မိဂါလောပဇာတ်
ဆက္ကနိပါတ် - အဝါရိယဝဂ်
၆။ မိဂါလောပဇာတ်
ပညာရှိတို့စကားကိုမနာယူ၍ ပျက်စီးရခြင်း
ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် န မေ ရုစ္စိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမိဂါလောပဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဆိုနိုင်ခက် သော တစ်ယောက်သော ရဟန်းကို အကြာင်း ပြု၍ ဟောတော်မူ၏။
ပစ္စုပ္ပန်ဝတ္ထု... သဗ္ဗညူမြတ်စွာဘုရားသည် ထိုရဟန်းကို ခေါ်တော်မူ၍ ရဟန်း... သင်သည် ဆိုနိုင်ခက်သတတ်ဟူသည် မှန် သလော ဟု မေးတော်မူ၍ အရှင်ဘုရား... မှန်ပေ၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်း... သင်သည် ယခုအခါ၌ သာလျှင် ဆိုနိုင်ခက်သည် မဟုတ်သေး၊ ရှေး၌လည်း ဆိုနိုင်ခက်ဖူးပြီ၊ ဆိုနိုင်ခက်သည်၏ အဖြစ်ကို မှီ၍ ပညာရှိတို့စကားကို နားမထောင်မူ၍ ဝေရမ္ဘလေဝ၌ ပျက်စီးခြင်းသို့ ရောက်ဖူးပြီ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် လင်းတမျိုး၌ဖြစ်၍ အပနန္ဒအမည်ရှိ၏။ ထိုအပနန္ဒ လင်တမင်းသည် လင်းတအပေါင်း ခြံရံလျက် ဂိဇ္ဈကုဋ်တောင်၌ နေ၏။
အလွန်မြင့်စွာ ပျံလျှင်
ထိုအပနန္ဒ လင်းတမင်း၏သားသည် မိဂါလောပ မည်၏။ အားအစွမ်းနှင့် ပြည့်စုံ၏။ ထိုမိဂါလောပ လင်းတသည် တစ်ပါးကုန်သော လင်းတတို့၏ အပိုင်းအခြားကို လွန်၍ အလွန်မြင့်စွာပျံ၏။ လင်းတတို့သည် သင်၏ သားသည် အလွန်မြင့်စွာပျံ၏ ဟု လင်းတမင်းအား ကြားကုန်၏။
ပျက်စီးတတ်သည်
လင်းတမင်းသည် သားကိုခေါ်၍ အမောင် သင်သည် အလွန်မြင့်စွာ ပျံသတတ်၊ အလွန်မြင့်စွာပျံသော လင်းတသည် အသက်ကုန်ခြင်းသို့ ရောက်လတ္တံ့ ဟု ဆိုလို၍ -
အတုစ္စံ တာတ ပတသိ၊ အဘူမိံ တာတ သေဝသိ။
တတော တာတ နိဝတ္တဿု၊ မာဿု ဧတ္တော ပရံ ဂမိ။
အက္ခိတ္တာ ဝါတဝေဂေန၊ နဋ္ဌာ တေ သဿတီသမာ။
ဟူသော ဤသုံးဂါထာတို့ကို ဆို၏။
၃၄။ တာတ မိဂါလောပ၊ ချစ်သား မိဂါလောပ။ တွံ၊ သင်သည်။ အတုစ္စံ၊ အလွန်မြင့်စွာ ပတတိ၊ ပျံ၏။ တာတ မိဂါလောပ၊ ချစ်သား မိဂါလောပ။ တွံ၊ သင်သည်။ အဘူမိံ၊ အရာမဟုတ်သည်ကို။ သေဝသိ၊ မှီဝဲ၏။ ယဿ တေ၊ အကြင်သင်၏။ တာဒိသီ၊ ထိုသို့သဘောရှိသော။ ဂတီ၊ အလွန်မြင့်စွာ ပျံခြင်းကို။ မေ၊ ငါသည်။ န ရုစ္စိ၊ မနှစ်သက်။
၃၅။ တာတ မိဂါလောပ၊ ချစ်သားမိဂါလောပ။ ယဒါ၊ အကြင် အခါ၌။ တေ၊ သင့်အား။ ပထဝီ၊ မြေသည်။ စတုက္ကဏ္ဏံ၊ လေးထောင့်ရှိသော။ ကေဒါရံဝ၊ လယ်ကဲ့သို့။ သိယာ၊ ထင် သည်ဖြစ်အံ့။ တတော၊ ထိုအရပ်မှ။ နိဝတ္တဿု၊ ပြန်ခဲ့လော့။ ဧတ္တော၊ ဤထက်။ ပရံ၊ လွန်စွာ။ မာဿု ဂမိ၊ မပျံလင့်။ အညေပိ၊ သင်မှတစ်ပါးလည်း ဖြစ်ကုန်သော။ ဝိဟင်္ဂမာ၊ ကောင်းကင်သို့ ပျံကုန်သော။ ပတ္တယာနာ၊ အတောင်ဟူသော ယာဉ်ရှိကုန်သော။ သကုဏာ၊ လင်းတတို့သည်။ သန္တိ၊ ရှိကုန်၏။ သဿတီသမာ၊ မိမိကိုယ်ကို အမြဲတည်သော မြေ တောင် အစရှိသည်တို့နှင့်အတူ ထင်ကုန်သော။ တေ၊ ထိုလင်းတတို့သည်။ ဝါတဝေဂေန၊ လေ၏အဟုန်ဖြင့်။ အက္ခိတ္တာ၊ လွှင့်အပ် ကုန်သည်ဖြစ်၍ နဋ္ဌာ၊ မိမိ အနှစ်တစ်ထောင်ရှိသော အသက် အတိုင်းအရှည်ကို မပြည့်စေမူ၍ ပျက်စီးကုန်၏။
တန်ဆေးလွန်ဘေး
မိဂါလောပ လင်းတသည် အဆုံးအမကို မခံသည်၏ အဖြစ်ကြောင့် အဖစကားကို နားမထောင်မူ၍ ပျံသဖြင့် အဖသည် ကြားအပ်သော အပိုင်းအခြားကိုမြင်၍ ထိုအပိုင်းအခြားကို လွန်၍ ကာလလေသို့ ရောက်၏။ ထိုကာလလေကိုလည်း လွန်၍ ပျံသည်ရှိသော် ဝေရမ္ဘ လေဝသို့ ရောက်၏။ ထိုအခါ ထိုမိဂါလောပ လင်းတကို ဝေရမ္ဘလေတို့သည် ခတ်ကုန်၏။ မိဂါလောပ လင်းတသည် ဝေရမ္ဘ လေတို့သည် ခတ်ကာမျှ ၌လျှင် အပိုင်းအပိုင်းပြတ်၍ ကင်းကင်၌ ကွယ် ပျောက်လေ၏။
သဗ္ဗညူ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍-
ကာလဝါတေ အတိက္ကမ္မ၊ ဝေရမ္ဘာနံ ဝသံ အဂါ။
သဗ္ဗေ ဗျသနမာပါဒုံ၊ အနောဝါဒကရေ ဒိဇေ။
အတိသီမစရော ဒိတ္တော၊ ဂိဇ္ဈောဝါတီတသာသနော။
သဗ္ဗေ ဗျသနံ ပပ္ပေါန္တိ၊ အကတွာ ဝုဒ္ဓသာသနံ။
ဟူကုန်သော ဤဂါထာတို့ကို ဟောတော်မူ၏။
၃၇။ ဘိက္ခဝေ၊ ရဟန်းတို့။ မိဂါလောပေါ၊ မိဂါလောပ လင်းတသည်။ ဝုဒ္ဓဿ၊ ကြီးသော။ ပိတု၊ အဖဖြစ်သော။ အပနန္ဒဿ၊ အပနန္ဒ၏။ သာသနံ၊ အဆုံးအမကို။ အကတွာ၊ နားမထောင်မူ၍။ ကာလဝါတေ၊ ကာလလေတို့ကို။ အတိက္ကမ္မ၊ လွန်၍။ ဝေရမ္ဘာနံ၊ ဝေရမ္ဘလေတို့၏။ ဝသံ၊ နိုင်ငံသို့။ အဂါ၊ ရောက်၏။
၃၈။ တဿ၊ ထိုမိဂါလောပ လင်းတ၏။ ပုတ္တာ စ၊ သားတို့သည်လည်းကောင်း။ ဒါရာ စ၊ မယားတို့သည်လည်းကောင်း။ အညေ၊ တပါးကုန်သော။ အနုဇီဝိနော၊ မိဂါလောပ လင်းတကိုမှီ၍ အသက်မွေးကုန်သော။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော ယေ စ၊ အကြင်လင်းတတို့သည်လည်းကောင်း။ ဒိဇေ၊ မိဂါလောပ လင်းတသည်။ အနောဝါဒကရေ၊ အဆုံးအမကို နားမထောင်သည်ရှိသော်။ ဗျသနံ၊ ပျက်စီးခြင်းသို့။ အာပါဒုံ၊ ရောက်ကုန်၏။
၃၉။ ဧဝမ္ပိ၊ ဤအတူလည်း။ ဣဓ၊ ဤသာသနာတော်၌။ ဝုဒ္ဓါနံ၊ ကြီးသောသူတို့၏။ ဝါကျံ၊ စကားကို။ ယော၊ အကြင်သူသည်။ နာဝ ဗုဇ္စျတိ၊ မသိသလျှင်ကတည်း။ အတိသီမစရော၊ အပိုင်း အခြားကို လွန်၍ ကျင့်၏။ ဒိတ္တော၊ ကြမ်း တမ်း၏။ အတီတသာသနော၊ အဆုံးအမကို လွန်၏။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ တေ၊ ထိုသူတို့သည်။ ဝုဒ္ဓသာသနံ၊ ကြီးသောသူတို့၏ အဆုံးအမကို။ အကတွာ၊ နားမထောင်မူ၍။ ဂိဇ္ဈောဝ၊ မိဂါလောပ လင်းတကဲ့သို့။ ဗျသနံ၊ ပျက်စီးခြင်းသို့။ ပပ္ပေါန္တိ၊ ရောက်ကုန်၏။
ဇာတ်ပေါင်း... သဗ္ဗညူ မြတ်ဘုရားသည် ဤဓမ္မဒေသနာကိုဆောင်တော်မူ၍ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ အပနန္ဒမည်သော လင်းတမင်း ဖြစ်ဖူးပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။
ကြီးသူဆုံးမ၊ လွန်ပါက၊ မုချပျက်စီးရာ
ခြောက်ခုတို့၏ ပြည့်ကြောင်းဖြစ်သော မိဂါလောပဇာတ်သည် ပြီး၏။
*****