မေထုန်ရာသီ နယုန်လဘွဲ့ လူးတား
တသိန်းငါးသောင်း၊ စက်ပေါင်းအကုန်၊
မေထုန်ရာသီ၊ တိမ်နီတိမ်ပန်း ဆန်းစလေ။ ။
ဒွေးဒေဟချီ[၁]၊ သည်ရာသီတွင်၊
နာရီနှစ်ဖြာ၊ နေ့မှာသုံးဆယ်၊
စွန်းကယ်စတု၊ ညဉ့်ဘို့ရှုသော်၊
တွက်စုနှစ်ဆယ်၊ ခြောက်ဝယ်စွန်းသာ[၂]၊
ဓာတ်မှာဝါယော၊ ရွက်ကျောနုရှင်[၃]၊
အာကာပြင်က၊ ကြယ်ဇေဋ္ဌနှင့်၊
တောက်ပရောင်စို၊ ဂြိုဟ်တနင်္လာ၊
ကြွသောခါလျှင်[၄]၊ တာရာအဿ၊
ရံဝန်းခ၍၊ ထွန်းပရွှင်လန်း၊
ဥဒေါင်းနန်းလည်း၊ မြန်းရွှေစက်ချီ၊
မိဂသီနှင့်၊ တူညီတကွ၊
မွန်းတည့်ကလည်း၊ ဧကဘဝါး၊
မိုးသားထစ်ကြူး၊ ကျေးငှက်မြူးသော်၊
ပွင့်ဖူးရိုးသွယ်၊ စမ္ပယ်မုလေး၊
သင်းပျံ့မွှေး၍၊ စည်းဝေးသင်္ဃာ၊
အရိယာတို့၊ ရွှေစာမေးပွဲ၊
ထိန့်ရိုက်ကြဲးမျှ၊ ပုလဲသန္တာ၊
နီလာပတ္တမြား၊ မြသားဂေါ်မုတ်၊
ဥဿဘရား၊ ရွှေသားခြယ်လှယ်၊
ဆန်းကြယ်အရောင်၊ တောက်လောင်ဝင်းဝါ၊
သုဓမ္မာဝယ်၊ သင်္ဃာတော်များ၊
ဟောကြားမိန့်မြွက်၊ မေးဖြေလျက်တည့်၊
မြရွက်ရိုးညှာ၊ ကလျာနုနယ်[၅]၊
ကြင်ဘွယ်အများ၊ သက်တင်သားတို့၊
စုလျားပတ်ရစ်၊ ဆယ်ကျော်နှစ်က၊
အချစ်ကဲမိုး၊ ဆက်တိုင်းတိုး၍၊
ဆင့်ကြိုးဘုန်းလျှံ[၆]၊ ရှင်ပင့်ထံဝယ်၊
မောင်နှံမြွက်ဟ၊ တောင်းဆုသသည်။ ။
ဖူးစစမ္ပယ် ပန်းနှင့်လေ။ ။
နယုန်တည့်စိုရွှဲ စာမေးပွဲ။ ။
ထုံးဘဲမြကေသာ[၇]။ ။
စက်ရာမှာ ခွေယိမ်း ညွှတ်ခါတိမ်း။ ။
မသိမ်းမိ မယ်ကို[၈]။ ။
ပြုံးချိုမှရယ်ဘဲ အကုန်ချွဲ[၉]။ ။
မှတ်ချက်
ပြင်ဆင်ရန်- ↑ ဒွေဒွေအညီ (မ) (ဟ)
- ↑ ခြောက်ဝယ်ကသာ (မ) (ဟ)။ ခြောက်ဝယ်အသာ (ဘ)
- ↑ ချောမောကြည်လင် (မ) (ဟ)
- ↑ ကြွသောခါလျှင်၊ ဧကာ ဘဝါး (ဘ) မူတွင် ဤမျှရှိသည် စာကျဟန်တူ၏။
- ↑ ကလျာနုနယ် (ဘ)
- ↑ ဆင့်ဆင့်တိုး၍၊ ရှိခိုးဦးပန် (မ) (ဘ) (ဟ)
- ↑ ထုံးမြဲမြကေသာ (ဘ)။ လျော့ရဲဆံကေသာ (မ) (ဟ)
- ↑ ဟန်ယိမ်းသည့်မယ့်ကို (မ) (ဟ)
- ↑ ပြုံးချိုမှယဉ်ဘဲ အကုံချွဲ (ဘ)
- မူရင်း - ရေနံချောင်း တွင်းစားကြီးဦးဘိုးဂုဏ် လက်ရေးမူ
- [ဟ] - ဟံသာဝတီပုံနှိပ်တိုက်၊ ရန်ကုန်မြို့၊ ၁၉၀၇-ခုနှစ်ထုတ် စာအုပ်မူ
- [မ] - မြန်မာစာညွန့်ပေါင်းကျမ်း၊ တတိယတွဲမူ
- [ဘ] - ဘားနတ်ပိဋကတ်တိုက်ပေမူ၊ ရန်ကုန်မြို့
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |