ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု
by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄၂၉။ မဟာသုဝဇာတ် (၃)
2695ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု — ၄၂၉။ မဟာသုဝဇာတ် (၃)မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်


နဝကနိပါတ်

၃။ မဟာသုဝဇာတ်

ဆင်းရဲသော်လည်း အဆွေခင်ပွန်းကို မစွန့်ထိုက်ခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဒုမော ယဒါ ဟောတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမဟာသုဝဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မထင်ရှားသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုရဟန်းသည် မြတ်စွာဘုရားအထံတော်၌ ကမ္မဋ္ဌာန်းကိုယူ၍ ကောသလဇနပုဒ်၌ မထင်ရှားသော ပစ္စန္တရွာကို အမှီပြု၍ တော၌ နေသတတ်။ ထိုပစ္စန္တရွာသားတို့သည် ထိုရဟန်းအား မွန်မြတ်သော ဆွမ်းကိုလှူခြင်းငှာ မတတ်နိုင်ကုန်၊ ထိုရဟန်းအား လျောက်ပတ်သော ကျောင်းကို ရလျက်လည်း ဆွမ်းဖြင့် ပင်ပန်းရကား မဂ်ကိုလည်းကောင်း, ဖိုလ်ကိုလည်းကောင်း ဖြစ်စိမ့်သောငှာ မတတ်နိုင်။ ထိုအခါ သုံးလလွန်သဖြင့် သဗ္ဗညူမြတ်စွာဘုရားအား ရှိခိုးအံ့သောငှာ လာသော ထိုရဟန်းကို သဗ္ဗညူ မြတ်စွာဘုရားသည် ပဋိသန္ထာရကို ပြုတော်မူ၍ ရဟန်း-ဆွမ်းဖြင့် မပင်မပန်းဘဲ ရှိပါ၏လော၊ လျောက်ပတ်သော ကျောင်းကို ရ၏လောဟု မေးတော်မူ၏။ ထိုရဟန်းသည် ထိုအကြောင်းကို ကြားလျှောက်၏။

ရသမျှဖြင့် ရောင့်ရဲလေ

သဗ္ဗညူ မြတ်စွာဘုရားသည် ထိုရဟန်းအား လျောက်ပတ်သော ကျောင်းရှိသည်၏အဖြစ်ကို သိတော်မူ၍ ရဟန်း ရဟန်းမည်သည်ကား လျှောက်ပတ်သော ကျောင်းကို ရသည်ရှိသော် လောဘ၏ အစွမ်းအားဖြင့် ကျင့်ခြင်းကိုပယ်၍ တစ်စုံတစ်ခု ရတိုင်းသော ပစ္စည်းကိုသာလျှင် သုံးဆောင်၍ ရောင့်ရဲခြင်းဖြင့် ရဟန်းတရားကို ပြုသင့်၏။ ရှေးပညာရှိတို့သည် တိရစ္ဆာန်အမျိုး၌ ဖြစ်ကုန်သော်လည်း မိမိနေရာ သစ်ပင်ခြောက်လတ်သော် အမှုန့်ကိုစားကုန်လျက် လောဘ၏ အစွမ်းအားဖြင့် ကျင့်ခြင်းကိုပယ်၍ ရောင့်ရဲကုန်သည်ဖြစ်၍ အဆွေခင်ပွန်းတို့၏ တရားကို မဖျက်ဆီးမူ၍ တစ်ပါးသို့ မသွားကုန်။ သင်သည်ကား အဘယ့်ကြောင့် ဆွမ်းကို သုံးဆောင်လျက် ထိုဆွမ်းကိုကြမ်း၏ဟူ၍ လျောက်ပတ်သောကျောင်းကို စွန့်ဘိသနည်း ဟု မိန့်တော်မူ၍ ထိုရဟန်းသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဟိမဝန္တာဝယ် ဂင်္ဂါနား၌ တစ်ခုသော ရေသဖန်းပင်ဝယ် အရာမကကုန်သော ကျေးတို့သည် နေကြကုန်၏။ ထိုကျေးတို့တွင် တစ်ခုသာ ကျေးမင်းသည် မိမိနေသော ရေသဖန်းပင်၏ အသီးတို့သည် ကုန်ကုန်လတ်သော် အကြင် အညွန့် အရွက် အခွံ အပွေးသည် ကြွင်း၏။ ထိုအကြွင်းကိုစား၍ ဂင်္ဂါ၌ ရေကိုသောက်၍ အလွန်မြတ်သော အလိုနည်းခြင်းဖြင့် ရောင့်ရဲသည်ဖြစ်၍ တစ်ပါးသော အရပ်သို့ မသွား။ ထိုကျေးမင်း၏ အလိုနည်းသည်၏အဖြစ် ရောင့်ရဲလွယ်သည်၏ အဖြစ်ဟူသော ဂုဏ်ကျေးဇူးကြောင့် သိကြားမင်း၏ နေရာသည် တုန်လှုပ်၏။

ရောင့်ရဲလွယ်သောကျေး

သိကြားမင်းသည် ဆင်ခြင်လတ်သော် ထိုကျေးမင်းကို မြင်၍ ထိုကျေးမင်းအား စုံစမ်းအံ့သောငှာ မိမိ၏အာနုဘော်ဖြင့် ထိုသစ်ပင်ကို ခြောက်စေ၏။ ရေသဖန်းပင်သည် အငုတ်မျှသာ ရှိ၏။ အပေါက်ကြီး အပေါက်ငယ် ရှိလျက် လေခတ်အပ်သည်ရှိသော် တီးမှုတ်ဘိသကဲ့သို့ မြည်၏။ ထိုရေသဖန်းပင် အပေါက်တို့မှ အမှုန့်တို့သည် ထွက်ကုန်၏။ ကျေးမင်းသည် ထိုအမှုန့်တို့ကိုစား၍ ဂင်္ဂါ၌ ရေသောက်၍ တစ်ပါးသောအရပ်သို့ မသွားမူ၍ လေနေပူတို့ကို မရေမတွက်မူ၍ ရေသဖန်းပင်ငုတ်၌ နေ၏။

သစ်ပင်သေနေပြီ

သိကြားမင်းသည် ထိုကျေးမင်း၏ အလိုနည်းသောအဖြစ်ကို သိ၍ အဆွေခင်ပွန်းတို့၏ တရားကျေးဇူးကို ဟေစေ၍ ကျေးမင်းအား ဆုပေး၍ ရေသဖန်းပင်ကို အမြိုက်အသီး ရှိသည်ကိုပြု၍ လာအံ့ဟု တစ်ခုသော ဟင်္သာမင်းဖြစ်၍ သုဇာမည်သော အသုရာနတ်၏သမီးကို ရှေ့၌ထား၍ ရေသဖန်းပင်တောသို့ သွား၍ အနီး၌ တစ်ခုသောသစ်ပင်၏ အခက်၌နား၍ ထိုကျေးမင်းနှင့်တကွ စကားကို ဖြစ်စေလိုရကား-

၂၀။ ဒုမော ယဒါ ဟောတိ ဖလူပပန္နော၊
ဘုဉ္ဇန္တိ နံ ဝိဟင်္ဂမာ သမ္ပတန္တာ။
ခီဏန္တိ ဉတွာန ဒုမံ ဖလစ္စယေန၊
ဒိသောဒိသံ ယန္တိ တတော ဝိဟင်္ဂမာ။

ဟူသော ရှေးဦးစွာသော ဤဂါထာကိုဆို၏။

၂၀။ သုဝရာဇ၊ ကျေးမင်း။ ဒုမော၊ သစ်ပင်သည်။ ယဒါ၊ အကြင်အခါ၌။ ဖလူပပန္နော၊ အသီးနှင့်ပြည့်စုံသည်။ ဟောတိ၊ ဖြစ်၏။ တဒါ၊ ထိုအခါ၌။ ဝိဟင်္ဂမာ၊ ငှက်တို့သည်။ နံ၊ ထိုသစ်ပင်ကို။ သမ္ပတန္တာ၊ တစ်ခက်မှသည် တစ်ခက်သို့ ပြောင်းသွားကုန်လျက်။ ဘုဉ္ဇန္တိ၊ စားကုန်၏။ ခီဏန္တိ၊ အသီးကုန်၏ဟူ၍။ ဉတွာန၊ သိ၍။ ဒုမံ ဖလစ္စယေန၊ သစ်ပင် အသီးကုန်သဖြင့်။ ဝိဟင်္ဂမာ၊ ငှက်တို့သည်။ တတော၊ ထိုသစ်ပင်မှ။ ဒိသောဒိသံ၊ ထိုထိုအရပ်သို့။ ယန္တိ၊ ပျံသွားကုန်၏။

ဤသို့ဆိုပြီး၍ ထို့နောင်မှ ထိုကျေးမင်းကို တိုက်တွန်းအံ့သောငှာ-

၂၁။ စရ စာရိကံ လောဟိတတုဏ္ဍ မာ မရိ၊
ကိံ တွံ သုဝခ သုက္ခဒုမမှိ ဈာယသိ။
တဒိင်္ဃ မံ ဗြူဟိ ဝသန္တ သန္နိဘ၊
ကသ္မာ သုဝ သုက္ခဒုမံ န ရိဉ္ဇသိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၂၁။ လောဟိတတုဏ္ဍ၊ နီသော နှုတ်သီးရှိသော။ သုဝ၊ ကျေးသား။ စာရိကံ၊ အရပ်တစ်ပါးသို့ သွားခြင်းကို။ စရ၊ သွားလော့။ မာ မရိ၊ မသေလင့်။ တွံ၊ သင်သည်။ ကိံ၊ အဘယ့်ကြောင့်။ သုက္ခဒုမမှိ၊ ခြောက်သော သစ်ပင်၌။ ဈာယသိ၊ မှိုင်သနည်း။ ဝသန္တသန္နိဘ၊ မိုးတွင်းကာလ၌ စိမ်းညိုသော တောအုပ်နှင့်တူသော အဆင်းရှိသော။ သုဝ၊ ကျေးသား။ တံ၊ သင့်ကို။ ဣင်္ဃ၊ တိုက်တွန်း၏။ တွံ၊ သင်သည်။ မံ၊ ငါ့ကို။ ဗြူဟိ၊ ဆိုလော့။ ကသ္မာ၊ အဘယ့်ကြောင့်။ သုက္ခဒုမံ၊ ခြောက်သော သစ်ပင်ကို။ န ရိဉ္ဇသိ၊ မစွန့်သနည်း။

မိတ်ဆွေကို မစွန့်ကောင်း

ထို့နောင်မှ သိကြားကို ကျေးမင်းသည် ငါကား ကျေးဇူးကို သိတတ်သည်၏ အဖြစ်ကြောင့် ဤသစ်ပင်ကို မစွန့် ဟု ဆိုလို၍-

၂၂။ ယေ ဝေ သခိနံ သခါရော ဘဝန္တိ၊
ပါဏစ္စဇေ ဒုက္ခသုခေသု ဟံသ။
ခီဏံ အခီဏမ္ပိ န တံ ဇဟန္တိ၊
သန္တော သတံ ဓမ္မမနုဿရန္တော။
၂၃။ သောဟံ သတံ အညတရောသ္မိ ဟံသ၊
ဉာတီ စ မေ ဟောတိ သခါ စ ရုက္ခော။
တံ နုဿဟေ ဇီဝိကတ္ထော ပဟာတုံ၊
ခီဏန္တိ ဉတွာန န ဟေသ ဓမ္မော။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၂၂။ ဟံသ၊ ဟင်္သာမင်း။ သခီနံ၊ အဆွေခင်ပွန်းတို့၏။ ယေ သခါရော၊ အကြင်အဆွေခင်ပွန်းတို့သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ သော၊ ထိုအဆွေ ခင်ပွန်းသည်။ ဒုက္ခသုခေသု၊ ဆင်းရဲချမ်းသာတို့၌။ ပါဏစ္စဇေ၊ အသက်ကို စွန့်ရာ၏။ သတံ၊ သူတော်ကောင်းတို့၏။ ဓမ္မံ၊ တရားကို။ အနုဿရန္တာ၊ အောက်မေ့ကုန်လျက်။ သန္တာ၊ သူတော်ကောင်းတို့သည်။ တံ၊ ထိုအဆွေခင်ပွန်းကို။ ခီဏမ္ပိ၊ စည်းစိမ်ဥစ္စာ ကုန်ပြီဟူ၍လည်းကောင်း။ အခိဏမ္ပိ၊ စည်းစိမ်ဥစ္စာ မကုန်သေးဟူ၍လည်းကောင်း။ န ဇဟန္တိ၊ မစွန့်ကုန်။

၂၃။ ဟံသ၊ ဟင်္သာမင်း။ သော အဟံ၊ ထိုငါသည်။ သတံ၊ သူတော်ကောင်းတို့တွင်။ အညတရော၊ တစ်ယောက်သည်။ အသ္မိ၊ ဖြစ်၏။ ရုက္ခော၊ ရေသဖန်းပင်သည်။ မမ၊ ငါ၏။ ဉာတီ စ၊ အဆွေ အမျိုးသည်လည်းကောင်း။ သခါ စ၊ အဆွေ ခင်ပွန်းသည်လည်းကောင်း။ ဟောတိ၊ ဖြစ်၏။ ဇီဝိကတ္ထော၊ အသက်မွေးခြင်းကို အလိုရှိသော ငါသည်။ ခီဏန္တိ၊ အသီးကုန်ပြီဟူ။ ဉတွာန၊ သိ၍။ တံ၊ ထိုရေသဖန်းပင်ကို ပဟာတုံ၊ စွန့်အံ့သောငှာ။ နုဿဟေ၊ မတတ်နိုင်။ ဧသ- ဧသော၊ ထိုစွန့်ခြင်းသည်။ န ဓမ္နော၊ သူတော်ကောင်းတို့၏ တရား မဟုတ်။

ငါဆုပေးမည်

သိကြားမင်းသည် ကျေး၏ စကားကိုကြား၍ နှစ်သက်သည်ဖြစ်၍ ချီးမွမ်း၍ ဆုပေးလိုရကား-

၂၄။ သာဓု သက္ခိကတံ ဟောတိ၊ မေတ္တိသံသတိ သန္ထဝေါ။
သစေ တံ ဓမ္မံ ရောစေသိ၊ ပါသံသောသိ ဝိဇာနတံ။
၂၅။ သော တေ သုဝ ဝရံ ဒမ္မိ၊ ပတ္တယာန ဝိဟင်္ဂမ။
ဝရံ ဝရဿု ဝက္ကင်္ဂ၊ ယံကိဉ္စိ မနသိစ္ဆသိ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၂၄။ သုဝ၊ ကျေးမင်း။ သက္ခိ ကတံ၊ အဆွေ ခင်ပွန်း၏ အဖြစ်သည်။ သာဓု၊ ကောင်းသည်။ ဟောတိ၊ ဖြစ်၏။ မေတ္တိသံသတိ၊ အဆွေခင်ပွန်းဖြစ်၍ တကွ နေခြင်းသည်။ သန္ထဝေါ၊ ပေါင်းဖော်ခြင်းသည်။ သမဓု၊ ကောင်းသည်။ ဟေတိ၊ ဖြစ်၏။ တွံ၊ သင်သည်။ တံ ဓမ္မံ၊ ထိုချစ်ခင်လေးမြတ် ပေါင်းဖက်အပ်သော မိတ်ဆွေ ခင်ပွန်းသဘောကို။ သစေ ရောစေသိ၊ အကယ်၍ နှစ်သက်အံ့။ ဝိဇာနတံ၊ ပညာရှိတို့သည်။ ပါသံသော၊ ချီးမွမ်းထိုက်သည်။ အသိ၊ ဖြစ်၏။

၂၅။ ပတ္တယာန၊ အတောင်ဟူသော ယာဉ်ရှိသော။ ဝိဟင်္ဂမ၊ ကောင်းကင်ဖြင့် သွားတတ်သော။ ဝက္ကင်္ဂ၊ ကောက်သော လည်ရှိသော။ သုဝ၊ ကျေး သား။ တွံ၊ သင်သည်။ ယံကိဉ္စိ၊ အမှတ်မရှိသောဆုကို။ မနသာ၊ စိတ်ဖြင့်။ ဣစ္ဆသိ၊ အလိုရှိအံ့။ သော အဟံ၊ ထိုငါသည်။ တေ၊ သင့်အား။ ဒမ္မိ၊ ပေးအံ့။ ဝရံ၊ လိုသောဆုကို။ ဝရဿု၊ တောင်းလော့။

ဤသစ်ပင် ပြန်ရှင်ပါစေ

ထိုစကားကိုကြား၍ ကျေးမင်းသည် ဆုယူလိုရကား-

၂၆။ ဝရဉ္စေ မေ ဟံသ ဘဝံ ဒဒေယျ၊
အယဉ္စ ရုင်ခော ပုနရာယုံ လဘေထ။
သော သာခဝါ ဖလိမာ သံဝိရူဠှော၊
မဓုတ္ထိကော တိဋ္ဌတု သောဘမာနော။

ဟူသော ခုနစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၂၆။ ဟံသ၊ ဟင်္သာမင်း။ ဘဝံ၊ အရှင်သည်။ မေ၊ အား။ ဝရံ၊ ဆုကို။ စေ ဒဒေယျ၊ အကယ်၍ ပေးငြအံ့။ အယဉ္စ ရုက္ခော၊ ဤရေသဖန်းပင်သည်လည်း။ ပုန၊ တစ်ဖန်။ အာယုံ၊ အသက်ကို။ လဘေထ၊ ရစေသတည်း။ သော၊ ထိုရေသဖန်းပင်သည်။ သာခဝါ၊ အခက်နှင့် ပြည့်စုံသည်ဖြစ်၍။ ဖလိမာ၊ အသီးနှင့်ပြည့်စုံသည်ဖြစ်၍။ သံဓိရူဠှော၊ ထက်ဝန်းကျင်မှ စည်ပင်ပေါက် ရောက်သော အရွက်နုရှိသည် ဖြစ်၍။ မဓုတ္ထိကော၊ ယင်ပျငယ်ကဲ့သို့ ချိုသော အသီးရှိသည်ဖြစ်၍။ သောဘမာနော၊ တင့်တယ်သည်ဖြစ်၍။ တိဋ္ဌတု၊ တည်စေသတည်း။

ရေသဖန်းပင် ပြန်စည်ပင်

ထိုအခါ ထိုကျေးမင်းအား သိကြားမင်းသည် ဆုပေးလိုရကား-

၂၇။ တံ ပဿ သမ္မ ဖလိမံ ဥဠာရံ၊
သဟာဝ တေ ဟောတု ဥဒုမ္ဗရေန။
သော သာခဝါ ဖလိမာ သံဝိရူဠှော။
မဓုတ္ထိကော တိဋ္ဌတု သောဘမာနော။

ဟူသော ရှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၂၇။ သမ္မ သုဝရာဇ၊ ကောင်းသော ကျေးမင်း။ ဖလိမံ၊ အသီးနှင့်ပြည့်စုံသော။ ဥဠာရံ၊ မြတ်သော။ တံ၊ ထိုရေသဖန်းပင်ကို။ တွံ၊ သင်သည်။ ပဿ၊ ရှုလော့။ တေ၊ သင့်အား။ ဥဒုမ္ဗရေန၊ ရေသဖန်း ပင်နှင့်။ သဟာဝ၊ တကွလျင်။ ဝါသော၊ နေခြင်းသည်။ ဟောတု၊ ဖြစ်စေ။ သော၊ ထိုရေသဖန်းပင်သည်။ သာခဝါ၊ အခက်နှင့် ပြည့်စုံသည်ဖြစ်၍။ ဖလိမာ၊ အသီးနှင့် ပြည့်စုံသည်ဖြစ်၍။ သံဝိရူဠှော၊ ထက်ဝန်းကျင်မှ စည်ပင်ပေါက်ရောက်သော အရွက်နုရှိသည်ဖြစ်၍။ မဓုတ္ထိကော၊ ယင်ပျားငယ်ကဲ့သို့ ချိုသော အသီးရှိသည်ဖြစ်၍။ သောဘမာနော၊ တင့်တယ်သည်ဖြစ်၍။ တိဋ္ဌတု၊ တည်စေသတည်း။

ဤသို့ဆို၍ ထိုဟင်္သာမင်း၏ အတ္တဘောကိုစွန့်၍ မိမိ၏ လည်းကောင်း၊ သုဇာ၏လည်းကောင်း အာနုဘော်ကိုပြ၍ ဂင်္ဂါမှ လက်ဖြင့်ရေကိုယူ၍ ရေသဖန်းပင်ငုတ်ကို သွန်းလောင်း၍ သုံးသပ်၏။ ထိုခဏ၌လျှင် အခက်အခွတို့ဖြင့် ကောင်းစွာ ဖုံးလွှမ်းလျက် ချိုသော အသီးရှိသော သဖန်းပင်သည် တက်၍ အတွယ်မရှိသော ပတ္တမြားတောင်ကဲ့သို့ တင့်တယ်ခြင်းနှင့် ပြည့် စုံသည်ဖြစ်၍ တည်၏။

ချမ်းသာကြပါစေ

ကျေးမင်းသည် ထိုရေသဖန်းပင်ကိုမြင်၍ ဝမ်းမြောက်ခြင်းသို့ ရောက်သည်ဖြစ်၍ သိကြားမင်းအား ချီးမွမ်းလိုရကား-

၂၈။ ဧဝံ သက္က သုခီ ဟောဟိ၊ သဟ သဗ္ဗေဟိ ဉာတိဘိ။
ယထာဟမဇ္ဇ သုခိတော၊ ဒိသွာန သဖလံ ဒုမံ။

ဟူသော ကိုးခုမြောက်သော ဤဂါထာကို ဆို၏။

၂၈။ သက္က၊ သိကြားမင်း။ အဇ္ဇ၊ ယနေ့။ အဟံ၊ ငါသည်။ သဖလံ၊ အသီးနှင့် ပြည့်စုံသော။ ဒုမံ၊ သဖန်းပင်ကို။ ဒိသွာန၊ မြင်၍။ သုခိတော ယထာ၊ ချမ်းသာသကဲ့သို့။ ဧဝံ တထာ၊ ထို့အတူ။ တွံ၊ သင်သည်။ သဗ္ဗေဟိ၊ ခပ်သိမ်းကုန်သော။ ဉာတိဘိ၊ ဆွေမျိုးတို့နှင့်။ သဟ၊ တကွ။ သုခီ၊ ချမ်းသာသည်။ ဟောဟိ၊ ဖြစ်စေသတည်း။

သိကြားမင်းသည်လည်း ဆုပေး၍ ရေသဖန်း ပင်ကို အမြိုက်အသီးနှင့် ပြည့်စုံသည်ကို ပြု၍ သုဇာနှင့်တကွ မိမိနေရာသို့သာလျှင် သွား၏။ ထိုအနက်ကို ပြုအံ့သောငှာ သဗ္ဗညူမြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍-

၂၉။ သုဝဿ စ ဝရံ ဒတွာ၊ ကတွာန သဖလံ ဒုမံ။
ပက္ကာမိ သဟ ဘရိယာယ၊ ဒေဝါနံ နန္ဒနံ ဝနံ။

ဟူသော ဤအဆုံးဂါထာကို ဟောတော်မူ၏။

၂၉။ ဘိက္ခဝေ၊ ရဟန်းတို့။ သက္ကော၊ သိကြားသည်။ သုဝဿ စ၊ ကျေးအားလည်း။ ဝရံ၊ ဆုကို။ ဒတွာ၊ ပေး၍။ ဒုမံ၊ ရေသဖန်းပင်ကို။ သဖလံ၊ အသီးရှိသည်ကို။ ကတွာန၊ ပြု၍။ ဘရိယာယ၊ မယားနှင့်။ သဟ၊ တကွ။ ဒေဝါနံ၊ တာဝတိံသာနတ်တို့၏။ နန္ဒနံ ဝနံ၊ နန္ဒဝန်ဥယျာဉ်သို့။ ပက္ကာမိ၊ သွား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်း ရှေးပညာရှိတို့သည် ဤတိရစ္ဆာန်အမျိုး၌ ဖြစ်ကုန်လျှက်လည်း လောဘ၏ အစွမ်းအားဖြင့် သွားခြင်းမရှိကုန်သည် ဖြစ်ကုန်၏။ သင်သည် အဘယ့်ကြောင့် ဤသို့သဘောရှိသော သာသနာတော်၌ ရဟန်း ပြု၍ လောဘ၏ အစွမ်းအားဖြင့် သွားခြင်းကို သွားဘိသနည်း၊ သွားလေ... ထိုအရပ်၌လျှင် နေလော့ဟု မိန့်တော်မူ၍ ထိုရဟန်းအား ကမ္မဋ္ဌာန်းကို ဟောတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ ထိုရဟန်းသည် ထိုအရပ်သို့သွား၍ ဝိပဿနာ စီးဖြန်းလျှင် အရဟတ္တဖိုလ်သို့ ရောက်လေ၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား- ယခုအခါ အနုရုဒ္ဓါသည် ထိုအခါ သိကြားမင်း ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ကျေးမင်းဖြစ်ဖူးပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

ရောင့်ရဲသည်းခံ၊ ချမ်းသာမှန်၊ ဧကန်ရမည်သာ

သုံးခုတို့၏ ပြည့်ကြောင်းဖြစ်သော မဟာသုဝဇာတ်သည် ပြီး၏။

*****