ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု
by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၁၅၉။ မောရဇာတ် (၂-၁-၉)
2853ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု — ၁၅၉။ မောရဇာတ် (၂-၁-၉)မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်


၉။ မောရဇာတ်

ရွှေဥဒေါင်း နှင့် ညွှတ်ကွင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသခင်သည် ဥဒေတယံ စက္ခုမာ ဧကရာဇာ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမောရဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သာသနာတော်၌ ငြီးငွေ့သော တယောက်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားသည် မှန်၏။ ထိုငြီးငွေ့သောရဟန်းကို အဆွေ ခင်ပွန်းဖြစ်ကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားအထံတော်သို့ ဆောင်အပ်သည်ဖြစ်၍ ရဟန်း သင်သည် ငြီးငွေ့၏ ဟူသည် မှန်သလောဟု မိန့်တော်မူသည်ရှိသော် အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်၍ အဘယ်ကိုမြင်၍ ငြီးငွေ့သနည်းဟု မိန့်တော်မူသည်ရှိသော် အရှင်ဘုရား တယောက်သော တန်ဆာဆင်ခြင်းနှင့်စပ်သော မိန်းမကိုမြင်၍ ငြီးငွေ့ခြင်း ဖြစ်ပါသည်ဟု လျောက်၏။ ထိုအခါ၌ ထိုရဟန်းကို မြတ်စွာဘုရားသည် ရဟန်း မိန်းမမည်သည်ကား သင်တို့ကဲ့သို့သောသူ၏စိတ်ကို အဘယ့်ကြောင့် မလှုပ်ချောက်ချား စေနိုင်အံ့နည်း၊ လှုပ်ချောက်ချားစေနိုင်သည်သာလျှင်တည်း၊ ထိုစကားသည် မှန်၏။ ရှေးပညာရှိတို့အား အနှစ်ခုနစ်ရာတို့ပတ်လုံး မဖြစ်ကုန်သောကိလေသာတို့သည် မိန်းမ၏အသံကိုကြားလတ်သော် အခွင့်ကို ရကုန်၍ တခဏခြင်းသာလျှင် ဖြစ်လာကုန်၏။ စင်ကြယ်ကုန်သော သတ္တဝါတို့စင်လျက်လည်း ညစ်နွမ်းရကုန်သေး၏။ မြတ်သောဆန္ဒနှင့်ပြည့်စုံသော သူတို့စင်လျက်လည်း အကျော်အစောမဲ့ခြင်း၏အဖြစ်သို့ ရောက်ရကုန်သေး၏။ မစင်ကြယ်သောသူသည်ကား အဘယ်မှာဆိုဘွယ် ရှိအံ့နည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဥဒေါင်းအမျိုး၌ ပဋိသန္ဓေကိုယူ၍ အဥဖြစ်သောကာလ၌လည်း မဟာလှေကားအငုံနှင့်တူသောအဆင်းရှိသော ဥရှိသည်ဖြစ်၍ ဥခွံကိုခွဲ၍ပေါက်သည် ရှိသော် ရွှေအဆင်းနှင့်တူသော အဆင်းရှိသည်ဖြစ်၏။ ရှုချင်ဘွယ်ရှိ၏။ ကြည်ညိုဘွယ်ရှိ၏။ အတောင်ကြားတို့၌ နီနီတွေးတွေး ယုန်သွေး ဟင်္သပဒါးဆွတ်၍ ထားသကဲ့သို့ အခြားအရေးတို့ဖြင့် ထူး၍တင့်တယ်၏။ ထိုရွှေဥဒေါင်းသည် အသက်ကိုစောင့်ရှောက်လိုရကား တောင်ရေးသုံးခုတို့ကိုလွန်၍ လေးခုမြောက်ဖြစ်သောတောင်ရေး၏ တခုသော ဒဏ္ဍကရွှေတောင် အပြင်၌ နေခြင်းကိုပြု၏။

ထိုရွှေဥဒေါင်းသည် ညဉ့်၏လင်းလတ်သောအခါ ရွှေတောင်ထိပ်၌ နေလျက် တက်လတ်သောနေမင်းကိုကြည့်၍ မိမိ၏ ကျက်စားရာမြေ၌ အစောင့်အရှောက်အရံအတားအကျိုးငှါ မြတ်သောမန္တရားကို ဖွဲ့လိုရကား-

၁၇။ ဥဒေတယံ စက္ခုမာ ဧကရာဇာ၊
ဟရိဿဝဏ္ဏော ပထဝိပ္ပဘာသော။
တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ ပထဝိပ္ပဘာသံ။
တယာဇ္ဇ ဂုတ္တာ ဝိဟရေမု ဒိဝသံ။

ဟူသော ဂါထာကို ရွတ်၏။

၁၇။ စက္ခုမာ၊ အလုံးစုံသောစကြဝဠာ၌ နေကုန်သောသူတို့အား မျက်စိအမြင်ကို ပေးတတ်ထသော။ ဧကရာဇာ၊ မြတ်သော မင်းဖြစ်ထသော။ ဟရိဿဝဏ္ဏော၊ ရွှေအဆင်းနှင့်တူသော အဆင်းရှိထသော။ ပထဝိပ္ပဘာသော၊ မြေကြီးကို ထွန်းပစေတတ် ထသော။ အယံ ဘာဏုမာ၊ ဤနေမင်းသည်။ ယသ္မာ၊ အကြင်ကြောင့်။ ဥဒေတိ၊ အရှေ့လောကဓာတ်မှ တက်လတ်၏။ တံ-တသ္မာ၊ ထို့ကြောင့်။ ဟရိဿဝဏ္ဏံ၊ ရွှေအဆင်းနှင့်တူသော အဆင်းရှိထသော။ ပထဝိပ္ပဘာသံ၊ မြေကြီးကို ထွန်းပစေတတ်ထသော။ တံ၊ ထိုနေမင်းကို။ နမဿာမိ၊ ရှိခိုးပါ၏။ အဇ္ဇ၊ ယနေ့။ တယာ၊ ရှင်နေမင်းသည်။ ဂုတ္တာ၊ စောင့်ရှောက်အပ်သည်ဖြစ်၍။ မယံ၊ ငါတို့သည်။ ဣမံ-ဤဒိသံ၊ ဤသို့ သဘောရှိသော။ ဒိဝသံ၊ နေ့ပတ်လုံး။ ဝိဟရေမု၊ ချမ်းသာစွာ နေရပါလိုကုန်၏။

ဤသို့ ဘုရားလောင်းသည် ဤဂါထာဖြင့် နေမင်းကိုရှိခိုးပြီး၍ ဒုတိယဂါထာဖြင့် လွန်တော်မူလေကုန်ပြီးသော ပရိနိဗ္ဗာန်ပြုတော်မူကုန်ပြီးသော ဘုရားရှင်တို့ကို၎င်း ဘုရားရှင်တို့၏ ဂုဏ်တော်တို့ကို၎င်း ရှိခိုးလိုရကား-
ယေ ဗြာဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊
တေ မေ နမော တေ စ မံ ပါလယန္တု။
နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။
နမော ဝိမုတ္တာနံ နမော ဝိမုတ္တိယာ။
ဣမံ သော ပရိတ္တံကတွာ၊
မောရော စရတိ ဧသနာ။

ဟူသော ဤဂါထာကို ရွတ်၏။

ဣမံ သော ပရိတ္တံ ကတွာ၊ မောရော စရတိ ဧသနာ ဟူသော ဤနှစ်ပါဒကိုကား ဘုရားအဖြစ်သို့ ရောက်တော်မူပြီးမှ ဆက်၍ဟောတော်မူ၏။

ဗြာဟ္မဏာ၊ မကောင်းမှုကိုအပပြုတော်မူကုန်ပြီးထသော။ သဗ္ဗဓမ္မေ၊ ခပ်သိမ်းကုန်သောတရားတို့ကို။ ဝေဒဂူ၊ ဉာဏ်တော်အားဖြင့် ထင်ရှားသည်ကို ပြုတော်မူကုန်ပြီး၍ ဗောဓိအပြင်၌ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်သို့ ရောက်တော်မူကုန်ပြီးထသော။ ယေ-ယာဒိသာ၊ အကြင်သို့သဘော ရှိတော်မူကုန်ထသော။ ဘဂဝန္တာ၊ မြတ်စွာဘုရားတို့သည်။ သန္တိ၊ ရှိတော်မူကုန်၏။ တေ-တာဒိသာ၊ ထိုသို့သဘောရှိကုန်သော။ ဘဂဝန္တာ၊ မြတ်စွာဘုရားတို့သည်။ မေ၊ အကျွန်ုပ်၏။ နမော-နမကာရံ၊ ရှိခိုးခြင်းကို။ ပဋိစ္ဆန္တု စ၊ ခံလည်းခံတော်မူစေကုန်သတည်း။ ဧဝံ၊ ဤသို့။ မယာ၊ အကျွန်ုပ်သည်။ နမသိတာ၊ ရှိခိုးအပ်ကုန်သော။ တေ-တာဒိသာ၊ ထိုသို့သဘောရှိကုန်သော။ ဘဂဝန္တာ၊ မြတ်စွာဘုရားတို့သည်။ မံ၊ အကျွန်ုပ်ကို။ ပါလယန္တု စ၊ စောင့်လည်း စောင့်တော်မူစေကုန်သတည်း။ ဗုဒ္ဓါနံ၊ ပရိနိဗ္ဗာန်ပြုတော်မူကုန်ပြီးသော ဘုရားရှင်တို့အား။ မေ၊ အကျွန်ုပ်၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ တေသညေဝ၊ ထိုဘုရားရှင်တို့၏ သာလျှင်။ ဗောဓိယာ၊ မဂ်လေးတန် ဖိုလ်လေးတန်တို့၌ ဉာဏ်ဟုဆိုအပ်သော ဗောဓိအား။ မေ၊ အကျွန်ုပ်၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ ဝိမုတ္တာနံ၊ အရဟတ္တဖိုလ်တည်းဟူသော ဝိမုတ္တိအားဖြင့် ဝိမုတ္တိ ရှိတော်မူကုန်သော။ တေသညေဝ၊ ထိုဘုရားရှင်တို့အားသာလျှင်။ မေ၊ အကျွန်ုပ်၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ နေသံ၊ ထိုဘုရားရှင်တို့၏။ ဝိမုတ္တိယာ၊ ငါးပါးသော ဝိမုတ္တိအား။ မေ၊ အကျွန်ုပ်၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ ဘိက္ခဝေ၊ ရဟန်းတို့။ သော မောရော၊ ထိုရွှေဥဒေါင်းမင်းသည်။ ဣမံ ပရိတ္တံ၊ ဤအရံအတားကို။ ကတ္တာ၊ ပြု၍။ ဧသနာ-ဧသနာယ၊ အပွင့်အသီးအစရှိသော အထူးထူး အပြားပြားသော အစာကိုရှာအံ့သောငှါ။ စရတိ၊ သွား၏။

ရဟန်းတို့ ထိုရွှေဥဒေါင်းမင်းသည် ဤသို့ တနေ့ပတ်လုံး ကျက်စား၍ ညအခါခါ တောင်ထိပ်၌နေ၍ ဝင်လေသောနေမင်းကိုကြည့်လျှက် ဘုရားရှင်တို့၏ ဂုဏ်တော်ကိုဆင်ခြင်၍ နေရာအရပ်၌ အစောင့်အရှောက် အရံအတားအကျိုးငှါ တဖန် မြတ်သောမန္တရားကို ပြန်လိုရကား-

၁၈။ အပေတယံ စက္ခုမာ ဧကရာဇာ၊
ဟရိဿဝဏ္ဏော ပထဝိပ္ပဘာသော။
တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ ပထဝိပ္ပဘာသံ။
တယာဇ္ဇ ဂုတ္တာ ဝိဟရေမု ရတ္တိံ။
ယေ ဗြာဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ။
တေ မေ နမော တေ စ မံ ပါလာယန္တု။
နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။
နမော ဝိမုတ္တာနံ နမော ဝိမုတ္တိယာ။
ဣမံ သော ပရိတ္တံ ကတွာ၊
မောရော ဝါသမကပ္ပယိ။

ဟူသော ဤဂါထာကို ရွတ်၏။

ဣမံ သော ပရိတ္တံ ကတွာ မောရော ဝါသ မကပ္ပယိဟူသော နှစ်ပါဒကိုလည်း ဘုရားအဖြစ်သို့ ရောက်တော်မူပြီးမှ ဆက်၍ဟောတော်မူ၏။

၁၈။ စက္ခုမာ၊ အလုံးစုံသော စကြဝဠာ၌နေကုန်သောသူတို့အား မျက်စိအမြင်ကိုပေးတတ်ထသော။ ဧကရာဇာ၊ မြတ်သောမင်းဖြစ်ထသော။ ဟရိဿဝဏ္ဏေ၊ ရွှေအဆင်းနှင့်တူသောအဆင်းရှိထသော။ ပထဝိပ္ပဘာသော၊ မြေကြီးကို ထွန်းပစေတတ်ထသော။ အယံ ဘာဏုမာ၊ ဤနေမင်းသည်။ ယသ္မာ၊ အကြင်ကြောင့်။ အပေတိ၊ ဝင်၏။ တံ-တသ္မာ၊ ထို့ကြောင့်။ ဟရိဿဝဏ္ဏံ၊ ရွှေအဆင်းနှင့်တူသောညအဆင်းရှိသော။ ပထဝိပ္ပဘာသံ၊ မြေကြီးကို ထွန်းပစေတတ်သော။ တံ၊ ထိုအရှင်နေမင်းကို။ နမဿာမိ၊ ရှိခိုးပါ၏။ အဇ္ဇ၊ ယနေ့။ တယာ၊ ရှင်နေမင်းသည်။ ဂုတ္တာ၊ စောင့်ရှောက်အပ်သည့် ဖြစ်၍။ မယံ၊ အကျွန်ုပ်တို့သည်။ ဣမံ၊ ဤသို့ သဘောရှိသော။ ရတ္တိံ၊ ညဉ့်ပတ်လုံး။ ဝိဟရေမု၊ ချမ်းသာစွာ နေရပါလိုကုန်၏။

ဗြာဟ္မဏာ၊ မကောင်းမှုကို အပပြုတော်မူကုန်ပြီးကသော။ သဗ္ဗဓမ္မေ၊ ခပ်သိမ်းကုန်သော သင်္ခတ အသင်္ခတ တရားတို့ကို။ ဝေဒဂူ၊ ဉာဏ်တော်အားဖြင့် ထင်ရှားသည်တို့ကို ပြုတော်မူကုန်၍ သံသရာကိုလွန်တော်မူကုန်ပြီးထသော။ ယေ ဘဂဝန္တာ၊ အကြင် မြတ်စွာဘုရားတို့သည်။ သန္တိ၊ ရှိတော်မူကုန်၏။ တေ ဘဂဝန္တာ၊ ထိုမြတ်စွာဘုရားတို့သည်။ မေ၊ အကျွန်ုပ်၏။ နမော၊ ရှိခိုးခြင်းကို။ ပဋိစ္ဆန္တု စ၊ ခံလည်း ခံတော်မူစေကုန်သတည်း။ ဧဝံ၊ ဤသို့။ မယာ၊ ငါသည်။ နမဿိတာ၊ ရှိခိုးအပ်ကုန်သော။ တေ-တာဒိသာ၊ ထိုသို့ သဘောရှိကုန်သော။ ဘဂဝန္တာ၊ မြတ်စွာဘုရားရှိသည်။ မံ၊ အကျွန်ုပ်ကို။ ပါလယန္တု စ၊ စောင့်လည်း စောင့်တော်မူစေကုန်သတည်း။ ဗုဒ္ဓါနံ၊ ပရိနိဗ္ဗာန်ပြုတော်မူကုန်ပြီးသော ဘုရားရှင်တို့အား။ မေ၊ အကျွန်ုပ်၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ တေသညဝ၊ ထိုဘုရားရှင်တို့၏သာလျှင်။ ဗောဓိယာ၊ မဂ်လေးတန် ဗိုလ်လေးတန်တို့၌ ဉာဏ်ဟုဆိုအပ်သော ဗောဓိအား။ မေ၊ အကျွန်ုပ်၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ ဝိမုတ္တာနံ၊ အရဟတ္တဖိုလ်တည်းဟူသော ဝိမုတ္တိအားဖြင့် ဝိမုတ္တိရှိတော်မူကုန်သော။ တေသညဝ၊ ထိုဘုရားရှင်တို့အားသာလျှင်။ မေ၊ အကျွန်ုပ်၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ နေသံ၊ ထိုဘုရားရှင်တို့၏။ ဝိမုတ္တိယာ၊ ငါးပါးသော ဝိမုတ္တိအား။ မေ၊ အကျွန်ုပ်၏။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ ဘိက္ခဝေ၊ ရဟန်းတို့။ သော မောရော၊ ထိုရွှေဥဒေါင်းသည်။ ဣမံ ပရိတ္တံ၊ ဤအရံအတားကို။ ကတွာ၊ ပြု၍။ နိဝါသာနေ၊ နေရာအရပ်၌။ ဝါသံ၊ နေခြင်းကို။ အကပ္ပယိ၊ ပြု၏။

ထိုရွှေဥဒေါင်းအား ညဉ့်၌၎င်း နေ့၌၎င်း ဤသို့သဘောရှိသော ပရိတ်၏အာနုဘော်ကြောင့် ဘေးသည်လည်း မဖြစ်သည်သာလျှင်တည်း၊ ကြက်သီးမွေးညှင်း ထခြင်းသည်လည်း မဖြစ်သည်သာလျှင်တည်း၊ ထိုအခါ ဗာရာဏသီပြည်၏ မနီးမဝေးသောအရပ်၌ မုဆိုးတို့၏ရွာ၌နေသော မုဆိုးတယောက်သည် ဟိမဝန္တာအရပ်၌ လှည့်လည်သည်ရှိသော် ထိုဒဏ္ဍကရွှေတောင်ထိပ်၌နေသော ဘုရားလောင်း ရွှေဥဒေါင်းကိုမြင်လျှင် လာလတ်၍ သားအား ကြား၏။

ထိုအခါ တနေ့သ၌ ဗာရာဏသီမင်း၏ ခေမာအမည်ရှိသော မိဖုယားသည် အိပ်မက်ဖြင့် ရွှေအဆင်းနှင့်တူသော အဆင်းရှိသော ရွှေဥဒေါင်း တရားဟောသည်ကိုမြင်မက်၍ နိုးသောကာလ၌ မင်းကြီးအား လျှောက်၏။ အဘယ်သို့ ကြား လျှောက်သနည်းဟူမူကား မြတ်သောမင်းကြီး အကျွန်ုပ်သည် ရွှေအဆင်းနှင့်တူသောအဆင်းရှိသော ဥဒေါင်း၏တရားကို နာလို၏ဟု လျှောက်၏။ မင်းသည် အမတ်တို့ကို မေး၏။ အမတ်တို့သည် အရှင်မင်းကြီး ပုဏ္ဏားတို့သည်သိကုန်လတ္တံ့ ဟု လျှောက်ကုန်၏။ ပုဏ္ဏားတို့သည် ထိုစကားကိုကြားကုန်၍ ရွှေအဆင်းနှင့်တူသော အဆင်းရှိကုန်သော ဥဒေါင်းတို့မည်သည်ရှိကုန်၏ဟု လျှောက်ကြကုန်၍ အဘယ်အရပ်၌ ရှိသနည်းဟု မေးသည်ရှိသော် အရှင်မင်းကြီး မုဆိုးတို့သည် သိကုန်လတ္တံ့ဟု လျောက်ကုန်၏။ မင်းကြီးသည် မုဆိုးတို့ကို စည်းဝေးစေ၍ မေး၏။ ထိုအခါ ထိုမုဆိုး၏သားသည် မြတ်သောမင်းကြီး ဒဏ္ဍကအမည်ရှိသော ရွှေတောင်သည် ရှိ၏။ ထိုရွှေတောင်၌ ရွှေအဆင်းနှင့်တူသောအဆင်းရှိသော ရွှေဥဒေါင်းသည်နေ၏ဟု လျှောက်၏။

အို မုဆိုး ထိုသို့တပြီးကား သင်သည် ထိုဥဒေါင်းကို မသတ်ဘဲ နှောင်ဖွဲ့၍သာလျှင် ဆောင်ခဲ့လော့ဟု ဆို၏။ ထိုမုဆိုးသည်သွား၍ ထိုရွှေဥဒေါင်း၏ကျက်စားရာမြေ၌ ကျော့ကွင်းတို့ကို ထောင်၏။ ဥဒေါင်းသည် နင်းရာအရပ်၌လည်း ကျော့ကွင်းသည်မရွေ့၊ မုဆိုးသည် ဖမ်းအံ့သောငှါ မတတ်နိုင်သည်ဖြစ်၍ ခုနစ်နှစ်တို့ပတ်လုံး ထိုအရပ်၌သာလျှင်ကျက်စား၍ သေလေ၏။ ခေမာမိဖုယားသည်လည်း တောင့်တအပ်သော ရွှေဥဒေါင်းကို မရ၍ သေ၏။ မင်းသည် ဥဒေါင်းကိုမှီ၍ ငါ၏မိဖုယား သေလွန်ရ၏ဟု အမျက်ထွက်၍ ဟိမဝန္တာအရပ်၌ ဒဏ္ဍကမည်သော ရွှေတောင်သည် ရှိ၏။ ထိုရွှေ တောင်၌ ရွှေအဆင်းနှင့်တူသောအဆင်းရှိသော ဥဒေါင်းသည် နေ၏။ အကြင်သူတို့သည် ထိုရွှေဥဒေါင်း၏အသားကို စားရကုန်၏။ ထိုသူတို့သည် မအိုသည် ဖြစ်ကုန်၏။ မသေသည် ဖြစ်ကုန်၏ဟု အက္ခရာကို ရွှေပြား၌ ရေးသားစေ၍ ရွှေတံတင်း၌ ထားစေ၏။ ထိုမင်းသည် စုတေသည်ရှိသော် တပါးသောမင်းသည် မင်းအဖြစ်သို့ရောက်သည်ဖြစ်၍ ရွှေပြား၌ ရေးထားသောအက္ခရာကို ဘတ်စေ၍ ငါသည် မအိုသည် မသေသည် ဖြစ်ရအံ့ဟု တပါးသောမုဆိုးကို စေလွှတ်၏။ ထိုမုဆိုးသည်လည်း သွားလေ၍ ဘုရားလောင်းကို ဖမ်းအံ့သောငှါ မတတ်နိုင်၍ ထိုအရပ်၌သာလျှင် သေလေ၏။ ထိုသို့သော နည်းဖြင့်သာလျှင် မင်းခြောက်ဆက် လဲသည်၏အဖြစ်သို့ ရောက်၏။

ထိုအခါ ခုနစ်ဆက်မြောက်ဖြစ်သော မင်းသည် မင်းအဖြစ်သို့ရောက်၍ မုဆိုးတယောက်ကို စေလိုက်၏။ ထိုမုဆိုးသည်သွားလေ၍ ဘုရားလောင်းသည် နင်းရာအရပ်၌လည်း ကျော့ကွင်း၏ မရွေ့သည်၏အဖြစ်ကိုသိ၍ မိမိ၏အကျိုးငှာ အရံအတားကိုပြု၍ ထိုရွှေဥဒေါင်း၏ ကျက်စားရာမြေသို့ သွားခြင်းကိုလည်းသိ၍ အရပ်စွန်းသို့သက်ခဲ့၍ တခုသော ဥဒေါင်းမကို ဖမ်း၍ အကြင်သို့သောအခြင်းအရာအားဖြင့် သင်အပ်သည်ရှိသော် ဥဒေါင်းမသည် လက်ခုပ်တီးသံဖြင့် က၏။ လက်ဖျစ်တီးသံဖြင့်လည်း တွန်၏။ ထိုသို့သောအခြင်းအရာအားဖြင့် သင်ပြီးလျှင် ထိုဥဒေါင်းမကိုယူ၍ သွားလေ၍ ရွှေဥဒေါင်းသည်အရံအတားကိုမပြုမီ စောစောကလျှင် ကျော့ကွင်းကို ကျော့ကွင်းတံသို့တင်၍ ကျော့ကွင်းတို့ကိုထောင်၍ ဥဒေါင်းမကို တွန်စေ၏။ ရွှေဥဒေါင်းသည် သဘောမတူသော ဥဒေါင်းမ၏အသံကို ကြား၍ ကိလေသာဖြင့်ကြင်နာသည်ဖြစ်၍ ပရိတ်ကိုပြုအံ့သောငှါ မစွမ်းနိုင်ဘဲ သွားလေလျှင် ကျော့ကွင်း၌ မိ၏။ ထိုဘုရားလောင်းကို မုဆိုးသည် ဖမ်း၍ သွားပြီးလျှင် မင်းအား ဆက်၏။ မင်းသည် ထိုရွှေဥဒေါင်း၏ အဆင်း၏ပြည့်စုံခြင်းကိုမြင်၍ နှစ်သက်သောစိတ်ရှိသည်ဖြစ်၍ နေရာကို ပေးစေ၏။ ဘုရားအလောင်းသည် ခင်းအပ်သောနေရာ၌နေ၍ မြတ်သောမင်းကြီး အဘယ့်ကြောင့် ငါ့ကို ဖမ်းစေသနည်းဟု မေး၏။ ရွှေဥဒေါင်း အကြင်သူသည် သင်၏ အသားကို စားရကုန်၏။ ထိုသူတို့သည် မအိုကုန်သည် မသေကုန်သည် ဖြစ်ကုန်၏ဟု ငါကြားရ၏။ ထိုငါသည် သင်၏ အသားကိုစား၍ မအိုမသေဖြစ်လို၍ သင့်ကို ဖမ်းစေ၏ဟု ဆို၏။ မြတ်သောမင်းကြီး ငါ၏အသားကို စားရကုန်သောသူတို့သည် မအိုကုန်သည် မသေကုန်သည် ဖြစ်စေကုန်ဦးတော့၊ ငါသည်မူကား သေရအံ့၊ ဤသို့ ငါသည် သေတတ်သောသဘောရှိလျှက် ငါ၏အသားကို စားကုန်သောသူတို့သည် အဘယ်အကြောင်းကြောင့် မသေကုန်လတ္တံ့နည်းဟု ဆိုသည်ရှိသော်-

ဥဒေါင်းမြတ် သင်သည် ရွှေအဆင်းနှင့်တူသော အဆင်းရှိ၏။ ထို့ကြောင့် သင်၏အသားကို စားရကုန်သောသူတို့သည် မအို မသေကုန်သည် ဖြစ်ကုန်လတ္တံ့ ဟုဆိုလေ၏။ မြတ်သော မင်းကြီး ငါသည် အကြောင်းမဲ့ ရွှေအဆင်းနှင့်တူသော အဆင်းရှိသည် မဟုတ်၊ ရှေး၌ကား ငါသည် ဤမြို့၌သာလျှင် စကြဝတေးမင်းဖြစ်၍ မိမိသည်လည်း ပဉ္စသီတို့ကို စောင့်ခဲ့ဘူး၏။ အလုံးစုံသောစကြဝဠာ၌ နေကုန်သောသူတို့ကိုလည်း စောင့်စေဘူး၏။ ထိုငါသည် စုတေ၍ တာဝတိံသာနတ်ပြည်၌ ဖြစ်ခဲ့ဘူး၏။ ထိုတာဝတိံသာနတ်ပြည်၌ အသက်ထက်ဆုံးတည်၍ ထိုတာဝတိံသာနတ်ပြည်မှ စုတေသည်ရှိသော် တပါးသောအကုသိုလ်၏အကျိုးဆက်ကြောင့် ဥဒေါင်းမျိုး၌ ဖြစ်သော်လည်း ရှေး၌ဆောက်တည်ခဲ့ဘူးသော သီလ၏ အာနုဘော်ကြောင့် ရွှေအဆင်းနှင့်တူသောအဆင်းရှိသည် ဖြစ်၏ဟု ဆိုသည်ရှိသော် ဥဒေါင်းမြတ် သင်သည် စကြဝတေး မင်းဖြစ်၍ သီလကို စောင့်ရှောက်၍ သီလ၏အာနုဘော်ကြောင့် ရွှေအဆင်းနှင့်တူသော အဆင်းရှိသည်ဖြစ်၏ဟု ဆို၏။ သင်၏စကားကို အဘယ်သို့သော အကြောင်းကြောင့် ငါတို့သည် ယုံကြည်ရအံ့နည်း၊ တစုံတခုသော သက်သေရှိ၏လောဟု ဆို၏။ မြတ်သောမင်းကြီး ရှိ၏ဟု ဆိုသည်ရှိသော် အဘယ်မည်သော သက်သေနည်းဟုမေး၏။ မြတ်သောမင်းကြီး ငါသည် စကြာဝတေးမင်း ဖြစ်သောကာလ၌ ရတနာဖြင့်ပြီးသောရထား၌စီး၍ ကောင်းကင်ခရီးဖြင့် သွားဘူး၏။ ငါ၏ ထိုရတနာရထားကို မင်္ဂလာရေကန်၏ မြေအတွင်း၌ မြှုပ်စေခဲ့၏။ ထိုရတနာရထားကို မင်္ဂလာရေကန်မှ ဘော်စေလော့၊ ထိုရတနာရထားသည် ငါ၏သက်သေဖြစ်လတ္တံ့ ဟုဆိုသည်ရှိသော် မင်းသည် ကောင်းပြီဟု ဝန်ခံ၍ မင်္ဂလာရေကန်မှ ရေကိုပယ်စေပြီးလျှင် ရတနာရထားကို ဆောင်ခဲ့စေ၏။ မင်းသည် ထိုအခါ၌ ဘုရားလောင်းအား ယုံကြည်၏။

ဘုရားလောင်းသည် မြတ်သောမင်းကြီး အမြိုက်ဖြစ်သော မဟာနိဗ္ဗာန်ကိုထား၍ ကြွင်းကုန်သော ခပ်သိမ်းကုန်သော သင်္ခတတရားတို့သည် ဖြစ်ကုန်၍ အမြဲမတည်သော သဘောရှိကုန်၏။ မမြဲသည် ဖြစ်ကုန်၏။ ကုန်တတ် ပျက်တတ်သော သဘောရှိကုန်သည်သာလျှင် ဖြစ်ကုန်၏ဟု မင်းအား တရားဟော၍ မင်းကို ငါးပါးကုန်သောသီလတို့၌ တည်စေ၏။ မင်းသည် ကြည်ညိုသည်ဖြစ်၍ ဘုရားလောင်းကို မင်းအဖြစ်ဖြင့် ပူဇော်၏။ ထိုဘုရားလောင်းသည် မင်းအဖြစ်ကို ထိုမင်းအားသာလျှင် အပ်နှင်းပြီးလျှင် နှစ်ရက်သုံးရက်နေ၍ မြတ်သောမင်းကြီး မမေ့မလျော့ ဖြစ်ရစ်လော့ဟု ဆုံးမ၍ ကောင်းကင်၌ပျံ၍ ဒဏ္ဍကရွှေတောင်သို့ သွားလေ၏။ မင်းသည်လည်း ဘုရားလောင်းအဆုံးအမ၌တည်၍ ဒါနအစရှိသော ကောင်းမှုတို့ကို ပြု၍ ကံအားလျော်စွာ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကိုပြတော်မူ၏။ သစ္စာတို့ကို ပြတော်မူသောအဆုံး၌ ငြီးငွေ့သောရဟန်းသည် အရဟတ္တဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ရဟန်းတို့ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရွှေဥဒေါင်း ဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကိုပေါင်းတော်မူ၏။

မနှင့်ဖက်က၊ မိုက်မှားကြ၊ လောက ထုံးဓလေ့

ကိုးခုတို့၏ ပြည့်ကြောင်းဖြစ်သော မောရဇာတ်သည် ပြီး၏။

*****