မဟောသဓဇာတ်တော်ကြီး/အခန်း-၃၅
ထိုအခါ ကပိလတိုင်း ဥတ္တရပဉ္စလရာဇ်ပြည်၌ သင်္ခပါလကမည်သော စူဠနီဗြဟ္မဒတ်မင်းသည် မင်းပြု၏။ ထိုစူဠနီဗြဟ္မဒတ်မင်း၏ အကျိုးအကြောင်း ကောင်းမကောင်း, သင့်မသင့်ကို ပြညွှန်ဆုံးမတတ်သော ပုရောဟိတ်အမတ်ကြီးကား ကေဝဋ်အမည်ရှိ၏။
ထိုစူဠနီဗြဟ္မဒတ်မင်းသည် တရံရောအခါ ဆင်, မြင်း, ရထား, ခြေသည် စစ်အင်္ဂါသူရဲကောင်းတို့ကို ရုံးစုလျက် ဓား,လှံ,လေး,မြား,လွှား,ကာ, မီးပေါက်လက်နက်မျိုးတို့ကိုလည်း ပြင်ဆင်၏။
မဟောသဓသုခမိန်က သူလျှိုထားသောယောက်ျားသည် ထိုအကြောင်းကို ကြားသိလေသော်၊ မဟောသဓသုခမိန်ထံ ဤသို့ စေလွှတ်လိုက်၏။ “အရှင်။ ယခုအကျွန်ုပ်ခစားလျက်နေသော ပဉ္စာလရာဇ်မင်းသည် စစ်သည်ဗိုလ်ပါတို့ကို ရုံးစု၍ ဓား,လှံ,လေး,မြား,လွှား,ကာမီးပေါက်လက်နက်မျိုးတို့ကိုလည်း ပြင်ဆင်စေသည်။ အကြောင်း မည်သို့မဆိုနိုင်။ သတိထားတော်မူပါ”ဟု လျှောက်စာနှင့် စာလွှတ်လိုက်၍ လျှောက်ကြားလေ၏။
မဟောသဓာသုခမိန်၌ကား နှုတ်ကောင်းသူ လူပညာရှိ စကားတတ်ကဲ့သို့ နား၌နာပျော်ဖွယ် ဥပါယ်တံမျဉ်တို့၌ တတ်ပွန်လိမ္မာစွာသော ကျေးသားတစ်ကောင်သည် ရှိသည်။ ထိုကျေးသားကို ပျားသကာတို့နှင့်နယ်သော ပေါက်ပေါက်တို့ကို နေ့တိုင်းကျွေးမွေး၍ ရွှေချိုင့်၌ မွေးမြူသုတ်သင်လျက် ထား၏။ ထိုကျေးသားတမန်၏ ဓလေ့သဘောကား တစ်စုံတစ်ခုအမှုရှိ၍ စေလွှတ်လျှင် မဟောသဓသုခမိန်သာ ကြားသိအပ်သောအမှု ဖြစ်အံ့။ ထိုစေလွှတ်ရာကပြန်သောအခါ မဟောသဓသုခမိန်၏ ပခုံးပေါ်၌နား၍ ကြားသိခဲ့သမျှသောအမှုကို ပြန်ပြော၏။ အမရာဒေဝီလည်း သိစေလိုသည်ဖြစ်အံ့။ မဟောသဓသုခမိန်၏ ရင်ခွင်ပေါ်၌နား၍ ပြန်ကြားပြောဆို၏။ အခြွေအရံပရိသတ်တို့ကိုလည်း သိစေလိုသည်ဖြစ်အံ့။ အိမ်ကြမ်းပြင်၌နား၍ ပြန်ကြားပြောဆို၏။ ဤကား ကျေးသား၏ ပြုမြဲသောဓလေ့တည်း။
ထိုပဉ္စာလရာဇ်ပြည်၌နေသော သူလျှို၏ လျှောက်စာစကားကို ကြားသိရသောအခါ မဟောသဓသုခမိန်သည် ထိုပဉ္စာလရာဇ်မင်း၏အကြံအစည်ကို ဟုတ်မှန်တိုင်းသိလို၍ ကျေးသားကို တမန်စေလွှတ်လိုက်အံ့သောငှာ ခေါ်ပြီးလျှင် ဤသို့ မှာထား၏။
“ငါ၏ငယ်မွေးဖြစ်သော ရွှေကျေးသား။ ငါ၌ သင်နှင့်တန်သောအမှု ယခု ပေါ်ရောက်၍ ရှိပေသည်။ ထိုအမှုကို လျင်စွာသိရအောင် ပြုချေ။ သင်သွားရမည်မှာ ကပိလတိုင်း ဥတ္တရပဉ္စာလရာဇ်မင်းသည် လက်နက်ကိရိယာ ဗိုလ်သူရဲတို့ကို ပြင်ဆင်ရုံးစုကြောင်းစကားကို ယခုကြားရသည့်အတိုင်း မှန်,မမှန်ကို အတပ်သိအောင် ပြုရမည်။ ထိုမင်းသာလျှင် မဟုတ်သေး။ ဤဇမ္ဗူဒိပ်ကျွန်းအပြင်၌ ၁၀၀-ထီးဆောင်းမင်းတို့၏ အမူအရာ အကြံအစည်ကိုလည်း ငါကထားသော သူလျှိုတို့အိမ်သို့ ရှေးဦးစွာသွား၍ မေးမြန်းသဖြင့် အခွင့်ထူးခြားကြားရလျှင် ထိုအခွင့်အရေးကို သင်၏နားမျက်စိဖြင့် အတပ်သိမြင်အောင်ပြုခဲ့၍၊ လျင်စွာ ငါ့ထံသို့ ပြန်လည်ခဲ့။ ယခုပင် ပျံသွားချေ”ဟု မှာထားပြီးလျှင်၊ ကျေးသားအား ပျားရည်နှင့်ရောသော ပေါက်ပေါက်ကိုလည်းကောင်း၊ ပျားရည်နှင့် အဖျော်ကိုလည်းကောင်း တိုက်ကျွေးစားသောက်စေ၍ အဖန်၁၀၀, အဖန် ၁၀၀၀ ချက်ပြီးသော ဆီကြည်ဖြင့် တောင်ပံကြားတို့၌လိမ်းသပ်ပြီးသော် အရှေ့ပြတင်းဝ၌ရပ်လျက် လက်ပေါ်မှကျေးသားကို စေလွှတ်လိုက်၏။
ကျေးသားသည်လည်း “ကောင်းပါပြီ”ဝန်ခံလျက် ဇမ္ဗူဒိပ်ကျွန်းအပြင်ဝယ် ၁၀၀-သောမင်းနေပြည်တို့ကို လှည့်လည်ပျံသွားသဖြင့် ရောက်တိုင်းရောက်တိုင်း သူလျှိုတို့အိမ်၌နားဝင်၍ မေးမြန်းလျက် ထိုမင်းတို့၏အကြောင်းကိုသိရပြီးမှ ကပိလတိုင်းသို့ ရှေးရှုပြန်သဖြင့် ဥတ္တရပဉ္စာလရာဇ်ပြည်သို့ ရောက်လေ၏။
ထိုဥတ္တရပဉ္စာလရာဇ်ပြည်၌ ကေဝဋ်အမည်ရှိသော ပုရောဟိတ်ပုဏ္ဏားအမတ်သည် ထိုကျေးသားရောက်သောအခါ တစ်နေ့သ၌ နံနက်မိုးသောက်၍ အိပ်ရာမှထလတ်သော် ဆီမီးအရောင်ဖြင့် မိမိအိမ်၌ အထူးထူးအပြားပြား ဆန်းကြယ်စွာသော မင်းပေးစည်းစိမ်၏ တင့်တယ်ခြင်းတို့ကို တစိမ့်စိမ့်ရှုကြည့်လျက် ဤသို့ကြံ၏။
“ဤသို့သော အမတ်ကြီး၏စည်းစိမ်သည် ငါ၏စည်းစိမ် မဟုတ်။ မင်းကြီး၏ စည်းစိမ်ပေတည်း။ ဤသို့သော စည်းစိမ်ကိုပေး၍ ချီးမြှောက်တော်မူသော မင်းကြီးအား ငါသည် ကျေးဇူးတော်ကို မဆောင်မရွက် နေခြင်းငှာ မထိုက်ပေ။ ငါ၏ပညာအစွမ်းဖြင့် ဤဇမ္ဗူဒိပ်ကျွန်းအပြင်၌ ၁၀၀-သောထီးဆောင်းမင်းတို့ကို ပျပ်ဝပ်ကျိုးနွံစေ၍ ငါတို့အရှင်မင်းကြီးအား ဧကရာဇ်မင်းအဖြစ်ကို ပြုခြင်းငှာထိုက်၏။ မင်းကြီးသည် ဇမ္ဗူဒိပ်ကျွန်းတစ်ကျွန်းလုံးကို အစိုးရသဖြင့် ငါလည်း ဧကရာဇ်မင်း၏ ပုရောဟိတ်အမတ်ကြီး ဖြစ်လတ္တံ့”ဟု ကြံပြီးလျှင် နံနက်စောစောကပင် နန်းတော်သို့ဝင်၍ မင်းကြီးအား ချမ်းသာစွာအိပ်ရကြောင်း စသည်တို့ကို မေးမြန်းလျှောက်ထားပြီးသော် “အရှင်မင်းကြီး။ တစ်ခုသော တိုင်ပင်လျှောက်ထားရန် အခွင့်ရှိပါသည်” ဟုဆို၏။
ကေဝဋ်အမတ်ကြီးစကားကို ကြားလျှင် စူဠနီဗြဟ္မဒတ်မင်းသည် “ဆရာပုရောဟိတ်။ တိုင်ပင်ရန်ရှိလျှင် လျှောက်ဆိုတိုင်ပင်လော့”ဟု ဆိုလတ်သော်၊ ကေဝဋ်အမတ်သည် “အရှင်မင်းကြီး။ ယခုကျွန်ုပ်တို့တိုင်ပင်ရန် အခွင့်ကား အလွန်ခက်ခဲ၏။ သူတစ်ပါးကြားသိခြင်းငှာ မထိုက်။ ဤနန်းတော်၌လည်း နားမျက်စိ များသည်ဖြစ်၍ ဆိတ်ကွယ်ရာ မရှိ။ ထို့ကြောင့် ဥယျာဉ်တော်သို့ ထွက်တော်မူပါမှ အကျွန်ုပ်တို့ ၂-ဦးတည်း နား၄-ဘက် တိုင်ပင်ခြင်းဖြင့် တိုင်ပင်ပြောဆိုပါမည်”ဟု လျှောက်ထား၏။
စူဠနီဗြဟ္မဒတ် မင်းသည်လည်း “ဆရာ ထို့သို့တပြီးကား ကောင်းပြီ”ဟုဆို၍ များစွာသော အခြံအရံနှင့်တကွ ကေဝဋ်အမတ်ကြီးကိုခေါ်၍ ဥယျာဉ်တော်သို့ထွက်လေ၏။ ဥယျာဉ်တော်သို့ထွက်လျှင် တစ်ပါးသော မှူးမတ်အခြံအရံတို့ကို ဥယျာဉ်ပတ်လည်၌ အစောင့်အရှောက်ထားပြီးမှ ကေဝဋ်အမတ်ကြီးနှင့် ၂-ယောက်တည်းသာ ဥယျာဉ်တွင်းသို့ဝင်၍ တန်ဆာဆင်အပ်သော အင်ကြင်းပင်အောက်တွင် မြတ်သောနေရာ ကျောက်ဖျာအပြင်၌ နေကြကုန်၏။
မဟောသဓသုခမိန်က စေလွှတ်သောကျေးသားသည်လည်း မင်း,အမတ်တို့၏အမူအရာကို ရှုကြည့်ဆင်ခြင်သဖြင့် မြင်လေသော် “ဤမင်း,အမတ်တို့ ယခုပြုကျင့်သော အခြင်းအရာသည် အကြောင်းထူးရှိသည် ဖြစ်ရာ၏။ စင်စစ် အကြောင်းရှိသည်မှန်လျှင် ထိုမင်း,အမတ်တို့၏ အကြံအစည်ကို ယနေ့ပင်လျှင် ငါသိအောင်ပြု၍ ငါ၏အရှင်သုခမိန်အား ပြန်ကြားလျှောက်ဆိုရအံ့” ဟုကြံပြီးလျှင် ဥယျာဉ်သို့ပျံလတ်၍ ထိုမင်း,အမတ်တို့နေသော အင်ကြင်းပင်အခက်ကြားတွင် အရွက်ဖြင့် ဖုံးလွှမ်းရာအရပ် မင်းအမတ်တို့၏ထိပ်ပေါ်၌ ပုန်းကွယ်လျက် နားနေလေ၏။
ထိုအခါ စူဠနီဗြဟ္မဒတ်မင်းသည် “ဆရာပုရောဟိတ်။ တိုင်ပင်ရန်ရှိလျှင် လျှောက်ထားလော့”ဟုဆို၏။ ကေဝဋ်အမတ်ကြီးသည်လည်း မင်းကြီးစကားကိုကြားလျှင် “အရှင်မင်းကြီး။ အရှင့်နားတော်ကို ဤသို့ကပ်တော်မူပါလော့။ နား၄-ဘက်တိုင်ပင်ခြင်းဖြင့် လျှောက်ထားပါအံ့”ဟုဆို၍ မျက်နှာချင်း အနီးချဉ်းကပ်ပြီးသော် “အရှင်မင်းကြီး။ အကျွန်ုပ်၏စကားကို လိုက်နာတော်မူပါမည်လော။ အကယ်၍ အကျွန်ုပ်စကားကို လိုက်နာတော်မူသည်ဖြစ်အံ့ အရှင်မင်းကြီးသည် ဇမ္ဗူဒိပ်ကျွန်းအပြင်၌ ၁၀၀-သောထီးဆောင်းမင်းတို့၏ အရှင်ဧကရာဇ်မင်း ဖြစ်အံ့သည်ကား မချွတ်ရာ၏”ဟုဆို၏။
ကေဝဋ်အမတ်ကြီးစကားကိုကြားလျှင် စူဠနီဗြဟ္မဒတ်မင်းသည် ဝတ္ထုကာမဂုဏ်၌ အလွန်အလိုကြီးသော မင်းဖြစ်၍ ဝမ်းမြောက်ဝမ်းသာ မျက်နှာရွှင်လန်းလျက် “ဆရာပုရောဟိတ်။ ယုခုထက်သာလွန် ကောင်းမြတ်မည်ဟုဆိုသည်ကို အဘယ့်ကြောင့် မလိုက်နာဘဲရှိအံ့နည်း။ ဆရာ၏အကြံ တိုင်ပင်ရန်အခွင့်ကိုသာ ငါ့အားကြားလော့။ သင်၏အလိုသို့ ငါလိုက်အံ့”ဟုဆို၏။
မင်းကြီးစကားကိုကြားလျှင် ကေဝဋ်အမတ်ကြီးသည် ဤသို့ တိုင်ပင်စကား လျှောက်ထား၏။ “အရှင်မင်းကြီး များစွာသော စစ်သည်ဗိုလ်ပါတို့နှင့်တကွ ထွက်ချီတော်မူ၍ တစ်ပါးသောတိုင်းနိုင်ငံ မြို့ငယ်များကို ရှေးဦးစွာ ဝန်းရံတော်မူပါ။ ထိုသို့ဝန်းရံလျှင် ထိုပြည့်ရှင်မင်းမှစ၍ ပြည်သူပြည်သားတို့သည် ပြင်းစွာထိတ်လန့်ခြင်း ဖြစ်လတ္တံ့။ ထိုသို့ ထိတ်လန့်ခြင်းဖြစ်သောအခါ အကျွန်ုပ်သည် တံခါးငယ်ဖြင့် မြို့တွင်းသို့ဝင်၍ ထိုပြည့်ရှင်မင်းတို့ကို လက်နက်မပြဘဲ ပျပ်ဝပ်ကျိုးနွံစေကြောင်း ကောင်းစွာဆန်းကြယ်သော ပရိယာယ်ဝေဝုစ်စကားဖြင့် ဖြားယောင်းပြောဆိုရက ထိုမင်းတို့သည် အရှင်မင်းကြီးခြေတော်ရင်း၌ ကျွန်တော်မခံဘဲ မနွံမညွတ် နေဝံ့မည်မဟုတ်ရာ။ ထိုသို့ စည်းစိမ် အသက် မပျက်စီးမူ၍ မြို့ငယ်မင်းတို့ကို လက်နက်နိုင်ငံပြုတော်မူပြီးလျှင် တိုင်းကြီးပြည်ကြီး ထီးဆောင်းမင်းတို့ကိုလည်း ရှေးနည်းအတူဝန်းရံ၍ ကျိုးနွံပျပ်ဝပ်စေသဖြင့် ဤဇမ္ဗူဒိပ်ကျွန်းအပြင်၌ ၁၀၀-သော ထီးဆောင်းမင်းအပေါင်းတို့ကို နေပြည်တော်သို့ သိမ်းယူတော်မူခဲ့၍ အောင်သေသောက်ခြင်းမင်္ဂလာ ပြုအံ့ဟု ဥယျာဉ်၌နေစေပြီးသော် ထို၁၀၀-သောမင်းတို့အား အဆိပ်နှင့်ရောသော သေရည်ကိုတိုက်သဖြင့် မိမိတို့အသက်ကိုစွန့်စေပြီးလျှင် ၁၀၀-သောမင်းတို့၏သူကောင်ကို ဂင်္ဂါမြစ်၌မျှောလိုက်ပြီးမှ ကြီးလှစွာသော ရာဇဘိသေကမင်္ဂလာကိုဆောင်၍ ဇမ္ဗူဒိပ်ကျွန်းအပြင်တွင် အတုမရှိသော ဧကရာဇ်မင်း၏စည်းစိမ်တော်၌ စိုးစံတော်မူရမည်ကား မချွတ်ရာ”ဟု တိုင်ပင်စကား လျှောက်ထား၏။
စူဠနီဗြဟ္မဒတ်မင်းသည် ကေဝဋ်အမတ်ကြီး စကားကိုကြားလျှင် “ဆရာပုရောဟိတ်။ ထိုသို့တပြီးကား ကောင်းပြီ။ သင်၏အလိုသို့ ငါလိုက်အံ့”ဟုဝန်ခံ၏။
ကေဝဋ်အမတ်ကြီးလည်း “အရှင်မင်းကြီး။ ယခု အကျွန်ုပ်တို့အကြံအစည်ကို သူတစ်ပါး မသိစေကောင်း။ အရှင်မင်းကြီးနှင့် အကျွန်ုပ်သာ သိကောင်းသည့်အမှုဖြစ်၍ စကားအရှည်ပြောဆိုသဖြင့် အကျိုးမရှိပြီ။ ဥယျာဉ်မှ ထွက်တော်မူလော့”ဟုဆို၍၊ မင်းအမတ်တို့သည် နေရာကျောက်ဖျာအပြင်မှ ထသွားကြမည်ဟု ပြုကြကုန်၏။
ထိုအခါ ကျေးသားသည် စကားအလုံးစုံကို နားထောင်သဖြင့် ကြားသိပြီးသော် မိမိနားနေရာ ကေဝဋ်အမတ်၏ထိပ်ပေါ် သစ်ခက်ကြားမှ တွဲလွဲဆွဲသကဲ့သို့ပြုပြီးလျှင် သွားအံ့ဟုထသော ကေဝဋ်အမတ်၏ ဦးခေါင်းထက်သို့ မစင်စွန့်ချလိုက်၏။ ကေဝဋ်အမတ်သည် “အဘယ်နည်း”ဟု မျက်နှာမော်၍ ခံတွင်းကိုဖွင့်လျက် အထက်သို့ကြည့်၏။ ထိုသို့ကြည့်စဉ်လည်း ကျေးသားသည် ကေဝဋ်အမတ်ခံတွင်းထဲသို့ မစင်တစ်ဖန် စွန့်ချလိုက်ပြန်၏။ ကျေးသားလည်း မိမိတို့တိရစ္ဆာန်ဘာသာအားဖြင့် “ကျစ်ကျစ်”ဟူသော အသံကိုပြုလျက် သစ်ခက်ကြားမှထွက်ပြီးလျှင် ကောင်းကင်၌ လူးလားပျံဝဲ၍ လူတို့ဘာသာအားဖြင့် “ကေဝဋ်ပုဏ္ဏား။ သင်သည် နား၄-ဘက်တိုင်ပင်ခြင်းဖြင့် တိုင်ပင်သည်ဟု မှတ်ထင်အောက်မေ့၏။ ယခုမူကား ငါ့နားနှင့်သော် နား၆-ဘက် တိုင်ပင်ခြင်းသို့ ရောက်လေပြီ။ တစ်ဖန် ငါ့သခင်နားနှင့်သော် နား၈-ဘက် တိုင်ပင်ခြင်းသို့ရောက်၍၊ နောက်အဆင့်ဆင့်ကြားပြန်သဖြင့် နား အရာ, အထောင် တိုင်ပင်ခြင်းသို့ ရောက်လတ္တံ့”ဟု ဆို၏။
မင်းအမတ်တို့ကလည်း “ဤကျေးယုတ်ကို ဖမ်းကြကုန်။ ပစ်ခတ်ကြကုန်” ဟု ဆိုစဉ်ပင် လေ၏လျင်ခြင်းဖြင့် မိထိလာပြည်သို့ ရှေးရှုပြန်သွားလေ၏။ စူဠနီဗြဟ္မဒတ်မင်းသည်လည်း နန်းတော်သို့ဝင်လေ၏။
ကျေးသားသည် မိမိနေရာ မဟောသဓအိမ်သို့ ရောက်လေသော် သူတစ်ပါးတို့အား မကြားစေလိုသဖြင့် မဟောသဓသုခမိန်၏ပခုံးပေါ်၌ နား၏။ မဟောသဓသုခမိန်သည်လည်း ကျေးသား၌ ပြုမြဲသောဝတ်ကိုသိသဖြင့် “ဤ ငါ၏ကျေးသားကား သူတစ်ပါး မကြားမသိစေအပ်သောစကားကို ကြားသိခဲ့သည် ဖြစ်ရာ၏”ဟု ကြံ၍ အိမ်ထက်နေ အခြွေအရံအပေါင်းတို့ကို ဖယ်ခွာစေပြီးလျှင်၊ ကျေးသားကိုယူ၍ အိမ်အထက်ကြမ်းပြင်ကို ထွက်ပြီးမှ “ချစ်သား ကျေးတမန်။ သင် အဘယ်သို့ မြင်ခဲ့ကြားခဲ့သနည်း”ဟု မေးသည်တွင် မဟောသသုခမိန် စကားကိုကြားလျှင် ကျေးသားက ဤသို့အလုံးစုံ လျှောက်သည်ကား “အရှင်မင်းမြတ်။ အကျွန်ုပ်သည် အမှာတော်ရှိတိုင်း ၁၀၀-သော မင်းနေပြည်တို့ကို လှည့်လည်၍ ရှုကြည့်မေးမြန်းသော် တစ်ပါးသောမင်းတို့၏ ထူးသောအကြံ စိုးရိမ်ရန်အခွင့်ကို မမြင်,မကြား, မသိခဲ့ရ။ ငြိမ်ဝပ်ကြသည်ချည်းပင် ဖြစ်ပါသည်။ ကပိလတိုင်း ဥတ္တရပဉ္စာလရာဇ်ပြည် စူဠနီဗြဟ္မဒတ် အမည်ရှိသောမင်း၏ ကေဝဋ်အမည်ရှိသောအမတ်ကြီးမူကား စူဠနီဗြဟ္မဒတ်မင်းကို ဥယျာဉ်သို့ထွက်စံစေ၍ ထိုဥယျာဉ်ထဲတွင် အင်ကြင်းပင်အောက်ကျောက်ဖျာအပြင်၌ မင်း,အမတ် ၂-ယောက်တည်းသာနေလျက် မျက်နှာချင်းကပ်၍ နား၄-ဘက်တိုင်ပင်ခြင်းဖြင့် တိုင်ပင်လျှောက်ထား၏။ ထိုအခိုက်တွင် အကျွန်ုပ်လည်း ထိုအင်ကြင်းပင်အခက်ကြား၌ အရွက်ဖြင့်ဖုံးအုပ်စေလျက် ပုန်းကွယ်နားနေ၍ နားထောင်သဖြင့် ကေဝဋ်ပုဏ္ဏားအမတ်ကြီး လျှောက်သမျှစကား အလုံးစုံကို ကြားသိခဲ့ပြီးသော် ကေဝဋ်အမတ်၏ထိပ်ပေါ်၌ မစင်စွန့်ချသဖြင့်၊ တစ်ဖန် နှုတ်ခမ်းကိုဟလျက် မျက်နှာမော်၍ ကြည့်ပြန်သောအခါ၌လည်း ပုရောဟိတ်ခံတွင်းသို့ တစ်ဖန် မစင်စွန့်ချခဲ့ပြီးမှ ခြိမ်းမောင်းကြုံးပ၍ အရှင့်ထံသို့ လျင်စွာ အကျွန်ုပ်လာခဲ့ပါသည်”ဟု ကေဝဋ်အမတ်၏တိုင်ပင်ဟန် အကြံအစည်စကားအလုံးစုံကို ကြားမြင်ခဲ့တိုင်း မဟောသဓသုခမိန်အား ပြန်ကြားလျှောက်ထား၏။
မဟောသဓသုခမိန်သည်လည်း ကျေးသား၏စကားကိုကြားလျှင် “ချစ်သား ကျေးသားတမန်။ ထိုသို့ ကေဝဋ်အမတ် တိုင်ပင်လျှောက်ထားသောအခါ စူဠနီဗြဟ္မဒတ်မင်း ဝန်ခံ၏လော့”ဟု မေး၏။ ကျေးသားသည်လည်း “အရှင်မင်းမြတ်။ စူဠနီဗြဟ္မဒတ်မင်းလည်း ကေဝဋ်အမတ်စကားကို “ကောင်းပြီ”ဟု ဝမ်းမြောက်ဝမ်းသာပင် ဝန်ခံပါသည်”ဟု လျှောက်၏။
မဟောသဓသုခမိန်သည် ကျေးသား၏စကားကို ကောင်းစွာနှလုံးထားပြီးလျှင် ကျေးသားအား ပျားရည်နှင့်ရောသော ပေါက်ပေါက်, ပျားရည်, သကာရည်တို့ကိုတိုက်ကျွေးပြီးလျှင် ရွှေချိုင့်၌ထည့်၍ နူးညံ့စွာသော ပုဆိုးအဝတ် အထပ်ထပ်ဖြင့် စီရင်အပ်သောအခင်းပေါ်၌ ကောင်းမွန်စွာထားလေသတည်း။
ဤသို့ ကျေးသားလျှောက်ထားသော စကားအလုံးစုံကို မဟောသဓသသုခမိန် ကြားသိရသည်ဖြစ်သောကြောင့် ဤသို့ကြံသည်မှာ “စူဠနီဗြဟ္မဒတ်မင်း၏အမတ်ဖြစ်သော ကေဝဋ်ပုဏ္ဏားသည် ဝိဒေဟရာဇ်မင်းကြီး၏ စစ်ဘုရင်ဖြစ်သော မဟောသဓသုခမိန် ပညာရှိကြောင်းကို မကြား,မသိလေသည်ထင်၏။ ထိုကေဝဋ်အမတ်သည် ၁၀၀-ပြည်ထောင်သားနှင့် ငါတို့ပြည်သို့လာ၍ နှောင့်ယှက်စစ်တက်ခဲ့လျှင် ငါ၏ပညာစွမ်းဖြင့် မိမိတို့အကြံအတိုင်း မပြီးမမြောက်နိုင်သည်ကို ဖြစ်စေအံ့ဟုကြံပြီးလျှင်၊ မြို့တွင်း၌ရှိသော လူဆင်းရဲဟူသမျှတို့ကို မြို့ပြင် မိမိတို့ပျော်ရာအရပ်တွင် နေစေ၍၊ ကျေးလက်, မြို့ငယ်, ရွာ, နိဂုံး, ဇနပုဒ်တို့၌ စည်းစိမ်ဥစ္စာနှင့် ပြည့်စုံသောသူတို့ကိုလည်း သိမ်းယူခေါ်စေပြီးလျှင် မြို့တွင်း၌ နေစေ၏။ ထိုမြို့တွင်း၌ အစုစုအရပ်ရပ် ရှိသမျှသော စပါးကျီတို့ကိုလည်း စပါးအပြည့်အနှက် သွင်းထားစေ၏။