မဟောသဓဇာတ်တော်ကြီး/အခန်း-၁၇
ထမင်းပြဿနာ ဟူသည်ကား ထိုသားဖွားပြဿနာ မေးပြီးသည်၏နောက် တစ်နေ့သ၌ ဝိဒေဟရာဇ်မင်းကြီးသည် “အရှေ့ယဝ မဇ္ဈဂုံးရွာသားတို့ ပညာရှိကြောင်းကို ငါ ကြားသိတော်မူရသည်နှင့်အညီ ဆန်လည်းမဟုတ်, ရေလည်း မဟုတ်, ထမင်းအိုးလည်း မဟုတ်, ခုံလောက်လည်း မဟုတ်, မီးလည်း မဟုတ်,ထင်းလည်း မဟုတ်, မိန်းမယောက်ျားလည်း မဟုတ်သည်တို့ဖြင့် ထမင်းချဉ်ချက်၍ လမ်းမဟုတ်သည်ဖြင့် ပို့ဆက်လာရမည်။ ဤအင်္ဂါ ၈-ပါးနှင့်ပြည့်စုံသော ထမင်းချဉ်မရောက်လျှင် ရာဇဒဏ် ၁၀၀၀ သင့်စေ”ဟု စေလိုက်၏။
ရွာသားအပေါင်းတို့သည် မကြံနိုင်ကုန်သည်ဖြစ်၍ မဟောသဓသုခမိန်ကိုသာလျှင် မေးကြကုန်၏။
မဟောသဓသုခမိန်လည်း ထိုစကားကိုကြားလျှင် “သင်တို့ မစိုးရိမ်ကြလင့်။ “ဆန် မဟုတ်”ဆိုသောကြောင့် ဆန်ကွဲကို ယူချေ။ “ရေ မဟုတ်”ဆိုသောကြောင့် ဆီးနှင်းကို ယူချေ။ “ထမင်းအိုး မဟုတ်”ဆိုသောကြောင့် ထမင်းဟင်း မချက်ရသေးသော အိုးသစ်ကို ယူချေ။ “ခုံလောက် မဟုတ်”ဆိုသောကြောင့် သစ်သားစိမ်း၃-ချောင်းကို ယူ၍ ၃-ခုဆိုင်နှက်၍၊ “မီး မဟုတ်” ဆိုသောကြောင့် တစ်ပါးမီးမှာမညှိဘဲ ပွတ်မီးကို ယူချေ။ “ထင်း မဟုတ်”ဆိုသောကြောင့် သစ်ရွက်ခြောက်ကိုယူချေ”။ ဤသို့ဆိုတိုင်း ယူစေ၍ စီရင်ခင်းကျင်းလျက် ချဉ်သောအရသာ အတန်ငယ်ရော၍ ထမင်းချဉ်ချက်စေပြီးသော် အိုးသစ်၌ထည့်ပြီးမှ “အင်္ဂါ ၈-ပါးနှင့်ပြည့်စုံသော ထမင်းချဉ်တော်”ဟု တံဆိပ်တော် ခပ်နှိပ်ပြီးလျှင် မိန်းမ, ယောက်ျားမဟုတ် ဟူသောကြောင့် နပုံသကပဏ္ဍုက်ကိုရွက်စေလျက်၊ လမ်းခရီးမဟုတ်ဟူသောကြောင့် ခရီးလမ်းမကို မသွားစေဘဲ အိမ်ကြားဝင်းနား ခြေဖြင့်သွားလောက်သော ခြေကြောင်းခရီးဖြင့်သာ သွားစေ၍ မင်းအား ပို့ဆက်စေ၏။
ဝိဒေဟရာဇ်မင်းကြီးလည်း “ဤပြဿနာကို အဘယ်သူစီရင်သနည်း”ဟု မေး၍ “မဟောသဓသုခမိန် စီရင်ပါသည်”ဟု လျှောက်လျှင် အလွန်နှစ်သက်ခြင်းဖြစ်သဖြင့်၊ ရှေးနည်းအတူ သေနက သုခမိန်အမတ်ကြီးကိုခေါ်၍ တိုင်ပင်ပြန်၏။ သေနကအမတ်လည်း “အရှင်မင်းကြီး။ သည်းခံတော်မူလော့”ဟု လျှောက်၍ ပြဿနာတစ်နည်းကို စီရင်ပြန်၏။
ဤလည်း ဘုရားလောင်းအား ကောင်းချီးမင်္ဂလာတစ်ကြိမ်ဖြစ်သတည်း။