မေတ္တာရှေ့သွား တရား၁၆-ပါး

မေတ္တာရှေ့သွား တရား၁၆-ပါး
by အမည်မသိ
2839မေတ္တာရှေ့သွား တရား၁၆-ပါးအမည်မသိ

မေတ္တာရှေ့သွား တရား၁၆-ပါး

၁။ ကိစ္စအမှု၊ တစ်ခုခုကို၊ ပြုလိုသောခါ၊ ဝါမှုကြွားမှု၊ မာန်မူမှုနှင့်၊ ဂုဏ်တု ဂုဏ်ပြိုင်၊ အနိုင်ရမှု၊ နှိမ်နင်းမှုမျိုး၊ ကိုယ်ကျိုးအတွက်၊ ငဲ့ကွက်မှုကို၊ မပြုရှောင်ခွါ၊ နန်းခေမာသို့၊ ရောက်ဖို့အမှန်၊ စိတ်ရည်သန်ကာ၊ ပြုလုပ်ပါမှ၊ ကြီးပွားရ၊ မုချအမှန်သာ။

[အမှုအလုပ်တစ်ခုကို ပြုလုပ်သောသူသည် လောကီကို တောင့်တမလုပ်မူ၍ နိဗ္ဗာန်ကို တောင့်တ၍ လုပ်ရမည်ဟု ဆိုလို၏၊]

၂။ အမိနှင့်သား၊ မယားနှင့်လင်၊ သခင်နှင့်ကျွန်၊ ထေရ်မွန်ဒါယကာ၊ မိတ်သဟာချင်း၊ ပြုခင်းဖွယ်ရာ၊ မိမိတာကို၊ မလိုစေဘဲ၊ စွဲမြဲလှစွာ၊ ပြုလုပ်ပါမှ၊ ကြီးပွားရ၊ မုချအမှန်သာ။

[ကိုယ့်တာဝန်ကို ကျေပွန်အောင် လုပ်ရမည်ဟူ၏၊]

၃။ ကောက်ကျစ်ပါးနပ်၊ ကပ်ဖဲ့တင်မှု၊ မပြုရှောင်ခွာ၊ ရိုးဖြောင့်ပါမှ၊ ကြီးပွားရ၊ မုချအမှန်သာ။

[ရိုးဖြောင့်ရမည် ဟူ၏၊]

၄။ ကီကုတ်အကျိုး၊ ပွားတိုးစိမ့်ငှါ၊ အရာရာ၌၊ အနာခံမည်၊ စိတ်ကရည်လျက်၊ နိုင်ထက်ပြုမှု၊ တင်စီးမှုကို၊ ပြုလိုသသူ၊ ပြုမူလာလျှင်၊ မမြင်မသိ၊ ကန်းသည့်အဟန်၊ သည်းခံပြီးခါ၊ လွန်စွာဖြောင့်မှ၊ ကြီးပွားရ၊ မုချအမှန်သာ။

[အလွန် သည်းခံရမည် ဟူ၏၊]

၅။ မိမိအကျိုး၊ ပွားတိုးစေငှါ၊ ပြောလာသူကို၊ စိတ်မတိုဘဲ၊ ကြည်ညိုလှစွာ၊ စေတနာဖြင့်၊ မကြာမကြာ၊ ပြောကြားပါနော်၊ နှုတ်ကဖော်ကာ၊ နာလွယ်ပါမှ၊ ကြီးပွားရ၊ မုချအမှန်သာ။

[ဆိုဆုံးမလွယ်ရမည် ဟူ၏၊]

၆။ ကိုယ်မှု နှုတ်မှု၊ စိတ်မှုတို့ကို၊ ပြုလိုသောခါ၊ သူတကာတို့၊ နှစ်သက်ဖွယ်ရာ၊ ကြင်နာစေတတ်၊ သပ်ရပ်ကျစ်လျစ်၊ ချစ်ဖွယ်အမှု၊ ပြုလုပ်၍သာ၊ နူးညံ့ပါမှ၊ ကြီးပွားရ၊ မုချအမှန်သာ။

[နူးညံ့ရမည် ဟူ၏၊]

၇။ သမုဒ်ရေပြင်၊ မမြင်ဖူးငြား၊ တွင်းနေဖားသွင်၊ ငါလျှင်တတ်သိ၊ မရှိငါ့ပြင်၊ ငါဘုရင်ဟု၊ မည်သူ့အောက်မှ၊ မချလိုလျက်၊ ထက်ကနေလို၊ ကို်ယ်ကို မြှင့်မြှောက်၊ မာန်တက်ရောက်မှု၊ မပြုရှောင်ခွာ၊ မာန်နည်းပါမှ၊ ကြီးပွားရ၊ မုချအမှန်သာ။

[မာန မကြီးရ ဟူ၏၊]

၈။ ရတတ်သမျှ၊ သဘာဝနှင့်၊ အားရမရှိ၊ မိုးသို့ထိအောင်၊ လှေကားထောင်မည်၊ စိတ်ကရည်သို့၊ မဖြစ်တို့ဖွယ်၊ အသွယ်သွယ်ကို၊ စိတ်ဝယ်မကြံ၊ ဧကန်မုချ၊ ဖြစ်တတ်သမျှ၊ ရသမျှကို၊ နှစ်လိုလှစွာ၊ ရောင့်ရဲပါမှ၊ ကြီးပွားရ၊ မုချ အမှန်သာ။

[ရတတ်သမျှနှင့် ရောင့်ရဲရမည်ဟူ၏၊]

၉။ ဝတ်စားနေရာ၊ မရှိတာကို၊ မလိုမတ၊ ရှိသမျှနှင့်၊ စိတ်ကကျေအေး၊ အမွေးလွယ်မှ၊ ကြီးပွားရ၊ မုချအမှန်သာ။

[အမွေးအမြူ လွယ်ရမည် ဟူ၏၊]

၁၀။ လိုရင်းမပါ၊ ဗလာကြွားခြင်း၊ ဟိတ်ဟန်ကင်း၍၊ အကျဉ်းချုံးအုပ်၊ အလုပ်နည်းမှ၊ ကြီးပွားရ၊ မုချအမှန်သာ။

[ကိစ္စနည်းရမည် ဟူ၏၊]

၁၁။ ဝတ်မှုစားမှု၊ နေထိုင်မှု၌၊ မပြုကိန်းခန်း၊ စခန်းမကြီး၊ စိတ်ကြီးမဝင်၊ ဆင်ခြင်တို်င်းထွာ၊ ဝတ်စားစာကို၊ ရရာသုံးလျက်၊ သက်မွေးပေါ့မှ၊ ကြီးပွားရ၊ မုချအမှန်သာ။

[အသက်မွေးပေါ့ရမည် ဟူ၏၊]

၁၂။ ကိုးရိုးကားရား၊ နေသွားမတော်၊ ချွတ်ချော်စကား၊ စိတ်ထားမငြိမ်၊ ဣန္ဒြေမဲ့ခြင်း၊ အလျဉ်းမရှိ၊ မျက်စိ နား နှာ၊ နှုတ်လျှာ ကိုယ် စိတ်၊ ငင်ချိပ်ချုပ်တည်း၊ စောင့်စည်းလှထွေ၊ ဣန္ဒြေမွေ့ညက်၊ လွန်ငြိမ်သက်မှ၊ ကြီးပွားရ၊ မုချအမှန်သာ။

[ငြိမ်သက်သော ဣန္ဒြေရှိရမည် ဟူ၏၊]

၁၃။ အမှုကိစ္စ၊ ဟူသမျှ၌၊ နှစ်ဝကျိုးပြစ်၊ စိစစ်ဖွေရှာ၊ သေချာစေ့ငု၊ ကြည့်ရှုဆင်ခြင်၊ မပြုပြင်ဘဲ၊ အလျင်စလို၊ ပြုလုပ်လို၍၊ ကံကိသာချ၊ ကမ္မဿကာ၊ ဖြစ်လိုရာလေ၊ ဖြစ်ပေစေဟု၊ မပြုနှလုံး၊ ဉာဏ်ကိုသုံး၍၊ ထုံးနည်းစိစစ်၊ ဖြစ်သင့် မသင့်၊ နှိုင်းချင့်ဆင်ခြင်၊ အမြင်သန်မြန်၊ ဉာဏ်လည်းရင့်မှ၊ ကြီးပွားရ၊ မုချအမှန်သာ။

[ရင့်ကျက်သောဉာဏ်ရှိရမည် ဟူ၏၊]

၁၄။ ရိုသေထိုက်ငြား၊ ထိုသူများကို၊ တရားသွေဖည်၊ မထီလေးစား၊ သွားလာနေမှု၊ အပြုကြော့ကြမ်း၊ ငေါက်ငမ်းဆဲတိုင်း၊ နှုတ်ထွက်ရိုင်းစွာ၊ မျက်ဒေါသာနှင့်၊ စိတ်ပါကြမ်းခြင်း၊ အလျဉ်းကွာလှမ်း၊ မကြမ်းတမ်းမှ၊ ကြီးပွားရ၊ မုချအမှန်သာ။

[ကြမ်းတမ်းသော ကိုယ်အမူအရာ နှုတ်အမူအရာ၊ မရှိရဟူ၏၊]

၁၅။ သဒ္ဓါသီလ၊ သုတစာဂါ၊ သြတ္တပ္ပါနှင့်၊ ပညာဟိရီ၊ အစရှိသား၊ တရားကိန်းမှု၊ မကိန်းမှုကို၊ ရှုကြည့်သောအား၊ တရားကိုသာ၊ လေးမြတ်ပါ၍၊ ငါ၏ဘိုးဘွား၊ ငါ့တူသားပင်၊ ငါ့လင် ငါ့မယား၊ စသောအားဖြင့်၊ တရားယွင်းယို၊ ပုဂ္ဂိုလ်စွဲခြင်း၊ အလွန်ကင်းမှ၊ ကြီးပွားရ၊ မုချအမှန်သာ။

[ပုဂ္ဂိုလ်ကို မငဲ့ရ၊ တရားကိုသာ ငဲ့ရမည် ဟူ၏၊]

၁၆။ မှုခင်းကိစ္စ၊ အဝဝမှာ၊ သေးငယ်စွာပင်၊ ဖြစ်ပါလျှင်လည်း၊ ပညာရှင်တို့၊ နှစ်မြို့ကင်းမဲ့၊ ကဲ့ရဲ့ဖွယ်ရာ၊ ဖြစ်လေပါက၊ လုံးဝအရှင်း၊ ပြုမှုကင်းမှ၊ ကြီးပွားရ၊ မုချအမှန်သာ။

[ပညာရှင်တို့ ကဲ့ရဲ့ဖွယ်အမှုဟူသမျှကို မပြုဟူ၏၊]

ဤကား မေတ္တာရှေ့အဖို့၌ ကျင့်အပ်သော မေတ္တာရှေ့သွားတရား ၁၆-ပါးတည်း။