မှာတမ်းတော် တေးထပ်
ကျင့်သိက္ခာဝါကြီးနှင့်၊ ပုတီးကိုလက်ကိုင်၊
မုသားကို တကယ်ချိုင်တယ်၊ ပိုင်ပါပေ့ လိမ်နဲ။
ကြောက်မတန့် ပုဂ္ဂိုလ်ကျော်ငယ်၊ နိပါတ်တော်ဇာတ်ခုခုလဲ။
လူတွေ့တိုင်း၊ ယပ်ကိုင်တယ်၊ မတတ်နိုင်အောင်ဘဲ၊
ဝိင်္ဂြိုဟ်တွေ ဒွန်တွဲလို့၊ ဟို့မစဲဟောချင်။
ပိဋကတ် ကြေသည့်ဘုန်းပေမို့၊ ဘဝလုံးဆုံးမဲ့မထင်။
ဝတ္ထုကိုအမှုမြင်တယ်၊ ရာဇဝင် အူပေါက်အုံးမယ်တဲ့၊
လုံးလယ်လိုက်နိုင်ရှာလေ၊ သြကာသဖေ။
စာပေါင်း သိုက်ပြွမ်းမွှေတယ် ကျမ်းအကြေ လွန်းလွန်းလို့လေး။
သင်္ခါရ ဖြစ်အပျက်ကို၊ မနှစ်သက် စိတ်မှာ၊
ရှစ်ကနက် ရိပ်ကြာကို၊ ထိတ်ပါတယ်ကိုယ်တွေ့။
ရေမုဒ္ဓါညှိချွေရံတယ်၊ ဘိသေခံထားတော့ ဘအေ့။
ရွှေသစ်ရွက်တချပ်နှယ်၊ မမှတ်တယ်ယနေ့၊
ပြဿဒ်လယ်မမွေ့လို့၊ တငွေ့ငွေ့စွဲလောင်။
တိပဋ္ဌာန်းရွှေစာကျမ်းငယ်နှင့်၊
ခေမာလမ်း ကူးထွက်လို့ရှောင်။
သေလာနန်း ကျောက်မြှောင်ဝယ်၊
ပတောက်ချောင်မြေမြင့်သို့၊ ဘွေပလ္လင့် ဆွေနရီ ကူးချင်ခဲ့ပြီ။
ဥကင်ဖွင့် တသာကီမှာ၊ ပါရမီဖြည့်ဆဲမို့လေး။
(သဖြန်)
မျက်နှာတော်တသိမ်မဲသူမို့၊
ရှက်သနော အရှိန်ကိုငဲ့ပါလို့၊ မှိန်မဟဲ့မှိန်ရတယ်။
မချမ်းမြနိုင်လို့ နန်းကျခေါ် အသူရာသို့၊
တဗျူဟာထွက်မလောချင်လို့၊ တောခိုတော့မယ်။
ဘုံသုံးဆယ်တဘုံသားကိုဖြင့် လှုံအုံးမယ်၊ မလှုံမှားပြီဘု။
ယုံစားလို့ မှောက်ပေါ့ကွယ်၊ ကြောက်တယ်ပခင်မရဲ။
အားမတူ၊ သနားဘွယ်၊ သွယ်ဝယ်မြှူတော့၊
ကယ်ဆယ်သူမြှူမရောတာမို့ရယ် တောခိုမှဘဲ။
မှတ်ချက်
- ဤတေးထပ်များနှင့် သဖြန် သည် အချုပ်တန်းဆရာဖေ ၏ တိမ်မြုပ်ပျောက်ကွယ်လျက်ရှိသော "ယုဇနဝတ်မှုံ မင်းသမီး ပြဇာတ်" ထဲမှ ဟု သိရှိရပါသည်။ သီပေါမင်းနှင့် ဒိုင်းခင်ခင်၊ စုဘုရားလတ် တို့၏ အဖြစ်အပျက်အား စောင်းမြောင်းရေးသားသော ပြဇာတ်ဖြစ်သဖြင့် စုဘုရားလတ် အမျက်ထွက်ပြီး နန်းတွင်း နန်းပြင် မည်သူမျှ မဖတ်ရ ဟု အမိန့်ထုတ်ပြန်ကာ ဖျောက်ဖျက်ပစ်ခဲ့သော ပြဇာတ်ပါ စာများ ဖြစ်သဖြင့် စာပေချစ်မြတ်နိုးသူများက အခြားသူများ၏ အမည်နှင့် ခိုးကြောင်ခိုးဝှက် မှတ်တမ်းတင်ထားခဲ့ကြရသည် ဟု သိရပါသည်။ ထို့ကြောင့် အချုပ်တန်းဆရာဖေ ၏ တေးထပ်များအောက်တွင် ထည့်သွင်းထားပါသည်။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |