ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၄။ မျှဝေသုံးစွဲခြင်း
4948ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း — ၂၄။ မျှဝေသုံးစွဲခြင်းဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၄)

မျှဝေသုံးစွဲခြင်း

ပြင်ဆင်ရန်

ကပ်စေးနှဲသော သူဌေးကြီး

ရှေးအခါက အလွန်ကပ်စေးနှဲသော သူဌေးကြီးတစ်ဦး ရှိသည်။ သူသည် ပိုင်ဆိုင်သမျှ ရွှေငွေ အားလုံးကို ဘဏ္ဍာတိုက်ထဲတွင် သိမ်းဆည်းထားလေသည်။ တစ်နေ့တွင် သူဌေးကြီးသည် မြို့ထဲသို့ သွားခဲ့၏။ သူသည် စားသောက်ပွဲတစ်ခုမှ မုန့်တစ်မျိုးကို မြင်ခဲ့ပြီး စားချင်စိတ် ဖြစ်ပေါ်ခဲ့သည်။ သို့သော် သူဌေးကြီးသည် နှမြောသည့်အတွက် ထိုမုန့်ကို ကိုယ်တိုင်လည်း ဝယ်မစား၊ ဇနီးသည်ကို လည်း ဖွင့်မပြောဘဲ စိတ်ဆင်းရဲနေခဲ့သည်။

သို့သော်လည်း ဇနီးသည်က အကြောင်းစုံကို သိရှိသွားသောအခါ “ဒီမုန့်လေးကို စားချင်တာများ စိတ်ညစ်မနေပါနဲ့၊ တစ်ရွာလုံး စားလောက်အောင် ကျွန်မ ကြော်ကျွေးပါ့မယ်”ဟု ပြောလိုက်ပါသည်။ သူဌေးကြီးက “ရှင်မရယ်၊ အဲဒီရွာသားတွေက တို့ကျွေးတဲ့မုန့်ကို စားပြီး သူတို့အလုပ် သူတို့ လုပ်ကြမှာ၊ သူတို့ကို ကျွေးလို့ ဘာအကျိုးမှ မရှိပါဘူး”ဟု ပြန်ပြောလေသည်။

ထိုအခါ ဇနီးသည်သည် “လမ်းထဲက လူတွေ စားလောက်အောင် ကြော်လိုက်မယ်”၊ “တစ်အိမ် သားလုံး စားလို့ ရအောင် ကြော်လိုက်မယ်” “သားသမီးတွေ စားလောက်အောင် ကြော်လိုက်မယ်” “ရှင်နဲ့ ကျွန်မ စားဖို့ပဲ ကြော်လိုက်မယ်”ဟု တစ်ဆင့်ပြီးတစ်ဆင့် လျှော့ပြီး ပြောသော်လည်း ကပ်စေး နှဲသော သူဌေးကြီးက လက်မခံခဲ့ပေ။ နောက်ဆုံးတွင် သူဌေးကြီးတစ်ယောက်စာမျှသာ မုန့်ကို ကြော်ကျွေး မည်ဆိုမှ လက်ခံလိုက်သည်။

မုန့်ကြော်သောအခါ အခြားသူများကို ကျွေးရမည်စိုးသောကြောင့် သူဌေးကြီးလင်မယားသည် ခုနစ်ထပ်မြောက်တိုက်ခန်းသို့ တက်၍ ကြော်ကြသည်။ ထိုအခါ အရှင်မဟာမောဂ္ဂလာန်မထေရ် မြတ်သည် ကောင်းကင်ခရီးဖြင့် ကြွလာပြီး တိုက်ခန်းပြတင်းပေါက်၌ တည်နေတော်မူ၏။ သူဌေး ကြီးသည် လှူဒါန်းလိုစိတ်မရှိပေ။ ထိုအခါ မထေရ်မြတ်သည် တန်ခိုးအမျိုးမျိုး ပြတော်မူသည်။ နောက်ဆုံးတွင် သူဌေးကြီးသည် “ငါ တစ်ခုခုမလှူရင် ဒီရဟန်းဟာ ပြန်ကြွမှာ မဟုတ်ဘူး”ဟု တွေးပြီး “ရှင်မ ဒီရဟန်းကို အသေးဆုံးမုန့်တစ်ခု လှူလိုက်ပါ”ဟု ပြောလိုက်သည်။

ဇနီးသည်သည် လှူရန် အသေးဆုံးမုန့်ကို ယူလိုက်သောအခါ ထိုအသေးဆုံးမုန့်က အကြီးဆုံး ဖြစ်သွားသည်။ ဇနီးသည်၏လက်တွင် အကြီးဆုံးမုန့်ကို မြင်သောအခါ “ရှင်မ၊ ဘာဖြစ်လို့ မုန့်အကြီးကြီးကို လှူမှာလဲ”ဟု သူဌေးကြီးက မေးလိုက်၏။ ဇနီးသည်က “အစက မုန့်သေးသေး လေးပဲ၊ နောက်မှကြီးသွားတာ”ဟု ပြန်ပြောလိုက်ပါသည်။ ထိုအခါ သူဌေးကြီးကိုယ်တိုင် အသေးဆုံး မုန့်ကို ကြော်လေသည်။ ထိုမုန့်သည်လည်း အကြီးဆုံး ဖြစ်သွား၏။ သူဌေးကြီးလင်မယားသည် အသေးဆုံးမုန့်ဖြစ်အောင် မပြုလုပ်နိုင်ကြပါ။ ထို့ကြောင့် သူတို့သည် မထေရ်မြတ်အား လှူရန် မုန့် တစ်ခုကို ယူလိုက်ရသည်။

သူတို့သည် မုန့်တစ်ခုသာ ယူသော်လည်း မုန့်အားလုံးသည် တစ်ဆက်တည်း ဖြစ်သွားကြ၏။ မုန့်များကို နည်းမျိုးစုံဖြင့် ဆွဲခွာကြသော်လည်း မရခဲ့ပါ။ နောက်ဆုံးတွင် သူဌေးကြီးက လက်လျှော့ သွားပြီး “မထူးတော့ပါဘူး ရှင်မရေ၊ ခြင်းတောင်းတစ်ခုလုံးသာ လှူလိုက်ပါတော့”ဟု ပြောဆိုပြီး မုန့်ခြင်းကြီးတစ်ခုလုံးကို လှူလိုက်လေသည်။

မထေရ်မြတ်သည် မုန့်ကို အလှူခံပြီးသောအခါ သူဌေးကြီးလင်မယားအား တရားဟောပါသည်။ ထို့နောက် “သင်တို့ လှူတဲ့မုန့်ကို ဘုဉ်းပေးဖို့ ကျောင်းမှာ သံဃာတော်တွေ စောင့်နေကြတယ်”ဟု မိန့်ကြား တော်မူကာ တန်ခိုးဖြင့် သူဌေးကြီးလင်မယားကို ကျောင်းတော်သို့ တစ်ပါတည်း ခေါ်သွားပါသည်။ ကျောင်းတော်သို့ ရောက်သောအခါ မြတ်စွာဘုရား၏ တရားတော်ကို နာကြားရပြီး သူဌေးကြီးလင်မယား တရားထူးတရားမြတ် ရသွားကြသည်။ ထိုအချိန်မှစ၍ သူဌေးကြီးလင်မယားသည် ကပ်စေးနှဲခြင်း မရှိတော့ဘဲ သူတို့ပိုင်ဆိုင်သော ပစ္စည်းများကို ဆင်းရဲသားများအား စွန့်ကြဲခြင်း၊ ရဟန်းသံဃာများအား လှူဒါန်းခြင်း စသော ကုသိုလ်ကောင်းမှုများ ပြုလုပ်လျက် ပျော်ရွှင်စွာ နေထိုင်သွားကြလေသည်။

မျှဝေသုံးစွဲခြင်း

ပြင်ဆင်ရန်

ကိုယ့်မှာရှိတာ မျှဝေပါ၊
ကိုယ်လည်းချမ်းသာ စိတ်ချမ်းသာ။
ခင်မင်စရာ သူငယ်ချင်း၊
ပေးကမ်းမှုသည် အောင်မြင်ခြင်း။
ပင်ကိုစိတ်ရင်း ဖြူဖြူစင်၊
အရာရာတွင် ကူညီလျှင်။
ပျော်ရွှင်ရမယ် တစ်သက်လုံး၊
ကြည် နူးပီတိ မျက်နှာပြုံး။
ဝမ်းသာလို့ မဆုံး။ ။