ရသေ့ညီနောင် ရှင်တစ်ထောင်ကို ချေချွတ်တော်မူခြင်း (ဆရာ)
သင်ခန်းစာ (၃)
သင်ခန်းစာခေါင်းစဉ်။ ။ ရသေ့ညီနောင် ရှင်တစ်ထောင်ကို ချေချွတ်တော်မူခြင်း
သင်ယူမှုဦးတည်ချက်။ ။ ရသေ့ညီနောင် ရှင်တစ်ထောင်ကို မြတ်စွာဘုရား ချေချွတ်တော် မူခဲ့သည့်အကြောင်းကို သိရှိပြီး ရှင်းပြတတ်စေရန်။
စာသင်ချိန် (၁)။ ။ ၃၀ မိနစ်
သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ သရုပ်ဖော်ပုံများ။
သင်ယူမှုလုပ်ငန်းစဉ်
֍ ကလေးများအား ကျောင်းသားကိုင်စာအုပ်ပါ ရုပ်ပုံတစ်ပုံစီကို ပြပြီး အောက်ပါမေးခွန်းများကို မေးပါ။
-ဒီပုံထဲက လူတွေက ဘယ်သူတွေလဲ။
-ဘာလုပ်နေကြတယ်လို့ ထင်သလဲ။
-ဘာကြောင့် အဲဒီလို လုပ်တယ်လို့ ထင်သလဲ။
-ရသေ့ဆိုတာ ဘယ်လိုလူမျိုးလဲ။ သူတို့က ဘာလုပ်သလဲ။
(ယေဘုယျအားဖြင့်ပြောရရင် ရသေ့ဆိုတာ သစ်ခေါက်ဆိုးထားတဲ့ အညိုရောင်အဝတ်ကို ဝတ်တယ်၊ ခေါင်းမှာလည်း ဒေါက်ခြာလို့ခေါ်တဲ့ ဦးထုပ်ရှည်တစ်ခု ဆောင်းထားလေ့ရှိတယ်၊ သီလနဲ့ ပြည့်စုံအောင် နေတယ်၊ တရား ကျင့်တယ်။)
֍ ထို့နောက် အထက်ပါပုံအားလုံးကို ဆက်စပ်၍ ရသေ့ညီနောင် ရှင်တစ်ထောင်အကြောင်းကို ကလေး ၄/၅-ဦးခန့်က နားလည်သည့်အတိုင်း ပြောကြပါစေ။
֍ ကလေးများပြောပြီးလျှင် ဆရာက “သားတို့သမီးတို့ အခုပြောခဲ့တဲ့ အကြောင်းအရာတွေကို နောက်စာသင်ချိန်မှာ ဆက်ပြီးလေ့လာကြမယ်”ဟု ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။
စာသင်ချိန် (၂)
သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ရသေ့ညီနောင် ရှင်တစ်ထောင်အကြောင်းနှင့် သရုပ်ဖော်ပုံများ။
သင်ယူမှုလုပ်ငန်းစဉ်
֍ ကလေးများ ကိုယ်တိုင် ဖတ်ကြပါစေ၊
ရသေ့ညီနောင် ရှင်တစ်ထောင်ကို ချေချွတ်တော်မူခြင်း
မြတ်စွာဘုရားရှင်သည် ဘဒ္ဒဝဂ္ဂီညီနောင် ၃၀တို့ကို ချေချွတ်တော်မူပြီးနောက် ဥရုဝေလတောသို့ ဆက်လက်ကြွတော်မူသည်။ ထိုအချိန်၌ ဥရုဝေလတောတွင် နာမည်ကြီး ရသေ့ညီနောင်များဖြစ်ကြသော ဥရုဝေလကဿပ၊ နဒီ ကဿပနှင့် ဂယာကဿပတို့ နေထိုင်ကြသည်။ ဥရုဝေလကဿပရသေ့ကြီးတွင် တပည့်ရသေ့ ၅၀၀၊ နဒီကဿပ ရသေ့ကြီးတွင် တပည့်ရသေ့ ၃၀၀ နှင့် အငယ်ဆုံး ဂယာကဿပရသေ့ကြီးတွင် တပည့်ရသေ့ ၂၀၀ အသီးသီးရှိကြ၏။ ထိုရသေ့တို့သည် ဥရုဝေလဒေသတစ်ဝိုက်တွင် လူအများ၏ လှူဒါန်းပူဇော်မှုကို အများဆုံးရရှိသော ရသေ့များ ဖြစ်ကြသည်။
မြတ်စွာဘုရားရှင်သည် ဥရုဝေလကဿပရသေ့ကြီး၏ ကျောင်းသင်္ခမ်းရှိ မီးတင်းကုပ် (မီးပူဇော်ရာတဲ)၌ တည်းခိုခွင့်ပေးရန် ရသေ့ကြီးထံတွင် ခွင့်တောင်းတော်မူသည်။ ရသေ့ကြီးက “မီးတင်းကုပ်ထဲမှာ အလွန် ကြမ်းတမ်းခက်ထန်တဲ့ နဂါးကြီးရှိတယ်၊ အဲဒီနဂါးကြီးက သင့်ကို ရန်ပြုလိမ့်မယ်”ဟု ပြော၏။ သို့သော် မြတ်စွာဘုရားရှင်က “ထိုနဂါးကြီးသည် ငါ့အား မညှဉ်းပန်း မနှိပ်စက်နိုင်ပါ၊ ငါ့အား မီးတင်းကုပ်၌ နေထိုင်ရန်သာ ခွင့်ပြုပါ”ဟု ခွင့်တောင်းလေသည်။ ရသေ့ကြီး ကလည်း တည်းခိုခွင့် ပေးလိုက်သည်။ မြတ်စွာဘုရာရှင်သည် တဲကုပ်လေးထဲသို့ ဝင်၍ မြက်ဖျာကလေး ခင်းကာ နေတော်မူ၏။
ထိုအချိန်တွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော နဂါးကြီးသည် စိတ်ဆိုးမာန်ဆိုးဖြင့် အခိုးများလွှတ်ကာ မြတ်စွာဘုရားကို စတင်တိုက်ခိုက်သည်။ မြတ်စွာဘုရားရှင်လည်း နဂါးကြီးကို ထိခိုက်နာကျင်မှု မရှိစေဘဲ နဂါးကြီး၏ အခိုးထက် ပြင်းထန်သော အခိုးများ ပြန်လွှတ်တော်မူသည်။ နဂါးကြီးလည်း အလွန်စိတ်ဆိုးပြီး မီးတောက်မီးလျှံများဖြင့် တိုက်ခိုက်ပြန်သည်။ မြတ်စွာဘုရားရှင်ကလည်း နဂါးကြီး၏ မီးတောက်မီးလျှံများထက် ပို၍ပြင်းထန်သော မီးတောက် မီးလျှံများကို လွှတ်ပြန်၏။ မြတ်စွာဘုရားနှင့် နဂါးကြီးတို့၏ မီးတောက်မီးလျှံများကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးမှာ လင်းထိန်နေလေသည်။ ထိုအချိန်တွင် ရသေ့ကြီးနှင့် တပည့်တို့သည် မြတ်စွာဘုရား တည်းခိုရာ တဲကုပ်လေးကို ကြည့်ပြီး “အလွန်ချောမောလှပတဲ့ ရဟန်းကြီးကို နဂါးကြီးက ညှဉ်းပန်းနှိပ်စက်ပစ်လိုက်ပြီ”ဟု ပြောဆိုနေကြသည်။
နံနက်မိုးလင်းသောအခါ ဥရုဝေလကဿပရသေ့ကြီးနှင့် တပည့်ရသေ့တို့သည် မြတ်စွာဘုရားရှင် တည်းခိုရာ တဲကုပ်လေးကို လာကြည့်ကြသည်။ မြတ်စွာဘုရားရှင်သည် အကောင်းပကတိရှိပြီး သပိတ်၌ ထည့်ထားသော နဂါးကြီးကို မြင်တွေ့ကြရလေရာ မြတ်စွာဘုရားရှင်က နဂါးကြီးကို အနိုင်ရလိုက်ကြောင်း၊ နဂါးကြီးလည်း ထိခိုက်နာကျင်မှ မရှိကြောင်း သဘောပေါက်သွားကြ၏။ ရသေ့ကြီးသည် မြတ်စွာဘုရားရှင်ကို အလွန်အထင်ကြီးသွားလေသည်။ သို့သော် ရသေ့ကြီးသည် “ဪ ... ရဟန်းကြီးဟာ တန်ခိုးတော့ အတော်ထက်သားပဲ၊ ဒါပေမဲ့ ငါ့လိုတော့ မြင့်မြတ် တဲ့ ရဟန္တာ မဟုတ်သေးဘူး”ဟု တွေးနေသည်။
နောက်တစ်နေ့ညရောက်သောအခါ စတုမဟာရာဇ်နတ်မင်းကြီးတို့သည် ကိုယ်ရောင်ကိုယ်ဝါတို့ဖြင့် ထွန်းလင်း တောက်ပလျက် မြတ်စွာဘုရားထံ လာရောက်တရားနာကြသည်။ နောက်တစ်ညတွင် သိကြားမင်းသည် ကိုယ်ရောင် ကိုယ်ဝါများ ထွန်းလင်းတောက်ပစွာဖြင့် လာရောက်ဖူးမြော်သည်။ နောက်တစ်နေ့ညတွင် သဟမ္ပတိဗြဟ္မာမင်းသည် တောအုပ်ကြီးတစ်ခုလုံးကို ထွန်းလင်းတောက်ပစေလျက် လာရောက်ဖူးမြော်ပြန်သည်။ သို့သော် ရသေ့ကြီးသည် မြတ်စွာဘုရား၏ ဘုန်းတန်ခိုးကြီးမားပုံကို မျက်မြင်ကိုယ်တွေ့ဖြစ်သော်လည်း သူကဲ့သို့ မြင့်မြတ်သော ရဟန္တာမဟုတ်ဟုသာ ထင်မြင်ယူဆနေဆဲ ဖြစ်၏။ မြတ်စွာဘုရားရှင်ကလည်း ရသေ့ကြီးသည် နောင်သောအခါ သာသနာတော်၌ အလွန် အားကိုးရမည့် ပုဂ္ဂိုလ်မြတ်ဖြစ်လာမည်ကို ကြိုတင်သိထားသောကြောင့် ရသေ့ကြီး၏ မာန်မာနကျမည့်အချိန်ကို စိတ် ရှည်စွာ စောင့်ဆိုင်းတော်မူသည်။
ဥရုဝေလတောအုပ်အနီးရှိ တိုင်းကြီးနှစ်တိုင်းမှ လူများသည် လစဉ်ကျင်းပမြဲဖြစ်သော ရသေ့ကြီးအား ပူဇော် လှူဒါန်းသည့် အလှူပွဲကြီးကို ကျင်းပနေကြသည်။ သို့ဖြစ်၍ ရသေ့ကြီးတို့ကျောင်း၌ လူများ စည်ကားနေသည်။ ထိုအချိန်တွင် ရသေ့ကြီးက “ရဟန်းကြီးဟာ တန်ခိုးကြီးတယ်၊ ငါ့ဒကာတွေကို တန်ခိုးပြလိုက်ရင် ငါ့ဒကာတွေဟာ ရဟန်းကြီးကို ကြည်ညိုသွားကြလိမ့်မယ်၊ ဒီတော့ မနက်ဖြန် ရဟန်းကြီး ဆွမ်းလာမစားရင် ကောင်းမှာပဲ”ဟု တွေးနေမိသည်။
မြတ်စွာဘုရားရှင်သည် ရသေ့ကြီး၏ အတွေးကို သိတော်မူသည်။ ထို့ကြောင့် နောက်တစ်ရက် အလှူပွဲတွင် ရသေ့တို့ထံ ဆွမ်းစားမကြွဘဲ အခြားနေရာသို့ ကြွတော်မူသည်။ နောက်တစ်ရက် ဆွမ်းစားချိန်၌ တွေ့ကြသောအခါ “ရဟန်းကြီး ... မနေ့က ဘာဖြစ်လို့ ဆွမ်းလာမစားတာလဲ၊ ကျွန်ုပ်တို့ ရဟန်းကြီးကို မျှော်နေကြတာ”ဟု ရသေ့ကြီးက ဟန်ဆောင်ပြောရာ မြတ်စွာဘုရားရှင်က “ရသေ့ကြီး ... သင်တွေး နေတာကို ငါဘုရားသိတယ်၊ မနေ့က ဆွမ်းလာ မစားရင် ကောင်းမှာပဲလို့ တွေးနေခဲ့တယ် မဟုတ်လား၊ ဒါ့ကြောင့် ငါဘုရား အခြားနေရာကိုကြွပြီး ဆွမ်းဘုဉ်းပေး လိုက်တယ်”ဟု မိန့်တော်မူလိုက်၏။ ဤအကြိမ်၌လည်း ရသေ့ကြီးက “ရဟန်းကြီးသည် ငါ၏စိတ်အကြံကို သိသော်လည်း ငါကဲ့သို့ မြင့်မြတ်သော ရဟန္တာမဟုတ်သေးဘူး”ဟု ထင်နေဆဲ ဖြစ်သည်။
နောက်တစ်ရက်တွင် သိကြားမင်းသည် မြတ်စွာဘုရားရှင်အတွက် ရေကန်၊ သင်္ကန်းလှန်းစရာ စသည်တို့ကို ဖန်ဆင်းပေးသည်။ ရသေ့ကြီးသည် ရေကန်စသည်တို့ကို တွေ့မြင်ရသောအခါ “ဒါတွေကို ဘယ်သူလုပ်ပေးထားတာလဲ”ဟု မေး၏။ မြတ်စွာဘုရားရှင်က “သိကြားမင်းလာပြီး ဖန်ဆင်းပေးသွားတာ”ဟု မိန့်တော်မူလိုက်သောအခါ “ဪ ...သိကြားမင်းကတောင်မှ ရဟန်းကြီးကို လာဖန်ဆင်းပေးသွားတယ်၊ ရဟန်းကြီးဟာတော်တော်တန်ခိုးကြီး တာပဲ၊ ဒါပေမဲ့ ငါ့လိုမြင့်မြတ်တဲ့ ရဟန္တာတော့ မဟုတ်သေးဘူး”ဟု တွေးနေမိပြန်သည်။ မြတ်စွာဘုရားရှင်နှင့် စကား ပြောပြီးသောအခါ “ရဟန်းကြီး ... ဆွမ်းစားချိန် ရောက်ပြီ၊ ဆွမ်းသွားစားရအောင်”ဟု ပြောသည်။ မြတ်စွာဘုရားရှင်သည် “ရသေ့ကြီး ...ရှေ့က သွားနှင့်ပါ၊ ငါဘုရား နောက်ကလိုက်ခဲ့မယ်”ဟု မိန့်တော်မူပြီး တန်ခိုးဖြင့် ကြွသွားတော်မူရာ ရသေ့ကြီး၏ ကျောင်းသို့ အရင်ရောက်နေတော်မူ၏။ မြတ်စွာဘုရားရှင်က မည်သို့ပင် တန်ခိုးအမျိုးမျိုး ပြသော်လည်း သူကဲ့သို့ ရဟန္တာ တော့ မဟုတ်သေးဘူးဟု ရသေ့ကြီးက ထင်နေဆဲဖြစ်သည်။
နောက်ဆုံး၌ မြတ်စွာဘုရားရှင်သည် “ရသေ့ကြီး ... သင်ဟာ သင့်ကိုယ်သင် မြင့်မြတ်တဲ့ ရဟန္တာလို့ ထင်နေခဲ့တယ်၊ တကယ်တော့ သင်ဟာ မြင့်မြတ်တဲ့ ရဟန္တာလည်း မဟုတ်သလို မြင့်မြတ်တဲ့ အကျင့်မှန်လည်း သင့်မှာ လုံးဝ မရှိဘူး”ဟု ပွင့်ပွင့်လင်းလင်း မိန့်တော်မူလိုက်သည်။
ထိုအခါမှ ရသေ့ကြီးသည် ထိတ်လန့်ပြီး သူ့အား တပည့်အဖြစ် သတ်မှတ်၍ ရဟန်းပြုပေးပါရန် တောင်းပန်ခဲ့သည်။ ထို့အပြင် ရသေ့ကြီး၏ တပည့် ၅၀၀တို့သည်လည်း ရသေ့ကြီးနည်းတူ တောင်းပန်ကြ၏။ ထို့နောက် နဒီ ကဿပရသေ့နှင့် တပည့်ရသေ့ ၃၀၀၊ ဂယာကဿပရသေ့နှင့် တပည့်ရသေ့ ၂၀၀ တို့လည်း ရဟန်းပြုခွင့် တောင်းကြပြီး မြတ်စွာဘုရားရှင်၏ တပည့်သာဝကများ ဖြစ်လာကြသည်။
မှီငြမ်း။ ။ မဟာဗုဒ္ဓဝင်၊ ဒုတိယတွဲ။ ၅၄၃-၅၇၉။
ခက်ဆစ်အဖွင့်
မီးတင်းကုပ် = မီးဖိုချောင်
֍ အောက်ပါမေးခွန်းများကို မေးပါ။
-ဥရုဝေလတောထဲမှာ ဘယ်သူတွေ နေထိုင်ကြသလဲ။
-မြတ်စွာဘုရားရှင်က နဂါးကြီးကို ဘယ်လို နှိမ်နှင်းလိုက်သလဲ။
-ညဘက်မှာ မြတ်စွာဘုရားရှင်ကို ဘယ်သူတွေလာပြီး ဖူးမြော်ကြသလဲ။ (တစ်ဆင့်ပြီးတစ်ဆင့် မေးပါ)
-မြတ်စွာဘုရားရှင်ဟာ ရသေ့ကြီး မာန်မာနကျမယ့်ချိန်အထိ ဘာကြောင့် စိတ်ရှည်ရှည် စောင့်ခဲ့တာလဲ။
-မြတ်စွာဘုရားရှင်က ရသေ့ကြီးကို ရဟန္တာမဟုတ်ကြောင်း ဘာကြောင့် ချက်ချင်း မပြောတာလဲ။
စာသင်ချိန် (၃)
သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။
သင်ယူမှုလုပ်ငန်းစဉ်
֍ အောက်ပါမေးခွန်းများဖြင့် စာသင်ချိန်ကို စတင်ပါ။
-ရသေ့ညီနောင် သုံးဦးက ဘယ်သူတွေလဲ။
-သူတို့မှာ တပည့်ရသေ့ ဘယ်လောက်စီ ရှိကြသလဲ။
֍ ထို့နောက် ကလေးများကို အုပ်စု (၆) စု ဖွဲ့ပြီး အောက်ပါမေးခွန်းကို အုပ်စုလိုက် ဆွေးနွေးကြပါစေ။ အုပ်စုလိုက် ဆွေးနွေးထားသော အချက်များကို စာရွက်လွတ်တွင် နားလည်သည့်အတိုင်း ရေးကြပါစေ။
-မြတ်စွာဘုရားရှင် ဘုန်းတန်ခိုးကြီးမားကြောင်း ဘယ်အချက်တွေအရ သိနိုင်တာလဲ။
֍ ပြီးလျှင် စာသင်ခန်းအတွင်း နံရံများတွင် ကပ်စေပြီး ကလေးအားလုံး လှည့်လည်ကြည့်ရှုကြပါစေ။ လှည့်လည် ကြည့်ရှုနေစဉ် မိမိတို့အဖွဲ့တွင် မပါဝင်သော အချက်များကို မှတ်သားလာခဲ့ပြီး အုပ်စုကိုယ်စားလှယ်တစ်ဦးစီက အတန်းသားအားလုံးသို့ ပြန်လည်ပြောပြပါစေ။
֍ ထို့နောက် လိုအပ်သော အချက်များကို ဆရာက ဖြည့်စွက်ဆွေးနွေး၍ စာသင်ချိန်ကို အနှစ်ချုပ်ပါ။
စာသင်ချိန် (၄)
သင်ထောက်ကူပစ္စည်း။ ။ မရှိ။
သင်ယူမှုလုပ်ငန်းစဉ်
֍ “သားတို့သမီးတို့ ... မြတ်စွာဘုရားရှင်က ဥရုဝေလကဿပရသေ့ကြီးနှင့် အပေါင်းအပါတို့ကို ဘယ်လို ချေချွတ်ခဲ့ တယ်ဆိုတာ သိခဲ့ရပြီ၊ ဒီတစ်ခါတော့ သားတို့သမီးတို့ အဲဒီအကြောင်းအရာကို ဘယ်လောက်နားလည်သလဲဆိုတာ သိရအောင် အဓိကအချက်တွေကို ယူပြီး စာဆယ်ကြောင်းခန့် သားတို့သမီးတို့ရဲ့ မှတ်စုစာအုပ်ထဲမှာ ရေးကြည့် ကြရအောင်”ဟု ဆရာက ပြော၍ ကလေးများအားလုံး ရေးကြပါစေ။
֍ အားလုံးရေးပြီးလျှင် ကလေး ၄/၅-ဦးခန့်က အတန်းရှေ့ထွက်၍ ဖတ်ပြကြပါစေ။
֍ နောက်ဆုံးတွင် ဆရာက ကလေးများ၏ တင်ပြချက်များကို အသိမှတ်ပြုပေးပြီး သင်ခန်းစာကို အဆုံးသတ်ပါ။