မဟောသဓဇာတ်တော်ကြီး/အခန်း-၁၃
မြွေပြဿနာဟူသည်ကား ဦးခေါင်းခွံကို စမ်းပြီးသည့်နောက် တစ်နေ့သ၌ မြွေဖို, မြွေမ ၂-ကောင်ကို ဖမ်းစေပြီးသော် မင်းကြီးသည် “အရှေ့ယဝမဇ္ဈဂုံးရွာသားတို့ ပညာရှိသည်ဟု ငါ ကြားသိတော်မူရသည်။ ဤမြွေ ၂-ကောင်ကို ဤကား မြွေဖို ဖြစ်သည်။ ဤကား မြွေမဖြစ်သည်ဟု အတပ်အမှန် လျှောက်ဆိုကြရမည်။ အတပ်အမှန် မသိကုန်သောသူတို့အား ဒဏ် ၁၀၀၀ သင့်စေ”ဟု ရာဇသံနှင့်တကွ အရှေ့ယဝမဇ္ဈဂုံးရွာသို့ ပို့စေ၏။
ရွာသူရွာသားအပေါင်းတို့လည်း ရှေးနည်းအတူ မိမိတို့ပညာဖြင့် မသိနိုင်ကုန်လတ်သော် မဟောသဓသုခမိန်ကို မေးမြန်းကြကုန်၏။
မဟောသဓသုခမိန်လည်း ထိုမြွေ ၂-ကောင်ကိုမြင်လျှင် ဒိဗ္ဗစက္ခုအဘိညာဉ်ကိုရသော အရှင်တို့၏မြင်ခြင်းကဲ့သို့ ပိတ်ဆို့ခြင်းကင်းသောပညာအစွမ်းဖြင့် “ဤမြွေကား ဦးခေါင်းလည်း ကြီး၏၊ အမြီးလည်းဖွံ့၏၊ မျက်စိလည်း ကျယ်၏၊ လည်ရေးလည်း စပ်၏။ ဤသို့သော အခြင်းအရာရှိသောကြောင့် မြွေဖိုတည်း။ ဤမြွေကား ဦးခေါင်းလည်း ငယ်၏၊ အမြီးလည်း သွယ်၏။ မျက်စိလည်း ကျဉ်း၏၊ လည်ရေးလည်း မစပ်။ ဤသို့သော အခြင်းအရာရှိသောကြောင့် မြေမတည်း”ဟု အတပ်အမှန်သိပြီးသော်၊ “ဤကားမြွေဖို ဤကားမြွေမဟု သင်တို့မှတ်သား၍ မင်းကြီးအား ပို့ဆက်လေလော့”ဟု ဆို၏။ ရွာသားအပေါင်းတို့လည်း မဟောသဓဆိုတိုင်းပင်လျှင် မြွေဖိုမြွေမကိုမှတ်သား၍ ဝိဒေဟရာဇ်မင်းကြီးအား ပို့ဆက်လေ၏။
မင်းကြီးလည်း “ဤမြွေ ၂-ကောင်ကို အဖိုအမ ပြဆိုနိုင်သူကား အဘယ်သူ့စကားနည်း”ဟုမေး၏။ ရွာသားတို့လည်း “သူဌေးသား မဟောသဓ၏ပညာသာ ဖြစ်ပါသည်”ဟု လျှောက်ကြားကုန်လတ်သော်၊ ဝိဒေဟရာဇ်မင်းကြီးသည် သေနကအမတ်ကြီးကိုခေါ်၍ ရှေးနည်းဖြင့် တိုင်ပင်ပြန်၏။
သေနကအမတ်ကြီးသည်လည်း “အရှင်မင်းကြီး။ ဤမျှသော ပြဿနာသည် ခက်ခဲသေးသည်မဟုတ်။ ထို့ထက်သာ၍ ခက်ခဲသောပြဿနာဖြင့် စုံစမ်းရန်ရှိပါသေးသည်။ သည်းခံတော်မူပါဦးလော့”ဟု လျှောက်၏။ မင်းကြီးလည်း အမတ်ကြီးသုခမိန်စကားကို ကြားလျှင် စိတ်လျစ်လျူဖြစ်ပြန်၍ ပြဿနာတစ်နည်းကို စီရင်စေပြန်၏။
ဤလည်း ဘုရားလောင်းအား ကောင်းချီးမင်္ဂလာ တစ်ကြိမ်ဖြစ်သတည်း။