2744မဟောသဓဇာတ်တော်ကြီး — ၃၈။ မိထိလာပြည်သို့ စစ်ချီခန်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

မင်းပရိသတ်အပေါင်းတို့သည်လည်း စေလွှတ်လိုက်သော သူရဲ၁၀၀၀-တို့ သေအိုး, အရက်အိုး, စားဖွယ်သောက်ဖွယ်နှင့်တကွ မင်းနေရာတို့ကို ဖျက်ဆီး၍သွားကြောင်းနှင့် စူဠနီဗြဟ္မဒတ်မင်းအား လျှောက်ကြားကြကုန်၏။

စူဠနီဗြဟ္မဒတ်မင်းသည် ပရိသတ်တို့စကားကိုကြားလျှင် “ငါသည် ၁၀၀-သောမင်းတို့အား အဆိပ်နှင့်ရောသောသေကို သောက်စေအံ့ဟု အကြံရှိ၍စီရင်သည်ကို မိထိလာပြည်သားသူရဲတို့ ဖျက်ဆီးရမည်လော”ဟု ပြင်းစွာအမျက်ထွက်တော်မူသည်ဖြစ်၍၊ ၉-ကျိပ် ၉-ယောက်ကုန်သော မင်းတို့သည်လည်း “ငါတို့အား ကြီးစွာသော အောင်သေသောက်ခြင်းမင်္ဂလာကို ဆောင်အံ့ဟု ယခု စီရင်ခင်းကျင်းလျက်နေသည်ကို မဟောသဓသုခမိန်သည် အဘယ့်ကြောင့် ဖျက်ဆီးရအံ့နည်း”ဟူ၍ ပြင်းစွာအမျက်ထွက်ကြကုန်၏။ မင်းပရိသတ်, မှူးမတ်, သူရဲအပေါင်းတို့သည်လည်း “ငါတို့အား ကြီးစွာသော မင်းကြီး၏အောင်ပွဲသဘင်တော်၌ ရွှင်ပျော်မြူးထူး အထူးထူးသော စားဖွယ်သောက်ဖွယ်တို့ကို စားသောက်၍နေကြပါမည်ကို မဟောသဓသုခမိန်သည် အဘယ့်ကြောင့် ဖျက်ဆီးရအံ့နည်း”ဟု အမျက်ထွက်ကြကုန်၏။

စူဠနီဗြဟ္မဒတ်မင်းသည် ထီးဆောင်းမင်းအပေါင်းတို့ကို ခေါ်စေပြီးလျှင်-“မင်းအပေါင်းတို့။ ယခု ငါတို့ အောင်သေသောက်အံ့သော အစီအရင်ကို မိထိလာပြည်သား သူရဲ ၁၀၀၀-တို့ ဖျက်ဆီးထိုက်သည်မဟုတ်။ ထိုသို့ဖြစ်သောကြောင့် ယခုပင် မိထိလာပြည်သို့ချီ၍ ဝိဒေဟရာဇ်မင်းကြီးကိုဖမ်းယူလျက် ထိုမင်း၏လည်ကို သန်လျက်ဖြင့် ကွပ်မျက်ပြီးလျှင် ထိုမင်း၏အကောင်ပေါ်၌ ခြေနင်း၍ အောင်သေကို သောက်ကြကုန်အံ့။ ယခုပင် အသီးသီး စစ်အင်္ဂါကိုခန့်ထားစီရင် ခင်းကျင်းကြချေ”ဟုဆို၏။

ထိုထီးဆောင်းမင်းအပေါင်းတို့လည်း စူဠနီဗြဟ္မဒတ်မင်းဆိုတိုင်း ဆိုင်ရာစစ်အင်္ဂါကို အသီးသီးခန့်ထားစီရင်ကြကုန်သဖြင့် ၁၈-ခေါဘဏီ အရေအတွက်ရှိသော စစ်သည်အပေါင်းတို့သည် မိထိလာပြည်သို့ ချီအံ့သောအရာဖြင့် ခင်းကျင်းလျက်နေကြကုန်၏။ စူဠနီဗြဟ္မဒတ်မင်းသည်လည်း ကေဝဋ်အမတ်ကို ဆိတ်ကွယ်ရာသို့ ခေါ်ပြီးလျှင် “ဆရာအမတ်ကြီး၊ ထီးဆောင်းမင်းအပေါင်းခြံရံလျက် ၁၈-ခေါဘဏီအရေအတွက်ရှိသော စစ်သည်ဗိုလ်ပါနှင့်တကွ မိထိလာပြည်သို့ ချီကြကုန်အံ့”ဟု မိန့်တော်မူ၏။

မင်းကြီးစကားကိုကြားလျှင် ကေဝဋ်အမတ်ကြီးသည် လာလတ္တံ့သောအရေးကို တွေးခေါ်မြင်မြော်တတ်သော ပညာရှိဖြစ်၍ ဤသို့ကြံ၏။ “ငါသည် မဟောသဓထက်လွန်၍ ပညာအကြံအစည် မရှိနိုင်ချေ။ စင်စစ်သဖြင့် မိထိလာပြည်ကို တိုက်ဖျက်ခြင်းငှာ လုံ့လပြုငြားသော်လည်း ငါတို့အား အရှက်ရရုံမျှသာ ဖြစ်ရာ၏။ ထို့ကြောင့် မိထိလာပြည်သို့ မချီစေခြင်းငှာ မင်းကြီးကို တားမြစ်အံ့”ဟု ကြံပြီးသော် ဤသို့လျှောက်ထား၏။

“အရှင်မင်းကြီး။ ယခု သူရဲ၁၀၀၀-ကိုစေလွှတ်၍ သေအိုး, အရက်အိုးကို ခွဲဖျက်စေသောအရာသည် ဝိဒေဟရာဇ်မင်း၏အကြံ မဟုတ်။ မဟောသဓ၏ အကြံအစည်သာတည်း။ မဟောသဓသည် ဘုန်းပညာအကြံအစည် လွန်စွာပြည့်စုံသည်ဖြစ်၍ ခြင်္သေ့စောင့်သောရွှေဂူကဲ့သို့ မိထိလာပြည်ကို ရန်သူတို့နှောင့်ယှက်ခြင်းငှာ မစွမ်းနိုင်ရာ။ ယခု အလိုတော်အတိုင်း မိထိလာပြည်ကိုချီ၍ ဝန်းရံတိုက်ဖျက်ငြားသော်လည်း အကျွန်ုပ်တို့အား အရှက်ရရုံမျှ ဖြစ်မည်ထင်ပါသည်။ ထို့ကြောင့် မိထိလာပြည်သို့ ချီတော်မူမည့်အကြံကို အကျွန်ုပ် မနှစ်သက်ပါ”ဟု လျှောက်၏။

ကေဝဋ်အမတ်ကြီးတင်သော စကားကိုကြားလျှင် စူဠနီဗြဟ္မဒတ်မင်းသည် စည်းစိမ်မာန်ယစ်၍ “ဝိဒေဟရာဇ်မင်းကို အဘယ့်ကြောင့် ငါသည် ကြောက်အံ့နည်း။ ယခု ဝိဒေဟရာဇ်မင်းကို ဖမ်းယူအံ့”ဟုဆိုလျက် ကေဝဋ်အမတ်စကားကိုပယ်၍ ထီးဆောင်းမင်းအပေါင်းတို့ဖြင့်ခြံရံလျက် ၁၈-ခေါဘဏီ အရေအတွက်ရှိသော စစ်သည်ဗိုလ်ပါများစွာနှင့် မိထိလာပြည်သို့ ချီလေ၏။ ကေဝဋ်အမတ်သည် မိမိအလိုမရှိ၍ မင်းကြီးအယူနှင့် မပြိုင်မိကြသော်လည်း မနေရစ်ဝံ့သောကြောင့် မင်းကြီးနှင့်အတူ ဝိဒေဟရာဇ်တိုင်း မိထိလာပြည်သို့ချီရာ လိုက်ရလေ၏။

စူဠနီဗြဟ္မဒတ်မင်းကြီးချီ၍ ပဉ္စာလရာဇ်ပြည်မှ တစ်ညဉ့်ရှိလျှင် ၁၈-ခေါဘဏီအရေအတွက်အားဖြင့် စစ်သည်ဗိုလ်ပါများခြင်းကြောင့် ရှေးဦးစွာချီသောတပ်သည် မိထိလာပြည်သို့ ရောက်နှင့်လေ၏။ မဟောသဓသုခမိန်က ၁၀၀-သောမင်းတို့၌ တစ်ယောက်စီထားသော သူလျှိုအမတ် ၁၀၀-တို့သည်လည်း “အရှင်သုခမိန်။ မိထိလာပြည်ကို သိမ်းယူအံ့သောငှာ စူဠနီဗြဟ္မဒတ်မင်းကြီးချီ၍ မည်သည့်အရပ်သို့ ယခုရောက်ပြီ။ မမေ့မလျော့ လုံ့လပြုတော်မူပါ”ဟု စခန်းစစ်, စခန်းထောက်ကိုချင့်၍ အဆင့်ဆင့် နေ့တိုင်းမပြတ် မဟောသဓထံသို့ လျှောက်စာနှင့် စေလွှတ်ကြကုန်၏။ မဟောသဓသုခမိန်သည်လည်း သူလျှိုအမတ်တို့စကားကို ကြားရသဖြင့် “ယနေ့ကား ဤအရပ်၌ မင်းကြီး စခန်းချနေ၏။ ဤနေ့ကား ငါတို့ပြည်သို့ စူဠနီဗြဟ္မဒတ်မင်း ရောက်လာလတ္တံ့”ဟု မင်းကြီးတပ်ချသောစခန်းကိုသိလျက် မပြတ်လျှင် မမေ့မလျော့ လုံ့လပြု၏။ ဝိဒေဟရာဇ်မင်းကြီးသည်လည်း စူဠနီဗြဟ္မဒတ်မင်း မိထိလာပြည်ကို သိမ်းယူအံ့သောငှာ များစွာသော စစ်သည်ဗိုလ်ပါနှင့်ချီ၍ ဤမည်သောအရပ်သို့ ရောက်ပြီဟု စကားအဆင့်ဆင့်ကြားသဖြင့် သိလေ၏။

စူဠနီဗြဟ္မဒတ် မင်းကြီးသည် ထိုသို့ အစဉ်အတိုင်းချီ၍ မိထိလာပြည်သို့ရောက်သည့်နေ့ကား နေဝင်သဖြင့် ညဉ့်အချိန်ဖြစ်မှ ရောက်လေသတည်း။ ထိုမိထိလာပြည်သို့ ညဉ့်အချိန်ဖြစ်မှ ရောက်လတ်သော် စူဠနီဗြဟ္မဒတ်မင်းသည် သင့်ရာအရပ်၌ အသိန်းအသန်းမကမီးရှူးတို့ဖြင့် ထွန်းလင်းစေလျက် တပ်တော်ချနေစေပြီးလျှင် ထိုညဉ့်တွင်းပင် အဝန်း ၇-ယူဇနာကျယ်စွာသော မိထိလာပြည်ကို ဆင်တစ်တပ်, မြင်းတစ်တပ်, ရထားတစ်တပ် ဝန်းရံစေ၍၊ ထိုဆင်, မြင်း, ရထားတို့၏ သင့်ရာအကြားအကြားတို့၌ ၁၈-ခေါဘိဏီ အရေအတွက်ရှိသော ဗိုလ်ပါသူရဲအပေါင်းတို့ ဝန်းရံစေလျက် အထူးထူးအပြားပြား များစွာသော တီးမှုတ်မျိုးတို့ကိုလည်း တီးမှုတ်စေ၏။ စစ်သည် သူရဲအပေါင်းတို့သည်လည်း ကခြင်း, ခုန်ခြင်း, လက်ပမ်းပေါက်ခတ်ခြင်း, ကြွေးကြော်ခြင်း, ဆင် မြင်း လှံ ဓားကစားခြင်း, “ယခုပင် ဝိဒေဟရာဇ်မင်းကို ဖမ်းကြကုန် ထိုးပစ်ကြကုန်”ဟု ခြိမ်းခြောက်ခြင်း စသည်တို့ဖြင့် မြူးထူးထောင်လွှားကြကုန်၏။ အသိန်းအသန်းမကသော မီးရှူးအရောင်တို့ဖြင့်လည်းကောင်း, စစ်သည်ဗိုလ်ပါတို့၌ ဆင်သောတန်ဆာအရောင်တို့ဖြင့်လည်းကောင်း, အဝန်း၇-ယူဇနာကျယ်သော မိထိလာပြည်အလုံး တစ်ပြိုင်နက်လင်းသည်သာ ဖြစ်ကုန်၏။ ဆင်, မြင်း, ရထား, ခြေသည် ဗိုလ်ပါသူရဲတို့၏အသံဖြင့်လည်းကောင်း၊ တိုက်စစ်, တိုက်မောင်း အသောင်းအသိန်းမကသော တီးမှုတ်မျိုးတို့၏အသံဖြင့် လည်းကောင်း ဤမဟာပထဝီမြေကြီးသည် ဖရိုဖရဲ ကွဲအံ့သကဲ့သို့ ပဲ့တင်ထပ်မျှဖြစ်၏။

ထိုအခါ သေနကအစရှိသော အမတ် ၄-ယောက်တို့သည် အုတ်အုတ်ကျက်ကျက် ကြောက်မက်ဖွယ်သော အသံကိုကြား၍ အကြောင်းကိုမသိသဖြင့် ဝိဒေဟရာဇ်မင်းကြီး၏ နန်းတော်သို့ဝင်ပြီးလျှင် “အရှင်မင်းကြီး။ ယခု မြို့ထက်ဝန်းကျင်၌ အုတ်အုတ်ကျက်ကျက် ကြောက်မက်ဖွယ်ကြားရသောအသံသည် မည်သို့အကြောင်းဖြစ်မည် မသိကုန်။ ထို့ကြောင့် ထိုအသံကိုသိရအောင် စုံစမ်းတော်မူမှ သင့်ပါမည်”ဟု လျှောက်ထားကြကုန်၏။

ဝိဒေဟရာဇ်မင်းကြီးသည်လည်း အမတ်ကြီးတို့၏စကားကိုကြားလျှင် “စူဠနီဗြဟ္မဒတ်မင်းပင် ချီတက်၍ ရောက်လာသည်မသိ”ဟု ကြံလျက် နန်းတော်လေသာပြတင်းကို ဖွင့်လှစ်၍ကြည့်လတ်သော် များစွာသော စစ်သည်ဗိုလ်ပါအပေါင်း ဝန်းရံသည်ကိုမြင်လျှင် စူဠနီဗြဟ္မဒတ်မင်း လာသောအဖြစ်ကိုသိသဖြင့် ပြင်းစွာကြောက်လန့်ခြင်း ရှိသည်ဖြစ်၍ “အမတ်တို့ ယခု မိုးသောက်ရောက်က ငါတို့သည် ပြည်သူပြည်သားနှင့်တကွ ရန်သူလက်သို့ရောက်၍ စည်းစိမ်အသက် ပျက်စီးရတော့မည် မချွတ်ရာပြီ”ဟု ပြောဆိုလျက် တစ်စုံတစ်ယောက်သောသူမျှ ဆီးဆို့အံ့သောအခြင်းအရာကို မကြံနိုင်၊ မှိုင်တွေညှိုးငယ်စွာ ဖြစ်ကြကုန်၏။

ဘုရားလောင်း မဟောသဓသုခမိန်သည် စူဠနီဗြဟ္မဒတ်မင်း ရောက်ကြောင်းကိုသိလျှင် ရွှေဂူမှထွက်သော ကေသရာဇာခြင်္သေ့မင်းကဲ့သို့ ကြောက်ရွံ့ထိတ်လန့်ခြင်းကင်းလျက် မိထိလာပြည်အလုံးကို မြို့စီး, မြို့နင်း စစ်သည် ဗိုလ်ပါများစွာနှင့် အကြီးအကြပ်ခန့်ထား၍ ရန်သူမချဉ်းဝံ့အောင် အစောင့်အနေစီရင်ပြီးသော်၊ “မင်းကြီးကိုလည်း နှစ်သိမ့်စေအံ့”ဟု နန်းတော်သို့ဝင်ပြီးလျှင် ဝိဒေဟရာဇ်မင်းကြီးကို ရှိခိုးလျက် သင့်အပ်သောအရပ်၌ နေ၏။

ဝိဒေဟရာဇ်မင်းကြီးသည် မဟောသဓသုခမိန်ကိုမြင်လျှင် သက်သာရာရသည်ဖြစ်၍၊ “ဤယခုရောက်သော ဆင်းရဲမှလွတ်စေခြင်းငှာ စွမ်းနိုင်သောသူမည်သည် ငါ့သားမဟောသဓမှတစ်ပါး မရှိ။ ငါ့သားသုခမိန်သာ စွမ်းနိုင်ရာ၏”ဟု စိတ်တော်ကကြံလျက်၊ မဟောသဓသုခမိန်နှင့် စကားပြောဟောလိုသောကြောင့် ဂါထာ ၁၀၀၀-တို့ဖြင့် တန်ဆာဆင်အပ်သော ဤမဟောသဓပဏ္ဍိတဇာတ်၏ ရှေးဦးသော “ပဉ္စာလော သဗ္ဗသေနာယ” အစရှိသော ၈-ဂါထာဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

ငါ့သား မဟောသဓ။ ပဉ္စာလရာဇ်မင်းသည် များစွာသောစစ်သည်ဗိုလ်ပါနှင့် ယခုငါတို့ပြည်ကို ဝန်းရံလျက် နေ၏။ ငါကြားဖူးသည်ကား- ထိုပဉ္စာလရာဇ်မင်း၏ စစ်သည်ဗိုလ်ပါအရေအတွက် ၁၈-ခေါဘိဏီရှိသည်ဟု ကြားဖူး၏။ ထိုစစ်သည်အပေါင်း၌ တံစဉ်းသမား, ဗိသုကာ, ပန်းရံ၊ ပန်းပဲ, လက်သမားနှင့်လည်း ပြည့်စုံ၏။”

“စစ်မြေအရပ်၌ လိမ္မာရဲရင့်စွာ တစ်ဘက်၏စစ်သည်ဘောင်သို့ မထင်မရှားသောကိုယ်ဖြင့်ဝင်၍ ဦးလည်အညွန့်ကို ဆွတ်ခူးဆောင်ယူတတ်သော သူရဲကောင်းများနှင့်လည်း ပြည့်စုံ၏။ ဆင်သံ, မြင်းသံ, ရထားသံအစရှိသော အသံ ၁၀-ပါးတို့ဖြင့်လည်း ပြွမ်းကြကုန်၏။”

“ပဟိုရ်စည်မောင်း, ခေါင်းလောင်း, ခရုသင်း, ဒုံမင်း, နှဲ, ခရာ, ပတ်သာ, စည်ပုတ် အစရှိသော တီးမှုတ်မျိုးတို့ဖြင့်လည်းကောင်း၊ “ထိုးလှည့်ကုန်, သတ်လှည့်ကုန်” ဟူသော အသံတို့ဖြင့်လည်းကောင်း မပြတ်ဆော်နှိုးကြကုန်၏။ မင်း, အမတ်, ဗိုလ်မှူး, စစ်သူကြီး, သူရဲကောင်းတို့၌ ရတနာ ၇-ပါးဖြင့်ပြီးသောတန်ဆာတို့ကို သံနန်းချည်ဖြင့်ချုပ်၍၊ ချပ်,မိန်ညို မောက်တို, မောက်လူ, သရဖူနရကင်း လုပ်ကုန်လျက် တန်ဆာဆင်ကြကုန်၏။ ထိုငွေချပ်ဝတ်၊ ရွှေချပ်ဝတ်၊ ပတ္တမြား, ပုလဲ, ကျောက်မျက်ရွဲ အစရှိသော ရတနာမိန်ညိုချပ်ဝတ် သူရဲကောင်းမင်းအမတ်တို့၏ တန်ဆာအရောင်တို့သည်လည်း တပြောင်ပြောင် တလက်လက်တောက်ပကြကုန်၏။ များစွာသောရထားဦးတို့၌ အသီးသီးစိုက်ဆောက်အပ်သော အောင်လံရွှေရွက်တို့သည်လည်း တလက်လက်တလျှပ်လျှပ် လွင့်ကြကုန်၏။ ဆင်, မြင်း, ရထား တစ်ခုတစ်ခုတို့၏ အကြားအကြားတို့၌ လှံ, ဓား, လေးမြား, လွှား, လက်စွဲလျက်၊ မိန်ညို, ချပ်ဝတ် သူရဲကောင်းတို့သည်လည်း လက်ဝဲ လက်ယာ စီကာတက်၍ ကျင်းပကြကုန်၏။ ဆင်စီး၊ မြင်းစီး အစရှိသည်ကို တတ်ကုန်သော သူရဲကောင်းတို့သည်လည်း ဆင်ရေး, မြင်းရေး, လက်နက်ရေးတို့ဖြင့် ကစားမြူးရွှင်ကြကုန်၏။”

“ကေသရာဇာခြင်္သေ့မင်းကဲ့သို့ ထိတ်လန့်ရွံ့ရှာခြင်းမရှိသော ဗိုလ်မှူးစစ်သူကြီးအပေါင်းတို့သည်လည်း အကြီးအကြပ်ခန့်ထား၍ အသီးအသီး စီရင်ဆောင်ရွက်ကုန်၏။ စူဠဗြဟ္မဒတ်မင်း၏ စစ်သည်အပေါင်း၌ မြေကြီးအထုနှင့်တူသော ပညာရှိသုခမိန်ကား တစ်ကျိပ်ရှိသည်ဟု ကြားဖူး၏။ ထိုပညာရှိတစ်ကျိပ်တို့သည် ဆိတ်ကွယ်ရာ တိုင်ပင်ညီညွတ်၍ ခပ်သိမ်းကုန်သော အရေးအခွင့်တို့ကို စီရင်လေ့ရှိကြကုန်၏။”

“စူဠနီဗြဟ္မမင်း၏အမိဖြစ်သော စလာကဒေဝီ မိဖုရားနှင့်သော်ကား ပညာရှိ တစ်ကျိပ်တစ်ယောက် ဖြစ်ကုန်၏”