မြန်မာမျိုးဘွဲ့ လေးချိုး
ကြွလျှမ်းထိန် တိမ်နဘန် အဇဋာစွန်းဆီက၊
လစန်းအိမ် ထိန်လျှံဖြာလို့ ထွန်းချိန်မို့၊
ညချမ်းချိန် အိမ်ဝရန်တာ ကွန်းမှာဖြင့်၊
တလိမ်လိမ် မခံသာအောင် လွမ်းပါဘိ ငယ်ချစ်ကို။ ။
ယမံအတိတ်ဆီက၊
လျှံဖိတ်စွာ စန်းယုန်သာတော့၊
ပန်းခုံမှာ နှစ်ဖြာယှဉ်၍၊
ကညာခင် မှတ်စေဖို့သဘောတွေနဲ့၊
မဟာဝင် ဇာတ်တွေ ပြောကာပ၊
ရာဇဝင် ထပ်ထွေလို့ နှောစဉ်က၊
မနော၌ အစဉ်ချိုပါတယ်နော်ဗျာ၊
ချောတဲ့ခင်ပျို။ ။
ခုများမှာ ဒဂုန်ရောက်ပြီမို့၊
ရှုစားကာ ပုံမထောက်ပြီဘု၊
နုထွားကညာရယ် တဂုဏ်မြောက်ကာပ၊
လူ့ငနွား အချာ ငနုန် တယောက်ကိုတော့၊
ဝသုန်တလျှောက်မှာဖြင့် မတွေ့ဘူး သလို၊
မေ့တဦးက ကြွားမာန်ပျိုး။ ။
ပျိုလေးခင်၊ မြို့သွေး တခါဝင်လို့၊
ဘာမကြင် တောမူကို မမုန်းလိုက်ပါနဲ့၊
စန်းသာသာ ကွမ်းရွာတုန်းဆီက၊
ယောထမီ ပင်နီသုံးပါလို့၊
အရပ်က အသင်းထိုထိုမှာ၊
ပရမတ္ထ သင်္ဂြိုဟ်နဲ့ ပြုံးခဲ့တာကြောင့်၊
မံမီ အန္တီ ဟန်ချီတဲ့ အလုံးတွေနဲ့၊
ဖုန်း နှမ တသာကီရယ် ထင်ရာ မဆိုးထိုက်ပါဘူး၊
အဆုံးကျတော့ ကျုပ်တို့မှာ မြန်မာပြေက မြန်မာအမျိုး။ ။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |