မိန်ရာသီ တပေါင်းလဘွဲ့ ညည်းချင်း (၂)
အော် - ခါချိန်အစဉ်၊ မိန်အရှဉ်ကို
သဉ်ကြာညောင်မြင့်၊ ကိုးရောင်ပွင့်မှာ
တင့်သီတဂူ၊ တရထည်လေ့
ငါးအင်ကြွေ့တဲ့၊ ပင်မွေ့သူတို့
လွမ်းမူငယ်ကြွယ်မောက်၊ ပြယ်မပျောက်အောင်
လွယ်နောက်ကယ်သိုင်းတင်၊ သင်တိုင်းရှင်လဲ
သဘင်မြူးခိုက်၊ ခေါင်ကြူးကြိုက်မို့
စူးစိုက်ကယ်စဉ်လာ၊ ကျောက်စွယ်ခါးပန်း
သူတို့မြန်းတဲ့၊ တောင်နန်းသာမှာ
ဇာလာလျှံပွင့် လင်းတော့တယ်။
ပိုက်မှူးငယ်တငါ၊ တောင်တင်သံလေး
ရိုက်ညံပေးလို့ ၊ ရိုဟေးငယ်ငြာသည်
ဘာသာဖန်တီးလို့ ခင်းတော့တယ်။
သုံးမည်ငယ်ဝှီထိ၊ အံသုမာလီ
လျှံဝါချီသည်၊ ဗာဟီထိလို့
အာဒိဂိမှေ၊ သည်ချိန်နွေကို
တိမ်ဖြေစည်းအောင် ဘယ်နည်းဆောင်ပါ့မယ်။
လေးချိုးသဖြန်
ရှစ်ဘောင်လုံး
မှောင်တုံးမင်ညွန့်သော်။
သဇင်နှောင်း
ဘယောင်းကျန် တဂုဏ်လွှတ်လို့
ဖက်ဆွတ်ကယ်ရာသီသိငယ်က
ဘုန်းချိခဲ့သော်။
ဝတ်ရည်ယူခြွေဆပါတဲ့
မေစကသွေးလှော်
မည်ဖော်ဝံ့ရက်ပါဘူး။
စျာန်ပါဒေ
သင်္ခါရေ ဆင်လှိုင်းတဲ့
ကသိုဏ်းသူတော်မှန်တို့
ပရိကံ မတည်ပနိုင်ဘူး
သည်လသည်ခါကြုံက
သာပုံကိုငါးမာရ်လွှင့်သော်မှ
ဟောရင့်မြွက်ကျူး။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၃၀ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |