မဟောသဓဇာတ်တော်ကြီး/နိဒါန်း
ဘုန်းတော် ၆-ပါးနှင့် ပြည့်စုံတော်မူလျက် ရန်သူတကာတို့၏မာန်ကို ပယ်နွံဖြတ်ချိုး၍ ၉-ပါးသောအမြိုက်ရေဖြင့် ဝေနေယျတို့အား သနားလေးမြတ် ဖျန်းဆွတ်ငြိမ်းဆေး ပေးတော်မူတတ်သော မြတ်စွာဘုရားသည် ကာသိတိုင်း ကောသလတိုင်းတို့၏ အခွန်ဆက်ရာ မြို့ ရွာ ခရိုင် ၈-သောင်းတို့ဖြင့် တန်ဆာဆင်လျက် အစိရဝတီမြစ်ကြီး၏နဖူး၌ အထူးထူးသော အသုံးအဆောင်တို့နှင့်ပြည့်စုံစွာ မြို့တွင်းမြို့ပြင်နေ အိမ်ခြေ၅-သန်း ၇-သိန်းတို့ဖြင့်ပြည့်လျက် သာဝတ္ထိအမည်ရှိသော ရာဇဌာနီ မင်းနေပြည်ကြီး၏မနီးမဝေး ကုလ၄-တာ ၅၀၀-ခန့်လောက် အနောက်တောင်ထောင့်ခပ်ယွန်း ဦးစွန်းသဖွယ်ဖြစ်သော မြေအချက်အချာ၌ အနာထပိဏ်သူဌေးကြီး ဆောက်လုပ်ကပ်လှူအပ်သော ဇေတဝန်ကျောင်းတော်၌ နေတော်မူသောအခါ ပညာပါရမီတော်ကိုအကြောင်းပြု၍ “ပဉ္စာလော သဗ္ဗသေနာယ” အစရှိသောဂါထာတို့ဖြင့် တန်ဆာဆင်အပ်သော ဤ“မဟောသဓပဏ္ဍိတ” ဇာတ်တော်ကြီးကို ဟောတော်မူ၏။
အကြောင်းကား- တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင် အစည်းအဝေးဖြစ်သောအခါ မြတ်စွာဘုရား၏ပညာတော်ကို ဤသို့ ချီးမွမ်းကြကုန်၏။
“အရှင်တို့ လာခြင်းကောင်းသော မြတ်စွာဘုရားသည် ကြီးမြတ်သောမဟာပညာ, မြေကြီးအထုနှင့်တူသော ပုထုပညာ, ရွှင်လန်းသော ဟာသပညာ, လျင်မြန်သော ဇဝနပညာ, ဝဇီရစိန်လက်နက်ကဲ့သို့ ထက်မြက်လှစွာသော တိက္ခပညာ, ခဲခက်နက်နဲသော ဂမ္ဘီရပညာ, ယုံမှားသင်္ကာ မိစ္ဆာအထုံးအဖွဲ့ကို ဖြည်နိုင်သော နိဗ္ဗေဋ္ဌိတပညာ, သူတစ်ပါးတို့၏မိစ္ဆာအယူကို နှိမ်နင်းနိုင်သော ပရပ္ပဝါဒမဒ္ဒနပညာ ဤသို့သော ပညာတော်အပေါင်းတို့နှင့်လည်း ပြည့်စုံတော်မူ၏။ ထိုပညာတော်၏အစွမ်းဖြင့် ကူဋဒန္တအစရှိသော ပုဏ္ဏား, သဘိယသစ္စကအစရှိသော ပရိဗိုဇ်, အာဠာဝကအစရှိသော ဘီလူး, သိကြားအစရှိသော နတ်, ဗကအစရှိသော ဗြဟ္မာ ဤသို့ လောက၌ထင်ရှားကုန်သော ပုဏ္ဏား, ပရိဗိုဇ်, ဘီလူး, နတ်, ဗြဟ္မာတို့၏မာန်စွယ်ကို နုတ်ပယ်ချိုးဖြတ်လျက် မြတ်သောအဆုံးအမတော်ကိုပေးသဖြင့် အဆိပ်အတောက်မရှိသည်ကို ပြုတော်မူ၏။ များစွာကုန်သော လူအပေါင်းတို့အားလည်း ရှင်ရဟန်းအဖြစ်ကိုပေးတော်မူ၍ မဂ်ဉာဏ်,ဖိုလ်ဉာဏ်၌ တည်စေတော်မူ၏။ ဤသို့ ချီးမွမ်း၍မကုန်နိုင်သော ပညာရှိတော်မူ၏”ဟု နှစ်သက်ရွှင်လန်း ချီးမွမ်းလျက်နေကြကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် ကြွတော်မူလတ်၍ “ရဟန်းတို့၊ ယခု ငါလာတော်မူသောအခါ အဘယ်စကားဖြင့် သင်တို့ အစည်းအဝေးဖြစ်ကြကုန်သနည်း”ဟု မေးတော်မူ၏။ ရဟန်းတို့လည်း “အရှင်ဘုရား။ ကိုယ်တော်၏ပညာပါရမီတော်ကို ချီးမွမ်းကြပါကုန်သည်”ဟု လျှောက်လျှင်၊ မြတ်စွာဘုရားသည် “ရဟန်းတို့။ ယခုအခါကား ငါဘုရားသည် သဗ္ဗညုတဉာဏ်၏အထွတ်အမြတ်သို့ ရောက်ပြီးဖြစ်၍ ပညာတော်ကိုချီးမွမ်းခြင်း၌ အံ့ဖွယ်မဖြစ်လွန်းသေး။ ရှေးပါရမီမရင့်မီကာလ ဘဝကပင်လျှင် သဗ္ဗညုတဉာဏ်ကိုရှာသော ငါဘုရား၏အလောင်းတော်သည် အလွန် ပညာရှိဖူးသည်သာ ဖြစ်၏”ဟု မိန့်တော်မူပြီးလျှင် ဖလသမာပတ်ကို ဝင်စားတော်မူလျက်နေ၏။
ထိုအခါ ရဟန်းတို့သည် “ဘုန်းတော် အလွန်တရာကြီးမြတ်တော်မူလှသော အရှင်ဘုရား။ ရှေးပါရမီမရင့်မီကာလဘဝက ပညာရှိဖူးတော်မူသောအဖြစ်ကို ဖွင့်လှစ်ဟောကြားတော်မူပါမှ သတ္တဝါအပေါင်းတို့ ချမ်းသာကြောင်း ဖြစ်ပါမည်”ဟု လျှောက်ထားတောင်းပန်ကြလတ်သော်၊ မြတ်စွာဘုရားသည် အတိတ်ကိုဆောင်၍ ဤ မဟောသဓပဏ္ဍိတဇာတ်ကို ဟောတော်မူ၏။