ရေဝတဗုဒ္ဓဝင်
၃၄၅
၅-ရေဝတဗုဒ္ဓဝင်
သုမနမြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူပြီးသည့်နောက် လူတို့၏ အသက်တမ်း အနှစ် (၉၀၀၀၀) ကိုးသောင်းမှ တဖြည်းဖြည်း ဆုတ်ယုတ်ကာ (၁၀) ဆယ်နှစ်တမ်းသို့ရောက်၍ တဖန် တိုးတက်ပြန်ကာ အသင်္ချေတမ်းသို့ ရောက်ပြီးလျှင် နောက်ထပ် ဆုတ်ယုတ်ပြန်၍ အသက် (၆ဝဝဝဝ) ခြောက်သောင်းတမ်းသို့ ရောက်သောအခါ ရေဝတမြတ်စွာဘုရား အလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူပြီး သည်၏အဆုံး၌ အလောင်းတော်တို့၏ ဓမ္မတာအတိုင်း တုသိတာနတ်ပြည်၌ စံနေတော်မူစဉ် နတ်ဗြဟ္မာ အပေါင်း၏ တောင်းပန်ချက်ကို ဝန်ခံတော်မူ၍ လူ့ပြည်သို့ ဆင်းသက်ကာ သုဓညဝတီနေပြည်တော် ဝိပုလအမည်ရှိသော မင်းကြီး၏ ဝိပုလာအမည်ရှိသော မိဖုရားကြီးဝမ်းတိုက်၌ ပဋိသန္ဓေ နေတော်မူ၍ ဆယ်လလွန်မြောက် အချိန်ရောက်သောအခါ စိတ္တကုဋ်တောင်မှ ရွှေဟင်္သာမင်း ထွက်ကွန့်သကဲ့သို့ မယ်တော်၏ ကြာတိုက်ဝမ်းမှ ထွက်ကြွ ဖွားမြင်တော်မူလေသည်။
ထီးနန်းစိုးစံတော်မူခြင်း
ထိုဘုရားအလောင်းတော် ရေဝတမင်းသားသည် အရွယ်သို့ ရောက်သောအခါ ပါရမီ ဘုန်းကံတော်ကြောင့်ဖြစ်သော အထူးတင့်တယ်လှသည့် (၁) သုဒဿန ရွှေနန်းဆောင်၊ (၂) ရတနဂ္ဃိ ရွှေနန်းဆောင်၊ (၃) အာဝေဠရွှေနန်းဆောင် တည်းဟူသော ရွှေနန်းမ သုံးဆောင်တို့၌ သုဒဿနာ မိဖုရားကြီးနှင့်တကွ ရံရွေတော်ပေါင်း (၃၃၀၀၀) သုံးသောင်းသုံးထောင်တို့၏ ဖျော်ဖြေ လုပ်ကျွေးခြင်းကို ခံယူလျက် နှစ်ပေါင်း (၆ဝဝဝ) ခြောက်ထောင်တို့ပတ်လုံး နတ်စည်းစိမ်နှင့်တူသော စည်းစိမ်ချမ်းသာကို ခံစားတော်မူကာ ထီးနန်းစိုးစံတော်မူ၏။
၃၄၆
တောထွက်တော်မူခြင်း
ဤသို့ ထီးနန်းစိုးစံတော်မူရာ သုဒဿနာ မိဖုရားကြီးမှ ၀ရုဏအမည်ရှိသော သားတော်ကို ဖွားမြင်သောအခါ နိမိတ်ကြီးလေးပါးတို့ကို မြင်တော်မူ၍ အလောင်းတော်တို့၏ ဓမ္မတာအတိုင်း နတ်တို့ ဆင်ယင်ပေးအပ်သော အဆင်တန်ဆာဖြင့် အာဇာနည်မြင်းကသော ရထားကိုစီးကာ ကြယ်နက္ခတ်တာရာတို့ ဝန်းရံ အပ်သော လမင်းကဲ့သို၎င်း, နတ်အပေါင်းတို့ ခြံရံအပ်သော သိကြားနတ်မင်းကဲ့သို၎င်း, ဗြဟ္မာအပေါင်းတို့ ခြံရံအပ်သော ဟာရိတ မဟာဗြဟ္မာမင်းကဲ့သို့၎င်း, ဆင်, မြင်း, ရထား, ခြေလျင်အားဖြင့် လေးပါးသောအင်္ဂါရှိသော စစ်တပ်ကြီးဖြင့် ကြီးကျယ်စွာ တောထွက်တော်မူပြီးလျှင် တောအုပ်သို့ ရောက်သောအခါ ကိုယ်တော်မြတ် ဆင်ယင်လာခဲ့သော တန်းဆာတို့ကို ဘဏ္ဍာစိုးအား ပေးအပ်၍ လက်သုံးတော်သန်လျက်ဖြင့် ဆံတော်မြတ်ကို ရိတ်ဖြတ်တော်မူပြီးလျှင် ကောင်းကင်သို့ ပစ်လွှင့်တော်မူ၏။
ထိုဆံတော်မြတ်ကို သိကြားမင်းသည် ရွှေပန်းတောင်းဖြင့် ခံယူပြီးလျှင် တာဝတိံသာနတ်ပြည် မြင်းမိုရ်ထိပ်၌ ရတနာခုနစ်ပါးဖြင့်ပြီးသော စေတီတော်ကြီးကို တည်လေသည်။
အလောင်းတော်မင်းသားသည် ဗြဟ္မာလှူဒါန်းသည့် ကြာသင်္ကန်းကို ဆင်မြန်းဝတ်ရုံ၍ ရဟန်းပြုတော်မူသောအခါ အလောင်းတော်ကို (အားကျကာ) အတုလိုက်၍ တကုဋေ အရေအတွက်ရှိသော ယောက်ျားတို့ ရဟန်းပြုကြလေကုန်သည်။
ရေ၀တမြတ်စွာဘုရား အလောင်းတော်သည် တကုဋေ အရေအတွက်ရှိသော ရဟန်းတို့နှင့် အတူတကွ ခုနှစ်လကြာ ဒုက္ကရစရိယာအကျင့်ကို ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူလေသည်။
ဘုရားဖြစ်တော်မူခြင်း
ခုနစ်လကြာ ဒုက္ကရစရိယာအကျင့်ကို ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူ၍ ကဆုန်လပြည့် ဘုရားဖြစ်မည့်နေ့ဝယ် သာဓုဒေဝီ အမည်ရှိသော သူဌေးသမီး လှူဒါန်းအပ်သည့် ဃနာနို့ဆွမ်းကို
၃၄၇
ဘုဉ်းပေး သုံးဆောင်တော်မူပြီးလျှင် ထိုအရပ်ရှိ အင်ကြင်းတောအတွင်း၌ နေ့သန့် (နေခို)တော်မူ၍ ညနေချမ်းအချိန်သို့ ရောက်သောအခါ အခြံအရံ ရဟန်းတို့ကို စွန့်ခွာခဲ့ပြီး မဟာဗောဓိမဏ္ဍိုင် ရှိရာအရပ်သို့ တပါးတည်း ကြွတော်မူရာ လမ်းခရီးအကြား၌ ၀ရုဏိန္ဓရ အမည်ရှိသော တက္ကတွန်း လှူဒါန်းအပ်သည့် မြက်ရှစ်ဆုပ်တို့ကို ခံတော်မူခဲ့၍ မဟာဗောဓိ ကံ့ကော်ပင်ရင်း ဖြန့်ခင်းလိုက်သည်နှင့် တပြိုင်နက် (၅၃) ငါးဆယ့်သုံးတောင် ပမာဏရှိသော အပရာဇိတပလ္လင်တော် ပေါ်ပေါက်လာရာ ထိုပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူ၍ အင်္ဂါလေးပါးရှိသော ဝီရိယကို ဆောက်တည်တော်မူကာ ရှေး၌ ဆိုအပ်ပြီးသည့်အတိုင်း မာရ်စစ်သည်ဗိုလ်ပါကို မှုတ်လွှင့်၍ သဗ္ဗညုတဉာဏ်ရှင် သမ္မာသမ္ဗုဒ္ဓ သုံးလောကထွတ်ထား ဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။
တရားပွဲကြီး သုံးကြိမ်
ရေဝတမြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးနောက် မဟာဗောဓိပင်၏ အနီးမှာပင် သတ္တသတ္တာဟ= (လေးဆယ့်ကိုးရက်) စံနေတော်မူပြီးလျှင် တရားဟောရန် ဗြဟ္မာမင်း၏ တောင်းပန်ခြင်းကို လက်ခံတော်မူ၍ “ငါသည် အဘယ်သူအား ရှေးဦးစွာ တရားဟောရပါအံ့နည်း”ဟု ဆင်ခြင်တော်မူသည်ရှိသော် ကိုယ်တော်မြတ်နှင့် အတူတကွ ရဟန်းပြုကြသည့် တကုဋေသော ရဟန်းတို့ကို၎င်း မဂ်ဖိုလ်နိဗ္ဗာန်ကို ရဖို့ရန်အကြောင်း ရှေးကောင်းမှုနှင့် ပြည့်စုံကြသည့် တပါးသော နတ်လူတို့ကို၎င်း မြင်တော်မူ၍ “ထိုသူတို့အား ရှေးဦးစွာ တရားတော်ကို ဟောအံ့”ဟု ကြံစည်တော်မူပြီးလျှင် “ယခုအခါ ထိုသူတို့သည် အဘယ်အရပ်၌ နေကုန်သနည်း”ဟု ကြည့်ရှု ဆင်ခြင်တော်မူပြန်သော် မဟာဗောဓိပင်မှ တဆယ့်ရှစ်ယူဇနာ ဝေးကွာသော ဝရုဏဥယျာဉ်၌ နေကုန်၏ဟု မြင်တော်မူသဖြင့် သပိတ်သင်္ကန်းတို့ကို ယူဆောင်တော်မူ၍ ထိုရဟန်းတို့နေရာ ဝရုဏဥယျာဉ်သို့ ကောင်းကင်ခရီးဖြင့် ခဏခြင်း ကြွသွားတော်မူ၏။
၃၄၈
ထိုအခါ တကုဋေသော ရဟန်းတို့သည် ရေ၀တမြတ်စွာဘုရား ကြွလာတော်မူသည်ကို အဝေးမှပင် မြင်ကြ၍ ကြည်ညိုလှသောစိတ်ဖြင့် မြတ်စွာဘုရားကို ခရီးဦးကြိုဆိုခြင်း သပိတ်သင်္ကန်းတော်ကို လှမ်းယူခြင်း နေရာတော်ကို ခင်းကျင်းခြင်း အရိုအသေ ရှိခိုးဝတ်ပြုခြင်းကိစ္စတို့နှင့် ပြည့်စုံစေကြပြီးခါ မြတ်စွာဘုရားကို ခြံရံလျက် သင့်တင့်လျောက်ပတ်ရာက နေကြကုန်၏။ ထိုအခါ ရေဝတမြတ်စွာဘုရားသည် မိမိနှင့် ရဟန်းပြုဘက်ဖြစ်ကြသည့် တကုဋေသော ရဟန်းတို့အား ရှေးဘုရားတို့ ဟောကြားတော်မူမြဲဖြစ်သော ဓမ္မစက္ကပဝတ္တနသုတ် ဒေသနာတော်ကို ဟောကြားတော်မူပြီးလျှင် တကုဋေသော ထိုရဟန်းတို့ကို အရဟတ္တဖိုလ်၌ တည်စေတော်မူ၏။ အောက်မဂ် အောက်ဖိုလ်၌ တည်သောသူတို၏ အရေအတွက်ကား ဤရွေ့ဤမျှဟု အပိုင်းအခြားမရှိ များလှကုန်၏။
ထို့နောက် အခါတပါးဝယ် မြို့တကာထက် လွန်မြတ်သောကြောင့် ဥတ္တရအမည်ရှိသော မြို့၌ အလုံးစုံသော ရန်သူတို့ကို အောင်မြင်တတ်သောကြောင့် အရိန္ဒမအမည်ရှိသော မင်းသည် မင်းပြုနေစဉ် မိမိ၏ ဥတ္တရမြို့သို့ ရေဝတမြတ်စွာဘုရား ကြွရောက်လာသည်ကို ကြားသိ၍ လူပေါင်း သုံးကုဋေ ခြံရံလျက် မြတ်စွာဘုရားအား ခရီးဦးကြိုဆိုပြီးလျှင် ဘုရားအမှူးရှိသော သံဃာအား နက်ဖန်အလို့ငှါ ပင့်ဖိတ်၍ ခုနစ်ရက်တိုင်တိုင် ကြီးစွာသော အလှူကြီးကို ပေးလှူလျက် သုံးဂါဝုတ် အပြန့်ကျယ်သော ဆီမီးပူဇော်ပွဲကြီးဖြင့် ပူဇော်ပြီးလျှင် မြတ်စွာဘုရားထံ ချဉ်းကပ် နေထိုင်လေ၏။ ထိုအခါ ရေဝတမြတ်စွာဘုရားသည် “အရိန္ဒမမင်းကြီး၏ စိတ်အလိုစရိုက်နှင့် လိုက်လျောညီညွတ်စွာ အလွန်တရာ ဆန်းကြယ်သော တရားတော်ကို ဟောကြားတော်မူ၏။ ထိုတရားပွဲကြီး၌ နတ်လူအပေါင်း ကုဋေတထောင်တို့ သစ္စာလေးပါးတရားကို သိမြင်ကာ အကျွတ်တရား ရကြကုန်၏။
၃၄၉
ထို့နောက် အခါတပါးဝယ် ရေဝတ မြတ်စွာဘုရားသည် ဥတ္တရအမည်ရှိသော နိဂုံးကို အမှီပြု၍ သီတင်းသုံးနေတော်မူစဉ် ခုနှစ်ရက်ပတ်လုံး နိရောဓသမာပတ်ကို ၀င်စားတော်မူ၏။ ထိုအခါ ဥတ္တရနိဂုံး၌ နေကုန်သော လူအပေါင်းတို့သည် ယာဂု ဆွမ်း ခဲဖွယ် စားဖွယ် သောက်ဖွယ် စသည်တို့ကို ဆောင်ယူခဲ့ကြ၍ ရဟန်းသံဃာအား ကြီးစွာသော အလှူဒါနကို ပေးလှူကြပြီးလျှင် “အရှင်ဘုရားတို့.. မြတ်စွာဘုရား အဘယ်မှာ သီတင်းသုံးနေပါသနည်း”ဟု မေးမြန်း လျှောက်ထားကြကုန်၏။ ထိုအခါ ရဟန်းတို့က “ဒါယကာတို့.. မြတ်စွာဘုရားသည် နိရောဓသမာပတ်ကို ဝင်စား၍ နေတော်မူ၏”ဟု မိန့်ဆိုတော်မူကြကုန်၏။ ခုနစ်ရက်လွန်လတ်သော် နိရောဓသမာပတ်မှ ထတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ကြရ၍ နိရောဓသမာပတ်၏ ဂုဏ်အကျိုး အာနိသင်တို့ကို မေးမြန်း လျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည်လည်း ထိုလူတို့အား နိရောဓသမာပတ်၏ ဂုဏ်အကျိုး အာနိသင်တို့ကို ဟောကြားတော်မူ၏။ ထိုအခါ နတ်လူအပေါင်း ကုဋေတရာ အရဟတ္တဖိုလ်၌ တည်လေသည်။
**********
သာဝကအစည်းအဝေးကြီး သုံးကြိမ်
ပဌမသန္နိပါတ
သာဝကအစည်းအဝေးကြီး သုံးကြိမ်ရှိရာ ရေဝတ မြတ်စွာဘုရားသည် သုဓညဝတီမြို့၌ ဧဟိဘိက္ခု ရဟန်းအဖြစ်ဖြင့် ရဟန်းပြုကြကုန်သော ရေတွက်ရိုးလမ်းစဉ်ကို လွန်မြောက်ကာ ရေတွက်ခြင်းငှါ မတတ်နိုင်အောင် များလှကုန်သော ရဟန္တာအရှင်မြတ်တို့အား ရှေးဦးစွာ ပါတိမောက်ကို ပြတော်မူ၏။
၃၅၀
ဒုတိယသန္နိပါတ
ထို့နောက် မေခလမြို့၌ ဧဟိဘိက္ခု ရဟန်းအဖြစ်ဖြင့် ရဟန်းဖြစ်ကြကုန်သော ကုဋေတသိန်းသော ရဟန္တာအရှင်မြတ်တို့အား ပါတိမောက်ပြတော်မူ၏။
တတိယသန္နိပါတ
ထို့နောက် ရေ၀တမြတ်စွာဘုရား၏ တရားတော်တည်းဟူသော စကြာရတနာကြီးကို အစဉ်မပြတ် ဆက်လက် လည်စေနိုင်သည်ဖြစ်၍ ပညာအရာ ဧတဒဂ်ရတော်မူသော လက်ျာတော်ရံ အဂ္ဂသာဝက ဝရုဏမထေရ်သည် “အသက်မြင့်ရှည် တည်မှတည်ပါတော့မည်လော”ဟု တွေးတော ယုံမှားလောက်အောင် မကျန်းမမာ ဖြစ်တော်မူရာ သူနာမေးလာရောက်ကြသူ များစွာသော လူအပေါင်းအား လက္ခဏာရေးသုံးပါးကို ပိုင်းခြား ဖော်ပြတတ်သော တရားတော်ကို ဟောကြားတော်မူပြီးလျှင် ကုဋေတသိန်း သော ယောက်ျားတို့ကို ဧဟိဘိက္ခု ရဟန်းဖြစ်စေတော်မူကာ အရဟတ္တဖိုလ်၌ တည်စေပြီးလျှင် အင်္ဂါလေးပါးရှိသော သာဝက အစည်းအဝေးကြီး၌ မြတ်စွာဘုရားသည် ပါတိမောက်ကို ပြတော်မူ၏။
ဂေါတမမြတ်စွာဘုရားအလောင်း အတိဒေဝပုဏ္ဏား ဗျာဒိတ်ခံခြင်း
ထိုအခါ ငါတို့ မြတ်စွာဘုရား အလောင်းတော်သည် ရမ္မာဝတီမြို့၌ ဆရာအဆက်ဆက် သင်ပြအပ်သော ပုဏ္ဏားတို့၏ ပညာတရား၌ အထွတ်အထိပ်ရောက် တတ်မြောက်သည့် အတိဒေဝ အမည်ရှိသော ပုဏ္ဏားဖြစ်၍ ရေဝတမြတ်စွာဘုရားကို ဖူးတွေ့ပြီးလျှင် ထိုမြတ်စွာဘုရား၏ တရားတော်ကို ကြားနာရ၍
၃၅၁
သရဏဂုံ သုံးပါးတို့၌ တည်လျက် မြတ်စွာဘုရား၏ သီလ သမာမိ ပညာဂုဏ်ကို ဂါထာတထောင်ဖြင့် ချီးကျူးလျှောက်ဆို၍ အဖိုး (၁ဝဝ၀) တထောင်ထိုက်တန်သော အပေါ်ရုံအဝတ်ကို မြတ်စွာဘုရားအား လှူဒါန်းပူဇော်လေသည်။
ရေဝတ မြတ်စွာဘုရားသခင်သည် အလောင်းတော် အတိဒေဝပုဏ္ဏားကို “ဤကမ္ဘာမှနောက် နှစ်သင်္ချေနှင့် ကမ္ဘာတသိန်းထက်သို့ ရောက်သောအခါ ဂေါတမအမည်ရှိသော ဘုရားစင်စစ် ဖြစ်လတ္တံ့”ဟု ဗျာဒိတ်စကား ကြားတော်မူ၏။
ရေဝတမြတ်စွာဘုရား၏ ဗျာဒိတ်စကား ကြားရလျှင် အလောင်းတော်သည် အတိုင်းထက်အလွန် မိမိစိတ်ကို ကြည်လင်စေ၍ ဆယ်ပါးသော ပါရမီတော်တို့ကို တိုးတက်ဖြည့်ကျင့်ရန် “ပါရမီတရားတို့ကို အောက်မေ့ဆင်ခြင် ပွါးများပြီးလျှင် ငါ အလိုရှိအပ်သည့် ဘုရားအဖြစ်ကို လက်ရောက်အောင် ဆောင်ယူပေအံ့”ဟု ရဲရဲရင့်ရင့် ဓိဋ္ဌာန် ဆောက်တည်တော်မူလေသည်။
မြို့တော်စသည်ကို ပြဆိုချက်
ရေဝတမြတ်စွာဘုရား၏ ဖွားတော်မူရာ မြို့တော်မှာ သုဓညဝတီမြို့တော်ဖြစ်၍ ခမည်းတော်မှာ ဝိပုလမင်းကြီးမယ်တော်မှာ ဝိပုလာ မိဖုရားကြီးတို့ ဖြစ်ကုန်၏။
ထီးနန်းစိုးအုပ် မင်းပြုလုပ်သော နှစ်ပေါင်းမှာ (၆၀၀၀) ခြောက်ထောင်ဖြစ်၍ စံနန်းတော် သုံးဆောင်တို့မှာ သုဒဿန စံနန်းတော်, ရတနဂ္ဃိ စံနန်းတော်, အာဝေဠ စံနန်းတော်တို့ ဖြစ်ကုန်၏။
အဂ္ဂဒေဝီ မဟေသီမိဖုရားမှာ သုံးသောင်း သုံးထောင်သော ရံရွေတော် အခြံအရံရှိသည့် သုဒဿနာ မိဖုရားကြီးဖြစ်၍ သားတော်မှာ ဝရုဏမင်းသား ဖြစ်လေသည်။
၃၅၂
နိမိတ်ကြီးလေးပါးတို့ကိုမြင်၍ တောထွက်တော်မူသောယာဉ်မှာ အာဇာနည်မြင်းကသည့် ရထားယာဉ်ဖြစ်၍ ခုနစ်လကြာ ဒုက္ကရစရိယာ ကျင့်တော်မူရသည်။
အဂ္ဂသာဝကအစုံတို့မှာ ဝရုဏမထေရ်, ဗြဟ္မဒေဝမထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ သမ္ဘ၀မထေရ် ဖြစ်လေသည်။
အဂ္ဂသာဝိကာ အစုံတို့မှာ ဘဒ္ဒါထေရီမ, သုဘဒ္ဒါထေရီမတို့ ဖြစ်ကြ၍ ပွင့်တော်မူရာ ဗောဓိပင်ကား ကံ့ကော်ပင်ဗောဓိ ဖြစ်လေသည်။
မြတ်သော အလုပ်အကျွေး ဒါယကာတို့မှာ ပဒုမသူဌေးနှင့် ကုဉ္ဇရသူဌေးတို့ ဖြစ်ကြ၍ မြတ်သောအလုပ်အကျွေး ဒါယိကာမတို့မှာ သိရိမာနှင့် ယသဝတီတို့ ဖြစ်ကြကုန်၏။
ရေဝတမြတ်စွာဘုရား၏ အရပ်တော်မှာ အတောင် (၈၀) ရှစ်ဆယ် မြင့်တော်မူ၍ စိုက်ထောင်ထားအပ်သော သိကြားမှန်ကင်းပမာ အလုံးစုံသော အရပ်မျက်နှာတို့ကို ထွန်းလင်းတောက်ပ၏။ ကိုယ်တော်မှထွက်သော ပကတိ ရောင်ခြည်တော်သည် နေ့နေ့ညဉ့်ညဉ့် ပတ်ဝန်းကျင် တယူဇနာတိုင်တိုင် ပျံ့နှံ့၏။
ထိုရေဝတမြတ်စွာဘုရား ပွင့်တော်မူရာ အသက်တမ်းမှာ အနှစ် (၆ဝဝဝ၀) ခြောက်သောင်းတမ်းဖြစ်၍ ထိုမျှလောက် (အသက်တမ်း၏ ငါးပုံ လေးပုံ) ကာလပတ်လုံး တည်နေတော်မူလျက် များစွာသော လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းကို သံသရာရေအယဉ်မှ နိဗ္ဗာန်တည်းဟူသော ကြည်းကုန်းထက်သို့ ထုတ်ဆယ် ကယ်တင်တော်မူခဲ့၏။
မြတ်စွာဘုရားတို့၏ ဆယ်ပါးသော ဉာဏ်တော်အစွမ်းကို မြင်စေကာ လောကကြီး၌ အမြိုက်တရားကို ဖော်ပြတော်မူ၍ မီးစာကုန်သဖြင့် ငြိမ်းစဲသွားသော မီးတောက် မီးလျှံကြီးပမာ ရေဝတမြတ်စွာဘုရားသည် ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်းတော်မူခဲ့လေပြီ။
၃၅၃
သံဝေဂ
ရတနာတုံး ရတနာခဲကြီးနှင့်တူသော ထိုမြတ်စွာဘုရား၏ ရူပကာယတော်သည်၎င်း, အတုမရှိသော ထိုမြတ်စွာဘုရား၏ ဆယ်ပါးသော တရားတော်သည်၎င်း ထိုအလုံးစုံသည် ချုပ်ဆုံး ကွယ်ပျောက်ခဲ့လေပြီ..၊ ခပ်သိမ်းသော သင်္ခါရတရားတို့သည် မြဲခိုင်သောအနှစ်မရှိ အချည်းနှီးသာ ဖြစ်ကုန်ရာ့တကား..။
ရေဝတမြတ်စွာဘုရားသည် ပရိနိဗ္ဗာန် စံလွန်တော်မူခါနီးတွင် “ငါဘုရား မရှိသည့်နောက် အလုံးစုံသော သတ္တဝါများ နတ်ရွာနိဗ္ဗာန်သို့ ပေါက်ရောက်ကြစေရန် ငါ၏ ဓာတ်တော်တို့သည် တလုံးတခဲတည်း မတည်ကြပဲ အစိတ်စိတ်အမြွာမြွာ ကွဲပြားပျံ့နှံ့ကြစေကုန်သတည်း”ဟု အဓိဋ္ဌာန်တော်မူခဲ့ပြီးလျှင် မြို့တော်ကြီး၏ မနီးမဝေးဖြစ်သော ကံ့ကော်တောဥယျာဉ်ကြီး၌ ပရိနိဗ္ဗာန် စံတော်မူလေသည်။ ပရိနိဗ္ဗာန် စံတော်မူသော ထိုရေဝတမြတ်စွာဘုရား၏ ဓာတ်တော်တို့သည် သက်တော်ရှည် ဘုရားရှင်တို့၏ ဓာတ်တော်များ မကွဲမပျက် တခဲနက် တစုတည်း တည်ရှိရိုးဓမ္မတာအတိုင်း မဟုတ်ပဲ အဓိဋ္ဌာန်တော်မူချက်အရ အစိတ်စိတ် အမြွာမြွာ ကွဲပြားပြီးလျှင် ဇမ္ဗူဒိပ်ကျွန်းတခွင်၌ အနှံ့အပြားတည်ရှိ၍ လူနတ်ဗြဟ္မာ သတ္တဝါတို့၏ အပူဇော်ကို ခံယူကြလေကုန်သတည်း။
**********