်၊ ရုပ်ရှင်တော်ကို၊ သုံးဘော်သနင်း၊ တရားမင်းအား၊ ဝပ်စင်းပြုထ၊ တောင်းပန်ခ၍၊ ဓညဝတီ၊ မြို့ဌာနီတွင်၊ သိင်ဂီမောက်မောက်၊ ကျောင်းတော်ဆောက်ကာ၊ ဝမ်းမြောက်စိတ်ဖြူ၊ လှူတော်မူ၏။ ဘုန်းထူးမြတ်စွာ၊ သာသနာလည်း၊ ရောင်ဝါတောက်ထွန်း၊ နိညထွန်း၏။ ပွင့်လန်းသာယာ၊ ထိုရာဇာကား၊ စိုးငြားမှန်ပေ၊ နှစ်ငါးဆယ်နှင့်၊ စွန်းဝယ်နှစ်နှစ်၊ အမှန်ဖြစ်၏။ သားချစ်ရာဇာ၊ ဥပရာမူ၊ သူရိယဓိပတိ၊ စောဘုန်းဟိကား၊ မှန်ဘိစိုးထ၊ တိပဉ္စတည်း။ သူရိယရူပ၊ ပန္နရဖြင့်၊ သူရိယာစန္ဒလ၊ ဒွေးဆတ္တနှင့်၊ သူရိယာစက္က၊ စိုးထမနှေး၊ လေးဆယ့်လေးတည်း။ သူရိယာနာထ၊ သိင်္ဂနန်းရံ၊ လေးဆယ်စံ၏။ ပုတ္တံသားလှ၊ နာမမည်ဟိ၊ သူရိယဝံသာ၊ ကိုးနှစ်ကြာ၍၊ သူရိယာဝန္ဒ၊ ခြောက်နှစ်ပြ၏။ သူရိယကလျာ၊ ဘုန်းသမ္ဘာနှင့်၊ အဋ္ဌာရသ၊ စိုးပြီးမှလျှင်၊ သူရိယမုခ၊ ဆဗ္ဗီသတည်း။ သူရိယဇေတ၊ စိုးထတုံလှစ်၊ သုံးဆယ့်တစ်တည်း။ ဖြစ်သည်စိုင်လျှက်၊ ဆယ့်နှစ်ဆက်ရို့၊ နန်းထက်စိုးကာ၊ နှစ်ပေါင်းမှာမူ၊ သုံးရာကျော်လစ်၊ ကိုးဆယ်ဖြစ်၏။ ကြွင်းရစ်စွန်းလွန်၊ သျှစ်နှစ်မှန်သည်၊ ဧကန်မှတ်ကြသင့်စွာတည်း။

(၃၄) သင့်စွာမှတ်ကြ၊ ထီးဖြူလှနှင့်၊ သူရိယပုညာ၊ သျှစ်နှစ်သာတည်း။ သူရိယာကုလ၊ တိဝီသဟု၊ သူရိယပဘာ၊ ပဉ္စမ္မာဖြင့်၊ သူရိယာစိတြ၊ ဆယ့်သျှစ်မျှလျှင်၊ သူရိယဇေဌ၊ ဒွေးဝီသတည်း။ သူရိယာဝိမလ၊ သျှစ်နှစ်ပြ၏။ သူရိယယေနု၊ ဒွေးဒွေးပြု၏။ သူရိယကံသ၊ ဆယ့်ခြောက်ရ၏။ သူရိယသကျာ၊ သျှစ်နှစ်ကြာ၏။ သူရိယသီရိ၊ ဝီသတိတည်း။ သူရိယကေသိ၊ ကိုးနှစ်ဟိ၏။ သူရိယကုမ္မ၊ တိဓမ္မတည်း။ သူရိယကေတု၊ စိုးပြုစံပ၊ ဒွေးပေတတည်း။ ရာဇဝံသာ၊ မင်းဆက်မှာကား၊ ရွီကာတွက်ကျုံး၊ တဆယ့်သုံးတည်း။ စုရုံးနှစ်မှာ၊ ပေါင်းနှောပါသော်၊ နှစ်ရာ့လေးဆယ်၊ လေးနှစ်ပေတည်း။ အနွယ်စိုင်ထ၊ သူရိယဟု၊ ခေါ်ကြသချည်း၊ ဆက်ကာတည်းလျှင်၊ ကမ္ပည်းသိထင်၊ မော်ကွန်းတင်သည်၊ ဝန်းကျင်သျှစ်ရပ်ဒီသာတည်း။

(၃၅) ဒိသာသျှစ်ရပ်၊ ကြားနှံ့စပ်သား၊ နတ်မျိုးနွယ်လာ၊ မဟာတဉ္စစန္ဒြား၊ မည်ထင်ရှားသား၊ ကျော်ကြားဘုန်းထူး၊ အောင်စည်ကျူး၍၊ ရောင်မြူးတောက်ထွန်း၊ ရွှီဘုံနန်းကို၊ စိုးမြန်းတနှစ်၊ ပြီးတုံရစ်မှ၊ ခုနှစ်အင်္ဂါ၊ ပြည့်စုံပါသား၊ မဟာဗလ၊ နဂရဟု၊ ဓညဝတီ၊ မြို့ဌာနီသည်၊ တလီကျိန်းခန်း၊ မကောင်းထွန်း၍၊ ထီးနန်းစိုက်သင့်၊ ကံသုံးဆင့်ကို၊ ရှည်မြင့်စိမ့်ငှာ၊ တည်လီပါလည်း၊ မကြာမတင်၊ တနှစ်တွင်ဝယ်၊ ပျက်ကျင်ပေမှ၊ ထိုမြို့ကသည်၊ ခွာထပြောင်းဘိ၊ ဝေသာလိဟု၊ တွင်သိနှိုင်းဆ၊ မြို့သာလှကို၊ ရွီတွက်သင်္ချာ၊ နှစ်ကောဇာမူ၊ တရာ့ငါးဆယ်၊ နှစ်နှစ်ဝယ်တွင်၊ ဘုန်းကြွယ်မင်းမွန်၊ တည်လာပြန်၍၊ တဖန်စိုးရစ်၊ နှစ်ဆယ့်နှစ်တည်း။ တက်သစ်နီလ၊ ကောင်းခြင်းပသည်၊ သူရိယစန္ဒြား၊ ထိုမင်းဖျားကား၊ ဆန်းပြားအံ့ဖွယ်၊ နန်းဘုံလယ်၌၊ စံပေဧကန်၊ နှစ်ဆယ်မှန်၏။ နိုင်ငံကျယ်ပြော၊ ဇမ္မူကြောဝယ်၊ မောလစန္ဒြား၊ လက်ရုံးအားနှင့်၊ စံစားအုပ်စိုး၊ တဆယ့်ကိုးတည်း။ ပြည့်ဖြိုးပည၊ ကုသလကြောင့်၊ ပေါလစန္ဒြား၊ ခေါင်ထွတ်ဖျားကား၊ ဝန်းလျားခြံရံ၊ တင့်စိုးစံပ၊ ဆဗ္ဗီသတည်း။ ကာလစန္ဒြား၊ ကိုးနှစ်စား၏။ မခြားဝံသ၊ စိုင်ဖြစ်ကြသည့်၊ ထူလစန္ဒြား၊ ကျော်နှံ့ကြားသား၊ မင်းဖျားပရမေ၊ စောဘုန်းကြွယ်လည်း၊ ခြွီရွေရံကာ၊ နန်းဘုံသာ၌၊ နဝါအတ္တိ၊ စံစားဘိ၏။ သီရိစန္ဒြား၊ ဥကင်ဖျားဝယ်၊ ကြယ်များရံကာ၊ လပမာသို့၊ ချမ်းသာစံရ၊ ဒွတ္တိံသတည်း။ သိင်္ဂစန္ဒြား၊ မင်းဖျားထွတ်ခေါင်၊ နန်းတောင်ညာထက်၊ သောဠဿတည်း။ စူဠစန္ဒြား၊ ထိုမင်းဖျားကား၊ စိုးငြားအုပ်ကာ၊ ခြောက်နှစ်ကြာ၏။ စိုင်လာမပျက်၊ အဆက်ဆက်လျှင်၊ သောင်းကျက်ကျော်ကြား၊ စန္ဒြားရို့၊ သိကြားပီးဆက်၊ လှံလက်နက်ဖြင့်၊ အုပ်ကြက်လွှမ်းမိုး၊ ထိန်ဟိန့်ကြိုးသည်၊ လူမျိုးရိုခညွတ်လာတည်း။

(၃၆) ညွတ်လာရိုခ၊ ဘုန်းတေဇကြောင့်၊ နဝရတနာ၊ ပြည့်စုံပါသား၊ ပြည်သာပူရိ၊ ဝေသာလိ၌၊ ဆန္ဒြရူပ၊ တရိန္ဒဟု၊ ရွီထအစစ်၊ သက္ကရာဇ်သည်၊ ရောက်လစ်မှန်စွာ၊ နှစ်ကောဇာတွင်၊ စိုင်ကာခြားပြု၊ မိလက္ခဟု၊ ခေါ်မူသိတုံ၊ အမြတုံမူ၊ နန်းဘုံသတ္တ၊ စံပြီးမှတည်း၊ သားငလှပ်ပျူ၊ မြောက်ဦးထူ၍၊ သိမ်းယူစိုးရစ်၊ တဆယ့်နှစ်မှ၊ တလှစ်ထိုနောင်၊ သပိတ်တောင်ကို၊ တည်ထောင်ပြန်ဖြစ်၊ တဆယ့်သျှစ်တည်း။ သက္ကရာဇ်မှာ၊ တွက်ရွီပါသော်၊ သုံးရာငါးဆယ်၊ ခြောက်ခုဝယ်၌၊ စင်စစ်ထင်ရှား၊ စန္ဒြား၏၊ သားရင်းမှန်ပင်၊ သက်မည်တွင်သား၊ ငမင်းငတုံး၊ တေဇာဘုန်းနှင့်၊ လက်ရုံးမြန်းကြက်၊ စမ္ပဝက်ကို၊ တည်လျှက်စိုးလာ၊ ဇောဗီသာတည်း။ ရွီကာပေါင်းထ၊ နှစ်အရကား၊ ဧကဆဋ္ဌာ၊ မင်းစိုင်မှာမူ၊ အောင်ချာနဂိုရ်၊ သုံးဆက်ဆိုသည်၊ ဗဟိုရွှီစည်ရစ်မွန်းတည်း။

(၃၇) ရစ်မွှန်းရွှီစည်၊ ဗဟိုလယ်၌၊ ငါးမည်အင်္ဂါ၊ ပြည့်စုံပါ၍၊ ပဉ္စာခေါ်ထ၊ မြို့သိင်္ဂကို၊ သက္ကရာဇ်မှာ၊ ခတ်အတ္တာနှင့်၊ တိံသာရောက်လျှင်၊ ခေတ္တသင်သည်၊ မှန်ပင်ဆယ်နှစ်၊ စိုးသည်ဖြစ်မှ၊ ညီချစ်အရင်း၊ စန္ဒသင်းသည်၊ ပွင့်လင်းဘုံသာ၊ နန်းအောင်ချာဝယ်၊ ဧကာဒသ၊ စံရွှင်ပ၏။ ထိုမှတမူ၊ မင်းရင်ဖြူကား၊ ခွန်ယူသိမ်းမိုး၊ ဆယ်နှစ်စိုး၏။ နွယ်ရိုးမှန်ထ၊ နာဂသူရိယ၊ သုံးနှစ်ပြ၏။ သူရိယရာဇာ၊ နှစ်နှစ်သာတည်း။ ဆက်ကာထိုမှ၊ ပုဏ္ဏကလည်း၊ စိုးထကြည်ဖြူ၊ လေးနှစ်ဟူ၏။ မင်းဖြူကြီးလျှင်၊ နှစ်နှစ်ရွှင်မှ၊ စည်သဘင်အမတ်၊ တနှစ်မှတ်လော့။ မင်းမြတ်တမူ၊ မင်းနန်းသူလျှင်၊ ရိပ်ဖြူဖြန့်ကာ၊ ငါးနှစ်ကြာ၏။ မင်းလာတော်ကား၊ ခြောက်နှစ်စား၏။ မင်းကုလားနှင့်၊ မင်းဘီလူးရို့၊ နှစ်ဦးညီကာ၊ သုံးနှစ်လာ၏။ သင်္ခယာရေး၊ တဆယ့်လေးတည်း။ ပုတ္တေးမင်းသန်၊ သျှစ်နှစ်စံ၏။ တဖန်မင်းပတိ၊ တရိသုံးနှစ်၊ စိုးစံဖြစ်၏။ စင်စစ်မှန်စွာ၊ နှစ်ပေါင်းမှာကား၊ ပဉ္စာအဋ္ဌ၊ သိကုန်ကြလော့။ ဝံသစိုင်လာ၊ မင်းဆက်မှာမူ၊ ပန္နရသာ၊ ဖြစ်ကုန်ပါသည်၊ သိင်္ဂါစံဘုံရွှီနန်းတည်း။

(၃၈) ရွှီနန်းစံဘုံ၊ စိုးအုပ်တုံ၍၊ ပြည့်စုံအင်္ဂါ၊ မင်းလက်ယာမူ၊ ပဉ္စအဋ္ဌ၊ စတုကဟု၊ သက္ကရာဇ်ကောဇာ၊ ရောက်သောခါ၌၊ တည်လာအဆက်၊ မြို့လောင်းကြက်ကို၊ ဖြူရွက်ဖြန့်မိုး၊ သုံးနှစ်စိုး၏။ ကောင်းကျိုးမဟိ၊ ဖြစ်တုံဘိ၍၊ အဋ္ဌိအဋ္ဌာ၊ စတုရာဟု၊ ကောဇာရောက်ချိန်၊ ပရိန်မြို့သစ်၊ တည်ထောင်လှစ်၏။ သုံးနှစ်စံကာ၊ လွန်ပြီးခါမှ၊ သီဟဗမင်း၊ တနှစ်လျှင်းတည်း။ တွင်ခြင်းကျော်ဟီး၊ ရာဇာကြီးလျှင်၊ စံပြီးဒွယာ၊ သည်နောက်မှာကား၊ သာကီဝင်ကြီး၊ တရိခါတွင်၊ သုံးနှစ်လျှင်တည်း။ သာကီဝင်ငယ်၊ ဘုံနန်းလယ်တွင်၊ တဆယ်သျှစ်နှစ်၊ စည်းစိမ်ဖြစ်၏။ တထစ်မှတ်ကြ၊ ဂေါရိလနှင့်၊ ကောလိယမူ၊ ဝီသဟူ၏။ တမူစိုးလာ၊ ဒဿရာဇာကား၊ ဒွါသစိုးစံ၊ လွန်ခယ့်ပြန်သော်၊ အနန္တသီရိ၊ စိုးဘိနှစ်နှစ်၊ တလှစ်တွက်ပြု၊ နှစ်ပေါင်းစုကား၊ စတုဆတိ၊ ဖြစ်တုံဘိ၏။ မှတ်သိတုံထ၊ နွယ်ဝံသမူ၊ အဋ္ဌမှန်စွာ၊ သျှစ်ဆက်လာသည်၊ အောင်သာမြို့မ ကြငှန်းတည်း။

(၃၉) ကြငှန်းအောင်ချာ၊ ခြိတ်မြို့သာကို၊ ကောဇာနှစ်ရေ၊ ဖော်ပြပေအံ့၊ နောဒွေပဉ္စာ၊ ရောက်သောခါ၌၊ တေဇာတက်ဖျား၊ မင်းဘုန်းစားသည်၊ တည်ထားပြီးမှ၊ မြို့နန်းချ၍၊ စိုးထအုပ်လစ်၊ ခုနှစ်နှစ်တွင်၊ စွန့်လစ်ခန္ဓာ၊ လွန်ပြီးသော်က၊ ပဉ္စကာလ၊ သံဝစ္ဆမူ၊ ဓမ္မဖြစ်ထ၊ သိကုန်ကြလော့။ ဂန္ဓရူပေါ်၊ သုံးနှစ်ကျော်မူ၊ မြို့တော်ကျိန်းခန်း၊ မကောင်းထွန်း၍၊ ထီးနန်းကနက်၊ အသစ်ဆက်လျှက်၊ စမ္ပဝက်မှာ၊ တည်တုံလာသော်၊ မြင့်ကြာမမြောက်၊ ခြောက်လရောက်တွင်၊ ခြိမ်းခြောက်ပြုလတ်၊ ဒေါသမှတ်၍၊ အမတ်စလင်ဗိုလ်၊ လူဝန်တိုလျှင်၊ ငြိုငြင်ထဲမှတ်၊ ပုန်ကန်လတ်၍၊ အကျပ်ပျက်ကို၊ ခြောက်လဆို၏။ နှစ်ကိုပေါင်းက၊ တေရသလျှင်၊ ရာဇဝင်မှာ၊ လေးဆယ်သာတည့်၊ စိုင်လာဖြစ်ကြ၊ ဆိုမြွက်ဟသည်၊ ဗြဟ္မာထိပ်ခေါင်ဦးစွန်းတည်း။

(၄၀) ဦးစွန်းဗြဟ္မာ၊ ဘုန်းညွန့်ဖြာသား၊ တေဇာထွန်းလင်း၊ မဉ္စူသင်းသည်၊ ကောင်းခြင်းသာစွာ၊ မြို့ပဉ္စာကို၊ ငါးရာကျော်လစ်၊ လေးဆယ့်နှစ်ဟု၊ သက္ကရာဇ်မှာ၊ တည်တုံပါ၍၊ ဧကာဧက၊ စံပြီးမှလျှင်၊ သားလှရေမွန်၊ ငပုဂ္ဂံရို့၊ စိုးစံအညီ၊ နှစ်နှစ်စီတည်း။ သည်ပြီးရက္ခိုင်၊ ငကြုံဆိုင်ရို့၊ နန်းထိုင်သုံးနှစ်၊ အညီဖြစ်၏။ တလှစ်ငဆူ၊ လေးနှစ်ဟူ၏။ သိမ်းယူခွန်ဖျင်း၊ ငစွေသင်းနှင့်၊ ခေါ်ခြင်းမည်သီး၊ မင်းခေါင်ကြီးဟု၊ တွင်ပြီးတသွယ်၊ မင်းခေါင်ငယ်နှင့်၊ ဆက်နွယ်စိုင်လာ၊ ကမ္ဘာလောင်ကြီး၊ မည်သီးတဖြာ၊ ကမ္ဘာလောင်ငယ်၊ ငါးဆက်ဝယ်ကား၊ စံပယ်အညီ၊ တနှစ်စီတည်း။ တလီတွင်သီး၊ လက်ယာကြီးမူ၊ စိုးပြီးအုပ်ကာ၊ သျှစ်နှစ်ကြာ၏။ လက်ယာဝင်ငယ်၊ စိုးသည်ဆယ့်တစ်၊ တလှစ်မယွင်း၊ သနပင်းကား၊ စိုးခြင်းအကယ်၊ သုံးနှစ်ပေတည်း၊ ငနယ်သိမ်မူ၊ ဒွေးချိန်မှတ်ထုံး၊ ငနှလုံးကား၊ သုံးနှစ်စား၏။ မှတ်သားတဖြာ၊ နှစ်ပေါင်းမှာကား၊ သတ်ပဉ္စတာ၊ သောဠဿာစစ်၊ မင်းမျိုးဖြစ်သည်၊ အသစ်မြို့ရွာကျိန်းဝပ်တည်း။

(၄၁) ကျိန်းခန်းအသစ်၊ ရှာဖွေလစ်၍၊ မင်းစစ်မှန်စွာ၊ အလောမာသည်၊ ပဉ္စာတွင်ထ၊ မြို့ပူရကို၊ တေဇတက်ဖြိုး၊ နှစ်နှစ်စိုးမှ၊ ရန်မျိုးမပွက်၊ မြို့လောင်းကြက်ကို၊ ရွီတွက်သက္ကရာဇ်၊ ခြောက်ရာနှစ်တွင်၊ အသစ်တည်ထ၊ ထီးနန်းချလျှက်၊ စိုးထခြောက်နှစ်၊ လွန်ပြီးရစ်မှ၊ သားချစ်ရွှီတူ၊ ရာဇသူနှင့်၊ ရွီယူနှစ်ဦး၊ မင်းစောလူးမူ၊ ရွှင်မြူးပဉ္စာ၊ ဥစ္စနာသည်၊ နဝါဧကံ၊ ကိုးနှစ်မှန်၏။ စောမွန်အဋ္ဌ၊ မင်းနန်းကျမူ၊ နာမတထူး၊ မင်းဘီလူးရို့၊ မကျူးအညီ၊ လေးနှစ်စီတည်း။ ဘုန်းရွှီနန်းရပ်၊ အပျက်ကျပ်သည်၊ မတ်စည်သဘင်၊ သုံးနှစ်ပင်တည်း။ ခေါ်တွင်အံ့ချီး၊ တန်းခိုးကြီးသား၊ မင်းထီးရာဇာ၊ မြင့်ရှည်ကြာသည်၊ တရာခြောက်နှစ်၊ နန်းစံဖြစ်၏။ သားချစ်ဥစ္စနာ၊ နှစ်နှစ်သာတည်း။ ဆက်ကာသီဝရာဇ်၊ သုံးနှစ်ဖြစ်၏။ တလှစ်သိဉ္စည်း၊ လေးနှစ်မြဲ၏။ ကျော်သဲရာဇသူ၊ တနှစ်ဟူသား။ နွယ်မူခြားကျင်၊ စည်သဘင်ကား၊ နန်းခွင်တက်ပိုင်၊ နှစ်နှစ်ဆိုင်လျှက်၊ မြင့်စိုင်ငါးလ၊ ချော၍ကျသော်၊ မင်းလှဘုန်းတူ၊ ရာဇသူလည်း၊ ထီးဖြူဆောင်းမိုး၊ လေးနှစ်စိုး၏။ နန်းရိုးဆက်ယူ၊ သိင်္ဂသူသည်၊ ရိပ်ဖြူသုံးတန်၊ မင်းစောမွန်ကား၊ အမှန်ဒွယာ၊ နှစ်ပေါင်းမှာမူ၊ တရာ့ခြောက်ဆယ်၊ ကိုးနှစ်ပေတည်း၊ အနွယ်မျိုးစပ်၊ စိုင်မလပ်ဘဲ၊ အကျပ်အပျက်၊ ဆယ့်သျှစ်ဆက်တွင်၊ ရက္ခအောင်မြီ၊ ပျက်ကိန်းမွှီသည်၊ အနီမလှတိမ်းယွန်းတည်း။

(၄၂) တိမ်းယွန်းမလှ၊ ဖြစ်လီရမူ၊ သာစွမို့မို့၊ လောင်းကြက်မြို့ကို၊ မချို့ရန်ပွား၊ တိုင်းကားနိုင်ငံ၊ ပြည်ပုဂ္ဂံက၊ နန်းစံစိုးပေ၊ မြန်မင်းဆွေလျှင်၊ ဗိုလ်ခြေများစွာ၊ ချီ၍လာလျှက်၊ ဘယ်ညာဝန်းလစ်၊ တိုက်လှန်ဖြစ်မှ၊ သက္ကရာဇ်အဋ္ဌ၊ ဆသတ္တတွင်၊ မည်သာတွင်ငြား၊ မြင်စိုင်းစားနှင့်၊ စောင့်စားနီမူ၊ တနှစ်ဟူ၏။ အယူရိုင်းစိုင်း၊ တလိုင်းမောင်ခွင်၊ တနှစ်ပင်တည်း။ ရှိခွင်အောက်သား၊ ဖောင်းကစားမှာ၊ သုံးနှစ်သာတည်း။ ကျော်စွာစောင့်ထား၊ နှစ်နှစ်စား၏။ နောင်ကားငခွေး၊ ကလေးကျေးတောင်ညို၊ တလဆို၏။ နှစ်ကိုပေါင်းထ၊ ရွီတွက်ဆသော်၊ ဝီသာပြည့်ယုဂ်၊ ငါးလဆုတ်၏။ အယုတ်မုက္ချ၊ ဖြစ်ကုမ်ကြ၏။ ဆူပွချောက်ချောက်၊ ဤခြောက်ယောက်ပေ၊ အောက်သားတလိုင်း၊ အယူရိုင်းရို့၊ ပြိုင်ခိုင်းတိုက်ခါ၊ ဟိသောခါ၌၊ ရာဇာစောမွန်၊ ရောက်လာပြန်သော်၊ တဖန်လောင်းကြက်၊ တည်လာဆက်သည်၊ နီထွက်လနှယ် တောက်ထွန်းတည်း။

(၄၃) ထွန်းတောက်လနှယ်၊ ရန်မျိုးပယ်၍၊ ဘုန်းကြွယ်ညွန့်သန်၊ မင်းစောမွန်ကား၊ အမှန်မပျက်၊ မြို့လောင်းကြက်ကို၊ ကနက်စိုက်ဆောက်၊ စိုးအုပ်မြောက်သော်၊ ထွန်းတောက်နန်းမ၊ ဥကင်သကို၊ မိုထပ်နှစ်နှစ်၊ စိုးသည်ဖြစ်မှ၊ တလှစ်ယင်းက၊ သိကြားပြသား၊ မိုးဝရောင်ရှုး၊ သော်တာမြူးသို့၊ မြောက်ဦးမည်သာ၊ မြို့အောင်ချာကို၊ တည်လာပြုလစ်၊ စိုးစံဖြစ်သည်၊ သက္ကရာဇ်မှာ၊ ဒွေးဖြစ်နဝါ၊ သတ္တသာတည်း။ စံကာလေးနှစ်၊ စိုးသည်ဖြစ်မှ၊ စင်စစ်မှန်ညီ၊ မင်းခရီကား၊ သိင်ဂီရွှီနန်း၊ စိုးစံမြန်းသည်၊ မယွန်းနှစ်မှာ၊ ပဉ္စာဝီသ၊ ဖြစ်ကြရချင့်။ တေဇဘုန်းထူ၊ ဘစောဖြူကား၊ ရွီယူတွက်ကျုံး၊ နှစ်ဆယ့်သုံးတည်း။ လက်ရုံးဖြန့်ကာ၊ မင်းဒေါလျှာမူ၊ စိုးလာဆယ်နှစ်၊ အမှန်ဖြစ်၏။ ကျစ်လစ်ရွယ်ပျို၊ ဘစောညိုကား၊ ပြည်ကိုစိုးချုပ်၊ နှစ်နှစ်ဟုတ်၏။ မယုဂ်ဘုန်းခေါင်၊ မင်းရန်အောင်မူ၊ စိုးဆောင်နီထ၊ ခြောက်လမျှတည်း။ စလင်္ကာသူ၊ သတ္တဟူ၏။ ထိန့်ဆူကျော်ငြာ၊ မင်းရာဇာမူ၊ ဓမ္မဝီသ၊ မှတ်ကုန်ကြလော့။ ဂဇာပတိ၊ နှစ်နှစ်ဟိ၏။ ဘုန်းတိမပို၊ မင်းစောအိုမှာ၊ ခြောက်လသာတည်း။ သဇာတမင်း၊ ခြောက်နှစ်လျှင်းနှင့်၊ ရွီခြင်းအမှန်၊ မင်းဆက်စံဖြစ်၊ တဆယ့်တစ်တည်း။ နှစ်ကိုတွက်ဆ၊ ရွီပေကသော်၊ ဧကသတ္တာ၊ ဖြစ်လီပါသည်၊ စိုင်လာမင်းဆက် အနွယ်တည်း။

(၄၄) အနွယ်မင်းဆက်၊ စိုင်မပျက်လျှင်၊ ရွှီစက်ဖြန့်ကာ၊ နန်းအောင်ချာဝယ်၊ ရာဇာမင်းပင်၊ ထွန်းလင်းကျင်သော်၊ ခေါ်တွင်မည်သာ၊ နှစ်ကောဇာမူ၊ ရာမာနဝ၊ ဘသျူးစသာ၊ သိင်္ဂါရောင်ဝင်း၊ စောမင်းစံမြဲ၊ ဒွေးဒွေးမှတ်ပါ၊ မင်းတိက္ခာလျှင်၊ ဓမ္မာဟူပြီး၊ မင်းစောကြီးမူ၊ တလူထီးနန်း၊ သုံးနှစ်မြန်း၏။ ထွန်းတောက်ရောင်ဝါ၊ မင်းစကြာမူ၊ သတ္တာလည်ကောင်း။ မင်းဖလောင်းကား၊ မစောင်းမလှစ်၊ ဆယ့်နှစ်နှစ်တည်း။ သားချစ်မှန်စွာ၊ မင်းရာဇာမူ၊ နဝါဒသ၊ စိုးစံပ၏။ တေဇကျော်သောင်း၊ မင်းခမောင်းကား၊ ထီးဆောင်းဖြန့်လှစ်၊ ဆယ့်နှစ်နှစ်တည်း။ တရစ်မှတ်လီ၊ ဟရီရာဇ၊ သောဠဿနှင့်၊ စိုးထဘုန်းရွှီ၊ မင်းစနီကား၊ သပြီအောင်ချာ၊ နန်းဘုံသာဝယ်၊ အဋ္ဌာဝီသ၊ ရက်ဒိနနှင့်၊ ဝံသစိုင်လာ၊ ကိုးဆက်သာတည်း။ သံဝစ္ဆရ၊ နှစ်အရမူ၊ သတ္တသတ္တာ၊ မှတ်ကြပါလော့၊ ဆိုရာတခန်းတသွယ်တည်း။

(၄၅) တသွယ်တခန်း၊ ဆိုပြညွှန်းအံ့၊ ရွှီနန်းဘုံသာ၊ မြို့သိင်္ဂါ၌၊ ကောဇာထောင်ပြည့်၊ ရောက်တုံလှည့်မူ၊ မည်ဘွဲ့ကုသ၊ နရပတိကြီး၊ ရွှီထီးဆောင်းမိုး၊ သုံးနှစ်စိုး၏။ သတိုးဓမ္မ၊ သတ္တသာတည်း။ ဆက်ကာစိုးပြု၊ စန္ဒသုကား၊ အတုမဲ့စွာ၊ ဗာဝီသာနှင့်။ ဥက္ကာဗလ၊ သားပုတ္တမူ၊ နာမတွင်ဘိ၊ သီရိသူရိယ၊ ဧကတ္တတည်း။ ဝရဓမ္မရာဇာ၊ သတ္တကြာမှ၊ ဗိုလ်ပါစုံညီ၊ နန်းချလီ၏။ တချီရုံးစု၊ မဏိသုကို၊ မင်းပြုတင်ကြ၊ တခဏတည်း။ ဝရဓမ္မာ၊ မင်းကိုသာလျှင်၊ ထပ်ကာမယွင်း၊ ထီးနန်းနှင်းမူ၊ ချက်ချင်းမကြာ၊ နန်းဘုံသာက၊ ချပြီးမှတည့်၊ တေဇထွန်းရှု၊ မဏိသုကို၊ လု၍တဖန်၊ နန်းတင်ပြန်၏။ အမှန်မှတ်သိ၊ တနှစ်ဟိမူ၊ မဏိသုအား၊ နန်းချထားမှ၊ ဝရဓမ္မာ၊ မင်းရာဇာသည်၊ ဘုံချာနန်းယံ၊ စိုးအုပ်စံ၏။ နိုင်ငံပြည်သူ၊ မကြိုက်မူက၊ မင်းဝရကို၊ နန်းမှချပြု၊ မဏိသုအား၊ နန်းတင်ထားပြီး၊ ဘွဲ့ဆောင်နာမ၊ သူရိယကို၊ တင်ကြထိုခါ၊ သုံးနှစ်သာတည်း။ ချကာနန်းမှ၊ မင်းဝရကို၊ တင်ကြတဖန်၊ သုံးနှစ်မှန်၏။ တဖန်ထိုမှ၊ သူရိယသည်၊ ဒွယမှန်စွာ၊ စိုးတုံပါ၏။ ငတုံးမှာကား၊ နော်ရထာစောဟု၊ ခံပြီးသောမူ၊ ထီးဖြူနန်းထက်၊ ဆယ့်ငါးရက်တည်း။ ဖြန့်ကြက်စိုးအုပ်၊ မာရုပ္ပီယ၊ တနှစ်ပြ၏။ ကာလမန္ဓာတ်၊ တနှစ်မှတ်လော့။ မချွတ်ဗိုလ်လူ၊ မင်းစောဖြူကို၊ ဘွဲ့မူနရာဓိပတိ၊ တင်ဘိသုံးနှစ်၊ မကြာရစ်ခင်၊ အားအင်လည်းပြု၊ ထီးနန်းလု၍၊ စန္ဒသုဓမ္မာ၊ မင်းကိုသာလျှင်၊ တင်ပါနန်းထက်၊ ဆယ့်လေးရက်တည်း။ တချက်မကြာ၊ နရာဒိပ္ပ၊ ထိုမင်းလှအား၊ ပင့်ငြားတင်ကြ၊ နှစ်ဒွယနှင့်။ ထိုကတခါ၊ ကျော်သိင်္ဂါလျှင်၊ စန္ဒာဝိမလ၊ ဘွဲ့နာမဖြင့်၊ စိုးထခြောက်နှစ်၊ အမှန်ဖြစ်၏။ တလှစ်သတိုးလှ၊ စန္ဒသူရိယာ၊ လေးနှစ်သာချင့်။ ဓမ္မာသတ္တ၊ နှစ်ဝဿနှင့်၊ စွန်းပအကယ်၊ တဆယ်လေးရက်၊ ရွီတွက်သင်္ချာ၊ ချိန်အခါတည်း၊ အာဏာစက္က၊ တည်မကျဘဲ၊ လောကထွတ်တင်၊ ပြည်သခင်ဟု၊ အသျှင်ရာဇ၊ မင်းကိုမျှလျှင်၊ နန်းချနန်းတင်၊ ပြုလတ်ကျင်သည်၊ များဖျင်သူပုန်ထိုဝယ်တည်း။

(၄၆) ထိုဝယ်သူပုန်၊ ပြည်ကိုချုံ၍၊ မွှီတုံလှုပ်လျှား၊ ပြုသည်များကို၊ ယောကျာ်းမှန်ထ၊ ဘုန်းတေဇနှင့်၊ တန္တဗိုလ်မင်း၊ အကုန်ခွင်းမှ၊ တွင်ခြင်းနာမ၊ ဝိဇယနှင့်၊ စိုးထအုပ်လစ်၊ သက္ကရာဇ်သည်၊ ဒွေးသတ်အာဇံ၊ နန်းစံနှစ်ကား၊ အက်နှင့်ဝီသ၊ သူရိယမူ၊ သိင်္ဂဘုံမှာ၊ သုံးနှစ်သာတည်း။ နရာဓိပတိ၊ တနှစ်ဟိက၊ နရပဝရ၊ နှစ်နှစ်ပြ၏။ ဝိဇယမင်း၊ သျှစ်နှစ်တွင်းဝယ်၊ ခေါ်ခြင်းနွယ်ပြား၊ ဘာသာခြားသည်၊ ကုလားကုကျာ၊ ပုန်ကန်လာ၍၊ ကာလသူရတန်း၊ အမည်ဆန်းဖြင့်၊ သိမ်းမြန်းယူကာ၊ သုံးရက်သာတွင်၊ ယှောင်ခွာပယ်ပစ်၊ မဒရာဇ်ကား၊ ငါးနှစ်စိုးမှ၊ နရအဘယ၊ နဝဧကု၊ သီရိသုမူ၊ မင်းပြုသုံးလ၊ ပရမကား၊ စံစားတိရိ၊ ဖြစ်ဘိမှလျှင်၊ အဘယရာဇာ၊ ကိုးနှစ်လာ၏။ စန္ဓသုမန၊ လေးနှစ်ပြ၏။ ဝိမလသည်၊ ရက်လေးဆယ်တည်း။ စမ္ပယ်ထွန်းပ၊ သတိဿကား၊ နောင်မှဓမ္မရာဇ်၊ ငါးနှစ်ဖြစ်ကာ၊ မဟာသမတ၊ နာမသဘော၊ ဘွဲ့သညောမူ၊ အဂ္ဂေါပုည၊ ခေါ်ကြတမူ၊ နှစ်နှစ်ဟူ၏။ ဆက်ယူစံလျှက်၊ အပျက်အကျပ်၊ ပေါင်းယှဉ်အပ်ကာ၊ မျိုးစပ်နွယ်ခြား၊ မင်းအများကို၊ တွက်ငြားချေသော်၊ တကျိတ်ကျော်၍၊ စွန်းပေါ်ငါးယောက်၊ ဖြစ်တုံမြောက်ပြီး၊ နောက်ဆုံးနှစ်မှတ်၊ စတုသတ်တွင်၊ ပြည်မြတ်ရခိုင်၊ ထီးနန်းယိုင်သည်၊ ပယ်လှိုင်ဆိုရေးအံ့ဖွယ်တည်း။

(၄၇) အံ့ဖွယ်ဆိုလိမ့်၊ ဟိတုံသိမ့်၏။ ကောင်းချိမ့်ဗိုလ်ပုံ၊ များဥဿုံရို့၊ ရွှီဘုံနဂရ၊ ပျက်ကိန်းကျ၍၊ သက္ကရာဇ်မှာ၊ ဆပေတာနှင့်၊ ဧကာဧက၊ ထိုကာလ၌၊ အင်းဝခေါ်ထ၊ ပြည်ဌာနက၊ ဒေါသရန်ပွား၊ ပျူအောက်သားရို့၊ ခိုက်ပွားရန်ရှာ၊ တိုက်ဖျက်လာ၍၊ ဗိုလ်ပါအားထု၊ ပြည်ကိုလုကာ၊ မင်းပြုအစ၊ ပထမမူ၊ နန္ဒပကျန်၊ လေးနှစ်မှန်၏။ တိုက်ဝန်မလွဲ၊ နှစ်နှစ်မြဲချင့်။ မင်းရဲသီဟသု၊ တနှစ်ပြု၍၊ အာယုဆန်ထ၊ သည်နောက်မှမူ၊ အာကာကျော်ထင်၊ နှစ်နှစ်ပင်တည်း။ လှည့်ကျင်လီက၊ မောင်ကျော်လှကို၊ မင်းလှရာဇာ၊ ခေါ်မည်သာနှင့်၊ ဆက်ကာစောင့်ပြီး၊ နှစ်ရေဒွီးမှ၊ မင်းကြီးကျော်ထင်၊ သျှစ်နှစ်လျှင်တည်း။ နီကျင်မြင့်ကြာ၊ နော်ရထာမူ၊ ထပ်ကာအုပ်မိုး၊ ခြောက်နှစ်စိုးမှ၊ ကြာရိုးမင်းလုပ်၊ နှစ်နှစ်ဟုတ်၏။ တရုပ်ဝန်ခေါ်၊ မောင်စံပျော်ကို၊ ထိုရော်တွင်ပြီး၊ မင်းကြီးကျော်စွာ၊ သုံးနှစ်သာနှင့်။ ရက္ခပူရ၊ ရွှီပြည်မတွင်၊ ဌာနကွဲပြား၊ အမျိုးခြားသည့်၊ အောက်သားကိုးဆက်၊ စိုင်မပျက်ဘဲ၊ ရောယှက်ပေါင်းကာ၊ နှစ်သင်္ချာမူ၊ စတ္တာလီသ၊ ဖြစ်လီရ၍၊ နီထတုံငြား၊ ပြည်သူများကို၊ အောက်သားရို့က၊ နှိပ်စက်ကြလျှက်၊ ဒေါသပြုကာ၊ အမှုရှာသည်၊ နောင်လာမတာမတွယ်တည်း။

(၄၈) မဟိရန်သူ၊ ဖက်မပြူသား၊ သုံးလူထွတ်ထား၊ မြတ်ဘုရား၏၊ ကိုယ်စားရုပ်ဝါ၊ ခြောက်ရောင်ဖြာ၍၊ မဟာမုနိ၊ ဘုရားကြီးကို၊ ညွတ်ပြီးကော်ရော်၊ ရှိပူဇော်၍၊ ပင့်ခေါ်ပြီးမှ၊ ရက္ခပူရ၊ နန်းမဒေဝီ၊ မဟေသီနှင့်၊ အညီယဿ၊ ရံမောင်းမကို၊ စုကြနှောင်ပြီ၊ ဆောင်ယူလီ၏။ သင့်နီဌာန၊ ရပ်ဒေသ၌၊ စောင့်ထပြီးခိုင်၊ လက်နက်ကိုင်ရို့၊ အနိုင်ပြုလျှင်း၊ ရဲမက်ချင်း၏၊ မြို့တွင်းမှန်သား၊ မြို့ပြင်များနှင့်၊ တိုင်းကားရပ်ဌံ၊ နာဂရံဟု၊ နိုင်ငံအပေါင်း၊ တောမြို့ကောင်း၌၊ ပုန်းအောင်းနီငြား၊ ရခိုင်သားကို၊ ယောကျာ်းမိမ္မ၊ မလွတ်ရအောင်၊ ချိုင်နှောင်တန်းလန်း၊ ကျွဲနွားဖမ်းသို့၊ လိုင်ဂုတ်ကိုဖြတ်၊ အသီသတ်၏၊ ချောမွတ်ရူပ၊ မိမ္မလှကို၊ ပဉ္စအာရုံ၊ ကာမဂုဏ်ဖြင့်၊ မြူးတူးစိမ့်ငှာ၊ ယူကြပါ၏။ သူနာသူအို၊ ကျိုးကန်းကိုကား၊ မလိုပိတ်ထား၊ တိုက်လုပ်ငြား၍၊ သွင်းထားအပြည့်၊ ယမ်းဆီးထည့်လျှက်၊ မြေ့မြေ့ညက်ကြီ၊ မီးတိုက်စီ၏၊ သီလီမြွကင်း၊ လူခပင်းရို့၊ ချင်းချင်းနွီးနွီး၊ ကနိမွီးသား၊ သားထွီးသားငယ်၊ နုနုငယ်ရို့၊ ပြုံ့ရယ်ရွှင်ဘိ၊ မယ်မသိကို၊ မွီးမိထံမှ၊ ယူပြီးမှလျှင်၊ လက်နှင့်ကိုင်မြှောက်၊ ကောင်းခင်ရောက်က၊ အောက်ကတဖန်၊ လှံကိုလှန်၍၊ ခံပြန်ပြီးခါ၊ ပြုသည်မှာကြောင့်၊ ကျကာမလွဲ၊ ရဲရဲသွီးစက်၊ အအူထွက်၏၊ တချက်မြီ၌၊ လှံကိုစိုက်၍၊ ခံလိုက်တံကျင်၊ ဖင်ကဝင်၏၊ ချစ်ကြင်ပျော်ပါး၊ လင်မယားကို၊ ပေါင်းကြအတူ၊ မထားမူဘဲ၊ ဆွဲယူသတ်ဖြတ်၊ နားကြိုးတပ်လျှက်၊ ပူးပြွတ်ချိုင်နှောင်၊ ကြက်ကိုလှောင်သို့၊ ပုံဆောင်ပမာ၊ ယူကြပါ၏၊ များစွာခွတ်ထစ်၊ သတ်၍ပစ်လျှက်၊ အချစ်ဝါသနာ၊ မဟိပါငြား၊ ပျူအောက်သားသည်၊ စကားမုသာဝါဒီတည်း။

(၄၉) ပုံဘိတောင်နှယ်၊ ကောင်ပုတ်ဝယ်ကား၊ လူငယ်တသောင်း၊ လူကြီးပေါင်းမူ၊ သျှစ်သောင်းအစွန်း၊ တသိန်းမွှမ်း၏၊ မယွန်းထိုခါ၊ သီကုမ်ပါ၏။ သိမ်းကာယူထ၊ ပြည်အင်းဝသို့၊ ပါရလီငြား၊ လူယောကျာ်းနှင့်၊ မပြားမှန်ထ၊ လူမိမ္မကို၊ ရွီကြည့်ခီသော်၊ နှစ်သိန်းကျော်၏။ ကြားသော်မြင်ခါ၊ ကြောက်ဖွယ်သာတည်း။ ဒွါရာသံတွဲ၊ မြို့ရမ်းဗြဲနှင့်၊ မြစ်တဲဝန်းမြောင်၊ ကျွန်းမာန်အောင်၌၊ ဖမ်းနှောင်ချိုင်လျှင်း၊ ယူလီခြင်းကို၊ သတင်းစကား၊ နားသာကြား၏။ မှတ်သားတထစ်၊ ရွီတွက်စစ်၍၊ တစ်နှစ်သုံးလေး၊ စာနှင့်ရေးပြီး၊ ပီးသူမဟိ၊ ဖြစ်လီဘိခြင်း၊ ဇီဝိကင်္ခါ၊ ယုံမှားစွာဖြင့်၊ ဆိုရာစကား၊ ကျယ်ဝန်းများ၏။ သီကြအကောင်၊ ဖူးဖူးရောင်၍၊ ပုတ်ဟောင်နံစွာ၊ ရုပ်ခန္ဓာကို၊ ကာကာဠင်းတ၊ သိန်းစွန်မှသည်၊ ခွီးကစလျှက်၊ ကျားသစ်ဝက်ရို့၊ လုယက်ဖန်ဖန်၊ စားကြဟန်ကို၊ ကျန်လူအများ၊ မြင်လီငြားမူ၊ ဘုရားတရား၊ သံဃာများကို၊ အားကိုးပြီးခါ၊ မြည်တမ်းပါ၍၊ ငိုခါရွီရွတ်၊ နဖူးသတ်သည်၊ ရင်ဖတ်လက်တင်ခတ်တီးတည်း။

ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။